← Chapters

အခန်း (၄၃၉-၄၄၁)

Vol. 30 Ch. 439-441

အခန်း (၄၃၉-၄၄၁)

Vol. 30 Ch. 439-441

အခန်း ၄၃၉ ။ အိပ်မောကျခြင်း၏ အကြောင်းရင်း

"ဒါဆို ဆရာက... ဘယ်လိုလုပ် လက်ထောက်ဖြစ်လာတာလဲ" ယိချင်းက ဆက်မေးတယ်။

"စွမ်းအား အပြည့်အဝ မရခင် ငါက ရင်အာ့ကို မျက်နှာပြင်တွေ ဖြတ်တာလိုမျိုး လုပ်ခွင့်မပေးနိုင်ဘူးလေ၊ ဒါကြောင့် ငါ နောက်နည်းလမ်းတစ်ခု စဉ်းစားခဲ့တယ်၊ သူ ငါးနှစ်အရွယ်မှာ တီကောင်မျိုးစုရဲ့ မိခင်ဂြိုဟ်မှာ ထားခဲ့တယ်၊ အဲနေရာက မျက်နှာပြင်အစွန်းနဲ့နီးပြီး မျက်နှာပြင်စွမ်းအင် အကြွင်းအကျန်တချို့ ရှိတယ်၊ တီကောင်မျိုးနွယ်ရဲ့ မြင့်မားတဲ့တိုက်ခိုက်မှုအစွမ်းတွေနဲ့ ပေါင်းလိုက်တော့ တစ်နည်းအားဖြင့် သူ့ရဲ့ အကောင်းဆုံးလေ့ကျင့်ရေးကွင်းတွေဖြစ်လာတာပေါ့"

"ရင်အာက ငါ့ကိုစိတ်မပျက်စေခဲ့ဘူး၊ ၅နှစ်အတွင်း သူက ငါသူ့ဆီမှာ ချန်ထားခဲ့တဲ့ စီမံထိန်းသိမ်းသူ စွမ်းအားတစ်ဝက်ကို အပြည့်အ၀ ကျွမ်းကျင်သွားခဲ့ပြီ၊ ပြီးတော့ ၁၅နှစ်မှာ မျက်နှာပြင်ရဲ့ လက်ထောက်အစစ် ဖြစ်လာတယ်၊ မျက်နှာပြင်ကိစ္စအများစုကို သူပဲစီမံခဲ့တာ၊ စီမံထိန်းသိမ်းသူအဆင့် ကျူးကျော်သူ မရှိရင် များသောအားဖြင့် ငါဝင်ပါစရာမလိုခဲ့ဘူး"

ဂုဏ်ယူစရာတစ်ခုခုကို သတိရသွားသလိုမျိုး အပြုံးရိပ်တစ်ခုက ရှန်းကျင်းနှုတ်ခမ်းထောင့်မှာ ပေါ်လာတယ်။

"အဲတည်းက ကျူးကျော်သူတွေက ရင်အာ တဖြည်းဖြည်း သန်မာလာတာကို အာရုံခံမိလို့ထင် ငါတို့ မျက်နှာပြင်ဆီ လာရဲတာ နည်းသွားကြတယ်၊ သူ့စွမ်းရည်တွေကို လေ့ကျင့်ဖို့ အခွင့်အရေးလည်း နည်းသွားတာပေါ့၊ သူ့စွမ်းရည်တွေက အဲကျူး‌ကျော်သူတွေကို ရိုက်နှက်ရင်းက အများဆုံး ကြီးထွားလာတာလေ"

ရင်လေး ၂၅နှစ် ရောက်တည်းက မျက်နှာပြင်မှာ ကျူးကျော်သူက မရှိတော့သလောက်ပဲ။ ရင်လေးက ပိုသန်မာလာလေ သာမန်ကျူးကျော်သူတွေ သူမကို ထိခိုက်အောင် မလုပ်နိုင်ဘူးလို့ ထင်လာလေပဲ။ အထူးသဖြင့် ခိုင်ထျန်း ပေါ်လာပြီးတဲ့နောက် ဘယ်ကမှန်းမသိတဲ့ အဲငပျင်းအပြုအမူတွေကို သင်ယူပြီး စအလေလိုက်တော့တယ်။ ဟုတ်တာပေါ့ ဒါတွေကိုတော့ ဒီအရိုင်းအစိုင်းတွေဆီ အားလုံး ပြောပြဖို့မလိုဘူး။

နှစ်ယောက်သား တိတ်တဆိတ် ရှန်းကျင်းစကားဆုံးတာကို နားထောင်နေတယ်။ နောက်ဆုံးတော့ သူတို့ ၃နှစ်သမီးရှန်းရင်က ဘာလို့ဒီပုံစံကို တွေးပြီး ဘာလို့ ရှန်းကျင်းက ရှန်းရင် ထိခိုက်တာမြင်တိုင်း ရူးသွားရလဲ နားလည်သွားခဲ့ပြီ။ ဘာကြောင့်လဲဆိုတော့ အခက်ခဲဆုံးနေ့ရက်တွေမှာ သူတို့က အချင်းချင်းရဲ့ တစ်ဦးတည်းသောအဖော်ပဲ။

သူတို့ ဒီလောက်သန်မာတဲ့ ရှန်းရင်က ငယ်ငယ်တုန်းက ဒီလိုအန္တရာယ်များတဲ့နေရာမှာ နေမယ် တစ်ခါမှ မထင်ခဲ့ဘူး။ ဒီလိုသန်မာအောင် လုပ်မှပဲ သူမဆက်ရှင်သန်နိုင်မှာ။ ဒါကြောင့်၃နှစ်အရွယ်တည်းက သူမက သူမကိုယ်သူမ ရဲရင့်၊ ပြတ်သား၊ ရင့်ကျက်အောင် ဖိအားပေးခဲ့တာပဲ...။

ခဏတာ သုံးယောက်လုံး တိတ်ဆိတ်နေခဲ့တယ်။

ဘေးက စစ်ဆေးရေးကိရိယာ စမ်းသပ်မှုပြီးဆုံးကြောင်း အချက်ပြတဲ့ တီခနဲအသံ ပေါ်မလာခင်ထိပေါ့။ ရှန်းကျင်းကြည့်ရတာ နောက်ဆုံးတော့ သတိဝင်လာပုံပဲ။ သူမက ‌ရှန်းရင်ခေါင်းပေါ်က အဖြူရောင်ကိရိယာကို ချွတ်ကာ ရှေ့က စခရင်ကိုကြည့်တယ်။ အတော်ကြာပြီးတဲ့နောက် သူမက စကားပြောတယ်။

"ဒီတော့ တကယ်ပဲ ဒီလိုကိုး" အဲလိုပြောကာ သူက ဆိုဖာပေါ်မှာအိပ်နေသူကို စိုက်ကြည့်တယ်။

"ဒီငတုံးကတော့"

"ခေါင်းဆောင်၊ ဆရာ့ရဲ့ မကြာခဏ အိပ်စက်သွားမှုအတွက် အကြောင်းရင်းကို သိရပြီလား" ယိချင်းက အလောတကြီး မေးတယ်။ ကူယွဲ့လည်း စိတ်လှုပ်ရှားစွာကြည့်လာတယ်။

"အင်း အတော်များများပေါ့" ရှန်းကျင်းက ခေါင်းညိတ်တယ်။

"ငါစောနကပြောသလိုပဲ၊ သူ့ကိုယ်ထဲမှာ ငါ့စွမ်းအင်တစ်ဝက်ရှိတယ်၊ အချိန်အတော်ကြာပြီဖြစ်ပြီး အခုနဲ့ ယှဉ်ရင်တော့ ဘာမှမဟုတ်တဲ့ ငါ့စွမ်းအင်တစ်ဝက်ပေါ့"

"ပြီးတော့ ဒီစွမ်းအင်က ဆရာအိပ်ပျော်သွားရတဲ့ အကြောင်းရင်းလား"

"တစ်ဝက်ပေါ့၊ တခြားတစ်ဝက်ကတော့ အလွန်အကျွံ သုံးစွဲမိတာကြောင့် ဖြစ်သေးတယ်" သူက ဆန့်ကျင်ဘက်ကလူကို တစ်ချက်စိုက်ကြည့်ကာ ဆက်ရှင်းပြတယ်။

"ရှန်းရင် ဒီမျက်နှာပြင်ကို တာဝန်ယူပြီးတဲ့နောက်မှာ သူမက တကယ့်စီမံထိန်းသိမ်းသူ ဖြစ်နေပြီ၊ အရင်က မျက်နှာပြင်၂ခုစွမ်းအင် တည်ရှိမှုကြောင့် သူမရဲ့ကိုယ်ပိုင်စွမ်းအားက ငါ့ထက် အများကြီး ကျော်လွန်နေတယ်၊ ဒါကြောင့် သူမကိုယ်က သူမကိုယ်ထဲကျန်ရစ်ခဲ့တဲ့ ပြင်ပစွမ်းအားကို အလိုလို တွန်းလှန်နေတာပဲ"

"အဲဒါကြောင့် ဆရာက..." ယိချင်း မျက်မှောင်ကြုတ်လိုက်တယ်။

"ဒါဆို ဘာလို့ သူ..."

