အခန်း (၄၂၁-၄၂၃)
Vol. 29 Ch. 421-423
အခန်း ၄၂၁ ။ ကျူးကျော်မှု
"မင်းတို့ဘာတွေပြောနေတာလဲ"
သွေးသံရဲရဲဖြစ်နေတဲ့ 'ကူယွဲ့' က ရုန်းကန်ရင်း ချဉ်းကပ်လာတဲ့နှစ်ယောက်ကို ဒေါသတကြီး စိုက်ကြည့်တယ်။
"မင်းတို့ ဘာလို့ဒီလိုလုပ်တာလဲ"
"နင်မပြောလည်း ကိစ္စမရှိဘူး" ရှန်းရင်အကြည့်က မည်းနက်သွားတယ်။
"တရားမဝင်တဲ့ကျူးကျော်မှုတွေက ဖျက်သိမ်းခံရမှာပဲ၊ ဒါမှမဟုတ် ငါ့လက်ထောက်ကိုတောင် မမှတ်မိလောက်အောင် ငါက တုံးလွန်းမယ်ထင်နေတာလား"
အဲလူက မှင်တက်သွားပြီး အရင်နာကျင်နေတဲ့အကြည့်က ချက်ချင်းပြောင်းလဲသွားတယ်။ သူ့ပါးစပ်က ရုတ်တရက် ကျယ်လာပြီး သွေးတွေ ရွှဲနေတဲ့ သွားတွေနဲ့ အရမ်းကြက်သီးထဖို့ကောင်းတဲ့ အပြုံးကို ပြသလာတယ်။ သူ့မျက်နှာတစ်ပြင်လုံး တွန့်ရှုပ်လာလေရဲ့။ သူက ဖေဖေနျိုနဲ့ လုံးဝခြားနားတဲ့ စူးရှရှ အသံနဲ့ပြောတယ်။
"တွေ့ပြီ စီမံထိန်းသိမ်းသူကို…"
နောက်တခဏမှာ သူ့တစ်ကိုယ်လုံး တောက်ပလာပြီး သူ့ကိုယ်က ပူဖောင်းတစ်ခုလို ဖောင်းကားလာတယ်။ မျက်စိကျိန်းစရာ အဖြူရောင်အလင်းတန်းတွေက သူ့ခန္ဓာကိုယ်က ထွက်ပေါ်လာလေတယ်။ ရှန်းရင် ရင်ထိတ်သွားတယ်။ "စားဖိုမှူး"
ယိချင်းက တုံ့ဆိုင်းမနေဘူး။ သူ့လက်ထဲက ဓားဂါထာက အဲလူဆီ တန်းတန်းမတ်မတ်သွားလေတယ်။ ဓားမိုးတစ်လှိုင်း ရွချလာပြီး သူ့အရှိန်အဝါကို လုံးဝထိန်းချုပ်ကာ ပေါက်ကွဲထွက်သွားတယ်။ အဖြူရောင်အလင်းက နောက်ဆုံးတော့ ရပ်သွားခဲ့တယ်။ ဓားအင်းကွက်ထဲက ဖေဖေနျိုနဲ့ဆင်တဲ့ ပုံသဏ္ဌာန်က ပျောက်ကွယ်သွားပြီး အကြည်ရောင်ရေခဲသလင်းခဲလေးတွေပဲ ကျန်ခဲ့ကာ လေတစ်ဝှေ့နဲ့အတူ ပါသွားလေတယ်။
"မရှိတော့ဘူး..." ယိချင်း မျက်မှောင်ကြုတ်ကာ သူ့ကောင်းကင်စိတ်အာရုံနဲ့စစ်ဆေးလိုက်တယ်။ အထဲမှာ အရှိန်အဝါရှိမနေတော့ဘူး။ သူ ဓားအင်းကွက်ကို လွှတ်လိုက်တယ်။ အနီရောင်သွေးအိုင်ပဲ မြေကြီးပေါ်ကျန်ခဲ့တယ်။ သူ့နှလုံးသား စိုးထိတ်သွားတယ်။
"ဆရာ ဒီလူက..."
"အင်း" ရှန်းရင် ခေါင်းညိတ်လိုက်တယ်။
"ဒီမျက်နှာပြင်ကအရာ မဟုတ်ဘူး"
ရှန်းဂင် ရှေ့ကို နှစ်လှမ်းတက်လိုက်တယ်။ မြေပြင်ပေါ်က သွေးကို ကြည့်ကာ စစ်ဆေးဖို့အတွက် အလင်းမျက်နှာပြင်ကို ထုတ်တော့မဲ့ဆဲဆဲ အဖြူရောင် အလင်းတန်းက မြေပြင်ကနေ ရုတ်တရက် တောက်ပလာပြီး ကြေးနီရောင်သွေးကွက်ကနေ အသက်ဝင်လာသလိုမျိုး ထောင်ပေါင်းများစွာသော ရေခဲသလင်းခဲတွေ ထွက်ပေါ်လာကာ ရှန်းရင်ဘက်ကို ထိုးစိုက်ဖို့လုပ်ကြတယ်။
"ဆရာ" ယိချင်း ထိတ်လန့်သွားတယ်။ သူ့ကို ပြန်ဆွဲဖို့က အရမ်းနောက်ကျသွားပြီ။ ဓားနဲ့တူတဲ့ရေခဲဆူးတွေက သူ့ရှေ့ကလူကို အချိန်မရွေး ထိုးဖောက်ဝင်ရောက်တော့မဲ့ပုံ။ ရုတ်တရက် ရှန်းရင်လက်ပတ်ကနေ အသံတစ်ခု ထွက်ပေါ်လာပြီး သူမ ခန္ဓာကိုယ်မှာ အကာအကွယ် အဖုံးတစ်ခု ပေါ်လာကာ အထဲမှာတန်းရစ်ပတ်ပြီး အပြင်ဘက်က ရေခဲဆူးတွေကို ပိတ်ဆို့လိုက်တယ်။ စူးရှတဲ့ အသံနဲ့အတူ၊ ရေခဲဆူးတွေ တိုက်ရိုက်ကွဲသွားကာ နောက်အခိုက်အတန့်မှာ တစ်ခါမှမပေါ်ဖူးခဲ့သလိုမျိုး လေနဲ့အတူ ပြန်ပျောက်ကွယ်သွားတယ်။ မြေပြင်ပေါ်က သွေးတွေတောင် ပျောက်သွားလေရဲ့။ ရှန်းရင် ပတ်ပတ်လည်က အကာအကွယ်အဖုံးလည်း မှိန်ဖျော့သွားတယ်။
"ဆရာ..." ယိချင်းက သူမကို သူ့ရင်ခွင်ထဲ တန်းဆွဲသွင်းကာ အသားအရောင်က ဖြူဖျော့နေတယ်။ သွေးပျက်မှုက သူ့ကိုယ်ကို လွှမ်းခြုံသွားပြီး တစ်ကိုယ်လုံး တုန်ရင်လာတယ်။ သူတစ်ချိန်လုံး သတိထားနေသင့်တာ။ ဆရာက အရင်ကနဲ့ မတူတော့ဘူး၊ ခုလေးတင်... သူ ဆက်မတွေးရဲတော့ဘဲ ပိုပြီး ခပ်တင်းတင်း ဖက်ထားလိုက်တယ်။
ရှန်းရင်က သူပွေ့ဖက်ထားတာကြောင့် နည်းနည်း မသက်မသာဖြစ်လာတယ်။ နည်းနည်းရုန်းကြည့်ပေမဲ့ ထွက်မရ။ သူ အဲလောက်တောင် စိုးရိမ်နေတာလား။ သူမ စဉ်းစားကြည့်ကာ သူ့ကို နှစ်သိမ့်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူမက သူ့ကျောပြင်ကို ပုတ်ပေးတယ်။
"နင်က အကြောင်းမရှိ စိုးရိမ်နေတာပဲ" သူမ လက်ပတ်ကို မြှောက်ပြလိုက်တယ်။
