မဟာမိတ်
Vol. 29 Ch. 290
နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးသည် သူတို့၏ အင်အားများကို ပြင်းထန်စွာ တိုးချဲ့နေချိန်တွင် ယခင်ဖူဝမ်နန်းတော်၏ စခန်းသို့ ဖိတ်ကြားမထားသော ဧည့်သည်တစ်စု ရောက်ရှိလာခဲ့သည်။
ဤပုဂ္ဂိုလ်များသည် ကောင်းကင်ပြာရောင် ဝတ်စုံများကို ဆင်တူဝတ်ဆင်ထားပြီး သူတို့၏ အင်္ကျီလက်များပေါ်တွင် အမှတ်သင်္ကေတတစ်ခု ပါရှိသည်။
ထိုအမှတ်သင်္ကေတသည် မြူနှင်းများ ဖုံးလွှမ်းနေသော တောင်ကြီးတစ်လုံးကို ပုံဖော်ထားပေ၏။
အကယ်၍ မည်သူမဆို သူတို့၏ဝတ်စုံကို မြင်တွေ့ရပါက ထိတ်လန့်ဖွယ်ကောင်းသော နေရာတစ်ခုဖြစ်သည့် ကောင်းကင်နတ်ဘုရားတောင် မှလာသည်ကို သိရှိသွားသောကြောင့် နောက်သို့ ခြေသုံးလှမ်းခန့် ဆုတ်သွားမည်မှာ သေချာပေါက်ပင်။
မြောက်ပိုင်းဒေသအတွင်းတွင် ထိပ်သီးအင်အားစုကြီးလေးစု ရှိပေ၏။
ဤသည်မှာ ကောင်းကင်နတ်ဘုရားတောင် အင်မော်တယ်ပျံသန်းခြင်းဂိုဏ်း ဖူဝမ်နန်းတော်နှင့် မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူတို့ပင်။
အင်မော်တယ်ပျံသန်းခြင်းဂိုဏ်းသည် သီးခြားနေတတ်ပြီး ထင်ပေါ်အောင် မနေတတ်ချေ၊ ဖူဝမ်နန်းတော်သည် ထင်ရာစိုင်းပြုမူတတ်ပြီး မောက်မာထောင်လွှားကာ လွှမ်းမိုးချင်စိတ်ရှိသည်။ မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူတွင်မူ မျိုးဆက်များစွာ အတူတကွ တည်ရှိနေပြီး ကြီးမားသော နတ်ဆိုးစွမ်းအင်များလည်း ရှိနေပေ၏။
သို့သော် ကောင်းကင်နတ်ဘုရားတောင်ကမူ အလွန် လျှို့ဝှက်ဆန်းကြယ်သည်။
ကောင်းကင်နတ်ဘုရားတောင်အကြောင်း သတင်းအချက်အလက်များသည် ပြင်ပလောကတွင် အလွန်နည်းပါးစွာသာ ပျံ့နှံ့နေပေ၏။
သို့သော် ဤသည်မှာ ထိပ်သီးအင်အားစုကြီး လေးစုအနက်မှ တစ်စုဖြစ်သဖြင့် ထိုဂိုဏ်း၏အင်အားကို လျှော့တွက်၍ မရနိုင်ချေ။
ထိပ်သီးအင်အားစုကြီးလေးစုအနက် အစွမ်းထက်ဆုံးကို အဆင့်သတ်မှတ်ပါက ကောင်းကင်နတ်ဘုရားတောင် သည် သေချာပေါက် ဦးဆောင်လိမ့်မည်ဟု ကောလာဟလများပင် ရှိခဲ့သည်။
