← Chapters

အခန်း (၂၀၈၇-၂၀၈၈)

Vol. 150 Ch. 2087-2088

အခန်း (၂၀၈၇-၂၀၈၈)

Vol. 150 Ch. 2087-2088

အပိုင်း(၂၀၈၇)

"အခု... ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ"

ထိုမေးခွန်းသည် သွေးစွန်းနေသည့် ဓားတစ်စင်း အလား လေထုကို ထိုးခွဲသွားသည်။ ၎င်းမှာ မျိုးဆက်သစ် လူငယ်တစ်ဦး၏ နှုတ်ဖျားမှ ထွက်ပေါ်လာခြင်း ဖြစ်သော်လည်း သက်ကြီးဝါကြီး ကျင့်ကြံသူများ၏ နှလုံးသားကိုမူ အုန်းခနဲ ရိုက်ခတ်သွားစေ၏။ လက်ရှိ အခြေအနေကို လက်ခံရန် ခက်ခဲလှသော်လည်း၊ ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ ယင်း၏ အကျိုးဆက်များကို တွေးတောကြည့်ခြင်းပင် ဖြစ်၏။

မိမိတို့ အဖွဲ့အစည်းများကို နောင်နှစ်ပေါင်း ထောင်ချီ၊ သောင်းချီ၊ သိန်းချီတိုင်အောင် ထောက်ပံ့ရန် သို့မဟုတ် ကိုယ်တိုင်ကျင့်ကြံရန်နှင့် လိုအပ်သော ရင်းမြစ်များအတွက် ကုန်သွယ်ရန် စုဆောင်းထားသမျှ နှစ်ပေါင်းများစွာသော ကြိုးပမ်းအားထုတ်မှုများမှာ ပြန်လည်ရရှိရန် လမ်းစမရှိဘဲ ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ ဤဆုံးရှုံးမှု၏ ကြီးမားပုံကို စကားလုံးများဖြင့် ဖော်ပြရန်ပင် ခက်ခဲလှပေတော့သည်။

"အားလုံးပဲလား... အကုန်လုံး ဆုံးရှုံးသွားတာလား"

ကျောင်းအုပ်ကြီးက မေးမြန်းလိုက်သည်။ မည်သို့ပင် ဆိုစေ... အနည်းငယ်မျှ ပြန်လည်ရရှိလိမ့်မည်ဟု သူ မျှော်လင့်မိသေးသည်။ ထိုအနည်းငယ်မျှကပင် သူတို့ကို အသက်ရှူချောင်စေပြီး ရှေ့ဆက်ရမည့် လမ်းစကို စဉ်းစားရန် အချိန်ပေးနိုင်လိမ့်မည် မဟုတ်ပါလား။ ထိုသို့ မဟုတ်ပါက ကျင့်ကြံသူ အမြောက်အမြား၏ ကျင့်ကြံခြင်း အရှိန်အဟုန်မှာ သိသိသာသာ ကျဆင်းသွားမည်ဖြစ်ပြီး၊ ရင်းမြစ်များ ပြန်လည်စုဆောင်းရာတွင်လည်း ခန့်မှန်းရခက်သော အဟန့်အတားများနှင့် ကြုံတွေ့ရပေတော့မည်။

အမှန်စင်စစ် လျှို့ဝှက်စွမ်းအားတိုင်းကို သန့်စင်ရန်အတွက် လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ အားထုတ်ရခြင်း ဖြစ်သည်။ အဆင့်မြင့် ရင်းမြစ်များ လျင်မြန်စွာ ကြီးထွားရန် အထောက်အကူပြုသော အစီအရင်များကို မောင်းနှင်ရန်မှာ အဆင့်မြင့် အမြုတေကျောက်တုံးများ မပါဘဲ အလွန်ပင် ခက်ခဲလှ၏။ အကယ်၍ အဖွဲ့အစည်း အနည်းငယ်သာ ဆုံးရှုံးခဲ့ခြင်း ဖြစ်ပါက အခြား ပိုမို ချမ်းသာကြွယ်ဝသော အဖွဲ့အစည်းများထံမှ ချေးငှားနိုင်သော်လည်း၊ ယခုမှာမူ သူတော်စင်များပင် ထိခိုက်ခဲ့သည် မဟုတ်ပါလား။

သူတော်စင် ပါခက်က အလွန်ပင် ပွင့်လင်းပြတ်သားသော လေသံဖြင့် ဆိုလိုက်သည်။

"အားလုံးပါပဲ..."

ထိုဝန်ခံချက်က သူတို့၏ လည်ပင်းကို ပိုင်းဖြတ်လိုက်သော နဂါးဓားစက်ကြီးကဲ့သို့ပင်။ လေထုမှာ ရုတ်တရက် အေးစက်သွားပြီး လူအချို့မှာ ကမ္ဘာပျက်တော့မည့်အလား ခံစားလိုက်ရသည်။ ပိုမိုမြင့်မားသော ကျင့်ကြံခြင်း အဆင့်များသို့ တက်လှမ်းရန် သူတို့၏ အိမ်မက်များမှာ သိသိသာသာ နှောင့်နှေးသွားရတော့မည် ဖြစ်ပြီး၊ မျိုးဆက်ပေါင်း ခုနစ်ဆက်ခန့်မှာ အင်အား ချည့်နဲ့သွားနိုင်ပေသည်။ ကံဆိုးစွာပင်... မျိုးဆက်သစ် လူငယ်များမှာ ဤဒဏ်ကို ပထမဆုံး ခံစားရမည့်သူများ ဖြစ်၏။

