အခန်း (၄၃၃-၄၃၅)
Vol. 29 Ch. 433-435
အခန်း ၄၃၃ ။ ပြန်ရောက်လာခြင်း
ကူယွဲ့ တံခါးကို ဂါထာတစ်ခုနဲ့မဖွင့်ဘဲ တန်းပြီး မီးခိုးတစ်ခုအဖြစ် အသွင်ပြောင်းကာ ပြတင်းပေါက်ကတစ်ဆင့် ဝင်ခဲ့တယ်။ သူ ပတ်ပတ်လည်ကို ကြည့်လိုက်ပေမဲ့ ရင်လေးကိုမမြင်ရ။ အိပ်ရာပေါ်က အလယ်မှာသာ တုန်ယင်နေတဲ့ အခုံးကြီးတစ်ခု ရှိနေတယ်။ ရံဖန်ရံခါ မျိုသိပ်ထားတဲ့ရှိုက်သံလည်း ထွက်လာတယ်။
ကူယွဲ့ ရင်ထဲ နာကျင်မှုခံစားလိုက်ရတယ်။ ရုတ်တရက် သူ ထွက်ပြီး စားဖိုမှူးကို တကယ် အသေရိုက်ချင်သွားတယ်။ ခွေးသားလေး ငါ့မင်းသမီးလေးကို ခုလေးတင် ဘာပြောလိုက်တာလဲ သူ အပြေးသွားပြီး နှစ်သိမ့်ဖို့ ချီချင်စိတ်ကို မျိုသိပ်နေရတာမို့ လက်တွေက တင်းမာသွားတယ်။
သူက ရှေ့တက်ကာ နူးညံ့စွာမေးလိုက်တယ်။
"ဘာလို့ ရင်အာငိုနေတာလဲ၊ တစ်ယောက်ယောက်က အနိုင်ကျင့်လို့လား"
အိပ်ရာပေါ်က ဂွမ်းအခုံးလေးက တင်းမာသွားကာ ငိုသံက ချက်ချင်းရပ်သွားပေမဲ့ပြန်မဖြေ။
"သမီး ဘာလို့ဝမ်းနည်းနေရတာလဲ ဖေဖေ့ကိုပြောနိုင်မလား" သူကဆက်ပြောတယ်။
"မေမေ့ကြောင့်လား၊ ဖေဖေ သူ့ကို ကူရိုက်ပေးရင်ရော"
"ဟင့်အင်း... ဟင့်အင်း" ငိုရှိုက်နေတဲ့အသံက ဂွမ်းစောင်ထဲက ခွန်းတုံ့ပြန်တယ်။
"မေမေ့ကြောင့် မဟုတ်ပါဘူး..."
"ဒါဆိုဘယ်သူလဲ"
"..." သူမက တိတ်သွားပြန်တယ်။
"ဖေဖေ့ကို မပြောပြနိုင်ဘူးလား"
အထဲက ဆက်တိတ်နေတယ်။ အတော်ကြာပြီးတဲ့နောက် ပိုပြီးတောင်တိုးညင်းတဲ့အသံလေး ပေါ်လာတယ်။
"ရင်အာ... ပြောပြလို့... မရဘူး"
ကူယွဲ့မျက်နှာ မှုန်သွားတယ်။ သူ စဉ်းစားကာပြောလိုက်တယ်။
"တကယ်လို့ ဖေဖေ့ကိုမပြောနိုင်ရင် ချစ်စရာယုန်ပေါက်လေးကို ပြောပြရင်ရော ဘယ်လိုလဲ"
အဲလိုပြောပြီး သူက ကောင်းကင်စိတ်အာရုံအနည်းငယ်ကိုထုတ်ပြီး နောက်ထပ်အသွင်ပြောင်းပုံစံလု ပ်လိုက်တယ်။ ဒီတစ်ကြိမ်တော့ ရှန်းကျင်းပုံစံမဟုတ်ဘဲ နှင်းလိုဖြူဆွတ်တဲ့ ယုန်ဖြူလေးတစ်ကောင် ဖြစ်ပြီး ခေါင်းရင်းမှာထားလိုက်တယ်။
"ဒါဆို ဖေဖေ အရင်အပြင်သွားနှင့်မယ်နော်၊ သမီး ယုန်လေးနဲ့ စကားပြောလေ"
အဲလိုပြောကာ သူကတစ်ဖက်လှည့်ကာ တံခါးကိုဖွင့်ပြီး အပြင်ထွက်ခဲ့တယ်။
အခန်းက ချက်ချင်းတိတ်သွားတယ်။
အချိန်အတော်ကြာပြီးနောက် အဲဂွမ်းအခုံးလေးက လှုပ်သွားကာ စောင်ကို ဘေးကနေ အနည်းငယ်မတင်ပြီး မျက်ရည်တွေ လွှမ်းနေတဲ့ မျက်နှာလေး ပေါ်လာတယ်။ စိုစွတ်နေဆဲ မျက်ဝန်းတစ်စုံက ခေါင်းရင်းက ယုန်လေးကိုကြည့်တယ်။ အချိန်အတော်ကြာတွေဝေပြီးတဲ့နောက် သူမက လက်လှမ်းကာ ယုန်လေးကို စောင်ထဲခေါ်သွင်းလိုက်တယ်။
သူမ ယုန်လေးကို အင်မတန်ဂရုစိုက်စွာ ပွတ်သပ်ပေးလိုက်တယ်။ သူမ ပွတ်သပ်လေ မျက်လုံးတွေက ပိုစွတ်စိုလာလေပဲ။ စောနလေးကတင် ရပ်သွားတဲ့မျက်ရည်တွေက နောက်တစ်ကြိမ် ကျဆင်းလာပြန်တယ်။ တစ်ချိန်တည်းမှာပဲ သူမက အောက်နှုတ်ခမ်းကိုကိုက်နေတာ အသံကျယ်ကျယ် မငိုအောင် ထိန်းချုပ်နေတဲ့အတိုင်းပဲ။ သူမ အသည်းအသန်ငိုတာ ကြို့စထိုးလာတဲ့အထိ။ အချိန်အတော်ကြာတဲ့နောက် ဂျွတ်ထိုးနေရင်း သူမက ယုန်လေးကို စတင်စကားပြောတော့တယ်။
"ယုန်လေး ယုန်လေး၊ ရင်အာက... ကလေးဆိုးလား"
"ယုန်လေး ယုန်လေး၊ ရင်အာ မကြီးကို အရမ်းလွမ်းတယ်၊ အိမ်အရမ်းပြန်ချင်တယ်"
"ဒါပေမဲ့... ဒါပေမဲ့ ရင်အာ ပြန်လို့မရဘူး၊ ရင်အာ ပြန်လို့မဖြစ်ဘူး"
"တကယ်လို့ ရင်အာပြန်သွားရင် မကြီး... နောက်တစ်ကြိမ် ဒဏ်ရာရလိမ့်မယ်"
"အကုန်လုံးရင်အာရဲ့အမှားပါ.. တကယ်လို့ ရင်အာ့ကို ကာကွယ်ဖို့အတွက်သာ မဟုတ်ရင် မကြီး..."
"ရင်အာ ကိုယ့်ဘာသာအဆင်ပြေပါတယ်၊ ရင်အာ့မှာ ခု ဖေဖေ မေမေရှိနေပြီပဲ၊ အဆင်ပြေမှရမယ်..."