ကောင်းကင်နတ်ဘုရားတောင်၏ မူလအစသည် ဒဏ္ဍာရီလာ ကောင်းကင်နတ်ဘုရားနှင့် ရှုပ်ထွေးသော ဆက်နွှယ်မှုများ ရှိနေပုံရသည်။
မှိုင်းညို့နေသော မိုးကောင်းကင်ယံအောက်တွင် နတ်ဆိုးစွမ်းအင်များ တလိမ့်လိမ့်ထနေခဲ့သည်။
တောင့်တင်းသန်မာသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ရှေ့သို့လှမ်းကြည့်လိုက်၏။
သူ၏ ကျားရဲကဲ့သို့ စူးရဲသောမျက်လုံးများသည် ပတ်ဝန်းကျင်ကို အဆက်မပြတ် စူးစမ်းလေ့လာနေပြီး သူ၏အရှိန်အဝါသည် တွင်းနက်ကြီးတစ်ခုကဲ့သို့ ကျယ်ပြန့်ကာ အဆင့်အတန်းမြင့်သူတစ်ဦး၏ အရှိန်အဝါကို ထုတ်လွှတ်ထားသည်။
သူသည် လူအများအား အကြောက်တရားကို ပေါက်ဖွားစေနိုင်သည်။
သူ၏အမည်မှာ လင်းထျန်းဖြစ်ပြီး ကောင်းကင်နတ်ဘုရားတောင်၏ လက်ရှိဂိုဏ်းချုပ်ပင်။
သူသည် မြောက်ပိုင်းဒေသရှိ အစွမ်းအထက်ဆုံး တည်ရှိမှုများထဲမှတစ်ဦး ဖြစ်ပေ၏။
လင်းထျန်း၏ အဆင့်အတန်းနှင့် ရာထူးအရ တောင်များပြိုကျခြင်း သို့မဟုတ် မြစ်များ လျှံတက်ခြင်းတို့ကြောင့် သူသည် ဘယ်သောအခါမျှ တုန်လှုပ်ခြင်း မရှိခဲ့ချေ။
သို့သော် ဤအချိန်၌ ထိုအမျိုးသားသည် စိတ်လှုပ်ရှားမှု အရိပ်အယောင်တစ်ရပ်ကို ပြသနေခဲ့သည်။
သူသာမက ကောင်းကင်နတ်ဘုရားတောင် မှ အဆင့်မြင့်အဖွဲ့ဝင်များသည်လည်း လုံးလုံးလျားလျား အံ့အားသင့်နေခဲ့ကြသည်။
ထိုအချိန်မှာပင် သတင်းအချက်အလက် စုဆောင်းရန်အတွက် တာဝန်ယူထားသော ခေါင်းဆောင်တစ်ဦးက ရိုသေလေးစားစွာ သတင်းပို့ပေ၏။
"သတင်းပို့ပါတယ် ဂိုဏ်းချုပ်....ကျွန်တော်တို့ရဲ့ စုံစမ်းစစ်ဆေးမှုအရ နတ်ဆိုးမြို့တော်ကို ဝင်ရောက်လာတဲ့ ဖူဝမ်နန်းတော်က အဖွဲ့ဝင်တွေအားလုံး သုတ်သင်ခံလိုက်ရပြီး အသက်ရှင်ကျန်ရစ်သူ မရှိပါဘူး...အခင်းဖြစ်ပွားရာနေရာမှာ ဖူဝမ်နန်းတော်ရဲ့ ဂိုဏ်းချုပ်ဖူကျုံးနဲ့ ဘိုးဘေး ဖူကျီးတို့အပါအဝင် အလောင်းရာပေါင်းများစွာကို တွေ့ရှိခဲ့ရပြီးတော့ သူတို့အားလုံး သေဆုံးသွားခဲ့ပါပြီ..."
"ဟူး..."