"ငါ့အစ်မက ငါ့လက်ပတ်ပေါ် အကာအကွယ်ဆယ်ထပ် ခင်းကျင်းပေးထားတာ၊ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ဗုံးသမားကြောင့် ဘယ်လိုလုပ် ပျက်စီးနိုင်မှာလဲ၊ ငါ့ရဲ့ ကျွမ်းကျင်မှုကို သံသယမဖြစ်ပါနဲ့"
သူက မလွှတ်ပေးသေးတာမြင်တော့ အသံကိုတိုးကာ ထပ်ဖြည့်ပြောလိုက်တယ်။
"... ငါအဆင်ပြေပါတယ်"
ယိချင်း လက်ဖဝါးတွေ တင်းကြပ်သွားပြီး အဲကျမှ လွှတ်ပေးတယ်။ သူ သူ့ရှေ့ကလူက်ု ခေါင်းစခြေဆုံး ကြည့်ပြီး ဘာမှမဖြစ်တာ နောက်ဆုံးတော့ အတည်ပြုပြီးသလိုမျိုး မျက်နှာက နည်းနည်း ပြေလျော့သွားခဲ့တယ်။ သူ စောနကလူပျောက်သွားတဲ့ဘက် လှည့်ကြည့်လိုက်တယ်။
"အဲဒီရေခဲသလင်းခဲတွေ၊ ဒါက သူ့နဂိုပုံစံဖြစ်နိုင်လား" သူ့မျက်နှာက မှိုင်းညှို့နေတယ်။
"အင်း" ရှန်းရင် ခေါင်းညိတ်လိုက်တယ်။
"အဲဒါက တခြားမျက်နှာပြင်က သူ့နဂိုမူလပုံစံပဲ၊ အဲဒါကြောင့် သူ့တည်ရှိမှုက ဒီမျက်နှာပြင်မှာ" လုံးဝကို ကွဲပြားတယ်" အဲလိုပြောပြီး သူမက သူစောနကပစ်ထုတ်လာတဲ့ ဝိညာဉ်ကျောက်တုံးအိတ်ဘက် လှည့်ကြည့်လိုက်တယ်။
ယိချင်းလည်း လှည့်ကြည့်တယ်။ သူ့အကြည့် မှောင်သွားကာ နောက်တစ်ခဏမှာ ကောင်းကင်ယံထဲ ဓားမိုးတွေ ရွာချပြီး အဲဒီ ဝိညာဉ်ကျောက်တုံးအိတ်ပေါ် နောက်တစ်ကြိမ် ထပ်ကျလာတယ်။ အမှန်ပဲ အိတ်ထဲကနေ အဲဒီရေခဲဆူးတွေ တစ်ဖန်ပေါ်လာပြီး ယိချင်းဓားချီရဲ့ တားဆီးခြင်းခံရကာ ပျောက်ကွယ်သွားတယ်။ အဲရေခဲဆူးတွေရဲ့ ဦးတည်ရာက ရှန်းရင်ဆီပဲ ဦးတည်သွားခဲ့တယ်။
"ဆရာ၊ သူ့ပစ်မှတ်..."
"ငါ" ရှန်းရင်က ဆက်ပြောတယ်။ "အတိအကျပြောရရင် စီမံထိန်းသိမ်းသူ"
ယိချင်းမျက်နှာ နောက်တစ်ကြိမ် ဖြူဖျော့သွားတယ်။ "စီမံထိန်းသိမ်းသူ…"
"ဆန္ဒအလျောက် ကျူးကျော်သူအားလုံးက မျက်နှာပြင်အုပ်ချုပ်သူအသစ်အနေနဲ့ စီမံထိန်းသိမ်းသူကို အစားထိုးဖို့ ဦးတည်ချက်ရှိကြတယ်၊ သူ ငါ့ကို တိုက်ခိုက်တာပုံမှန်ပဲ" ရှန်းရင်ကြည့်ရတာ ကျင့်သားရနေပုံ။
ဒါပေမဲ့ ယိချင်းအမူအရာက ပိုဆိုးရွားလာခဲ့တယ်။ သူ့ရင်ထဲက ဒေါသစိတ်တွေကို ချုပ်တည်းဖို့ အသက်ပြင်းပြင်း ရှူလိုက်ရတယ်။ "သူ့ရဲ့ ကိုယ်ယောင်ဖန်တီးမှုက အရမ်းဆင်တူတာ အသွင်အပြင်၊ ကျင့်ကြံဆင့်နဲ့ စရိုက်က တော်တော်လေး ဆင်တူတဲ့ထိပဲ၊ ဖေဖေနျိုက သူ့တို့လက်ထဲမှာ ရောက်နေပြီ ထင်တယ်၊ သူ့ကို တတ်နိုင်သမျှ အမြန်ဆုံး သွားရှာရမယ်"
"သူ လောလောဆယ် အခြေအနေကောင်းမှာပါ၊ ငါ သူ့ကို အာရုံခံနိုင်တယ်၊ တစ်ခုပဲ… ဒီကိစ္စကို မဖြေရှင်းရသေးမှာ စိုးမိတယ်" ရှန်းရင် မျက်မှောင်ကြုတ်ပြီး တခါမှမဖြစ်ဖူးတဲ့ လေးလံမှုတစ်မျိုး သူမ၏မျက်နှာပေါ် ပေါ်လာတယ်။ သူမက အလင်းမျက်နှာပြင်ကို ဆွဲထုတ်လိုက်တယ်။
"ဒါက ကင်းထောက်တစ်ယောက်ပဲ၊ နောက်ကွယ်မှာ တကယ့်ဒုက္ခရှိနေတယ်"
"နောက်ကွယ်မှာ..." သူ့နှလုံးသားက အလိုလိုတင်းကြပ်သွားပြီး မျက်လုံးတွေ ရုတ်ခြည်းပြူးသွားတယ်။
"ဆရာဆိုလိုတာ အဲမှိုကမ္ဘာက..."
"၁၀၀ရာခိုင်နှုန်း ကျူးကျော်သူတွေလက်ထဲ ရောက်သွားပြီ"
"..."
သူမ မျက်နှာပြင်သစ်ပင်ကို တန်းဆွဲထုတ်ကာ အဲမှိုကို အတည်ပြုလိုက်တယ်။ နဂိုက ရောင်စုံမှိုဟာ ခုတော့ လုံးဝအနီရောင် ပြောင်းသွားပြီ။ ပြီးတော့အပေါ်မှာ အဝါရောင်သတိပေးအမှတ်အသားလည်း ရှိနေတယ်။
ဒါမျက်နှာပြင် သတိပေးချက်ပဲ။
ယိချင်း အံ့အားမှင်တက်သွားကာ သူစကားပြောခါနီး မြေပြင်က ရုတ်တရက် စတင်တုန်ခါလာတယ်။ အထူးစွမ်းရည်အချို့ကို အဝေးကနေ လွှင့်ထုတ်လာပြီး ကောင်းကင်နန်းတော်တစ်ခုလုံး စတင် တုန်ခါလာလေရဲ့။ သူ သွေးပျက်သွားပြီး သူ့ကိုယ်ထဲက လက်ထောက်တံဆိပ်ကလည်း လှုပ်လှုပ်ရွရွ ဖြစ်လာသလို ယောင်ဝါးဝါး ခံစားနေရတယ်။ သူ ကောင်းကင်စိတ်အာရုံကို မဖွင့်ထားပေမဲ့ နန်းတော်အနောက်ဘက်မှာ ထူးခြားတဲ့အရာတစ်ခု ပေါ်လာတာကို သူတစ်နည်းနည်းနဲ့ ခံစားလိုက်ရတယ်။
သူ့စိတ်ထဲ မြင်ကွင်းတစ်ခု ချက်ချင်း ပေါ်လာတယ်။
"ဂိုဏ်းချုပ်" ယွီဟုန်က ပြေးလာကာ အသည်းအသန်ပြောတယ်။
"အနောက်နန်းတော်က တပည့်တွေက ခုလေးတင် သတင်းစကားပေးပို့ပါတယ်၊ ပေါ်ပင်လယ်အနောက်ဘက်မှာ ထူးဆန်းတဲ့ဖြစ်ရပ် ဖြစ်နေတယ်တဲ့၊ အမတနဲ့ နတ်ဆိုးဘုံရဲ့ နယ်စပ်မှာ ရှိနေတာ... ရှိနေတာ..."