"ဒီစွမ်းအင်ကို မဖယ်ရှားတာလဲ" သူမက သူ့သံသယကို တန်းထုတ်ပြောပြီး ကူကယ်ရာမဲ့မှုတချို့နဲ့ သက်ပြင်းချတယ်။

"ဖြစ်နိုင်တာတော့ သူမက... ငါဒေါသထွက်မှာကို ကြောက်လို့နေမှာ"

"..."

"သူက ငါ့ညီမလေ၊ ဒီကမ္ဘာရဲ့ စီမံထိန်းသိမ်းသူဖြစ်နေတယ်ဆိုတာက အရင်မျက်နှာပြင်နဲ့ ဆက်စပ်မှု မရှိတော့ဘူးဆိုတဲ့ သဘောပဲ၊ သူမက ငါနဲ့ဆက်စပ်မှုနည်းနည်းလေး ရှိဖို့အတွက် ဒီစွမ်းအားတစ်ဝက်ကို သိမ်းထားချင်ခဲ့တာ" သူမက ဆိုဖာပေါ်က လူကို လှည့်ကြည့်ကာ တစ်ချိန်တည်းမှာပဲ ခေါင်းကို ပွတ်သပ်ပေးလိုက်တယ်။ အိပ်ပျော်သွားစေတဲ့အထိ တွန်းလှန်ခံရတာတောင် သူမကို စိတ်အနှောင့်အယှက် မဖြစ်စေချင်ခဲ့တာ... ဘယ်လောက်တောင် ကြောင်အတဲ့ ကလေးမပါလိမ့်။ သူမသင်ကြားရေးမှာ ဘာတွေများ မှားယွင်းသွားလို့ ဒီလိုခေါင်းကြောမာပြီး တုံးအတဲ့ညီမကို ရခဲ့တာလဲ။

သူမကို ဒီတိုင်း မေးကြည့်လို့ နာသွားမှာမို့လား။

"ခေါင်းဆောင်ရှန်း၊ ဒါဆို ဆရာ့ပေါ်က စွမ်းအင်ကို ကျေးဇူးပြုပြီး ယူ..." ယိချင်း တောင်းဆိုဖို့ ကြိုးစားကြည့်တယ်။

"နင် ငါ့ကို ပြောဖို့မလိုပါဘူး" ရှန်းကျင်းက သူ့ကိုကြားဖြတ်ပြောကာ ငတုံးတစ်ယောက်ကို ကြည့်နေရသလိုမျိုး ကြည့်လာတယ်။ နင့်လို အရိုင်းအစိုင်းရဲ့ အကြံပေးမှု မလိုဘဲ ငါ့ညီမငါ့ဘာသာ စောင့်ရှောက်မယ်

"ဟမ့် ကိုယ့်ကိုယ်ကိုယ် ဥာဏ်ကောင်းတယ်လို့ ထင်ပြီး မျက်နှာပြင်လမ်းကြောင်းကို တစ်ချိန်လုံး ပိတ်ထားတဲ့ နင်တို့နှစ်ယောက်ကြောင့်သာ မဟုတ်ရင် ငါ သူ့အခြေအနေကို ဘယ်လိုလုပ် ဒီလောက် နောက်ကျမှ သိမှာလဲ"

သူ့ကိုယ်သူ ဉာဏ်ကောင်းတယ်ထင်တဲ့ ကူယွဲ့ ။ ။ "..."

သူ့ကိုယ်သူ ဉာဏ်ကောင်းတယ်ထင်တဲ့ ယိချင်း ။ ။ "..."

နှစ်ယောက်သား တူတူခေါင်းငုံ့သွားတယ်။ မျက်နှာပြင်ကို ချိပ်ပိတ်တာ သူတို့ မဟုတ်ပေမဲ့ ခေါင်းဆောင်ပြောတာအကုန် မှန်ပါတယ်။

ရှန်းကျင်းက နောက်တစ်ကြိမ် နှာမှုတ်ကာ ရှန်းရင်ရဲ့ နဖူးကို လက်ညှိုးနဲ့ လှမ်းထောက်လိုက်တယ်။ ချက်ချင်းပဲ ရင်းနှီးနေတဲ့စွမ်းအားတစ်မျိုးက နောက်ဆုံးတော့ ပိုင်ရှင်ကို ရှာတွေ့သွားသလိုမျိုး ပျော်ရွှင်စွာ အပြေးအလွှား ဝင်လာတယ်။ ငါးမိနစ်အတွင်း စွမ်းအားတွေအကုန် သူမကိုယ်ထဲ ပြန်ရောက်လာခဲ့တယ်။

ပြီးတော့ ဆိုဖာပေါ် လှဲနေတဲ့ကိုယ်ခန္ဓာက စတင်ကြီးထွားလာတယ်။ နဂိုက ဆိုဖာရဲ့သုံးပုံတစ်ပုံပဲရှိတဲ့ ခန္ဓာကိုယ်က ရုတ်တရက်ဆိုဖာကိုအပြည့်ယူသွားတယ်။ တစ်ခုပဲ သူမကိုယ်ခန္ဓာမှာ ကလေးဆန်မှုတချို့ ရှိသေးတယ်။ တစ်ချိန်တည်းမှာပဲ ရင်းနှီးနေသလို ထူးလည်းထူးဆန်းနေတယ်။

"ဒါက... ဒါက ၁၅နှစ်ရှန်းရင် မဟုတ်လား" ကူယွဲ့ သူမကို ချက်ချင်းမှတ်မိသွားတယ်။ သူက သူမ ချက်ချင်းသက်သာသွားမယ်ထင်နေတာ။ အဲတော့ ၁၅နှစ်ဆီကိုပဲ ပြန်ရောက်သွားမှာလား။

"ငါ ခုလေးတင် ပြောပြီးသား၊ ငါရဲ့အဲစွမ်းအားက တစ်ဝက်ပဲ" ရှန်းကျင်းက နင်နားကန်းနေတာလားဆိုတဲ့ အကြည့်နဲ့ ကြည့်လေတယ်။

"မျက်နှာပြင်အသစ်ဖွင့်တာကနေ အလွန်အကျွံသုံးစွဲမှုက အနားယူဖို့လိုသေးတယ်"

"ဒါဆို ဆရာက ဘယ်ချိန်ပြန်သက်သာလာမှာလဲ"

ရှန်းကျင်း တစ်ခုခုကို မှတ်မိသွားပုံပဲ။ သူမက မျက်ခုံးပင့်တယ်။

"မကြာခင် ဖြစ်နိုင်တယ်၊ သူ..."

သူမ စကားမဆုံးခင် ဆိုဖာပေါ်ကလူက ရုတ်တရက် မျက်မှောင်ကြုတ်ကာ နိုးလာတယ်။ သူမက မျက်လုံးဖွင့်လိုက်တော့ ဘေးမှာထိုင်နေတဲ့ ရှန်းကျင်းကိုမြင်လိုက်ရတယ်။ နဂိုက အိပ်ငိုက်မှုနည်းနည်း ရှိနေတဲ့မျက်နှာက စက္ကန့်ပိုင်းအတွင်း ဖြူဖျော့သွားကာ ထိတ်လန့်မှုတချို့နဲ့ စကားပြောလာတယ်။

"မကြီး"

နောက်အခိုက်အတန့်မှာ သူမတစ်ကိုယ်လုံး လျှပ်တို့ခံလိုက်ရသလို တစ်ကိုယ်လုံး တုန်ယင်သွားတယ်။ သူမ ရုတ်ခြည်းထရပ်ကာ အလောတကြီးနိုင်မှုကြောင့် ရှေ့က ကော်ဖီခွက်ကိုပါ တိုက်မိသွားတယ်။ သူမ အလိုလို ပွတ်ပေးချင်ပေမဲ့ အတင်းတားလိုက်ရတယ်။ သူမတစ်ကိုယ်လုံး ခဲတံတစ်ချောင်းလို မတ်မတ်ရပ်တယ်။ သူမက စတင်စကားပြောတယ်။

"ငါ အိမ်စာတွေ အားလုံးပြီးပြီ၊ အလုပ်တွေအားလုံးရောပဲ တကယ်ပါ" သူမ အလေလိုက်လို့ အိပ်ပျော်နေတာ မဟုတ်ပါဘူး

ရှန်းကျင်း ။ ။ "..."