ဤသည်ကို ကြားချိန်၌ လက်ရှိနေရာတွင် ရောက်ရှိနေသူများအားလုံး အသက်ရှူမှားသွားခဲ့ကြသည်။
မြောက်ပိုင်းဒေသရှိ ထိပ်သီးအင်အားစုကြီး လေးစု စာရင်းဝင်များဖြစ်သဖြင့် ကောင်းကင်နတ်ဘုရားတောင်နှင့် ဖူဝမ်နန်းတော်တို့သည် အပြန်အလှန် ဆက်သွယ်မှုများ ရှိခဲ့ကြသည်။
အစောပိုင်းက သူတို့ ဖြတ်သွားစဉ်တွင် ပျက်စီးယိုယွင်းနေသော အပျက်အစီးများသည် ဖူဝမ်နန်းတော်၏ အထင်ကရ ဗိသုကာလက်ရာများဖြစ်ကြောင်း သူတို့ မှတ်မိခဲ့သည်။
ထိုနေရာတွင် ကြီးမားသော တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့သည်ဟုသာ သူတို့ မူလက ထင်မှတ်ခဲ့ကြသောကြောင့် မည်သို့ဖြစ်ပျက်ခဲ့သည်ကို စုံစမ်းစစ်ဆေးရန် ရှေ့သို့တက်လာခဲ့ကြခြင်း ဖြစ်ပေ၏။
သူတို့ စုံစမ်းရရှိခဲ့သော ရလဒ်မှာ ဖူဝမ်နန်းတော် အမြစ်ပြတ်သုတ်သင်ခံလိုက်ရခြင်း ဖြစ်လိမ့်မည်ဟု မျှော်လင့်မထားမိကြချေ။
ဤသည်မှာ အမှန်တကယ်ကို အံ့အားသင့်စရာ ကောင်းလှသည်။
အကြီးအကဲတစ်ဦးက တည်ကြည်လေးနက်သော အသံဖြင့် ပြောဆိုသည်။
"ဖူဝမ်နန်းတော်က ထိပ်သီးအင်အားစုကြီးလေးစုစာရင်းမှာ ရပ်တည်နိုင်တယ်...ဒီဂိုဏ်းရဲ့အင်အားက အရမ်းထိတ်လန့်ဖို့ကောင်းပြီးတော့ ဘိုးဘေးဖူကျီးကလည်း ယန်သုံးပါးနယ်ပယ်အထက်မှာ ရှိနေတယ်..."
"ကျွန်တော်တို့ရဲ့ ကောင်းကင်နတ်ဘုရားတောင်က သူတို့ကို ရင်ဆိုင်ရမယ်ဆိုရင်တောင် အရမ်းသတိထားရလိမ့်မယ်..."
"သူတို့ကို အမြစ်ပြတ်သုတ်သင်လိုက်တာက ဘယ်လောက်တောင် ကျွမ်းကျင်တဲ့ ထိပ်သီးကျင့်ကြံသူမျိုး ဖြစ်နေနိုင်လဲ..."
ဤစကားများကို ပြောလိုက်သည်နှင့်အမျှ လူများအားလုံး၏စိတ်နှလုံးသားများ လေးလံလာခဲ့သည်။
ဤအစစ်အမှန်နတ်ဆိုးအမွေအနှစ်အတွက် တိုက်ပွဲသည် ထိပ်သီးအင်အားစုကြီးလေးစု အကြားတွင် ဖြစ်ပွားလိမ့်မည်ဟု သူတို့ မူလက ထင်မှတ်ထားခဲ့ကြသည်။
အခြေအနေက သူတို့ စိတ်ကူးယဥ်တွေးတောထားသည်ထက် များစွာပို၍ ရှုပ်ထွေးနေလိမ့်မည်ဟု မျှော်လင့်မထားမိကြချေ။
ထိုအချိန်မှာပင် အကြီးအကဲတစ်ဦးက ရှေ့သို့ထွက်လာပြီး ပြောဆိုသည်။
"ဂိုဏ်းချုပ်....မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူနဲ့ ကျွန်တော်တို့ရဲ့တွေ့ဆုံမယ့်ကိစ္စကို အစီအစဉ်ဆွဲဖို့ လိုအပ်ပုံရတယ်..."
