← Chapters

အခန်း (၉၈၃-၉၈၄)

Vol. 58 Ch. 983-984

အခန်း (၉၈၃-၉၈၄)

Vol. 58 Ch. 983-984

အခန်း ၉၈၃ နောက်ကွယ်မှ ကြိုးကိုင်သူ

ကွန်ဒီလူမျိုးစု စစ်ပွဲသည် ကြယ်ရောင်တောက်ပကမ္ဘာအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အင်ပါယာက စစ်ပွဲဖြစ်စဉ်ကို လျှို့ဝှက်ထားခဲ့သည်။ ထို့ကြောင့် ဤကိစ္စသည် စူးစမ်းရှာဖွေပြီးသား စကြဝဠာအတွင်း၌ အလွန်အမင်း ဂယက်ရိုက်ခြင်း မရှိခဲ့ဘဲ အာရုံစိုက်သူလည်း နည်းပါးလှသည်။

အထူးအဖွဲ့အစည်း အနည်းငယ်ကသာ ဤစစ်ပွဲကို အနီးကပ် စောင့်ကြည့်နေကြသည်။

ရှေးဦးကြယ်မြစ်အတွင်းရှိ မင်းသုံးပါးဂြိုလ်သည် ထင်ရှားကျော်ကြားသော ဂြိုလ်တစ်ခုဖြစ်ပြီး မိုဒိုလူမှုအဖွဲ့အစည်း၏ မြို့တော်ဂြိုလ်လည်း ဖြစ်သည်။

မိုဒိုလူမှုအဖွဲ့အစည်းကို မိုဒို ဘုရင်သုံးပါး မဟာမိတ်ဟုလည်း ခေါ်ဆိုကြပြီး သူတို့သည် ရှေးဦးကြယ်မြစ်အတွင်းရှိ စူပါကြယ်စုတန်း လူမှုအဖွဲ့အစည်းကြီး လေးခုထဲမှ တစ်ခုကို အုပ်ချုပ်နေကြခြင်းဖြစ်သည်။

ဘုရင်သုံးပါး မဟာမိတ်ဆိုသည်မှာ မိုဒိုလူမှုအဖွဲ့အစည်းအတွင်းရှိ နိုင်ငံရေး အခြေအနေကို ရည်ညွှန်းခြင်းဖြစ်သည်။

စူးစမ်းရှာဖွေရေးခေတ်အတွင်း မိုဒိုလူမှုအဖွဲ့အစည်း၏ အုပ်ချုပ်သူမှာ မိုဒိုလူမျိုးစုဝင်တစ်ဦး ဖြစ်သည်။ မိုဒိုလူမျိုးစုသည် စူးစမ်းရှာဖွေရေးခေတ်အတွင်း အခြားအင်အားကြီး လူမှုအဖွဲ့အစည်းနှစ်ခုကို ဝါးမြိုရန် ကြိုးပမ်းခဲ့သော်လည်း ရန်သူကို ဝါးမြိုရန် လုံလောက်သော အင်အားမရှိခဲ့ပေ။

စစ်ပွဲသည် အချိန်ကြာလာသည်နှင့်အမျှ ဤလူမှုအဖွဲ့အစည်း သုံးခုကို မျက်စိကျနေသည့် အဖွဲ့အစည်းများစွာ ရှိလာခဲ့သည်။ ထို့ကြောင့် ဤလူမှုအဖွဲ့အစည်း သုံးခုသည် အပစ်အခတ်ရပ်စဲပြီး ညှိနှိုင်းရန်သာ ရွေးချယ်နိုင်ခဲ့ကြသည်။ အင်အားအကြီးဆုံးဖြစ်သော မိုဒိုလူမျိုးစုသည် သူတို့ သိမ်းပိုက်ထားသော နယ်မြေအားလုံးကို ပြန်ပေးရန် မလိုအပ်ခဲ့ပေ။ လူမှုအဖွဲ့အစည်း သုံးခု၏ နယ်နိမိတ်များသည် တစ်ဆက်တည်း ဖြစ်သွားခဲ့သည်။ ကုန်သွယ်မှုများ ပုံမှန်ပြန်ဖြစ်လာသည်နှင့်အမျှ လူမျိုးစု သုံးခုသည် အချင်းချင်း ရောနှောလာခဲ့ကြပြီး ပေါင်းစည်းမည့် လက္ခဏာများ ပြသလာခဲ့သည်။

ထို့နောက်တွင် စူးစမ်းရှာဖွေရေးခေတ်၏ စစ်ပွဲသည် ပိုမိုကြောက်မက်ဖွယ်ကောင်းလာခဲ့သည်။ မိုဒိုလူမျိုးစုနှင့် သူတို့၏ ပြိုင်ဘက်ဟောင်း နှစ်ဦးတို့သည် ရန်သူများကြောင့် ခြိမ်းခြောက်ခံနေရသည်ဟု ခံစားခဲ့ရသည်။ သူတို့၏ နယ်မြေသုံးခုမှာ တစ်ခုနှင့်တစ်ခု နီးကပ်နေသောကြောင့် တစ်ဦးကိုတစ်ဦး အပြန်အလှန် ကာကွယ်ပေးနိုင်ခဲ့ကြပြီး အချိန်အတော်ကြာ ပူးပေါင်းဆောင်ရွက်ပြီးနောက်တွင် ရှင်သန်နိုင်ရန်အတွက် မဟာမိတ်ဖွဲ့ရန် ဆုံးဖြတ်ခဲ့ကြသည်။

စစ်မီးများ ပြန့်နှံ့လာပြီး အချိန်ကြာလာသည်နှင့်အမျှ အဖွဲ့အစည်း သုံးခုသည် တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့ပြီး သူတို့၏ နယ်မြေ၊ နည်းပညာ၊ စီးပွားရေးနှင့် စစ်ရေးတို့မှာ ကြယ်စုတန်း အဆင့်သို့ တဖြည်းဖြည်း ရောက်ရှိလာခဲ့သည်။ စစ်ပွဲကာလ ရှည်ကြာလာသည်နှင့်အမျှ လူမျိုးစု သုံးခု ပေါင်းစည်းမည့် လက္ခဏာမှာ ပိုမိုထင်ရှားလာခဲ့ပြီး အထက်တန်းလွှာများအကြားတွင် နိုင်ငံရေးအရ လက်ထပ်ထိမ်းမြားမှုများ ပြုလုပ်လာခဲ့ကြသည်။

အခြေအနေများက ပုံမှန်အတိုင်း ဆက်သွားခဲ့မည်ဆိုလျှင် ဤလူမှုအဖွဲ့အစည်း သုံးခုသည် စကြဝဠာ လူမှုအဖွဲ့အစည်းကြီး သုံးခုကဲ့သို့ပင် တစ်ဦးကိုတစ်ဦး ပြန်လည် ကြိုးကိုင်ခြယ်လှယ်ခြင်းဖြင့် အဆုံးသတ်သွားနိုင်သည်။ သို့သော် သူတို့သည် စူးစမ်းရှာဖွေရေးခေတ်၏ အနိုင်ရသူများ မဟုတ်ခဲ့ကြသဖြင့် စကြဝဠာ လူမှုအဖွဲ့အစည်းကြီး သုံးခု၏ စည်းမျဉ်းများကိုသာ နားထောင်ခဲ့ရသည်။

စစ်ပွဲအပြီးတွင် စစ်ပွဲ၏ အကျိုးအမြတ်များကို ခွဲဝေရမည့်အချိန် ရောက်လာခဲ့သည်။ အဆင့်မြင့် လူမှုအဖွဲ့အစည်း အသီးသီးသည် သင့်လျော်သော ဥပဒေများကို နောက်ဆုံးတွင် ပြဌာန်းနိုင်ခဲ့ကြပြီး အဆင့်မြင့် လူမှုအဖွဲ့အစည်းတိုင်းသည် သူတို့၏ အခြေအနေကို ခိုင်မာစေရန် နိုင်ငံခြားရေးဆိုင်ရာ သံတမန်ရေးရာများတွင် အလွန်တက်ကြွလာခဲ့ကြသည်။

ထိုအချိန်တွင် အင်အားအကြီးဆုံးဖြစ်သော စူပါကြယ်စုတန်း လူမှုအဖွဲ့အစည်း သုံးခု ရှိနေခဲ့သည်။ မိုဒိုလူမှုအဖွဲ့အစည်းနှင့် အခြားအဖွဲ့အစည်း နှစ်ခုမှာ ကြယ်စုတန်း လူမှုအဖွဲ့အစည်းများသာ ဖြစ်ကြပြီး ကြယ်နယ်မြေကို စီမံခန့်ခွဲပိုင်ခွင့် မရှိခဲ့ကြပေ။

အဖွဲ့အစည်း သုံးခုသည် တစ်ဦးနှင့်တစ်ဦး လက်ထပ်ထိမ်းမြားမှုများစွာ ရှိထားပြီးဖြစ်ကာ မိသားစုကြီးတစ်ခုကဲ့သို့ ဖြစ်နေသောကြောင့် သူတို့သည် စူပါကြယ်စုတန်း လူမှုအဖွဲ့အစည်းတစ်ခု ဖြစ်လာစေရန်နှင့် ပိုမိုကြီးမားသော အခွင့်အရေးများ ရရှိစေရန်အတွက် ပေါင်းစည်းလိုက်ရန်သာ ဆုံးဖြတ်ခဲ့ကြသည်။

လူမှုအဖွဲ့အစည်းများ ပေါင်းစည်းခြင်းကို မြင်တွေ့ရခဲလှသော်လည်း စူးစမ်းရှာဖွေရေးခေတ်တွင် နမူနာအချို့ ရှိခဲ့ဖူးသည်။

