အခန်း (၄၄၂-၄၄၄)
Vol. 30 Ch. 442-444
အခန်း ၄၄၂ ။ တပည့်များဆီ လွှဲပေးခြင်း
"ဟေး ဖေဖေနျို" ရှန်းရင် အကျင့်အတိုင်း လက်တစ်ဖက်ယမ်းပြလိုက်တယ်။
"မင်းဘိုးအေကို ဟေး" ကူယွဲ့ နှုတ်ခမ်းထောင့်တွေ တွန့်သွားကြီး သူ့တစ်ကိုယ်လုံးကို လေတိုက်သွားသလိုပဲ။ သူ့ရှေ့က လူကို ခေါင်းစခြေဆုံးကြည့်လိုက်တယ်။ တကယ်ပဲ သူမက အရင်ရက်ပိုင်းကထက် အရပ်နည်းနည်း ပိုရှည်လာပြီး သူမတစ်ကိုယ်လုံးပေါ်က ရင်းနှီးနေတဲ့ ပျင်းရိမှုမျိုးနဲ့ဆို ဒါ တကယ် ရှန်းရင်အစစ်ပဲ။
"ငါ့ကိုစောစောပြောရင် မင်းအသားနာမှာမို့လား;"
အယ်၊ နင့်မှ ငါ့ကို စကားပြောဖို့ အခွင့်အရေးမပေးတာ။ ရှန်းရင်က ရယ်ကာ ပေါက်စီတစ်လုံး ကမ်းပေးတယ်။
"စားချင်လား"
"အကျိုးနည်းမျို" ကူယွဲ့က အတင်းယူပြီး ဒေါသဖြေသလိုမျိုး သူ့ပါးစပ်ထဲထိုးထည့်လိုက်တယ်။ သူ့ကြည့်ရတာ ပေါက်ကွဲထွက်တော့မလိုပဲ။ ဒါပေမဲ့ သူ့မျက်လုံးတွေကတော့ ရှေ့ကလူဆို မရေရာစွာ ခဏခဏ လှမ်းကြည့်တယ်။
"မင်း ဘယ်ချိန်က ပြန်သက်သာတာလဲ"
"ခုလေးတင်လေ" သူမ ဒီတိုင်းပဲအိပ်ခဲ့တာ၊ အဲဒါပါပဲ။
"မင်းလုံးဝ အဆင်ပြေသွားပြီလား"
"အင်း" အစတည်းက အဆင်ပြေတာပဲကို။
"မင်း ထပ်ကျုံ့သွားတာ ဒါမှမဟုတ် တစ်ခုခုမဖြစ်တော့ဘူးပေါ့"
"အာ... အဲလိုဆိုအခက်တွေ့မှာပေါ့"
ကူယွဲ့ သူမကို အတော်ကြာစိုက်ကြည့်နေပြီးမှ စိတ်သက်သာရာရသလို သက်ပြင်းချတယ်။
"မင်း သက်သာသွားရင် ကောင်းတာပဲ" သူက နှစ်ပိုင်းလောက်ကြာဦးမယ် ထင်ခဲ့တာ၊ ဒါပေမဲ့ ဒါ တကယ်မြန်လွန်းတာပဲ။ ရှန်းရင်ရဲ့ cheat လို စွမ်းရည်တွေ ပြန်ရောက်လာတာ ကောင်းပေမဲ့ သူ ဘာလို့ မကျေနပ်တဲ့ခံစားချက် ရနေတာပါလိမ့်။ အထူးသဖြင့် သူ့သုံးနှစ်အရွယ်ရင်လေးကို နောက်တစ်ကြိမ် ဘယ်တော့မှ ပြန်မမြင်ရတော့ဘူးလို့ တွေးမိချိန် သူ့ရှေ့က စိတ်ရှုပ်စရာလူကို ပိုတောင် မနှစ်ခြိုက်ဖြစ်လာတယ်။
"နောက်တစ်ခါဆို ဒီလိုမျိုး တစ်ခုခုဖြစ်ရင် ကြိုသတိပေးထားလို့ရမလား" ဒီလိုသာ ထပ်ဖြစ်ရင် သူတို့ တကယ်ပဲ ခံနိုင်ရည်ရှိတော့မှာမဟုတ်ဘူး။
"ဒီလိုအသေးအဖွဲတွေကို စိတ်ထဲအရမ်းမထားပါနဲ့"
ဘာကို အသေးအဖွဲလဲ။
သူ အသက်ပြင်းပြင်းရှူကာ ရင်ထဲက စိတ်ပျက်မှုကို ထိန်းချုပ်နေရတယ်။
"ရာထူးလက်ဆင့်ကမ်းတဲ့ကိစ္စက မကြာခင်ဖြစ်မှရမယ်" သူတို့ ဝူတိဂိုဏ်းကိုပါ သူတို့နဲ့ဆွဲချလို့မဖြစ်ဘူး။
"အိုး"
"မင်းမှာ ပြောစရာတစ်ခုခုမရှိဘူးလား" ဘာပဲဖြစ်ဖြစ် မင်းက ဂိုဏ်းချုပ်လေ။
"တစ်ခုပဲ" ရှန်းရင်က နောက်ဆုံးတော့ လက်ထဲက ပေါက်စီကိုချကာ တည်ကြည်မှုအပြည့်နဲ့ ပြောလိုက်တယ်။
"ဖေဖေနျို၊ တကယ်လို့ နင် ဝူတိဂိုဏ်းကိစ္စတွေကို တာဝန်မယူတော့ရင် နင်... ငါတို့ကို စားစရိတ်တွေ ပေးဦးမယ်မလား"
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
"ထွက်သွား"
——————
ကူယွဲ့ အစကတော့ လက်ဆင့်ကမ်းပေးတဲ့ကိစ္စကို ဂိုဏ်းအမွေအနှစ်သာမန်ကိစ္စရပ်ပဲ ထင်ခဲ့တာ။ အချိန်ရောက်လာချိန် ယွီဟုန်က မလိုလားဘူးလို့ မထင်ခဲ့ဘူး။ သူမက ဂိုဏ်းချုပ်ရာထူးယူဖို့ကို အတင်း ငြင်းနေလေတယ်။ ဟင့်အင်း၊ ယွီဟုန်တင်မကဘူး၊ တစ်ဂိုဏ်းလုံးက ဒီဆုံးဖြတ်ချက်ကို သေတဲ့အထိငြင်းမဲ့ပုံမျိုး။
"အကြီးအကဲကူယွဲ့၊ ကျွန်မကို စနေတာလား၊ ဘယ်လိုပဲဖြစ်ဖြစ် ဂိုဏ်းချုပ်ရာထူးကို ကျွန်မ လက်မခံသလို ဂိုဏ်းထဲက ဘယ်သူမှလည်း လက်မခံဘူး"
"အကြီးအကဲကူယွဲ့၊ ကျွန်မနှလုံးသားထဲမှာတော့ ဝူတိဂိုဏ်းရဲ့ ဂိုဏ်းချုပ်တစ်ယောက်ပဲရှိတယ်၊ ရှင်သန်ချိန် ဂိုဏ်းချုပ်တပည့်တွေ၊ သေသွားရင် ဂိုဏ်းချုပ်ရဲ့ သေဆုံးသွားတဲ့ တပည့်တွေပဲ၊ အခု ဂိုဏ်းချုပ်က ရှိနေသေးတာကို ကျွန်မတို့ ဘယ်လိုလုပ် သစ္စာဖောက်ပြီး ကြီးသူကိုဆန့်ကျင်ရမှာလဲ"
"အကြီးအကဲကူယွဲ့၊ ကျွန်မကို ဆက်နားချဖို့မလိုပါဘူး၊ တကယ်လို့ ကျွန်မက ဂိုဏ်းချုပ်တပည့်တစ်ရက် ဖြစ်ရရင် ထာဝရသူ့တပည့်ပဲ"
"အကြီးအကဲကူယွဲ့၊ ကျွန်မ အမှားလုပ်မိရင် ကြီးလေးတဲ့အပြစ်ပေးပါ၊ ဒါပေမဲ့ ကျေးဇူးပြုပြီးကျွန်မကို တရားမမျှတမှု၊ ကျေးဇူးမသိတတ်မှုနဲ့ သစ္စာမရှိမှုကြား တွန်းမပို့ပါနဲ့"
ယွီဟုန်က နည်းလမ်းတကျပြောကာ သူမအမူအရာက အသေတည်ကြည်နေတယ်။ သော့ချက်က သူတို့ပတ်လည်က တပည့်တွေက ဒါက သဘာဝအကျဆုံးအရာလိုမျိုး ပုံစံ။ သူတို့က သူ့ကို အပြစ်တင်အကြည့်တွေတောင် မကြာခဏကြည့်ကြတယ်။
ကူယွဲ့ ။ ။ "..."
