အခန်း (၄၄၅-၄၄၇)
Vol. 30 Ch. 445-447
အခန်း ၄၄၅ ။ ဘယ်သူမှမတက်လှမ်း
သူတို့ အရှေ့ခန်းမဆောင်ဆီ ရောက်ချိန် အရှေ့ထိုက်ရဲ့တိုင်းပြည်ဧကရာဇ်ယွီကန်းက သူတို့ကို အထဲမှာ စောင့်နေပြီ။ သူက သူတို့သုံးယောက် ဝင်လာတာကိုမြင်ချိန် သူကချက်ချင်းထရပ်ကာ ယိချင်းကိုဂါရ၀ပြုတယ်။
"ယွီကန်း အဇဋာဧကရာဇ်ကိုကြိုဆိုပါတယ်" သူက မယုံကြည်နိုင်စရာကောင်းလောက်အောင် နှိမ့်ချနေတယ်။ အရင်က ဒီလို ဖြောင့်မတ်တဲ့ဒေါသမျိုး ထွက်ပြခဲ့သူနဲ့ လူအတူတူပဲဆိုတာ ဘယ်သူမှ ခန့်မှန်းမိလိမ့်မှာမဟုတ်ဘူး။
သုံးယောက်သား သူ့ကိုလျစ်လျူရှုကာ ဆက်လျှောက်လာခဲ့တယ်။ ရှန်းရင်က ပင်မထိုင်ခုံကိုယူကာ သူမရဲ့ကုလားထိုင်ပေါ် ပစ်ထိုင်ချကာ လက်တစ်ဖက်ကို ကုလားထိုင်ပေါ် တင်ထားတယ်။ ယိချင်းက သူ့ဘေး မှာနေပြီး အကျင့်အတိုင်း အဆာသွတ်မုန့်တွေ ဝါးလို့ရအောင် ထုတ်ကာ ရှန်းရင်ဘေးက စားပွဲပေါ် တင်လိုက်တယ်။
တစ်ဖက်မှာတော့ ကူယွဲ့က သူနဲ့အနီးဆုံး အောက်ဘက်ကထိုင်ခုံမှာ ဝင်ထိုင်လိုက်တယ်။ သူက မသက်မသာဖြစ်နေတဲ့ယွီကန်းကို လှမ်းကြည့်ကာ ပြုံးတယ်။
"ဧကရာဇ်ငယ်ယွီ၊ ကျွန်တော်တို့ ဒီဂုဏ်သရေကို ဘယ်မှာလက်ခံနိုင်မှာပါလဲ၊ မင်းတပည့်တွေက ကျုပ်တို့ကို အသိပေးတာ လွဲနေတာများလား၊ အဇဋာဧကရာဇ်လန်ဟွားကို ရှာနေတာလား" သူက တမင်သက်သက် ဒါကိုထည့်ပြောလိုက်တာပဲ။
"သူ့ကို အခု ကျုပ်ခေါ်လိုက်ရင်ရော"
"ဟင့်အင်း ဟင့်အင်း ဟင့်အင်း" ယွီကန်းက ချွေးထွက်နေတယ်။ သူက အမြန်ငြင်းတော့တယ်။
"ဧကရာဇ်ငယ် ခင်ဗျားအထင်လွဲနေပါပြီ၊ ကျွန်တော်... ကျွန်တော် အဇဋာဧကရာဇ်ယိချင်းကို လာရှာတာပါ"
"ထူးဆန်းလိုက်တာ..." ကူယွဲ့ကပြုံးတယ်။ "ကျုပ် အမှတ်မမှားဘူးဆိုရင် ဧကရာဇ်ငယ်ယွီက တခြားတိုင်းပြည်ဧကရာဇ်တွေနဲ့ တခြားတိုက်ကြီးတွေက အမတရောင်းရင်းတွေရှေ့ အဇဋာဧကရာဇ်လန်ဟွားကိုပဲ သိပြီး အဇဋာဧကရာဇ်ယိချင်းကို မသိဘူးလို့ ကြေညာခဲ့တာမဟုတ်လား"
“ဟုတ်…ဟုတ်တယ်၊ ကျွန်တော် သတိလက်လွတ် မှတ်ချက်ချမိခဲ့တာပါ၊ ကျေးဇူးပြု၍ ခွင့်လွှတ်ပါ၊ ဧကရာဇ်မင်းမြတ်" ယွီကန်းခြေထောက်တွေ ပျော့ခွေသွားပြီး ဒူးထောက်ကျသွားတယ်။
"အဇဋာဧကရာဇ်က ကျွန်တော့်ကို ဘယ်လိုပဲ ဖြေရှင်းချင်ပါစေ ကျွန်တော့် ပြစ်ဒဏ်ကို လက်ခံမှာပါ"
ကူယွဲ့ ခဏရပ်လိုက်တယ်။ ယုတ္တိဗေဒအရ၊ သူက အရင်က ဒီလောက် ဒုက္ခရောက်အောင် ပြဿနာရှာနိုင်ရင် သူက အလွန်မာနကြီးသူ ဖြစ်သင့်တယ်လေ။ သူဘာလို့ ဒီလောက်လွယ်လွယ် အလျှော့ပေးရတာလဲ။ ပြီးတော့ ဒီထက်ပိုပြီး များများစားစားမရှိဘဲ ကိုယ့်အမှားကို ဝန်ခံဖို့ ဒူးထောက်ချလာတယ်။ ရုတ်တရက် ယွီကန်း သူတို့ဆီက တောင်းဆိုမဲ့အရာဟာ ရိုးရှင်းမှာမဟုတ်ဘူးဆိုတာကို ကူယွဲ့နားလည်လိုက်တယ်။
"ဒါပေမဲ့ ဒါတွေအားလုံးက ကျွန်တော့်ဘက်က မိုက်မဲမှုတစ်ခုပါပဲ၊ အရှေ့ထိုက်က လူတွေနဲ့ ပေါ်ပင်လယ်က လူတွေနဲ့ ဘာမှမဆိုင်ပါဘူး" ယွီကန်းက သူ့ခေါင်းကို မြှောက်လိုက်ပြီး ရှန်းရင်ကို အစားအသောက်တွေ ထပ်ပေးနေတဲ့ အမျိုးသားကို လေးလေးနက်နက် ကြည့်လိုက်တယ်။ ယိချင်းက သူ့ကို တစ်ချက်တောင် မကြည့်ဘူး။ ယွီကန်းက တုံ့ဆိုင်းသွားပြီး ကူယွဲ့ဘက်ကို လှည့်လိုက်တယ်။
"ဒီနေ့ ကျွန်တော် ဒီကိုရောက်နေတဲ့ကိစ္စက အရမ်းအရေးကြီးပါတယ်၊ အဲဒါက အမတဘုံတစ်ခုလုံးနဲ့ သက်ဆိုင်နေတာပါ၊ အဇဋာဧကရာဇ်ယိချင်းကို အကူအညီတောင်းဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတော့ဘူး"
"အိုး" ကူယွဲ့ အခု သိချင်စိတ်ဖြစ်သွားပြီ။
"စား- ငါဆိုလိုတာက ယိချင်း ဖြေရှင်းနိုင်ပြီး ငါ မဖြေရှင်းနိုင်တာ ဘာများလဲ"
ယွီကန်း အမူအရာ ပြောင်းသွားတယ်။ တစ်ခုခုကို တွေးနေသလိုမျိုး တုံ့ဆိုင်းသွားပြီး အသံကို တိုးလိုက်တယ်။ "အဇဋာဧကရာဇ်ထံ အစီရင်ခံပါတယ် - ကျွန်တော်တို့အရှေ့ထိုက်က ပေါ်ပင်လယ်ရဲ့ အရှေ့ဘက်က ကျွန်းတစ်ကျွန်းပေါ်တွင် တည်ရှိတာပါ၊ တခြားနိုင်ငံတွေနဲ့ ယှဉ်ရင် ပိုချမ်းသာတဲ့ မြေကွက်လို့ ယူဆနိုင်ပါတယ်၊ အဲဒီမှာ အမတတွေ အများကြီးရှိတယ်လေ၊ ဒါပေမဲ့ မကြာသေးမီနှစ်တွေအတွင်းမှာ အမတတွေ တိုးလာခြင်းမရှိတော့ပါဘူး၊ အစတုန်းကတော့ အကြောင်းရင်းကို မသိခဲ့ဘူး၊ အောက်ဘုံကကျင့်ကြံသူတွေ လုံလောက်တဲ့ လေ့ကျင့်မှု မလုပ်ဘူးလို့ပံ ကျွန်တော်တို့ ထင်ခဲ့တာ"
သူက မော်ကြည့်ကာ သူတို့ သုံးယောက်ကို တစ်ချက်ကြည့်ပြီးနောက် ပြန်ငုံ့ကာ နောက်တဖန် ဆက်ပြောတယ်။ "မကြာသေးမီက၊ မြို့အရှင်တွေထဲက တစ်ဦးဖြစ်တဲ့ မြို့အရှင်ချန့်ချင်းဆီက စာတစ်စောင် ရခဲ့ပါတယ်၊ အောက်ဘုံက သူ့တူဖြစ်သူက ကျင့်ကြံသူအနေနဲ့ အလားအလာကောင်းတွေ ရှိတယ်တဲ့၊ အမှန်က၊ မြို့အရှင်က သူ့ကံကြမ္မာကို တွက်ချက်ထားပြီးသား ဖြစ်ပြီး၊ သူ့တူဖြစ်သူက မသေမျိုးဆီ တက်လှမ်းရမှာကို သိရှိပြီးသားပါ၊ ဒါပေမဲ့ အကြောင်းတစ်ခုခုကြောင့် အတိဒုက္ခကို ဖြတ်သန်းစဉ် သူ့ကျင့်ကြံဆင့် ကျဆင်းသွားခဲ့တယ်၊ တက်လှမ်းဖို့ကနေ တားမြစ်ခံလိုက်ရတယ်၊ အဲဒီအချိန်မှပဲ ဒီအခြေအနေကြီးတစ်ခုလုံးက ထူးဆန်းတယ်လို့ ကျွန်တော်သဘောပေါက်ခဲ့တာ"
ကူယွဲ့ မျက်မှောင်ကြုတ်ပြီး ယွီကန်းကို လေ့လာလိုက်တယ်။