ပေါင်းစည်းခြင်း၏ နောက်ကွယ်တွင် အခြေခံအုတ်မြစ်တစ်ခု ရှိရန် လိုအပ်ပြီး ဤလူမှုအဖွဲ့အစည်း သုံးခုတွင် လုံလောက်သော အခြေခံအုတ်မြစ်များ ရှိခဲ့သည်။ အဖွဲ့အစည်း သုံးခုသည် အချိန်အတော်ကြာ မဟာမိတ်ဖွဲ့ထားခဲ့ခြင်းဖြစ်ပြီး သူတို့၏ လူမျိုးစုများသည်လည်း အချင်းချင်း သင့်တင့်စွာ နေထိုင်ခဲ့ကြသည်။ ထို့အပြင် သူတို့၏ စီးပွားရေးနှင့် လူမှုအဖွဲ့အစည်းတို့မှာလည်း တစ်ခုတည်းအဖြစ် ပေါင်းစည်းပြီးဖြစ်ကာ ပြင်ပလူအများစုကလည်း သူတို့သုံးခုကို လူမှုအဖွဲ့အစည်းတစ်ခုတည်းအဖြစ် သတ်မှတ်ထားကြသည်။

ထို့ကြောင့် မိုဒိုလူမှုအဖွဲ့အစည်းသည် စကြဝဠာ လူမှုအဖွဲ့အစည်းကြီး သုံးခု၏ အတည်ပြုချက်ကို ရရှိနိုင်ခဲ့ပြီး ရှေးဦးကြယ်မြစ်အတွင်းရှိ စတုတ္ထမြောက် စူပါကြယ်စုတန်း လူမှုအဖွဲ့အစည်း ဖြစ်လာခဲ့သည်။

နှစ်ပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်လာပြီးနောက်တွင် မိုဒိုလူမှုအဖွဲ့အစည်းသည် စူပါကြယ်စုတန်း လူမှုအဖွဲ့အစည်းတစ်ခုအဖြစ် ၎င်း၏နေရာကို ခိုင်မာစေခဲ့ပြီး စူးစမ်းရှာဖွေပြီးသား စကြဝဠာအတွင်း၌ ထိပ်တန်းလူမှုအဖွဲ့အစည်းတစ်ခု ဖြစ်လာခဲ့သည်။

ဤအချိန်တွင် မိုဒိုလူမှုအဖွဲ့အစည်း၏ ဘုရင်သုံးပါးသည် မြို့တော်ဂြိုလ်ပေါ်၌ စုဝေးနေကြပြီး အစီရင်ခံစာတစ်ခုကို နားထောင်နေကြသည်။

"အစီရင်ခံစာအရ အင်ပါယာက သူတို့ရဲ့ တပ်ဖွဲ့တွေကို ပြန်ခေါ်သွားပြီလို့ သိရပါတယ်။ ဒါဟာ အဲဒီဌာနေမျိုးနွယ်စုဝင်တွေကို ကိုင်တွယ်ပြီးသွားပြီလို့ ဆိုလိုတာပါ။ အင်ပါယာရဲ့ ဆုံးရှုံးမှုကတော့ လုံးဝမရှိသလောက်ပါပဲ။"

အစည်းအဝေးခန်းမအတွင်း၌ ပုံရိပ်တစ်ခုကို မြင်တွေ့ရသည်။ သူသည် စစ်ဝတ်စုံကို ဝတ်ဆင်ထားသော သွေးနှောအထက်တန်းလွှာတစ်ဦး ဖြစ်သည်။

သူသည် ပိန်လှီပြီး သူ၏ပတ်ဝန်းကျင်တွင် ထူးဆန်းသော အငွေ့အသက်များ ရှိနေသည်။

သူ၏အမည်မှာ မက်ဒီဆင်ဖြစ်ပြီး မိုဒိုလူမှုအဖွဲ့အစည်း၏ အထက်တန်းလွှာတစ်ဦး ဖြစ်သည်။ သူသည် ထောက်လှမ်းရေးနှင့် လျှို့ဝှက်မစ်ရှင်များကို တာဝန်ယူထားရသူဖြစ်သည်။

မိုဒိုလူမှုအဖွဲ့အစည်းသည်လည်း အခြားစူပါကြယ်စုတန်း လူမှုအဖွဲ့အစည်းများကဲ့သို့ပင် ကြယ်ရောင်တောက်ပကမ္ဘာသို့ လျှို့ဝှက်ခိုးဝင်သူများကို စေလွှတ်ထားခဲ့ပြီး မက်ဒီဆင်သည် ထိုလုပ်ငန်းစဉ်ကို တာဝန်ယူထားသူဖြစ်သည်။

ကြက်သွေးရောင်အင်ပါယာကို ထိခိုက်ဒဏ်ရာရစေရန်အတွက် ကွန်ဒီလူမျိုးစုကို အသုံးချရန် စိတ်ကူးကို ဖော်ဆောင်ခဲ့သူမှာလည်း သူပင်ဖြစ်သည်။

"ဒီဌာနေမျိုးနွယ်စုဝင်တွေက အသုံးမကျလွန်းတယ်။ သူတို့က အင်ပါယာရဲ့ ယာဉ်တန်းကိုတောင် ဒဏ်ရာရအောင် မလုပ်နိုင်ခဲ့ဘူး။" ခေါင်းဆောင်တစ်ဦးက ခေါင်းခါလိုက်သည်။

"ဌာနေမျိုးနွယ်စုဝင်ဆိုတာ ဌာနေမျိုးနွယ်စုဝင်ပါပဲ၊ သူတို့ဆီကနေ အများကြီး မျှော်လင့်လို့ မရပါဘူး" မက်ဒီဆင်က မျက်နှာသေဖြင့် ပြောလိုက်သည်။

ကွန်ဒီလူမျိုးစု၏ သေခြင်းရှင်ခြင်းမှာ သူ၏ထည့်သွင်းစဉ်းစားမှုအတွင်း၌ပင် မရှိပေ။ သူတို့သည် သူ့အတွက် ကိရိယာတစ်ခုထက် မပိုပေ။

"မင်းရဲ့ အစီအစဉ်က ဘာလဲ။"

"ကျွန်တော် ကြယ်ရောင်တောက်ပကမ္ဘာအတွင်းက လျှို့ဝှက်ခိုးဝင် ယာဉ်တန်းကို သူတို့ရဲ့ စူးစမ်းရှာဖွေမှုကို ဆက်လုပ်ဖို့နဲ့ ကျွန်တော်တို့ အသုံးချနိုင်မယ့် နောက်ထပ် ဌာနေလူမှုအဖွဲ့အစည်းတစ်ခုကို ရှာဖို့ ခိုင်းထားပြီးပါပြီ" မက်ဒီဆင်က တည်ငြိမ်စွာ ပြောလိုက်သည်။ "ဒီဌာနေလူမှုအဖွဲ့အစည်းကို နမူနာအဖြစ် ထားပြီး အခြားစူပါကြယ်စုတန်း လူမှုအဖွဲ့အစည်းတွေကလည်း ကျွန်တော်တို့ရဲ့ လုပ်ရပ်ကို အတုခိုးလာကြပါလိမ့်မယ်။ ဒါဟာ အင်ပါယာအတွက် ပြဿနာတွေ ဖြစ်စေရုံတင်မကဘဲ ကျွန်တော်တို့ရဲ့ အနာဂတ်ပြိုင်ဘက်တွေကို ဖယ်ရှားဖို့အတွက် အင်ပါယာရဲ့ အင်အားကိုလည်း ငှားရမ်းနိုင်ပါလိမ့်မယ်။"

"ဒါကို ငါတို့လုပ်တာဆိုတာ အင်ပါယာကို သိခွင့်မပေးတာ အကောင်းဆုံးပဲ" အခြားခေါင်းဆောင်တစ်ဦးက လေးနက်သောလေသံဖြင့် ပြောလိုက်သည်။

"မစိုးရိမ်ပါနဲ့ အရှင်မင်းကြီးတို့။" မက်ဒီဆင်၏ နှုတ်ခမ်းများက လှောင်ပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။ "ကျွန်တော် သင့်လျော်တဲ့ အစီအစဉ်တွေ လုပ်ထားပြီးပါပြီ။ တရားခံက ဘယ်သူလဲဆိုတာ အင်ပါယာက သိနိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။"

...