ဟိုလီရှစ်၊ သူ ဘာလုပ်မိလို့လဲ။ သူက ရာထူးလေးတစ်ခုပဲ လွှဲချင်တာပါ၊။ အဲဒါ အမတဂိုဏ်းတွေမှာ အရမ်းကို ပုံမှန်ပဲမဟုတ်ဘူးလ။ နောက်ထပ်ဂိုဏ်းချုပ်လက်မခံခင် သေလိုက်မယ်ဆိုတဲ့ အကြည့်က ဘယ်ကရောက်လာတုံး။ သူ ဒီနှစ်တွေမှာ ဂိုဏ်းအစား ဒိဋ္ဌိကိုးကွယ်မှုဂိုဏ်း တည်ဆောက်မိခဲ့တာပဲ ဖြစ်ရမယ်။
အဆုံးမှာတော့ ကူယွဲ့ အလျှော့ပေးလိုက်ဆဲ။ နောက်ထပ်အကောင်းဆုံးက လမ်းကြောင်းပြောင်းပြီး ဂိုဏ်းချုပ်အစား အကြီးအကဲအသစ်ရွေးဖို့ပဲ။ နာမည်အရတော့ သူနဲ့စားဖိုမှူးဆီက လွှဲယူဖို့၊ ဒါပေမဲ့ တစ်ဂိုဏ်းလုံးရဲ့ စီမံရေးကို တာဝန်ယူမှုနဲ့ညီမျှတယ်။ ဘာပဲဖြစ်ဖြစ် ရှန်းရင် ဂိုဏ်းချုပ်က လာဘ်ကောင်တစ်ခုထက် မပိုဘူး။
ဒီတစ်ကြိမ်တော့ သူမက တုံ့ဆိုင်းမှုမရှိ လက်ခံကာ သူမ ဝူတိဂိုဏ်းကို ကြော်ငြာဖို့ အားလုံးလုပ်ဖို့အတွက် လိုလားမှုကို ပြသလေတယ်။
ကူယွဲ့ ။ ။ "..." မင်းတို့ ဂိုဏ်းချုပ်နဲ့ပတ်သက်ပြီး နားလည်မှုလွဲနေတာမျိုး ရှိနေတာလား။ ပြီးတော့ အဲဒီမကျေချမ်းတဲ့ ခံစားချက်ကရော ဘာလဲ။
တဖြည်းဖြည်း ကူယွဲ့ တမန်နှစ်ယောက်ကို ရွေးလိုက်တယ်။ လက်ဝဲတမန် ယွီဟုန်က ဂိုဏ်းရဲ့ ကိစ္စအားလုံးကို စီမံရမယ်။ လက်ယာတမန် စစ်ယွိကတော့ တပည့်တွေကို ကျင့်ကြံစဉ် သင်ပေးရမယ်။
စစ်ယွီက အောက်ဘုံမှာ စာသင်ကြားပြီး ပြန်ရောက်လာတည်းက နားလည်မှုအသစ်တချို့ရလာသလိုပဲ။ သိပ်မကြာခင်က သူမက ဝဋ်ကြွေးချေမှုကို အောင်အောင်မြင်မြင်ဖြတ်သန်းခဲ့ပြီး သူမကျင့်ကြံဆင့်က ဧကရာဇ်ငယ်ဆီ မြင့်တက်သွားခဲ့တယ်။ သူမက ဒီတပည့်အသုတ်ကြား ပထမဆုံး ဧကရာဇ်အဆင့်ရောက်သူလည်း ဖြစ်တယ်။
ပြီးတော့ လန်ဟွားက နှစ်ပေါင်းများစွာ အိမ်ငှားခပေးရမ်းလာပြီး ကောင်းကင်နန်းတော် ပြန်လည်တည်ဆောက်ရာမှာ အကျိုးပါဝင်မှုအများဆုံးဆိုတာ မြင်ရတော့ ကူယွဲ့ သူ့နေထိုင်မှုပြဿနာကို ဖြေရှင်းပေးဖို့ နောက်ဆုံးတော့ ဆုံးဖြတ်ခဲ့တယ်။ သူက ပိုက်ဆံငှားရမ်းခ ပေးဖို့မလိုတဲ့ ဝူတိဂိုဏ်းအဖွဲ့ဝင် ဖြစ်လာခဲ့တယ်။
စိတ်လှုပ်ရှားမှုနဲ့ လန်ဟွားက သူ့သိုလှောင်အိတ်ကို နောက်တစ်ကြိမ် ဗလာကျင်းအောင် တူးပြန်တယ်။ ဒီတစ်ကြိမ်တော့ စိတ်နှလုံးကောင်းကြောင့် မဟုတ်ဘဲ သူ့ကိုယ်ပိုင်ဆန္ဒကြောင့်ပေါ့။
အငှားနေရတဲ့ဘဝက ခက်တယ်။ တကယ်တမ်း ဒီနှစ်တွေအားလုံးမှာ သူဝူတိဂိုဏ်းမှာ နေရတဲ့ အကြောင်းရင်းက နေရာကို နေသားကျနေတဲ့အပြင် သူ့သုံးစွဲမှု၊ သုတေသနနဲ့ အလဟဿဖြစ်မှုအတွက် အဆောင်တွေ၊ အင်းကွက်ပစ္စည်းတွေလိုမျိုး ကုန်ကြမ်းတွေကို အကန့်အသတ်မရှိ ထောက်ပံ့နိုင်တဲ့ တစ်ခုတည်းသောနေရာမို့ပဲ။
တစ်ဂိုဏ်းလုံးက ခန္ဓာကျင့်ကြံသူတွေမို့ ဘယ်သူမှ ဒီကုန်ကြမ်းတွေကို မသုံးသလို သူနဲ့လည်း မလုကြဘူး။ ပြီးတော့ သူ့မိတ်ဆွေကောင်း မုန်လာဥဖြူနဲ့ဆို ဘယ်အမတဆေးပင်ကိုမဆို စိုက်နိုင်ပြီး ဘယ်လက်နက်သန့်စင်ရေး ကုန်ကြမ်းကိုမဆို ရှာတွေ့နိုင်တယ်။ ဘက်စုံတော်ကျင့်ကြံရေး စွဲလမ်းသူတစ်ယောက်အနေနဲ့ ဒီထက်ကောင်းတဲ့နေရာ ဘယ်မှာရှာတွေ့နိုင်မလဲ။ ရူးနေသူပဲ ထွက်သွားမှာ။
ဒါကြောင့် လန်ဟွားက ဟိုးအရင်တည်းက ဒီမှာနေချင်တဲ့ဆန္ဒကို စိတ်ပိုင်းဖြတ်ခဲ့ပြီး နှစ်ထောင်ပေါင်းများစွာ ကြိုးစားပြီးနောက် ဝူတိဂိုဏ်းဝင်ဖြစ်လာခဲ့တယ်။ အင်း၊ ဘဝက ပြီးပြည့်စုံလိုက်တာ။
ကူယွဲ့က ရံဖန်ရံခါ သူ့သိုလှောင်အိတ်ကို ဓားပြတိုက်ပြီး အဲကျေးဇူးကြောင့် ခုထိမွဲနေဆဲဆိုတာလေးပဲ မေ့နေတဲ့ပုံ။
ရာထူးအပြောင်းအလဲကြောင့် နဂိုက လက်လွှဲပေးတဲ့အခမ်းအနားက ရာထူးတိုးအခမ်းအနား ဖြစ်လာတယ်။ ပြီးတော့ စစ်ယွီရဲ့ ရုတ်တရက် တက်လှမ်းမှုနဲ့အတူ ကူယွဲ့ တစ်ခါတည်းကိစ္စနှစ်ခုကို အပြီးဖြတ်ဖို့ ဆုံးဖြတ်ခဲ့တယ်။
တိုက်ကြီးတွေက အမြဲလိုလို လေးစားသမှုရှိဆဲ၊ အားလုံးက အရင်ကျူးကျော်မှုကြောင့် ဆုံးရှုံးမှုတွေ ရှိထားတာတောင် တက်ရောက်ကြတယ်။ ကူယွဲ့ အကြီးအကဲရာထူးတွေကို စစ်ယွီနဲ့ ယွီဟုန့်ဆီ လူတိုင်းမျက်မြင်အောက် လွှဲပြောင်းပေးခဲ့ပြီး ခုကစ ဂိုဏ်းကိစ္စတွေကို စီမံရာကနေ အနားယူတော့မယ်လို့ ကြေညာခဲ့တယ်။ သူက အမှတ်အသားအနေနဲ့ ယွီဟုန့်ကို သူနှစ်ပေါင်းများစွာ သုံးခဲ့တဲ့ ကျောက်စိမ်းပုလွေ လက်ဆင့်ကမ်းလိုက်တယ်။