"ဘယ်လိုပဲဖြစ်ဖြစ် ကျင့်ကြံသူတွေဟာ သဘာဝရဲ့ လမ်းစဉ်ကို ဆန့်ကျင်နေတာလေ၊ သေးငယ်တဲ့ ပြောင်းလဲမှုမှန်သမျှ— လူတစ်ယောက် နှလုံးသားထဲ စိတ်ဝိညာဉ်နတ်ဆိုး တစ်စွန်းတစ်လေး ရှိနေရင်တောင်— တက်လှမ်းမှုအပေါ် သက်ရောက်မှုရှိမှာပဲ၊ သူ့တူလေးက တက်လှမ်းဖို့ ကံပါလာတယ်လို့ ဘယ်လိုပြောနိုင်မှာလဲ" သေချာပေါက် Cheat ရှန်းရင်က လွဲပြီးပေါ့။ "ဒါ့အပြင် လူတော်တော်များများက တက်လှမ်းနေတဲ့အချိန်မှာ လမ်းခုလတ်မှာ ရပ်သွားတယ်လေ၊ ဒါဟာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို့ ယူဆလို့ရတယ်၊ အဲဒါက ဘာထူးဆန်းလို့လဲ၊ နှစ်အနည်းငယ်အတွင်း ဘယ်သူမှ တက်မလာရင်တောင် ဒါက..." ပုံမှန်ပဲ။
"မဟုတ်ဘူး၊ အောက်ဘုံမှာ တစ်ခုခုမှားနေတာဖြစ်မယ်" ယွီကန်းက စိုးရိမ်တကြီးပြန်ပြောတယ်။ သူက မပြီးသေး။
"အရှေ့ထိုက်ဆီ ဘယ်သူမှ မတက်လှမ်းလာဘဲ နှစ်အနည်းငယ်ကြာ ဖြတ်သန်းလာတာကို မမြင်ဖူးသေးဘူး၊ ကျွန်တော့်စကားကို နားထောင်ပေးပါ…" သူက ယိချင်းကို တစ်ချက် ခိုးကြည့်ကာ အံကြိတ်လိုက်တယ်။
"အမတဘုံနဲ့နတ်ဆိုးဘုံကြား မကြာသေးမီက ထူးဆန်းတဲ့ အပြာရောင် ဘုံတံခါးတစ်ခု ပေါ်လာတာကို ကြားခဲ့ရပါတယ်၊ အောက်ဘုံနဲ့ သက်ဆိုင်တယ်လို့လည်း ကြားတယ်၊ ဒါကြောင့်... လက်အောက်ငယ်သားက အရှေ့ထိုက်ကို အောက်ဘုံနဲ့ ချိတ်ဆက်တဲ့ ဘုံတံခါးမှာ ပြဿနာရှိနေတယ်လို့ အရဲတင့်စွာ ခန့်မှန်းကြည့်လို့ရမလား၊ အဲဒါကြောင့် အောက်ဘုံက ကျင့်ကြံသူတွေ တက်မလှမ်းလာနိုင်တာ ဖြစ်နိုင်တယ်""
"ဘုံတံခါးတွေလား" ကူယွဲ့ တိတ်သွားပြီး ရင်ထဲတင်းကြပ်သွားတယ်။ သူ စားဖိုမှူးဘက်လှည့်လိုက်တယ်။
"ပြဿနာမရှိဘူး" စားဖိုမှူးက ကူယွဲ့ ဘာမေးချင်လဲဆိုတာကို ခန့်မှန်းမိတဲ့ပုံ။ သူက ခေါင်းကို ယမ်းပြတယ်။
"စစ်ဆေးပြီးပြီ" နောက်တော့ သူက ရှန်းရင်အတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးတယ်။ သူ မျက်နှာပြင်သစ်ပင်ကို နောက်ဆုံးတစ်ခေါက် ပြင်တုန်းက အဲဘုံတံခါးကို စစ်ဆေးခဲ့တယ်။ ထူးခြားနေတာ ဘာမှမရှိဘူး။
"အဇဋာဧကရာဇ်ယိချင်း၊ မြို့အရှင်ချန့်ချင်းရဲ့တူက တခြားအကြောင်းရင်းကြောင့် ကျရှုံးသွားတာ ဖြစ်ရမယ်" ယွီကန်းက ယိချင်း သူ့ကို မယုံတာ သတိထားမိတော့ ရှင်းပြဖို့ပိုကြိုးစားတော့တယ်။
"သူလာတဲ့ ရှားပါးရောက်ရှိဘုံက အမြဲ ဝိညာဉ်ချီတွေပြည့်နေတာ၊ အရှေ့ထိုက်က အမတအများစုက ဒီဘုံက လာကြတာ၊ ဒါပေမဲ့ ခုနောက်ပိုင်းနှစ်တွေမှာ၊ ဘယ်ကျင့်ကြံသူမှ မတက်လှမ်းလာခဲ့ဘူး၊ နှစ်တချို့က မကြာရှည်ဘူးဆိုပေမဲ့... အမတဘုံကတစ်ရက်က အောက်ဘုံမှာ နှစ်တစ်ရာလေ၊ ဆိုလိုတာ နှစ်သောင်းချီ ကျော်လွန်သွားခဲ့ပေမဲ့ ဘယ်သူမှ မတက်လှမ်းလာဘူးပေါ့၊ အဲဒါ ပုံမှန်လို့ ဘယ်လိုလုပ် ပြောနိုင်မှာလဲ""
ဒါတွေအားလုံးက အရမ်းကို ယုတ္တိရှိပေမဲ့...။
"ဧကရာဇ်ငယ်ယွီ၊ ကျင့်ကြံသူတွေ တက်လှမ်းရင်တောင် အမတတက်လှမ်းမှုစင်မြင့်ရဲ့တည်နေရာက အတည်တကျ မရှိဘူးဆိုတာ မေ့နေပုံပဲ၊ မင်းတို့အရှေ့ထိုက်က ကျင့်ကြံသူအသစ်တွေ တက်လှမ်းတာ မရှိလောက်ပေမဲ့ တခြားတိုက်ကြီးတွေဆီ တက်လှမ်းနေတာဖြစ်နိုင်တာပဲ"
ဒါက ဘယ်လိုပဲဖြစ်ဖြစ် ကလေးမွေးသလိုမှ မဟုတ်တာ။ သူတို့ ဒီကျင့်ကြံသူတွေကို ဘယ်တက်လှမ်းစေချင်လဲဆိုတာ ဘယ်သူမှ ဆုံးဖြတ်လို့မရဘူး။ ကူယွဲ့ မျက်လုံးမှေးကာ ယွီကန်းကို လေ့လာလိုက်တယ်။
"ဒါမှမဟုတ် မင်းပြောနေတာ... ဧကရာဇ်ငယ်ယွီက ဒီကျင့်ကြံသူတွေ ဘယ်နေရာဆီ တက်လှမ်းနေလဲဆိုတာ သတင်းပုံမှန်ရနေလို့ အောက်ဘုံမှာ တစ်ခုခုဖြစ်နေတယ်ဆိုတာ သေချာတာလား"
ယွီကန်းက ဖြူဖျော့သွားတယ်။ သူ ချက်ချင်း အပြစ်ရှိသလိုစိတ်မျိုးနဲ့။ မျက်လုံးတွေက လှစ်ခနဲ ဖြစ်သွားပြီး သူကအံကြိတ်ကာ လက်သီးဆုပ်လိုက်တယ်။
"ကျေးဇူးပြုပြီး ကျွန်တော့်ကိုခွင့်လွှတ်ပါ အဇဋာဧကရာဇ်၊ ကျွန်တော်မျိုးမှာ တကယ်ပဲ... နည်းလမ်းတွေ ရှိပါတယ်"
သူက ကူယွဲ့ကိုမော့ကြည့်ပြီး နောက်တော့ သူ့ကိုခုထိအဖတ်မလုပ်သေးတဲ့ ယိချင်းကို မလုံမလဲ လှမ်းကြည့်တယ်။ အပြစ်ရှိသလို သူကပြောတယ်။
"ကျွန်တော်မျိုး ယွီလင်းအမတနယ်မြေထဲရောက်ချိန် တူညီတဲ့ဘုံကကျင့်ကြံသူတွေကို ဆက်သွယ်မှုတစ်မျိုး ဖွဲ့စည်းပေးတဲ့ ရှေးဟောင်းအင်းကွက်တစ်မျိုး ကြုံခဲ့ပါတယ်၊ ကျွန်တော်က ဒီအင်းကွက်ကို အရှေ့ထိုက်ရဲ့မြို့တစ်ခုစီမှာ တပ်ဆင်ခဲ့ပြီး ခုမှတက်လှမ်းလာကာစ ကျင့်ကြံသူတွေကို သူတို့လူရင်းတွေနဲ့ မြန်မြန်တွေ့နိုင်အောင် လုပ်ပေးခဲ့ပါတယ်၊ အဲဒါကြောင့်လည်း... အရှေ့ထိုက်က အမြဲအဆင်ပြေပြေရှိနေတာပါ"
ကူယွဲ့ သူ့ကို ခေါင်းစခြေဆုံး စစ်ဆေး လိုက်တယ်။ ဒါက သူ ရာထူးမပြုတ်သေးတဲ့ အကြောင်းရင်းလား။
"အဇဋာဧကရာဇ်ယိချင်း" ယွီကန်းက သူ့ကိုအသနားခံလာတယ်။
"ကျွန်တော်တို့ စွမ်းအားတွေက ခင်ဗျားနဲ့ယှဉ်ရင် အားနည်းပါတယ်၊ ကျွန်တော်တို့ ဒီထူးခြားဖြစ်စဉ် နောက်ကွယ်က အကြောင်းရင်းကို စုံစမ်းဖို့ နည်းမရှိပါဘူး၊ ဒါက အင်မတန်အရေးကြီးတဲ့ကိစ္စဖြစ်ပြီး ခင်ဗျားက ကောင်းကင်မျိုးနွယ်ပါ၊ ကိစ္စတစ်ခုနှစ်ခုတော့ သိမှာသေချာပါတယ်၊ ကျေးဇူးပြုပြီး အဇဋာဧကရာဇ် ကျွန်တော်နဲ့အတူ အရှေ့ထိုက်ဆီလိုက်-"
"ဟင့်အင်း" သူ စကားမဆုံးခင် ယိချင်းက သူ့ကိုငြင်းတယ်။ ဆရာ့ကို လက်ထပ်ဖို့ ကိုယ့်ဟာကိုယ် လေ့ကျင့်ရဦးမှာ။ ဘာလို့ သွားရမှာလဲ။
"အဇဋာ... အဇဋာဧကရာဇ်" ယွီကန်း တုန်ယင်နေတယ်။ ယိချင်း အဲလောက်ပြတ်ပြတ်သားသား ငြင်းမယ်လို့ သူမထင်ခဲ့ဘူး။ သူ မျှော်လင့်တကြီး ကူယွဲ့ဘက်လှည့်လိုက်တယ်။
"ဧကရာဇ်ငယ်ကူယွဲ့..."