ရက်အနည်းငယ်အကြာတွင် အင်ပါယာ၏ ယာဉ်တန်းသည် နောက်ဆုံးတွင် ကွန်ဒီလူမျိုးစုကို မီးပြတိုက်ဂြိုလ်သို့ ပြန်လည်ပို့ဆောင်နိုင်ခဲ့သည်။ အင်ပါယာသည် ကွန်ဒီလူမျိုးစုကို မည်သို့ကိုင်တွယ်မည်ဆိုသည်ကိုလည်း ဆုံးဖြတ်ခဲ့ပြီး ဟန်ရှောင်းကို အကြောင်းကြားသည်။

"အင်ပါယာက ကွန်ဒီလူမျိုးစုကို မင်းရဲ့ နယ်မြေထဲမှာ အခြေချပေးပြီး ပညာပေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီကာလအတွင်းမှာ သူတို့နဲ့ ဂလက်ဆီ လူ့အဖွဲ့အစည်းကြားက ဆက်သွယ်မှုကို မင်း ဖြတ်တောက်ထားရမယ်၊ သူတို့က မင်းရဲ့ တာဝန်ယူမှုအောက်မှာ ရှိလိမ့်မယ်။"

တာရိုကော့ဗ်က ဤသတင်းကောင်းကို ဟန်ရှောင်းထံ ယူဆောင်လာသည်။

"ကောင်းပါပြီ၊ ဒီကိစ္စကို ကျွန်တော့်ဆီပဲ လွှဲထားလိုက်ပါ။ ကျွန်တော့်ကိုယ်စား အရှင် အူရန်ရယ်ကိုလည်း ကျေးဇူးတင်စကား ပြောပေးပါဦး။"

အူရန်ရယ်၏ စကားများသည် အင်ပါယာ၏ ဆုံးဖြတ်ချက်တွင် အဓိကနေရာမှ ပါဝင်ခဲ့ခြင်း ဖြစ်ရမည်။

ဤနည်းဖြင့် ပထမမစ်ရှင် လိုအပ်ချက်မှာ ပြည့်မြောက်သွားဖွယ် ရှိသည်။

"အင်း၊ နောက်မှ မင်းရဲ့ ဘလက်စတား တပ်မတော်နဲ့ လာတွေ့မယ့်သူတွေ ရှိလိမ့်မယ်။" တာရိုကော့ဗ်က ခေါင်းညိတ်လိုက်ပြီးမှ စကားလမ်းကြောင်း ပြောင်းလိုက်သည်။ "နောက်ထပ် တစ်ခုရှိသေးတယ်။ အင်ပါယာက လက်ရှိမှာ ဒီကိစ္စရဲ့ နောက်ကွယ်က ကြိုးကိုင်သူကို စုံစမ်းနေတယ်။ ဒါပေမဲ့ သဲလွန်စက နည်းလွန်းတယ်၊ အာကာသယာဉ် အပျက်အစီးကလည်း အလွန်အသုံးများတဲ့ မော်ဒယ်မျိုး ဖြစ်နေတယ်။ ငါတို့က အဲဒါရဲ့ နံပါတ်စဉ်ကို ရှာမတွေ့နိုင်ဘူး၊ ဒါကြောင့် အာကာသယာဉ်ကနေ လျှို့ဝှက်ခိုးဝင်သူတွေဆီ အရင်ဆုံး ခြေရာခံရမယ်။ ဒီအတွက် မင်းရဲ့ အကူအညီ လိုအပ်နိုင်တယ်။"

"ကျွန်တော် ကူညီရတာ ဝမ်းသာပါတယ်" ဟန်ရှောင်း၏ မျက်လုံးများ တောက်ပသွားသည်။ ဤကိစ္စသည် မစ်ရှင်နှင့် ဆက်စပ်နေသောကြောင့် သူသည် သေချာပေါက် ကူညီလိုစိတ် ရှိနေသည်။

နောက်ကွယ်မှ ကြိုးကိုင်သူ မည်သူမည်ဝါဖြစ်ကြောင်း ရှာဖွေခြင်းမှာ မစ်ရှင်ကို ပြီးမြောက်စေမည့် ပထမဆုံးခြေလှမ်း ဖြစ်သည်။ သို့သော် လျှို့ဝှက်ခိုးဝင်သူများသည် စူးစမ်းရှာဖွေခြင်းမပြုရသေးသော နယ်မြေထဲသို့ သေချာပေါက် ထွက်ပြေးသွားကြလိမ့်မည်။ ၎င်းသည် ပင်လယ်ထဲမှာ အပ်ရှာနေသလိုမျိုး ဖြစ်နေပြီး အလွန်ခက်ခဲသော အလုပ်တစ်ခု ဖြစ်သည်။

သူသည် ဤအတွက် အီဆော့၏ အကူအညီကို တောင်းရဖွယ် ရှိသည်။

မစ်ရှင် မိတ်ဆက်မှာ အလွန်ပင် ဝေဝါးလှသော်လည်း အင်ပါယာ၏ ပြစ်ဒဏ်အပေါ်တွင်သာ မှီခိုနေခြင်းက မစ်ရှင် လိုအပ်ချက်ကို ပြီးမြောက်စေမှာ မဟုတ်ကြောင်း သူ သေချာပေါက် သိနေသည်။ နောက်ဆုံးတွင် သူသည် မိမိကိုယ်တိုင်ကိုသာ မှီခိုရလိမ့်မည်။

ဒါဟာ ငါက ပြီးပြည့်စုံတဲ့ စူပါကြယ်စုတန်း လူမှုအဖွဲ့အစည်းတစ်ခုနဲ့ ထိပ်တိုက်တွေ့ရမယ်လို့ ဆိုလိုတာပဲ...

ဟန်ရှောင်း၏ မျက်လုံးများ တောက်ပသွားသည်။

အန္တရာယ်များ သေချာပေါက် ရှိလိမ့်မည် ဖြစ်သော်လည်း သူ့တွင် အားသာချက်အချို့ ရှိနေသေးသည်။ နောက်ဆုံးတွင် စကြဝဠာ လူမှုအဖွဲ့အစည်းကြီး သုံးခုသည် ဤစူပါကြယ်စုတန်း လူမှုအဖွဲ့အစည်းများကို နှိပ်စက်ရခြင်းကို အနှစ်သက်ဆုံး မဟုတ်ပါလား။

ဒါကြောင့် ငါ နည်းနည်းလောက် လွန်သွားရင်တောင်မှ ကိစ္စရှိမှာ မဟုတ်ဘူး။

"ဟုတ်သားပဲ၊ ကွန်ဒီလူမျိုးစု အထက်တန်းလွှာတွေရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုက မကြာခင် စတော့မယ်။ မင်းရဲ့အကြောင်းကိုလည်း ထည့်ပြောလိမ့်မယ်။ အတူတူ ကြည့်ချင်လား" တာရိုကော့ဗ်က ပြောလိုက်သည်။

ဟန်ရှောင်းက ခေါင်းညိတ်လိုက်သည်။ "အိုကေ"

...

တစ်ချိန်တည်းမှာပင် ကွန်ဒီလူမျိုးစု၏ ပင်မအလံတင်သင်္ဘောပေါ်၌ အင်ပါယာ ထောက်လှမ်းရေးအရာရှိတစ်ဦးက ကွန်ဒီလူမျိုးစု ခေါင်းဆောင်ထံသို့ စာရွက်စာတမ်းတစ်ခုကို ပစ်ပေးလိုက်သည်။

မျက်လုံးမှိတ်ထားသော ကွန်ဒီလူမျိုးစု ခေါင်းဆောင်သည် စာရွက်စာတမ်းကို ကောက်ယူပြီး ဖြည်းဖြည်းချင်း ဖတ်လိုက်သည်။

သေချာဖတ်ပြီးနောက်တွင် သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "ဒါက မင်းတို့ ငါ့အတွက် ပြင်ဆင်ထားတဲ့ အဆုံးသတ်လား။ ငါ မင်းတို့နဲ့ ပူးပေါင်းပါ့မယ်။"

"ငါ သိပါတယ်၊ ဒါပေမဲ့ ငါတို့က အာမခံချက်တစ်ခုတော့ လိုအပ်သေးတယ်" အင်ပါယာ ထောက်လှမ်းရေးအရာရှိက မျက်နှာသေဖြင့် ပြောလိုက်ပြီး ကွန်ဒီလူမျိုးစု ခေါင်းဆောင်၏ ဦးခေါင်းကို ကိုင်ကာ စိတ်စွမ်းအားဗုံးတစ်ခုကို စိုက်ထည့်လိုက်သည်။

၎င်းသည် ကွန်ဒီလူမျိုးစု ခေါင်းဆောင်၏ လွတ်လပ်သော အတွေးအခေါ်ကို သက်ရောက်မှုရှိမှာ မဟုတ်သော်လည်း သူတို့သည် သူ၏အတွေးများကို အဝေးမှ ထိန်းချုပ်နိုင်လိမ့်မည် ဖြစ်သည်။

"ငါ အရှင် ဘလက်စတားနဲ့ သဘောတူညီမှု လုပ်ပြီးပြီဖြစ်လို့ မိုက်မဲတဲ့ လုပ်ရပ်မျိုး လုပ်မှာ မဟုတ်ပါဘူး။ ဒါဟာ အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်တစ်ခုပါပဲ။" ကွန်ဒီလူမျိုးစု ခေါင်းဆောင်က ခေါင်းခါလိုက်သည်။

ထောက်လှမ်းရေးအရာရှိက ပြန်မပြောဘဲ လေးနက်သောလေသံဖြင့် ပြောလိုက်သည်။ "ငါ့နောက်ကို လိုက်ခဲ့ပါ။ တိုက်ရိုက်ထုတ်လွှင့်ဖို့ အချိန်ရောက်ပြီ။"

အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် ကွန်ဒီလူမျိုးစု ခေါင်းဆောင်သည် ထရပ်လိုက်ပြီး သူ၏အဝတ်အစားများကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြုလုပ်လိုက်သည်။

တစ်မိနစ်ခန့် အချိန်ယူပြီး သူ၏အဝတ်အစားပေါ်မှာ အရေးအကြောင်း ဒါမှမဟုတ် ဖုန်မှုန့်တစ်စမှ မရှိတော့တာကို သေချာအောင် လုပ်ပြီးနောက်တွင် သူသည် ထွက်လာပြီး သေခြင်းတရားကို ကြိုဆိုလိုက်တော့သည်။

စာစဉ် (၅၈)၊ အခန်း (၉၈၃) ပြီးပါပြီ။

လင်းဆက်

+++++

အခန်း ၉၈၄ ပြစ်ဒဏ်

ကွန်ဒီလူမျိုးစု အရပ်သား အမြောက်အမြားကို ကွန်ဒီလူမျိုးစု ပင်မအလံတင်သင်္ဘောပေါ်မှာ ထိန်းသိမ်းထားသည်။ ကြမ်းပြင်ပေါ်မှာ ရိုးရှင်းတဲ့ ကော်ဇောတစ်ချပ် ခင်းထားပြီး အရပ်သားတွေဟာ ဒုက္ခသည်များလိုပဲ စုပြုံတိုးဝှေ့နေကြသည်။