အဆိုးရွားဆုံး ဆုံးရှုံးမှုမှာ ကျင့်ကြံသူများ၏ အင်အားပင် ဖြစ်သည်။ လျှို့ဝှက် အာဏာရှင် အဆင့်တွင် ကျင့်ကြံရန် ဉာဏ်အလင်းပွင့်မှု လိုအပ်သော်လည်း၊ သွေးမူလ နည်းလမ်း ကဲ့သို့သော နည်းစနစ်များကို ကျင့်ကြံရန်မှာမူ ရှားပါးသော ရင်းမြစ်များစွာ လိုအပ်သည်။ ထိုနည်းစနစ်များသည် အစွမ်းထက်မှု၏ အမှတ်အသားများဖြစ်သလို ဉာဏ်အလင်းပွင့်မှုအတွက်လည်း အထောက်အကူ ဖြစ်စေသည်။

ဥပမာအားဖြင့် သွေးမူလ နည်းလမ်းသည် အတွင်းပိုင်း လောက တစ်ခု တည်ဆောက်ရန် ခိုင်မာသော အခြေခံကို ပေးစွမ်းသလို၊ လျှို့ဝှက်မူလ အရည် ကဲ့သို့သော အရာများမှာ ဆင့်ကဲပြောင်းလဲခြင်း အဆင့်များတွင် ကျရှုံးလုနီးပါး အခြေအနေမှ အသက်ဘေးကို ကယ်တင်ပေးနိုင်သည်။ ကံမကောင်းသည်က... ကျင့်ကြံခြင်း ရင်းမြစ် အများစုမှာ မသန့်စင်ရသေးပါက မတည်ငြိမ်ဘဲ အန္တရာယ်ရှိတတ်သဖြင့် ၎င်းတို့ကို အတွင်းပိုင်း လောက သို့မဟုတ် ရှန့်ထိုလက်စွပ်အတွင်း၌ အန္တရာယ်ကင်းကင်း သိမ်းဆည်းထားရန်မှာ မဖြစ်နိုင်သလောက်ပင်။

ထို့ကြောင့် သူတော်စင် ပါခက်၏ စကားကို ကြားလိုက်ရသောအခါ သူတို့အားလုံး၏ နှလုံးသားမှာ အခြေ ကင်းမဲ့သည့် ချောက်ကမ်းပါးထဲသို့ ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရတော့သည်။ ဤသည်မှာ မည်မျှအထိ ရူးသွပ်စရာ ကောင်းလိုက်သနည်း။

"အဂ္ဂိရတ် အဖွဲ့အစည်းတွေကော ဘယ်လိုလဲ..."

ထူးချွန်သော လောက အင်ပါယာ တစ်ဦးက သူ၏ အစီအရင်မှတစ်ဆင့် မေးမြန်းလိုက်သည်။ ထိုစကားကြောင့် လူတိုင်း၏ မျက်ဝန်းများတွင် မျှော်လင့်ချက် အလင်းရောင်လေး ပြန်လည် တောက်ပလာသည်။ အဂ္ဂိရတ်ပညာရှင်များ၏ လက်စွပ်များအတွင်း၌ အဂ္ဂိရတ်ထုတ်ကုန်အချို့ ရှိနေနိုင်ပြီး၊ ထိုအရာများကို အခြား ဂလက်ဆီများသို့ ခေတ္တရောင်းချကာ အခြေအနေကို ကုစားနိုင်လိမ့်မည်ဟု သူတို့ ထင်မိသည်။ မည်သူကမျှ နှစ်ပေါင်း ထောင်ချီအောင် မစောင့်လိုကြပေ...။ မစောင့်နိုင်သူများလည်း ပါဝင်နေ၏။

သူတော်စင် ဟားသွောက ထိုမျှော်လင့်ချက် မီးစကို စကားတစ်ခွန်းတည်းဖြင့် ငြှိမ်းသတ်လိုက်သည်။

"ဘယ်သူမှ အလွတ်ပေး မခံခဲ့ရပါဘူး..."

အဂ္ဂိရတ် ထုတ်ကုန်များကို လက်စွပ်များ သို့မဟုတ် အတွင်းလောကထဲတွင် အန္တရာယ်ကင်းကင်း သိမ်းဆည်းထားနိုင်သည်မှာ အမှန်ပင် ဖြစ်သော်လည်း၊ အဂ္ဂိရတ် အဖွဲ့အစည်း အများစုမှာ သူတို့၏ အကျိုးစီးပွားကို ကာကွယ်ရန် ထိုပစ္စည်းများကို လုံခြုံသော ဘဏ္ဍာတိုက်များအတွင်း၌သာ သိမ်းဆည်းလေ့ ရှိကြသည်။ အကယ်၍ သူတို့က အလွန်အမင်း တန်ဖိုးရှိသော ပစ္စည်းများကို ကိုယ်နှင့်မကွာ သယ်ဆောင်ထားပါက လုယက်သတ်ဖြတ်သူများ၏ အဓိက ပစ်မှတ် ဖြစ်လာပေလိမ့်မည်။