သူမက ဘယ်လိုပြောရမလဲကို မသိတဲ့ပုံပဲ။
"အပြာရောင်ဘုံတံခါး" ယိချင်းက တန်းဆက်ပြောတယ်။
"ဟုတ်တယ်"
ယွီဟုန် ခဏ မှင်တက်သွားပြီးနောက် အသည်းအသန် ခေါင်းညိတ်တယ်။
"အကြီးအကဲယိချင်း ဘယ်လိုသိတာလဲ"
"ဆရာ၊ အမတရေပန်း အရင်က ပေါ်လာတဲ့နေရာအတိအကျမှာပါ၊ အဲကမ္ဘာငယ်လေးဆီ တံခါးပေါက်ပဲ"
ယိချင်း သေချာပေါက် ပြောလိုက်တယ်။
"ဘာလို့လဲမသိပေမဲ့ အဲကမြင်ကွင်းက ခုလေးတင် ကျွန်တော့်ခေါင်းထဲ ဖျတ်ခနဲပေါ်လာတယ်"
"မျက်နှာပြင်ကနင့်သတိပေးနေတာ" ရှန်းရင် မျက်နှာ အေးစက်နေတာများ ရေခဲဖုံးထားတဲ့အတိုင်းပဲ။ ကြည့်ရတာ ဒီတစ်ခေါက်ကိစ္စက မရိုးရှင်းတဲ့ပုံ။
"ဟမ့် ငါတောင် သူတို့ဆီ မသွားသေးတာကို သူတို့က ငါ့ဆီလာရဲတယ်ပေါ့လေ" အဲလိုပြောပြီး သူမက မျဥ်းတစ်ကြောင်းဆွဲပြီး ဘေးမှာမျက်နှာပြင်လမ်းကြောင်းကို တန်းဖွင့်လိုက်တယ်။
"သွားကြည့်ရအောင်"
ယိချင်း သူ့ရှေ့ကလူကိုကြည့်ကာ တုံ့ဆိုင်းတဲ့အမူအရာ သူ့မျက်နှာထက် ဖြတ်ပြေးသွားတယ်။
ဒါပေမဲ့ ဆရာ...။
အတော်ကြာပြီးတဲ့နောက် သူ ဘေးကလူဘက်လှည့်လိုက်တယ်။
"ယွီဟုန် အကာအကွယ်တောင်အင်းကွက်ကို ချက်ချင်းဖွင့်လိုက်၊ ပေါ်ပင်လယ်ဒေသအားလုံးနဲ့ ငမည်းလေးတို့ကို အမတ-နတ်ဆိုး နယ်စပ်နား ဘယ်သူမှ ကပ်ခွင့်မပေးဖို့ သတိပေး"
ယွီဟုန် မှင်တက်သွားပြီး ကိစ္စအရေးကြီးမှုကို နားလည်သွားတယ်။ သူမလက်သီးဆုပ်ကာ ပြောလိုက်တယ်။
"ဟုတ်"
အဲတော့မှ ယိချင်း ရှန်းရင်နောက် လိုက်ပြီး လမ်းမှာ သူတို့နှစ်ယောက်ပတ်လည် အကာအကွယ်အင်းကွက်တွေ အထပ်ထပ်ခင်းလိုက်ဝယ်။
တစ်ခဏအတွင်း သူတို့ပတ်လည်က မြင်ကွင်းက ပြောင်းလဲသွားပြီး နှစ်ယောက်သား ပေါ်ပင်လယ်စုဝေးပွဲ အရင်ကကျင်းပခဲ့တဲ့ ပန်းပင်လယ်ဆီ ရောက်နေပြီ။ တစ်ခုပဲ သူတို့ရှေ့က မြင်ကွင်းက လုံးဝကွဲပြားသွားပြီ။ လေပြင်းတွေက တဟုန်ထိုးမာန်ပါနေပြီး သူတို့ပတ်ပတ်လည်မှာ ကသောင်းကနင်း ဖြစ်နေကြတယ်။ မသေမျိုးချီနဲ့ နတ်ဆိုးချီက အတူတူရောနှောသွားကြပြီး နေရာအနှံ့ပျံ့နှံ့နေတယ်။ လေကတောင် ပျာယာခတ်လာသလိုပဲ။ ပန်းတွေ၊ အပင်တွေ အမြစ်က လန်ထွက်ကုန်ပြီး လေထဲပါကုန်တယ်။ မြေကြီးက ဖြည်းဖြည်းချင်း အက်ကွဲနေတယ်။
ပြီးတော့ ကသောင်းကနင်းဆန်မှုအားလုံးရဲ့ အလယ်ဗဟိုချက်မှာတော့ ကောင်းကင်ကနေ မြေကြီးတစ်လျှောက်ထိ ကြီးမားတဲ့အက်ကွဲကြောင်းတစ်ခု။ အထဲမှာက တောက်ပတဲ့အပြာရောင်အလင်းလှိုင်း။ ကောင်းကင်နဲ့မြေကြီးတစ်ခုလုံးကို ဖြဲလိုက်သလိုပဲ။ ပြီးတော့ ပိုပြီးတောင် ကြီးထွားလာတယ်။ အပြာရောင်အလင်းရဲ့ အလယ်မှာတော့ တောက်ပပြီး သလင်းနဲ့ဆင်ကာ တောင်လိုမျိုးကြီးမားတဲ့တစ်စုံတစ်ခုက ဖောက်ထွက်လာတော့မဲ့အတိုင်းပဲ။
ယိချင်းမျက်လုံးတွေပြူးကျယ်သွားပြီး ပြင်းထန်တဲ့ တွန်းလှန်မှုခံစားချက်က သူ့နှလုံးသားအောက်ခြေကနေ မြင့်တက်လာတယ်။ ပထမဆုံးအကြိမ်အနေနဲ့ မျက်နှာပြင်ကျူးကျော်မှုက ဘာလဲဆိုတာ အရမ်းကို ရှင်းရှင်းလင်းလင်း သူနားလည်သွားခဲ့တာပဲ
…
အခန်း ၄၂၂ ။ မျက်နှာပြင်သီးသန့်ချိပ်
"သူတို့က ဒီကမ္ဘာကို ကူးစက်ချင်နေတာပဲ" လေးလံမှုတစ်မျိုး ရှန်းရင်မျက်နှာပေါ် ပေါ်လာတယ်။
"ဟုတ်ကဲ့ ဆရာ" ယိချင်းက ခေါင်းညိတ်ပြီး ချက်ချင်း ပျံထွက်သွားတယ်။ သူ့လက်တွေက တံဆိပ်ကို လုပ်လိုက်တာနဲ့ ချက်ချင်းဆိုသလို ကောင်းကင်မှာ ရွှေတံဆိပ်ခတ်ထားတဲ့ အင်းကွက်တစ်ခု ပေါ်လာပြီး ကောင်းကင်ထဲက ဘုံတံခါးဆီ တဖြည်းဖြည်းကြီးလာတော့တယ်။ ပွင့်နေတဲ့ ဘုံတံခါးက ရပ်တန့်သွားပြီး အတားအဆီးအချို့နှင့် ရင်ဆိုင်လိုက်ရသလိုမျိုး ချဲ့ထွင်မှု ရပ်တန့်သွားတယ်။ ဒါပေမဲ့၊ ဘုံတံခါးက ကြီးမားလွန်းတာကြောင့် ချိပ်ပိတ်တဲ့ အင်းကွက်တစ်ခုတည်းနဲ့ လုံးဝပိတ်ဖို့ မလုံလောက်ဘူး။ ယိချင်း ဘုံတံခါးကို အတင်းပိတ်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ အဲဒါကို ဝန်းရံထားတဲ့ အလားတူ အင်းကွက်သုံးခုကို ဆင့်ခေါ်ကာ စည်းတံဆိပ်တွေ ထပ်မံပုံဖော်ရပြန်တယ်။
ရှန်းရင် အလင်းစခရင်ကို ဆွဲထုတ်လိုက်ပြီး အလုပ်စတင်တယ်။ မရေမတွက်နိုင်တဲ့ အချက်အလက်တွေက အလင်းဖန်သားပြင်ပေါ် ဖြတ်ပြေးနေတယ်။ ကောင်းကင်ထဲက ဘုံတံခါးသည် အနည်းငယ် တုန်ခါသွားပြီး ပိတ်သွားမဲ့အရိပ်အယောင်တွေ ပြလာတယ်။ ဒါပေမဲ့ တစ်ခုခုက တံခါးကနေ ဖောက်ထွက်လာတော့မလိုမျိုး မီးနီရဲ့ အလယ်ဗဟိုက ရုတ်တရက် လှုပ်လှုပ်ရှားရှားဖြစ်လာတယ်။ ခဏအတွင်းမှာတင် တောင်ကြီးတစ်ခုလို မြင့်မားတဲ့ ဖန်သလင်းတွေက တံခါးကို ဖောက်ဝင်လာတယ်။ တံခါးကို ပိတ်ဆို့ထားတဲ့ အင်းကွက်တွေတောင် ပြိုကျပြီး ကွဲထွက်ကုန်တယ်။