ခုကစ သူ ဝူတိဂိုဏ်းကိစ္စတွေမှာ ဝင်မပါတော့ဘူး။ သူ စာရင်းစာအုပ်တွေနဲ့ အားလုံးကိုပါ လွှင့်ပစ်ပြီး အကုန် လွှတ်ချလိုက်တော့တယ်။
ရှန်းရင် မကြာခင် တကယ်ကုန်လုနီးပါး ဖြစ်နေတဲ့ အဆာသွတ်မုန့်ပန်းကန်ကိုကြည့်ကာ နောက်ဆုံးနှစ်ခုကို အမြန်ယူလိုက်တယ်။ နောက်တော့ သူမက ဒီအပေါ် ကန့်ကွက်ချက်ကို ဖော်ပြတော့တယ်။
"ဖေဖေနျို၊ စာရင်းစာအုပ်တွေတော့ ပြန်ယူသင့်သေးတယ်နော်"
"ဘာလို့လဲ" ကူယွဲ့က လှည့်ကြည့်ကာ တစ်ခုခုကို သတိရသွားသလိုမျိုး စိတ်သက်သာရာရမှုတချို့နဲ့ ပြောတယ်။
"အခု ဂိုဏ်းတစ်ခုကို စီမံရတာ ဘယ်လောက်ခက်လဲသိသွားပြီး ငါ့အတွက် ရင်နာပေးနေတာလား"
"အာ..." ရှန်းရင် စားပွဲပေါ်က ပန်းကန်အလွတ်ကို ကြည့်လိုက်တယ်။ ဟင့်အင်း၊ သူမ အဆာသွတ်မုန့်တွေအတွက် ရင်နာနေတာ။ "တခြားဟာရော"
သူမ အရင်က ရက်ပေါင်းများစွာ မတွေ့ရတဲ့လူက ခု အဲဒီမှာထိုင်နေတာ အတော်ကြာပြီ။
ကူယွဲ့ ခေတ္တမှင်တက်နေတယ်။ သူ ရှန်းရင်ကို ကြည့်ပြီးနောက်တော့ သူမဘေးနားက စားဖိုမှူးကို ကြည့်တယ်။ ရုတ်တရက် သူ တစ်ခုခုကို တွေးလိုက်မိတယ်။ သူ့ပါးစပ်က တွန့်ကနဲဖြစ်သွားပြီး အထင်သေးမှုတချို့နဲ့ ပြောလိုက်တယ်။
"မင်းတို့နှစ်ယောက် ငါက မင်းတို့ရဲ့ သီးသန့်တည်ရှိမှုကို ထိပါးလာတယ် တွေးပြီး မင်းတို့ ငါ့ကို သွားစေချင်နေတာလား၊ အရွယ်ရောက်တဲ့အမျိုးသမီးကို တကယ်ပဲ မိသားစုထဲမှာ ထားလို့မရဘူးပဲ"
"..."
"အော် ဟုတ်သား စားဖိုမှူး" သူ တစ်ခုကို သတိရပြီး စားဖိုမှူးဘက် လှည့်လိုက်တယ်။ "မင်းကို မေးဖို့ မေ့မေ့နေတာ၊ မင်း ငါနဲ့ ဆွေးနွေးစရာ ရှိတယ်လို့ ရုတ်တရက် အသံလှိုင်းပို့လိုက်တာ ဘာကိစ္စလဲ"
ယိချင်းမျက်နှာ ဖြူဖျော့သွားပြီး လက်ဖက်ရည် ငှဲ့ပေးနေတဲ့လက်က တုန်ယင်သွားတယ်။ လက်ဖက်ရည်က ချက်ခြင်း လျှံကျပြီး ထိတ်လန့်မှုအနည်းငယ်က သူ့မျက်နှာအနှံ့ ပေါ်လာလေတယ်။ သူက အမြန်ပြောတယ်။
"ဘာမှမဟုတ်ပါဘူး"
"ဟမ်" ကူယွဲ့ အံ့အားသင့်သွားတယ်။
"အဲဒီနေ့တုန်းကတော့ အဲလေသံမျိုး မဟုတ်ပါဘူး၊ မင်းပြောခဲ့တာ မင်းနဲ့ရှန်း…"
"ဖေဖေနျို" ရုတ်တရက် သူ့ကို အသံကျယ်ကျယ်နဲ့ ဝင်နှောင့်ယှက်လာပြီး သူ့မျက်လုံးတွေထဲ ထိတ်လန့်မှုတွေ ပိုတိုးလာတယ်။ သူက စားပွဲပေါ်ရှိ ပန်းကန်အလွတ်ကို ဆုပ်ကိုင်လိုက်တယ်။ "မုန့်တွေ ကုန်သွားပြီ၊ ကျွန်တော် ထပ်သွားလုပ်လိုက်မယ်" အဲစကားနဲ့အတူ သူကတစ်ဖက်လှည့်ကာ မီးဖိုချောင်ထဲ ပြေးဝင်သွားတယ်။ သူ့ခြေလှမ်းတွေတောင် နည်းနည်းယောင်ယတ်ခတ်နေလေရဲ့။
ကူယွဲ့ ။ ။ "..."
ဒီလူတွေ ဘာဖြစ်နေကြတာလဲ။
သူ မနေနိုင်ဘဲ တစ်ယောက်သော အစားသရဲဘက် လှည့်လိုက်တယ်။
"မင်း ဒီတစ်ခေါက်ရော ဘာလုပ်ပြန်ပြီလဲ"
"..."
...
အခန်း ၄၄၃ ။ ကျွန်တော်တို့ လက်ထပ်လို့ရမလား
"ဟမ်" ရှန်းရင်က သူ့ကို အူကြောင်ကြောင် ပြန်စိုက်ကြည့်နေတယ်။ အဲဒါ ငါနဲ့ဘာဆိုင်လို့လဲ။
"ဟမ် ဘာ" ကူယွဲ့ မျက်ဆံလှန်လိုက်တယ်။
"စားဖိုမှူးက အရင်ရက်ပိုင်း စိတ်နဲ့လူ မကပ်တာ မပြောနိုင်ဘူးလား" သူက ငေးငိုင်နေတာ။ တစ်ခါတလေ သူက ရှန်းရင်ကို စိုက်ကြည့်ရင်း အတွေးလွင့်နေတယ်။ သူမက ဒါ သူမနဲ့ဘယ်လိုလုပ် မဆိုင်ဘူးလို့ ပြောနိုင်တာလဲ။
"အာ... တကယ်လား" သူမ တကယ်ကိုမပြောနိုင်တာ။
"ငါမှားနေတာလား" ကူယွဲ့က ရှန်းရင်ကို ကန်းနေတာလားဆိုတဲ့ပုံစံနဲ့ ဒေါသတကြီး ကြည့်လိုက်တယ်။
"အဲညက ဖြစ်ခဲ့တဲ့ကိစ္စလို့ထင်တယ်၊ အဲလိုပဲ ဖြစ်ရမယ် မင်းမသက်သာခင် ဖြစ်ခဲ့တာပဲနေမှာ၊ သူက ညသန်းခေါင်ကြီး သတင်းစကားပို့ပြီး ငါ့ကိုပြောစရာကိစ္စရှိတယ်လို့ ပြောတယ်၊ အဲနောက်ပိုင်းမှာ စာလေးငါးစောင်တောင် ပို့ခဲ့တော့ တစ်ညလုံး တစ်ရေးမှတောင် မအိပ်လိုက်ရဘူး၊ ပြောပါဦး - အဲညက ဘာဖြစ်ခဲ့တာလဲ"
ရှန်းရင် ခေါင်းစောင်းလိုက်တယ်။ တစ်ခုခုက သူမမျက်လုံးရှေ့ တောက်ပသွားတယ်။ တစ်အောင့်အကြာမှာ သူမကပြောတယ်။
"ဘာမှကြီးကြီးမားမား မဟုတ်ပါဘူး" သူမ စားပွဲပေါ်က အသီးတွေကို လှမ်းကြည့်ကာ လက်ဖက်ရည်တစ်ခွက်ငှဲ့လိုက်တယ်။ သူမ တစ်ခါတည်း ဖေဖေနျို့ကိုပါ လက်ဖက်ရည်တစ်ခွက် ကမ်းပေးပြီး နောက်တော့ ဆက်ပြောလိုက်တယ်။
"သူက အဲညက ငါ့ကိုပိုးပန်းခဲ့တယ်"
ဖွီ....