သူတို့သည် အခြားသူများကဲ့သို့ပင် လုံခြုံသော နေရာများ၌သာ သိမ်းဆည်းလေ့ရှိပြီး လိုအပ်ရုံလောက်သာ ဆောင်ထားကြသည်။ သူတို့မှာ သာမန် ကျင့်ကြံသူများထက် ပိုမို ချမ်းသာကြွယ်ဝသော်လည်း၊ မိမိတို့ သယ်ဆောင်ထားသော ပစ္စည်းများ၏ တန်ဖိုးမှာ မိမိတို့၏ အသက်ထက် ပို၍ တန်ဖိုးမရှိစေရန် ဂရုစိုက်ကြသည်။ ထို့ကြောင့် သူတို့ကို လုယက်ရန် ကြိုးစားခြင်းမှာ လက်တုံ့ပြန်မှုနှင့် ယှဉ်လျှင် တန်ဖိုးမရှိပေ။

ကံဆိုးသည်က... ထိန်ကျန့်ဝမ်သည် ထွက်မပြေးနိုင်ခဲ့ခြင်းပင်။ အကယ်၍ သူ ထွက်ပြေးသွားခဲ့ပါက သူတို့အားလုံး စုပေါင်းပြီး ပဲ့တင်ထပ် ဝိညာဉ် အဆင့် သူတော်စင်များကို ငှားရမ်းကာ သူ့ကို လိုက်လံဖမ်းဆီးစေပြီး ပစ္စည်းများကို ပြန်လည်ရယူနိုင်လိမ့်မည်။ ယခုမူ ထိန်ကျန့်ဝမ်မှာ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲကာ ရင်းမြစ်များကိုလည်း တစ်ပါတည်း ဖျက်ဆီးသွားပြီ ဖြစ်ရာ၊ သူတို့က မည်သူ့ကို ငှားရမ်းရမည်နည်း။ အချိန်မြစ်ကိုများ ငှားရမည်လော။

"..."

အထက်တန်းလွှာ ကျင့်ကြံသူများစွာ၏ နှုတ်ဖျားမှ သက်ပြင်းချသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ သူတို့တွင် မည်သည့် အဖြေမှ မရှိတော့ပေ။

"ဒီကိစ္စအတွက် ဖြေရှင်းချက် မရှိပါဘူး"

သူတော်စင် ခွန်ရှူးက ထောက်ပြလိုက်သည်။ သူသည် အများပြည်သူ၏ ခံစားချက်များကို နက်နက်ရှိုင်းရှိုင်း နားလည်ထား၏။ သူတော်စင်များမှာ ရှေ့ဆက်ရမည့် လမ်းစကို ရှာဖွေခဲ့ကြသော်လည်း မတွေ့ရှိခဲ့ကြပေ။ သူတို့ ဘာမှ မလုပ်နိုင်တော့...။

ဘာမှ မလုပ်နိုင်...။

သို့သော်လည်း ထိုအချက်က သူတို့ကို ဖြစ်နိုင်ခြေရှိသော ကိစ္စများကို ဆွေးနွေးခြင်းမှ မတားဆီးနိုင်ပေ။

"တကယ်လို့ ကျွန်တော်တို့က ရင်းမြစ်တွေ ပြန်လည်ရှင်သန်ဖို့နဲ့ အရှိန်အဟုန်မြှင့် ကြီးထွားဖို့အတွက် သီးသန့် လျှို့ဝှက်နယ်မြေတစ်ခုကို တည်ထောင်ပြီး၊ ရွေးချယ်ထားတဲ့ လူငယ်တွေကို အဲ့ဒီမှာ လေ့ကျင့်ပေးမယ်ဆိုရင်ကော"

ကျောင်းအုပ်ကြီးက အကြံပြုလိုက်သည်။ ထိုအကြံဉာဏ်အပေါ်တွင် လူငယ် မည်မျှ ပါဝင်ရမည်၊ မည်သည့် ရင်းမြစ်မျိုးကို စိုက်ပျိုးမည်၊ မည်သူ့ကို စေလွှတ်မည် စသည့် ငြင်းခုံမှုများစွာ ပေါ်ပေါက်လာတော့သည်။

ဆွေးနွေးမှုများက တသီတတန်းကြီး ဖြစ်နေသော်လည်း ချက်ချင်း ဆုံးဖြတ်ရန်မှာ ခက်ခဲလှ၏။ ဤဂလက်ဆီသည် အလွန်ပင် ကျယ်ဝန်းလှသည် မဟုတ်ပါလား။

"ကျွန်တော်တို့ လုပ်နိုင်တာက..."

အစောပိုင်းက အသံကျယ်ကျယ်နှင့် ပြောခဲ့သော လျှို့ဝှက်အရှင်က အကြံဉာဏ်တစ်ခု ပေးသော်လည်း ချက်ချင်းပင် ပယ်ချခံလိုက်ရသည်။

"ဒါကလည်း ဖြစ်နိုင်ခြေ ရှိပါတယ်... ကျွန်တော် ထင်တာကတော့..."