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

ဒါ ဘယ်လိုတောင် ထူးခြားလိုက်တဲ့ တုံ့ပြန်မှုလဲ။

"အိုး" ရှန်းကျင်း ပြောစရာ ကင်းမဲ့နေတယ်။ သူမ ရေခဲဘုရင်မပုံစံ နောက်တစ်ကြိမ် ပြန်ပြောင်းသွားတယ်။ တကယ်ပဲ ကြီးပြင်းလာတဲ့ ရင်လေးက လုံးဝချစ်စရာ မကောင်းတော့ဘူး။ အထူးသဖြင့် သူမနဲ့ အဝေးဆုံးနေတဲ့ ပုန်ကန်တတ်တဲ့အရွယ်အတွင်းပေါ့။

အဲတော့မှ ရှန်းရင် သူမဘေးက စားဖိုမှူးနဲ့ဖေဖေနျိုကို မြင်သွားတယ်။ ဘယ်နေရာရောက်နေလဲဆိုတာ မှတ်မိသွားသလိုမျိုး သူမ တောင့်တင်းသွားခဲ့တယ်။

"မကြီး၊ အခု နင်..."

ရှန်းကျင်းက ချစ်စရာမကောင်းတဲ့ ဒီညီမကို အေးစက်စက်ကြည့်ကာ ဆိုဖာကိုမှီပြီး လေးနက်စွာ ပြောလိုက်တယ်။

"အဲကျူးကျော်လာတဲ့ စီမံထိန်းသိမ်းသူကို နင့်အတွက် ဖြေရှင်းပြီးပြီ၊ ဟမ့် နင့်ကို ဒီနှစ်တွေအားလုံးမှာ သင်ပေးခဲ့တာတောင် ဒီလိုအဆင့်နိမ့်ငတုံးတွေကိုတောင် မကိုင်တွယ်နိုင်ဘူး၊ ပြီးတော့ ငါ့ကို အကူအညီတောင်းရဲတဲ့မျက်နှာ ရှိသေးတယ်၊ နင် ဒီနှစ်တွေအတွင်း သင်ယူထားတာတွေ ဘယ်ရောက်ကုန်လဲ"

ရှန်းရင်က မျက်နှာမည်းနက်သွားကာ အမှားလုပ်မိတဲ့ကလေးလို ခေါင်းတန်းငုံ့သွားတယ်။

"တောင်းပန်ပါတယ် မကြီး"

"တောင်းပန်လို့ ဘာကောင်းလဲ" ရှန်းကျင်းမျက်နှာက နည်းနည်းလေးတောင် မပြေလျော့သွား။

"နင်ဒီလိုဖြစ်မယ်မှန်းသာ သိခဲ့ရင် ဒီမျက်နှာပြင်လက်ခံဖို့ကို သဘောတူခဲ့မှာ မဟုတ်ဘူး၊ နောက်တစ်ကြိမ်ဆို နင့်ကို စိတ်ထဲထားဖို့ ငါပျင်းလွန်းသွားလိမ့်မယ်"

"ဟုတ်ကဲ့ပါ မကြီး၊ သဘောပေါက်ပါတယ် မကြီး"

"နင် ဒီမျက်နှာပြင်ကို ရွေးခဲ့တာပဲ၊ ငါအများကြီး မစွက်ဖက်နိုင်ဘူး၊ ကိုယ့်ဘာသာဂရုစိုက်"

အဲလိုပြောပြီး သူမက မျက်နှာပြင်တံခါးကို တန်းဖွင့်ကာ စကားတစ်ခွန်းမှ ထပ်မပြောဘဲ ထွက်သွားတယ်။

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

စောနလေးကတင် ရင်လေးကို ချီပြီး 'အချစ်လေး' လို့ခေါ်နေခဲ့တာ ဘယ်သူတုန်း။ ဟဲလို။

သူတိုဘ ၁၅နှစ်အရွယ် ရှန်းရင်ရဲ့ အနေရခက်တဲ့ ရက်စက်မှုက ဘယ်ကလာလဲ ရုတ်တရက် နားလည်သွားခဲ့ပြီ။

သံသယမရှိ သူတို့က တကယ့်ညီအစ်မအရင်းတွေပဲ၊ ၁၀၀ ရာခိုင်နှုန်းအတည်ပြု။

o(╯□╰)o

...

အခန်း ၄၄၀ ။ ယတိဆုံးဖြတ်ချက်

ရှန်းကျင်း ထွက်သွားတဲ့နောက် နေရာက နှစ်မိနစ်တိတိ တိတ်ဆိတ်နေပြီးမှ သုံးယောက်သား စိတ်အခြေအနေ ပြေလျော့သွားခဲ့တယ်။ သူတို့က သဘောတူထားသလိုမျိုး အတူတူ စိတ်သက်သာရာရတဲ့ သက်ပြင်းမျိုး ချလိုက်ကြတယ်။ ကူယွဲ့ ဆိုဖာပေါ် တန်းထိုင်ချမိတယ်။

သူတို့အရမ်းကို ကြောက်နေခဲ့တာ

သူမ နောက်ဆုံးတော့ ထွက်သွားပြီ။ ခေါင်းဆောင်ရှန်းက ကျူးကျော်သူတွေထက် အများကြီး ပိုကြောက်ဖို့ကောင်းတယ်။

"ဆရာ..." ယိချင်း ရှေ့ကိုတစ်လှမ်းတိုးကာ မျက်နှာက စိုးရိမ်မှုအပြည့်နဲ့ ရှန်းရင်ကို သေချာကြည့်တယ်။

"အဆင်... ပြေရဲ့လား၊ အဲကျူးကျော်သူက ထိခိုက်အောင်လုပ်ခဲ့သေးလား" အဲလိုပြောကာ သူက သူမလက်ကို ဆွဲပြီး မသေချာစွာ သူမသွေးကြောကို စတင်စစ်ဆေးတော့တယ်။

ရှန်းရင် မျက်နှာနီရဲသွားပြီး နှလုံးသားက နွေးထွေးသွားတယ်။ သူမကောင်လေးက သူမအတွက် အရမ်း စိုးရိမ်နေတာလား။ အင်း၊ သူက အသင့်အတင့်ရှိတဲ့ ကောင်လေးဖြစ်ပြီး အားပေးစကားတချို့ ထိုက်တန်တယ်။

အဲလိုပြောကာ သူမက အပြုံးတစ်ပွင့်ကို ထိန်းထားဖို့ကြိုးစားကာ တည်ကြည်မှုအပြည့်နဲ့ ပြောလိုက်တယ်။

"ဟမ့် သာမန်ကျူးကျော်သူလေးပဲဟာ၊ ငါ ဒါတွေကို လုံလုံလောက်လောက်မြင်ဖူးတယ်၊ သူက ငါ့ကို ထိခိုက်အောင် ဘယ်လိုလုပ် လုပ်နိုင်မှာလဲ"

အဲလိုပြောကာ သူမရဲ့ ရေခဲအကြည့်က မျက်နှာချင်းဆိုင်ကလူကို ခေါင်းစခြေဆုံးကြည့်တယ်။ စောနက ဒဏ်ရာတွေကို သတိရသွားတော့ သူမအနည်းငယ်သနားသွားကာ ထပ်ဖြည့်ပြောလိုက်တယ်။

"စကားမစပ်... နင်က လက်ထောက်ရဲ့ စွမ်းအင်အစစ်ကို ကျွမ်းသွားပြီပဲဟာ၊ ဘယ်လောက်တောင် တုံးအလို့ ကျူးကျော်သူတွေ ဒီလောက်ဆိုးဆိုးဝါးဝါးထုထောင်းတာကို ခံရသေးတာတုံး"

"..." နှလုံးသားထဲ ဓားတစ်ချောင်းပဲ

ဖွီ...။

စားဖိုမှူးတောင် တိုက်ခိုက်ရည်စွမ်းရည်အတွက် အထင်သေးခံရတဲ့နေ့ ရှိသေးတာပဲ။ ကူယွဲ့ မနေနိုင်ဘဲ အသံကျယ်ကြီး ရယ်မိလိုက်တယ်။