ကူယွဲ့ လက်ဖက်ရည်အပြည့် သီးသွားတယ်။
ချောင်းဟန့်ကာ သူကပြောလိုက်တယ်။
"မင်း ဘာပြောလိုက်တယ်" ပိုးပန်းတယ်လား သူတို့ဆက်ဆံရေးက အဲအဆင့်ထိ ရောက်သွားပြီလား။ ပိုးပန်းတာက ဘယ်လိုလုပ် ကိစ္စကြီး မဟုတ်ရမှာလဲ။ "ပြီးတော့ မင်း... သဘောတူလိုက်လား"
"အင်း" ရှန်းရင်က ချက်ကျလက်ကျ ပြန်ဖြေလိုက်တယ်။
"ဘယ်လိုပဲဖြစ်ဖြစ် အဲတုန်းက ငါက၁၅နှစ်ပဲ ရှိသေးတာလေ၊ ငါက လောကကြီးကို အမြင်မကျယ်သေးဘူး"
"ဟိုလီရှစ်" စားဖိုမှူးက စိတ်ဓာတ်နည်းနည်းကျနေတာ မဆန်းတော့ဘူး။ သူ ကူယွဲ့ကို ဆွေးနွေးချင်တဲ့ကိစ္စက ရှန်းရင်နဲ့ လက်ထပ်ပွဲလား။
"ခဏ" ကူယွဲ့ နှုတ်ခမ်းသပ်လိုက်ပြီး ရှန်းရင်ကို ခေါင်းစခြေဆုံး စစ်ဆေးလိုက်တယ်။
"မင်း စကားပြန်ရုပ်သိမ်းမှာတော့ မဟုတ်ဘူးမလား"
"ငါက အဲလောက်တောင် အားမကိုးရတာလား" ရှန်းရင် သူ့ကို ဒေါသတကြီး ကြည့်လိုက်တယ်။
"အေး" ကူယွဲ့ ချက်ချင်းနီးပါး ပြန်ဖြေလိုက်တယ်။
"..." ရှန်းရင် ပါးစပ်ထောင့်တွေက တွန့်သွားတယ်။ သူမက သက်ပြင်းချကာ စားပွဲပေါ် ပစ်လှဲလိုက်တယ်။
"အိုက် ဒါက အလုပ်များလိုက်တာ"
"မင်းဘိုးအေကို အလုပ်များ" ကူယွဲ့ သူမကိုစိန်းစိန်းဝါးဝါးကြည့်လိုက်တယ်။
"အခုလက်ရှိအခြေအနေနဲ့ဆို မင်းက မင်းအဖြေကို နောင်တရနေတယ်လို့ ထင်လောက်တယ်၊ အခု ဘာလုပ်ဖို့ စီစဉ်ထားလဲ" ရက်တွေ ဒီလောက်ကြာနေပြီ - အနည်းဆုံးတော့ သူ့ကိုရှင်းရှင်းလင်းလင်း ပြောသင့်တယ် မဟုတ်လား။ သူမက စားဖိုမှူးကို ဒီလိုဆက်စိတ်ဓာတ်ကျနေတာမျိုး ခွင့်မပြုနိုင်ပါဘူး။
ရှန်းရင်က ခေါင်းကိုစောင်းကာ သူ့ကိုစိုက်ကြည့်နေတယ်။ စိတ်ပိုင်းဖြတ်ပြီးသလို သူမက မတ်မတ်ထိုင်တယ်။
"ကောင်းပြီလေ" သူမက တစ်ဖက်လှည့်ပြီး စားဖိုမှူးဘက် အော်လိုက်တယ်။
"စားဖိုမှူး"
"ဆရာ" မီးဖိုချောင်ထဲ အလုပ်များနေတဲ့ စားဖိုမှူးက ရှန်းရင်ကို ချက်ချင်းလှမ်းကြည့်လာတယ်။ သူက လက်ထဲ အဆာသွတ်မုန့်တစ်ပန်းကန်နဲ့ အတူ လျှောက်လာလေတယ်။
"ဆရာ ကျွန်တော့်ကို ဘာလို့ခေါ်-"
သူ စကားမဆုံးခင် ရှန်းရင်က သူ့လည်ထောင်ကို ဆွဲချကာ သူ့နှုတ်ခမ်းတွေပေါ် ခိုင်ခိုင်မာမာ အနမ်းတစ်ပွင့် ကြဲချလိုက်တယ်။ နှစ်စက္ကန့်အကြာမှာ သူမက အမြန်ပြောတယ်။
"စားဖိုမှူး မှောင်တာနဲ့ ငါ့အခန်းဆီ လာခဲ့"
ချလွင်
စားဖိုမှူးလက်တွေက တုန်ရင်နေပြီး အဆာသွတ်မုန့်ပန်းကန်က ကြမ်းပြင်ပေါ်ကျသွားခဲ့တယ်။ သူက ကုန်းနေဆဲဖြစ်ပြီး ရှန်းရင်ကို အုပ်မိုးထားတယ်။ သူ့တစ်ကိုယ်လုံးက ကျောက်တုံးအဖြစ် ပြောင်းလဲသွားသလိုပဲ။
ယိချင်း ။ ။ "..."
ကူယွဲ့ ။ ။ "..."
"ဟေး ငါဒီမှာ ရှိနေသေးတယ်နော်" သူတို့ ပုံရိပ်လေး ထိန်းပေးလို့ရမလား။ သူ့ခံစားချက်တွေကို တစ်ချက်လောက် ထည့်တွေးပေးနိုင်မလား။
"အာ နင် မထွက်သွားရသေးဘူးလား" ရှန်းရင်က တစ်ဖက်လှည့်ကာ သူ့ကိုဖျတ်ခနဲကြည့်တယ်။
ကူယွဲ့ နှုတ်ခမ်းတွန့်သွားလေရဲ့။
"ဘာလို့ငါက ထွက်သွားရမှာလဲ၊ ဒါအများပိုင်နေရာဟ"
ရှန်းရင်ရဲ့ မျက်လုံးတွေ မှေးသွားတယ်။
"အဓိပ္ပာယ်ရှိသားပဲ၊ ဒါဆို ငါတို့သွားမယ်"
သူက စကားပြောပြီးတာနဲ့ ထရပ်ကာ ကျောက်တုံးလို စားဖိုမှူးကို ဆွဲပြီး အိမ်ထဲ ဝင်လာခဲ့တယ်။ တချို့ကိစ္စတွေကို ပြီးဖို့ဆို မှောင်ဖို့ထိ စောင့်စရာမလိုဘူး။
ကူယွဲ့ ။ ။ "..."
ချီး
ကူယွဲ့က သူတို့ လူကြားထဲ ရိုတာကို ကြည့်ဖို့ အတင်းဖိအားပေးခံခဲ့ရတာလား ဒါမှမဟုတ် သူ တောင်းဆိုမိခဲ့လို့လား။
ဘာလို့ အမြဲ ဒီလိုကိစ္စတွေမှာ သူ ပါဝင်ရတာလဲ။
——————
ရှန်းရင်က စားဖိုမှူးကို အခန်းထဲ ဆွဲသွင်းကာ အိပ်ရာပေါ် ခိုင်ခိုင်မာမာ ဖိချလိုက်တယ်။ အဲတော့မှ စားဖိုမှူးက နောက်ဆုံးတော့ လက်တွေ့ဘဝဆီ ဆတ်ခနဲ ပြန်ရောက်လာခဲ့တယ်။ သူ့တစ်ကိုယ်လုံး ရဲရဲနီနေလေရဲ့။
"ဆရာ... ဆရာ..." သူ အိပ်ရာက ထဖို့လုပ်ပေမဲ့ သူ့လက်တွေက အပေါ်ကို ဆွဲမခံရပြီး ရှန်းရင်ရဲ့လက်တစ်ဖက်တည်းနဲ့ နေရာမှာ ထိန်းခံထားရတယ်။ သူ ထပ်ပြီး လှုပ်ရှားဖို့နည်း မရှိတော့ဘူး။ သူ မော့ကြည့်တော့ ရှန်းရင်က သူ့ပေါ် ထိုင်နေပြီဆိုတာ နားလည်သွားတယ်။ သူမမျက်လုံးတွေက အမြဲလိုလို ပျင်းရိမှုမျိုး ရောင်ပြန်ဟပ်မနေတော့ဘူး။ အဲအစား သူတို့က တခြားတစ်စုံတရာနဲ့ တောက်ပနေပြီး သူ့ကို တစ်ကိုယ်လုံး နွေးလာစေတယ်။
"စားဖိုမှူး..." ရှန်းရင်က မှီချလာပြီး စားဖိုမှူး သူ့နားဘေး နွေးထွေးတဲ့ အသက်ရှူသံကို ခံစားလိုက်ရတယ်။ သူ တွန့်သွားခဲ့တယ်။ စာလုံးတစ်လုံးတည်းဆိုပေမဲ့ နောက်ကွယ်က မတူညီတဲ့ အဓိပ္ပာယ်တစ်ထောင်ကို ကြားနိုင်တယ်။