ဝှစ်။

တံခါးပွင့်သွားပြီး ဘူးခွံတွေ စီထားတဲ့ လက်တွန်းလှည်းကို တွန်းရင်း အိမ်ထိန်းတစ်ရုပ် ဝင်လာသည်။

"ထမင်းစားချိန်ရောက်ပြီ။" လက်ရှိတာဝန်ကျနေတဲ့ အင်ပါယာစစ်သည်တွေက အော်ပြောလိုက်ကြသည်။

သူတို့ သုံ့ပန်းတွေ ဖြစ်လာကတည်းက ဒီကွန်ဒီလူမျိုးစု အရပ်သားတွေဟာ သူတို့ရဲ့ မသေချာတဲ့ အနာဂတ်အတွက် ကြောက်ရွံ့မှုတွေနဲ့ ရှင်သန်နေခဲ့ရသည်။ ဒါပေမဲ့ သူတို့ကို ဘယ်လိုနည်းနဲ့မှ နှိပ်စက်ခြင်းမပြုပေ။ အင်ပါယာက သူတို့ကို နေ့တိုင်း အစားအသောက်တွေ ပေးသည်၊ ဒါကြောင့် အရပ်သားတွေဟာ အတော်လေး တည်ငြိမ်သွားကြသည်။ သူတို့ထဲက ဘယ်သူမှ ဆင်ခြင်တုံတရားမဲ့တဲ့ လုပ်ရပ်မျိုး မလုပ်ကြပေ။

ထို့နောက် အိမ်ထိန်းတစ်ရုပ်က လူအုပ်ကြားထဲမှာ လှည့်ပတ်ပြီး အစားအသောက်တွေကို ဝေငှပေးလိုက်သည်။ ဒီသုံ့ပန်းတွေအားလုံးက မတ်မတ်ထိုင်ပြီး အချင်းချင်း စကားပြောရင်း အစားအသောက်တွေကို စားကြသည်။ အခြေအနေကတော့ တော်တော်လေး တည်ငြိမ်နေဆဲဖြစ်သည်။

လူအုပ်ထဲမှာ လူကြီးတစ်ယောက်နဲ့ ကလေးတစ်ယောက် ထမင်းစားနေကြသည်။ အမျိုးသမီးက သူမရဲ့ အစားအသောက် ထက်ဝက်ကို သူမရဲ့ကလေးအတွက် လောင်းထည့်ပေးလိုက်သည်။

"မေမေ၊ ထမင်းမစားဘူးလား။" ဒါကို မြင်တဲ့အခါ ကလေးက ခေါင်းမော့ပြီး မေးလိုက်သည်။

"သား အရင်စားပါ။ သားစားပြီးမှ မေမေစားမယ်။"

အမျိုးသမီးက သူမရဲ့သားကို မေတ္တာအပြည့်နဲ့ ကြည့်လိုက်သည်။

"ဟင့်အင်း၊ အတူတူစားရအောင်။" ကလေးက ခေါင်းခါလိုက်ပြီး ရေရွတ်လိုက်သည်။ "ဖေဖေသာ ဒီမှာရှိရင် ကောင်းမှာပဲ။ မေမေ၊ ဖေဖေ ဘယ်သွားတာလဲ။"

ဒါကို ကြားတဲ့အခါ မိခင်ဖြစ်သူက တိတ်ဆိတ်သွားသည်။ ထို့နောက် သူမက သူမရဲ့သားကို ကြည့်ပြီး အတင်းပြုံးလိုက်ကာ "သားဖေဖေက တခြားအာကာသယာဉ်ပေါ်မှာ ဖြစ်လိမ့်မယ်၊ ဒါကြောင့် ငါတို့ဆီ လာမတွေ့နိုင်တာပါ။ အရာအားလုံး ပြီးသွားရင် သူ ငါတို့ဆီ လာတွေ့လိမ့်မယ်။"

"ဟေး။ ဖေဖေကို တကယ်လွမ်းတာပဲ။" ကလေးက စိတ်လှုပ်ရှားစွာနဲ့ မေး၏။ "အရာအားလုံးက ဘယ်တော့ပြီးမှာလဲ။"

"မကြာခင် ဖြစ်မှာပါ..."

သူမက သေချာပေါက် ယုံကြည်မှုမရှိပေမဲ့ သူမကိုယ်သူမ တည်ငြိမ်နေပုံပေါက်အောင် အတင်းကြိုးစားနေရသည်။

သူမရဲ့သားက အစားအသောက်ကို အာရုံစိုက်စားနေတာကို မြင်တဲ့အခါ သူမက လှည့်လိုက်ပြီး သူမရဲ့ မျက်ရည်တွေကို သုတ်လိုက်သည်။

သူမရဲ့ခင်ပွန်းသည် ကံဆိုးမှုနဲ့ ရင်ဆိုင်ရနိုင်တယ်ဆိုတာကို သူမ ကောင်းကောင်းသိထားသည်... ဘာလို့လဲဆိုတော့ သူမရဲ့ခင်ပွန်းက စစ်အရာရှိတစ်ယောက် ဖြစ်နေလို့ပင်။

သူမကို စစ်ပွဲအစမှာ ပို့ဆောင်ခဲ့တာဖြစ်ပေမဲ့ အင်ပါယာကြောင့် သုံ့ပန်းအဖြစ် ပြန်ခေါ်လာခြင်းဖြစ်သည်။ အင်ပါယာက သတင်းအချက်အလက်အားလုံးကို ပိတ်ဆို့ထားပေမဲ့ ကွန်ဒီလူမျိုးစု ရှုံးနိမ့်သွားတဲ့အတွက် စစ်မြေပြင်မှာ ဆုံးရှုံးမှုတွေကို သူမ ခန့်မှန်းနိုင်သည်။

သူမက ပြင်ပကမ္ဘာနဲ့ မဆက်သွယ်နိုင်သည့်အတွက် သူမရဲ့ခင်ပွန်း သေလားရှင်လားဆိုတာ သူမ မသိရပေ၊ သူမရဲ့ နှလုံးသားထဲမှာ နောက်ဆုံး မျှော်လင့်ချက်လေးကိုတော့ ဆုပ်ကိုင်ထားဆဲဖြစ်သည်။ သူမရဲ့ကလေးရှေ့မှာတော့ သူမရဲ့ ကြောက်ရွံ့မှုနဲ့ စိုးရိမ်မှုတွေကို ဖိနှိပ်ထားရပြီး သူမရဲ့ နှလုံးသားထဲမှာ ကြီးမားတဲ့ ဖိအားတွေကို တောင့်ခံနေရသည်။

ညဘက်မှာ သူမရဲ့ကလေး အိပ်ပျော်သွားပြီးနောက် သူမက တိတ်ဆိတ်စွာ ငိုကြွေးရင်း သူမရဲ့မျက်နှာက မျက်ရည်တွေနဲ့ စိုရွှဲနေတတ်သည်။

ကြက်သွေးရောင်အင်ပါယာက သူတို့ကို ဘယ်လိုဆက်ဆံမလဲဆိုတာ သူမ မသိရဘဲ သူမရဲ့ကလေးကိုပဲ လိမ်ပြောနေရသည်။

တီ တီ တီ...

ဒီအချိန်မှာပဲ ပုံရိပ်ယောင်ဖန်သားပြင်တစ်ခု ပေါ်လာပြီး လူတိုင်းရဲ့ အာရုံကို ဆွဲဆောင်လိုက်သည်။

ရင်းနှီးပြီးသား ပုံရိပ်တစ်ခု ဖန်သားပြင်ပေါ်မှာ ပေါ်လာသည်။

"ဒါ ခေါင်းဆောင်ပဲ။"

လူအချို့ မတ်မတ်ရပ်လိုက်ကြပြီး ချက်ချင်းပဲ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

ဒီမြင်ကွင်းမျိုးက ကွန်ဒီလူမျိုးစုရဲ့ အကျဉ်းထောင်အာကာသယာဉ် အားလုံးပေါ်မှာ ဖြစ်ပွားနေသည်။ သူတို့ထဲက အများစုက အင်ပါယာက သတင်းအားလုံးကို ပိတ်ဆို့ထားပြီးနောက် အပြင်မှာ ဘာတွေဖြစ်နေသလဲဆိုတာကို လုံးဝ မသိကြပေ။ ဒါက သူတို့ သုံ့ပန်းတွေ ဖြစ်လာကတည်းက ရရှိတဲ့ ပထမဆုံး သတင်းဖြစ်သလို သူတို့ရဲ့ ခေါင်းဆောင်ကို ရုပ်မြင်သံကြားမှာ မြင်ရတဲ့ ပထမဆုံးအကြိမ်လည်း ဖြစ်သည်။

ဒီမိခင်က သူမရဲ့ အစားအသောက်ကို ချထားလိုက်ပြီး ဖန်သားပြင်ကို ကြည့်ဖို့ သူမရဲ့သားကို ဆွဲခေါ်လိုက်သည်။

ဖန်သားပြင်ပေါ်မှာ ကွန်ဒီလူမျိုးစု ခေါင်းဆောင်က ကင်မရာကို ကြည့်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "ငါတို့ရဲ့ လူမျိုးစုဝင်အပေါင်းတို့၊ ငါ ကြေညာစရာ သတင်းတစ်ခု ရှိပါတယ်။ ငါတို့ စစ်ပွဲမှာ လုံးဝရှုံးနိမ့်သွားပါပြီ၊ ငါတို့ရဲ့ စစ်အင်အား ၇၀ ရာခိုင်နှုန်းလောက် အမြစ်ပြတ်သွားပါပြီ။ ဆုံးရှုံးသွားတဲ့ ဒါမှမဟုတ် ပျက်စီးသွားတဲ့ ယာဉ်တန်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်..."