ဒါပေမဲ့ ရှန်းရင်ရဲ့အကြည့်က နောက်ဆုံးတော့ သူ့ဆီရောက်လာတယ်။

"အတူတူ ဒီလောက် ဆိုးဆိုးဝါးဝါး ထုထောင်းခံရတဲ့ နောက်တစ်ယောက်က သူ့ကို ရယ်ဖို့ ဘာအခွင့်အရေးရှိလဲ"

ကူယွဲ့ ။ ။ "..." သူလည်း နှလုံးသားထဲ ဓားတစ်ချောင်း

"ဟေးဟေး..." ကူယွဲ့ နှုတ်ခမ်းတွန့်သွားကာ မနေနိုင်ဘဲပြောလိုက်တယ်။

"အဲကျူးကျော်သူက တခြားမျက်နှာပြင်ရဲ့ စီမံထိန်းသိမ်းသူလေ၊ ပြီးတော့ မျက်နှာပြင်ဆယ်ခုကိုတောင် ဖျက်ဆီးခဲ့ပြီးတဲ့သူ ငါတို့ အနည်းဆုံးတော့ အချိန်ဆွဲပေးခဲ့တာပဲ၊ ပြီးတော့ ဝမ်းနည်းတကြီးငိုပြီး မိဘတွေကို ခေါ်နေခဲ့တဲ့သူက ဘယ်သူလဲ"

"..." ရှန်းရင် မျက်နှာဖြူဖျော့သွားတယ်။ သူမက အဲဒါကို မှတ်မိသွားကာစဖြစ်ပုံပဲ။ တစ်ကိုယ်လုံး တောင့်တင်းသွားလေတယ်။ ၃နှစ်အရွယ် ပြန်ရောက်သွားပြီးတဲ့နောက် အများကြီး မမှတ်မိတော့တောင် တချို့ကိုတော့ ခပ်ရေးရေး မှတ်မိနေသေးတယ်။ အစ်မကြီး ဒီမှာ ရုတ်တရက် ပေါ်လာရတဲ့ အကြောင်းရင်းက ဖြစ်နိုင်တာက... တကယ်တော့... တကယ်ပဲ သူမကို ခေါ်လိုက်မိလိုက်လို့ထင်တယ်။

သူမမျက်နှာက မည်းသထက် မည်းလာတယ်။ ရှက်... ရှက်စရာကောင်းလိုက်တာ။ တကယ်ပဲ သူမကို ကယ်ပေးဖို့ အုပ်ထိန်းသူကို ခေါ်မိခဲ့တယ်ပေါ့။ ဒါ ၁၅နှစ်အတွင်း သူမရဲ့အဆိုးဝါးဆုံးသမိုင်းပဲ။

(*꒦ິ꒳꒦ີ)

ဘာလုပ်ရမလဲ။ ဘာလုပ်ရမလဲ။ သူမနောက်လိုက်တွေရှေ့ အရှက်ကွဲပါပြီ။

၁၅နှစ်အရွယ်ရှန်းရင် ရင်ထဲသွေးပျက်မှုကြီး ခံစားလိုက်ရတယ် ဒါပေမဲ့ သူမမျက်နှာပေါ်က အဖက်မလုပ်မှုကတော့ အရင်အတိုင်း တစ်ပုံစံတည်းပဲ။ သူမက တန်းအကြည့်လွှဲသွားကာ လေးနက်တဲ့ပုံစံနဲ့ပြောတယ်။

"နောက်တော့ ငါတို့ ကျူးကျော်သူအကျန်တွေရဲ့ ပြဿနာကို ရှင်းရဦးမယ်"

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

သူမက စကားလမ်းကြောင်းလွှဲနေတာပဲမလား။ သေချာပေါက်ပဲ သူမက သူ့ကို အကြည့်တောင် မဆိုင်ရဲတော့ဘူး

"ဆရာ ဘာအကြွင်းအကျန်ပြဿနာတွေလဲ" ယိချင်းက စိတ်သက်သာရာရသွားကာ သူမလက်ကို လွှတ်ပြီး သူ့ဆရာကိုသူ ထွက်ပေါက်ပေးလိုက်တယ်။

"သေချာပေါက် အဲဒီကမ္ဘာငယ်တွေနဲ့ပေါ့" ရှန်းရင်က အမြန် စခရင်တစ်ခုဖွင့်လိုက်တယ်။ ရည်ရွယ်ချက်ရှိရှိလားတော့ မသိ သူမမျက်နှာကို ပြီးပြည့်စုံစွာ ကာထားလေရဲ့။ အရမ်းကောင်းတယ်၊ စကားလမ်းကြောင်းကို အောင်အောင်မြင်မြင် ပြောင်းလဲလိုက်ပြီ။

╭(・ᄇ・)و̑̑

သူမက ရှေ့က မျက်နှာပြင်သစ်ပင်ကို လက်ညှိုးထိုးကာ အေးစက်နေဆဲ အမူအရာနဲ့ပြောတယ်။

"မျက်နှာပြင်သစ်ပင်က ပြန်မကောင်းသေးတာ နားမလည်ကြဘူးလား၊ စီမံထိန်းသိမ်းသူကိုယ်တိုင် ကျူးကျော်ဖို့ ရောက်လာတယ်ဆိုတော့ သူတို့မျက်နှာပြင်တစ်ခုလုံး တူတူကျူးကျော်တယ်ဆိုတာကို သက်သေပြနေတယ်၊ စီမံထိန်းသိမ်းသူက သေသွားပြီဆိုပေမဲ့ ငါတို့မြန်မြန်မဖြေရှင်းရင် အဲဒီကမ္ဘာငယ်လေးတွေထဲ ကျူးကျော်ပြီးသား လူတွေက ဒီလောကကို သက်ရောက်စေဦးမှာပဲ"

နှစ်ယောက်သားရဲ့ မျက်နှာ ပျက်သွားတယ်။ သူတို့ ရွှေရောင်မျက်နှာပြင်သစ်ပင်ဘက် လှည့်ကာ ရှန်းရင်ဘက် ပြောသလိုမျိုးပဲ အဲဒီမေ့ပျောက်မြစ်ကို နေရာယူထားတဲ့ အဖြူရောင်အဆင်ပုံစံတွေက ‌ရွှေရောင် ပြန်ပြောင်းသွားမဲ့အရိပ်အယောင်တွေ ရှိပေမဲ့ ပျောက်တော့ မပျောက်သွားသေးဘူး။

သစ်ပင်တစ်ခုလုံးက နာမကျန်းဖြစ်နေကာ အာဟာရချို့တဲ့နေတဲ့ပုံပေါ်ပြီး ရံဖန်ရံခါ သစ်ရွက်ကြွေလာတာတောင် ရှိတယ်။

"ဒါဆို ငါတို့ ဘာလုပ်ကြမလဲ" ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ တကယ်ပဲ ကျူးကျော်သူတွေ အများကြီး၊ အမတဘုံကို တိုက်ခိုက်ခဲ့တဲ့သူတွေနဲ့တင် မရေမတွက်နိုင်ဘူး။ ပြီးတော့ သူတို့ရဲ့ပုံစံအစစ်က မမြင်ရတဲ့အဖြူရောင်အလင်းပုံစံမျိုး။ အဲဒါတင်မက သူတို့တွေက လူတစ်ယောက်ရဲ့အသိစိတ်ကိုပါ ကျူးကျော်နိုင်ပြီး ရည်ရွယ်ချက်ရှိရှိဟန်ဆောင်နိုင်တော့ ပြောရခက်တယ်။

"ငါတို့ သူတို့ကိုရှာဖို့ ကမ္ဘာငယ်လေးတိုင်းကို သွားလို့မရဘူးလေ၊ အဲဒါ ဘယ်လောက်တောင် ကြာလိုက်မလဲ" ပြီးတော့ အဲအရာအများစုက မေ့ပျောက်မြစ်ကို စိုးမိုးထားတာ။ ဆိုလိုတာက သူတို့တွေက အဆက်မပြတ် ရွေ့လျားနေတာ။ သူတို့ကိုလုံးဝရှင်းထုတ်ဖို့က မဖြစ်နိုင်ဘူး။

"သေချာပေါက် ငါတို့ တစ်ယောက်ချင်းစီကို လိုက်မရှာနိုင်ဘူးပေါ့" စခရင်ကို ထိန်းညှိနေတဲ့ ရှန်းရင်လက်က ရပ်မသွား။ အချက်အလက်တွေက အကြောင်းလိုက် ဖြတ်ပြေးသွားတယ်။ သူမက အချိန်အတော်ကြာမှ စကားပြောလာတယ်။