"ငါ ၁၅နှစ်တုန်းက ငါမလုပ်ခဲ့ရတဲ့ကိစ္စတစ်ခု ရှိတာ ရုတ်တရက် သတိရသွားတယ်၊ ငါတို့... ဒီနေ့ အပြီးလုပ်ရင်ရော"
"ဘာ... ဘာကို" ယိချင်းရဲ့စိတ်က ဗလာကျင်းနေတယ်။ သူ ရှန်းရင်ကို ပြန်စိုက်ကြည့်ကာ သူ့ဝမ်းတွင်းထဲ တက်လာတဲ့ မီးတောက်ကို ခံစားလိုက်ရတယ်။ ဒါပေမဲ့ သူ့နားဘေးကနေ အေးမြတဲ့ လေပြည်လေညင်း ဖြတ်ပြေးသွားတယ်။
ရှန်းရင်က လက်ကိုမြှောက်ကာ သူ့ဓမ္မဝတ်ရုံရဲ့ တစ်လွှာကိုဖြဲလိုက်တယ်။ သူ့ကိုယ်ကို ခြေဆုံးခေါင်းဆုံး စစ်ဆေးကာ တစ်ခုသောကိုယ်ရေးကိုယ်တာ အစိတ်အပိုင်းမှာ မတော်တဆ ကြာရှည်နေတဲ့ပုံ ပေါ်နေတယ်။
"ဆရာ" ယိချင်း အာမေဋိတ်အသံ ထွက်လာကာ မျက်လုံးပြူးသွားတယ်။ ရုတ်တရက် သူ့နှုတ်ခမ်းတွေပေါ် နွေးထွေးမှုခံစားလိုက်ရတယ်။ ရှန်းရင်ရဲ့ နူးညံ့တဲ့နှုတ်ခမ်းတွေက သူ့အပေါ်မှာ။ ဒီတစ်ကြိမ်တော့ အရင်ကနဲ့ မတူဘူး။ နူးညံ့တဲ့တစ်စုံတစ်ခုက သူ့နှုတ်ခမ်းတွေတစ်လျှောက် ရွှေ့လျားလာပြီး သူ့ကိုပိုပြီးလိုချင်စေတယ်။ သူ့နှုတ်ခမ်းတွေက တဖြည်းဖြည်းဟသွားပြီး တစ်ခုခု သူ့ပါးစပ်ထဲ ဝင်လာတယ်။ ချိုမြတဲ့အရသာက သူ့နှလုံးသားထဲတိ တန်းစီးဆင်းလာတော့တယ်။ ရုတ်တရက် လောကကြီးတစ်ခုလုံး ချာချာလည်သွားသလိုပဲ။ စားဖိုမှူးက အရင်ကတစ်ခါမှ မခံစားရဖူးတဲ့ ကျေနပ်မှုမျိုး ခံစားလိုက်ရတယ်။ သူ တစ်လောကကြီးကို သိမ်းပိုက်လိုက်ရသလိုပဲ။
သူ အလိုလို တုံ့ပြန်မိတယ်။ သူ ရှိနေတဲ့ နေရာမှာတင် နေချင်ပေမဲ့ တစ်ချိန်တည်းမှာပဲ ပိုလိုချင်နေတယ်။
"ဆ... ဆရာ... ဆရာ..."
"လိမ္မာတယ်..." ရင်းနှီးနေတဲ့အသံက သူ့နားထဲ ဝင်လာတယ်။ "ငါညင်သာပါ့မယ်" သူမက လက်ကို အောက်ဘက် ရွှေ့လာပြီး ပြောမရတဲ့နေရာတစ်ခုဆီ ရောက်ခါနီးဆဲဆဲ။
ယိချင်း နောက်တစ်ကြိမ် တုန်ယင်သွားပြန်တယ်။ ရုတ်တရက် သူ သတိဝင်လာတယ်။ ဘယ်ကရောက်လာမှန်း မသိတဲ့ ခွန်အားနဲ့ သူ လက်တွေကို ရုန်းကာ ရှန်းရင်လက်ကို ဆွဲဖယ်လိုက်တယ်။
"ဆရာ..." သူ့မျက်နှာက နီရဲပြီး မောဟိုက်နေတယ်။ ဒါပေမဲ့ ခေါင်းကြောမာစွာနဲ့ သူ့ပေါ်က လူကို စိတ်ပူပန်စွာမေးဆဲ။
"ကျွန်တော့်ကို... လက်ထပ်ဦးမှာလား"
"အာ..." ရှန်းရင်က တုံ့ဆိုင်းသွားတယ်။ သူမ ကြည့်ရတာ အခက်တွေ့နေသလိုပဲ။
ယိချင်းရင်ထိတ်သွားတယ်။ စောနကခံစားခဲ့ရတဲ့ ရမ္မက်တွေက ချက်ချင်းပျောက်ကွယ်သွားပြီး ရင်ထဲထုံထိုင်းတဲ့နာကျင်မှုက ပြင်းထန်လာတယ်။ သူခံစားနေရတဲ့ စိတ်ပျက်မှုက သူ့မျက်လုံးတွေကို မျက်ရည် ဝဲတက်လာစေတော့တယ်။
"စားဖိုမှူး၊ ကိစ္စတွေက အဲလောက်မရိုးရှင်းတာ နင်သိမှာပါ"
"..." အဲတော့... ဒါက ဟင့်အင်းလား။
"ငါတို့ ခုသေချာပေါက် လက်ထပ်လို့မရဘူး" ရှန်းရင်က သက်ပြင်းချတယ်။ လေးပင်တဲ့လေသံနဲ့ သူမက ဆက်ပြောတယ်။
"သော့ချက်က နင် ငါ့အစ်မ သေချာပေါက် နင့်ကိုပေးမဲ့ ထုထောင်းမှုကို ရှင်သန်မရှင်သန်နိုင်ဆိုတာပဲ၊ နင့်ကို သတ်လို့ရမဲ့ ထုထောင်းမှုမျိုးလေ"
ဟမ်။
ယိချင်း တန့်သွားကာ မျက်လုံးတွေပြူးသွားတယ်။
"ဆရာပြောနေတာက..."
"နင် ငါ့အစ်မ ခွန်အားကို မြင်ခဲ့တာပဲ၊ နင့်ရဲ့ခုလက်ရှိကျင့်ကြံမှုနဲ့ဆို သူရိုက်တာခံရတာကနေ အသက်ရှင်ဖို့ အခွင့်အရေး ဘယ်လောက်မြင့်တယ်ထင်လဲ" ပြားချပ်တဲ့ထိသတ်ခံရမှာ သေချာတယ်။
"အဲတော့ ဆရာက တကယ်တော့... ဆန္ဒရှိတယ်ပေါ့" သူ မနေနိုင်ဘဲ သူမလက်ကိုလှမ်းဆွဲကာ အတည်ပြုမှုကို အသည်းအသန်ရှာနေတယ်။
"အင်းလေ" ရှန်းရင်က သူဘာပြောနေလဲ နားမလည်တဲ့ဟန် အူကြောင်ကြောင် ပြန်စိုက်ကြည့်နေတယ်။
"ဟိုတလောက သဘောတူခဲ့တယ် မဟုတ်လား"
ယိချင်းက အပျော်လွန်နေပြီ။ သူ လက်လှမ်းကာ သူမကိုတင်းတင်းဖက်လိုက်တယ်။ စိတ်လှုပ်ရှားလွန်းလို့ သူ နာရီအတော်ကြာ ခုန်ပေါက်နိုင်တယ်။
"ဆရာ၊ ဆရာ..." ကောင်းလိုက်တာ ဆရာက ဆန္ဒရှိတယ်တဲ့။
"..." အဲတော့ ဆက်လုပ်လို့ရပြီလား။
"ဆရာ" ယိချင်း လူးလှိမ့်နေလို့ ရှန်းရင် သူနဲ့ နံရံကြားညပ်နေတယ်။ ရှန်းရင် သူ လှုပ်ရှားတော့မယ်လို့ တွေးနေတဲ့အချိန်မှာတင် သူက ထထိုင်ကာ စိတ်ပိုင်းဖြတ်စွာပြောတယ်။
"အကြီးအကဲရှန်းကို အနိုင်ယူဖို့ အကောင်းဆုံးကြိုးစားမှာပါ၊ ဆရာ ကျွန်တော့်ကို စောင့်နေပါ၊ ကျွန်တော်... ကျွန်တော် အခုသွားလေ့ကျင့်တော့မယ်"
သူ အိပ်ရာက ဆင်းလိုက်တယ်။ သူ့ပြဲနေတဲ့ဝတ်ရုံကိုတောင် ဂရုမစိုက်တော့ဘဲ ဘောင်းဘီကို ဆွဲတင်ကာ အိမ်ထဲပျောက်သွားပြီး တစ်ယောက်သော အူကြောင်ကြောင်ဖြစ်နေတဲ့ အမျိုးသမီးကို ချန်ထားခဲ့တယ်။
ရှန်းရင် ။ ။ "..."
လေအေးတစ်ဝှေ့ သူမဘေးကဖြတ်ပြေးသွားခဲ့တယ်။
သူနဲ့ လမ်းခွဲဖို့ နောက်ကျလွန်းသွားပြီလား။
အဲဒါကြောင့် ရည်းစားထားရတာ အရမ်းပင်ပန်းတာ။
(╯°Д°)╯(┻━┻
...