"အရင်ပြန်နှင့်ပါလား" ကူယွဲ့က ကတိမပေး။
"ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာလုပ်နိုင်မလဲ ကြည့်ကြတာပေါ့"
"ဒါပေမဲ့ ကျွန်တော်..." ယွီကန်းက ပိုပြီးတောင် အသနားခံချင်နေတယ်။
ဒါပေမဲ့ ကူယွဲ့က တစ်ဖက်လှည့်သွားပြီဖြစ်ကာ လက်ကိုယမ်းလိုက်တယ်။
"တစ်ယောက်ယောက်၊ ဧကရာဇ်ငယ်ယွီကို အပြင်လိုက်ပို့လိုက်"
ယွီကန်းက ရွေးစရာမရှိတော့ဘူး။ သူက သုံးယောက်သားကို နောက်တစ်ကြိမ် ဝေ့ဝဲကြည့်ကာ အင်တင်တင်ထွက်သွားခဲ့တယ်။
သူ ကောင်းကင်နန်းတော်က ထွက်သွားမှ ကူယွဲ့ စားဖိုမှူးဘက် မျက်နှာချင်းဆိုင်လိုက်တယ်။
"စားဖိုမှူး မင်းဘယ်လိုထင်လဲ"
ယိချင်းက မျက်မှောင်ကြုတ်ရင်း အသီးတစ်လုံးကို နွှာနေတယ်။
"သူ့ဇာတ်လမ်းက ဟာကွက်အပြည့်နဲ့၊ ပြီးတော့ အမှန်တရားအပြည့်အစုံကိုလည်း မပြောပြဘူး၊ ဒါပေမဲ့ တကယ်ပဲ ဒီလိုပြဿနာရှိနေနိုင်တယ်"
"ငါလည်း အဲလိုထင်တယ်" ကူယွဲ့ ခေါင်းညိတ်လိုက်တယ်။
"ဒီယွီလူက သေချာပေါက်တစ်ခုခုကို ဖုံးကွယ်ထားတာပဲ၊ အထူးဆန်းဆုံးက အောက်ဘုံအပေါ် သူ့သဘောထားပဲ"
ယိချင်း ကူယွဲ့ကို နောက်ဆုံးတော့ မော့ကြည့်လာတယ်။
"ပြောရရင် လူတစ်ယေယက် မသေမျိုးဆီ တက်လှမ်းပြီးတဲ့နောက်မှာ အောက်ဘုံမှာ ဘာဖြစ်ဖြစ် အေးဆေးတည်ငြိမ်သင့်တယ်" ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။
"အမတအဖြစ် မတက်လှမ်းခင် အတိဒုက္ခကို ဖြတ်သန်းခဲ့ရတဲ့လူတွေက အမတဘုံဆီ ချောမွေ့တဲ့ခရီးလမ်း ဖြစ်အောင် သူတို့အောက်ဘုံမှာ လုပ်ချင်သမျှကိစ္စတွေကို အရင်ပြီးအောင် လုပ်ခဲ့တာလေ၊ ဒါမှမဟုတ် ကြက်ကင်အစ်မနဲ့ သူ့ခင်ပွန်းလိုမျိုး ခေါ်လာနိုင်စွမ်းရှိရင်ပေါ့"
"အာ အဲလိုလား" ရှန်းရင်က အသီးကိုဝါးရင်း ခေါင်းမော့လာတယ်။
"မင်းကို စကားပြောနေတာ မဟုတ်ဘူး၊ ပါးစပ်ပေါက်ပိတ်နေ" Cheat တွေက သာမန်လူတွေ ဆွေးနွေးနေချိန် မပါဝင်သင့်ဘူး။
"အသီးမျိုစရာရှိတာမျို"
"..." အိုး ဆက်ပြောပါ။
"တခြားနည်းနဲ့ပြောရရင်..." ကူယွဲ့က စားဖိုမှူးဘက် လှည့်ကြည့်တယ်။
"အမတဘုံက အမတအများစုက အောက်ဘုံကကိစ္စတွေကို အဲလောက်စိတ်ပူပန်နေမှာ မဟုတ်ဘူး၊ သူတို့တွေ အောက်ဘုံကလူတွေ တက်လှမ်း မတက်လှမ်းတောင် စိတ်ထဲထားနေမှာမဟုတ်ဘူး၊ ပြီးတော့ သူပြောတဲ့ အင်းကွက်က ငါ့အတွက် ထူးဆန်းတယ်၊ စားဖိုမှူး ဒီမျက်နှာပြင်မှာ လူတွေ ဘယ်ကို တက်လှမ်းမယ်ဆိုတာ ထိန်းချုပ်နိုင်တဲ့ အဲလိုအင်းကွက်တကယ်ပဲရှိလား"
"အင်း" စားဖိုမှူးက ယုံကြည်ချက်ရှိရှိဖြေတယ်။
"ဆန်းကြယ်ဝိညာဉ်အင်းကွက်က ဘုံတံခါးကို ယာယီဖွင့်နိုင်ပြီး ဘုံနှစ်ခုကို ဆက်သွယ်နိုင်တယ်၊ ဒါပေမဲ့ ဒါက ကောင်းကင်မျိုးနွယ်တွေပဲပိုင်တဲ့ အင်းကွက်၊ အမတတွေမှာ ဒီလိုအင်းကွက်တွေ ဖန်တီးနိုင်တဲ့အစွမ်း လုံလုံလောက်လောက် ရှိမယ်မထင်ဘူး၊ ဒါပေမဲ့ ဒီအင်းကွက်က ဘုံတံခါးပေါ်တဲ့ တည်နေရာကို ထိန်းချုပ်နိုင်တယ်ဆိုတာတော့ အထင်လွဲစရာမရှိဘူး"
ကူယွဲ့ အမူအရာက မည်းနက်သွားတယ်။ သူ တစ်ခုခု တွေးမိသွားကာ ယွီဟုန့်ကို ညွှန်ကြားချက်တချို့ ပေးဖို့ ဆင့်ခေါ်လိုက်တယ်။ တစ်အောင့်နေတော့ ယွီဟုန်က ခန်းမထဲ နာမည်စာရင်းတစ်ခု ယူလာတယ်။
"အကြီးအကဲကူယွဲ့၊ ဒါက ဒီဆယ်နှစ်အတွင်း ပေါ်ပင်လယ်ဆီ တက်လှမ်းလာတဲ့ မြေအမတစာရင်းတွေပါ"
"အင်း" ကူယွဲ့ စာလိပ်ကို ဖွင့်ကာ လွန်ခဲ့တဲ့၅နှစ်က အချက်အလက်ကို ကြည့်လိုက်တယ်။ တကယ်ပဲ တိုင်းပြည်တစ်ခုချင်းစီကို တက်လှမ်းတဲ့ မြေအမတတွေ အရေအတွက်ကခပ်ဆင်ဆင်။ တိုင်းပြည်တစ်ခုချင်းစီက တစ်နှစ်ကို အမတအသစ် ဆယ်ယောက်ဝန်းကျင်လက်ခံရရှိခဲ့တယ်။ အရှေ့ထိုက်ရဲ့ အင်းကွက်ပဲ ကွက်လပ်ဖြစ်နေတာ။ အမတအသစ်တစ်ယောက်တောင် မရှိဘူး။
"ယွီကန်း အရှေ့ထိုက်ဆီ အမတအသစ်တက်လှမ်းမှုမရှိဘူးလို့ပြောခဲ့တာ အမှန်ပဲ၊ ကျူးကျော်သူတွေကြောင့် ဖြစ်နိုင်လား" ကူယွဲ့ မျက်မှောင်ကြုတ်ကာ အစားသရဲကို လှမ်းကြည့်လိုက်တယ်။
"ရှန်းရင် မင်းဘယ်လိုထင်လဲ"
ရှန်းရင်က အူကြောင်ကြောင် သူ့ကိုပြန်စိုက်ကြည့်နေပြီးမှ ရုတ်တရက် ဝါးတာရပ်ပြီး သူ့လက်ထဲက နာမည်စာရင်းကို လက်ညှိုးထိုးပြတယ်။