"ပြန်မသွားဘူး ဟင့်အင်း ရင်အာက အရမ်းရဲရင့်တာ အရမ်းသန်မာတယ် ရင်အာ... မကြီးကို မလိုချင်တော့ဘူး"
သူမက မျက်ရည်တွေကို ပြန်ထိန်းဖို့ ရုန်းကန်ကြိုးစားနေတယ်။ သူမ လက်သီးတင်းတင်းဆုပ်ကာ စကားတစ်ခွန်းတိုင်း သူမကိုယ်သူမအားပေးနေသလိုမျိုး အသံက ပိုလေးနက်လာတယ်။ ရင့်ကျက်လွန်းလို့ ကြေကွဲစရာပဲ။ ကြည့်ရတာ... သူမကိုယ်သူ ကြီးပြင်းလာဖို့ ဖိအားပေးနေသလိုမျိုး။
အပြင်ဘက်...။
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
ဘာတွေများ... သုံးနှစ်သမီးက ရင်ဆိုင်ခဲ့ရတာတုံး။ သူမကိုယ်သူမ အတင်းအကြပ် ထွက်သွားဖို့ ဖိအားပေးတဲ့ပုံစံမျိုးနဲ့ မိသားစုကိုကာကွယ်ဖို့လုပ်တဲ့အထိလေ။
အံ့ဩစရာမရှိတော့ဘူး... အရင်တစ်ခေါက်ကလို မဟုတ်ဘဲ ဘယ်သူလဲဆိုတာ ရှင်းတောင်မပြရသေးခင် စားဖိုမှူးနဲ့သူ့ကို အရမ်းအလွယ်လေး လက်ခံနေတာ။ သူ ရှန်းကျင်းကို ဒီရက်ပိုင်း။ တစ်ခါလေးတောင် မတတာ အံ့ဩစရာမဟုတ်တော့ဘူး။ တခြားကလေးတွေလို မဟုတ်ဘဲ အရမ်းလိမ္မာပြီးသိတတ်နေတာ အံ့ဩစရာမဟုတ်တော့။ ကြည့်ရတာ သူမက အစတည်းက အဲကမ္ဘာမှာ မဟုတ်တော့တာကို သိတဲ့ပုံပဲ။
ဒါကြောင့် သူတို့ဘယ်သူတွေလဲဆိုတာ လုံးဝအရေးမကြီးတော့တာ။ အရေးကြီးတာက သူမ ရှန်းကျင်းကို အန္တရာယ်ကနေ ဘေးကင်းကင်းထားနိုင်ပြီ ခံစားခဲ့ရတာ။ ဒါက ၃နှစ်အရွယ်အနေနဲ့ သူမအစ်မကို ထားခဲ့ရမယ်ဆိုရင်တောင် လုပ်ပေးနိုင်တဲ့တစ်ခုတည်းသောအရာမို့ပဲ။
——————
"ဆရာ..." ယိချင်း နှလုံးသားအောက်ခြေကနေ စူးတဲ့နာကျင်မှုခံစားရကာ မွန်းကျပ်ပြီး မျိုသိပ်ထားတဲ့ ခံစားချက်မျိုး ရနေတယ်။ သူ အထဲဝင်ဖို့လှည့်လိုက်တယ်။
ကူယွဲ့လည်း တံခါးကို လှည့်တွန်းမဖွင့်ဘဲ မနေနိုင်တော့ဘူး။ အကျိုးနည်း ရှန်းကျင်း ရင်အာ့လို ညီမမျိုးရနိုင်ဖို့ ဘယ်လောက်တောင် ကံကကောင်းလိုက်ပါလိမ့်။
သူတို့နှစ်ယောက် တံခါးကိုတွန်းဖွင့်မို့ရှိသေး ရုတ်တရက် မြေကြီးတုန်ခါမှုကို ခံစားရလိုက်ရပြီး သူတို့ပတ်လည်မှာ အုန်းအုန်းမြည်သံ ဆက်တိုက်ပေါ်လာတယ်။ သူတို့နဲ့မဝေးတဲ့ အမတတောင်ထွတ်က အောက်က အလေးချိန်ကြီးတစ်ခုခုရှိနေသလိုမျိုး စတင်အက်ကွဲလာတယ်။ အပေါ်က နန်းတော်တွေတောင် ချက်ချင်းမီးခိုးတွေအဖြစ် ပြောင်းကုန်လေရဲ့။ အကာအကွယ်တောင်အင်းကွက်က ချက်ချင်းအသက်ဝင်ကာ ကောင်းကင်နန်းတော်တစ်ခုလုံးကို ဖုံးသွားတယ်။
အင်မတန် ကြက်သီးထစရာကောင်းပေမဲ့ ရင်းနှီးနေတဲ့ အရှိန်အဝါတစ်ခု သူတို့ဘက် လွှမ်းခြုံလာတယ်။
ကူယွဲ့နဲ့ယိချင်း နှစ်ယောက်လုံး မှင်တက်သွားကာ သူတို့မျက်လုံးတွေ ရုတ်ခြည်းပြူးကုန်ကြတယ်။ ဒီအရှိန်အဝါက... ကျူးကျော်သူဆီကပဲ။
တကယ်ပဲ နောက်အခိုက်အတန့်မှာ အင်မတန်ကျယ်လောင်တဲ့ အုန်းအုန်းမြည်သံနဲ့အတူ အက်ကွဲကြောင်းတစ်ခု ကောင်းကင်ထဲ ပေါ်လာကာ အပြာရောင်ဂိတ်ဝတစ်ခု ရုတ်တရက်ပွင့်လာတယ်။ ဝူတိကောင်းကင်နန်းတော်ရဲ့ လွင့်မျောတောင်ထွတ်အားလုံးထက် ပိုရှည်လျားတဲ့ ဖန်သလင်း ရေခဲတောင်ထွတ်တစ်ခုက ဘုံတံခါးကိုဖောက်ထွက်လာတော့တယ်။
အရင်တစ်ခေါက်က ရွှေ့ခဲ့တဲ့ နှေးကွေးတဲ့အရှိန်နဲ့ယှဉ်ရင် ရေခဲတောင်ထွတ်ကာ ဒီတစ်ကြိမ် အင်မတန် မြန်ဆန်စွာ ပေါ်လာတယ်။ ကူယွဲ့နဲ့ယိချင်း ဘုံတံခါးကိုပိတ်ဖို့တောင် အခွင့်အရေးမရလိုက်ဘဲ သူတို့မျက်စိရှေ့ ရေခဲတောင်ထွတ်က ရောက်နေပြီ။
နှစ်ယောက်လုံး ရင်ထိတ်ကုန်တယ်။ ဘာဖြစ်တာလဲ။ သူတို့ အဲမှိုကမ္ဘာကို မျက်နှာပြင်ကနေ လုံးဝချိပ်ပိတ်ပြီးသားလေ၊ ဒါတောင် ဒီကျူးကျော်သူတွေက ဘာလို့ပေါ်လာသေးတာလဲ မဟုတ်မှလွဲ... သူတို့က အဲကမ္ဘာငယ်လေးဆီက လာတာမဟုတ်လို့ပဲ။
"အကြီးအကဲကူယွဲ့ အကြီးအကဲယိချင်း" ယွီဟုန်က ရုတ်တရက် အပြေးဝင်လာတယ်။ သူမ ဓားတစ်ချောင်းနဲ့ တန်းရောက်လာကာ လက်ထဲမှာတော့ အသံလွှင့်ကျောက်တုံးတစ်ခု။ သူမက ဂါရ၀တောင် မပြုဘဲ အမြန်ပြောလေတယ်။
"တိုက်ကြီးတွေအားလုံးက ဧကရာဇ်တွေဆီကနေ အသံလှိုင်းရောက်လာပါတယ်၊ ဒီတစ်ခုနဲ့ တစ်ပုံစံတည်း ရေခဲတောင်ထွတ်တွေက သူတို့ကောင်းကင်နန်းတော်တွေထဲ ပေါ်လာတာမို့ ဂိုဏ်းချုပ်ကို တံခါးပိတ်ကျင့်ကြံနေတာကထွက်လာပြီး ကူညီခိုင်းနေကြပါတယ်"
"ချီး" ကူယွဲ့ ဆဲမိတယ်။ ဒီကျူးကျော်သူက ဒီတစ်ခေါက် အပြည့်တိုက်ခိုက်ဖို့ဦးဆောင်နေတာလား။ သူတို့က တကယ်ပဲ တိုက်ကြီးအားလုံးရဲ့ ကောင်းကင်နန်းတော်တွေမှာ ရောက်နေတယ်ပေါ့ တကယ်ပဲ ဘယ်နေရာကနေ ရောက်လာကြတာလဲ
"သူတို့ မေ့ပျောက်မြစ်တစ်လျှောက် လာတာဖြစ်ရမယ်"
ယိချင်းက ရုတ်တရက် စကားပြောတယ်။
"ဘာ" ကူယွဲ့ ထိတ်လန့်သွားတယ်။ ယိချင်းက သူ့အသိစိတ်ပင်လယ်ကို ကြည့်ဖို့ အမူအရာပြတော့ ကူယွဲ့ အမြန်မျက်လုံးပိတ်ကာ ကြည့်လိုက်တယ်။ နဂိုက အသိစိတ်ပင်လယ်ထဲက ရွှေရောင်မျက်နှာပြင်သစ်ပင်မှာ အဖြူကြောင်းတွေ ရုတ်တရက် ပေါ်လာပြီး သစ်ပင်တစ်ခုလုံး ပျံ့နှံ့နေကာ ကိုင်းတွေ၊ အရွက်တွေထိပါ ရောက်လာတယ်။ အဲဒါတွေက... မေ့ပျောက်မြစ်ရဲ့ နဂိုမူလနေရာတွေပဲ အားလုံးက လောလောဆယ် အဖြူပြောင်းကုန်တယ်။
"ဂျပုလေး" ကူယွဲ့ ရုတ်တရက် မှတ်မိသွားတယ်။ "ဟိုလီရှစ် သူတို့ဂျပုလေးကို ထိန်းချုပ်လိုက်တာပဲ"
သူ အစောကြီးတည်းက တွေးခဲ့မိသင့်တာ ဂျပုလေးက သူနဲ့အတူ မှိုကမ္ဘာဆီ သွားခဲ့တာလေ။ သူကိုယ်တိုင် ထိန်းချုပ်ခံရမှတော့ သူမက ဘယ်လိုလုပ်အဆင်ပြေနိုင်မှာလဲ။ ဒါပေမဲ့ သူတို့ အဲကမ္ဘာငယ်ကို ချိပ်ပိတ်ဖို့ လောနေကြတာနဲ့ ရှန်းရင် မတော်တဆမှုကြောင့် သူတို့ သူမအကြောင်း ခဏမစဉ်းစားမိခဲ့ဘူး။
မဟုတ်ဘူး သူတို့ သူမကို မတွေးမိတာမဟုတ်ဘဲ အလိုလို လျစ်လျူရှုမိသွားတာ။
"သူတို့ အရင်တစ်ခေါက်ကျူးကျော်မှုတုန်းက တစ်ခုခုလုပ်ခဲ့တာဖြစ်ရမယ်" ယိချင်းလည်း ဒါကို စဉ်းစားမိတယ်။ အဲဒါကြောင့် သူတို့အားလုံး ဒီကိစ္စကိုအလိုလိုလျစ်လျူရှုမိပြီး သူတို့ကို လှုပ်ရှားဖို့ အချိန်ပေးမိခဲ့တာပဲ။
...