ယိချင်း အလိုလို ဆုတ်သွားမိတယ်။ အင်းကွက်ရဲ့ သုံးစွဲမှုနဲ့ ဘုံတံခါးထဲက ထူးဆန်းပြီး၊ မမြင်ရတဲ့ စွမ်းအင်က သူ့ဆီ တိုက်ခိုက်လာပေမဲ့ သူ့ပတ်ဝန်းကျင်က အကာအကွယ်အင်းကွက်တွေက ကာစီးပေးခဲ့တယ်။ သူ နောက်ထပ်တံဆိပ်တစ်ခု ပြုလုပ်ဖို့ပြင်လိုက်တယ်။
"စားဖိုမှူး" ရှန်းရင်အသံက လက်ပတ်ကနေ ထွက်လာတယ်။
"နင့်အောက်တည့်တည့်ကနေ မီတာ၅၀ထိခင်း၊ အဲဒါ အဆုံးစွန်အမှတ်ပဲ"
ယိချင်း တုံ့ဆိုင်းမှုမရှိ အောက်ကိုတန်းပြန်လာခဲ့ပြီး တစ်ချိန်တည်းမှာပဲ စည်းတစ်ခုကို ဖန်တီးပြီးပြီ။ နောက်အခိုက်အတန့်မှာတော့ ရွှေရောင်အင်းကွက်တစ်ခု မြေပြင်ပေါ် ပေါ်လာပြီး နေရာအနှံ့ စတင်ပျံ့နှံ့ကုန်တယ်။ ချက်ချင်း ပန်းပင်လယ်ကြီးတစ်ခုလုံးကို ပြည့်သွားပြီး နေရာတိုင်းမှာ ရွှေရောင်အလင်းတွေနဲ့။
ပြီးတော့ လေထဲက ပွင့်ဟနေတဲ့ ဘုံတံခါးက ဖြည်းဖြည်းချင်းပိတ်လာတယ်။ အဲတော့မှ တောင်လိုမျိုး ရေခဲသလင်းခဲတွေက ပိုပြီးတောင် မြန်မြန် ထိုးဖောက်လာတော့တယ်။ မီးခြစ်ဆံတစ်ချောင်းစာ တောက်လောင်ချိန်တောင် မရောက်သေးခင် ဘုံတံခါးက လုံးဝပိတ်သွားပြီး ပတ်လည်က ရုန်းရင်းဆန်ခတ်ဖြစ်မှုတွေလည်း ရပ်တန့်သွားခဲ့တယ်။ တစ်ခုပဲ တိမ်တွေလောက်ထိ မြင့်မားတဲ့ ရေခဲစိုင်ကြီးက အလယ်မှာကျန်ရစ်ခဲ့တာ။
သူတို့တွေ ဝင်ခွင့်ပေးလိုက်ရသေးတယ်။ ယိချင်း စိတ်ထင့်သွားတယ်။ သူ့လက်ကိုလှည့်ကာ ဓားဂါထာကို ဆင့်ခေါ်မဲ့ဆဲဆဲ နောက်ကနေ ထူးဆန်းတဲ့အသံထွက်လာတာကို ကြားလိုက်ရတယ်။ သူ ပြန်လှည့်ကြည့်လိုက်ပြီး မျက်လုံးတွေ ရုတ်ခြည်းပြူးသွားခဲ့တယ်။
"ဆရာ"
သူ အော်ခေါ်လိုက်တယ်။ ရှန်းရင်နောက်က နယ်ပယ်က တွန့်သွားပြီး လူတစ်ယောက်အရပ်စာ အပြာရောင်ဘုံတံခါးတစ်ခု ရုတ်တရက် အက်ကွဲလာပြီး အက်ကွဲသံတွေ ဆက်တိုက်လိုက်လာကာ မရေမတွက်နိုင်တဲ့ ရေခဲသလင်းခဲတွေက သူမနောက်ကျောကို ထိုးဖို့ လုပ်တော့တယ်။ ရှန်းရင်ကိုယ်ပေါ်က အကာအကွယ်က ချက်ချင်း အသက်ဝင်ပြီး အဲရေခဲဆူးတွေကို တားဆီးလိုက်တယ်။
ယိချင်း ပျံသန်းလယကာ မြေကြီးပေိ့က လူကို အမြန်ကောက်ချီပြီး ခပ်မြန်မြန် ပြန်ဆုတ်လိုက်တယ်။ ဒါပေမဲ့ ရေခဲသလင်းခဲတွေက မရပ်သွား။ အဲအစား သူတို့က ရှေ့ကို တန်းတန်းမတ်မတ် ဦးတည်လာကြတယ်။ ထူထဲတဲ့ရေခဲလွှာက ကမ္ဘာကြီးကို ဖုံးလွှမ်းသွားသလိုပဲ။
ယိချင်း အမြန် ဆုတ်ရင်း တစ်ချိန်တည်းမှာတင် ချိပ်ပိတ်တဲ့ ဂါထာတွေပြုလုပ်နေတယ်။ ခဏအတွင်း အဲဘုံတံခါးလည်း ချိပ်ပိတ်ခံရပြီး မြေကြီးပေါ်က သလင်းခဲတွေက လှုပ်ရှားတာ ရပ်သွားခဲ့တယ်။ သူတို့ စိတ်သက်သာရာရတဲ့အနေနဲ့ သက်မချဖို့ အချိန်မရှိခင် ရှန်းရင်က ရုတ်တရက် ရှေ့ကို လက်ညှိုးထိုးပြတယ်။
"အဲဘက်ခြမ်းကိုသတိထား"
ယိချင်း မှင်တက်အံ့သြသွားတယ်။ အောက်ကိုငုံ့ကြည့်လိုက်တော့ စောနကမှပေါ်လာတဲ့ ရေခဲသလင်းခဲတွေဟာ အခုတကယ်ပဲ အနောက်ဘက်တစ်လျှောက် ပြန့်ကျဲသွားပြီး စောစောက ဖြစ်ပေါ်လာတဲ့ ဧရာမရေခဲတောင်ကြီးနဲ့ ဆက်စပ်သွားတာကို သူမြင်လိုက်ရတယ်။ သူ့နှလုံးသားက ချက်ချင်း နစ်မြုပ်သွားတယ်။ ဒီရေခဲသလင်းခဲတွေက ဆရာ့ကို တိုက်ခိုက်ဖို့အတွက်မဟုတ်ဘဲ အဲကရေခဲတောင်ကို ချိတ်ဆက်ဖို့အတွက်ပေါ့ သေချာဂရုတစိုက်ကြည့်လိုက်တော့ မြေပြင်ပေါ်က ရေခဲအလွှာက သူတို့မသိလိုက်ပါဘဲ ဆုတ်သွားတဲ့နေရာထဲ စက်ဝိုင်းပုံသဏ္ဌာန်ဖွဲ့စည်းလိုက်တာ သိလိုက်ရတယ်။
နောက်အခိုက်အတန့်မှာ ရုတ်တရက် အင်မတန်တောက်ပတဲ့ အဖြူရောင်အလင်းတစ်ခု ပေါ်လာပြီး မြေကြီးပေါ်က ရေခဲလွှာနဲ့ အဲကြီးမားတဲ့ရေခဲတောင်ကြီးနှစ်ခုလုံးကနေ တစ်ချိန်တည်းထွက်လာတာပဲ။ ပြင်းထန်လွန်းလို့ မျက်လုံးတောင်ဖွင့်ဖို့ခက်တယ်။ နောက်တစ်ကြိမ် ခေပြင်းမုန်တိုင်းတွေ သူတို့ပတ်လည်မှာ မြင့်တက်လာတယ်။ လေပြင်းဓားတွေက နှစ်ယောက်ကို ဓားတွေလို တိုက်ခိုက်တော့တယ်။ အဲအပြင် မမြင်ရတဲ့တစ်စုံတရာ တိုက်ခိုက်တာလည်း ရှိနေတယ်။ ယိချင်း သူ့ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်လိုက်ပေမဲ့ ဘာမှအာရုံမခံမိ။ သူတို့ကိုယ်ပေါ်က အကာအကွယ်အင်းကွက်တွေကပဲ တဖြည်းဖြည်း အားနည်းသထက် အားနည်းလာတာ။
"ဆရာ ဒါက..."