"ငါ အဲစီမံထိန်းသိမ်းသူရဲ့ အချက်အလက်ကို စစ်ဆေးပြီးပြီ၊ သူတို့တည်ရှိမှုက ပျားအုံလိုပုံစံမျိုး အုပ်စုလိုက်နေထိုင်မှုအပေါ် အခြေခံတာ၊ သူတို့နဂိုမျက်နှာပြင်က ပျောက်ကွယ်သွားသင့်တာ ကြာလှပြီ၊ စီမံထိန်းသိမ်းသူက ပျားဘုရင်မလိုပြ၊ သူ အခုသေသွားပြီဆိုတော့ တခြားကျူး‌ကျော်သူတွေက ဖြည်းဖြည်းချင်း မပျောက်ကွယ်ခင် အသက်ကြာကြာရှည်မှာ မဟုတ်ဘူး၊ တစ်ခုပဲ၊ ဒီအချိန်က ဆယ်စုနှစ်လည်းဖြစ်နိုင်တယ်၊ ရာစုနှစ်လည်းဖြစ်နိုင်တယ်"

"ကြာလိုက်တာ" ကူယွဲ့ထိတ်လန့်ကာ စိတ်ပူပန်သွားတယ်။

"အဲအရာတွေက အသိစိတ်ကို အပိုင်သိမ်းတာ၊ သူတို့ လူတစ်ယောက်အပေါ်ကြာကြာရှိနေလေ ဝိညာဉ်ကို သုံးစွဲမှုများလေပဲ၊ ဆယ်စုနှစ်တချို့ တောင့်ခံနိုင်တဲ့ အမတတွေ၊ ကျင့်ကြံသူတွေအတွက်တော့ ပိုကောင်းပေမဲ့ သေမျိုးဆိုရင်တော့ အဲလူရဲ့ဝိညာဉ်ရော အသိစိတ်ပါ လုံးဝပျောက်ကွယ်သွားလိမ့်မယ်"

"အဲဒါကြောင့် ငါ သူတို့ကို ချက်ချင်း ဖြေရှင်းဖို့လိုတယ်လို့ ပြောတာပေါ့" ရှန်းရင်က စခရင်ကိုပိတ်ကာ အသက်ပြင်းပြင်းရှူလိုက်တယ်။

"ကံကောင်းတာ အများစုက မေ့ပျောက်မြစ်ကတစ်ဆင့် ကမ္ဘာငယ်လေးတွေထဲ ကျူးကျော်ခဲ့ပြီး ကုန်လွန်သွားတဲ့အချိန်က မကြာသေးဘူး၊ အရှိန်အဝါက မပျောက်သေးတာမို့ ငါသူတို့ကို ခြေရာခံပြီး တစ်ခါတည်း ရှင်းထုတ်ပစ်ဖို့ ကြိုးစားကြည့်လို့ရတယ်"

အဲလိုပြောကာ သူမက လက်တစ်ဖက်လှမ်းပြီး သစ်ပင် ပင်စည်ပေါ် တန်းဖိလိုက်တယ်။ စောနက တစ်ခါမှ စကားမပြောတဲ့ စားဖိုမှူးက ရုတ်တရက် ရှေ့တက်လာကာ သူမလက်ကိုဆွဲဖမ်းတယ်။

"ဆရာ..." သူက သူ့ရှေ့ကလူကို စိုးရိမ်မှုတချို့နဲ့ကြည့်တယ်။ အရင်ကဖြစ်ရပ်တွေကြောင့် သတိဝင်လာပြီး သူ သူမအတွက် ပိုတောင်စိတ်ပူပန်လာတယ်။

"ကျွန်တော့်ကို... အရင်ပေးလုပ်ကြည့်ပါလား" ရှန်းကျင်းက သူမကိုယ်ခန္ဓာက အပြည့်အဝ မကောင်းသေးဘူးလို့ ပြောသွားတယ်။ ခန့်မှန်းမရတဲ့တစ်ခုခု ဖြစ်မှာကို သူတကယ်ပဲ ကြောက်နေတာ။

ရှန်းရင်က ခဏမှင်တက်သွားကာ ခေါင်းလေးစောင်းလိုက်တယ်။

"ဒါပေမဲ့ နင်က စီမံထိန်းသိမ်းသူ မဟုတ်ဘူးလေ၊ နင်က မျက်နှာပြင်တစ်ခုလုံးကို မထိန်းချုပ်နိုင်ဘူး"

ယိချင်းက သူ့ရှေ့က သစ်ပင်ကိုလှည့်ကြည့်တယ်။ ဘာကြောင့်မှန်းမသိ ထူးဆန်းတဲ့ခံစားချက်တစ်မျိုး သူ့နှလုံးသားထဲ ဖြတ်ပြေးလာကာ လုပ်နိုင်တယ်လို့ ခံစားရတယ်။

"တစ်ခေါက်ပဲ ကြိုးစားကြည့်ပါ့မယ်"

"ကောင်းပြီလေ" ရှန်းရင် နောက်ပြန်ဆုတ်လိုက်တယ်။

သူက ရှေ့တစ်လှမ်းတက်ကာ သစ်ပင် ပင်စည်ကို လက်တစ်ဖက်ဖိပြီး မျက်လုံးမှိတ်လိုက်တယ်။ ရုတ်တရက် တစ်ခုခုက သူ့ကိုယ်ထဲကနေ ထွက်လာတယ်။ အရင်တစ်ခေါက်က လက်ထောက်စွမ်းရည်နဲ့ ယှဉ်ရင် ဒီတစ်ကြိမ်က အများကြီးပိုနူးညံ့တယ်။ အချိန်တစ်ခုအတွင်း သစ်ပင်တစ်ခုလုံး တစ်ခုခုကိုပြန်ဖြေနေသလိုမျိုး လှုပ်ယမ်းလာတယ်။

ခဏအတွင်း သစ်ပင်တစ်ပင်လုံး ရွှေရောင်တောက်ပလာပြီး ပိုထိန်လင်းသထက် ထိန်လင်းလာတယ်။ သူတို့ပတ်ဝန်းကျင်က မြက်ခင်း‌ပြင်တွေတောင် ရွှေရောင်ဆိုးထားသလိုပဲ။ ရုတ်တရက် အဖြူစက်လေးတွေ သစ်ပင်ကနေ လွင့်မျောလာကာ ပတ်ဝန်းကျင်ဆီ နှင်းမှုန်လေးတွေလို သွားလေတယ်။

သစ်ပင်ပေါ်က မေ့ပျောက်မြစ်တစ်ခုလုံးကို စိုးမိုးထားတဲ့ အဲဒီအဖြူရောင်အဆင်တွေက ဖြည်းဖြည်းချင်း ပျောက်ကွယ်ကာ နဂိုရွှေရောင်အဖြစ် ပြန်ပြောင်းလာတယ်။ ဆယ်မိနစ်အတွင်း နဂိုက ဖျားနာနေသလို သစ်ပင်က နွေဦးဟာ ခြောက်ကပ်နေတဲ့သစ်ပင်အတွက် ရောက်လာသလို အသက်ဝင်လာတယ်။ မြေကြီးပေါ်ကျပြီးသား သစ်ရွက်တွေတောင် ဗီဒီယိုကို နောက်ပြန်ရစ်သလိုမျိုး ပြန်ပျံတက်လာပြီး သစ်ကိုင်းတွေဆီ ရောက်သွားတယ်။

နောက်ဆယ်မိနစ်အတွင်း အဲဒီလွင့်မျောနေတဲ့ အဖြူစက်လေးတွေက တဖြည်းဖြည်း နည်းလာကာ လုံးဝ ပျောက်ကွယ်သွားတော့တယ်။ ဒီအချိန် မျက်နှာပြင်သစ်ပင်က နဂိုအခြေအနေဆီ ပြန်ရောက်သွားပြီ။ ယိချင်း မျက်လုံးကို ဖွင့်ကာ လက်ကိုပြန်ရုပ်လိုက်တယ်။ အမြင်မှားတာ ဖြစ်နိုင်ပေမဲ့ မျက်နှာပြင်သစ်ပင်က အရင်ကထက် ပိုသန်မာလာတယ်လို့ ခံစားရတယ်။

"တော်တယ် စားဖိုမှူး" ကူယွဲ့ပါ အနည်းငယ် ထိတ်လန့်သွားတယ်။ အစက ရှန်းရင်အတွက် စိုးရိမ်နေရုံပဲလို့ ထင်ခဲ့ပေမဲ့ အဲဒီကျူးကျော်သူတွေအားလုံးကို တကယ်ပဲ နှင်ထုတ်ပစ်မယ်မထင်ခဲ့ဘူး။