မကြာမီက မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူသည် ကောင်းကင်နတ်ဘုရားတောင်နှင့် မဟာမိတ်ဖွဲ့ရန် အဆိုပြုချက်တစ်ခုကို ပေးပို့ခဲ့လေ၏။
နှစ်ဖက်လုံး အတူတကွ ရှေ့တိုးနောက်ဆုတ် ပြုလုပ်ကြမည်ဖြစ်ပြီး အစစ်အမှန်နတ်ဆိုးအမွေအနှစ်အတွက် အတူပူးပေါင်း၍ ယှဉ်ပြိုင်ကြပေမည်။ သူတို့သည် တခြားအင်အားစုများကို အရင်ဆုံးဖိနှိပ်ပြီးနောက် တစ်ဖက်စီက သူတို့၏ကိုယ်ပိုင်နည်းလမ်းများကို အသုံးပြု၍ ယှဉ်ပြိုင်ရပေမည်။
ဤအဆိုပြုချက်နှင့် ပတ်သက်၍ ကောင်းကင်နတ်ဘုရားတောင်မှ လူများအနက် အများစုက ပယ်ချလိုခဲ့ကြသည်။
စွမ်းအားကြီးမားသူတစ်ဦးတွင် စွမ်းအားကြီးမားသူ တစ်ဦး၏ဂုဏ်သိက္ခာ ရှိသင့်သည်။
သူတို့၏ ကောင်းကင်နတ်ဘုရားတောင်သည် မရေမတွက်နိုင်သော အင်အားစုများကြားတွင်ပင် ထို အစစ်အမှန်နတ်ဆိုးအမွေအနှစ်ကို ရရှိရန် ခြောက်ဆယ်ရာခိုင်နှုန်းခန့် အခွင့်အရေး ရှိသည်ဟု သူတို့ ယုံကြည်ထားပေ၏။
သို့သော် ဖူဝမ်နန်းတော်၏ ကြေကွဲဖွယ်ကောင်းသော သုတ်သင်ခံရမှုက လူများအားလုံးကို မဟာမိတ်ဖွဲ့ရန်အတွက် စဉ်းစားရန် တွန်းအားပေးခဲ့သည်။
လင်းထျန်းက အသက်ပြင်းပြင်း ရှိုက်လိုက်၏။
"ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို ဆွေးနွေးဖို့ မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူဆီကို ငါ သတင်းတစ်ခု ပို့လိုက်မယ်..."
...
တခြားတစ်ဖက်တွင်...
မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူ၏ ယာယီစခန်းတွင် နတ်ဆိုးခေါင်းဆောင်ငါးဦးလုံး ရောက်ရှိနေခဲ့သည်။
လူများအားလုံးသည် သူတို့၏ မကြာသေးမီက ရရှိမှုများအကြောင်းကို ဆွေးနွေးနေကြ၏။
နတ်ဆိုးမြို့တော်တွင် အခွင့်အရေးများ အလွန်ပေါများသည်။
သူတို့၏စွမ်းအားအရ သူတို့သည် များပြားသော အခွင့်အလမ်းများကို ရိတ်သိမ်းနိုင်ခဲ့ကြသည်။
သို့သော် လူများအားလုံး၏မျက်နှာများပေါ်တွင် ပျော်ရွှင်မှုများ သိပ်မရှိခဲ့ချေ။
ထိုအစား သူတို့အားလုံး မျက်မှောင်ကြုတ်ထားကာ စိုးရိမ်ပူပန်နေပုံရသည်။
ယာယီတဲအတွင်းတွင်...
အနီရောင်နတ်ဆိုးမျိုးဆက်၏ ခေါင်းဆောင် ချီဖန်းက တည်ကြည်လေးနက်စွာ ပြောဆိုသည်။
"ငါတို့ နတ်ဆိုးမြို့တော်ထဲကို ဝင်လာတာ လဝက်တောင် ကြာသွားပြီ...ဒါပေမဲ့ အစစ်အမှန်နတ်ဆိုးအမွေအနှစ်ကို ထားလိုက်အုံး...အဲ့ဒီအရာရဲ့ အရိပ်အယောင်ကိုတောင် ငါတို့ မတွေ့ရသေးဘူး..."
"တကယ်လို့ ဒီအတိုင်း ဆက်သွားမယ်ဆိုရင် ငါတို့ရဲ့အခြေအနေက ကောင်းလာဖို့ မလွယ်ဘူး..."