"ငါ့ကိုနင့်လက်ပေး" ရှန်းရင် သူ့လက်ကို တန်းဆွဲကာ သူ့လက်ပတ်ကို နှိပ်လိုက်တယ်။ သူမ ထိန်းညှိရင်း တစ်ချိန်တည်းမှာပဲ ပြောလိုက်တယ်။
"သူတို့က ဒီမျက်နှာပြင်က ထုတ်ကုန်တွေမဟုတ်တော့ နင်သူတို့ကိုမမြင်ရတာ၊ ငါ ထိန်းညှိပေးမယ်"
ရှန်းရင်က အရမ်းမြန်တယ်။ တစ်ခဏအတွင်း မြည်နေတဲ့အသံနဲ့အတူ ယိချင်း သူ့ အပေါ်ညာထောင့်မှာ အလင်းရောင်မျက်နှာပြင်လေးတစ်ခုပေါ်လာတာကို ခံစားမိတယ်။ မြေပုံလေးလိုဖြစ်ပြီး အဲပေါ်မှာ သူတို့ကို အနီစက်လေးတွေအများကြီး ပတ်လည်ဝိုင်းထားလေတယ်။
သူ မြင်ရပြီ
ယိချင်း သူ့ဓားကို ပိုပြီးတင်းတင်းဆုပ်ကိုင်ကာ တစ်ကိုယ်လုံးပေါ်က နတ်ဘုရားစွမ်းအင်ကို အသက်သွင်းလိုက်တယ်။ ချက်ချင်း သူ့ဓားက မီးတောက်တွေလို တောက်လောင်လာတယ်။ သူ့လက်ကို ဝှေ့ယမ်းလိုက်တော့ တောက်ပတဲ့မီးက ချက်ချင်းဖြတ်ပြေးသွားကာ သူတို့ကိုဝိုင်းထားတဲ့ အနီစက်တွေဆီ မီးတံတိုင်းကြီးက တစ်ရှိန်ထိုး ပြေးဝင်သွားလေရဲ့။
ချက်ချင်း စူးဝါးပြီး ထိတ်လန့်စရာအော်သံတွေ သူ့နားထဲဝင်လာတယ်။ အသံက သရဲနဲ့နတ်ဆိုးတွေ ငိုကြွေးနေသလိုမျိုးပဲ။ သူ အဲဒါဘာလဲဆိုတာ မတွေ့ရဘူး။ ယိချင်း အဲမြေပုံလေးကို သေချာကြည့်လိုက်တယ်။ တကယ်ပဲ သူတို့ကိုဝိုင်းထားတဲ့ အနီစက်လေးတွေရဲ့တစ်ဝက်က ပျောက်သွားပြီ။
ပြီးတော့ သူတို့ပတ်လည်က တိုက်ခိုက်မှုက ရပ်သွားတယ်။ အနီစက်တွေက သူတို့နား ထပ်မကပ်ရဲတော့သလိုမျိုး သူတို့ဆီကနေ မီတာအနည်းငယ်အကွာအဝေးဆီ စတင် မျောလွင့်သွားကြတယ်။ ယိချင်း သူ့ဓမ္မဂါထာကို ပြောင်းလဲလိုက်ပြီး ဓားထောင်ချီမိုးကို ဆင့်ခေါ်ကာ အားလုံးက အဲအနီစက်တွေရှိရာဘက် တိုက်ခိုက်ကြတော့တယ်။ ချက်ချင်း မရေမတွက်နိုင်တဲ့ အော်သံတွေ နောက်တစ်ကြိမ် မြင့်တက်လာပြန်တယ်။ မြေပုံလေးပေါ်က အနီစက်တွေက တစ်ခုပြီးတစ်ခုမှိန်သွားတာ ဘာမှမကျန်တော့တဲ့အထိပဲ။
အနီစက်တစ်စက်နှစ်စက်ကသာ မြေပုံလေးရဲ့ထောင့်စွန်းကနေ ပေါ်လာသေးပေမဲ့ သူမတိုက်ခိုက်ခင် နောက်တစ်ကြိမ် ပျောက်ကွယ်သွားပြန်တယ်။ ယိချင်း မျက်မှောင်ကြုတ်လိုက်တယ်။ သူ့လက်ပတ်ရဲ့ အာရုံခံနိုင်မှုအကွာအဝေးက အကန့်အသတ်ရှိပုံပဲ။ ဒီကျူးကျော်သူတွေကလည်း ဒါကိုနားလည်တဲ့ပုံ။ ဒါကြောင့် သူတို့က တမှင်တက်သက် ဘေးကင်းတဲ့အကွာအဝေးမှာ နေနေတာပဲ။
သူ လေးနက်တဲ့အကြည့်နဲ့ တစ်စုံတရာကို တွက်ချက်နေဆဲလူကို ငုံ့ကြည့်ကာ မျက်မှောင်ကြုတ်လိုက်တယ်။ သူ ဆရာ့ကို ဒီမှာတစ်ယောက်တည်းထားခဲ့ပြီး လိုက်သွားလို့မဖြစ်ဘူး။
သူ့ကိုယ်ဘေးက လက်တွေက တင်းကြပ်သွားပေမဲ့ ရှန်းရင်က ရုတ်တရက် စကားပြောလာတယ်။
"ဟေး ငါတို့နားက အချက်အလက်တွေက ပြောင်းလဲသွားတယ်"
ဘာ။
ယိချင်း မတုံ့ပြန်နိုင်ခင် တိမ်တွေထိရောက်တဲ့ အဝေးက ရေခဲတောင်က အသက်ဝင်လာသလိုမျိုး စတင်ပြီးအသည်းအသန် ကြီးထွားလာတယ်။ အဲဒါက မျဉ်းခုံးအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ဆီကနေ စတင်နိမ့်ဆင်းလာတယ်။ သူတို့ပတ်လည်က အဲဒီရေခဲလွှာတွေကလည်း စတင်ပြီး အပေါ်ဘက်ဆီ ကြီးထွားလာတယ်။
"မကောင်းတော့ဘူး၊ ဒါက ကျွန်တော်တို့ကို အထဲမှာ ထောင်ဖမ်းချင်နေတာပဲ" ယိချင်း ရင်ထိတ်သွားတယ်။ သူ့ရှေ့ကလူကို တင်းတင်းဖက်ကာ ဓားပေါ်တက်ပြီး ပျံထွက်ဖို့ ပြင်ဆင်လိုက်တယ်
ဒါပေမဲ့ သူတို့ပတ်လည်က အဖြူရောင်အလင်းက ပိုတောင်တောက်ပလာပြီး ချက်ချင်း သူတို့ရှေ့ ဘာမှမမြင်ရတော့ဘဲ အဖြူရောင်ပကတိသာ ရှိနေတယ်။ ရုတ်တရက် ကြီးမားတဲ့ ဖိအားတစ်မျိုး ရောက်လာပြီး ယိချင်း သူ့နှလုံးသားမှာ လေးလံမှုကို ခံစားလိုက်ရတယ်။ သူ့ချီနဲ့ သွေးတွေ ထကြွလာပြီး ပါးစပ်ဟကာ သွေးအန်မိတော့တယ်။ သူ့မူလဝိညာဉ်က မခံမရပ်နိုင်အောင် နာကျင်လာတာများ ဆုတ်ဖြဲခံခဲ့ရတဲ့အတိုင်းပဲ။
"မျက်နှာပြင်သီးသန့်ချိပ်" ရှန်းရင် ထိတ်လန့်သွားတယ်။ သူမမျက်လုံးတွေပြူးသွားပြီး ဘေးကလူကို အမြန်ထူလိုက်တယ်။
"စားဖိုမှူး" ဒေါသလှိုင်းက သူမနှလုံးသားထဲ ရောက်လာတယ်။ သူမ အကာအကွယ်အဖုံးတစ်ခု ဆွဲထုတ်ကာ နှစ်ယောက်လုံးကို ကာလိုက်တယ်။ အဲတော့မှ ယိချင်းအမူအရာက နည်းနည်း ပြေလျော့သွားခဲ့တယ်။
"ဆရာ..."