"အာ ငါသာဆို အစကနေကြည့်မှာ"
ဟမ် ဘာဆိုလိုတာလဲ။
သူက နာမည်စာရင်းထိပ်ဆုံးကို ငုံ့ကြည့်ပြီးတဲ့နောက် မျက်လုံးတွေ ပြူးကျယ်သွားတော့တယ်။
"ဟိုလီရှစ်"
…
အခန်း ၄၄၆ ။ ဘုံတံခါးပိတ်ခံထားရ
ကူယွဲ့ လက်ထဲက နာမည်စာရင်းကို ဆန့်ထုတ်ကာ ဖတ်လေ ပိုပိုပြီး အံ့ဩလာလေပဲ။ သူ အရင်က သတိမထားမိပေမဲ့ လွန်ခဲ့တဲ့နှစ်တွေတုန်းက နာမည်စာရင်းကို အခုကြည့်လိုက်တော့ အရှေ့ထိုက်အကွက်နောက်မှာ နာမည်တွေ အတုံးလိုက်အတစ်လိုက်ပဲ။ တစ်ချက်ရေတွက်ရုံနဲ့တင် ရာချီလောက်ရှိပြီး တခြားတိုင်းပြည်တွေထက် ဆယ်ဆကျော်လောက်ပိုများတယ်။
"ဒါ အရမ်းကို ချဲ့ကားလွန်းရာမကျဘူးလား" ဘယ်သူမဆို ဒီနာမည်စာရင်းက ပြဿနာရှိတယ်ဆိုတာ ပြောနိုင်တယ်။ တကယ်လို့ အရှေ့ထိုက်က တန်ဖိုးရှိသုခဘုံဆိုရင်တောင် တစ်နှစ်အတွင်း မြေအမတရာကျော် တက်လှမ်းဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါ့အပြင် သူတို့ တက်လှမ်းမတက်လှမ်းက ကျင့်ကြံသူတွေကိုယ်တိုင်ပေါ်ပဲ မူတည်ပြီး အမတဘုံက နေရာနဲ့ ဘာမှမဆိုင်ဘူး။ ဖြစ်နိုင်တာက အဲဒီအင်းကွက်က တကယ်ပဲ အဲဒီတက်လှမ်းလာတဲ့အမတတွေအားလုံးကို ဖမ်းပြီး အရှေ့ထိုက်ဆီ ပို့လိုက်တာလား။
ကူယွဲ့ မနေနိုင်ဘဲ သူ့လက်ထဲက နာမည်စာရင်းကို သေချာကြည့်ကာ တခြားတိုင်းပြည်တွေရဲ့ အခြေအနေတွေကို သေချာဂရုစိုက်ကြည့်တော့ သိသိသာသာ လျော့ကျသွားတာမျိုး ရှိမနေတာ သိလိုက်ရတယ်။ ဒါဆို ဘာတွေဖြစ်နေတာလဲ။
"ယွီဟုန် မင်း ဒီအရှေ့ထိုက်အကြောင်း ဘယ်လောက်သိလဲ" သူက သူ့ဘေးကလူကို လှည့်ကြည့်တယ်။
ယွီဟုန် တစ်ခဏစဉ်းစားပြီးမှ ပြန်ဖြေလိုက်တယ်။
"ပေါ်ပင်လယ်တိုင်းပြည်တွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး များများစားစား မသိပါဘူး၊ အရှေ့ထိုက်က အရှေ့ပိုင်းအစွန်ဆုံးမှာ ရှိတဲ့အပြင် တိုင်းပြည်က တစစီ ပြန့်ကျဲနေတဲ့ကျွန်းငယ်လေးတွေနဲ့ ဖွဲ့စည်းထားတယ်ဆိုတာပဲ ကြားခဲ့ရတယ်၊ လွန်ခဲ့တဲ့ နှစ်တွေတုန်းက အဲမှာအခြေချတဲ့ အမတတွေက နည်းနည်းလေးပဲ ရှိသေးတာ၊ ဒါပေမဲ့ နောက်ကျ ယွီကန်း ဧကရာဇ် ဖြစ်လာပြီးတဲ့နောက် ဒီကျွန်းငယ်လေးတွေအကုန် စုစည်းသွားပြီး အမတမြို့တွေအများကြီး တည်ဆောက်ခဲ့ပြီး အဲတည်းက တိုးတက်လာခဲ့တာပဲ၊ အခု သူ့စွမ်းဆောင်နိုင်စွမ်းက တခြားတိုင်းပြည်တွေနောက် နောက်ကောက်မကျဘူး"
"ခုနောက်ပိုင်းနှစ်တွေလား" ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။
"အရှေ့ထိုက်က ဖွံ့ဖြိုးလာတာ မကြာသေးဘူးလို့ ပြောတာပေါ့" ကြည့်ရတာ အဲအင်းကွက်နဲ့ ပတ်သက်ပြီး တကယ်ပဲ တစ်ခုခုရှိပုံပဲ။
"ဟုတ်" ယွီဟုန်က ခေါင်းညိတ်တယ်။ "ဂိုဏ်းက တပည့်တွေ စီးပွားရေးလုပ်ချိန် အမ်... မဟုတ်ပါဘူး၊ သူတို့ ဂိုဏ်းကတာဝန်တွေ ပြီးမြောက်ချိန် အရှေ့ထိုက်ရဲ့ အမတမြို့တွေဆီ မကြာခဏသွားကြတယ်၊ အဲက ကြွယ်ဝမှုအဆင့်က တခြားတိုင်းပြည်တွေနဲ့ယှဉ်ရင် နည်းနည်းလေးတောင် နောက်ကောက်မကျပါဘူး"
ကူယွဲ့မျက်မှောင်ကြုတ်မိတယ်။ သူနားထောင်လေ ပြဿနာရှိတယ်ခံစားရလေပဲ။ သူ ခဏစဉ်းစားကာ ယိချင်းဘက် လှည့်လိုက်တယ်။
"ကြည့်ရတာ ငါကိုယ်တိုင် တစ်ချက်သွားကြည့်ရမဲ့ပုံပဲ၊ စားဖိုမှူး မင်းက အင်းကွက်တွေဆို သိတာများတော့ အတည်ပြုဖို့ ငါနဲ့လိုက်ခဲ့"
"ဒါပေမဲ့... ကျွန်တော်ကျင့်ကြံဖို့ရှိသေးတယ်" ယိချင်းက မျက်မှောင်ကြုတ်ကာ အနည်းငယ် မကျေနပ်ဟန်။
"အဲဒါဘယ်လိုလုပ် ကျင့်ကြံမှုလဲ၊ မင်းလုပ်နေတာက ဖျက်ဆီးနေတာဟ၊ တခြားဘာမှမတိုင်ခင် သင့်တော်တဲ့လုပ်ငန်းကိစ္စလုပ်ရမယ်" အဲလိုနဲ့ သူက ယွီဟုန့်ဘက် လှည့်သွားပြန်တယ်။
"ယွီဟုန် ငါတို့ ခဏ အဝေးသွားဦးမယ်၊ ဘယ်ချိန်ပြန်လာမလဲ မသေချာဘူး၊ ဂိုဏ်းကိစ္စတွေအားလုံးကို မင်းဆီ လွှဲထားခဲ့ပြီ"
"ဟုတ်ကဲ့"
"ငါတို့သွားမယ်" ကူယွဲ့ လမ်းကြောင်းကိုဖွင့်ကာ ဝင်ဖို့ပြင်လိုက်တယ်။
ရှန်းရင်က ချက်ချင်း လက်ယမ်းပြတယ်။
"ဖေဖေနျို အစစအရာရာ အဆင်ပြေပါစေ"
ကူယွဲ့ ခြေလှမ်းတန့်သွားကာ ပြန်လှည့်လာပြီး အော်လိုက်တယ်။
"မင်းပါလိုက်ခဲ့ရမှာ"
