← Chapters

အခန်း (၂၀၈၉-၂၀၉၀)

Vol. 150 Ch. 2089-2090

အခန်း (၂၀၈၉-၂၀၉၀)

Vol. 150 Ch. 2089-2090

အပိုင်း(၂၀၈၉)

‘သူက ဘယ်လိုတောင်လဲ...’

ထိုကဲ့သို့ ထိတ်လန့်မှုမျိုးမှာ သူတော်စင် ဟားသွော တစ်ဦးတည်းတွင်သာ ဖြစ်ပေါ်နေသည် မဟုတ်ပါချေ။ သူတော်စင်တိုင်း၊ လျှို့ဝှက်အရှင်တိုင်း၊ မူလ တရားသူကြီးတိုင်းနှင့် ကျင့်ကြံသူများ၊ အထူးသဖြင့် အဂ္ဂိရတ်ပညာရှင် အားလုံး၌ ဖြစ်ပေါ် နေခဲ့ခြင်း ဖြစ်သည်. သူတို့အားလုံးမှာ လုံးဝ မယုံကြည်နိုင်လောက်အောင် မှင်သက်နေကြတော့သည်။

ဝေ့ဝူယင်သည် သူတော်စင် ဟားသွော ပေးထားသော စင်မြင့်ကို အသုံးမပြုတော့ဘဲ၊ အလယ်ဗဟို စင်မြင့်ထက်သို့ ဖြည်းညင်းစွာ ဆင်းသက်လိုက်သည်။ ထိုစဉ် အသန့်စင်ဆုံး မြူခိုးများမှာ စင်မြင့်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး၊ စင်မြင့်ကို ငွေရောင်ဒီဇိုင်းများ ပါဝင်သော ခုနစ်ရောင်ခြယ် စင်မြင့်တစ်ခုအဖြစ် ချက်ချင်း ပြောင်းလဲသွားစေသည်။

စင်မြင့်ထက်ရှိ စကားပြောနေသူ လောက အင်ပါယာ အမျိုးသမီးမှာမူ မှင်သက်ကာ ပါးစပ်အဟောင်းသား ဖြစ်နေတော့သည်။ ထိုမွှေးပျံ့လှသော မြူခိုးများမှာ သူမ၏ ချွေးပေါက်များအတွင်းသို့ စိမ့်ဝင်သွားကြ၏။ တိုက်ဆိုင်စွာပင် ရှူရှိုက်လိုက်သော မြူခိုးများကြောင့် သူမ၏ ခန္ဓာကိုယ်အတွင်း နက်ရှိုင်းစွာ အမြစ်တွယ်နေသော အဂ္ဂိရတ် အကြွင်းအကျန် များမှာ အသက်တစ်ရှိုက်စာအတွင်းမှာပင် လျင်မြန်စွာ ချေဖျက်ခံလိုက်ရသည်။ ဤအသန့်စင်ဆုံး မြူခိုး၏ အရည်အသွေးမှာ သူမ တစ်သက်တွင် တစ်ခါမျှ မကြုံဖူးလောက်အောင် မြင့်မားလှသည်။ အဂ္ဂိရတ်ပညာရှင်တိုင်းသည် ဤမြူခိုးများကို အဂ္ဂိရတ် တာအို ကျင့်ကြံခြင်းအတွက် အဖိုးတန် ရတနာအဖြစ် သိမ်းဆည်းလေ့ ရှိကြသဖြင့် သူမအနေဖြင့် ဤသို့ ရှူရှိုက်ခွင့်ရရန်မှာ မဖြစ်နိုင်သလောက်ပင်။

ဟူး... ဟူး...