ရှည်လျားသော ခုံတန်းလျားပေါ်ရှိ တခြား နတ်ဆိုးခေါင်းဆောင်တချို့၏ မျက်နှာများသည်လည်း အနည်းငယ် သုန်မှုန်သွားပေ၏။
ပိုင်လင်းသည် ယခုချိန်၌ အမွေအနှစ်မြေပေါ်တွင် ရှိနေကြောင်း သူတို့ အတိအကျ သိထားကြသည်။
အမွေအနှစ်အများစုသည် စမ်းသပ်မှုများကို ပြင်ဆင်ထားမည်ဖြစ်သော်လည်း ဤစမ်းသပ်မှုများ၏ကြာချိန်မှာ ပိုင်ရှင်ဖြစ်သူ၏စိတ်ခံစားချက်အပေါ် မူတည်ပြီး ကွဲပြားပေ၏။
အကယ်၍ သူတို့သည် ခက်ခဲသော စမ်းသပ်မှု တချို့နှင့် ကြုံတွေ့ရပါက သုံးနှစ်မှ ငါးနှစ်အထိ ကြာရန်မှာ မဖြစ်နိုင်သောအရာ မဟုတ်ချေ။
သို့သော် သူတို့သည် အဆိုးဆုံးအတွက် ပြင်ဆင်ထားရပေမည်။
ပိုင်လင်းသည် အစစ်အမှန်နတ်ဆိုးအမွေအနှစ် ကို အောင်မြင်စွာ ရရှိသွားသည်နှင့် သူတို့သည် သွေးကြွေးရန်ငြိုးအတွက် စာရင်းရှင်းမှုတစ်ခုနှင့် မလွဲမသွေ ရင်ဆိုင်ရပေမည်။
မည်သူကမျှ သူတို့၏အသက်နှင့်ကံကြမ္မာကို ကံတရားအပေါ် လွှဲအပ်ထားရန် မဝံ့ရဲကြချေ။
ထို့ကြောင့် နေ့ရက်များ ကုန်ဆုံးလာသည်နှင့်အမျှ သူတို့၏စိတ်အတွင်း၌ စိုးရိမ်သောကများ တိုးပွားလာခဲ့သည်။
ထိုအချိန်မှာပင် အပြာရောင်နတ်ဆိုးခေါင်းဆောင်က ပြောဆိုသည်။
"အရင်က ငါတို့တွေ ကောင်းကင်နတ်ဘုရားတောင် နဲ့ မဟာမိတ်ဖွဲ့ဖို့ အဆိုပြုခဲ့တယ်လေ...တစ်ဖက်က အကြောင်းပြန်ပြီလား...တကယ်လို့ ငါတို့က သူတို့ကို အဖွဲ့ထဲကို ခေါ်သွင်းနိုင်ရင် အစစ်အမှန်နတ်ဆိုးအမွေအနှစ် ကို ရှာဖွေဖို့ပဲဖြစ်ဖြစ် နောက်ဆက်တွဲ အပြောင်းအလဲတွေကို ကိုင်တွယ်ဖြေရှင်းဖို့ပဲဖြစ်ဖြစ် ပိုပြီးကြီးမားတဲ့ အကူအညီ ဖြစ်လာလိမ့်မယ်..."
သူ၏အသံ ကျရောက်လာချိန်မှာပင် အနီရောင်နတ်ဆိုးခေါင်းဆောင်ချီဖန်းထံရှိ ဆက်သွယ်ရေး ကျောက်စိမ်းပြား တောက်ပသွားသည်။
ကျောက်စိမ်းပြားပေါ်ရှိ သတင်းအချက်အလက်ကို မြင်တွေ့ချိန်၌ သူ၏မျက်နှာသည် ဝမ်းသာမှုများကြောင့် တောက်ပသွားခဲ့သည်။
"ကောင်းကင်နတ်ဘုရားတောင်က သတင်းရောက်လာပြီ...သူတို့က ငါတို့ရဲ့ မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူနဲ့ မဟာမိတ် ဖွဲ့ချင်နေကြတယ်...လောလောဆယ် သူတို့က ငါတို့ရဲ့ တည်နေရာကို မေးနေတယ်..."
ဤသတင်းက မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူ၏ ခေါင်းဆောင်များအတွက် ရှားပါးသော သတင်းကောင်းတစ်ခုပင်။
နတ်ဆိုးမြို့တော်သို့ ရောက်ရှိလာစဥ်ကတည်းက သူတို့၏ခရီးစဉ်သည် ချောမွေ့ခြင်းမရှိခဲ့ချေ။
ကောင်းကင်နတ်ဘုရားတောင်ကို မဟာမိတ်အဖြစ် ထားရှိခြင်းဖြင့် နောက်ဆက်တွဲ အခြေအနေများ မမျှော်လင့်ဘဲ ပြောင်းလဲသွားပါက သူတို့သည် ပို၍တည်ငြိမ်စွာ တုံ့ပြန်နိုင်ပြီး ပို၍သက်တောင့်သက်သာ ရှိလာပေမည်။
အနီရောင်နတ်ဆိုးခေါင်းဆောင် ချီဖန်းသည် သူတို့၏စခန်းတည်နေရာကို ပေးပို့ကာ တစ်ဖက်လူနှင့် တွေ့ဆုံမည့်အချိန်ကို သဘောတူလိုက်သည်။ ထို့နောက် သူသည် တခြားခေါင်းဆောင်များကို ချက်ချင်းဆင့်ခေါ်လိုက်၏။
"ကောင်းကင်နတ်ဘုရားတောင်က နှစ်နာရီအတွင်း ရောက်လာလိမ့်မယ်... ဧည့်သည်တွေကို ကြိုဆိုဖို့ ငါတို့ ပြင်ဆင်ကြရအောင်..."