အသက်ကြီးပိုင်း လျှို့ဝှက်အရှင် အမျိုးသမီးကြီးကလည်း အကြံဉာဏ်များ ထပ်လောင်းပေးပြန်သည်။ သူတို့သာမက အခြားသူများ၏ အသံများလည်း ပေါ်ထွက်လာပြီး၊ အမျိုးမျိုးသော အကြံဉာဏ်များအပေါ် ကန့်ကွက်မှုများနှင့် မေးခွန်းများ ဆူညံနေတော့သည်။

သူတော်စင်များက အလယ်ဗဟို စင်မြင့်မှ ဆင်းပေးလိုက်ပြီးနောက်၊ စင်မြင့်ပေါ်သို့ တက်လာသူတိုင်းမှာ အကြံဉာဏ်များ ပေးကြသည်။ ကိုးနာရီကြာအောင် ငြင်းခုံဆွေးနွေးခဲ့ကြသော်လည်း လက်တွေ့ကျသော ဆုံးဖြတ်ချက် တစ်ခုမျှ မထွက်ပေါ်လာခဲ့ပေ။ ကျောင်းအုပ်ကြီး၏ အကြံပြုချက်ဖြစ်သော သက်ကြီးဝါကြီးများကို စွန့်လွှတ်ပြီး မျိုးဆက်သစ် လူငယ်များကိုသာ ရွေးချယ်လေ့ကျင့်ပေးရန် ဟူသော အချက်မှာ အသင့်တော်ဆုံးဟု ထင်ရသော်လည်း၊ မိမိ၏ သက်တမ်းနှင့် အာဏာကိုသာ မက်မောနေကြသူများအတွက်မူ လက်ခံရန် ခက်ခဲလှပေသည်။

အထူးသဖြင့် ကောင်းကင်ရှန့်ထို များအတွက် ဤသည်မှာ အလွန် စိတ်ပျက်စရာ ကောင်းလှသည်။ မူလ တရားသူကြီး တစ်ဦး၏ သက်တမ်းမှာ ပျမ်းမျှအားဖြင့် ၅၅,၀၀၀ ခန့်သာ ရှိပြီး၊ လျှို့ဝှက်အရှင်များ၏ သက်တမ်းမှာမူ ယင်း၏ လေးဆခန့် ရှိသည်။ ဤကွာခြားချက်မှာ အလွန်ပင် ကြီးမားလှ၏။

တစ်ဖက်တွင်လည်း လောက အင်ပါယာများမှာ ဆင့်ကဲပြောင်းလဲမှု တစ်ကြိမ်တိုင်းတွင် ပျမ်းမျှအားဖြင့် သက်တမ်း တစ်သောင်း သို့မဟုတ် နှစ်သောင်းခန့်သာ တိုးလာသည်။ သူတို့၏ ပျမ်းမျှ သက်တမ်း ၄၀,၀၀၀ နှင့် ယှဉ်လျှင် ဤသည်မှာ...

သူတို့ ကျင့်ကြံခြင်း အဆင့် တက်လှမ်းနိုင်လျှင်ပင် သူတို့၏ အင်အားမှာ ပုံမှန်ထက် များစွာ နိမ့်ကျနေပေလိမ့်မည်။ သူတို့၏ အဆင့်အတန်းမှာ မျိုးဆက်သစ်များ၏ လွှမ်းမိုးခြင်းကို ခံရမည်ဖြစ်ပြီး၊ ကျင့်ကြံခြင်း အဆင့်နှင့် ထိုက်တန်သော အင်အား သို့မဟုတ် အာဏာ မရှိဘဲ သက်တမ်းရှည်နေခြင်းမျိုးသာ ဖြစ်ပေလိမ့်မည်။

ဤသည်မှာ လက်ခံရန် ခက်ခဲလှသော ကပ်ဘေးကြီးပင်...။

သူတော်စင် အီမန်တက်သည် လူအုပ်ကြားမှနေ၍ စင်မြင့်ထက်ရှိသူ၏ အကြံဉာဏ်ကို ကာကွယ်ပြောဆိုနေပုံကို ကြည့်နေ၏။ ထိုသူမှာ ကျော်ကြားလှသော မူလ တရားသူကြီးတစ်ဦး ဖြစ်သော်လည်း အခြေအနေကို ထိန်းကျောင်းနိုင်ခြင်း မရှိဘဲ ကျရှုံးနေသည်။

လော့နင်မှာမူ သူမ၏ ဘေးရှိ စင်မြင့်တစ်ခုပေါ်တွင် ရှိနေသည်။ အပြင်လူတစ်ဦးအနေဖြင့် သူမသည် ဤဆွေးနွေးမှုများတွင် မပါဝင်ဘဲ ငြိမ်သက်စွာ နေလိုက်သည်။ ဤသည်မှာ သူတို့ ဂလက်ဆီ၏ အနာဂတ်နှင့် ပတ်သက်နေသဖြင့် သူတို့ကိုသာ လွှတ်ထားပေးခြင်းက အကောင်းဆုံး ဖြစ်၏။ သို့သော် သူမသည် ဤဖြစ်စဉ်များကို ကြည့်ကာ စိတ်ဝင်တစား လေ့လာနေမိသည်။

သူတော်စင် အီမန်တက်က သူမအနားသို့ တိုးလာပြီး နွေးထွေးသော အပြုံးတစ်ခု ပြလိုက်သည်။

"ပျင်းစရာ ကောင်းနေရင် တောင်းပန်ပါတယ်နော်"

လော့နင်က ခေါင်းခါပြလိုက်၏။

"လုံးဝ မပျင်းပါဘူး..."