အခန်း ၄၃၄ ။ လက်ထောက်နောက်တစ်ယောက်
ကူယွဲ့အမူအရာက မည်းနက်သွားတယ်။ သူ တစ်ခဏစဉ်းစားပြီးတဲ့နောက် တစ်ဖက်လှည့်သွားတယ်။
"ယွီဟုန်၊ ဒီညွှန်ကြားချက်တွေကို ပို့လိုက် : တပည့်ထဲက ဘယ်သူမှ အင်းကွက်ထဲက ထဖောက်ခွင့်မရှိဘူး၊ ပြီးတော့လည်း... ငမည်းလေးကို ငါတို့ဂိုဏ်းထဲက နေရာရွှေ့ပြောင်းအင်းကွက်ကို သုံးခိုင်းပြီး နတ်ဆိုးဘုံဆီ ပြန်ခိုင်းလိုက်၊ သူ့ကို ကောင်းကင်မိစ္ဆာတွေနဲ့ နတ်ဆိုးတွေကို စုဝေးခိုင်းပြီး တခြားကောင်းကင်နန်းတော်တွေကို အကူအညီပေးဖို့ တိုက်ကြီးတွေဆီ ခေါ်သွားခိုင်းလိုက်၊ နောက်တော့ လန်ဟွားကို ငါတို့အင်းကွက်ကိုပိုတည်ငြိမ်အောင်လုပ်ဖို့ သူ့နတ်ဆိုးအရှိန်အဝါကို သုံးခိုင်းလိုက်၊ နေကိုပါ ဖုံးအောင် လုပ်နိုင်ရင် အကောင်းဆုံးပဲ"
ယွီဟုန်က ကူယွဲ့ ဘာတောင်းဆိုနေလဲ နားလည်သွားတယ်။
"ဟုတ်ကဲ့ အကြီးအကဲ" အဲလိုနဲ့ သူမက ဓားပျံပေါ်တက်ကာ ထွက်သွားတယ်။
ကောင်းကင်နန်းတော်အပြင်ဘက်က ရေခဲမြစ်င အရွယ်အစားကြီးထွားလာပြီး မြေပြင်က ခုပိုပြီးတောင် အသည်းအသန်တုန်ခါနေပြီ။ နေရာတစ်လျှောက်အက်ခိုးထပ်နေတဲ့ ကျယ်လောင်တဲ့ ထိခိုက်သံတွေ ရှိနေပေမဲ့ တစ်ကောင်တစ်မြီးတောင် မမြင်ရဘူး။ ရန်သူက သူတို့မဟာအင်းကွက်ကို တိုက်ခိုက်နေတာ အသိသာကြီး။
"ဆရာ" ယိချင်းက အိမ်ထဲကလူကို အမှတ်ရသွားပြီး သူ့ရင်ထိတ်သွားတယ်။ ချက်ချင်းပဲ သူက ပြေးဝင်လာကာ စောင်ရော မျက်ရည်ပါမခြောက်သေးတဲ့ ကလေးရောပါ ချီလာခဲ့တယ်။ သူ တစ်ဖက်လှည့်ကာ ကောင်းကင်ဘုံဆီ တန်းရောက်တဲ့မုခ်ဝကို ဖွင့်လိုက်တယ်။
နောက်တော့ သူ ကူယွဲ့ အရင်က ဖန်တီးခဲ့တဲ့ ခပ်ထူထူဖျာပေါ် ကလေးရင်ကို တင်လိုက်တယ်။ သူ ဆောင့်ကြောင့် ထိုင်ချကာ အလောတကြီးပြောတယ်။
"ဆရာ၊ ကျေးဇူးပြုပြီး ဒီမှာလိမ်လိမ်မာမာနဲ့ စောင့်နေနော်၊ ဘာပဲဖြစ်ဖြစ် ကိုယ့်ဘာသာ လျှောက်မပြေးနဲ့နော် ဟုတ်ပြီလား"
တစ်ခုခု မှားနေတယ်လို့ အာရုံခံလိုက်သလိုမျိုး ရင်လေးက မူမမှန်စွာ တိတ်ဆိတ်နေတယ်။ သူမက ခေါင်းညိတ်ပြီး ရေရွတ်တယ်။
"ကောင်းပြီလေ"
ယိချင်း ထရပ်ပြီး သူ့ကိုပြန်ခေါ်သွားမြဲ မုခ်ဝတစ်ခုစတင်ဖန်တီးလိုက်တယ်။ ရင်လေးက သူ့ဝတ်ရုံလက်ကို ဆွဲတယ်။
"မေမေ... သမီးအတွက် ပြန်လာမယ်မဟုတ်လား"
"သေချာပေါက်ပေါ့" သူခိုင်ခိုင်မာမာ ခေါင်းညိတ်လိုက်တယ်။
"ကိစ္စတွေ ဖြေရှင်းပြီးတာနဲ့ ကျွန်တော် ပြန်လာခဲ့မယ်"
"လက်သန်းချင်း ချိတ်ကြရအောင်" သူမ လက်သန်းလေးကိုထုတ်ကာ ယိချင်းကို တုံ့ပြန်ဖို့ စောင့်နေတယ်။
ယိချင်းရင်ထဲ စူးရှတဲ့နာကျင်မှုကို ခံစားလိုက်ရတယ်။ သူ လက်ထုတ်ကာ သူမနဲ့လက်သန်းချင်း ချိတ်ပေးလိုက်တယ်။
"ကတိပေးတယ်"
ရင်လေးက ပြုံးရယ်သွားကာ သူမလက်ထဲက ယုန်လေးကို ယိချင်းလက်ထဲ ထိုးထည့်ပေးတယ်။
"ဒါ ဖေဖေ့အတွက် ပြန်လာပြီး ရင်အာ့ကို လာခေါ်ရမယ်နော်"
"ကောင်းပြီလေ" ယိချင်း ခေါင်းညိတ်လိုက်တယ်။ သူ သူမကို နောက်ဆုံးတစ်ကြိမ်လှည့်ကြည့်ကာ မုခ်ဝကို ဖွင့်ပြီး ကောင်းကင်နန်းတော်ဆီ ပြန်လာခဲ့တယ်။
သူ အိမ်ထဲဝင်လာလာချင်း သူ့လက်ထဲက ယုန်လေးက ကူယွဲ့ကောင်းကင်စိတ်အာရုံအဖြစ် ပြောင်းလဲသွားကာ သူ့ဆီ တန်းတန်းပြန်ရောက်သွားတယ်။
"သူမကို နေရာချထားလိုက်ပြီလား" ကူယွဲ့ အတည်ပြုဖို့အတွက် လှည့်မေးလာတယ်။
"အင်း" ယိချင်း ခေါင်းညိတ်ပြလိုက်တယ်။ သူ့အမူအရာက အတော်လေး သုန်မှုန်နေတယ်။
"သွားကြစို့" ကူယွဲ့လက်ထဲက ပုလွေက အရောင်လက်သွားကာ ဓားရှည်တစ်ချောင်းအဖြစ် ပြောင်းလဲသွားတယ်။
"ဒါက ရှည်လျားခက်ခဲတဲ့တိုက်ပွဲ ဖြစ်တော့မှာပဲ"
ပြီးတော့ သူတို့မှာ ဘာအထောက်အပံ့မှ မရှိတော့ဘူး။ သူ ခေါင်းကို မော့ပြီး လေထဲက ထူထဲလာတဲ့ နတ်ဆိုးချီတွေကို ကြည့်လိုက်တယ်။ အရောင်မှိန်မှိန် ပုံပန်းသဏ္ဌာန်တွေက သူ့ပေါ်စတင်ပေါ်လာပြီ။ သူ သူ့ဓားပေါ် ပျံတက်လိုက်တယ်။
ယိချင်း သူ့အမတဓားကို ထုတ်ကာ ထပ်တူလုပ်လိုက်တယ်။
ဒီတစ်ကြိမ် ကျူးကျော်သူတွေက ထိတ်လန့်စရာ ရောက်လာကြတာ။ မေ့ပျောက်မြစ်တစ်ခုလုံး အခု ဒီကျူးကျော်သူတွေရဲ့ ထိန်းချုပ်မှုအောက် ရောက်နေပြီ။ သူတို့လူတွေကလည်း ဒီမျက်နှာပြင်က ကမ္ဘာငယ်လေးတိုင်းကို ကျူးကျော်ခဲ့တော့ မျက်နှာပြင်တစ်ခုလုံးကို သိမ်းပိုက်ဖို့ဆိုတာ အချိန်တစ်ခုပဲ လိုအပ်တော့တာ။ ဒီအခြေအနေက သူတို့အရင်ကရင်ဆိုင်ခဲ့တဲ့အခြေအနေနဲ့ ဆန့်ကျင်ဘက်ပဲ။ အမတဘုံက အခု ဒီလူတွေကျူးကျော်တာ မခံရသေးတဲ့ တစ်ခုတည်းသောနေရာပဲ။ ကူယွဲ့တို့သာ ဒါကို မခုခံနိုင်ရင် မျက်နှာပြင်တစ်ခုလုံး ကျရှုံးသွားလိမ့်မယ်။
ကျူးကျော်မှုရည်ရွယ်ချက်ကလည်း ရှင်းလင်းတယ် - စီမံထိန်းသိမ်းသူ ရှန်းရင်ကို ရဖို့ပဲ။ အဲဒါကြောင့် သူမကို ကောင်းကင်ဘုံထဲ ထားခဲ့တာ အလုံခြုံဆုံး။ ဝူတိဂိုဏ်းကို ဒီနေ့ဝိုင်းထားပြီး တိုက်ခိုက်နေသူတွေက ကျူးကျော်သူအဖွဲ့ရဲ့ အရင်းအမြစ်ပဲ။ ဒီတစ်ကြိမ် ဖေဖေနျို့စွမ်းအင်ကို ပုံတူပွားသူက ပိုများလာတယ်။
ကူယွဲ့နဲ့ ယိချင်း အင်းကွက်ထဲက ပျံသန်းထွက်လာကာ သူတို့ကိုယ်ထဲက ဓားချီအားလုံးကို အသက်သွင်းလိုက်တယ်။ တစ်ခဏနေတော့ ဓားမြှောင်တွေက ကောင်းကင်ကနေ ရွာဆင်းလာပြီး အင်းကွက်ကို အလှည့်ကျတိုက်ခိုက်နေသူတွေကို တိုက်ခိုက်တော့တယ်။ ဓားသိန်းချီက သူတို့ဘေးကနေ ဖြတ်သန်းသွားတယ်။ အဲလိုနဲ့တင် ရင်းနှီးနေတဲ့ပုံသဏ္ဌာန် အရေအတွက်သိသိသာသာက မြေကြီးဆီ ကျဆင်းသွားခဲ့တယ်။