ခေါင်းဆောင်တချို့က အမိန့်များကို ပေးလိုက်သည်နှင့်အမျှ မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူ သည် တောင်တန်းများကြားရှိ ကွင်းပြင်တစ်ခုတွင် စားသောက်ပွဲတစ်ခုကို စီစဉ်လိုက်ကြသည်။
အစားအသောက်များ အဆင်သင့်ဖြစ်သည်နှင့် လူများအားလုံး မျှော်လင့်နေမှုများကြားတွင် ကောင်းကင်နတ်ဘုရားတောင်၏ အင်အားစုများသည် မိုးကုတ်စက်ဝိုင်းမှနေ၍ ခမ်းနားကြီးကျယ်စွာ ရောက်ရှိလာခဲ့သည်။
အကယ်၍ မဟာမိတ်ဖွဲ့မှုအား ဆွေးနွေးရန် မြောက်ပိုင်းဒေသ၏ ထိပ်သီးအင်အားစုကြီးနှစ်ခု တွေ့ဆုံသည့်သတင်းသာ ထွက်ပေါ်သွားပါက နတ်ဆိုးမြို့တော်အတွင်း မသေးငယ်သော ဂယက်တစ်ခုကို သေချာပေါက် ဖြစ်ပေါ်စေပေလိမ့်မည်။
ယခုလောလောဆယ်တွင် နတ်ဆိုးမြို့တော်မှ လူများအားလုံးသည် အစစ်အမှန်နတ်ဆိုးအမွေအနှစ်မြေကို ရှာဖွေရန် အခွင့်အရေးများကို ယှဉ်ပြိုင်ရန်နှင့် ကံကောင်းမှုများကို ဆုပ်ကိုင်ရန် လျှို့ဝှက်နယ်မြေများကို ကြိုးစားပမ်းစား ရှာဖွေနေကြ၏။ ထိုကြောင့် သူတို့သည် အပြင်လောကကို ဂရုစိုက်ရန် အချိန်မရှိလောက်အောင် အလုပ်ရှုပ်နေကြသည်။
နတ်ဆိုးမြို့တော်ရှိ လက်ရှိအခြေအနေများ လျှင်မြန်စွာ ပြောင်းလဲနေကြောင်းကို သူတို့ သတိမထားမိကြချေ။
ပထမအချက်အနေဖြင့် နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးသည် သူတို့၏အင်အားများကို နှင်းတောင်ပြိုကျသကဲ့သို့ အရှိန်အဟုန်ဖြင့် တိုးချဲ့နေကြ၏။
ထို့နောက် ထိပ်သီးအင်အားစုကြီးနှစ်ခုက ခိုင်မာသော မဟာမိတ်တစ်ခုဖွဲ့ရန် စဉ်းစားနေကြသည်။
ဤအချိန်၌ ကောင်းကင်နတ်ဘုရားတောင်နှင့် မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူတို့၏ အဆင့်မြင့် အဖွဲ့ဝင်များ တွေ့ဆုံခဲ့ကြလေပြီ။
အပြန်အလှန် နှုတ်ဆက်ပြီးနောက် သူတို့အားလုံး နေရာယူလိုက်ကြသည်။
ထို့နောက် သူတို့သည် နှုတ်ခွန်းဆက်စကားများ ဖလှယ်ကြပြီး ဟင်းလျာများနှင့်အရက်များ စားသောက်ပြီးနောက် သူတို့၏လုပ်ငန်းကိစ္စများကို တိုင်ပင်ဆွေးနွေးကြတော့သည်။
Thank For Reading.