***

အပိုင်း(၂၀၈၈)

လော့နင် စင်မြင့်တစ်ခုပေါ်တွင် သူတော်စင် ခွန်ရှူးနှင့်အတူ ရှိနေသော ချောင်စွေ့ဖုန်းနှင့် မီးခိုးရောင် နှင်းဆီတို့ကို လှမ်းကြည့်လိုက်သည်။ သူတို့မှာ အတော်ပင် ရင်းနှီးသွားကြပုံရသည်။

အီမန်တက်ကလည်း လော့နင်၏ အကြည့်နောက်သို့ လိုက်ကြည့်ရာ ချောင်စွေ့ဖုန်းနှင့် စကားပြောနေသော သူတော်စင် ခွန်ရှူး၏ မျက်နှာမှာ အနည်းငယ် ကြည်လင်နေသည်ကို တွေ့လိုက်ရသည်။ သူတို့နှစ်ဦးမှာ အတော်ပင် ခင်မင်သွားကြပုံရ၏။ အာရုဏ်ဦး အင်ပါယာမှ လူများကို တံခါးများ၌ စမ်းသပ်ခွင့် ပေးခဲ့ခြင်းကြောင့် ရရှိခဲ့သော အကျိုးအမြတ်များကိုလည်း သူမ ကောင်းကောင်း သိရှိထားသည်။ သူတို့မှာ အပြင်လူများ ဖြစ်သဖြင့် ဘာမှ ရရှိလိမ့်မည် မဟုတ်ဟု ထင်ခဲ့ကြသော်လည်း အပြန်အလှန် အနေဖြင့် ရရှိလာသော အဖိုးအခကိုမူ သူတော်စင် အားလုံးက မက်မောနေကြသည်။

ချောင်စွေ့ဖုန်းသည် အလွန်ပင် ချမ်းသာကြွယ်ဝကြောင်း ထင်ရှားလှသည်။ လောကရှန့်ထို အဂ္ဂိရတ်ပညာရှင် တစ်ဦး၏ အလိုလိုက်ခံရသော ဇနီးဖြစ်ရခြင်းမှာ အလွန် ကောင်းလှပေသည်။ အီမန်တက်၏ မျက်ဝန်းများ တောက်ပသွားပြီး လော့နင်၏ သွယ်လျသော ခန္ဓာကိုယ်ကို ခေတ္တမျှ ကြည့်လိုက်မိသည်။ သူမသည်လည်း တစ်နေ့တွင် လောကရှန့်ထို အဂ္ဂိရတ်ပညာရှင် ချစ်သူတစ်ဦး ရချင် ရလာပေလိမ့်မည်။

"ဒီဆွေးနွေးပွဲကတော့ အမြန်ဆုံး ပြီးဆုံးမယ့်ပုံ မပေါ်ဘူးနော်"

အကြံဉာဏ်တစ်ခုမှာ သူတော်စင်များ၏ ကန့်ကွက်မှု မပါဘဲ အခြားသူများ၏ လက်ချက်ဖြင့် ပယ်ချခံလိုက်ရသည်ကို ကြည့်ကာ လော့နင်က မှတ်ချက်ပေးလိုက်သည်။ ဤသည်မှာ ပုံမှန်ပင် ဖြစ်၏။ ကျောင်းအုပ်ကြီး၏ အစီအစဉ်တစ်ခုသာလျှင် အနည်းငယ် အနှစ်သာရ ရှိပုံရသည်။

သို့သော် မျိုးဆက်သစ်များအတွက် သက်ကြီးဝါကြီးများကို စွန့်လွှတ်ရန်မှာမူ ရည်မှန်းချက်ကြီးမားသော ကျင့်ကြံသူများအတွက် လက်ခံရန် ခက်ခဲလှသည်။ မိမိတို့၏ ထူးချွန်သော လမ်းကြောင်း ဖြတ်တောက်ခံလိုက်ရခြင်းမှာ ခါးသီးလှသော အမှန်တရားပင် မဟုတ်ပါလား။

အခြား အကြံဉာဏ်တစ်ခုမှာမူ ရင်းမြစ်များ စိုက်ပျိုးရန်အတွက် သီးသန့် လျှို့ဝှက်နယ်မြေများနှင့် ဂြိုဟ်များ၊ ကြယ်တာရာနယ်မြေပေါင်း ဒါဇင်ချီကို အသုံးပြုရန် ဖြစ်သည်။ ထိုအကြံမှာ ဆန်းသစ်သော်လည်း လျင်မြန်စွာ စိုက်ပျိုးနိုင်သော ရင်းမြစ်အမျိုးအစားမှာ ကန့်သတ်ချက် ရှိလှသည်။ အများအားဖြင့် သစ်ပင်၊ ပန်းမန်များသာ ဖြစ်ပေလိမ့်မည်။

၎င်းသည် များစွာသော ရင်းမြစ်များအနက် တစ်မျိုးတည်းသာ ဖြစ်ရာ အခက်အခဲကို အနည်းငယ်သာ လျော့ပါးစေနိုင်ပြီး လူအနည်းငယ်ကိုသာ အကျိုးပြုပေလိမ့်မည်။

"ပြီးမှာ မဟုတ်ပါဘူး..."