"ဟမ်" ရှန်းရင်လက်က ချက်ချင်းကျသွားတယ်။ "အလုပ်များလိုက်တာ"
"ပါးစပ်ပိတ်"
အဲလိုပြောပြီး သူက တစ်ဖက်လှည့်ကာ တစ်ယောက်သော ငပျင်းပေါက်စီကို လမ်းကြောင်းထဲ ထိုးထည့်ရင်း ဖျက်ဆီးဖို့အတွေးတွေပဲ ခေါင်းထဲပြည့်နေတဲ့ စားဖိုမှူးကိုပါ တွန်းလိုက်တယ်။
စက္ကန့်ပိုင်းအတွင်း သူတို့ ကျွန်းငယ်လေးတစ်ခုပေါ် ပေါ်လာပြီး အဝေးကနေ အမတမြို့လေးတစ်ခု လေထဲလွင့်နေတာကို မြင်နေရပြီ။
"စားဖိုမှူး အဲအင်းကွက်ကို အာရုံခံနိုင်လား" ကူယွဲ့ မေးကြည့်လိုက်တယ်။
"ဒီအမတမြို့မှာ အင်းကွက်တွေ အများကြီးပဲ၊ အထူးသဖြင့် မြို့ပြင်မှာ အကာအကွယ်အင်းကွက်တွေ ရှိနေရင် အပြင်ကနေ ဆန်းကြယ်ဝိညာဉ်အင်းကွက်က ဘယ်တစ်ခုလဲဆိုတာ ခွဲခြားဖို့ အရမ်းခက်တယ်"
စားဖိုမှူးက ခေါင်းယမ်းကာ မျက်လုံးထဲ တစ်စုံတစ်ခု လှစ်ခနဲဖြစ်သွားတယ်။
"တစ်ချက်ကြည့်ဖို့ လူခွဲကြမလား" သူ့ဓားကိုလည်း လေ့ကျင့်ဖို့ အခွင့်အရေးကောင်းပေါ့။
"ထွက်သွား" ကူယွဲ့ နှုတ်ခမ်းတွန့်သွားတယ်။ အလကားဖြုန်းတီးတဲ့ကောင်။
"ယွီကန်းက အမှန်ကို မပြောသွားဘူး၊ ကြည့်ရတာ တစ်ခုခုကို ဖုံးကွယ်ဖို့ တမင်တကာ ကြိုးစားနေပုံပဲ၊ သူ အပြန်လမ်းမှာပဲရှိနေသေးတာကို အခွင့်အရေးယူပြီး ငါတို့အထဲဝင် အခြေအနေ စုံစမ်းတာပေါ့"
ဝူတိကောင်းကင်နန်းတော်ကနေ အရှေ့ထိုက်ကို အနည်းဆုံး ၁၀ရက်ကြာမှာ။ သူ့ဓားနဲ့ ပျံသန်းလာရင်တောင် သူတို့က လမ်းကြောင်းဖွင့်ပြီး ရောက်လာတာမို့ ယွီကန်းရှေ့ အရင်ရောက်နေပြီ။ ခဏတွေးပြီးတော့ သူလည်း လက်ဂါထာတစ်ခုထုတ်သုံးကာ ကျင့်ကြံဆင့်ကို ရွှေအမတအဆင့်ထိ နှိမ့်လိုက်တယ်။
နောက်တော့ သူ့နောက်က လူနှစ်ယောက်ဆီလှည့်ကာ ညွှန်ကြားလိုက်တယ်။ "စားဖိုမှူး မင်း ကျင့်ကြံဆင့်ကို နှိမ့်၊ ရုပ်အစစ်ကိုဖုံးထား၊ မင်းကိုမမှတ်မိကြစေနဲ့" ဘယ်လိုပဲဖြစ်ဖြစ် သူက ပေါ်ပင်လယ်ရဲ့ အဇဋာဧကရာဇ်၊ ဧကရာဇ်ရဲ့ ရုပ်ပုံလွှာတွေက ပေါ်ပင်လယ်ရဲ့ နေရာတိုင်းမှာ ရှိနေမှာ။
"ပြီးတော့ ရှန်းရင် မင်းလည်း... ထားပါတော့" ဘာပဲဖြစ်ဖြစ် တခြားသူတွေက သူ့ကိုလည်း မြင်မှာမှ မဟုတ်တာ။
ရှန်းရင် ။ ။ "..." ခွေး*သား
သူတို့ ပြင်ဆင်ပြီးတဲ့နောက် ဓားတွေပေါ် ပျံတက်လာကာ အပေါ်ကအမတမြို့ဆီ ဦးတည်ခဲ့ကြတယ်။
ယွီဟုန် မှန်တယ်။ အရှေ့ထိုက်ရဲ့ ဒီအမတမြို့က တကယ်ပဲ လူအရမ်းထူတယ်။ သူတို့ အရှေ့ထိုက်ရဲ့ မြောက်ဘက်အခြမ်းက မြို့လေးတစ်ခုကိုသာ ဝင်ခဲ့ပေမဲ့ မြို့က ကျင့်ကြံသူတွေနဲ့ပြည့်ပြီး အဲအမတမြို့ကြီးတွေထက် မနည်းဘူး။
ကူယွဲ့ ဝေ့ဝဲကြည့်လိုက်တော့ အများစုက အဆင့်နိမ့်ကျင့်ကြံသူတွေဖြစ်ပြီး အများစုက မြေအမတတွေ။ အဲအစား စိတ်တန်ခိုးကျင့်ကြံသူတွေနဲ့ မဟူရာအမတကျင့်ကြံသူတွေက အရမ်းနည်းတယ်။ အဆင့်မြင့်အမတ မပြောနဲ့ ၃လမ်း၄လမ်းမှာတစ်ယောက်တောင် ရှာမတွေ့ဘူး။
ယိချင်း မြို့ထဲဝင်ဝင်ချင်း ဆန်းကြယ်ဝိညာဉ်အင်းကွက်တည်နေရာကို အာရုံခံမိပြီး ရှန်းရင်ဘက်ကို ခပ်တင်းတင်း ဆွဲကိုင်ကာ ဖေဖေနျိုနဲ့အတူ အဲဘက်ထွက်ခဲ့တယ်။ ထူးဆန်းတာ ဒီဆန်းကြယ်ဝိညာဉ်အင်းကွက်ကို ဖွက်ထားတာ မဟုတ်ဘဲ အရှေ့မြို့က မြေကွက်လပ်တစ်ခုပေါ် ပစ်စလတ်ခတ် ခင်းထားတာပဲ။ စောင့်ကြည့်နေသူလည်း မရှိ။ မြို့ထဲက အမတတွေက အဲဒါဘာလဲဆိုတာ သိပြီး လုံးဝစိတ်ထဲမထားတဲ့ပုံ။
ကူယွဲ့ ခဏမှင်တက်သွားတယ်။ ယွီကန်းက ဒီလောက်ပြောင်ပြောင်တင်းတင်း လူတွေကို လုနေတာ၊ တခြားတိုက်ကြီးတွေက ကန့်ကွက်မှာ မကြောက်ဘူးလား။ ဒါပေမဲ့ သေချာစဉ်းစားကြည့်ပြီးတဲ့နောက် သူနားလည်သွားခဲ့တယ်။ တကယ်လို့ ဒီအင်းကွက်က အောက်ဘုံက တက်လှမ်းလာတဲ့လူတွေရဲ့ တည်နေရာကိုပဲ ပြောင်းလဲနိုင်တာဆိုရင် တခြားတိုင်းပြည်တွေက သိပ်စ်တ်ထဲထားမှာမဟုတ်ဘူး။ ခုမှ တက်လှမ်းကာစသူတွေက မြေအမတအဆင့်ပဲ ရှိသေးတယလေ။ သူတို့ ဘယ်လောက်ပဲ ပါရမီပါပါ ဒါတွေက နောက်နှစ်ပေါင်းထောင်ချီကြာမှ အရေးကြီးလာမှာ။
ဒါဆို ယွီကန်းက ဒီလိုအင်းကွက်ကို ခက်ခက်ခဲခဲ ဖန်တီးပြီး ဘာလုပ်ဖို့ကြိုးစားနေတာလဲ။ လူတွေ မိသားစုတွေကို ရှာရလွယ်ဖို့ဆိုတာလောက် တကယ်ပဲရိုးရှင်းတာလား။