စင်မြင့်ထက်မှ လျှို့ဝှက်အော်ရာတစ်ခုနှင့်အတူ မသန့်စင်ရသေးသော ကောင်းကင်ရောင်ဝါ အစအနများ ရုတ်တရက် ပွင့်ထွက်လာရာ၊ လူအများအပြားမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် မျက်လုံးများကို ကာကွယ်လိုက်ကြရသည်။ ကျင့်ကြံခြင်း မြင့်မားသူများအတွက် အရေးမကြီးသော်လည်း ကျင့်ကြံခြင်း နိမ့်သူများမှာမူ ထိုအော်ရာ မြင့်တက်လာမှုကြောင့် အသက်ရှူပင် ကျပ်လာကြရသည်။ အချိန်အတန်ကြာသောအခါ အခြား လောက အင်ပါယာများပင်လျှင် ဖိနှိပ်မှုကို ခံစားလာရတော့သည်။

"သူ... အဆင့်တက်တော့မယ်"

ဂုဏ်သရေရှိ သက်ကြီးပိုင်း အမျိုးသားတစ်ဦးက အော်ဟစ်လိုက်သည်။ တောက်ပသော ကပ်ဘေး တံခါး ၏ အော်ရာမှာ လေထုထဲတွင် ပေါ်ပေါက်လာလေပြီ။ ဤသည်မှာ အဆင့်ခြောက် ခြေချခြင်း၏ လက္ခဏာပင်။

ဤမျှော်လင့်မထားသော ကံကောင်းမှုကို ရရှိလိုက်သူမှာ လောက အင်ပါယာ အမျိုးသမီးမှာ ၊ လျှို့ဝှက် အာဏာရှင် အဆင့်ငါး၊ လောကရှန့်ထို အဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းအတွင်း သူမသည် အဂ္ဂိရတ်ထုတ်ကုန် မည်မျှ သုံးစွဲခဲ့သည်ကို မသိနိုင်သော်လည်း၊ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ အဂ္ဂိရတ် အကြွင်းအကျန်များကို ချေဖျက်ရန်မှာ အလွန်ပင် ခက်ခဲနေခဲ့ခြင်း ဖြစ်သည်။

ယခုမူ ထိုမြူခိုးကို တစ်ချက် ရှူရှိုက်လိုက်ရုံမျှဖြင့် နှစ်ပေါင်း တစ်သောင်းစာ ကြိုးပမ်းမှုကို ချေဖျက်ပေးနိုင်ခဲ့ကာ၊ သူမ၏ ကျင့်ကြံခြင်း နည်းစနစ်မှာလည်း ပြီးပြည့်စုံသွားပြီး ကောင်းကင်ရောင်ဝါများ ပေါ်ထွက်လာကာ ဆင့်ကဲပြောင်းလဲရန် အတင်းအကျပ် တွန်းအားပေးခြင်း ခံလိုက်ရခြင်း ဖြစ်သည်။ ဝူယုသည်လည်း ယခင်က ယခုကဲ့သို့ အခြေအနေမျိုး ကြုံတွေ့ခဲ့ဖူးသည်။

"ဪ..."

ဝေ့ဝူယင်၏ အသံမှာ ဝိညာဉ်အစီအရင်ကိုပင် အသုံးမပြုဘဲ လူတိုင်း၏ အာရုံစိုက်မှုကို ရရှိသွားသည်။ အဆင့်တက်တော့မည့် လောက အင်ပါယာ အမျိုးသမီးမှာလည်း သူမ၏ ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများ လျင်မြန်စွာ သန့်စင်သွားမှုနှင့်အတူ ဟုန်းဟုန်းတောက်နေသော အော်ရာကြောင့် အံ့ဩနေမိသည်။ ဝေ့ဝူယင် သူမကို မှတ်မိသည်။

တိုက်ဆိုင်စွာပင် သူမမှာ အဇီဇာ အယ်လ်မာဆာရီ ပင် ဖြစ်သည်။

သူမသည် ဝေ့ဝူယင်အား အမည်မဲ့ ဂလက်ဆီအတွင်းသို့ လမ်းပြပေးမည့်သူအဖြစ် သတ်မှတ်ခံထားရသော၊ ယက်စမင်း အယ်လ်ဆာဘရီ၏ လိုက်လံဖမ်းဆီးခြင်းမှ ဝေ့ဝူယင် ကယ်တင်ပေးခဲ့သော အလွန်လှပသည့် လောကရှန့်ထိုတစ်ဦး ဖြစ်သည်။

"မင်းပဲကိုး... ဂုဏ်ယူပါတယ်"

ဝေ့ဝူယင်က တည်ငြိမ်စွာ ပြုံးလိုက်သည်။

"မင်းအတွက် အကူအညီနဲ့ အာမခံချက် အနည်းငယ် ပေးပါ့မယ်..."