လူတွေက သူတို့နှစ်ယောက်ကို တိုက်ခိုက်ဖို့ တဖြည်းဖြည်းစုဝေးလာတယ်။ သူတို့အရင်းအမြစ်တွေကို ကန့်သတ်ခံရလုနီးပါးပဲ။ ယိချင်း သူ့ဓားဆန္ဒကိုဆင့်ခေါ်လိုက်တာမို့ ဓားချီတွေ ပေါက်ကွဲထွက်ကာ အဖြူရောင်ဓားနဂါးအဖြစ် အသွင်ပြောင်းသွားလေရော။ နောက်ထပ်ရန်သူတစ်သိုက်က ရှုံးနိမ့်သွားတယ်။
"ဒီမှာလူတွေအများကြီးပဲ - သူတို့မှာ သေချာပေါက် ခေါင်းဆောင်ရှိတယ်" ကူယွဲ့ ထိတ်လန့်တကြား ပြောလိုက်တယ်။
သူ့နောက်မှာတော့ ယိချင်းကမျက်မှောင်ကြုတ်တယ်။ သူ လူအုပ်ကြီးကို စစ်ဆေးဖို့ ကောင်းကင်စိတ်အာရုံကို လွှတ်လိုက်တယ်။ တကယ်ပဲ မြင့်မားတဲ့ ရေခဲတောင်ထွတ်ကြီးအပေါ်မှာ ထူးခြားတဲ့အရှိန်အဝါတစ်ခု ရှိနေတယ်။ အံ့ဩစရာက ဒါကို.. ရင်းနှီးနေတာ။
"တွေ့ပြီ" သူ အဲထူးခြားတဲ့အရှိန်အဝါဘက် ချက်ချင်းပျံသန်းသွားလိုက်တယ်။
ရန်သူက သူ့ရည်ရွယ်ချက်တွေကို ဖတ်နိုင်ပုံပဲ။ ပိုပြီးခက်ထန်တဲ့တိုက်ခိုက်မှုလှိုင်းက သူတို့နှစ်ယောက်ကို ထိမှန်လာတယ်။ ကူယွဲ့၊ ယိချင်းတို့နဲ့ အနီးဆုံးလူတွေက ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတာမျိုးတောင်လုပ်ပြီး နှစ်ယောက်လုံးကို ပေါက်ကွဲမှုထဲသတ်ဖို့ မျှော်လင့်နေတယ်။ ကူယွဲ့ တိုက်ခိုက်မှုတွေကို ရှောင်ရှားရင်း အကာအကွယ်ဒိုင်း ဖန်တီးလိုက်တယ်။ အခု ကူယွဲ့နဲ့ယိချင်းက သူတို့လက်ထောက်တွေရဲ့ လုပ်ပိုင်ခွင့်တွေကို အပြည့်အဝ ထိန်းချုပ်ပြီးပြီဆိုတော့ ဒီလူတွေရဲ့ကျင့်ကြံဆင့်တွေက သူတို့ကို သိပ်ပြီးထိခိုက်အောင် မလုပ်နိုင်ဘူး။ တစ်ခုတည်းသော ပြဿနာက ရန်သူတွေ များလွန်းလို့ ကူယွဲ့နဲ့ ယိချင်းက အတားအဆီးတွေကို ဖောက်ထွက်ဖို့ ခက်ခဲနေတယ်။
ကူယွဲ့ အံကြိတ်ကာ ပြောလိုက်တယ်။
"ငါ သူတို့ကို မောင်းထုတ်မယ်၊ မင်းသွားလိုက်" သူ သူ့လက်နှစ်ဖက်လုံးကို သုံးကာ လွှမ်းမိုးနေတဲ့ဓားချီကိုဖန်တီးလိုက်တယ်။ နောက်တော့ သူ ရေခဲမြစ်ဆီ ဓားချီလုံးကိုပစ်ကာ ယိချင်းအတွက် ရှင်းလင်းတဲ့လမ်းကြောင်းတစ်ခု ဖွင့်ပေးလိုက်တယ်။
ယိချင်း ဆက်ပြီးစောင့်မနေတော့ဘူး။ အတူတူ သူတို့ ပွင့်နေတဲ့လမ်းကြောင်းကနေ တန်းပျံသန်းလာခဲ့တယ်။ လူအုပ်ကြီးက လမ်းကြောင်းပေါ် ပိတ်တဲ့နေရာမှာမြန်ချက်။ ကူယွဲ့ ဓားကို ဆွဲထုတ်ကာရှောင်တယ်။ လက်တွဲညီညီအလုပ်လုပ်ရင်း နှစ်ယောက်သား ရေခဲမြစ်ဆီ နောက်ဆုံးတော့ရောက်ခဲ့ကြတယ်။
သူတို့ ဆင်းတောင်မဆင်းသက်နိုင်ခင် ယိချင်း သူ့ကိုယ်ပေါ် ရင်းနှီးနေတဲ့ ဖိနှိပ်မှုအားကို ခံစားလိုက်ရတယ်။ သူ အမတဘုံနဲ့ နတ်ဆိုးဘုံကြားက နယ်စပ်မှာခံစားခဲ့ရသလိုမျိုး အတိအကျ ပြန်ခံစားရတယ်။ သူ့အစွမ်းတွေကို ချိပ်ပိတ်ခံရလုနီးပါးပဲ။ ဒါပေမဲ့ ဒီတစ်ကြိမ်တော့ သူပိုနားလည်လာပြီ။ သ သူ့နှလုံးသားကို ငြိမ်သက်အောင်ထားကာ သူ့စိတ်ထဲက ယင်ယန်သင်္ကေတကြီးက သူ့ဘာသာ လည်လာတယ်။ ရုတ်တရက် သူခံစားနေရတဲ့ ဖိနှိပ်မှုက ပျောက်ကွယ်သွားလေရဲ့။
ယိချင်း တတ်နိုင်သမျှ ထူးခြားတဲ့ အရှိန်အဝါနား နီးနိုင်သမျှနီးအောင် ဆက်သွားနိုင်တုန်း အခွင့်အရေးယူလိုက်တယ်။ နောက်အခိုက်အတန့်မှာ သူ အက်ကွဲသံ ကြားလိုက်ရတယ်... သူ့ခြေထောက်အောက်က ရေခဲမြစ်ပေါ်မှာ အက်ကွဲကြောင်းလေးတစ်ခုရှိနေတယ်။
"အာ" သံသယဖြစ်နေတဲ့ အသံတစ်သံ ပေါ်လာတယ်။ အနီရောင်သဏ္ဌာန်က တစ်ဖက်က လစ်ဟင်းနေတဲ့ရေခဲမြစ်ပေါ် ပေါ်လာတယ်။ သူတို့ မတွေ့တာအတော်ကြာပြီဖြစ်တဲ့ ဂျပုလေးပဲ။ သူက ရေခဲမြစ်ထိပ်မှာ အေးစက်တဲ့အပြုံးနဲ့ရပ်နေတယ်။ သူမက ပြုံးနေပေမဲ့ နွေးထွေးမှု မရှိတဲ့ အသံနဲ့စကားပြောတယ်။
"ရက်ပိုင်းတည်းနဲ့ မင်းတို့စွမ်းအားအပြည့်တွေကို ဖွင့်ခဲ့တယ်ပေါ့"
ယိချင်း အမူအရာမည်းနက်သွားကာ ခိုင်မာစွာ ပြောလိုက်တယ်။
"ခင်ဗျားက အဲတခြားမျက်နှာပြင်က လက်ထောက်ပဲ"
အမျိုးသမီးအပြုံးက ပိုတောင်ကျယ်လာတယ်။
"ကြည့်ရတာ ငါ့တွက်ချက်မှုက မှားသွားပုံပဲ၊ ငါ မင်းတို့ကိုရှင်းဖို့ အချိန်ပိုကြာကြာလိုတော့မယ်" သူမက လက်ကိုမြှောက်လိုက်တယ်။ ရေခဲမြစ်က အသက်ဝင်လာသလိုပဲ။ ချွန်ထက်တဲ့ရေခဲတောင်ထွတ်တွေက ရေခဲမြစ်ထဲကနေ ပစ်ထွက်လာပြီး ယိချင်းဆီ ပျံသန်းလာတယ်။
ယိချင်း သူ့ဓားချီကို လှည့်ပတ်ကာ ချွန်ထက်တဲ့ ရေခဲတောင်ထွတ်တွေကို အပိုင်းပိုင်းအဖြစ် ဖျက်စီးပြီး သူ့ဆီပျံသန်းသွားခဲ့တယ်။ ဒါပေမဲ့ လူတွေကများသထက်များလာဆဲ။ သူ အရင်က ဖျက်ဆီးခဲ့တဲ့ ရေခဲတောင်ထွတ်တွေတောင် သူ့ဘာသာပြန်ပြုပြင်သွားပြီး နောက်ဘက်ဆီ ပြန်ပျံသန်းသွားတယ်။ ဖိနှိပ်တဲ့အင်အားနဲ့ ထူးဆန်းတဲ့အရှိန်အဝါက လေးလံသထက်လေးလံလာတယ်။ ရင်းနှီးနေတဲ့ အရှိန်အဝါအဖြစ် ရောနှောသွားတယ်။ ဂျပုလေးကိုယ်ထဲရှိတဲ့ ပြန်လည်ဝင်စားမှုစွမ်းအား။
ယိချင်းက သူ့ကိုယ်သူ မြန်ဆန်တဲ့အရှိန်နဲ့ ခုခံလိုက်ရတယ်။ သူက ရေခဲတောင်ထွတ်တစ်ုတောင် ထိခွင့်မပေး။ ဒါပေမဲ့ သူ ပိုပြီးပစ်ထုတ်လေ ပိုပြီးများလာတဲ့ပုံပဲ။ ကြည့်ရတာ ရေခဲက ယိချင်းကို အဲမိန်းမဆီမရောက်အောင် အသိစိတ်နဲ့ကြိုးစားနေသလိုပဲ။
"မင်းတို့ မျက်နှာပြင်လက်ထောက်တွေရဲ့ စွမ်းအားတွေက တကယ်ကို ကြောက်ခမန်းလိလိပဲ၊ ဒီလိုထူးကဲတဲ့အစွမ်းတွေ တကယ်ပဲရှိတယ်ပေါ့" အမျိုးသမီးက အေးစက်စက်ပြောတယ်။
"ငါက သာမန်လက်ထောက် မဟုတ်တာတော့ နှမျောစရာပဲ၊ မင်းတို့စွမ်းအားအစစ်အမှန်ရဲ့ အတိုင်းအတာကို သိရင်တောင် ငါ့လိုမျက်နှာပြင်ရာချီဆီ ရောက်ဖူးတဲ့သူမျိုးကို ထိခိုက်အောင် လုပ်ဖို့နည်းမရှိဘူး"