အခန်း ၄၄၄ ။ စားဖိုမှူး၏ ကျင့်ကြံမှု
ဝူတိဂိုဏ်းရဲ့ စီမံရေးက ယွီယုန်နဲ့ သူမတပည့်အသုတ်ကြား တရားဝင် လက်ဆင့်ကမ်းခံရလိုက်ရပြီ။ အစပိုင်း ကူယွဲ့က တချို့သောညွှန်ကြားချက်တွေနဲ့ သတိပေးချက်တွေကို ရံဖန်ရံခါပေးတယ်။ တဖြည်းဖြည်း အရှိန်ရလာတာနဲ့အမျှ ကူယွဲ့ နောက်ဆုံးတော့ လက်လွှတ်ကာ ချန်ခဲ့ဖို့အချိန်ကျပြီလို့ အသိအမှတ် ပြုလိုက်တယ်။
သူ အားလုံးကို ပြင်ဆင်ပြီးသား။ အခု ရှန်းရင်က လုံးဝ သက်သာသွားပြီဆိုတော့ သူ အနောက်ဆောင်နဲ့ ပတ်သက်ပြီး စိုးရိမ်စရာမရှိတော့ဘူး။ ဒါပေမဲ့ သုံးလောကက မျက်နှာပြင်မှာ ထင်ထားသလို ပုံမှန်မဟုတ်ခဲ့ဘူး။ အထဲမှာ ပြဿနာတွေ အများကြီးပဲ။ ဟုန့်မုန် ဒါမှမဟုတ် စုန့်ရန်၊ ဒါမှမဟုတ် မှိုဘုံနဲ့ပြဿနာ - အားလုံးက သေးသေးမွှားမွှားတွေ မဟုတ်။
ရှန်းကျင်းအရင်က ပြောတာ လုံးဝမှန်တယ်။ မိစ္ဆာနတ်ဘုရားက သူတို့ရှင်းဖို့ အရှုပ်ထုတ်တွေ ချန်ခဲ့တာပဲ။ အခု သူတို့က ငါးမျှားစာကို ယူပြီးမှ ဒါက တစ်လျှောက်လုံး ထောင်ချောက်ဖြစ်နေတာ နားလည်ခဲ့ရတယ်။ သူတို့ ထိုင်နေပြီး သက်သောင့်သက်သာနေဖို့ နည်းလမ်းမရှိတော့ဘူး။ နောက်ထပ် စီမံထိန်းသိမ်းသူတစ်ယောက် ဒီမျက်နှာပြင်ကို ကျူးကျော်လာမှာကို ကာကွယ်ဖို့နဲ့ ပြန်ပြင်မရတဲ့ကိစ္စတွေ မဖြစ်ခင် အရှုပ်ထုတ်ကို အရင်ရှင်းထားရမယ်။
အဲဒါကြောင့် သူတို့ ကမ္ဘာငယ်တစ်ခုချင်းစီကို သွားစစ်ဆေးဖို့လိုတာပဲ။ တစ်ဖက်မှာတော့ သူတို့ ဒီမျက်နှာပြင်ရဲ့ အထဲနဲ့အပြင်အကြောင်း ကောင်းကောင်းသိနိုင်မယ်။ တခြားတစ်ဖက်မှာတော့ သူတို့ကို စောင့်နေတဲ့ ဘယ်ထောင်ချောက်ကိုမဆို သတိပြုမိနိုင်မယ်။ ကူယွဲ့ သုံးလောကထဲက စားသောက်စရာတွေ အားလုံးကို ရှာဖွေပြီး စာအုပ်တစ်အုပ်ထဲတောင် စုရေးထားတယ်။ အကယ်၍များ ရှန်းရင် ခရီးထွက်ဖို့ ပျင်းလွန်းနေရင်ပေါ့။ အံ့ဩစရာကောင်းတာ ရှန်းရ်ု ငြင်းတောင်မငြင်းနိုင်ခင် စားဖိုမှူးက သူ နုတ်ထွက်မယ်လို့ရုတ်တရက် ပြောလာတာပဲ။ သူက ကျင့်ကြံဆင့်မြှင့်ဖို့ တံခါးပိတ်ကျင့်ကြံချင်တယ်တဲ့။
ကူယွဲ့ အစကတော့ စားဖိုမှူးကို နားကြားလွဲတယ်ထင်တာ။ သူ ဘာတွေပြောနေတာလဲ ဒီ cheat လေးက ကျင့်ကြံဆင့်မြှင့်ဖို့ လိုတယ်တဲ့လား။ သူက မျက်နှာပြင်ရဲ့ လက်ထောက်ဖြစ်နေပြီး ဒီကမ္ဘာက ကမ်းလှမ်းစရာ စွမ်းအားတွေရဲ့ အထွတ်အထိတ်ရောက်နေပြီလေ။ အထူးသဖြင့် သူတို့ အခုဆို လက်ထောက်အာဏာတွေကို အပြည့်အဝအသုံးချတတ်နေပြီကို။ သူတို့မျက်လုံးထဲ ကျင့်ကြံဆင့်ဆိုတာ အလွယ်တကူညှိလို့ရတဲ့ အချက်အလက်တွေ သက်သက်ပဲ။ ဘာကြောင့် တိုးဖို့လိုသေးတာလဲ။ သူတို့ အရင်ကျူးကျော်သူလို နောက်ထပ်တစ်ယောက် မတွေ့သေးသရွေ့လေ။ မဟုတ်ရင် ရှန်းရင်နဲ့သူက လူတိုင်းကို အနိုင်နိုင်ဆုံးလူတွေပဲ။
ဒါပေမဲ့ စားဖိုမှူးက စိတ်ပိုင်းဖြတ်ပြီးသား။ ကူယွဲ့ ဘာပြောပြော သူကစိတ်မပြောင်း။ နောက်တစ်နေ့မှာ သူက ဓားကို ထုတ်ပြီး ဂိုဏ်းထဲက စင်မြင့်ပေါ် တက်ကာ ဓားသိုင်းလေ့ကျင့်ဖို့ အာရုံစိုက်တော့တယ်။ နောက်တော့... တစ်ကွက်တည်းနဲ့ သူက စင်မြင့်တစ်ခုလုံးကို သူ့ဓားနဲ့ခုတ်ပိုင်းလိုက်တော့တယ်။
-_-|||
သူ့ရဲ့ အဖျက်စွမ်းအားတွေကို နားမလည်သေးပုံပဲ။ နောက်ရက်တွေမှာ သူက သူ့ဓားချီနဲ့ ခန်းဆောင်တွေကို ဖျက်ဆီးရင်ဖျက်ဆီး မဟုတ်ရင် သူ့ မီးဝိညာဉ်ကြောသိုင်းတွေကိုသုံးပြီး နန်းဆောင်တွေကို ရှို့နေတာပဲ။
ကူယွဲ့က ရင်တင်းကြပ်သွားတယ်။ အမတကျောက်တုံးတွေ သူ့အိတ်ကပ်ထဲက ပျံထွက်သွားသံကို ခပ်တိုးတိုး ကြားနေရသလိုပဲ။
"သူ့ကို ထိန်းချုပ်" ဆက်ပြီး မတောင့်ခံနိုင်တော့တာမို့ ကူယွဲ့ စားဖိုမှူးကို တားနိုင်စွမ်းရှိတဲ့ တစ်ဦးတည်းသောသူကို ဆွဲခေါ်လာရတော့တယ်။
ရှန်းရင်က သူ့ကိုပျင်းတိပျင်းရွဲလှမ်းကြည့်ကာ အချိန်မရွေး အိပ်ပျော်တော့မလို ပစ်ထိုင်တယ်။
"ငါဗိုက်ဆာနေပြီ - သူ့ကိုထိန်းချုပ်ဖို့ အားမရှိဘူး"
"မင်း ခုလေးတင် သောက်ကျိုးနည်း စားခဲ့တယ်မဟုတ်လား" ကူယွဲ့ သူမကို စိန်းစိန်းဝါးဝါး ကြည့်လိုက်တယ်။
သူမက သူ့ကို ထူးဆန်းတဲ့အမူအရာနဲ့ ခေါင်းစခြေဆုံးကြည့်လာလို့ ကူယွဲ့ တစ်ကိုယ်လုံး ကြက်သီးထစပြုလာတယ်။ ရှန်းရင် ခေါင်းယမ်းကာ သက်ပြင်းချလိုက်တယ်။
"ဟူး ဘာမှမသိတဲ့ တစ်ကိုယ်တည်းသမားပဲ၊ နင် နားလည်မှာ မဟုတ်ပါဘူး"
ကူယွဲ့ ဒါကိုကြားချိန် ဓားမြှောင်တစ်ချောင်း သူ့ရင်ဘတ်ထဲ ထိုးစိုက်သွားသလိုပဲ။
"မင်း ဘာတွေပြောနေတာလဲ၊ ရှင်းရှင်းလင်းလင်းပြော"