သူက ဆိုလိုက်ရင်း ကောင်းကင်ရောင်ဝါများ တောက်ပနေသော ရွှေရောင်အရည်များ ပါဝင်သည့် ပုလင်းငယ်တစ်လုံးကို ထုတ်ယူလိုက်သည်။

"ဒါက ငါ ဖော်စပ်ထားတဲ့ အာရုဏ်ဦး ကောင်းကင်အလင်း ဆေးရည်ပဲ... ဒါက ငါ့ရဲ့ အဂ္ဂိရတ် မျိုးဆက်ထဲက တတိယမြောက် လျှို့ဝှက်လောကအဆင့် ထုတ်ကုန်ဖြစ်ပြီး၊ အရည်အသွေးနိမ့်ပဲ ဖြစ်ပေမယ့် နောက်တစ်ဆင့်ကို စိန်ခေါ်ချင်တဲ့ လောက အင်ပါယာတွေအတွက် လျှို့ဝှက်မူလ အရည် နဲ့ တန်းတူ အကျိုးကျေးဇူး ပေးနိုင်လိမ့်မယ်"

"မင်း ဒါကို သောက်ဖို့ ဆန္ဒရှိရဲ့လား..."

ဝေ့ဝူယင်က တည်ငြိမ်သောအသံဖြင့် မေးလိုက်သော်လည်း ထိုစကားမှာ လူတိုင်း၏ နားထဲတွင် မိုးထစ်ချုန်းသံကဲ့သို့ ပဲ့တင်ထပ်သွားသည်။

အဇီဇာသည် အလွန်လှပသူ တစ်ဦး ဖြစ်သည်။ သူမသည် ရည်မှန်းချက် ကြီးမားသော်လည်း မိမိ၏ အကန့်အသတ်ကို သိရှိလောက်အောင် ဉာဏ်ကောင်းသူလည်း ဖြစ်သည်။ အခွင့်အရေးကို အရယူရမည်ကို သူမ ကောင်းစွာ သိသည်။

သူမသည် ဝေ့ဝူယင်၏ အလွန်ချောမောလှသော မျက်နှာထံမှ အကြည့်ကို လွှဲလိုက်ပြီး၊ ဆွဲဆောင်မှုရှိသော ရွှေရောင်ဆေးရည်ပုလင်းကို ကြည့်လိုက်သည်။ ထို့နောက် သူမအား ခေါ်ယူနေသော တောက်ပသည့် ကပ်ဘေး တံခါးကို မော့ကြည့်လိုက်မိ၏။ သူမ၏ နှလုံးသားမှာ တဒိတ်ဒိတ် ခုန်နေပြီး ချက်ချင်းပင် ဆုံးဖြတ်ချက် ချလိုက်သည်။

"ကျေးဇူးတင်ပါတယ် လောကရှန့်ထိုဝေ့ တစ်နေ့မှာ ဘယ်လိုတန်ဖိုးပဲ ပေးရပါစေ... ဒီကျေးဇူးကြီးကို ကျွန်မ ပြန်ဆပ်ပါ့မယ်"

သူမက ပြတ်သားစွာ ပြောလိုက်ပြီးနောက် ထိုဆေးရည်ကို ကျင့်ကြံသူများနှင့် ပါရမီရှင်များ၏ ရှေ့မှောက်တွင်ပင် သောက်ချလိုက်သည်။ ထို့နောက် မသန့်စင်ရသေးသော ကောင်းကင်ရောင်ဝါများ ဖုံးလွှမ်းနေသည့် လျှို့ဝှက်အော်ရာများဖြင့် အရှိန်အဟုန်ပြင်းစွာ ရှေ့သို့ တိုးထွက်သွားလေတော့သည်။

ဝှစ်...