"စားဖိုမှူး ဘယ်လိုလဲ" ကူယွဲ့ အင်းကွက်ကို အသေးစိတ်လေ့လာနေတဲ့ စားဖိုမှူးကိုကြည့်လိုက်တယ်။
ယိချင်းက အင်းကွက်ကိုလေ့လာနေတဲ့သူ့အစွမ်းကို ပြန်ရုတ်ပြီး မျက်မှောင်ကြုတ်သွားတယ်။
"အင်းကွက်က ဘာပြဿနာမှမရှိဘူး၊ ဘုံတံခါးမှာလည်း ထူးဆန်းနေတာမရှိဘူး၊ ပြီးတော့ ဒီမှာလည်း ဝိညာဉ်ချီအကြွင်းအကျန်တွေ ရှိနေတယ်၊ တကယ်လို့မှန်ရင် ဒီအင်းကွက်ကို လွန်ခဲ့တဲ့၃လအတွင်း အသက်သွင်းထားတာ"
"ဘာ"ကူယွဲ့ ထိတ်လန့်သွားတယ်။ "အရှေ့ထိုက်ကို ဘယ်သူမှ မတက်လှမ်းလာတာ ငါးနှစ်ရှိပြီလို့ မပြောဘူးလား"
"ကျွန်တော်လည်း သိပ်မသေချာဘူး" ယိချင်းက ခေါင်းယမ်းတယ်။
"ဒါပေမဲ့ တကယ်ပဲ တစ်ယောက်ယောက် ဒီအင်းကွက်က တစ်ဆင့် တက်လှမ်းထားတာ မကြာသေးဘူး"
ကူယွဲ့ တစ်ခဏတိတ်သွားကာ စဉ်းစားလိုက်တယ်။
"ငါတို့ တခြား အမတမြို့တွေဆီ တစ်ချက်သွားကြည့်ရအောင်"
ဒါကြောင့် သူတို့ ဆက်တိုက် အမတမြို့ဆယ်မြို့ကျော် သွားခဲ့ပြီး မြို့တိုင်းကအင်းကွက်က အတူတူပဲဖြစ်ကာ ထိခိုက်ထားတဲ့ အရိပ်အယောင်မရှိ။ နှစ်ခုနားဆို ဝိညာဉ်ချီအကြွင်းအကျန်တွေ ရှိနေတာမို့ တစ်ယောက်ယောက် တက်လှမ်းထားတယ်ဆိုတာ ပြသနေတယ်။
ယွီကန်းက တစ်ချက်ကြည့်ရုံနဲ့ ပေါ်မဲ့အလိမ်ကို ဘာလို့ဖြန့်ရမှာလဲ။ ပြီးတော့ သူက လူတွေ တက်လှမ်းလာတဲ့အချက်ကို တမင်ဖုံးကွယ်ရင်တောင် ဒါမှမဟုတ် ယွီဟုန်က ဒီသတင်းကို မရှာနိုင်ခဲ့ရင်တောင် ဘုံတံခါးတွေနဲ့ ပတ်သက်ပြီး ပြဿနာရှိတယ်လို့ သူတို့ ယုံအောင် လုပ်ဖို့အတွက်ပဲလား။
"ငါတို့ အခုစားလို့ရပြီလား" နေရာတိုင်း တရွတ်တိုက်ဆွဲခေါ်ခံခဲ့ရတဲ့ရှန်းရင် မနေနိုင်တော့ဘဲ မေးလိုက်တယ်။
"နောက်ထပ်လေးနာရီအတွင်း ညစာစားချိန်ရောက်တော့မယ် ဖေဖေနျို၊ ငါတို့ မြေးဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ မြို့အရှင်ရဲ့ မြို့ဆီ သွားရင်ရော" အဲမှာ အစားအသောက်ကောင်းတွေ အများကြီးရှိမှာပဲ။
"မင်းဘာ..." ကူယွဲ့ အကျင့်အတိုင်း သူမကို ခွန်းတုံ့ပြန်ဖို့လုပ်လိုက်ပေမဲ့ တုံ့ဆိုင်းသွားတယ်။ ခဏနေပါဦး၊ မြေးကို ဆုံးရှုံးတယ်တဲ့လား။ သူ ယိချင်းနဲ့ အကြည့်ချင်းဆုံကာ ပြိုင်တူ အော်လိုက်တယ်။
"ချန်ချင့်မြို့"
အရင်က ယွီကန်းက အရှေ့ထိုက်ရဲ့ ပထမဆုံးအမတမြို့ မြို့အရှင် ချန်ချင့်ရဲ့ တူက အမတတက်လှမ်းမှု ကျဆုံးပြီး စားဖိုမှူးကိုပါ စစ်ဆေးပေးဖို့ တကူးတက ဖိတ်ကြားချင်တယ်လို့ ပြောခဲ့တော့ ချန်ချင့်မြို့အင်းကွက်ပဲ ပြဿနာရှိနေတာများလား။
နှစ်ယောက်သား အကြည့်ချင်းဖလှယ်ကာ ချက်ချင်း ချန်ချင့်မြို့ဆီ ထွက်ခဲ့တယ်။ တခြားအမတမြို့တွေနဲ့ ကွာတာက ချန်ချင့်မြို့ရဲ့ ဆန်းကြယ်ဝိညာဉ်အင်းကွက်က တခြားအမတမြို့တွေမှာလို မသိသာဘူး။ မြို့အရှင်ရဲ့ ဘုံဗိမာန်ထဲမှာ။
သူတို့ ကိုယ်ဖျောက်ပြီး ဗိမာန်ထဲကျူးကျော်ကာ အားနည်းနည်းထုတ်ပြီး အင်းကွက်ကို ရှာတွေ့သွားခဲ့တယ်။
သူတို့ သေချာကြည့်ဖို့ အနားကို တိုးသွားရုံရှိသေး ယိချင်းက ရုတ်တရက်ရပ်သွားကာ သူတို့ရှေ့က အင်းကွက်ကို အနည်းငယ်အံ့ဩမှုနဲ့ ကြည့်တယ်။
"ဘာဖြစ်လို့လဲ..." ကူယွဲ့လည်း ရပ်သွားတယ်။
"ဒီအင်းကွက်က..." သူ့အမူအရာက မှောင်မည်းသွားတယ်။
"တကယ်ပဲ သေမင်းချီတွေ ဝိုင်းနေတယ်"
လက်တစ်ဖက် ဝှေ့ယမ်းလိုက်တော့ ဝိညာဉ်ချီဝဲဂယက်တချို့ စုဝေးသွားပြီး သေချာပေါက်ပဲ ချီနက်တချို့ ပေါ်လာကာ အင်းကွက်အပေါ် မျောလွင့်နေပေမဲ့ စက္ကန့်ပိုင်းအတွင်း ပျောက်သွားတယ်။
"ဟိုလီရှစ်" ကူယွဲ့လည်း ထိတ်လန့်သွားတယ်။ အင်းကွက်ကို သေမင်းချီဝိုင်းနေတာက လူသတ်တဲ့အင်းကွက်အဖြစ် မဖြစ်သွားစေဘူးလား။
ယိချင်းက ရှေ့တက်ပြီး အင်းကွက်ပေါ် လက်တစ်ဖက်တင်ကာ စွမ်းအင်တချို့လွှတ်လိုက်ပေမဲ့ ခဏလေးအတွင်း ပြန်ကန်ထွက်လာကာ အင်မတန်လွှမ်းမိုးတဲ့အရှိန်ပါ သယ်ဆောင်လာပေမဲ့ သူ့လက်ဖဝါးကို ထိထိချင်း လွင့်ပျောက်သွားတယ်။
"ဒီက ဘုံတံခါးက တကယ်ပဲပိတ်နေတယ်" သူက ထရပ်ကာ မျက်မှောင်ကြုတ်ပြီးမှ အမှန်ပြင်လိုက်တယ်။
"မဟုတ်ဘူး၊ ပြောသင့်တာက... ပိတ်ခံထားရတယ်"
ကူယွဲ့ ။ ။ "..."
ဘာ။
(⊙_⊙)
...