"မစိုးရိမ်ပါနဲ့၊ ဘာမှမဟုတ်ဘူး" နောက်တစ်ကြိမ် ရှန်းရင်က ဓားသိုင်းကျင့်နေတဲ့လူကို ကြည့်တယ်။ မကြာခင် ဒီလောက်အပြင်းအထန် လေ့ကျင့်တာ အကျိုးမရှိမှန်း သူနားလည်လာလိမ့်မယ်။ အဲချိန် သူ ဝူတိကောင်းကင်နန်းတော်တစ်ခုလုံးကို မဖျက်ဆီးရသေးရင်ပေါ့။
ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။
"ဆိုမှ မင်း အဲနေ့က စားဖိုမှူးကို ဘာပြောခဲ့တာလဲ၊ ဘာလို့ သူက ဒီလိုဖြစ်လာရတာ"
"ဘာမှမဟုတ်ပါဘူး" ရှန်းရင်က သက်ပြင်းချပေမဲ့ တခြားတစ်ခုခုကို စဉ်းစားနေတယ်။ သူမ အချိန်မီ မလုပ်ခဲ့ဘူး မလား။
"ငါပြောခဲ့သမျှက သူ ငါ့ကိုလက်ထပ်ချင်ရင် ငါ့အစ်မကြီး သတ်တာခံရဖို့ကို မျှော်လင့်ထားသင့်တယ်လို့"
ကူယွဲ့ တန့်သွားတယ်။ အဲဒါတကယ်ပဲ ဖြစ်နိုင်ချေမြင့်မားတာပဲ။
"အိုက် အချစ်ဆိုတာ ခန့်မှန်းမရပါလား"
"..." ဟေး စကားသေချာကြည့်ပြောစမ်း မင်း အချစ်ကဗျာစပ်ဖို့ ကြိုးစားနေတာလား။
"ငါ သူ့အဆင့်အတန်း ချို့တဲ့မှုနဲ့ပတ်သက်ပြီး ဘာမှမပြောခဲ့ပါဘူး၊ ဒါပေမဲ့ သူက လမ်းမှန်အတိုင်းလုပ်ဖို့ပဲ အတင်းပြောနေတာ" လက်ထပ်မှုဆိုတာ ခွင့်ပြုချက်တစ်ခုသာပဲ။ ပြီးတော့ သူက အဲမျက်နှာပြင်ကတောင် မဟုတ်ဘူး။ အများဆုံးမှ သူတို့ လက်ထပ်မှတ်ပုံတင်အတု လုပ်နိုင်ရုံပေါ့။
"တကယ်တော့ ငါက ငါတို့လက်ထပ် မထပ်နဲ့ ပတ်သက်ပြီး သိပ်စိုးမရိမ်ပါဘူး"
"..." မင်း သူ့ကို အဆင့်အတန်း မပေးချင်တဲ့လေသံမျိုး ဖြစ်နေတယ်
"ဖေဖေနျို" ရှန်းရင်က လေးနက်တဲ့ အမူအရာနဲ့ သူ့ဘက်လှည့်လာတယ်။
"ဓားကျင့်ကြံသူတွေအားလုံးက အဲလောက် ခေါင်းမာတာလား"
ကူယွဲ့ နှုတ်ခမ်းစေ့ပြီး နောက်တော့ ပြန်ခွန်းတုံ့ပြန်လိုက်တယ်။
"ခန္ဓာကျင့်ကြံသူတွေအားလုံးက အဲလောက် ခပ်ပေါ့ပေါ့နေတတ်တာလား"
"..."
"ရှန်းရင် ငါ့ကို အမှန်တိုင်းပြောစမ်း" ကူယွဲ့ သူမပခုံးကိုပုတ်ကာ အတည်ပြောလိုက်တယ်။
"မင်း စားဖိုမှူးကို ကြိုက်တာလား၊ ဒါမှမဟုတ် သူ့ခန္ဓာကိုယ်ကိုပဲလား"
"..." သူ့ ဟင်းချက်စွမ်းရည်ကို ဘာလို့ကြိုက်လို့မရတာလဲ။
"စားဖိုမှူး အကြီးအကဲ" သူတို့ စကားပြောနေတုန်းရှိသေး ယွီဟုန်က အဝေးကနေပျံသန်းလာတယ်။ သူမကြည့်ရတာ ယိချင်း အနားကတစ်နေရာရာမှာ ဓားသိုင်းကျင့်နေတယ်ဆိုတာ သိလို့ထင်တယ်။ မတော်တဆ ထိခိုက်မိမှာဆိုးလို့ သူမကိုယ်သူမ အကာအကွယ်အင်းကွက် ကာထားလေရဲ့။ သူမက ဂါရ၀ပြုကာ ပြောတယ်။
"အရှေ့ထိုက်ရဲ့ တိုင်းပြည်ဧကရာဇ်က ကောင်းကင်နန်းတော်ထဲ စောင့်နေတာအချိန်အတော်ကြာပါပြီ၊ သူ့မှာ အရေးစိုက်ဖို့လိုတဲ့ အရေးကြီးကိစ္စရှိတယ် ပြောပါတယ်"
ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။
"ယွီဟုန်၊ မင်းနဲ့ စစ်ယွီက ဂိုဏ်းအတွက် ကိစ္စတွေကို ကိုင်တွယ်လို့ရတယ်လို့ ပြောထားတယ်လေ၊ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ငါ့ကိုလာမေးစရာမလိုဘူး၊ မင်း ကိုင်တွယ်နိုင်တယ်"
"မဟုတ်ပါဘူး" ယွီဟုန်က သိပ်မဝေးတဲ့နေရာကလူကို လှမ်းကြည့်ကာဆက်ပြောတယ်။
"သူက အကြီးအကဲယိချင်းကို တွေ့ချင်ပါတယ်တဲ့၊ ကျွန်မ သူ့ကို ဘာကိစ္စလဲမေးခဲ့ပေမဲ့ ပြောပြဖို့ကို ငြင်းနေတယ်၊ သူပြောတာတော့ အရေးကြီးတာမို့ အဇဋာဧကရာဇ်ယိချင်းကို ကိုယ်တိုင်တွေ့ရမယ်တဲ့"
"သူက စားဖိုမှူးကို ရှာနေတာလား" ကူယွဲ့ တန့်သွားပြီး အဇဋာဧကရာဇ်ဆယ်ယောက်ကလွဲ တခြားသူတွေက ယိချင်းကို ကောင်းကင်နန်းတော်ကို ထိန်းချုပ်သူလို့ မြင်ကြတာ သတိရသွားတယ်။ သူက ပေါ်ပင်လယ်ရဲ့ တရားဝင်အဇဋာဧကရာဇ်ပဲကိုး။
"အရှေ့ထိုက်လား၊ ဘာလို့အဲနာမည်ကို ရင်းနှီးနေတာပါလိမ့်"
"အရှေ့ထိုက်ရဲ့ တိုင်းပြည်ဧကရာဇ်က ယွီကန်းပါ" ယွီဟုန်က သတိပေးတယ်။
"သူက နောက်ဆုံးအမတတွေ့ဆုံပွဲမှာ နောက်ကျမှ ရောက်လာတဲ့သူလေ"
"အိုး၊ လူဆိုးအဖြစ် သရုပ်ဆောင်သူလား"
ကူယွဲ့ အခု သူဘယ်သူလဲဆိုတာ သိသွားပြီ။ သူက လန်ဟွားကို ထောက်ခံပြီး ယိချင်း တိုင်းပြည်ဧကရာဇ် လုပ်တာကို ကန့်ကွက်တယ်လို့ ပြောခဲ့တဲ့သူ။
ရုတ်တရက် သူရယ်ချင်သွားတယ်။ အဲတိုင်းပြည်ဧကရာဇ်တွေ လှည့်ကွက်သုံးပြီး ယိချင်းနဲ့ လန်ဟွားကြား ပဋိပက္ခတွေဖန်တီးဖို့ ကြိုးစားချိန် သူတို့လုံးဝကို ရှုံးနိမ့်သွားခဲ့တယ်လေ။ အဲအစား သူတို့အစီအစဉ်က ပြောင်းပြန်ဖြစ်ပြီး အမတပြိုင်ပွဲဆေးလုံးတွေကြောင့် အတွင်းပဋိပက္ခတွေ ရှိလာခဲ့တယ်။ နောက်ကျ ကူယွဲ့တို့တွေ တိုင်းပြည်ဧကရာဇ်တွေကို စိတ်မဝင်စားတော့ဘူး။ ဒါပေမဲ့ တပည့်တွေဆီကနေတော့ သူတို့နဲ့ ပတ်သက်တဲ့သတင်းကို ရံဖန်ရံခါကြားရတယ်။ သူတို့တွေ တိုင်းပြည်ဧကရာဇ်၁၅ယောက်ထဲက တစ်ဝက်လောက်က ရာထူးဖြုတ်ခံလိုက်ရတယ်ဆိုတာပါ ကြားခဲ့ရတယ်။