အီမန်တက်က ပြန်ဖြေလိုက်သည်။ ဤဆွေးနွေးပွဲမှာ အချိန်အတော်ကြာ ဦးမည် ဖြစ်သည်။ နောက်ဆုံးတွင် အစီအစဉ် သုံးခုခန့်သာ အကောင်အထည် ဖော်နိုင်လိမ့်မည်ဟု နယ်မြေရှစ်ခုမှ သူတော်စင်များက သိထားကြသည်။ ပထမတစ်ခုမှာ တံခါးများမှ ရွေးချယ်ခံရသူ ရှစ်ဦး အပါအဝင် မျိုးဆက်သစ် လူငယ်များကို ဦးစားပေး လေ့ကျင့်ပေးရန် ဖြစ်သည်။ ဤသည်မှာ သေချာပေါက် လုပ်ဆောင်ရမည့် အရာပင်။

ဒုတိယတစ်ခုမှာ ရင်းမြစ်များ အရှိန်အဟုန်မြှင့် စိုက်ပျိုးမည့် အစီအစဉ်များ ဖြစ်ပြီး၊ ထိုအတွက် အချိန်နှင့် စွမ်းအင် အမြောက်အမြား လိုအပ်မည် ဖြစ်ရာ ကျင့်ကြံသူများ၏ အလားအလာများကို စုပ်ယူ အသုံးပြုရပေလိမ့်မည်။ လောက အင်ပါယာများ၊ သင်္ကေတ ဘုရင်များ၊ သေမျိုးတစ်ပိုင်း အရှင်များမှာ ဤအတွက် စတေးခံရပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် မူလ တရားသူကြီးများ၊ လျှို့ဝှက်အရှင်များနှင့် သူတော်စင်များမှာ သူတို့၏ အင်အားကို စွန့်လွှတ်လိမ့်မည် မဟုတ်သောကြောင့် ဖြစ်၏။ ဆင်ခြေပေးရန် အတွက် ဖြစ်စေကာမူ... သူတို့သည် ဂလက်ဆီအား ကျူးကျော်လာမည့် အန္တရာယ်ကိုလည်း သတိထားနေရမည် မဟုတ်ပါလား...။

တတိယတစ်ခုမှာမူ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ထံမှ အကြွေးယူရန် ဖြစ်ပေလိမ့်မည်။ မည်သူက မည်မျှအချိုးအစားဖြင့် အကြွေးဆပ်ရမည်ကို ဆုံးဖြတ်ရန်သာ ကျန်တော့သည်။ သူတော်စင် အိုအေစစ်မြစ် မကြာခင် ရောက်လာပြီး ထိုဂလက်ဆီထံမှ ချေးငှားနိုင်မည့် အခြေအနေများကို ပြောပြပေလိမ့်မည်။

"တကယ်လို့ ဒီဂလက်ဆီမှာ ခေါင်းဆောင်တစ်ယောက်တည်းသာ ရှိခဲ့ရင်..."

လော့နင်က ထိုစကားကို စကားစဖြတ်ကာ ပြောလိုက်ရာ အီမန်တက်က မျက်မှောင်ကြုတ်သွားသည်။ ဤဂလက်ဆီတွင် တစ်ဦးတည်းသော ခေါင်းဆောင် မရှိနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် အစစ်အမှန် အထွတ်အထိပ် သူတော်စင် (ပဲ့တင်ထပ် ဝိညာဉ် အဆင့်) တစ်ဦး ပေါ်ထွက်လာပါက အစောင့်အရှောက် နတ်ဘုရားက ကိုင်တွယ်ဖြေရှင်းမည် ဖြစ်သလို၊ သူတော်စင် ရှစ်ပါးစလုံးမှာလည်း မာန်မာန အလွန်ကြီးမားကြပြီး တစ်ဦးနှင့်တစ်ဦး အရှုံးပေးမည့်သူများ မဟုတ်ကြပေ။ သူတို့၏ အင်အားမှာလည်း အလွန်ပင် နီးစပ်လှသည် မဟုတ်ပါလား။

သူတို့မှာ မည်သူက ပိုအစွမ်းထက်သည်ကို ဆုံးဖြတ်ရန် ပြည်တွင်းစစ်ကိုလည်း အလွယ်တကူ မစတင်နိုင်ကြပေ။ လောကကြီးတစ်ခုလုံးကလည်း သူတော်စင် ရှစ်ပါးကို နှိမ်နင်းရန် သို့မဟုတ် ခေါင်းဆောင်တစ်ဦး ရွေးချယ်ရန် စုပေါင်းကြလိမ့်မည် မဟုတ်ပေ။

အီမန်တက်က ပြန်လည် တုံ့ပြန်ရန် ပြင်လိုက်စဉ်မှာပင် သူမ၏ မျက်ဝန်းများ တောက်ပသွားသည်။ သူမသည် အဝင်ဝလည်း ဖြစ်သော ခန်းမဆောင်၏ မျက်နှာကျက်ဆီသို့ မော့ကြည့်လိုက်မိ၏။

သူတော်စင်တိုင်း၊ လျှို့ဝှက်အရှင်တိုင်း၊ မူလ တရားသူကြီးတိုင်းနှင့် အာရုံခံစားမှု ကောင်းသော ကျင့်ကြံသူတိုင်းမှာ လောကကြီးနှင့် လေထု၏ လှုပ်ရှားမှု ပြောင်းလဲသွားသည်ကို ခံစားလိုက်ရသဖြင့် စကားပြောခြင်းကို ရပ်တန့်ကာ အဝင်ဝဆီသို့ လှမ်းကြည့်လိုက်ကြတော့သည်။

အလွန်ပင် လွတ်လပ်ပေါ့ပါးပြီး ခန့်ညားလှသော ရယ်မောသံတစ်ခု လေထုထဲတွင် ပဲ့တင်ထပ်သွားသည်။

"ကျွန်တော် နောက်ကျသွားပြီလား..."