လူတိုင်း၏ မျက်စိရှေ့မှာပင် သူမ ပျောက်ကွယ်သွားသည်။ ကပ်ဘေး တံခါး၏ အော်ရာမှာလည်း မှိန်ဖျော့သွားသော်လည်း၊ တစ်ဦးတစ်ယောက် ဆင့်ကဲပြောင်းလဲနေသော လက္ခဏာများ ရှိနေဆဲ ဖြစ်သည်။ ကျန်ရှိသူများမှာမူ ၎င်းမှာ တောက်ပသော ကပ်ဘေး တံခါး ၏ အော်ရာဖြစ်ကြောင်းကိုသာ ခန့်မှန်းနိုင်ကြတော့သည်။

ဝေ့ဝူယင်သည် အဇီဇာ၏ စင်မြင့်ကို မိမိကိုယ်ပိုင်အဖြစ် သိမ်းပိုက်လိုက်ပြီး၊ တစ်သက်တွင် တစ်ခါသာ ရနိုင်သော အခွင့်အရေးဖြင့် လဲလှယ်လိုက်ခြင်း ဖြစ်၏။ အလွန်တန်သော သဘောတူညီချက်ပင်...။

ဝေ့ဝူယင်က ရယ်မောလိုက်ပြီး သူ၏ အင်္ကျီလက်အိုးများကို ဝှေ့ယမ်းလိုက်သည်။ အထွတ်အထိပ် သန့်စင်ခြင်း မြူခိုးများမှာ သူ့အား လှည့်ပတ်သွားပြီးနောက် ချက်ချင်းပင် အင်္ကျီ လက်အိုးများအတွင်းသို့ ပြန်လည် စိမ့်ဝင်သွားကြသည်။ ဤမြင်ကွင်းကို ကြည့်ကာ အချို့မှာ ထိုမြူခိုးများကို မက်မောသော မျက်လုံးများဖြင့် ကြည့်ကျန်ရစ်ခဲ့ကြသည်။

ချောင်စွေ့ဖုန်း၏ မျက်နှာထက်တွင်မူ အကြီးမားဆုံး အပြုံးတစ်ခု ရှိနေသည်။ ဝေ့ဝူယင်သည် ခြေလှမ်းတစ်လှမ်းတည်းဖြင့် သူ၏ တည်ရှိမှုနှင့် စွမ်းရည်ကို အကြွင်းမဲ့ သက်သေပြလိုက်ခြင်း ဖြစ်သည်။

ယွီစွန်းလီ၏ မျက်ဝန်းများမှာလည်း ဝေ့ဝူယင်၏ အတုမဲ့လှသော ရောက်ရှိလာမှုကြောင့် တောက်ပနေ၏။ ထိုလူငယ်မှာ သူမ၏ စိတ်ကူးစိတ်သန်းများကို နိုးကြားစေသူ မဟုတ်ပါလား။

ချင်ချူးမူမှာမူ ပန်းနုရောင် သမ်းနေသော ပါးပြင်လေးများနှင့်အတူ ဝမ်းသာအားရ ကြည့်နေမိသည်။ ဝေ့ဝူယင်၏ အမြဲတမ်း ခန့်ညားလှသော ရောက်ရှိလာမှုများကို သူမ မမှတ်မိဘဲ မနေနိုင်ပေ။ သေဒဏ်ပေးသည့် စင်မြင့်ထက်တွင် ဖြစ်စေ၊ ခမ်းနားလှသော နန်းဆောင်များတွင် ဖြစ်စေ... သူ ရောက်လာသည့်အခါတိုင်း မည်သူမျှ မယှဉ်နိုင်သော တည်ရှိမှုမျိုးကို ပြသနိုင်ခဲ့သည် မဟုတ်ပါလား။

ဝေ့စီနှင့် သခင်လေးရှန့်တို့မှာလည်း အလားတူ အတွေးမျိုး ရှိနေကြသည်။

"အဲ့တာ ငါ့ရဲ့ အကိုကွ..."