"သူက တိုင်းပြည်ဧကရာဇ်ဖြစ်နေသေးတယ်လား"
လန်ဟွားက အမတပြိုင်ပွဲဆေးလုံးရာကျော် သန့်စင်ခဲ့ချိန် ကူယွဲ့က သူတို့ကို ၁၅လုံးပဲ ပေးခဲ့တာ။ နောက်တော့ သူ ဈေးကွက်ထဲ တချို့ကို စီးဆင်းစေပြီး တိုင်းပြည်ဧကရာဇ်တွေကို ဒေါသထွက်စေခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ဆေးလုံးသုံးစွဲသူတွေက သူတို့နဲ့ ရင်းနှီးတဲ့ အပေါင်းအဖော်တွေလေ။ ယွီကန်းက လူဆိုးအဖြစ် သရုပ်ဆောင်ပြီး ပြဿနာတက်စေခဲ့တဲ့ တစ်ဦးတည်းသောသူ။ နောက်ကွယ်မှာ ထောက်ခံသည်ဖြစ်စေ မထောက်ခံသည်ဖြစ်စေ တခြားတိုင်းပြည်ဧကရာဇ်တွေက ဝေးဝေးနေကြတယ်။ ခုလောက်ဆို အရှေ့ထိုက်တိုင်းပြည်က ဒုက္ခရောက်နေသင့်ပြီ။ ဘာကြောင့် ယွီကန်းက အလုပ်မပြုတ်သေးတာလဲ။ ပိုပြီး မယုံကြည်နိုင်စရာက သူက ပြဿနာရှိချိန် လန်ဟွားကို မဟုတ်ဘဲ စားဖိုမှူးကို လာရှာတာပဲ။
"အရှေ့ထိုက်က ပိုထူးခြားပါတယ်" ယွီဟုန်က ရှင်းပြတယ်။
"အရှေ့ထိုက်ရဲ့ အစိတ်အပိုင်းအသီးသီးကို တာဝန်ယူထားတဲ့အမတတွေကို မြို့အရှင်တွေလို့ ခေါ်တာကြားခဲ့တယ်၊ အများစုက တူညီတဲ့အောက်ဘုံကနေ ရောက်လာကြတာပါ၊ အဲထဲကမှ အများစုက ယွီမျိုးနွယ်တွေ၊ အောက်ဘုံမှာ သူတို့က မသေမျိုးဆီတက်လှမ်းဖို့ ကြိုးကြိုးစားစားကျင့်ကြံကြတဲ့ ဆွေကြီးမျိုးကြီးမိသားစုတွေထဲက တစ်ခုအဖြစ် လူသိများပါတယ်၊ သူတို့ အထက်ဘုံရောက်တော့လည်း တစ်မိသားစုတည်း ဖြစ်နေသေးတာက ရှားပါးတယ်၊ ဖြစ်နိုင်တာ အားလုံးက တူညီတဲ့အောက်ဘုံက လာတာမို့ ထူးထူးခြားခြား စည်းလုံးကြတာပဲ"
"အဲဒါရှားတာပဲ" ကူယွဲ့ တန့်သွားတယ်။ ဒါပေမဲ့ အောက်ဘုံက ကျင့်ကြံသူအနည်းငယ်ကပဲ မသေမျိုးဆီ တက်လှမ်းတာလေ။ အမတဘုံမှာ အမတတွေအများကြီးရှိပေမဲ့ သူတို့အားလုံးက ကမ္ဘာ၃၀၀၀ကျော်ကနေ ရောက်လာကြတာ။ ပြီးတော့ 'ကမ္ဘာ၃၀၀၀' ဆိုတာ တကယ် ကမ္ဘာ၃၀၀၀ပဲရှိတယ် မဆိုလိုဘူး။ အမှန်တော့ ကမ္ဘာတွေက အဲထက်တောင်များနိုင်တယ်။ အမတတွေ အများကြီးက ဘယ်လိုလုပ် တူညီတဲ့ အောက်ဘုံတစ်ခုတည်းကနေ ရောက်လာနိုင်ရတာလဲ။ အဲအောက်ဘုံက ထူထဲတဲ့ဝိညာဉ်ချီနဲ့ ပြည့်နေတာဖြစ်ရမယ်။
ယွီကန်း သူ့ခုံမှာ သက်သောင့်သက်သာထိုင်နေနိုင်သေးတာ မဆန်းတော့ဘူး။ သူ့နောက်ကွယ်မှာ အသာစီးရတဲ့ ထောက်ခံမှုစနစ် ရှိနေတာကိုး။ ကူယွဲ့ ယွီကန်း ဘာလို့ ဒီနေရာထိ အသည်းအသန် ပြေးလာပြီး စားဖိုမှူးကို ရှာရလဲဆိုတာ သိချင်သွားတယ်။ ရုတ်တရက် သူက စိတ်လှုပ်ရှားကာ ယွီဟုန့်ကို ခေါင်းညိတ်ပြလိုက်တယ်။
"တိုင်းပြည်ဧကရာဇ်က ဒီကိုတကူးတက ကိုယ်တိုင်လာမှတော့ ငါတို့ သူ့ကိုတွေ့ဖို့ ငြင်းလို့မဖြစ်ဘူး၊ ယွီဟုန် သူ့ကို အရှေ့နန်းဆောင်ဆီ လမ်းပြလိုက်၊ ငါတို့ခဏနေ အဲကိုလာခဲ့မယ်"
"ဟုတ်" သူမက တစ်ဖက်လှည့်ကာ ပျံထွက်သွားတယ်။
ကူယွဲ့ သူ့ဘေးမှာ အိပ်သိုက်နေတဲ့ ရှန်းရင်ကို တံတောင်နဲ့ တွတ်ကာ စားဖိုမှူးဘက် လက်ညှိုးထိုးလိုက်တယ်။
"ဟေး အလုပ်လုပ်မယ်၊ သူ့ကိုခေါ်လိုက်တော့"
"အိုး" ရှန်းရင် အဝေးကစားဖိုမှူးကို လှမ်းကြည့်ကာ ပျင်းတိပျင်းရွဲ အော်လိုက်တယ်။
"စားဖိုမှူး"
ခဏအတွင်း လေထဲက ဓားချီက ပျောက်သွားကာ စားဖိုမှူးက ရှန်းရင်ဘေး ပေါ်လာတယ်။ သူ့မျက်ဝန်းတွေက သူမကို ငေးကြည့်ရင်း တလက်လက် တောက်ပနေလေရဲ့။
"ဆရာ ခေါ်တာလား"
"တစ်ယောက်ယောက်က မင်းကိုတွေ့ချင်နေတယ်" ကူယွဲ့ ပြောလိုက်တယ်။
"လေ့ကျင့်တာ ခုတော်တော့၊ အရှေ့ခန်းမဆောင်ဆီ သွားကြရအောင်"
စားဖိုမှူးက မျက်မှောင်ကြုတ်တယ်။ သူ မလိုလားတာ အသိသာကြီး။ ဒါပေမဲ့ ရှန်းရင်ကို တစ်ချက် ခိုးကြည့်ကာ သူတို့နောက် ဘယ်လိုပဲဖြစ်ဖြစ် လိုက်လာတယ်။
သုံးယောက်သား အရှေ့ခန်းမဆောင်ဆီ လျှောက်လာခဲ့တယ်။ ခြေ၂လှမ်းပဲလှမ်းရသေး ယိချင်းက သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘူး။ သူက ရှန်းရင်ကို လှည့်ကြည့်ကာ လက်သီးဆုပ်လိုက်တယ်။ ခဏနေတော့ သူက ခိုးကြောင်ခိုးဝှက် လက်လှမ်းကာ ရှန်းရင်လက်ကို ဖမ်းဆုပ်တယ်။ သူက သူမလက်ကို ဆုပ်ကိုင်ထားတာကို ညင်ညင်သာသာ တင်းကျပ်လိုက်တယ်။ ရှန်းရင် တုံ့ပြန်မှုမရှိတာ မြင်တော့ သူက စပ်ဖြီးဖြီးပြုံးကာ မျက်နှာနီရဲသွားတယ်။
လုပ်ငန်းစဉ်တစ်ခုလုံးကို မြင်လိုက်ရတဲ့ကူယွဲ့ ။ ။ "..." မေ-ိုး
သူ သူတို့ လမ်းလျှောက်နေရင်းတောင် ပေါ်တင်ရိုပြနေတာကို တောင့်ခံနေရတယ်ပေါ့။
ခဏစောင့်ပါဦး။
"မင်းတို့နှစ်ယောက် ဘယ်ဦးတည်နေတာလဲ၊ ဟိုဘက်မှာဟ"