လော့နင်၊ ချောင်စွေ့ဖုန်း၊ စုမေ့၊ အာဏာရှင်များနှင့် ကျန်ရှိသူ အားလုံးမှာ မည်သူ ရောက်ရှိလာသည်ကို ချက်ချင်း သိလိုက်ကြသည်

သူတော်စင် ခွန်ရှူး၏ မျက်ဝန်းများမှာ လရောင်ကဲ့သို့ တောက်ပသွား၏။

"အာရုဏ်ဦး အာဏာရှင် ဧကရာဇ်"

...

လူငယ်တစ်ဦး...

အပြစ်ဆိုဖွယ်မရှိလောက်အောင် ထူးခြားဆန်းပြားလှသည်။ ဤလောကပြင်ပမှ ရောက်ရှိလာသကဲ့သို့ပင် ချောမောလွန်းလှသည်။ တစ်ခါမျှ မကြုံစဖူးလောက်အောင် ခန့်ညားထည်ဝါလှသည်။

အားလုံးသော မျက်ဝန်းများသည် ထိုအသံရှင်ထံသို့ စုပြုံရောက်ရှိသွားကြသည်။ သူတို့ မြင်တွေ့လိုက်ရသည်မှာ လူသားတို့၏ အလှအပထက် သာလွန်သော၊ အရပ်ရှည်ပြီး ခန့်ညားထည်ဝါလှသည့် လူငယ်တစ်ဦးပင် ဖြစ်သည်။ ထိုလူငယ်၏ ရှိနေမှုမှာ ထာဝရ အချိန်ကာလ၊ ဖန်ဆင်းခြင်း၏ အနှစ်သာရနှင့် သန့်စင်ခြင်းတို့ ပေါင်းစပ်ထားသော မျက်ဝန်းတစ်စုံကြောင့် ပို၍ပင် ထင်ရှားနေ၏။ ထိုမျက်ဝန်းများအတွင်း၌ တောက်ပလှသော လေးထောင့်ကြယ်ပုံစံ မျက်စိသူငယ်အိမ်နှစ်ခုမှာ မျက်ဝန်းအိမ်၏ အစွန်းများအထိ ထိကပ်နေပြီး အတုမဲ့ ထက်မြက်မှုကို ဖော်ပြနေသည်။

ထိုလေးထောင့်ကြယ်ပုံစံ သူငယ်အိမ်များအတွင်း၌ ဖန်ဆင်းခြင်းလောကရှိ အရာခပ်သိမ်းတို့၏ အဆုံးမဲ့ ပြောင်းလဲဖြစ်ပေါ်မှု အော်ရာများ ကိန်းအောင်းနေပြီး မည်သည့်အရာမျှ ချွင်းချက်မရှိပေ။

"သာလွန် သန့်စင် အဂ္ဂိရတ် ကြယ်တာရာများ..."

အနက်၊ အဖြူနှင့် ငွေရောင်တို့ ပေါင်းစပ်ထားသော ထူးခြားသည့် ဧကရာဇ်ဝတ်ရုံမှာ အဂ္ဂိရတ် ပညာရှင် ဝတ်ရုံနှင့် မယုံနိုင်လောက်အောင် လိုက်ဖက်နေပြီး၊ အသန့်စင်ဆုံး မြူခိုးများ တဖျပ်ဖျပ် ထွက်ပေါ်နေသည်။ ဝေ့ဝူယင်၏ ပုံရိပ်မှာ လူတိုင်း၏ နှလုံးသားထဲတွင် ဘယ်သောအခါမျှ မေ့ပျောက်၍ မရနိုင်လောက်အောင် စွဲထင်သွားတော့သည်။

လူငယ်၏ နောက်တွင်တော့ ခုနစ်ရောင်ခြယ် လမ်းကြောင်း တစ်ခု စွဲထင် ကျန်ရစ်ခဲ့သည်။ သူ အထက်မှ ဆင်းသက်လာပုံမှာ အဂ္ဂိရတ် တာအိုကပင် သူ့အား လမ်းပြခေါ်ဆောင်နေသကဲ့သို့၊ ကျန်ရှိသော လောကကြီးနှင့် တာအိုအပေါင်းတို့ကလည်း ဘေးအန္တရာယ်များကို ဖယ်ရှားပေးကာ သူတို့၏ ကံကြမ္မာကောင်းများဖြင့် ကောင်းချီးပေးနေသကဲ့သို့ ခံစားရသည်။

ခဏချင်းမှာပင် လူအများ၏ အသက်ရှူသံများ ရပ်တန့်သွားကြရ၏။ သူ၏ ခြေလှမ်းများသည် လေထုပေါ်တွင် ပေါ့ပါးနေသော်လည်း ဟင်းလင်းပြင် ပေါ်တွင်မူ လေးလံလှပြီး ကြည့်ရှုသူတိုင်း၏ စိတ်ထဲတွင် ဖျောက်ဖျက်မရသော အမှတ်အသားတစ်ခုကို ချန်ရစ်ခဲ့သည်။

သူတော်စင် ဟားသွောမှာ မှင်သက်သွားရ၏။ သူမသည် ဝေ့ဝူယင်ကို လာရောက်ရန် ခွင့်ပြုခဲ့သော်လည်း သူက ယခုကဲ့သို့ ထူးခြားဆန်းပြားသော ပုံစံဖြင့် ရောက်ရှိလာလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