သူမက စကားပြောရင်း လက်ကိုမြှောက်လိုက်တော့ ကြီးမားတဲ့ဖိနှိပ်အားက ယိချင်းဆီ ပြေးဝင်လာတယ်။ အဲအားက ဒီမျက်နှာပြင်မှာ ယိချင်းကြုံခဲ့ရသမျှထက် ကျော်လွန်တယ်။ ပြင်းထန်လွန်းလို့ သူ့ပတ်လည်က လေတောင် စတင်လည်ပတ်ပြီး တွန့်လိမ်သွားတယ်။ သူနဲ့ ဝေးဝေးမှာ ရပ်နေတဲ့ ကူယွဲ့တောင် သက်ရောက်ခံရတယ်။ မှော်အတတ်တစ်ခုခုနဲ့ တိုက်ခိုက်ခံရသလိုမျိုး ဒဏ်ရာတွေတောင် စတင်ပေါ်ပေါက်လာလေရဲ့။ ဝူတိဂိုဏ်းကိုဝိုင်းထားတဲ့အင်းကွက်က အရှိန်ကြောင့် ပျက်စီးသွားခဲ့တယ်။
"မင်းတို့နှစ်ယောက် ဘယ်လောက်ပဲထူးချွန်ထူးချွန် မင်းတို့က ငါတို့စွမ်းအားတွေရဲ့ တစ်ပုံစာလောက်ပဲ ရှိတယ်"
ယိချင်း သူ့လျှာပေါ် တစ်ခုသော ချိုမြမှုကို ခံစားလိုက်ရတယ်။ သူ့စိတ်ထဲက ယင်-ယန်သင်္ကေတလည်တာက ခုပိုတောင် မြန်ဆန်နေပြီ။ သူ အသက်ပြင်းပြင်းရှူကာ နောက်တစ်ကြိမ် ချွန်ထက်တဲ့ရေခဲတောင်ထွတ်တွေကို ရှောင်လိုက်တယ်။ သူ ရှုံးလို့မရဘူး ဆရာ... ဆရာက သူ့ကိုစောင့်နေသေးတယ်
ယိချင်း အံကြိတ်ကာ သူ့စွမ်းအားတွေ ခန္ဓာကိုယ်ထဲ ပေါက်ကွဲလာတယ်။ သူ အရင်က ဒီလိုကြီးမားတဲ့ သက်ရောက်မှု ဖြစ်စေတဲ့ ဖိနှိပ်အားကို ဖမ်းချုပ်လိုက်သလိုပဲ။ သူ့ခန္ဓာကိုယ်က နီရဲလာတယ်။ နောက်တော့ မီးလုံးကြီးတစ်ခုက ပေါ်လာပြီး သူ့ခန္ဓာကိုယ်ကိုဝိုင်းသွားတယ်။ မီးလုံးထဲမှာတော့ သူတို့ လျှပ်စီးတန်းတွေကို ဝိုးတဝါးမြင်ရတယ်။
သူ တစ်ဖက်လှည့်ကာ သူ့အသွင်အစစ်ကို ယူလိုက်တယ် - သူ ကောင်းကင်ထဲ ပျံတက်သွားတဲ့ ရွှေရောင်နဂါးကြီးတစ်ကောင်အဖြစ် အသွင်ပြောင်းသွားတယ်။ ဒီနဂါးက အရင်တစ်ခုနဲ့ လုံးဝကို ကွဲပြားတယ်။ နဂါးကြီးကိုယ်ခန္ဓာရဲ့ အပေါ်မှာတော့ မီးလုံးကြီးနှစ်လုံးက နဂါးတောင်ပံတွေ ဖြစ်သွားတယ်။ နဂါးတစ်ကောင်လုံးက အပူတွေ ထွက်နေတယ်။ စက္ကန့်အနည်းငယ်အတွင်း ဇာမဏီစစ်မီးတောက်ပြင်းကြီးတွေ ကောင်းကင်ထဲပြည့်သွားပြီး နိုးထလာတဲ့နောက် အရာအားလုံးကို မီးကျွမ်းသွားစေတယ်။
သူတို့ပတ်လည်က ရေခဲတောင်ထွတ်တွေနဲ့ ရေခဲမြစ်တွေအားလုံး အရည်ပျော်ကာ ပျောက်သွားတယ်။ ကူယွဲ့နဲ့တူတဲ့ ပုံစံတူတွေကပြာမှုန့်တွေအဖြစ် လျော့ကျသွားခဲ့တယ်။
"ဒါဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ" စောနတုန်းက ရေခဲမြစ်ထိပ်မှာရပ်နေခဲ့တဲ့ အခြားမျက်နှာပြင်ရဲ့ လက်ထောက်က လုံးဝပျာယာခတ်သွားတယ်။ သူမက နဂါးကြီးကို လုံးဝ မယုံနိုင်တဲ့ပုံ။
"လက်ထောက်တစ်ယောက်က ဘယ်လိုလုပ် ဒီလောက်တောင် အစွမ်းကြီးရတာလဲ"
သူမ အမူအရာက တစ်ခုခုကို နားလည်သွားသလိုမျိုး ပြောင်းလဲသွားတယ်။ မျက်စိကျိန်းစရာ အဖြူရောင်အလင်းက သူမကိုယ်ပတ်လည်မှာ ပေါ်လာတယ်။ သူမအောက်က သေးငယ်တဲ့ ရေခဲအပိုင်းကလည်း တောက်ပလာတယ်။ ကြောက်ခမန်းလိလိအရှိန်တစ်ခုက ယိချင်းဆီ ပစ်လွှတ်လာပြီး ဓားမြှောင်တွေနဲ့ ထူးထူးဆန်းဆန်းဆင်တဲ့ အလင်းတန်းတွေပါ အတူ ပါလာတယ်။ မြေကြီးကတုန်ခါသွားတယ်။ အလင်းနဲ့ထိတဲ့ ဘာမဆို တစ်ဝက်အဖြစ် ပြတ်သွားပြီ။ ကောင်းကင်နန်းတော်တောင် ပြိုလဲစပြုလာတယ်။
တပည့်တွေမှာ ရွေးစရာ မရှိတော့ဘဲ ပုန်းအောင်းဖို့ တခြားနေရာတွေကို ရှာတော့တယ်။ ဒါပေမဲ့ ဖေဖေနျိုနဲ့ တူတဲ့ ကိုယ်ပွားတွေက သူတို့ကို မရပ်မနား တိုက်ခိုက်နေတယ်။
ကူယွဲ့ ရွေးစရာမရှိဘဲ နည်းဗျူဟာပြောင်းလဲရတော့တယ်။ သူ တစ်ဖက်လှည့်ကာ တပည့်တွေကို တိုက်ခိုက်နေတဲ့ ကိုယ်ပွားတွေကို တိုက်ခိုက်လိုက်တယ်။ နောက်တော့ လျှပ်စီးတန်းတွေက ပိုက်ကွန်ကြီးတစ်ခုအဖြစ် စုဝေးသွားတာကိုမြင်လိုက်ရကာ ယိချင်းဆီ ပျံသန်းသွားတာကို မြင်လိုက်ရတယ်။
"စားဖိုမှူး" ကူယွဲ့ အော်လိုက်တယ်။
သူက မရှောင်ဘူး။ အဲအစား လျှပ်စီးတန်းတွေက သူ့ကိုယ်ပတ်လည်မှာ ပြင်းထန်လာတယ်။ တစ်ခဏနေတော့ သူ့တစ်ကိုယ်လုံး လျှပ်စီးတွေသွင်းလိုက်ပုံပဲ။ သူ့ကိုယ်ခန္ဓာထက် ကြီးတဲ့ မိုးကြိုးတန်းတစ်ခုကို ပိုက်ကွန်ဆီ လွှတ်လိုက်တယ်။ တိုက်မိသံအကျယ်ကြီးထွက်လာကာ မိုးကြိုးက အလင်းတန်းကို ရေခဲမြစ်ကျန်နေတဲ့နေရာဆီ ပြန်တွန်းထုတ်လိုက်တယ်။
လှလိုက်တာ။
ကူယွဲ့က ယိချင်းကို လက်မ မထောင်ဘဲမနေနိုင်ဘူး။ လက်မောင်းလောက်ထူတဲ့ အက်ကွဲကြောင်းကြီးတစ်ခု ရေခဲမြစ်ပေါ် ပေါ်လာတာမို့ နောက်ထပ်ကျိုးပဲ့သံကျယ်ကြီး ထွက်လာတယ်။ ကူယွဲ့ ကိုယ်ပွားတွေကို ရှင်းထုတ်ချင်ပေမဲ့ သူ့ဘေးမှာ ပုံသဏ္ဌာန်တချို့သာ ကျန်ရစ်တာကို သိလိုက်ရတယ်။ သူအမြင်မှားနေတာလား။ ဘာလို့ သူ့ကိုတိုက်ခိုက်သူတွေ နည်းလာရတာလဲ။
သူ စုံစမ်းဖို့ သူ့ကောင်းကင်စိတ်အာရုံကို လွှတ်လိုက်တယ်။ သူ အမြင်မှားနေတာ မဟုတ်ဘူး - တကယ်ကို ကိုယ်ပွားတွေက မကျန်ရစ်သလောက်ပဲ။ ကူယွဲ့ ရေခဲမြစ်ထဲက အက်ကွဲကြောင်းကို လှည့်လေ့လာလိုက်တယ်။ တစ်ခုခု သူ့စိတ်ထဲ သဘောပေါက်သွားသလိုမျိုး အကြည့်ငုံ့သွားတယ်။ နောက်တော့ မျက်လုံးတွေ ပြူးသွားပါလေရော။
သူ ဝူတိဂိုဏ်းကို တိုက်ခိုက်နေတဲ့ ရန်သူတွေကို တားဆီးဖို့ ယိချင်းကြိုးစားနေတဲ့နေရာဆီ ပြန်လှည့်ပျံသန်းလာခဲ့တယ်။
"စားဖိုမှူး ဒီလူတွေအားလုံးကို လက်ထောက်က ထိန်းချုပ်ထားတာ ငါတို့ သူ့ကိုရှင်းပစ်ဖို့ပဲ"
လေထဲက နဂါးက တန့်သွားတယ်။ နောက်ဆုံးတော့ ယိချင်းက တစ်ဖက်လှည့်ကာ လက်ထောက်ဆီ ပြေးသွားတယ်။ သူပျံသန်းရင်း တတ်နိုင်သမျှ ကိုယ်ပွားတွေကိုပါ အမြီးသုံးပြီး ရိုက်ထုတ်ပစ်တယ်။