ထို့နောက် သူက ဆုံးရှုံးသွားတဲ့ ဒါမှမဟုတ် ပျက်စီးသွားတဲ့ တပ်ဖွဲ့စာရင်းတွေကို ဖတ်ပြလိုက်သည်။ စစ်သည်တွေရဲ့ မိသားစုဝင်တွေအားလုံးက ကိန်းဂဏန်းတစ်ခုကိုမှ မလွတ်သွားအောင် ဖန်သားပြင်ကို အာရုံစိုက်ကြည့်နေကြသည်။

စာရင်းကို ဖတ်ပြနေရင်းနဲ့ ရံဖန်ရံခါမှာ နှလုံးသားကွဲကြေပြီး ကြမ်းပြင်ပေါ် လဲကျသွားတဲ့သူတွေနဲ့ ရင်ကွဲမတတ် ငိုကြွေးသံတွေ ထွက်ပေါ်လာသည်။

ဒီကလေးငယ်ကတော့ ဘာတွေဖြစ်နေသလဲဆိုတာကို တကယ် နားမလည်ပေ။ ဒါပေမဲ့ သူက ရုတ်တရက် သူ့မေမေရဲ့ ခန္ဓာကိုယ် ယိုင်နဲ့သွားပြီး လဲကျလုနီးပါး ဖြစ်သွားတာကို ခံစားလိုက်ရသည်။ သူက သူမရဲ့လက်ကို ကိုင်ဖို့ ချက်ချင်း လှည့်လိုက်သည်။

"မေမေ၊ ဘာဖြစ်တာလဲ။"

ဒီမိခင်ရဲ့ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်နေသည်။ သူမသာ လူသားတစ်ယောက်ဆိုရင် ဒီအချိန်မှာ သူမရဲ့မျက်နှာက သေချာပေါက် ဖြူဖျော့နေလိမ့်မည်။ သူမက သူမရဲ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင်လုပ်ပြီး တည်ငြိမ်စွာ ပြောဖို့ ကြိုးစားလိုက်သည်။ "မေမေ ဘာမှမဖြစ်ပါဘူး။"

သူမရဲ့ခင်ပွန်း တာဝန်ထမ်းဆောင်နေတဲ့ ယာဉ်တန်းရဲ့ အမည်ကို သူမ ကြားလိုက်ရပြီး သူမရဲ့ နောက်ဆုံး မျှော်လင့်ချက်လေးဟာလည်း ပျက်စီးသွားခဲ့သည်။ သူမရဲ့ အမြင်အာရုံတွေ မှောင်မိုက်သွားပြီး သူမ မေ့လဲလုနီးပါး ဖြစ်သွားသည်။

ဒါပေမဲ့ သူမဘေးက သူမရဲ့သားကို တွေးလိုက်မိတဲ့အခါ သူမရဲ့ ခံစားချက်တွေကို ဖိနှိပ်လိုက်ပြီး သူမ ငိုတောင် မငိုနိုင်တော့ပေ။

နေရာတိုင်းမှာ ရှိုက်ကြီးတငင် ငိုသံတွေ ကြားနေရပြီး တစ်ခန်းလုံးမှာ ဝမ်းနည်းပူဆွေးမှုတွေနဲ့ ပြည့်နှက်နေသည်။

စာရင်းတစ်ခုလုံးကို နောက်ဆုံးမှာ ဖတ်ပြပြီးနောက် ကွန်ဒီလူမျိုးစု ခေါင်းဆောင်က လေးနက်တဲ့လေသံနဲ့ ပြောလိုက်သည်။ "ဒီစစ်ပွဲ ရှုံးနိမ့်မှုအတွက် ငါ တာဝန်ယူရပါမယ်။ အထက်တန်းလွှာတွေရဲ့ ဒီမှားယွင်းတဲ့ ဆုံးဖြတ်ချက်က ဒီနေ့ ဆုံးရှုံးမှုတွေကို ဖြစ်ပေါ်စေခဲ့တာပါ။

"အမှန်တရားကတော့ ဒီစစ်ပွဲကို ရှောင်လွှဲလို့ ရခဲ့ပါတယ်။ ရန်သူက စစ်ပွဲကို အရင်စခဲ့တာ မဟုတ်ဘူး၊ ငါက စခဲ့တာပါ။

"အင်ပါယာက စူးစမ်းရှာဖွေဖို့ အဝေးကနေ လာခဲ့တာပါ။ သူတို့က တကယ်တော့ ငြိမ်းချမ်းရေးကို မြတ်နိုးတဲ့ လူမှုအဖွဲ့အစည်းတစ်ခုပါ၊ ဒါပေမဲ့ ငါ့ရဲ့ မာနနဲ့ ရန်ငြိုးတွေက ငါ့မျက်စိကို ကန်းစေခဲ့တယ်။ တတိယအဖွဲ့အစည်းက ငါ့ကို အသုံးချပြီး ကြက်သွေးရောင်အင်ပါယာအပေါ် ရန်လိုတဲ့အမြင်တွေ ရှိအောင် လုပ်ခဲ့တာ။ ငါတို့က ကြက်သွေးရောင်အင်ပါယာကို အရင်စပြီး တိုက်ခိုက်ဖို့ ကြိုးစားခဲ့တယ်၊ အဲဒါက အင်ပါယာရဲ့ ဒေါသကို ဖြစ်စေခဲ့တယ်။

"ငါတို့မှာ စစ်ပွဲတွေ၊ သွေးထွက်သံယိုမှုတွေ မရှိဘဲ အတူတူ ငြိမ်းချမ်းစွာ နေထိုင်ဖို့ အခွင့်အရေး ရှိခဲ့ပါတယ်။ ငါတို့ရဲ့ လူမှုအဖွဲ့အစည်းကိုပဲ ပြောင်းလဲဖို့ လိုအပ်မှာပါ။ ငါ့ရဲ့ အမှားက ငါတို့ဆီကနေ ဒီရွေးချယ်မှုကို ဆုံးရှုံးသွားစေခဲ့တာက စိတ်မကောင်းစရာပါပဲ။

"ငါ့ရဲ့ မာနက နှစ်ဖက်စလုံး ဆက်သွယ်ဖို့ တံတားကို ဖျက်ဆီးခဲ့တယ်။ ဖြစ်ပျက်ခဲ့သမျှ အားလုံးအတွက် ငါ တာဝန်ယူပါတယ်၊ ငါ့ရဲ့ အမှားက လူမှုအဖွဲ့အစည်း တစ်ခုလုံးကို မျှော်လင့်ချက်မဲ့တဲ့ တွင်းနက်ထဲကို တွန်းပို့ခဲ့တာပါ။"

ထို့နောက် သူက ပထမဆုံး ဆိုင်ရွန်းနစ် ပေါက်ကွဲမှု ထောင်ချောက်၏ လျှို့ဝှက်အစီရင်ခံစာနှင့် သူ လိမ်ပြောနေတာ မဟုတ်ကြောင်း သက်သေပြဖို့ အင်ပါယာရဲ့ ထိခိုက်သေဆုံးမှု စာရင်းဇယား စာရွက်စာတမ်းကို ထုတ်ပြလိုက်သည်။

၎င်းနောက်တွင် ကွန်ဒီလူမျိုးစု ခေါင်းဆောင်က ထရပ်လိုက်ပြီး ဖန်သားပြင်ကို ဦးညွှတ်လိုက်သည်။

"ဒီစစ်ပွဲမှာ မိသားစုများစွာကို ဖျက်ဆီးခဲ့သူက ငါပါ၊ အဲဒီအတွက် ငါ တောင်းပန်ပါတယ်။"

အခုတော့ ဒီစကားပြောဆိုမှုရဲ့ အကြောင်းရင်းကို လူတိုင်း နားလည်သွားကြသည်။ ဒါက သူ့ရဲ့ အမှားတွေကို ဝန်ခံဖို့နဲ့ စစ်ပွဲဖြစ်ရတဲ့ အကြောင်းရင်းတွေကို ရှင်းပြဖို့ပင်ဖြစ်သည်။

ဒီမြင်ကွင်းကို ကြည့်ပြီး လူများစွာ ဒေါသထွက်သွားကြသည်။

တောင်းပန်ပါတယ် ဟုတ်လား။

မင်းက လူမျိုးစု တစ်ခုလုံးကို ဒီလောက်ကြီးမားတဲ့ ထိခိုက်မှုတွေ ဖြစ်စေခဲ့တာ။ တောင်းပန်တာကရော အသုံးဝင်လို့လား။

မင်းသာ စစ်ပွဲကို မစခဲ့ရင် ဒီစစ်သည်တွေအားလုံး သေမှာ မဟုတ်ဘူး၊ ငါတို့လည်း ပုံမှန်ဘဝနဲ့ ရှင်သန်နေကြဦးမှာ။ ငါတို့က ဘယ်လိုလုပ်ပြီး သုံ့ပန်းတွေအဖြစ် လျော့ကျသွားမှာလဲ။

ငါတို့ရဲ့ လူမှုအဖွဲ့အစည်းက ဒီလို အကျပ်အတည်းနဲ့ ရင်ဆိုင်ရတာ မင်းကြောင့်ပဲ။ ဒါတွေအားလုံးကို ရှောင်လွှဲလို့ ရခဲ့တာ။

တောင်းပန်ပါတယ် ဆိုတဲ့ စကားတစ်ခွန်းတည်းနဲ့ လုံလောက်ပြီလား။

ထို့နောက် ကွန်ဒီလူမျိုးစု ခေါင်းဆောင်က သူ့နေရာမှာ ပြန်ထိုင်လိုက်ပြီး မျက်နှာသေနဲ့ ဆက်ပြောလိုက်သည်။

"ကြက်သွေးရောင်အင်ပါယာက ငါတို့ကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ လူတိုင်း စိတ်ပူနေကြမယ်ဆိုတာ ငါ သိပါတယ်။ စိတ်ချပါ၊ ကြက်သွေးရောင်အင်ပါယာက ငါတို့ထက် အများကြီး အဆင့်မြင့်တဲ့ လူမှုအဖွဲ့အစည်းတစ်ခုပါ၊ သူတို့က အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ ဒါမှမဟုတ် ငါတို့ရဲ့ ဉာဏ်ရည်ကို ဖိနှိပ်တာမျိုး လုပ်မှာ မဟုတ်ပါဘူး။ သူတို့က ငါတို့ကို လွှတ်ပေးဖို့နဲ့ တခြား ကြယ်စင်စုတစ်ခုမှာ အခြေချပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူတို့က ငါတို့ရဲ့ လွတ်လပ်ခွင့်ကို ပြန်ပေးမှာဖြစ်ပြီး ငါတို့ရဲ့ အမိမြေအသစ်ကို တည်ဆောက်ဖို့ ကူညီပေးပါလိမ့်မယ်..."