"အဲ့တာ ငါ့ယောက်ဖကွ...”

အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထို ရောက်ရှိလာလေပြီ ဖြစ်လေတော့သည်။

...

ဝေ့ဝူယင်၏ ခန့်ညားထည်ဝါလှသော ရောက်ရှိလာမှုသည် ရှစ်မျက်နှာ ထိပ်သီးအစည်းအဝေး ၏ အရှိန်အဟုန်နှင့် အာရုံစိုက်မှုတို့ကို ချက်ချင်း ပြောင်းလဲသွားစေသည်။ အထူးသဖြင့် အဇီဇာသည် သူမ၏ အဆင့်တက်ခြင်း တံခါးဆီသို့ ဦးတည်ကာ ခန်းမဆောင်ကို ဖြတ်ကျော် ပျံသန်းသွားပြီးနောက်တွင် ပို၍ပင် ထင်ရှားသွား၏။

အဂ္ဂိရတ်ပညာရှင် တစ်ဦးကို အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ရှိ ဒေသခံများက နဂါဂိတ် အဖြစ် တင်စားလေ့ရှိကြပြီး၊ သူတို့၏ တာအိုအစောင့်အရှောက်များ သို့မဟုတ် အဂ္ဂိရတ် သူရဲကောင်းများကိုမူ ထိုတံခါးကို ဖြတ်ကျော်နိုင်ခဲ့သော ကံကောင်းသည့် ငါးကြင်းများ အဖြစ် သတ်မှတ်ကြသည်။ ထို့ကြောင့် ဝေ့ဝူယင်၏ သာလွန် သန့်စင် အဂ္ဂိရတ် ကြယ်တာရာများ သည် တက်ရောက်လာသူများ၏ စိတ်ထဲတွင် အတွေးပေါင်းစုံ၊ အစီအစဉ်ပေါင်းစုံနှင့် ရည်မှန်းချက်ပေါင်းစုံကို တဟုန်ထိုး ဖြစ်ပေါ်စေခဲ့သည်။ ဤတုံ့ပြန်မှုမျိုးမှာ မျှော်လင့်ထားပြီးသားပင်။

အကယ်၍ အာရုဏ်ဦး ကောင်းကင်အလင်း ဆေးရည် ၏ အာနိသင်မှာ ဝေ့ဝူယင် ပြောသကဲ့သို့ ခြောက်ကြိမ်မြောက် ခြေချခြင်းကို အထောက်အကူပြုနိုင်သော လျှို့ဝှက်လောကအဆင့် ဆေးရည်သာ မှန်ကန်ပါက၊ ၎င်း၏ တန်ဖိုးမှာ မည်သည့် ကျင့်ကြံခြင်း လူ့အဖွဲ့အစည်းအတွက်မဆို အဖိုးမဖြတ်နိုင်ပေ။ ဈေးကွက်ထဲတွင် တင်ရောင်းမည်ဆိုပါက လောက အင်ပါယာ တစ်ဦး၏ တစ်သက်တာ စုဆောင်းထားသမျှ ပိုင်ဆိုင်မှုထက် များစွာ သာလွန်ပေလိမ့်မည်။

အဇီဇာသည် တိုက်ဆိုင်သော အခွင့်အရေးတစ်ခုကြောင့် ဤအကျိုးကျေးဇူးကို ရရှိသွားခြင်း ဖြစ်၏။ သူမသည် မှန်ကန်သော အချိန်နှင့် နေရာတွင် ရှိနေရုံမျှဖြင့် မရေမတွက်နိုင်သောသူများ တောင့်တနေကြသည့် ကံကောင်းမှုကို ရရှိသွားခြင်း ဖြစ်ရာ၊ အခြားသူများ၏ စိတ်ထဲတွင် လောဘ၊ မနာလိုမှုနှင့် ငြူစူမှုများ ဟုန်းဟုန်းတောက်နေသော်လည်း ငေးကြည့်နေရုံမှတစ်ပါး မတတ်နိုင်ကြပေ။ အကယ်၍ သူမသာ အောင်မြင်စွာ အဆင့်တက်နိုင်ခဲ့ပါက ထိုခံစားချက်များမှာ ထိန်းချုပ်မရအောင် ပေါက်ကွဲသွားနိုင်ပေသည်။