"မင်းမှာ ဒီလိုအစွမ်းရှိမယ်လို့ ငါမထင်ခဲ့ဘူး" လွင့်မျောထွက်သွားတဲ့ အလင်းစက်တွေကိုကြည့်ရင် ကျူးကျော်သူအရေအတွက်က ဘယ်လောက်ဆိုးလဲဆိုတာ သိနိုင်တယ်။ သူကိုယ်တိုင်ကတော့ လက်ထောက်စွမ်းအင်ကို ကျွမ်းကျင်သွားပြီဆိုပေမဲ့ ဒီလိုမျိုးလုပ်ဖို့တော့ ယုံကြည်ချက်မရှိသေးဘူး။

"ပြောပါဦး၊ မင်း ဘယ်လိုလုပ်ခဲ့တာလဲ"

"ကျွန်တော်... ကျွန်တော် မသိဘူး" ယိချင်းက သူ့လက်ဖဝါးကို အူကြောင်ကြောင်ကြည့်နေတယ်။ သူ မျက်နှာပြင်သစ်ပင်ကို ထိလိုက်တဲ့အခိုက်အတန့်မှာ အလိုအလျောက် လုပ်မိခဲ့တာသာဖြစ်ပြီး အဲကျူးကျော်သူတွေက ပျောက်သွားတာပဲ။ ဒါက... အလိုအလျောက်တုံ့ပြန်မှုမျိုးလား။

"ထားပါတော့လေ ဖြေရှင်းပြီးတော့ ကောင်းတာပေါ့" ကူယွဲ့လည်း ဂရုစိုက်မနေဘဲ မျက်နှာပြင်လမ်းကြောင်းကို ဖွင့်လိုက်တယ်။

"ငါတို့မြန်မြန်ပြန်တာ ကောင်းမယ်၊ ဂိုဏ်းမှာ အခုဘယ်လိုဖြစ်နေလဲ မသိဘူး"

ယိချင်း ခေါင်းညိတ်ကာ အကျင့်အတိုင်း ရှန်းရင်ကို လှမ်းဆွဲလိုက်တယ်။

"ဆရာ အိမ်ပြန်ပြီး စားသောက်ဖို့ အချိန်ကျပြီ"

"အိုး" အဲတော့မှ ရှန်းရင်က လိုက်လာတယ်။ သူမက မျက်နှာပြင်သစ်ပင်ကို ပြန်လှည့်ကြည့်ကာ နောက်တော့ သူမရှေ့က ရည်းစားကို ကြည့်တယ်။ သူမမျက်ဝန်းတွေက တွေးတွေးဆဆ ကျဉ်းသွားခဲ့လေတယ်။

ဟမ်။ ဖြစ်နိုင်တာက...။

…

အခန်း ၄၄၁ ။ မတူညီသောနည်းလမ်းဖြင့် အတင်းအကျပ်မင်္ဂလာပွဲ

ဝူတိဂိုဏ်းက ဒီတစ်ကြိမ် အတော်လေး ဆုံးရှုံးမှု ကြီးမားခဲ့တယ်။ ကောင်းကင်နန်းတော်တစ်ခုလုံးမှာ အနောက်နန်းဆောင်က လွဲပြီး အရာအားလုံးနဲ့ ဘေးနန်းဆောင်တချို့လည်း ဖျက်ဆီးခံခဲ့ရတယ်။ ပိုပြီးအရေးကြီးတာက တပည့်တွေအများကြီး ဒဏ်ရာအကြီးအကျယ်ရခဲ့တာ။ တချို့ဆို သူတို့အုတ်မြစ်တွေပါ ထိခိုက်ခဲ့တယ်။သူတို့ နောက်ပိုင်း ကျင့်ကြံမှုမှာတိုးတက်ဖို့ကို ခဲယဉ်းတော့မယ်။ တခြားနေရာတွေက ကောင်းကင်နန်းတော်တွေဆို အပျက်အစီးက ပိုတောင်ပြင်းထန်သေးတယ်။

ကူယွဲ့ ဂိုဏ်းဆီပြန်ရောက်တာနဲ့ စစ်ပွဲပြီးပြန်လည်ထူထောင်ရေး အလုပ်တွေမှာ ‌ပါဝင်ခဲ့တယ်။ ရက်ပိုင်းလောက် သူ အလုပ်ရှုပ်နေလိုက်တာ သူတို့ သူ့ကိုမြင်တောင်မမြင်ရ။ ရှန်းရင်နဲ့ယိချင်းကတော့ နေ့တိုင်း အနောက်နန်းဆောင်မှာ အချိန်ဖြုန်းနေကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နှစ်ယောက်သားကို အားမကိုးရတာ တွေးမိလို့ထင် ကူယွဲ့က အလုပ်ခိုင်းဖို့အတွက် ဆွဲခေါ်လာဖို့ဆန္ဒတောင်မရှိ။

ရှန်းရင်က တစ်ဝက်ပြန်သက်သာ‌လာတာကြောင့်ထင် ပြန်ရောက်ပြီးတဲ့နေ့ အားရပါးရစားပြီးတဲ့နောက်မှ တဖြည်းဖြည်း အစားနည်းလာတယ်။ သူမရဲ့တစ်နေ့ငါးနပ်ထမင်းက သုံးနပ်အဖြစ် ပြောင်းသွားခဲ့တယ်။ သူမက ပိုပြီးအိပ်စက်လာကာ တစ်ခါတစ်လေဆို စားနေရင်းတောင် သမ်းနေတယ်။ ယိချင်း အစကတော့ စိုးရိမ်ပေမဲ့ ရက်ပိုင်းအကြာမှာ သူမက မေ့မျောသွားမှာမျိုးမဟုတ်ဘဲ စားသောက်ပြီးနောက် အိပ်ငိုက်ရုံသာဆိုတာ နားလည်သွားမှ စိတ်အေးပြီး စိတ်ကြိုက်နေခွင့်ပေးလိုက်တယ်။ တစ်ခုပဲ သူမ စားပွဲပေါ် အိပ်မောကျသွားတိုင်း သူမကို အခန်းထဲ သေချာချီပြီး ပြန်ပို့ပေးတယ်။

ဒါပေမဲ့ သူ ဒီလိုအကြိမ်ပေါင်းများစွာ လုပ်ပြီးတဲ့နောက် ရှန်းရင် လမ်းခုလတ်မှာနိုးလာတဲ့ အကြိမ်ရေ တချို့လည်း မလွဲမသွေရှိတာပေါ့။ ပြီးတော့ သူမ သူ့ကိုကြည့်တဲ့အကြည့်က အရမ်း ထူးဆန်းတယ်။ ယိချင်း တစ်ခုခုလွဲနေတယ်လို့ မရိုးမယွခံစားရပေမဲ့ ဘာလဲဆိုတာ အဖြေရှာမရဘူး။ ဒါပေမဲ့ အဲနောက်မှာ ရှန်းရင်က သူ့ကို တူညီတဲ့မေးခွန်းတွေပဲ ထပ်ထပ်မေးတယ်။

"စားဖိုမှူး နင့်ဘောင်းဘီတွေကိုချွတ်ကြည့်၊ ငါနင့်ကို မရယ်ပါဘူး"

"စားဖိုမှူး၊ ချွတ်ကြည့်၊ ငါ့အစ်မက အဲနေ့က နင့်ကိုမှ မသတ်ခဲ့တာ၊ အဆင်ပြေလောက်မှာပါ"

"စားဖိုမှူး၊ ဒီနေ့ အတော်လေးပူတယ်နော်၊ အေးသွားအောင် ငါနင့်ဘောင်းဘီကို ကူချွတ်ပေးရမလား"

"စားဖိုမှူး ချွတ်ကြည့်၊ ငါတစ်ချက်ပဲကြည့်မယ် ဟုတ်ပြီလား"

"စားဖိုမှူး၊ ဒီည မပြန်နဲ့တော့၊ ငါနဲ့အိပ်၊ နင့်ဘောင်းဘီကိုချွတ်ပြီးတော့"

ယိချင်း ။ ။ "..."