ကူယွဲ့လည်း ထပ်တူလုပ်လိုက်တယ်။ သူ သူ့လက်ကို ယမ်းကာ ရေခဲမြစ်ပေါ် နောက်တစ်ကြိမ် ဓားမိုးတွေရွာစေတဲ့ ဓားသိုင်းတစ်ခုထပ်သုံးလိုက်တယ်။
ရေခဲမြစ်ပေါ်က မိန်းမရဲ့အမူအရာက မည်းနက်သွားတယ်။ သူမ လက်ကိုယမ်းလိုက်တော့ ဝူတိဂိုဏ်းကို တိုက်ခိုက်နေတဲ့ ကိုယ်ပွားတွေက လှည့်သွားကာ ယိချင်းနဲ့ ကူယွဲ့ဆီ ပြေးဝင်လာကြတော့တယ်။ ဒါပေမဲ့ နောက်ကျလွန်းသွားပြီ။ ကူယွဲ့နဲ့ ယိချင်းက ရေခဲမြစ်ဆီ ရောက်လာပြီးသား။
လက်ထောက်ထိန်းချုပ်တာ ခံထားရတဲ့ဂျပုလေးက ရုတ်တရက် သွေးပျက်သွားပုံ။ သေချာပေါက် သူမသာ တခြားလက်ထောက်တွေနဲ့ ရင်ဆိုင်နေရရင် ကြောက်မိမှာမဟုတ်ဘူး။ ဒါပေမဲ့ ဒီနှစ်ယောက်...။
နောက်တစ်ကြိမ် မျက်စိကျိန်းစရာ အဖြူရောင်အလင်းက ပေါ်လာတယ်။ နောက်တစ်ကြိမ် စားဖိုမှူးရဲ့ မိုးကြိုး အနိုင်ယူတာခံလိုက်ရတယ်။ ယိချင်းက လူအသွင်ပြန်ပြောင်းသွားပြီ။ နှစ်ယောက်သား ဓားတွေကို မကာ ဂျပုလေးဆီ ပြေးဝင်သွားကြတယ်။
"ခဏ ပင်မအရင်းအမြစ်ကို အုပ်ချုပ်တဲ့ ဝိညာဉ်က ငါ့ကိုယ်ခန္ဓာထဲရှိနေသေးတယ်" လက်ထောက်က ပြေးပေါက် မရှိတော့တာသိချိန် အသည်းအသန်အော်လိုက်တယ်။
"တကယ်လို့ ငါ့ကိုသတ်ရင် ဒီမိန်းမပါ အသက်ရှင်မှာ မဟုတ်ဘူး ဒီအရင်းအမြစ် မရှိရင် နင်တို့မျက်နှာပြင် ပျက်စီးပြီ"
"အရင်းအမြစ်လား" နှစ်ယောက်သား တန့်သွားတယ်။ သူက ဂျပုလေးအကြောင်း ပြောနေတာပဲ
"ဖေဖေနျို..." ယိချင်းက ကူယွဲ့ဘက် လှည့်လိုက်တယ်။
"သူ့ကို အရင်ရိုက်" ကူယွဲ့ လက်လျှော့ဖို့ ငြင်းလိုက်တယ်။ သူ ဓားကိုသိမ်းကာ သူ့လက်ဗလာနဲ့ အမျိုးသမီးမျက်နှာကို ရိုက်ကာ မြေကြီးပေါ်ကျသွားစေလိုက်တယ်။
ယိချင်း မျက်မှောင်ကြုတ်မိတယ်။ ဖေဖေနျိုတို့တွေ ထိန်းချုပ်တာခံထားရတဲ့ နောက်ဆုံးတစ်ခေါက်က ဆရာက တူညီတဲ့ချဉ်းကပ်နည်းကိုသုံးခဲ့ပုံပဲ။ သူစိတ်ပိုင်းဖြတ်လိုက်တယ်။ ဒါကြောင့် နှစ်ယောက်ကို ကာကွယ်တဲ့ အကာအကွာ်အင်းကွက်တစ်ခု ဖန်တီးပြီး ကူယွဲ့နဲ့အတူ အကြမ်းဖက်မှုမှာ ဝင်ပါတော့တယ်
"ခဏ မင်းတို့ ဒီလိုလုပ်လို့မရ... အား ရပ်တော့ နင်တို့ရူးနေတာပဲ... အား"
တစ်အောင့်နေတော့ အခြားမျက်နှာပြင်က လက်ထောက်ရဲ့ နာနာကျင်ကျင် အော်သံက ရေခဲမြစ်တစ်လျှောက် အက်ခိုးထပ်လာတယ်။ ကူယွဲ့နဲ့ယိချင်း မနားဘူး။ ထိုးချက်တစ်ချက်ချင်းစီက လက်ထောက်ရဲ့ အစွမ်းသယ်ဆောင်ထားတယ်။ ပြီးတော့ သူတို့က သူမမျက်နှာကလွဲ တခြားနေရာကို မဦးတည်ကြဘူး။
အမျိုးသမီးက မကြာခင်မှာ မမှတ်မိနိုင်အောင် ဖြစ်လာတယ်။ လက်ထောက်က ထိုးချက်တွေကို ဆက်မခံနိုင်တော့ဘူး။ အဖြူရောင်အလင်းက ဂျပုလေးရဲ့ ကိုယ်ထဲကနေ လွင့်ထွက်လာပြီး သူတို့နှစ်ယောက်ဘေးက ဖြတ်သွားတယ်။
"ထွက်လာပြီ" ယိချင်း အော်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ သူ အလင်းနောက်ကို ဇာမဏီစစ်မီးတောက်လုံးတစ်ခု လွှတ်လိုက်ကာ ကူယွဲ့ ဓားစည်းချိပ်တစ်ခုကို ဖန်တီးလိုက်တယ်။
နာကျင်နေတဲ့အော်သံတွေက ရေခဲမြစ်တစ်လျှောက် ဆက်အက်ခိုးထပ်နေပြီး အဖြူရောင်အလင်းက ဇာမဏီမီးတောက်စစ်နဲ့ ဓားမိုးတွေကြားထဲ ပျောက်ကွယ်သွားခဲ့တယ်။ ချက်ချင်း အကာအကွယ်အင်းကွက်ကို မရပ်မနား တိုက်ခိုက်နေတဲ့ ပုံသဏ္ဌာန်တွေလည်း ပျောက်ကွယ်သွားခဲ့တယ်။ သူတို့ခြေထောက်အောက်က ရေခဲမြစ်ပါ မည်းနက်သွားလေရဲ့။
နှစ်ယောက်သား ရေခဲမြစ် တဖြည်းဖြည်း ပျောက်ကွယ်သွားတာကို ခံစားလိုက်ရတယ်။ ကူယွဲ့ ဒါကြောင့် သူ့ဓားပျံကို ဆင့်ခေါ်ကာ အခု မမှတ်မိနိုင်လောက်အောင် မျက်နှာယောင်ကိုင်းနေပြီဖြစ်တဲ့ ဂျပုလေးကို ဖမ်းလိုက်တယ်။ သူ မျက်လုံးတွေ ယောင်ကိုင်းကာ ပိတ်နေပုံရတဲ့ အမျိုးသမီးကို တစ်ချက်လှမ်းကြည့်ကာ အကြည့်လွှဲလိုက်တော့တယ်။ သူ ဒါကို တကယ်ပဲ သူမကိုကယ်တင်ဖို့ လုပ်ခဲ့တာ။ အရင်က ရှန်းရင် သူ့ကိုတစ်ပုံစံတည်းလုပ်ခဲ့ချိန် ရင်ထဲမှာစုပုံနေတဲ့ဒေါသတွေကိုဖြည်ဖို့ လုံးဝမဟုတ်ပါဘူး။
ဒီတစ်ကြိမ်နဲ့ နောက်ဆုံးတစ်ကြိမ်က တစ်ခုတည်းသော ကွာခြားချက်ကတော့ ဂျပုလေးက အရမ်းကို မြန်မြန် သက်သာလာတာ။ သူတို့ကောင်းကင်နန်းတော်ဆီ ပြန်မရောက်ခင်မှာတင် သူမက သတိပြန်လည်လာတယ်။ သူမ စကားမပြောနိုင်ခင် သွေးအန်မိသွားတယ်။
"ဂျပုလေး" ကူယွဲ့ ရင်ထိတ်သွားတယ်။ သူတို့ သူမအပေါ် အရမ်းကြမ်းတမ်းလွန်းမိသွားတာလား။
သူမမျက်နှာပေါ်က ဒဏ်ရာတွေကို တစ်ချက်တွေးဘဲ သူမက သွေးပျက်စွာဟိုဟိုဒီဒီကြည့်လေတယ်။
"အကြီးအကဲတို့ မေ့ပျောက်မြစ်-"
"မစိုးရိမ်ပါနဲ့ - ငါတို့ အဲလက်ထောက်ကို ရှင်းပြီးပြီ"
"လက်ထောက်လား" ဂျပုလေးရဲ့ မျက်လုံးပြူးသွားကာ ပိုပြီးတောင်သွေးပျက်လာတဲ့ပုံ။ ဂျပုလေးက လက်လှမ်းကာ ကူယွဲ့ဝတ်ရုံလက်ကို ဆွဲယမ်းလိုက်တယ်။
"ဟင့်အင်း၊ သူ မဟုတ်ဘူး မေ့ပျောက်မြစ်ကို ထိန်းချုပ်နေသူက လက်ထောက် မဟုတ်ဘူး၊ ပိုပြီးတော့တောင်... ကြောက်ဖို့ကောင်းတဲ့တစ်ယောက် ရှိတယ်"
နှစ်ယောက်သား တောင့်တင်းသွားတယ်။ လက်ထောက်ထက်တောင် ပိုပြီးကြောက်ဖို့ကောင်းသူ။ ဖြစ်နိုင်တာ... စီမံထိန်းသိမ်းသူလား
သူတို့ စီမံထိန်းသိမ်းသူတွေ မရှိတဲ့ကမ္ဘာကပဲ တခြားမျက်နှာပြင်တွေဆီ ကျူးကျော်မှုကို စိတ်ဝင်စားမယ်ထင်ခဲ့တာ။ တကယ်တော့ အစတည်းက သူတို့မှာ စီမံထိန်းသိမ်းသူ ရှိခဲ့တာဖြစ်နိုင်လား။
"ဆရာ..." ယိချင်း ဖြူဖျော့သွားပြီး ချက်ချင်း ကောင်းကင်ဘုံဆီ လမ်းကြောင်းဖွင့်လိုက်တယ်။
...