ခန်းမဆောင်အတွင်း တိုးတိုးတိတ်တိတ် ပြောဆိုသံများ ဆူညံနေသော်လည်း သူတော်စင် ပါခက်၏ စူးရှသော အကြည့်မှာမူ ဝေ့ဝူယင်ထံတွင်သာ စွဲမြဲနေ၏။ သူမ၏ မျက်ဝန်းများအတွင်း၌ အစွမ်းထက်သော မျက်လုံး အစီအရင် တစ်ခုကို အသုံးပြုနေသည့် လက္ခဏာများ ထင်ရှားနေသည်။ သူမသည် ဝေ့ဝူယင်၏ ကျင့်ကြံခြင်း အခြေခံ၊ အသက်နှင့် အခြား အချက်အလက်များကို စုံစမ်းရန် ကြိုးစားနေခြင်း ဖြစ်သော်လည်း၊ သူမ၏ အကြည့်မှာ အကြိမ်ကြိမ် ကျရှုံးနေရသဖြင့် စိတ်ပျက်စရာ ကောင်းလှသည်။

ဝေ့ဝူယင်မှာ အဆုံးမရှိသော ဟင်းလင်းပြင်ကြီးကဲ့သို့ပင်။ သူမ ကြည့်လိုက်သည့် အခါတိုင်းတွင် ဟာလာဟင်းလင်း ဖြစ်နေခြင်း သို့မဟုတ် အရေးမပါသော အချက်အလက်များစွာဖြင့် ရှုပ်ထွေးနေခြင်းတို့ကိုသာ တွေ့ရပြီး၊ မည်သို့ပင် ရှာဖွေစေကာမူ လမ်းစပျောက်နေရသည်။

သူမ၏ ရိုင်းပျလှသော အကြည့်ကို ခံစားမိသောအခါ ဝေ့ဝူယင်က သူမဘက်သို့ လှည့်ကာ အနည်းငယ် ပြုံးပြလိုက်သည်။ လျှို့ဝှက် အာဏာာရှင် အဆင့်သို့ ရောက်ရှိပြီးနောက် သူ၏ ခန္ဓာကိုယ်၏ ခုခံနိုင်စွမ်းမှာ များစွာ တိုးတက်လာခဲ့ရာ၊ ဝိညာဉ်အမြင် ဖြင့်ပင် ဖောက်ထွင်းရန် ခက်ခဲလှသည်။ ထို့ကြောင့်... သူတော်စင်တစ်ဦး၏ ဝိညာဉ်အာရုံမှာ မည်မျှပင် အစွမ်းထက်စေကာမူ သူ့ကို ဖောက်ထွင်းမြင်နိုင်ရန်မှာ မဖြစ်နိုင်ပေ။

သူတော်စင် ပါခက်သည် သူ၏ အသက်၊ ကျင့်ကြံခြင်း အဆင့် သို့မဟုတ် မျိုးနွယ်ကိုပင် မခွဲခြားနိုင်ပေ။ ဝေ့ဝူယင်မှာ အပြင်ပန်းအားဖြင့် လူသားတစ်ဦးနှင့် တူသော်လည်း၊ လူသားနှင့် တူညီသော မျိုးနွယ်များစွာ ရှိသလို၊ လူသားများကလည်း အခြားပုံစံသို့ ပြောင်းလဲနိုင်သည့် နည်းစနစ်များကို ကျင့်ကြံနိုင်ကြသည် မဟုတ်ပါလား။

***

အပိုင်း(၂၀၉၀)

"..."