စားဖိုမှူး သူ့ဘောင်းဘီကို တစ်ချိန်လုံး ချွတ်ချင်နေတဲ့ ဆရာတစ်ယောက်ကို ကြောက်လို့ တုန်ယင်နေတယ်။

ပြီးတော့ သူမက အကြိမ်တိုင်း ဒါကအလုပ်ကိစ္စလိုမျိုး လုံးဝလေးနက်တဲ့အကြည့်နဲ့။ နေ့တိုင်း သူမက ရည်ရွယ်ချက်ကို အောင်မြင်ဖို့ နည်းအမျိုးမျိုး တွေးနေကာ တစ်ချိန်လုံး သူ့ဘောင်းဘီကို စိုက်ကြည့်နေတယ်။

ရှန်းရင် တွေးမိတာတော့ သူက နေ့တိုင်း တိတ်တိတ်လေး သူမကို အိပ်ရာပေါ်ချီလာ၊ အကြိမ်ရေတချို့ ခိုးနမ်းခဲ့ပေမဲ့ ဘယ်တော့မှ အကွက်မရွှေ့ခဲ့ဘူး။ အင်း၊ သူ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာရတဲ့အထိ အစ်မကြီးရဲ့ ထုထောင်းတာကို ခံခဲ့ရတယ်ဆိုတာ သူမ သေချာသွားပြီ။ သနားစရာကောင်းလိုက်တာ...။

ရှန်းရင်ရဲ့ ဒီလိုအပြုအမူက လတစ်ဝက်စာ ဆက်နေခဲ့တယ် တစ်စုံတစ်ယောက်သောသူက ပိုပိုပြီး စိတ်မရှည်ဖြစ်လာကာ အကွက်ရွှေ့ဖို့ ပြင်နေပြီဆိုတာ မြင်ရတော့ ယိချင်း အလျှော့ပေးမှု လုပ်ရတော့တယ်။ သူ မရေရာ မသေချာစွာ ပြောလိုက်တယ်။

"တကယ်လို့ ဆရာ... ဆန္ဒရှိရင် ဖေဖေနျို အလုပ်ပြီးတဲ့နောက်မှာ ကျွန်တော်တို့... ကျွန်တော်တို့ လက်ထပ်ကြမယ်လေ... အဲလိုဆိုရင်ရော၊ ကျွန်တော်တို့ လက်ထပ်ပြီးရင် ကျွန်တော်... ကျွန်တော်..."

"ဟမ်" ရှန်းရင် မှင်တက်သွားတယ်။ လက်ထပ်တာ... လက်ထပ်တာ သူမ မျက်နှာရဲသွားတယ်။ ဒီတော့ ကောင်လေးက သူမကို လက်ထပ်ခွင့် တောင်းနေတာလား။ ဒါပေမဲ့ မဖြစ်နိုင်တာတော့လည်း မဟုတ်ပါဘူး။ ဆိုရိုးစကားပြောသလိုပဲ အိမ်ထောင်ရေးရည်ရွယ်ချက် မရှိတဲ့ ဆက်ဆံရေးတွေအားလုံးက လူရမ်းကားအပြုအမူတွေပဲ။

"ကောင်းပြီ" သူမက စဉ်းစားကာ အသေအချာ ခေါင်းညိတ်ပြီးမှ စားဖိုမှူးကိုယ်က ဆင်းပြီး သူ့ဘောင်းဘီကို ဖမ်းဆုပ်ထားတဲ့လက်ကို လွှတ်လိုက်တယ်။

"ငါက လူရမ်းကားတွေလို မပြုမူပါဘူး"

ယိချင်း ။ ။ "..." ခုလေးတင် လုပ်ခဲ့တာမဟုတ်ဘူးလား။

"ဒါဆို မနက်ဖြန်မနက် အရင်ဆုံး အဲကိစ္စကိုဆွေးနွေးဖို့ ဖေဖေနျိုဆီသွားလိုက်မယ်" ယိချင်း အိပ်ရာက ချက်ချင်း ထရပ်တယ်။

"စောစောနားပါ ဆရာ"

အဲလိုပြောကာ သူက ထွက်ပြေးသလိုမျိုး လျှောက်သွားပေမဲ့ ခြေလှမ်းတွေ အင်မတန် ရှုပ်ထွေးနေတာ အချိန်မရွေး ချော်လဲကျတော့မဲ့အတိုင်းပဲ။ သူက ခြံဝထိလျှောက်လာပြီးမှ ဖိနှပ်ထားတဲ့ခံစားချက်တွေက နောက်ဆုံးတော့ ပေါက်ကွဲထွက်လာခဲ့တယ်။ သူ ဆောင့်ကြောင့်ထိုင်ချကာ ပူလောင်နေတဲ့မျက်နှာပေါ် လက်ဖိလိုက်ပြီး သူ့နှုတ်ခမ်းထောင့်မီာ တစ်ခါမှ အရင်ကမရှိဖူးတဲ့ ကွေးညွှတ်မှုတစ်ခု ပေါ်လာခဲ့တယ်။

သူ အိပ်မက်မက်နေတာလား။ ဆရာ... ဆရာက တကယ်ပဲ သဘောတူလိုက်တယ်။

——————

စားဖိုမှူးက ဖေဖေနျို့ကိုသွားမရှာခင် သူက သူ့ဘာသာရောက်လာတယ်။ ဆွေးနွေးချင်တဲ့ ကိစ္စတစ်ခုခု ရှိသလိုမျိုး သူက မနက်စောစောရောက်လာလေရဲ့။ သူက မနက်စာအပြည့် ရှိနေပေမဲ့ ဘယ်သူမှ ထိုင်မနေတဲ့ စားပွဲကိုကြည့်ကာ နောက်တော့ မီးဖိုချောင်ထဲထွက်လာတဲ့ယိချင်းကို ကြည့်တယ်။

"စားဖိုမှူး ရှန်းရင်က ဘယ်မှာလဲ၊ မနိုးသေးဘူးလား"

"မနိုးသေးဘူး" ယိချင်းက ပေါ့ပေါ့ပါးပါး ပြန်ဖြေတယ်။ ဆရာက ဒီရက်ပိုင်း အိပ်ရာထတာ ပိုပိုနောက်ကျလာတယ်။

"ဒါ ဘယ်ချိန် ရောက်နေပြီလဲ၊ ပြီးတော့ သူက မနိုးသေးဘူးပေါ့" သူက နေ့လယ်စာစားဖို့ပဲ ရည်ရွယ်ထားတာလား။ သူ့နှုတ်ခမ်းထောင့်တွေ တွန့်သွားပြီး အခန်းဆီ အလိုလိုလျှောက်သွားမိတယ်။

"ငါ ဆွေးနွေးစရာကိစ္စတွေရှိတယ်" ဒါပေမဲ့ သူက တံခါးရောက်ချိန် တစ်ယောက်သောသူရဲ့ အိပ်ရာနှိုးခံရရင် စိတ်ရှုပ်မှုအပေါ် ‌မှတ်မိသွားသလို ရပ်သွားခဲ့တယ်။ မထားတဲ့ လက်က တံခါးကို မခေါက်ဖြစ်လိုက်ဘူး။

ယိချင်းလည်း လျှောက်လာတယ်။ သူ စကားပြောတော့မဲ့ဆဲဆဲမှာတင် တံခါးက အထဲကနေ ရုတ်တရက် ကျွီခနဲပွင့်လာပြီး အင်မတန်ရှုပ်ပွနေတဲ့ဆံပင်နဲ့ ရှန်းရင် ပေါ်လာတယ်။ သူမက နှစ်ယောက်သားကို ကြည့်ကာ နှုတ်ဆက်တဲ့‌အနေနဲ့ လက်တစ်ဖက် မလိုက်တယ်။

"မနက်ခင်းပါ"

"ဘာမနက်ခင်းလဲ၊ ဒါ နေ့လယ်ရောက်လုနီးပါးဖြစ်နေပြီ" ကူယွဲ့ စိတ်တိုစွာ ပြောလိုက်တယ်။

ဘေးက ယိချင်းက တောင့်တင်းသွားပြီး သူ့ရှေ့ကလူကို စိုက်စိုက်မတ်မတ် ကြည့်နေတယ်။ သူ့မျက်လုံးတွေက ပြူးသထက်ပြူးလာတယ်။ သူက ရှေ့တက်ကာ အမြန်ပြောလိုက်တယ်။

"ဆရာ..."