အခန်း ၄၃၅ ။ အခြားမျက်နှာပြင်၏ စီမံထိန်းသိမ်းသူ
ကူယွဲ့က ဂျပုလေးကို ဂိုဏ်းဆီပြန်ပို့ဖို့ စည်းဂါထာတစ်ခု ဖန်တီးလိုက်တယ်။ နောက်တော့ သူ မုခ်ဝဆီ ယိချင်းနောက်ကလိုက်ခဲ့တယ်။ သူတို့ရှေ့က မြင်ကွင်းက ပြောင်းလဲသွားတယ်။ ညကောင်းကင်ယံအောက်မှာ သူတို့တွေ ရှန်းရင်က ယိချင်းထားခဲ့တဲ့အတိုင်း ဖျာပေါ် တိတ်တိတ်လေး ထိုင်နေဆဲဆိုတာ မြင်လိုက်ရတယ်။ သူမက အမတလှေလေးကို ဖက်ထားဆဲ ဖြစ်ကာ သူမမျက်လုံးတွေက သူတို့ကို သတိထားမိချိန် တောက်ပသွားတယ်။
နှစ်ယောက်သား သိသိသာသာ စိတ်သက်သာရာရသွားပြီး လျှောက်လာတယ်။ ဒါပေမဲ့ သူတို့ အပြည့်အဝ စိတ်မအေးနိုင်ခင် တခြားအမျိုးသားတစ်ယောက်အသံ ထွက်လာတယ်။
"ဒီတော့ ဒါက သူပုန်းနေတဲ့နေရာကိုး" ရုတ်တရက် ကြောက်ခမန်းလိလိ ပြင်းထန်တဲ့အရှိန်က နောက်ကနေ သူတို့နှစ်ယောက်လုံးကို ဖြတ်သွားတယ်။ သူတို့ခုန်ကာ ဓားကိုဆွဲထုတ်ပေမဲ့ သူတို့ကိုယ်သူတို့ ကြောက်ခမန်းလိလိအရှိန်ကနေ ကာကွယ်လို့ရအောင် ဘာမှမလုပ်နိုင်။ သူတို့ဘေးကဖြတ်သွားချိန် မြေကြီးပေါ်လဲကျသွားကာ သွေးအန်လေတယ်။
ပိတ်စပြုနေတဲ့မုခ်ဝက ရုတ်တရက် တစ်ယောက်ယောက် ဖြဲလိုက်သလိုမျိုး ပွင့်ထွက်သွားလေတယ်။ ဝတ်ရုံနက်နဲ့လူတစ်ယောက်က အဲကတစ်ဆင့် ဖြတ်ဝင်လာတယ်။ သူ့ကိုကြည့်ရတာ အံ့ဩစရာကောင်းလောက်အောင် သာမန်ဆန်တယ်။ သူက မျက်နှာဝိုင်းဝိုင်းနဲ့ သာမန်ရုပ်ရည်သာ ရှိတယ်။ လူအုပ်ကြီးထဲ ရောဝင်လို့ကောင်းမဲ့ပုံစံမျိုးပဲ။ သူနဲ့ပတ်သက်ပြီး ထူးခြားနိုင်တဲ့ တစ်ခုတည်းသောအရာက သူ့ကိုယ်ကနေထွက်နေတဲ့ ကြောက်ခမန်းလိလိ အရှိန်အဝါပဲ။ သူတို့စောနက တွေ့ခဲ့တဲ့ လက်ထောက်နှစ်ယောက်နဲ့ ကွာခြာတယ်။ ဘယ်သူမှ သူတို့ကိုယ်သူတို့ ကာကွယ်နိုင်မှာ မဟုတ်တဲ့ ပုံစံမျိုးပဲ။
ဒါက တခြားမျက်နှာပြင်ရဲ့ စီမံထိန်းသိမ်းသူပဲ။
"ကမ္ဘာငယ်တစ်ခုလုံးကို မြေထိုးမိုးလှန်ရှာတာတောင် မတွေ့နိုင်တာ အံ့ဩစရာမရှိတော့ဘူး၊ လမ်းပြပေးလို့ ကျေးဇူးပါ - အခု သူက ဒီမှာဆိုတာ သိသွားပြီ" အဲလူက ရယ်တယ်။ သူက နှစ်ယောက်လုံးကို အတော်လေး ထေ့ငေါ့ပြောနေတာ။
သူတို့ရင်ထိတ်သွားတယ်။ သူတို့တွေ အရမ်းကို နမော်နမဲ့ နိုင်သွားတယ်။ ဒီလူက ရည်ရွယ်ချက်ကို ဖုံးကွယ်ထားတာပဲ။ နှစ်ယောက်က ရှန်းရင်ကို ရှာမယ်ဆိုတာ သိတာမို့ သူလိုချင်တဲ့အရာ ရတဲ့အထိ သူတို့နောက် တိတ်တိတ်လေးလိုက်ခဲ့တာပဲ။
"ဖေဖေ မေမေ..." ရင်လေးက ဇဝေဇဝါဖြစ်နေတယ်။ သူမရဲ့ငယ်ရွယ်တဲ့စိတ်လေးက ဘာဖြစ်နေလဲဆိုတာကို နားမလည်နိုင်။ သူတို့နှစ်ယောက် မြေကြီးဆီ ကျသွားတာမြင်တော့ ချက်ချင်း ထရပ်ကာ သူတို့ဆီလျှောက်လာဖို့ကြိုးစားတယ်။
"ဆရာ မလာခဲ့နဲ့" ယိချင်း အော်လိုက်တယ်။
"ရင်အာ၊ လိမ်လိမ်မာမာနေနော်၊ မလှုပ်နဲ့" ကူယွဲ့က ညွှန်ကြားရင်း လေသံကအနည်းငယ် သွေးပျက်နေတယ်။
တကယ်ပဲ ရင်လေးက တန့်သွားပြီး မလှုပ်တော့ဘူး။ ဒါပေမဲ့ အဲလူက သူမကို လှည့်ကြည့်ပြီး ယုတ်မာတဲ့အပြုံးအဖြစ် ပြောင်းသွားတယ်။
"ဒါကြောင့် မျက်နှာပြင်ရဲ့ စီမံထိန်းသိမ်းသူက..." သူအနည်းငယ်စိတ်ပျက်သွားသလိုမျိုး မျက်လုံး မှေးသွားတယ်။ တစ်အောင့်နေတော့ သူက စူးစူးစိုက်စိုက်ဆက်ကြည့်နေတယ်။
"အားနည်းလိုက်တာ လက်ထောက်တွေရဲ့အစွမ်းတွေနဲ့ဆို စီမံထိန်းသိမ်းသူကို အတော်လေး ထူးချွန်မယ်ထင်နေတာ၊ သူက ဒီလိုမျိုးဖြစ်နေမယ် မထင်ခဲ့ဘူး၊ ဖြစ်နိုင်တာ... သူက မင်းတို့နှစ်ယောက်လုံးကို သူ့အစွမ်းတွေ ပေးခဲ့တာများလား"
အဲလူက အကြောင်းရင်းကို နားလည်သွားသလိုမျိုး တွေးကာ ရှန်းရင်က လူသေမိန်းကလေးတစ်ယောက် ဖြစ်ပြီးသားလို အထင်သေးမှုအပြည့်နဲ့ကြည့်တယ်။
"ဒီမျက်နှာပြင်က ဒီလောက်ရိုးရှင်းတဲ့သူတစ်ယောက်ကို စီမံထိန်းသိမ်းသူဖြစ်ဖို့ ရွေးခဲ့တယ်ပေါ့၊ ငါ့အပိုင်ဖြစ်ဖို့ ကံပါလာတာပဲ"
သူ စကားပြောရင်း ရှန်းရင်ဆီ လျှောက်လာတယ်။ ခြေတစ်လှမ်းလှမ်းတိုင်း သူ့ပတ်လည်က သတ်ဖြတ်ချင်စိတ်နဲ့ ကြောက်မက်ဖွယ်အရှိန်အဝါက ပိုအားပြင်းလာတယ်။ ကောင်းကင်ဘုံက ဒီလူ လွှင့်ထုတ်နေတဲ့ဖိအားကြောင့် ပြိုလဲဖို့လမ်းစပြုနေတယ်။ စတင်တုန်ခါလာပြီး အလယ်က မျက်နှာပြင်သစ်ပင်တောင် ဘယ်ညာယိမ်းယိုင်နေတယ်။ တစ်စုံတစ်ယောက် ဒါမှမဟုတ် တစ်ခုခုက စွမ်းအင်တွေအားလုံးကို စုပ်ယူနေသလိုမျိုး အရွက်တွေက ညှိုးနွမ်းနေပြီ။
"ဆရာ" ယိချင်း သူ့ကိုယ်ထဲက လက်ကျန်အားအကုန်သုံးကာ ရှေ့ကိုပြေးတက်လာပြီး လူကို တားဖို့လုပ်ပေမဲ့ ကြောက်ခမန်းလိလိအားကြောင့် ဘာမှမလုပ်နိုင်။ ထရပ်ဖို့ ဘယ်လောက်ပဲ ကြိုးစားပါစေ၊ သူက မြေကြီးနဲ့ ဆက်ပြီးကပ်နေဆဲ။ သူ့အတွင်းအမြုတေ အပိုင်းပိုင်းအစစ ပြိုကွဲသွားသံကို ခပ်တိုးတိုးကြားလိုက်ရတယ်။ ဆရာ... ဆရာ။
"ရှန်းရင်..." ကူယွဲ့ စသွေးပျက်စပြုလာပြီ။ သူ့မှာ အရံအစီအစဉ်မရှိ။ သူ့ကိုယ်က နာကျင်နေရုံတင်မက သူ့အတွင်းအမြုတေပါ ဒီကြောက်ခမန်းလိလိအားကြောင့် အပိုင်းပိုင်းအစစအဖြစ် ခြေမွှခံလိုက်ရတယ်။ အားနည်းစွာ သူ အော်ပြောလိုက်တယ်။
"ပြေးတော့ ရှန်းရင်..."