ဒါကို ကြားတဲ့အခါ လူတိုင်း အနည်းငယ် တည်ငြိမ်လာကြသည်။ ဒါက သူတို့အားလုံး စိုးရိမ်နေတဲ့ ပြဿနာပင်ဖြစ်သည်။

သူတို့ အသက်ရှင်လျက် ထွက်လာနိုင်တာကပဲ အလွန် ကံကောင်းလှပြီဖြစ်ပြီး အခြားတစ်ဖက်က သူတို့ကို လွှတ်ပေးဖို့နဲ့ လွတ်လပ်ခွင့် ပြန်ပေးဖို့ ဆန္ဒရှိနေသေးသည်။

ကြက်သွေးရောင်အင်ပါယာက တကယ်ပဲ ငြိမ်းချမ်းရေးကို မြတ်နိုးတဲ့ လူမှုအဖွဲ့အစည်းတစ်ခု ဖြစ်ပုံရတယ်... လူများစွာမှာ ဒီလိုအတွေးမျိုး ရှိလာကြသည်။

သူတို့လူမျိုးစုက စစ်ပွဲကို လှုံ့ဆော်ခဲ့ပြီး အမှားလုပ်ခဲ့တာဖြစ်ပေမဲ့ အင်ပါယာက သုံ့ပန်းတွေကို ကရုဏာသက်စွာ ဆက်ဆံပြီး သဘောထားကြီးစွာ ပြုမူခဲ့သည်။ ဒီလို နှိုင်းယှဉ်ကြည့်ပြီးနောက်မှာတော့ အင်ပါယာအပေါ် လူတိုင်းရဲ့ ရန်ငြိုးတွေ လျော့နည်းသွားသည်။

သေချာပါသည်၊ ဒီလိုကိစ္စမျိုးမှာ ဆင်ခြင်တုံတရားဆိုတာ မရှိပါဘူး။ စစ်ပွဲစတင်ခဲ့တဲ့ အဖွဲ့အစည်းအနေနဲ့ အင်ပါယာအပေါ် နာကျည်းမှုတွေ ရှိနေသေးတဲ့ ကွန်ဒီလူမျိုးစုဝင်တွေ အများကြီး ရှိနေသေးသည်၊ အထူးသဖြင့် စစ်သည်တွေရဲ့ မိသားစုဝင်တွေပင်ဖြစ်သည်။

ဒါပေမဲ့ ဒီလိုရှင်းပြပြီးနောက်မှာတော့ သူတို့ရဲ့ ဒေါသက ကွန်ဒီလူမျိုးစု ခေါင်းဆောင်ဆီကိုပဲ အဓိက ဦးတည်သွားတော့သည်။

ဒီအချိန်မှာ ကွန်ဒီလူမျိုးစု ခေါင်းဆောင်က ဟန်ရှောင်းရဲ့ ကိုယ်ရေးရာဇဝင် ရေးထားတဲ့ နောက်ထပ် စာရွက်စာတမ်းတစ်ခုကို ထုတ်ပြလိုက်သည်။ ဒါကို အင်ပါယာက ပေးထားခြင်းဖြစ်သည်။

"ငါတို့ရဲ့ အမိမြေအသစ်က ကြက်သွေးရောင်အင်ပါယာရဲ့ လူကြီးလူကောင်းတစ်ယောက်ရဲ့ နယ်မြေထဲမှာ ရှိလိမ့်မယ်။ သူ့ရဲ့နာမည်က ဘလက်စတားဖြစ်ပြီး သူက ငါတို့ကို ကာကွယ်ပေးလိမ့်မယ်။ သူက လေးစားစရာကောင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ တောင်းဆိုမှုကြောင့်ပဲ အင်ပါယာက ငါတို့ကို လွတ်လပ်ခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။"

စာရွက်စာတမ်းပေါ်က ဟန်ရှောင်းရဲ့ ဓာတ်ပုံကို ကြည့်ပြီး သူတို့အတွက် စကားပြောပေးခဲ့တဲ့ ဒီပုဂ္ဂိုလ်ကို လူတိုင်း မှတ်မိသွားကြသည်။

မီးပြတိုက်ဂြိုလ်ပေါ်က ရုံးခန်းထဲမှာ ဟန်ရှောင်းရဲ့ ပုံရိပ်ယောင်က တာရိုကော့ဗ်နဲ့အတူ ကွန်ဒီလူမျိုးစု ခေါင်းဆောင်ရဲ့ စကားပြောဆိုမှုကို ကြည့်နေသည်။ ဒီမြင်ကွင်းကို မြင်တဲ့အခါ ဟန်ရှောင်းက တာရိုကော့ဗ်ကို ကြည့်ပြီး ရယ်မောလိုက်သည်။

"မင်းတို့ကတော့ တကယ်ကို အတော်ဆုံးပဲ။ ငါ့ကို ကွန်ဒီလူမျိုးစု လူဦးရေ အရင်းအမြစ်တွေ ပေးရုံတင်မကဘဲ ငါ့ရဲ့ ပုံရိပ်ကိုပါ အလကား တည်ဆောက်ပေးလိုက်တာပဲ။"

တာရိုကော့ဗ်က သူ့ရဲ့လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ပြီး ပြုံးလိုက်သည်။ "ရပါတယ်။"

စကားပြောဆိုမှုက ဆက်လက်ရှိနေပြီး ကွန်ဒီလူမျိုးစု ခေါင်းဆောင်က သူတို့ရဲ့ အမိမြေအသစ်ကို မိတ်ဆက်ပေးခဲ့ပေမဲ့ သူတို့ ခံယူရမယ့် ဝါဒဖြန့်မှုတွေနဲ့ သတင်းအချက်အလက် ပိတ်ဆို့မှုတွေအကြောင်းကိုတော့ ဘာမှ မပြောခဲ့ပေ။

"ဒီနေ့ အကျိုးဆက်က ညံ့ဖျင်းတဲ့ ဗျူဟာတွေရဲ့ ရလဒ်ဖြစ်ပြီး ဒီကိစ္စအတွက် အထက်တန်းလွှာတွေက တာဝန်ယူရပါမယ်။ အထက်တန်းလွှာ အားလုံးကို အပြစ်ပေးမှာဖြစ်ပြီး ငါတို့ရဲ့ အမိမြေအသစ်ကို တည်ဆောက်ဖို့ အနာဂတ်မှာ ငါတို့လူမျိုးစုကို ဉာဏ်ပညာနဲ့ ဦးဆောင်နိုင်ဖို့ ဒီသင်ခန်းစာကို ငါ နှလုံးသွင်းထားပါ့မယ်။"

ဘုန်း။

ဒီစကားတွေကို ပြောလိုက်တာနဲ့ လူအုပ်ထဲမှာ ကြီးမားတဲ့ ရုတ်ရုတ်သဲသဲ ဖြစ်မှုတွေ ချက်ချင်း ပေါ်လာသည်။

"ဒီလောက်ကြီးမားတဲ့ အမှားမျိုး လုပ်ပြီးတာတောင် သူက ငါတို့ကို အုပ်ချုပ်ဖို့ ဘာအခွင့်အရေး ရှိလို့လဲ။"

"သူက အထက်တန်းလွှာ အားလုံးကို အပြစ်ပေးခဲ့ပေမဲ့ သူကတော့ အနည်းငယ်မျှတောင် အပြစ်မခံရဘူးလား။ အရမ်း အရေခြုံတာပဲ။"

"သူက သေတဲ့အထိ ခေါင်းဆောင်နေရာကို ဆုပ်ကိုင်ထားဖို့ စီစဉ်နေတာလား။"

လူတိုင်း ဒေါသထွက်သွားကြသည်။

လူမျိုးစု တစ်ခုလုံးက မင်းကြောင့် ဒီလောက်ထိ ထိခိုက်ခဲ့ရတာ။ မင်းက ငါတို့ကို ဆက်ပြီး ဦးဆောင်ဖို့ ဘာအခွင့်အရေး ရှိလို့လဲ။

ငါတို့က သဘောတူလို့လား။

အခြား အထက်တန်းလွှာတွေ အားလုံးကို ကွပ်မျက်ရမှာဖြစ်ပေမဲ့ ငါတို့ကို မင်းပေးတဲ့ တစ်ခုတည်းသော ရှင်းပြချက်က ရိုးရှင်းတဲ့ 'တောင်းပန်ပါတယ်' ဆိုတာပဲလား။