အခန်း ၄၄၇ ။ ကြိုးစားကြည့်
"အရင်က ဘုံတံခါးတွေနဲ့ ပတ်သက်ပြီး ပြဿနာမရှိဘူးလို့ ပြောခဲ့တယ်မဟုတ်လား" ကူယွဲ့ မနေနိုင်ဘဲ မေးခွန်းထုတ်လိုက်မိတယ်။
"သုံးလောကထဲက တခြားဘုံတံခါးတွေမှာ ပြဿနာမရှိဘူး" ယိချင်းက မျက်မှောင်ကြုတ်ကာ ခပ်တိုးတိုးဆက်ပြောတယ်။
"ဒီအင်းကွက်လာတဲ့ သေမင်းချီနဲ့ ကမ္ဘာငယ်လေးမှာပဲ တစ်ခုခုက ဘုံတံခါးပွင့်မှာကို တားနေသလိုမျိုး လမ်းပိတ်နေတဲ့ပု
"အဲကမ္ဘာငယ်လေးရဲ့ ဘုံတံခါးပဲ ပိတ်ခံထားရတယ်ပြောနေတာလား" ကူယွဲ့ရင်ထိတ်သွားတယ်။ ဘာလို့ ဒီအခြေအနေက အရင်တစ်ကြိမ်က မှိုကမ္ဘာလိုဖြစ်လာရတာလဲ။
"အဲဒါ ဘယ်နေရာလဲဆိုတာ မင်းရှာနိုင်လား"
ယိချင်း ခေါင်းယမ်းလိုက်တယ်။
"ဒီမှာ မဟုတ်ဘူး"
ကူယွဲ့ အသိစိတ်ပြန်ကပ်လာတယ်။
"ဒါဆို ငါတို့ ကောင်းကင်ဘုံဆီ အရင်ပြန်ကြမယ်" ပြီးတော့ သူ ချက်ချင်း ကောင်းကင်ဘုံဆီ မုခ်ဝကို ဖွင့်လိုက်တယ်။
သုံးယောက်သား ချက်ချင်း ရင်းနှီးနေတဲ့ ညကောင်းကင်ယံဆီ ပြန်လာကြပြီး ရွှေရောင်မျက်နှာပြင်က သူတို့မျက်စိရှေ့မှာ။ စားဖိုမှူးက ခြေတစ်လှမ်း ရှေ့တိုးကာ သစ်ပင်ပင်စည်ပေါ် လက်တစ်ဖက်တင်ပြီး မျက်လုံးကိုမှိတ် စောနကအင်းကွက်နဲ့တူညီတဲ့ အရှိန်အဝါပြိ အာရုံခံဖို့ ပြင်လိုက်တယ်။
ကူယွဲ့ တွေးကြည့်တာက အချိန်အတော်ကြာမယ်ပေါ့။ မထင်မှတ်ထားတာ စားဖိုမှူးက ဆယ့်ငါးမိနစ်အတွင်းမှာပဲ မျက်လုံးဖွင့်ပြီး သူတို့ခေါင်းပေါ် လက်ညှိုးထိုးပြတယ်။
"ဟိုမှာ"
သူ အလိုလို မျက်နှာပြင်သစ်ပင်ထိပ်ဖျားကို မော့ကြည့်လိုက်တယ်။ အရမ်းဝေးလွန်းတာမို့ ရှင်းရှင်းလင်းလင်း မမြင်ရတဲ့အတွက် သူတို့တွေ ခြေလှမ်းအနည်းငယ်နောက်ဆုတ်ပြီးမှ စားဖိုမှူး လက်ညှိုးထိုးပြတဲ့ကမ္ဘာလေးကို တွေ့ရတယ်။ တခြားကမ္ဘာငယ်တွေနဲ့ ဘာမှမကွာခြားတဲ့ ရွှေရောင်သစ်ရွက်လေးတစ်ပိုင်းပဲ။ တခြားဟာတွေထက်တောင် ပိုပြီးကျန်းမာရေးကောင်းပုံပေါ်တယ်။ သူက အလိုလို သူ့ကောင်းကင်စိတ်အာရုံနဲ့ အဲကမ္ဘာလေးကို လေ့လာကြည့်လိုက်ပေမဲ့ ဒီမျက်နှာပြင်က မဟုတ်တဲ့ အရှိန်အဝါကို အာရုံမခံမိဘူး။ ကြည့်ရတာ ပြဿနာမရှိပုံပါပဲး
ခဏ
ကူယွဲ့ အနီးကပ် သေချာကြည့်လိုက်တော့ အဲသစ်ရွက်အပိုင်းလေးကို ဝိုင်းထားတဲ့ အဖြူရောင်အငွေ့ ခပ်ပါးပါးအလွှာတစ်ခုရှိနေတဲ့ပုံဆိုတာ မြင်လိုက်ရတယ်။ သူရင်ထိတ်သွားပြီး လက်တစ်ဖက် ဝှေ့ယမ်းလိုက်တော့ သူ့မျက်စိရှေ့ ပုံကြီးချဲ့ထားတဲ့ မျက်နှာပြင်မြေပုံပေါ်လာတယ်။ ကမ္ဘာငယ်လေးရဲ့ ပတ်ဝန်းကျင်ကို အသေးစိတ်ကြည့်လိုက်တော့ သေချာပေါက် ပတ်ပတ်လည်မှာ အဖြူရောင်လေအလွှာ ရှိနေတယ်။
မျက်နှာပြင်သစ်ပင်က တောက်ပတဲ့ရွှေရောင်။ အဲအပြင် အရမ်းကို ကြီးလွန်းတာမို့ ဒီကမ္ဘာငယ်လေးက သစ်ပင်ထိပ်ဖျားမှာတင် ရှိနေတာမို့ သူတို့ ဒီအဖြူရောင်လေအလွှာကို သတိမထားမိတာပဲ။ ခု အဖြူရောင်လေအလွှာက ကမ္ဘာငယ်လေးကို သီးသန့်ကာခြားထားသလိုမျိုး ဝိုင်းရံထားတယ်။
ဒါက ဘုံ ပိတ်ဆို့ခံထားရတဲ့ အကြောင်းရင်းလား။
"အဲဒါဘာလဲ" ကူယွဲ့ အဖြူရောင်လေအလွှာကို လက်ညှိုးထိုးကာ မေးခွန်းထုတ်လိုက်တယ်။
"ကျွန်တော်လည်း ဒါကို အရင်က မမြင်ဖူးသေးဘူး၊ ဒါပေမဲ့ ဒါက တကယ်ပဲ ဘုံတံခါးရဲ့ အဝင်ဝကို ပိတ်ဆို့နေတာပဲ"
ယိချင်းလည်း ခေါင်းကိုယမ်းလိုက်တယ်။
ကူယွဲ့ အမူအရာ မည်းမှောင်သွားတယ်။ ဒီအဖြူရောင်လေထုက အနည်းငယ်မရင်းနှီးတဲ့ပုံ ပေါ်ပေမဲ့ အံ့ဩစရာကောင်းလောက်အောင် ရင်းနှီးတဲ့အရှိန်အဝါသယ်ဆောင်ထားပေမဲ့ သိပ်လည်းမပြင်းထန်ဘူး။
"ဘာပဲဖြစ်ဖြစ် ဘုံတံခါးကို ပိတ်ဆို့ထားတယ်ဆိုမှတော့ တခြားဟာတွေမတိုင်ခင် အရင် ရှင်းထုတ်ကြရအောင်" သူ တန်းပြီး စည်းတံဆိပ်တစ်ခုကို ဖန်တီးကာ ဂါထာတစ်ခု ဖန်တီးလိုက်တယ်။
"ခဏ" သူ့ဘေးက အသီးကို ကိုက်ဝါးနေတဲ့ ရှန်းရင်က ရုတ်တရက် သူ့လက်ကို ဆွဲဖမ်းလာတယ်။
"အဲလောက်အလျင်စလိုမဖြစ်ပါနဲ့ ဖေဖေနျို"
ကူယွဲ့ ခဏတာ ကြောင်အမ်းသွားကာ သူမကို လှည့်ကြည့်လိုက်တယ်။
"မင်း ဒါကို မှတ်မိတယ်လား"
ရှန်းရင်က ခေါင်းကို ဘေးတစ်ဖက်ဆီလှည့်ပြီးမှ ဖြေလိုက်တယ်။
"အာ... ထင်တာပဲ"
ဘာ "ထင်တာပဲ"လဲ။
"ဒါဆို ဘာလဲဒါက"
"အခွင့်အာဏာ" သူမက လက်ကို ပြန်ရုပ်ကာ အသီးကို နောက်တစ်ကိုက် ထပ်ကိုက်လိုက်တယ်။
"နင်တို့အားလုံး ခေါ်ကြတဲ့... ကောင်းကင်တာအိုဆိုတာလေ"
နှစ်ယောက်သား ။ ။ "..."
ဘာ။
ကူယွဲ့နဲ့ ယိချင်းနှစ်ယောက်လုံး မှင်တက်သွားတယ်။ သောက်ကျိုးနည်း ကောင်းကင်တာအိုတဲ့လား။ ဒီကမ္ဘာငယ်လေးရဲ့ ဘုံတံခါးကို ကောင်းကင်တာအိုက ပိတ်ထားတာပေါ့
နှစ်ယောက်လုံး တစ်ခဏတာ အကြည့်ချင်းဆုံသွားပြီး အမှန်တရားကို ကူညီထောက်ပံ့ပေးနိုင်တဲ့ အစွမ်းကို ရပြီးတည်းက ကောင်းကင်တာအိုဆိုတာ ဘာလဲသေချာပေါက်သိတာပေါ့။ အဲဒါတွေ အားလုံးက ဒီမျက်နှာပြင်ပေါ်မှာတည်ရှိတဲ့ စည်းမျဉ်းစည်းကမ်းတွေပဲ။ တစ်လောကလုံးကို ထိန်းချုပ်တဲ့ အတိကျဆုံးပရိုဂရမ်လိုမျိုး သူက မျက်နှာပြင်ရဲ့ ပုံမှန်ဆောင်ရွက်မှုတွေကို ကာကွယ်ပေးတယ်။ နေမြင့်ချိန်၊ ရေစီးရာဘက်၊ ဝိညာဉ်ချီဖြစ်ပေါ်ပုံစတဲ့ အဓိကအချက်တွေနဲ့ လူတစ်ယောက် ကျင့်ကြံမှုအတွင်း လျှပ်စီးဘယ်နှစ်ချက် တောင့်ခံရမလဲဆိုတဲ့ အသေးအဖွဲကအစ ဒီအရာအားလုံးရဲ့ တည်ရှိမှုက ကောင်းကင်တာအိုရဲ့စည်းမျဉ်းစည်းကမ်းတွေကြောင့်ပဲ။