သူ့လက်တစ်ဖက်က ရင်ဘက်ကိုဖိထားတယ်။ သူ ဘေးကလူတွဲပေးထားလို့ ရပ်နိုင်တယ်ဆိုရုံလေး။ စောနက ဖိအားကို နည်းနည်းရင်းနှီးနေတယ်။ သူတို့ ရှန်းကျင်းမျက်နှာပြင်မှာရှိနေတုန်းက သူမကိုယ်က ဖိအားလို... လိုမျိုးပဲ။ တစ်ခုပဲ ရှန်းကျင်းဟာက သိသိသာသာ ထိန်းချုပ်ထားပေမဲ့ ခုလေးတင်ဟာကတော့ မဟုတ်ဘူး။
"ငါတို့တွေ နဂိုမူလမျက်နှာပြင်အပြင်ဆီ ခွဲခြားခံထားလိုက်ရပြီ" ရှန်းရင်မျက်နှာ မည်းနက်သွားတယ်။ သူမ သူတို့ပတ်လည်က အဖြူပကတိကိုကြည့်လိုက်တယ်။
"မျက်နှာပြင်သီးသန့်ချိပ်က မျက်နှာပြင်နဲ့ ငါတို့ရဲ့ဆက်သွယ်မှုအားလုံးကို ဖြတ်တောက်ပြီး ငါတို့ကို ယာယီ မတူညီတဲ့မျက်နှာပြင်မှာ သီးခြားခွဲထားတာပဲ"
…
အခန်း ၄၂၃ ။ အဖေများအုပ်စု
စားဖိုမှူးက ဒီမျက်နှာပြင်ရဲ့ လက်ထောက်ပဲ။ သေချာပေါက် သူ့အစွမ်းတွေက အကန့်အသတ်ရှိတာပေါ့။ တစ်ဖက်မျက်နှာပြင်က တိုက်ခိုက်မှုတွေက ပိုပိုပြီးပြင်းထန်လာတယ်။
ယိချင်း သူ့ဓားကို တင်းတင်းဆုပ်ကိုင်ကာ ရှေ့တက်လာခဲ့တယ်။ နောက်တော့ သူ့ကိုယ်က လှုပ်ယမ်းသွားတယ်။ သူ့ရင်ဘတ်ထဲကနာကျင်မှုက ပိုပိုပြီး မခံမရပ်နိုင်ဖြစ်လာကာ သွေးတွေက ကိုယ်ထဲကနေ အဆက်မပြတ် ထွက်လာတယ်။
"စားဖိုမှူး" ရှန်းရင် ထိတ်လန့်တကြား အော်လိုက်တယ်။
"မလှုပ်နဲ့၊ ဒီနယ်ပယ်က နင့်စွမ်းအင်တွေကို ချိပ်ပိတ်နေတာ၊ နင်တိုက်ခိုက်ဖို့ကြိုးစားလေ သက်ရောက်မှုက ပိုကြီးလေပဲ"
ရှန်းရင် သူ့ကို ညွှန်ကြားရင်း မျက်နှာပြင်ကို ပိုပြီးတောင် ခပ်မြန်မြန် နှိပ်နေတယ်။ သူမ မျက်နှာပြင်ကြားထဲက အဟကို ရှာဖို့ကြိုးစားနေတာ။ တိုက်ခိုက်မှုတွေက သူမခေါင်းပေါ်က အကာအကွယ်အလွှာပေါ် အဆက်မပြတ် တဘန်းဘန်း ကျလာတယ်။ အသံတစ်ချက်စီနဲ့အတူ အက်ကွဲကြောင်းတွေက အကာအကွယ်အလွှာပေါ် ပိုပြီးပေါ်လာတယ်။ သူတို့တွေပေါ်ကျနေတဲ့ အဖြူရောင်အလင်းက အက်ကွဲကြောင်းတွေထဲကနေ စိမ့်ဝင်နေတယ်။
"ဆရာ" ယိချင်း အော်လိုက်တယ်။ သူ အဖြူရောင်အလင်းတန်းတွေက သူမအစားသူ့ကိုထိမှန်အောင် သူ့ရှေ့က အမျိုးသမီးကို ရင်ခွင်ထဲဆွဲသွင်းလိုက်တယ်။
အဝေးကနေ တစ်စုံတစ်ခု ပေါက်ကွဲသွားသလိုမျိုး ပေါက်ကွဲသံ အကျယ်ကြီး ထွက်လာတယ်။ အဖြူရောင်အလင်းက ရုတ်တရက် ပျောက်သွားတယ်။ အပေါက်တစ်ခုက ရုတ်တရက် နှင်းလို ဖြူဆွတ်နေတဲ့ နယ်ပယ်မှာ ပေါ်လာတယ်။ ကြည့်ရတာ တစ်ယောက်ယောက်က ပြတင်းပေါက် ဖွင့်လိုက်သလိုမျိုးပဲ။ ယိချင်းရဲ့ ကျင့်ကြံဆင့်ကို ဖိနှိပ်ထားတာမရှိတော့ဘူး။ အဲအစား သူ့အစွမ်းတွေ သူ့ကိုယ်ထဲ ပြန်စီးဆင်းလာတာကို ခံစားလိုက်ရတယ်။
"စားဖိုမှူး ထွက်"
အဲတော့မှ ယိချင်းက သူ့တည်ငြိမ်အေးဆေးမှုကို ပြန်ရရှိသွားတယ်။ သူ သူ့ဓားပေါ်တက်ကာ အပေါက်ကနေ ပျံထွက်လာခဲ့တယ်။ မျက်စိတစ်မှိတ်အတွင်း သူ အမတနဲ့ နတ်ဆိုးဘုံကြားက နယ်စပ်ဆီ ပြန်ရောက်နေပြီ။
"ဂိုဏ်းချုပ် အကြီးအကဲ" ယွီဟုန် အံ့ဩတကြီးရေရွတ်ကာ သူတို့ကို ပြန်မြင်ရလို့ အပျော်လွန်သွားတယ်။ သူမဘေးမှာတော့ လူအုပ်ကြီးတစ်အုပ်။ သေချာကြည့်ကြည့်တော့ အဇဋာဧကရာဇ်ဆယ်ပါး၊ ကောင်းကင်မိစ္ဆာတွေနဲ့ ငမည်းလေးရောပဲ။
"ကြီးမြတ်တဲ့နတ်ဒေဝါ၊ အဇဋာဧကရာဇ်ယိချင်း၊ ဒီမှာဘာတွေဖြစ်နေတာလဲ"
အဇဋာဧကရာဇ်ချန်ကောက ရှေ့တက်လာကာ စိုးရိမ်တကြီးမေးပြီး သူတို့နောက်ကို လက်ညှိုးထိုးတယ်။
"ဒီရေခဲမြစ်က..."