ဒါက ဘာအဓိပ္ပာယ်လဲ။

မင်းကို မကွပ်မျက်ရင်တောင်မှ အနည်းဆုံးတော့ ရာထူးက ဆင်းပေးသင့်တာပေါ့။

မင်းရဲ့ အာဏာမက်မောမှုက အရမ်းပြင်းထန်တာပဲ။

လူမျိုးစု တစ်ခုလုံး ရှုံးနိမ့်သွားပြီ၊ ဒါပေမဲ့ မင်းကတော့ ဒီလိုနေရာမျိုးမှာ ထိုင်နေတုန်းပဲ။ ဘာအခြေခံနဲ့လဲ။

မင်းက မင်းကိုယ်မင်း အပြစ်တင်နေပုံရပေမဲ့ တကယ်တော့ မင်းက အခြားအထက်တန်းလွှာတွေကို အပြစ်ဖို့နေတာပဲ။

ဒီအချိန်မှာ ကွန်ဒီလူမျိုးစု ခေါင်းဆောင်က ထရပ်လိုက်ပြီး ပြုံးလိုက်သည်။ "ငါ အာကာသယာဉ်တိုင်းဆီကို လာပြီး မင်းတို့အားလုံးကို ကိုယ်တိုင် အားပေးပါ့မယ်။ မင်းတို့ကို ပြန်လည်စတင်ဖို့ သတ္တိတွေ ပေးနိုင်မယ်လို့ ငါ မျှော်လင့်ပါတယ်။ ရှုံးနိမ့်တာက မကြောက်စရာပါဘူး၊ ငါက... ကွန်ဒီလူမျိုးစုကို ပြန်ပြီး ကြီးကျယ်အောင် လုပ်နိုင်ပါလိမ့်မယ်။"

ဒီစကားလုံးတွေက ကွန်ဒီလူမျိုးစုကို အများကြီး အားတက်စေသင့်တာဖြစ်ပေမဲ့ လူတိုင်းနီးပါးက ဖန်သားပြင်ပေါ်က ကွန်ဒီလူမျိုးစု ခေါင်းဆောင်ကို ဒေါသတကြီး စိုက်ကြည့်နေကြသည်။

ထို့နောက် ကွန်ဒီလူမျိုးစု ခေါင်းဆောင်က ထရပ်လိုက်ပြီး သူ့နောက်မှာ ပျံသန်းနေတဲ့ ကင်မရာတစ်လုံးနဲ့အတူ ထွက်ခွာသွားသည်။

ဒီအချိန်မှာ တံခါးပွင့်သွားပြီး ကွန်ဒီလူမျိုးစုဝင်တစ်ဦး ဝင်လာသည်။ အရပ်သားတွေအားလုံး လှည့်ကြည့်လိုက်ကြပြီး အချင်းချင်း တိုးတိုးတိတ်တိတ် စကားပြောလာကြသည်။

"ဒီလူက ဘယ်သူလဲ။ သူက ဘာလို့ လွတ်လွတ်လပ်လပ် သွားလာနိုင်တာလဲ။"

"သူ ဘယ်သူလဲဆိုတာ ငါသိတယ်။ သူက ခေါင်းဆောင်ဘေးက အတွင်းရေးမှူးတွေထဲက တစ်ယောက်ပဲ။ သူ အရင်က ရုပ်မြင်သံကြားမှာ ပေါ်လာဖူးတယ်။"

ဒီအတွင်းရေးမှူးက သူ့လက်ကို တီးလိုက်ပြီး စကားမပြောခင် လူတိုင်းကို တိတ်ဆိတ်အောင် လုပ်လိုက်သည်။

"အားလုံးပဲ၊ ဒါက ခေါင်းဆောင်ရဲ့ ပထမဆုံး လာမယ့်နေရာ ဖြစ်လိမ့်မယ်၊ ခေါင်းဆောင်ရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ဖို့အတွက် အားလုံးက ကျေးဇူးတင်နေတဲ့ ပုံစံမျိုး ဟန်ဆောင်ပေးကြဖို့ ငါ မျှော်လင့်ပါတယ်။"

လူတိုင်း ဒေါသထွက်သွားကြသည်။

မင်းက ဒီအချိန်မှာတောင် ငါတို့ကို ပြကွက်တစ်ခု ပြခိုင်းနေတုန်းလား။

ငါတို့ မိသားစုဝင်တွေအားလုံး စစ်ပွဲမှာ ခုလေးတင် သေသွားတာ၊ ငါတို့က မင်းနဲ့ ပူးပေါင်းပြီး ကျေးဇူးတင်နေတဲ့ ပုံစံ လုပ်ပေးရဦးမှာလား။

လူများစွာက သူတို့ရဲ့လက်သီးတွေကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ခန္ဓာကိုယ်တွေ တုန်ယင်နေကြသည်။

သူတို့ရဲ့ ကိုယ်ပိုင်ခံစားချက်တွေကို ဘယ်လိုဖော်ပြရမလဲဆိုတာတောင် သူတို့ မသိကြတော့ပေ။ ခေါင်းဆောင်အပေါ် သူတို့ရဲ့ ဒေါသက အထွတ်အထိပ်ကို ရောက်ရှိသွားသည်။

သိပ်မကြာခင်မှာပဲ အပြင်ကနေ ခြေသံတွေ ကြားလိုက်ရပြီး တံခါးက ပြန်ပွင့်သွားသည်။

ထို့နောက် ကွန်ဒီလူမျိုးစု ခေါင်းဆောင်က သူ့ရဲ့အတွင်းရေးမှူးနဲ့ နောက်လိုက်တစ်အုပ်နဲ့အတူ အားပေးနှစ်သိမ့်တဲ့ အပြုံးနဲ့ ဝင်လာသည်။

သူ့ရဲ့အပြုံးကို မြင်တဲ့အခါ လူများစွာက သူတို့ရဲ့ဒေါသကို မထိန်းနိုင်တော့ပေ။

မင်းက ပြုံးနေတုန်းပဲလား။

ဒါပေမဲ့ ကွန်ဒီလူမျိုးစု ခေါင်းဆောင်ဘေးက နောက်လိုက်တွေကို မြင်တဲ့အခါ သူတို့ထဲက အများအပြားက ဘာမှ မလုပ်ရဲကြတော့ဘဲ သူ့ကို ဒေါသတကြီး စိုက်ကြည့်ရုံသာ တတ်နိုင်ကြသည်။

ကွန်ဒီလူမျိုးစု ခေါင်းဆောင်က ပြုံးပြီး ပြောလိုက်သည်။ "အားလုံးပဲ၊ ဒီကာလအတွင်းမှာ ဘယ်လိုနေကြလဲ။ မင်းတို့အားလုံး လမ်းပျောက်နေကြမယ်ဆိုတာ ငါသိပါတယ်။ စိတ်မပူပါနဲ့၊ မင်းတို့ရဲ့ ဘယ်လိုပြဿနာကိုမဆို ငါ့ကို ပြောပြလို့ရပါတယ်၊ ငါက..."

ဝှစ်။

သူ စကားပြောနေတုန်းမှာပဲ လူအုပ်ထဲက တစ်ယောက်က ကွန်ဒီလူမျိုးစု ခေါင်းဆောင်ဆီကို အနက်ရောင် စေးကပ်တဲ့ အရာတစ်ခုနဲ့ ပစ်လိုက်သည်။

ဒါက သူတို့ စားနေတဲ့ ပန်းကန်လုံးဖြစ်ပြီး အထဲက အစားအသောက်တွေက ကွန်ဒီလူမျိုးစု ခေါင်းဆောင်ရဲ့ အဝတ်အစားပေါ်မှာ ဖိတ်စင်သွားသည်။

"ထွက်သွားစမ်း။" လူအုပ်ထဲကနေ ဒေါသတကြီး အော်သံတစ်ခု ထွက်ပေါ်လာသည်။

တစ်ယောက်က စတင်လိုက်တာနဲ့ လူတိုင်းက သူတို့ရဲ့ ပန်းကန်လုံးတွေကို ကွန်ဒီလူမျိုးစု ခေါင်းဆောင်ဆီကို ချက်ချင်း စတင်ပစ်ပေါက်ကြတော့သည်။

ဖြောင်း ဖြောင်း ဖြောင်း...

ကွန်ဒီလူမျိုးစု ခေါင်းဆောင်က အစားအသောက်တွေနဲ့ ရွှဲစိုသွားပြီး သူက အလွန် သနားစရာကောင်းတဲ့ ပုံစံ ပေါက်နေသည်။

"ရပ်ကြစမ်း။ ရပ်ကြစမ်း။"

ခေါင်းဆောင်ရဲ့ နောက်လိုက်တွေက ပန်းကန်လုံးတွေကို တားဆီးဖို့နဲ့ သူတို့ရဲ့ ခေါင်းဆောင်ကို ကာကွယ်ဖို့ ချက်ချင်း ရှေ့တိုးလာကြသည်။

ဒီအချိန်မှာ တစ်ခုခုကို ပစ်ချင်ပေမဲ့ အရမ်းဝေးနေတဲ့ နောက်ကလူတွေက ရှေ့ကို တိုးလာကြသည်။ အဲဒါက လူအုပ်တစ်ခုလုံးကို ဆုတ်ခွာနေတဲ့ ကွန်ဒီလူမျိုးစု ခေါင်းဆောင်ရဲ့ နောက်လိုက်တွေဆီကို ပိုပြီး တိုးကပ်သွားစေသည်။

"မတွန်းကြနဲ့။ အားလုံး နောက်ဆုတ်ကြ။" နောက်လိုက်တစ်ယောက်က အော်ဟစ်လိုက်ပြီး သူ့ဆီကို ဒေါသတကြီး ချဉ်းကပ်လာတဲ့ လူအုပ်ကို ခုခံဖို့ ကြိုးစားလိုက်သည်။ ရုတ်တရက် သူက အားပိုစိုက်မိသွားပြီး အမျိုးသမီးတစ်ယောက်ကို တွန်းချလိုက်မိသည်။