ပြီးတော့ လက်ထောက်တွေနဲ့ စီမံထိန်းသိမ်းသူတွေက စည်းမျဉ်းတွေကို ထိန်းချုပ်စီမံပေးတဲ့လူတွေ။ သူတို့လုပ်သမျှက ကောင်းကင်တာအိုတည်ငြိမ်မှုကို ကာကွယ်ပေးဖို့ပဲ။ တကယ်လို့ မူမမှန်မှုတွေက မျက်နှာပြင်မှာ ပေါ်ပေါက်လာရင် စည်းမျဉ်းတွေက ကစဉ့်ကလျားဖြစ်ပြီး ကောင်းကင်တာအိုကို ဗြောင်းဆန်စေကာ သေချာပေါက် ဆင့်ကဲဖြစ်စဉ်ကို အသက်သွင်းပြီး မျက်နှာပြင်တစ်ခုလုံးကို ဆွဲသွင်းလိုက်လိမ့်မယ်။
ကူယွဲ့ နောက်တစ်ကြိမ် ကောင်းကင်စိတ်အာရုံကို သုံးလိုက်ပြီး ဒီတစ်ကြိမ်တော့ ကမ္ဘာငယ်လေးကို မစစ်ဆေးတော့ဘဲ ပတ်လည်က အဖြူရောင်လေထုကို စစ်ဆေးလိုက်တယ်။ ထင်တဲ့အတိုင်းပဲ သူ ဘာတွန်းလှန်မှုမှ မကြုံဘဲ အဲအစား အဖြူရောင်လေထုက သူတို့မိသားစုနဲ့ဆုံလိုက်ရသလိုမျိုး သူ့ကောင်းကင်စိတ်အာရုံနဲ့ နီးစပ်လာအောင် တိုက်ခိုက်ကာ ကမ္ဘာငယ်လေးထဲ ဆွဲသွင်းဖို့ နည်းနည်း အလောကြီးနေဟန်က... ညည်းတွားတိုင်ကြားနေသလိုပဲ။
ကောင်းကင်စိတ်အာရုံကို ပြန်ဆွဲသွင်းလိုက်ရင်း သူ့နှုတ်ခမ်းထောင့်က တွန့်သွားခဲ့တယ်။ အဲဒီအရှိန်အဝါတွေက သူ့ကိုယ်ထဲက လက်ထောက်စွမ်းအင်တွေနဲ့ ဆင်ပြီး အရမ်းကို ရင်းနှီးနေတယ်။ သူ့ကျင့်ကြံဆင့်ကို ထိန်းညှိတိုင်း အာရုံခံမိတာမျိုး။ ရှန်းရင် ပြောတာမှန်တယ်။ ဒါ တကယ် အခွင့်အာဏာရှိတဲ့ စွမ်းအင်ပဲ။ ကောင်းကင်တာအိုကပဲ ဒါကိုစီမံဖန်တီးတဲ့လူတွေနဲ့ ဒီလိုရင်းနှီးမှုမျိုး ထုတ်လုပ်မှာ။
ဒါဆို မေးခွန်းလာပြီ။ ဘာလို့ ကောင်းကင်တာအိုက ဒီကမ္ဘာငယ်လေးရဲ့ ဘုံတံခါးကိုပိတ်ထားရတာလဲ။
ကူယွဲ့ ဒါက ကမ္ဘာငယ်လေးနဲ့သက်ဆိုင်တယ်လို့ ဝိုးတဝါးခံစားနေရပေမဲ့ ကောင်းကင်တာအိုက အသိစိတ် မရှိသလို သူ့ကိုလည်း တန်းစကားမပြောနိုင်ဘူး။
"ဘုံတံခါးကလွဲပြီး တခြားစည်းမျဉ်းတွေနဲ့ပတ်သက်ပြီး ပြဿနာမရှိဘူး" ယိချင်းလည်း ကမ္ဘာငယ်လေးကို စစ်ဆေးလိုက်တယ်။ ပြန်လည်ဝင်စားမှုက မသက်ရောက်ဘူးဆိုတော့ တစ်ခုတည်းသောကိစ္စက လူတွေ မတက်လှမ်းနိုင်တာပဲ။
"ဘုံတံခါးရဲ့ချိပ်ပိတ်မှုက သေချာပေါက် ဒီကမ္ဘာငယ်ရဲ့ ကျင့်ကြံသူတွေနဲ့ သက်ဆိုင်ရမယ်၊ ကြည့်ရတာအကြောင်းရင်းကိုရှာတွေ့ဖို့ အဲကိုတစ်ခေါက်သွားရမဲ့ပုံပဲ"
ကူယွဲ့လည်း အတူတူတွေးမိတာမို့ ခေါင်းညိတ်ပြလိုက်တယ်။
"ငါတို့ ဆက်ပြီး အချိန်ဆွဲမနေသင့်တော့ဘူး၊ သွားကြစို့" တစ်ခဏစဉ်းစားပြီးတော့ သူက ထပ်ဖြည့်ပြောလိုက်တယ်။
"ဘုံတံခါးက ခုဖွင့်လို့မရဘူးဆိုတော့ ငါတို့ ဟင်းလင်းပြင်ကို ဖြဲပြီးပဲ အတူတူသွားရတော့မယ်၊ ဒီကမ္ဘာရဲ့စည်းမျဉ်းတွေက ဖရိုဖရဲ ဖြစ်လာပြီဆိုတော့ သတိထားကြ" အဲလိုပြောပြီး သူက တစ်ယောက်သောသူကို လှမ်းကြည့်လိုက်တယ်။
"အထူးသဖြင့် မင်းပဲ"
ရှန်းရင် ဆွံ့အသွားတယ်။ မြောင်မြောင်မြောင်။
(⊙_⊙)
"မကြာခင် ညစာစားချိန် ရောက်တော့မယ်၊ နောက်တစ်ကြိမ် လျှောက်သွားကြည့်ပါလား"
ညစာ
"ပြဿနာ မရှိပါဘူး ဖေဖေနျို" သူမက ချက်ချင်းရင်ဘတ်ကို ပုတ်ကာ အာမခံလိုက်တယ်။
သူ ဘာလို့ ခု ပိုစိုးရိမ်မိလာတာပါလိမ့်။
"မင်း အလယ်မှာရပ်" သူ သူမကို ဘေးဆီဆွဲခေါ်ပြီး ခဏစဉ်းစားပြီးတဲ့နောက် စိတ်မအေးနိုင်သေးဘဲ ပိုးကြိုးတစ်စထုတ်ကာ ဓမ္မအသုံးအဆောင်အဖြစ် ပြောင်းလဲလိုက်တယ်။ သူ ရှန်းရင်နဲ့ စားဖိုမှူးရဲ့ တင်းတင်းဆုပ်ကိုင်ထားတဲ့ လက်တွေ ပတ်လည်မှာ အထပ်ထပ်ရစ်ပတ်လိုက်ပြီး တစ်ဖက်လှည့်ကာ သူမရဲ့ တခြားလက်ကောက်ဝတ်ကို ဆုပ်ကိုင်ပြီးမှ နောက်ဆုံးတော့ စိတ်အေးသွားခဲ့တယ်။
"သွားကြစို့"
သုံးယောက်သား အထဲဝင်လာခဲ့ပြီး အမှောင်ထုက သူတို့မျက်စိရှေ့ရောက်လာကာ တစ်ခုခုက သူတို့ပတ်ဝန်းကျင်ကို ညှစ်နေသလိုမျိုး ခံစားရပြီး နောက်အခိုက်အတန့်မှာ ပြန်လင်းလာတယ်။
နောက်တော့ သူတို့ဆူညံနေတဲ့နေရာတစ်ခုဆီ ရောက်လာခဲ့တယ်။
ဒါက ဈေးဖြစ်ပုံပဲ၊ ပတ်ပတ်လည်မှာလူတွေ အများကြီး။ လမ်းပေါ် ရုတ်တရက် သူတို့ပေါ်လာတာကို မြင်တော့ မနေနိုင်ဘဲ သူတို့ဝိုင်းဖွဲ့လာကြတယ်။ သူတို့ကို အံ့အားသင့်မှု၊ စူးစမ်းလိုစိတ်နဲ့ စူးစမ်းကြည့်နေတဲ့အပြင် သူတို့မျက်လုံးထဲလည်း... စိတ်လှုပ်ရှားမှုအချို့ ပါဝင်နေသလိုပဲ။
ကူယွဲ့ အံ့အားသင့်သွားတယ်။ "ရှန်း…"
သူ အလိုလို ခေါင်းလှည့်ကာ ရှန်းရင်ဘက် လှမ်းကြည့်ပေမဲ့ စားဖိုမှူးရဲ့ အူကြောင်ကြောင် မျက်နှာကို မထင်မှတ်ပဲ ရင်ဆိုင်လိုက်ရတယ်။ မူလက အလယ်မှာ ဖြစ်နေသင့်သူက ပျောက်ကွယ်သွားခဲ့တယ်။ ပြီးတော့ စောစောက သူမကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတဲ့ သူ့ညာလက်က စားဖိုမှူးရဲ့ ဘယ်လက်နဲ့ မြဲမြဲမြံမြံ ချည်နှောင်ထားပြီး၊ သူတို့လက်ပတ်လည်မှာပိုးကြိုးဖြူအထုံးတွေက ရစ်ပတ်နေကာ လိပ်ပြာပုံအထုံးအဖွဲ့ကြီးတောင် ဖြစ်နေတယ်။
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
ဟီးဟီး၊ လုံးဝအံ့ဩသင့်စရာမကောင်းတဲ့ ဒီဟာသဟောင်းကြီးက ဘာလဲ။
စောနက သူ သတိပေးတဲ့အနေနဲ့ ပြောခဲ့တာကိုတွေးမိသွားတယ်။
နောက်တစ်ကြိမ် လျှောက်သွားကြည့်ပါလား။
ကြိုးစားကြည့်လေ ပြောခဲ့တာကို တကယ်ပဲ လုပ်ရဲတယ်ပေါ့။
(╯°Д°)╯(┻━┻
"ဆရာ..." စားဖိုမှူးက ပထမဆုံးတုံ့ပြန်သူဖြစ်ပြီး သူ့ဓားကို ချက်ချင်းစစီးကာ စတင်ရှာဖွေတော့တယ်။
"ခဏ... ဟိုလီရှစ်" ကူယွဲ့ အသိစိတ်တောင်မဝင်သေး သူ့တစ်ကိုယ်လုံး လေထဲ စွန်လို ဆွဲခေါ်ခံလာရတော့တယ်။
မင်း အသားချောင်း လှမ်းနေတယ်များထင်လား ငါ့လက်လွှတ်ပေး။
(๑ŐдŐ)b
...