စောနကဖြစ်ပျက်သွားတဲ့ ထူးဆန်းတဲ့လှုပ်ရှားမှုတွေကို တိုက်ကြီးအနှံ့ကနေ ခံစားခဲ့ရတယ်။ သူတို့ ခုလေးတင် မြင်ခဲ့ရတာက အမတဘုံနဲ့ နတ်ဆိုးဘုံ ပေါင်းစပ်သွားချိန် မြင်ခဲ့ရတာထက်တောင် ကြောက်စရာပိုကောင်းတယ်။ ပြီးတော့ လှုပ်ရှားမှုက ပေါ်ပင်လယ်ကနေ ထွက်လာတဲ့ပုံ။
သူတို့ရဲ့ ပထမဆုံးတုံ့ပြန်မှုက ကြီးမြတ်တဲ့နတ်ဒေဝါကို လာရှာဖို့ဆိုပေမဲ့ သူတို့ကိုယ်သူတို့ ရေခဲမြစ်တစ်ခုထဲပိတ်မိနေတာ မြင်လိုက်ရတယ်။
ယိချင်း နောက်လှည့်ကြည့်လိုက်တော့ သူ့အောက်က အရာအားလုံးက ရေခဲအဖြစ် အသွင်ပြောင်းသွားတာကို မြင်လိုက်ရတယ်။ အလယ်မှာတော့ အလုံးတစ်လုံး။ အဲဒါ သူတို့ ပိတ်မိခဲ့တဲ့နေရာပဲ။ ဘောလုံးထိပ်မှာ အပေါက်တစ်ပေါက်ရှိနေတယ်။ သူတို့တွေ စောနက တိုက်ခိုက်လာတဲ့ အမတစွမ်းအင်ကြောင့်ဖြစ်ခဲ့တဲ့ အက်ကွဲကြောင်းတွေကို မြင်ရဆဲ။ ယွီဟုန်နဲ့ တခြားသူတွေ တာဝန်ရှိတယ်ဆိုတာ သိသာတယ်။
"ကြီးမြတ်တဲ့နတ်ဒေဝါ၊ အဆင်ပြေရဲ့လား" အုပ်စုထဲကတခြားလူတွေအားလုံးက ရှန်းရင်ကို အာရုံစိုက်နေကြတယ်။
"အဲဒါ ဘာကြီးလဲဟင်"
ရှန်းရင်က တန့်သွားတယ်။ ဒီလူတွေက... ဘယ်သူလဲ။
"သွေဖယ်ဘုံက တစ်ခုခုပဲ" ယိချင်း ရှင်းပြကာ ရှေ့တက်လိုက်တယ်။
"ငါတို့ ဒါကိုဆက်ဖြစ်ခွင့်ပြုလို့မဖြစ်ဘူး၊ မဟုတ်ရင် အမတဘုံရော နတ်ဆိုးဘုံပါ ဒုက္ခရောက်လိမ့်မယ်"
သူက ယွီဟုန်၊ ငမည်းလေးတို့ဘက်လှည့်ကာ ဆက်ရှင်းပြတယ်။
"ဆရာ့ကို စောင့်ရှောက်ထား"
သူစကားဆုံးဆုံးချင်း နောက်တစ်ကြိမ် ပျံထွက်သွားပြန်တယ်။ ရုတ်တရက် မီးတောက်တွေနဲ့ ဓားတွေက ကောင်းကင်ကနေ ရွာချလာပြီး သူ့အောက်က ရေခဲမြစ်ကြီးဆီ ဦးတည်နေတယ်..။
အားလုံးက တစ်ယောက်နဲ့တစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ကြတယ်။ သူတို့ ပြဿနာက အတော် လေးနက်တယ်ဆိုတာ နားလည်စပြုလာတယ်။ တစ်ယောက်ပြီးတစ်ယောက် သူတို့ ယိချင်းနောက်လိုက်ကာ ပျံထွက်လာတယ်။
"အဇဋာဧကရာဇ်ယိချင်း ကျွန်တော်တို့ ကူညီပါရစေ"
ရေခဲလွှာအရင်းအမြစ်က ထူးဆန်းတယ်။ ပြီးတော့ သူတို့ကိုယ်တိုင် ဘုံတံခါးကို စောနက အာရုံခံမိထားတယ်။ ဒီပြဿနာက အမတနဲ့ နတ်ဆိုးဘုံနှစ်ခုလုံးနဲ့ ပတ်သတ်နေမှတော့ ဒီတိုင်း ဘေးထိုင်ပြီး ကြည့်မနေနိုင်ဘူး။
ဘယ်လိုပဲဖြစ်ဖြစ် အားလုံးက အဇဋာဧကရာဇ်တွေ။ ရုတ်တရက် ကောင်းကင်က အုပ်စုထဲက တစ်ယောက်ချင်းစီ ထုတ်သုံးတဲ့ မှော်အတတ်အမျိုးမျိုးကနေ အလင်းရောင်အမျိုးမျိုးနဲ့ တောက်ပသွားခဲ့တယ်။ ရေခဲလွှာက သူတို့မျက်စိရှေ့မှာတင် အရွယ်အစားတဖြည်းဖြည်း ကျုံ့လာတယ်။
သူတို့ စောနကမြင်ခဲ့ရတဲ့ ထူးဆန်းတဲ့အဖြူရောင်အလင်းတန်းက တစ်နေရာလုံးကို နောက်တစ်ကြိမ် ထွန်းညှိပြီး အရာအားလုံးကို နှင်းလိုဖြူဖွေးသွားစေတယ်။
နာကျင်နေတဲ့အော်သံက လေထဲ အက်ခိုးထပ်သွားတယ်။ အဇဋာဧကရာဇ်ပြောင်လေးက လက်မောင်းကိုကိုင်ရင်း ပြုတ်ကျသွားတယ်။ ငှက်လေးသာ သူ့ကိုအချိန်မှီမဖမ်းရင် မြေကြီးပေါ်ပြုတ်ကျသွားလောက်ပြီ။ လတ်ဆတ်တဲ့သွေးတွေက ပြောင့်လေးလက်မောင်းကနေ ခပ်မှန်မှန် စီးကျနေတယ်။ သူ့လက်မောင်းပေါ်က ဒဏ်ရာက နက်လွန်းလို့ အရိုးထဲထိတောင် မြင်ရတယ်။ ကြောက်စရာကောင်းတာက ဘာက သူ့ကိုအန္တရာယ်ပေးခဲ့လဲဆိုတာ ဘယ်သူမှ မမြင်လိုက်တာပဲ။
"ဂရုစိုက်အားလုံး လေထဲမမြင်ရတဲ့ အရာတွေ ပျံနေနိုင်တယ်၊ သူတို့က ငါတို့ ကောင်းကင်စိတ်အာရုံနဲ့တောင် အာရုံခံလို့မရနိုင်ဘူး" ယိချင်းက ဘေးကလူကို တိုက်ခိုက်မှုလှိုင်းတွေကနေ ကာကွယ်ပေးဖို့ ကြိုးစားရင်း လှမ်းပြောလိုက်တယ်။
လူတိုင်းရဲ့အမူအရာတွေ မည်းနက်ကုန်တယ်။ တစ်ယောက်ပြီးတစ်ယောက် ကိုယ်ပိုင် အကာအကွယ်အင်းကွက်တွေ ထုတ်သုံးကြတော့တယ်။ ဒါတောင် တချို့တလေ ဒဏ်ရာရသေးတယ်။ မိနစ်အနည်းငယ်အကြာမှာတော့ ရွေးစရာမရှိတော့ဘဲ ရပ်လိုက်ရပြီး ဆက်တိုက်ခိုက်ဖို့ကို အတူတူ လူစုဝေးလိုက်ရတယ်။
ငမည်းလေးတောင် အမြန် သူ့နတ်ဆိုးချီကို အသက်သွင်းကာ သူ့ကိုယ်သူ၊ ယွီဟုန်နဲ့ရှန်းရင်ပတ်လည်မှာ ခဲရောင်အကာအကွယ်အင်းကွက်တစ်ခု ခင်းကျင်းလိုက်ရတယ်။ သူ ယွီဟုန့်လက်ကို ဆွဲဖို့ အခွင့်အရေး ယူကာ အော်လိုက်တယ်။
"အချစ် သတိထားနော်" သူစကားဆုံးတာနဲ့ ရှန်းရင်ဘက်လှည့်ကာ ခပ်တိုးတိုးပြောလိုက်တယ်။
"ကြီးမြတ်တဲ့နတ်ဒေဝါရောပဲ"
ယွီဟုန် မျက်မှောင်ကြုတ်လိုက်ပေမဲ့ လက်ကိုတော့ မခါထုတ်လိုက်ဘူး။