"စားဖိုမှူး ငါဗိုက်ဆာလွန်းနေပြီ" ရှန်းရင်က တန်းပြောတယ်။

ယိချင်း ယာယီမှင်တက်သွားပြီး နောက်တော့ အလိုလိုပြန်ဖြေတယ်။

"မနက်စာအဆင်သင့်ဖြစ်ပါပြီ" ပြီးတော့ မကြာခင် နေ့လယ်စာရောပါပဲ။

"ကောင်းပြီ၊ ငါ မင်းတို့နဲ့ဆွေးနွေးစရာကိစ္စတွေရှိတယ်" ကူယွဲ့က ရှန်းရင်လက်ကို ဆွဲဖမ်းကာ စားပွဲဆီ ဆွဲခေါ်လာခဲ့တယ်။ စိတ်ထင်တာကြောင့်လားမရှိ ရှန်းရင်က ပိုလေးလာတယ်လို့ သူခံစားရတယ်။ သူမ ဒီရက်ပိုင်း အစားအများကြီး စားလို့ပဲဖြစ်ရမယ်။

ကူယွဲ့ စားပွဲဘေးထိုင်ချကာ မျက်နှာချင်းဆိုင်မှာ ပေါက်စီကိုကိုက်စားနေပြီဖြစ်တဲ့ လူကိုကြည့်ပြီး နောက်တော့ သူမကို ထပ်ကမ်းပေးနေတဲ့ စားဖိုမှူးကို ကြည့်တယ်။ သူ အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးမှ လေးနက်တဲ့အသံနဲ့ပြောလိုက်တယ်။

"ငါ့စိတ်ထဲ ပြဿနာတစ်ခုရှိနေတာ အတော်ကြာသွားပြီ၊ ဒီတစ်ကြိမ်၊ ဝူတိကောင်းကင်နန်းတော်မှာ ဆုံးရှုံးမှု ကြီးမားခဲ့ပြီး တပည့်တချို့က ဒဏ်ရာအပြင်းအထန်ရခဲ့တယ်၊ အဲဒါတွေက ဘယ်လိုပဲဖြစ်ဖြစ် ကျူး‌ကျော်သူတွေဆိုတော့ သူတို့ ပြန်မတိုက်ခိုက်နိုင်တာ သာမန်ပါပဲ ပြောရရင်တော့ သူတို့က ငါတို့ကြောင့် ခံစားခဲ့ရတာ"

အဲလူတွေက သူတို့ကြောင့် ရောက်လာခဲ့တာလေ။

သူ သက်ပြင်းချကာ မျက်မှောင်ကြုတ်ပြီး ဆက်ပြောတယ်

"အနာဂတ်မှာ ဒီလိုမျိုးကိစ္စတွေဖြစ်လာဦးမှာ စိုးမိတယ်... ဒါကြောင့် ငါစဉ်းစားနေတာ၊ ငါတို့လက်လွှတ်ဖို့ အချိန်ကျပြီထင်တယ်"

ဆရာတပည့်က ခဏမှင်တက်နေပြီးမှ နှစ်ယောက်လုံး သူ့ကိုမော့ကြည့်တယ်။

ဘာဆိုလိုတာလဲ။

"ငါတို့အတူတူ တည်ဆောက်ခဲ့တဲ့ ဂိုဏ်းကို မျက်နှာပြင်ကိစ္စတွေမှာ အကြိမ်တိုင်း မပါဝင်စေချင်တော့ဘူး" ဒီမျက်နှာပြင်ကို ကာကွယ်ဖို့က သူတို့တာဝန်။ ဝူတိဂိုဏ်းကို အချိန်တိုင်း ဝင်ပါစေဖို့ မလိုအပ်ဘူး။ သူ အကြိမ်တိုင်း သူတို့ကို ဘေးကင်းအောင် ထားနိုင်မယ်လို့ ကတိမပေးနိုင်ဘူး။

"ငါတို့မရှိရင်တောင် ယွီဟုန်၊ လန်ဟွားနဲ့ငမည်းလေးတို့ ဒီဂိုဏ်းကိုစောင့်ရှောက်ပြီး အမတဘုံကို ခုတိုင်း စောင့်ကြည့်တာနဲ့ လုံလောက်နေမှာပါ"

"စိတ်ပိုင်းဖြတ်ပြီးပြီလား" ယိချင်းက မေးတယ်။ ဒီဂိုဏ်းကို သုံးယောက်တူတူ တည်ထောင်ခဲ့တာဆိုပေမဲ့ တကာ်တမ်းကျ တစ်ဂိုဏ်းလုံးကို ကူယွဲ့တစ်ယောက်တည်းက အတော်များများ ထောက်ပံ့ခဲ့တာ။ သူတို့တွေက အရေးကြီးပွဲတွေ တက်ပေးပြီး ကိုယ်စားထောက်ပံ့မှုပေးရုံပဲ။

"အင်း" ယိချင်းက ခေါင်းညိတ်တယ်။ ဒီကျူးကျော်မှုတည်းက သူ မျက်နှာပြင်တစ်ခုကို ကာကွယ်ရတာ အပေါ်ယံ ထင်ထားသလောက်မလွယ်သလို ဝူတိဂိုဏ်းကို ၂၄နာရီ၇ရက် မစောင့်ကြည့်နိုင်မှန်း နယးလည်သွားလဲ့တယ်။ ပြီးတော့ ဒီနှစ်၃၀၀၀အတွင်း သူတို့ကောင်းကောင်းလုပ်ခဲ့တာပဲမဟုတ်လား။

"ငါတို့ချက်ချင်းကြီးထွက်သွားမှာမျိုးတော့ မဟုတ်ဘူးပေါ့၊ ငါတို့ နောက်ပိုင်း ဂိုဏ်းကိစ္စတွေမှာ ဝင်မပါဖို့ကြိုးစားရုံပဲ"

ဆရာတပည့်က အကြည့်ချင်းဖလှယ်ကာ အချိန်အတော်ကြာတဲ့နောက် ရှန်းရင်က ပြန်ဖြေတယ်။

"အိုး"

ကူယွဲ့ နှုတ်ခမ်းတွေ တွန့်သွားတယ်။ 'အိုး' က ဘာသဘောလဲ။ ယိချင်းက တကယ်ပဲ ချက်ချင်း စတင်ရှင်းပြရှာတယ်။

"ခင်ဗျားပဲ ဆုံးဖြတ်ပါ၊ ဆရာရော ကျွန်တော်ရောက ကန့်ကွက်ချက်မရှိပါဘူး"

"ကောင်းပြီလေ၊ ဒါဆို ဒီလိုသတ်မှတ်လိုက်ပြီ" ကူယွဲ့ ရှန်းရင်ကို ကြည့်လိုက်တယ်။

"ယွီဟုန်က အတိတ်တုန်းက ဂိုဏ်းကို နှစ်၃၀၀၀‌ တာဝန်ယူခဲ့တာ၊ ဝူတိဂိုဏ်းကို သူ့ဆီလွှဲပေးဖို့ အသင့်တော်ဆုံးပဲ၊ ငါ ခုပဲ သွားစီစဉ်လိုက်မယ်၊ နောက်ရက်တွေထဲ လက်ဆင့်ကမ်းအခမ်းအနား ရှိလိမ့်မယ်၊ ရှန်းရင် မင်း တရားဝင် ဂိုဏ်းရာထူးကို သူ့ဆီလွှဲပြောင်းရမယ်"

"ငါလား" ရှန်းရင်က မှင်တက်သွားကာ ခေါင်းလေးစောင်းတယ်။

"အေး" ကူယွဲ့က ခေါင်းညိတ်တယ်။ တစ်ခုခုကို သတိရသွားသလိုမျိုး သူက သူမကိုစိုက်ကြည့်တယ်။

"မင်းက ဂိုဏ်းချုပ်ဆိုတာ သောက်ကျိုးနည်းမေ့နိုင်ရလား"

"အိုး..." ရှန်းရင်က ပေါက်စီတစ်ကိုက်ကိုက်ပြီး ပျင်းတိပျင်းရွဲ ပြန်ဖြေတယ်။

"အလုပ်ရှုပ်လိုက်တာ"

"ဘာအလုပ်ရှုပ်တာလဲ" ကူယွဲ့ မျက်ဆံလှန်လိုက်တယ်။

"အဲဆို သတ်မှတ်လိုက်ပြီနော်၊ ငါအရင်သွားတော့မယ်"

အဲလိုပြောကာ သူကထရပ်ပြီး ခပ်မြန်မြန် ခြေလှမ်း၂လှမ်း လှမ်းလိုက်ပေမဲ့ တစ်စုံတစ်ခုကို သတိရသွားပြီး သူ့ခြေထောက်တွေ ရပ်တန့်သွားခဲ့တယ်။

ခဏ၊ အလုပ်ရှုပ်တယ်လား။

Σ(°△°|||)

သူက ရုတ်ခြည်း နောက်လှည့်ကာ စားပွဲကိုမှီပြီး ပေါက်စီကို ပျင်းတိပျင်းရွဲကိုက်နေတဲ့ ပုံသဏ္ဌာန်ကို မယုံကြည်နိုင်စွာ ကြည့်ကာ မျက်လုံးတွေပြူးသွားတယ်....။

ဟိုလီရှစ်

"ရှန်းရင်"

All Chapters