ဝေ့ဝူယင်၏ သာလွန် သန့်စင် အဂ္ဂိရတ် ကြယ်တာရာများ ကို မြင်လိုက်ရသောအခါ သူမ၏ နှလုံးခုန်သံများ မြန်ဆန်လာတော့သည်။ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ၏ အိမ်နီးချင်းများ ဖြစ်သည့်အတွက် သူတို့သည် အဂ္ဂိရတ် တာအို၏ အဂ္ဂိရတ် ကြယ်တာရာ အဆင့်များကို ကောင်းစွာ သိရှိထားကြသည်။ ပထမအဆင့်မှာ သေမျိုး အဂ္ဂိရတ် ကြယ်တာရာများ ဖြစ်ပြီး၊ ၎င်းကို အဂ္ဂိရတ် တာအိုက သေမျိုး အာဏာရှင် အဖြစ် တရားဝင် အသိအမှတ်ပြုသော အဂ္ဂိရတ်ပညာရှင်တိုင်း ရရှိကြသည်။

ထိုအတွက် အခြားသူများ၏ အကူအညီ သို့မဟုတ် အပြင်ပစ္စည်းများ၏ အကူအညီ အလွန်အကျွံ မပါဘဲ အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန်တစ်ခုကို အနည်းဆုံး အရည်အသွေးနိမ့် အဆင့်ဖြင့် အောင်မြင်စွာ ဖော်စပ်နိုင်ရန်သာ လိုအပ်သည်။ အရည်အသွေးနိမ့်ဟု သတ်မှတ်သော်လည်း ထိုသတ်မှတ်ချက်မှာ အဂ္ဂိရတ် တာအို၏ စံနှုန်းအရ ၁၀၀ ရာခိုင်နှုန်း သန့်စင်သော ထုတ်ကုန်ကို ဆိုလိုခြင်း ဖြစ်သည်။ အရည်အသွေးမြင့် ဆိုသည်မှာ ၁၀၀ ရာခိုင်နှုန်းထက် ကျော်လွန်ကာ အပိုဆောင်း အာနိသင်များ ပါဝင်လာခြင်း ဖြစ်ပြီး၊ အထွတ်အထိပ် အရည်အသွေး မှာမူ သတ်မှတ်ထားသော အဆင့်တစ်ခု၏ အမြင့်ဆုံး အကန့်အသတ်ပင် ဖြစ်သည်။ သာလွန်ခြင်း အဆင့် အရည်အသွေး မှာမူ သေမျိုးတာအိုမှ လျှို့ဝှက်တာအိုသို့ ထိစပ်သွားသကဲ့သို့ နောက်ထပ် အဆင့်တစ်ခုကို ကျူးကျော်သွားနိုင်ခြင်း ဖြစ်သည်။

ဒုတိယအဆင့် သာလွန် ဝိညာဉ် အဂ္ဂိရတ် ကြယ်တာရာများ ကိုမူ ပတ်ဝန်းကျင် အခြေအနေ သို့မဟုတ် တိုက်ဆိုင်မှုကြောင့် မဟုတ်ဘဲ မိမိ၏ စစ်မှန်သော အရည်အချင်းသက်သက်ဖြင့် သာလွန်ခြင်း အရည်အသွေး ထုတ်ကုန်များကို အောင်မြင်စွာ ဖော်စပ်နိုင်သူများကိုသာ ပေးအပ်ခြင်း ဖြစ်သည်။

၎င်းကို ရရှိရန် အလွန်ပင် ခက်ခဲလှပြီး သေမျိုးတာအိုနှင့် အဂ္ဂိရတ် သဘောတရားများကို ကျွမ်းကျင်ပိုင်နိုင်မှု၏ ပြယုဂ်ပင် ဖြစ်သည်။ ထိုအဆင့်သို့ ရောက်ရှိမှသာ ဒဏ္ဍာရီလာ စွမ်းရည်ဖြစ်သော အဂ္ဂိရတ်ကို ပေါင်းစည်းခြင်း၊ တာအိုကို ချီးမြှင့်ခြင်းကို အသုံးပြုနိုင်ပြီး၊ အမွေခံ ဉာဏ်ပညာ သင်္ကေတ ကဲ့သို့သော အဂ္ဂိရတ် သင်္ကေတ ခုနစ်မျိုးကို ဖန်တီးနိုင်မည် ဖြစ်သည်။

တတိယအဆင့်ဖြစ်သော သာလွန် သန့်စင် အဂ္ဂိရတ် ကြယ်တာရာများ အတွက်မူ သူမ သိထားသော လိုအပ်ချက်မှာ ကောင်းကင်ဘုံသို့ တက်လှမ်းရသကဲ့သို့ ခက်ခဲလှသည်ဟု ဆိုကြပြီး၊ ထိုအဆင့်အတွက် အသန့်စင်ဆုံး မြူခိုး အချို့ကို ထုတ်လွှတ်နိုင်ရန် လိုအပ်သည်။

လောက၌ သာလွန် ဝိညာဉ် အဂ္ဂိရတ် ကြယ်တာရာများ အဆင့်ကိုပင် မရရှိကြသေးသော လောကရှန့်ထို အဂ္ဂိရတ်ပညာရှင် အများအပြား ရှိနေကြပေသည်။ သို့သော်လည်း ဝေ့ဝူယင်... ဤအာရုဏ်ဦး အာဏာရှင် ဧကရာဇ်၊ အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထို ဟု ဘွဲ့နာမည် ခံယူထားသူသည် အထွတ်အထိပ် သန့်စင်ခြင်း အဂ္ဂိရတ် ကြယ်တာရာများ ကို ပိုင်ဆိုင်ထားလေပြီ။

All Chapters