တစ်ဖက်မှာတော့ ရှန်းရင်က သူ့ကိုကြားပုံမပေါ်။ သူမက မျက်နှာပြင်ကိုဆက်စိုက်ကြည့်ကာ ဘေးမှာတင် ဖြစ်ပျက်နေတဲ့အချစ်ဇာတ်လမ်းကို သတိမမူ။ သူမက မျက်မှောင်ကြုတ်ရင်း အတွေးထဲ သိသိသာသာ နစ်ဝင်နေတယ်။
"ကြီးမြတ်တဲ့နတ်ဒေဝါ၊ အဲဒါဘာလဲဟင်" ငမည်းလေး မမေးဘဲမနေနိုင်တော့ဘူး။
"ဘာလို့ ကျွန်တော်တို့ ကောင်းကင်စိတ်အာရုံတွေတောင် အာရုံမခံနိုင်တဲ့ မမြင်ရတဲ့အရာတွေရှိ နေတာလဲ၊ ကျွန်တော်တို့က အဲရေခဲလွှာရဲ့ ပုံသဏ္ဌာန်အစစ်နဲ့ ရင်ဆိုင်နေရရုံမလား၊ ဘာလို့ အခုသူတို့ တိုက်ခိုက်ခံနေရတာလဲ"
ရှန်းရင်က လက်ကောက်ဝတ်ကို လှည့်လိုက်တယ်။ ပုံသဏ္ဌာန်အစစ်...။
ရုတ်တရက် သူမတစ်စုံတစ်ခုကို တွေးမိသွားတယ်။ သူမ မျက်နှာပြင်ကို နောက်တစ်ကြိမ် တတောက်တောက်နှိပ်ကာ ပုံရိပ်တွေ ဒလဟောပေါ်လာတယ်။ ရှန်းရင် မျက်လုံးမှေးလိုက်တယ်။ တကယ်ပဲ အဲအရာရဲ့ ပုံသဏ္ဌာန်အစစ်က ရေခဲမဟုတ်ဘူး - အလင်းပဲ။
သူမ လူအုပ်ကြီးကို ခေါင်းမော့ကြည့်လိုက်တယ်။ သူမ အရင်က သတိမထားမိပေမဲ့ အခုတော့ ဒဏ်ရာရနေတဲ့လူတွေက အဇဋာဧကရာဇ်တွေပဲဆိုတာ တွေ့သွားပြီ။ တစ်ဖက်မှာနတ်ဆိုးတွေနဲ့ ကောင်းကင်မိစ္ဆာတွေက အကောင်းအတိုင်းပဲ။ အဲအရာတွေက သူတို့ကို ရှောင်နေသလိုမျိုး။ ရှန်းရင် ငမည်းလေးကို မျက်နှာချင်းဆိုင်ရင်း မျက်လုံးတွေ တောက်ပသွားတယ်။
"ဟေး ငစိမ်းလေး"
"..." ငစိမ်းလေးက ဘယ်သူလဲ။
"ခွေးပေါက်လေး၊ ဆင်ပေါက်လေး၊ ဘာလေးပဲဖြစ်ဖြစ်ဟယ်၊ ငါ နင့်ကို ပြောနေတယ်ဆိုတာ နင်သိတယ်"
"... ကျွန်တော်က ငမည်းလေးပါ" အိုး သူ့နှလုံးသား နာကျင်လိုက်တာ။ ဘာလို့ ကြီးမြတ်တဲ့နတ်သမီး ပေးတဲ့ နာမည်ပြောင်တွေက ပိုပိုထူးဆန်းလာတာလဲ။
○| ̄|_
"ဒီတစ်နေရာလုံးကို ဖုံးလွှမ်းဖို့ နတ်ဆိုးချီသုံးလိုက်" ရှန်းရင် သူတို့ပတ်ဝန်းကျင်ဆီ အမူအရာ ပြလိုက်တယ်။
"အလင်းရောင်နည်းနည်းလေးတောင် မချန်နဲ့၊ နင် လုပ်နိုင်တယ်မလား"
ငမည်းလေး တန့်သွားတယ်။ သူ သူမဘာပြောနေလဲ သိပ်နားမလည်ပေမဲ့ ခေါင်းညိတ်လိုက်တယ်။
"ကျွန်တော် အကောင်းဆုံးကြိုးစားပါ့မယ်"
သူ ယွီဟုန့်ကို တစ်ချက်ကြည့်ကာ သူမလက်ပေါ် ခပ်တင်းတင်းဆုပ်ကိုင်လိုက်တယ်။ နောက်တော့ သူ လွှတ်ပေးကာ ပျံထွက်သွားခဲ့တယ်။ တစ်အောင့်အကြာ သူ့ကိုယ်ထဲကနေ နတ်ဆိုးချီတွေအများကြီး လျှံထွက်လာတော့တယ်။ သူတို့တွေက မုန်တိုင်းထန်တဲ့နေ့တစ်နေ့ရဲ့ တိမ်မည်းတွေလို ကောင်းကင်ပေါ် ဖုံးလွှမ်းသွားတယ်။ နေ့လယ်ဆိုပေမဲ့ မွန်းလွဲအလင်းရောင်က ပျောက်သွားတဲ့ပုံ။ အဲအစား ကြက်သီးထစရာ အရှိန်အဝါက လေထုထဲပြည့်လာတယ်။
"နတ်ဆိုးချီ" အဇဋာဧကရာဇ်တွေက အံ့ဩတကြီးရေရွတ်တယ်။
"ဘာလို့ နတ်ဆိုးဘုရင်ငမည်းလေးက ရုတ်တရက်-"
"ခဏ အားလုံးပဲ ကြည့်ကြ" တစ်ယောက်က အော်လာတယ်။
လူတိုင်းကြည့်လိုက်တော့ နဂိုက "မမြင်ရတဲ့" ပုံသဏ္ဌာန်တွေက စတင်အသွင်ယူလာတာကို မြင်ရတယ်။ အခုအားလုံးက မည်းမှောင်သွားပြီဆိုတော့ သူတို့တွေ ခပ်ဝါးဝါး လူပုံသဏ္ဌာန်တွေက ပျံသန်းသွားလာနေတာကို ဝိုးတဝါး မြင်နေရတယ်။ သူတို့ပုံပန်းသွင်ပြင်တွေက မရှင်းလင်းပေမဲ့ လူတွေနဲ့တူတာတော့ အတော်လေး သေချာတယ်။
အဇဋာဧကရာဇ်တွေအားလုံး ချက်ချင်းတုံ့ပြန်ကုန်တယ်။
"မြန်မြန် မင်းတို့ နတ်ဆိုးချီတွေကို သုံးပြီး သူတို့ကိုယ်သူတို့ ပုံစံပြအောင် ဖိအားပေးကြ"
ကောင်းကင်မိစ္ဆာဆယ်ယောက်က အဇဋာဧကရာဇ်တွေကို ထိခိုက်မှာ ဆိုးလို့ စောနကထိန်းထားတဲ့ သူတို့ကိုယ်ပိုင်နတ်ဆိုးချီတွေကို အသက်သွင်းလိုက်ကြတယ်။ အခု သူတို့ နတ်ဆိုးချီက ပုံသဏ္ဌာန်မဲ့သတ္တဝါတွေကို ပုံစံပြလာအောင် ဖိအားပေးနိုင်တာ သိလိုက်ရတော့ ဆက်ပြီး ထိန်းမနေကြတော့ဘူး။
နတ်ဆိုးချီတွေ အများကြီး နေရာအ နှံ့ပြည့်နှက်သွားတယ်။ သူတို့ အစတည်းက နတ်ဆိုးဘုံနဲ့ နီးကပ်ပြီးသားအချက်ကို ထည့်ပေါင်းလိုက်တော့ အရာအားလုံးကိုမည်းနက်စေပြီး နတ်ဆိုးချီ ထူထဲလာစေဖို့အတွက် တစ်မိနစ်တောင် မကြာလိုက်ဘူး။
လေထဲက ခပ်ဝါးဝါးပုံရိပ်တွေက ပိုရှင်းလင်းသထက် ရှင်းလင်းလာတယ်။ သူတို့အရိပ်တွေကနေစပြီး ဖြည်းဖြည်းချင်း ခက်ခက်ခဲခဲ မြင်လာရကာ သူတို့ ပုံသဏ္ဌာန်၊ သူတို့ပုံပန်းသွင်ပြင်တွေ...။
သူတို့ပတ်လည်က လူသဏ္ဌာန်တွေကို ခက်ခက်ခဲခဲ နောက်ဆုံး မြင်ရချိန်မှာတော့ အဖွဲ့ထဲကလူတိုင်း မယုံကြည်နိုင်စွာ မျက်လုံးပြူးကုန်ပြီး အတူတူ သူတို့အော်လိုက်ကြတယ်။
"ကူယွဲ့"
ဖေဖေနျိုပဲ ဖေဖေနျိုတွေ အများ အများကြီး
(⊙ o ⊙)
…