ထိုအခါ လူအုပ်ထဲကနေ ကလေးဆန်တဲ့ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

"မင်း ငါ့မေမေကို ရိုက်တယ်။ မင်းတို့ကို ငါ ပြန်ချမယ်။"

ဒီနောက်လိုက်က သူ့ခြေထောက်မှာ စူးရှတဲ့ နာကျင်မှုကို ခံစားလိုက်ရပြီး ကလေးငယ်တစ်ယောက်က သူ့ခြေထောက်ကို ကိုက်ထားတာကို မြင်လိုက်ရသည်။

"ထွက်သွားစမ်း။" သူက ဒီကလေးကို လွင့်ထွက်သွားအောင် ပါးရိုက်လိုက်မိသည်။

ဒီလိုမြင်ကွင်းမျိုးကို မြင်လိုက်ရတဲ့အခါ လူအုပ်ထဲက လူတိုင်း ပေါက်ကွဲသွားကြသည်။

"မင်းတို့က တကယ်ပဲ ကလေးကို ရိုက်တာလား။"

"သူတို့ကို ဝိုင်းချကြ။"

လူတိုင်း သူတို့ရဲ့ ဒေါသကို မထိန်းနိုင်ကြတော့ပေ။

သူတို့က ဆင်ခြင်တုံတရားအားလုံးကို စွန့်ပယ်လိုက်ပြီး သူတို့ရဲ့ လက်သီးတွေ၊ သွားတွေနဲ့ အခွံတွေနဲ့ စတင် တိုက်ခိုက်ကြတော့သည်။

အခြေအနေတစ်ခုလုံး ထိန်းမနိုင်သိမ်းမရ ဖြစ်သွား၏။

ဘုန်း။

ကွန်ဒီလူမျိုးစု ခေါင်းဆောင်ဟာ ကြမ်းပြင်ပေါ်ကို တွန်းလှဲခံလိုက်ရပြီး အရပ်မျက်နှာအနှံ့က လူတွေက သူ့ကို ဝိုင်းချကြသည်။

ဒီအချိန်မှာပဲ သူ့ရဲ့လည်ပင်းမှာ တစ်စုံတစ်ယောက်က ကိုက်လိုက်တာကြောင့် စူးရှတဲ့ နာကျင်မှုကို သူ ရုတ်တရက် ခံစားလိုက်ရသည်။ ထက်မြက်တဲ့ သွားတွေက သူ့ရဲ့လည်ချောင်းထဲကို နစ်ဝင်သွားပြီး သူ့ရဲ့လည်ချောင်းက သွေးတွေ အဆက်မပြတ် ထွက်လာသည်။

ကွန်ဒီလူမျိုးစု ခေါင်းဆောင်ရဲ့ ခန္ဓာကိုယ်က တုန်ယင်သွားပြီး သူ လှမ်းကြည့်လိုက်သည်။ သူ့ရဲ့လည်ချောင်းကို ကိုက်ထားတဲ့သူက သူ့လူမျိုးစုထဲက အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ရိုက်ခံရတဲ့ ကလေးရဲ့ မိခင်ပင်ဖြစ်သည်။

အခြားတစ်ဖက်က လူရဲ့ မျက်လုံးထဲက အကြည့်က သူ့ခေါင်းထဲမှာ စွဲထင်သွားသည်။

ဒါက ဒေါသ၊ မုန်းတီးမှုနဲ့ မျှော်လင့်ချက်မဲ့မှုတွေ ပြည့်နှက်နေတဲ့ အကြည့်ပင်ဖြစ်သည်...

ဂျွတ်။

"အား။" ထို့နောက် သူမက ကွန်ဒီလူမျိုးစု ခေါင်းဆောင်ရဲ့ လည်ပင်းကို သွားနဲ့ ကိုက်ဖြတ်လိုက်ပြီး ကျယ်လောင်စွာ ဟောက်လိုက်သည်။

သူ့ရဲ့လည်ချောင်းထဲကနေ သွေးတွေ ပန်းထွက်လာတာနဲ့အမျှ ကွန်ဒီလူမျိုးစု ခေါင်းဆောင်ရဲ့ ခန္ဓာကိုယ်က အားနည်းသွားပြီး သူ့ရဲ့ အသိစိတ်တွေက ဝေဝါးလာသည်။

သူ့ကို ဝိုင်းရိုက်နေသည့် သူ့လူမျိုးစုဝင်တွေကို သူ ကြည့်လိုက်ပြီး သူက အလွန် တည်ငြိမ်နေသည်။

"ငါ့ရဲ့ ပြကွက်ကတော့ နောက်ဆုံးမှာ ပြီးသွားပြီ..."

ဘုန်း။

ထို့နောက် သူ့ရဲ့ အသိစိတ်တွေ ကွယ်ပျောက်သွားတော့သည်။

...

တာဝန်ကျနေတဲ့ စစ်သည်တွေက အခြေအနေကို ထိန်းချုပ်ဖို့ လှုပ်ရှားလိုက်ကြသော်လည်း ဒီရှုပ်ထွေးမှုတွေ ခဏလောက် ပိုကြာသွားအောင် သူတို့ရဲ့ လုပ်ဆောင်မှုတွေကို တမင်တကာ နှေးကွေးအောင် လုပ်ခဲ့ကြသည်။

နောက်ဆုံးမှာတော့ ဒီသွေးထွက်သံယို ဖြစ်ရပ်ကို စစ်သည်တွေက တားဆီးနိုင်ခဲ့ပြီး သွေးကွက်တွေပဲ ကျန်ရစ်ခဲ့သည်။ ကွန်ဒီလူမျိုးစု ခေါင်းဆောင်ရဲ့ ရုပ်အလောင်းကတော့ ထုထောင်းခံထားရပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည်။

ပျံသန်းနေတဲ့ ကင်မရာက မြင်ကွင်းတစ်ခုလုံးကို မှတ်တမ်းတင်ထားပြီး တခြား အာကာသယာဉ်တွေပေါ်က ကွန်ဒီလူမျိုးစုဝင်တွေကလည်း ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာကို မြင်နိုင်ကြသည်။

"သူတို့က တကယ်ပဲ သူ့ကို သတ်လိုက်တာလား။ ကောင်းလိုက်တာ။"

"ငါတို့လူမျိုးစုရဲ့ ဒီအပြစ်သားကို အသက်ရှင်ခွင့် မပေးသင့်ဘူး။"

"ဒီလိုနည်းလမ်းမျိုးနဲ့ပဲ သူ့ကို အပြစ်ပေးနိုင်မှာ။"

လူများစွာက ဒီရလဒ်အပေါ် အလွန် ကျေနပ်နေကြသည်။

ကင်မရာ ရိုက်ကူးမထားသည့် လျှောက်လမ်းတစ်ခုတွင် အင်ပါယာ ထောက်လှမ်းရေးအရာရှိတစ်ဦးက စိတ်ခံစားမှု လှုံ့ဆော်သည့် ကိရိယာတစ်ခုနဲ့အတူ နံရံကို မှီထားသည်။

အခြေအနေက တည်ငြိမ်သွားပြီဆိုတာကို ကြားလိုက်ရတဲ့အခါ သူက ကိရိယာကို ပိတ်လိုက်ပြီး ထွက်ခွာသွားသည်။

...

"ပြကွက်ကတော့ ပြီးသွားပြီ။" တာရိုကော့ဗ်က ပုံရိပ်ယောင်ဖန်သားပြင်ကို ပိတ်လိုက်သည်။

"မင်းတို့ကတော့ သူ့ကို တကယ်ပဲ အပြည့်အဝ အသုံးချလိုက်တာပဲ။" ဟန်ရှောင်းက ပြောလိုက်သည်။ "အင်ပါယာက သူ့ကို အပြစ်ပေးတာ မဟုတ်ဘဲ ကွန်ဒီလူမျိုးစုကိုပဲ သူတို့ရဲ့ ခေါင်းဆောင်ကို ကိုယ်တိုင် ကွပ်မျက်ခိုင်းလိုက်တာ။ ဒါက ကွန်ဒီလူမျိုးစု ဘယ်တော့မှ မေ့မှာမဟုတ်တဲ့ သင်ခန်းစာတစ်ခု ဖြစ်မှာ သေချာတယ်။ ဒီဖြစ်ရပ်က ကွန်ဒီလူမျိုးစုရဲ့ စိတ်ထဲမှာ စွဲထင်သွားမှာဖြစ်ပြီး မင်းတို့ရဲ့ ပညာပေးလုပ်ငန်းစဉ်ကို အဆင်ပြေချောမွေ့အောင် သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို အများကြီး အားနည်းသွားစေလိမ့်မယ်။"

"ဒါက သူတို့ကို အမြစ်ပြတ်သတ်တာထက် အများကြီး ပိုပြီး ညင်သာပါတယ်" တာရိုကော့ဗ်က မျက်နှာသေနဲ့ ပြောလိုက်ပြီး ဟန်ရှောင်းရဲ့ မျက်လုံးတွေကို စိုက်ကြည့်လိုက်သည်။ "ဘလက်စတား၊ နောက်ကွယ်က ကြိုးကိုင်သူကို ရှာလိုက်တော့။"

ဟန်ရှောင်းက ခေါင်းညိတ်လိုက်ပြီး "သေချာတာပေါ့၊ ဒီကိစ္စကို ကျွန်တော့်ဆီပဲ လွှဲထားလိုက်ပါ။"

စာစဉ် (၅၈)၊ အခန်း (၉၈၄) ပြီးပါပြီ။

လင်းဆက်

+++++

All Chapters