ရင်လေးက သူတို့ကို အူကြောင်ကြောင် ဆက်စိုက်ကြည့်နေဆဲ။ သူ ကြီးမားတဲ့အန္တရာယ် ကျရောက်နေပြီဆိုတာတော့ အာရုံခံမိပုံပဲ။ သွေးပျက်မှုတွေက သူ့မျက်လုံးထဲ စတင်မြင့်တက်လာပြီး အလိုလို နောက်ပြန်ဆုတ်သွားခဲ့တယ်။ ဒါပေမဲ့ သူမ ဘယ်မှာပုန်းလို့ရမလဲမသိဘူး။ သူစိမ်းက နီးသထက် နီးလာတာနဲ့အတူ သူ့ရဲ့စပ်ဖြီးဖြီးရယ်မှုက ပိုတောင်ကောက်ကျစ်လာလဲ့တယ်။
စက္ကန့်ပိုင်းအတွင်း သူက သူမရှေ့ တန်းရောက်လာပြီး လက်ရွယ်တယ်။ အဖြူရောက်အလင်းတစ်ခု သူ့လက်ပေါ် ပေါ်လာပြီး အခုအခံမဲ့နေတဲ့ရှန်းရင်ဆီ ပစ်လွှတ်လိုက်တော့တာပဲ။ ယိချင်း ထိတ်လန့်မှုကြောင့် မျက်လုံးပြူးသွားတယ် သူတစ်ခါမှမခံစားဖူးတဲ့ အကြောက်တရားက ပြည့်သွားပြီး သူ့တစ်ကိုယ်လုံးကို ဝါးမျိုလိုက်တယ်။ ရူးလောက်စရာစွမ်းအားက သူ့ကိုယ်ထဲ မြင့်တက်သွားကာ သူ့ကို ထိန်းချုပ်ထားတဲ့ သံကြိုးတွေကို ချိုးဖျက်လိုက်လေရဲ့။
သူ တင်းခနဲအသံ ကြားလိုက်ရတယ်။
ဘယ်ကမှန်းမသိ အရင်းအမြစ်တစ်ခုရဲ့ စွမ်းအားက သူ့ကိုထိန်းချုပ်ထားတဲ့ အဲ ကြောက်စရာစွမ်းအားကို ပြန်တိုက်ခိုက်နေတယ်။ ယိချင်းက မျက်စိတစ်မှိတ်အတွင်း ရှန်းရင်ရှေ့ပေါ်လာတယ်။ သူ အဲလူတိုက်ခိုက်မှုကို လွှဲထုတ်ဖို့လုပ်တယ်။ ဒါပေမဲ့ အဲလူက ဘယ်လိုပဲဖြစ်ဖြစ် ပြင်ပမျက်နှာပြင်ရဲ့ စီမံထိန်းသိမ်းသူလေ။ အမတဓားတစ်ခုတည်းနဲ့ သူ့ကိုဘယ်လိုတားနိုင်မှာလဲ။ နောက်အခိုက်အတန့်မှာ သူ ယိချင်းရဲ့အမတဓားကို ဆုပ်ကိုင်ကာ နှစ်ပိုင်းပိုင်းပစ်လိုက်တယ်။ နောက်တော့ နောက်အဖြူရောင်အလင်းကို ဆင့်ခေါ်ပြီး ယိချင်းနဖူးပေါ် ဖိချလိုက်လေတယ်။
အဖြူရောင်အလင်းက ဓားသွားလိုပြုမူတယ်။ အမျိုးသာက ယိချင်းရဲ့ပခုံးကနေ လွှဲချကာ သူ့လက်မောင်းတစ်ဖက်လုံးကို ဖြတ်ချပစ်လိုက်လေတယ်။ လတ်လတ်ဆတ်ဆတ်သွေးတွေက လက်ပြင်ရိုးအပေါက်ကြီးကနေ ပန်းထွက်လာတော့တယ်။
အဲလူက တန့်သွားကာ ထိတ်လန့်သွားတယ်။ ယိချင်းက အရှိန်ကြောင့် တောင့်ခံနိုင်လိမ့်မယ် မထင်ခဲ့ဘူး။ ကူယွဲ့က ယိချင်းနောက် ရုတ်တရက် ပေါ်လာကာ ဓားထောင်ချီဆင့်ခေါ်ပြီး အဲလူကို နောက်ပြန်ဆုတ်သွားစေတယ်။
"စားဖိုမှူး..." သူ လက်တစ်ဖက်ပြတ်ကာ လောလောဆယ် မျက်နှာက စက္ကူဖြူတစ်ရွက်လို ဆွတ်ဆွတ်ဖြူနေတဲ့ ယိချင်းကို စိုးရိမ်တကြီးကြည့်လိုက်တယ်။ လက်ကောက်ဝတ်တစ်ချက်လှည့်ကာ ကူယွဲ့ အဲလူပေါ် နောက်တစ်ကြိမ် ဓားတစ်ထောင်ရွာစေပြန်တယ်။
ဒါပေမဲ့ တစ်ခုမှ အဲလူကိုမထိ။ အဲအစား အဲလူက ပုံသဏ္ဌာန်မဲ့သလိုမျိုး ဖြတ်သွားကာ မြေကြီးဆီ စိုက်ကုန်တယ်။
"မင်းတို့က တကယ်ကို သာမန်လက်ထောက်တွေ မဟုတ်ဘူးပဲ" အဲလူက သရော်ပြောကာ သူတို့နှစ်ယောက်ကို စဉ်းတီတုံးပေါ် ရုန်းကန်နေတဲ့ကြက်လေးတွေသာသာ ဘာမှမဟုတ်သလိုမျိုး အေးစက်စက် စိုက်ကြည့်တယ်။
"မင်းတို့က ငါ့ထိန်းချုပ်မှုကို ဖောက်ထွက်နိုင်တယ်ပေါ့၊ ကြည့်ရတာ မင်းတို့ လက်ထောက်အနေနဲ့ ရှိနိုင်သမျှ စွမ်းအားတွေအားလုံးကို ဖြည်ပြီးလုနီးပါးထင်တယ်၊ အဲလိုစွမ်းရည်မျိုးနဲ့ဆို... မင်းတို့ ထပ်ပြီးတိုးတက်လာဖို့ မျှော်လင့်ချက်မရှိတော့အောင် မြန်နိုင်သမျှမြန်မြန် မင်းတို့ကို ရှင်းထုတ်သင့်တာပဲ"
သူ စကားဆုံးဆုံးချင်း အဲလူအမူအရာက မည်းနက်သွားတယ်။ သူ ကူယွဲ့ကို လက်ညှိုးထိုးကာ ရောင်ခြည်တန်းတစ်ခုက သူ့လက်ချောင်းထိပ်က ထွက်လာတယ်။ ကူယွဲ့တုံ့ပြန်ဖို့အချိန် လုံးဝ မရလိုက်ဘူး။ အဲအစား ပခုံးထဲက စူးရှတဲ့နာကျင်မှုကိုခံစားလိုက်ရတယ်။
သူသိလိုက်ရတဲ့ နောက်အခိုက်အတန့်မှာတော့ သူ့ဓားက မြေကြီးပေါ် သူ့လက်မောင်းနဲ့အတူကျသွားပြီ။ သူ ကောင်းကင်ထဲဖွဲ့စည်းထားတဲ့ ဓားထောင်ချီတောင် မြေကြီးဆီ တစ်ပြိုင်နက်ကျကုန်တယ်။
အခြားမျက်နှာပြင်စီမံထိန်းသိမ်းသူက သူ့လက်ညှိုးကိုကွေးပြီး လေထဲ လှည့်ပတ်လိုက်တယ်။ ကြိုးကွင်းတွေ အထပ်ထပ်နဲ့ဆင်တဲ့ အလင်းရောင်က တစ်ခုချင်းစီပတ်လည်မှာပေါ်လာကာ အခု သွေးထွက်နေတဲ့လူနှစ်ယောက်ကိုယ်ခန္ဓာကို နောက်တစ်ကြိမ် တင်းမာစွာ ချုပ်ထားလေတယ်။ နောက်တော့ သူက လက်မြှောက်ပြီး သူတို့နှစ်ယောက်လုံးကို လေထဲမတင်လိုက်တယ်။ အလင်းကြိုးတွေက ပိုပိုပြီးကြပ်လာတယ်။ သူတို့ပတ်လည်က ဖိအားတိုးလာတာကိုလည်း ခံစားရတယ်။
ခုဆို ကူယွဲ့နဲ့ယိချင်း နှစ်ယောက်လုံး သွေးရွှဲရွှဲစိုနေပြီ။ အလင်းကြိုးတွေက သူတို့အရေပြားထဲ ဖြတ်တောက်သွားကာ နက်သထက်နက်လာတယ်။ သူတို့ဝိညာဉ်တွေကိုပါ ကြိုးတွေက ဖြတ်တောက်နေသလိုခံစားရပြီး အမြင်တွေဝါးလာတယ်။
ရှန်းရင်က ခုထိ စကားတစ်ခွန်းမှမပြော။ သူမက ကြောက်လန့်ကာ ဝိုင်းစက်နေတဲ့မျက်ဝန်းတွေနဲ့ ကြည့်နေတယ်။ တုန်ယင်စွာနဲ့ သူမရဲ့ အမတလှေလေးကို ဆုပ်ကိုင်ထားတာပြေသွားကာ မြေကြီးဆီ ကျသွားခဲ့တယ်။
"ဖေဖေ... မေမေ..."
သူမ လက်နှစ်ဖက်လုံး မြှောက်ပြီး သူတို့ကို မြေကြီးဆီ ပြန်ဆွဲခေါ်ဖို့ကြိုးစားတယ်။ ဒါပေမဲ့ အား အလုံအလောက်မရှိ။ အဲအစား သူမလက်လေးတွေသာ သူတို့သွေးတွေ ဖုံးလွှမ်းသွားခဲ့တယ်။