တိုးတိတ်သော စကားသံများမှာ ဝိညာဉ်အာရုံ ဆက်သွယ်မှုများအဖြစ် ပြောင်းလဲသွားပြီး ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ဝေ့ဝူယင်သည် တစ်လောကလုံး၏ အာရုံစိုက်မှုကို ခိုးယူသွားခဲ့ပြီ ဖြစ်၏။ ချောင်စွေ့ဖုန်း၊ ယွီစွန်းလီနှင့် ချင်းချူးမူတို့မှာလည်း ဝေ့ဝူယင်၏ ဇနီးများအဖြစ် ကျော်ကြားနေသဖြင့် သူတို့နှင့် ရင်းနှီးထားသူများထံမှ ဆက်ဆံရေး တိုးမြှင့်လိုသော သဝဏ်လွှာများကို အဆက်မပြတ် လက်ခံရရှိနေကြသည်။

အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ နှင့် ဆက်ဆံရေး ရှိသောကြောင့် ဤသက်ကြီးဝါကြီး ကျင့်ကြံသူများထဲတွင် အဂ္ဂိရတ် ကြယ်တာရာများ၏ တတိယအဆင့် အကြောင်းကို မသိသူ မရှိပေ။ ၎င်း၏ အရေးပါပုံမှာ အလွန်ပင် ကြီးမားလှသည်။ ဝေ့ဝူယင်၏ သာလွန် အဂ္ဂိရတ် ကြယ်တာရာများ ကပင် သူသည် ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် ဖြစ်လာနိုင်သည့် အလားအလာရှိသော လောကရှန့်ထို တစ်ဦးဖြစ်ကြောင်း သက်သေပြနေလေပြီ။

"ကျွန်တော် သိပ်မနောက်ကျဘူး ထင်ပါတယ်... ဒါဆိုရင် ရှစ်မျက်နှာ ထိပ်သီးအစည်းအဝေး ကို ဆက်လက် ဆောင်ရွက်ပေးကြပါဦး... ကျေးဇူးပြုပြီး... ဆက်လုပ်ကြပါ"

ဝေ့ဝူယင်က သာမန်ကာလျှံကာ ပြောလိုက်ပြီး သူ၏ စင်မြင့်ကို ကျွမ်းကျင်စွာ ထိန်းကျောင်းကာ အခြားစင်မြင့်များကြားတွင် နေရာယူလိုက်သည်။ သူ၏ ခုနစ်ရောင်ခြယ် စင်မြင့်မှာ သိသိသာသာ ထင်ရှားနေသော်လည်း မည်သူမျှ ဘာမှ မပြောရဲကြပေ။ သူတို့သည် အဝေးမှနေ၍ အတွေးကိုယ်စီဖြင့် ငေးကြည့်နေကြရုံသာ ရှိသည်။

သူတော်စင် ဟားသွောမှာ ဝေ့ဝူယင်၏ ရောက်ရှိလာမှုကြောင့် အနှောင့်အယှက် အနည်းငယ် ဖြစ်မည်ဟု တွေးထားသော်လည်း ယခုကဲ့သို့ ကြီးမားသော သက်ရောက်မှု ရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ဝေ့ဝူယင်၏ တည်ရှိမှုမှာ အခြားသော အရေးကြီးကိစ္စအားလုံးထက် သာလွန်သွားသကဲ့သို့ ဖြစ်နေသည်။ သူမ ကိုယ်တိုင်ပင်လျှင် ထိုခံစားချက်မှ မလွတ်ကင်းပေ။

မီးခိုးရောင် နှင်းဆီကဲ့သို့ လျှို့ဝှက်အရှင် အဆင့်ရှိသူတစ်ဦးကပင် ဝေ့ဝူယင်၏ မျက်နှာသာရရန်အတွက် အစေခံတစ်ဦးအဖြစ် နှိမ့်ချနေထိုင်နေသည်မှာ ဤအဆင့်အတန်း၏ အရေးပါပုံကို ပြသနေခြင်းပင်။

"..."

သူတော်စင် ပါခက်က မျက်မှောင်ကြုတ်လိုက်သည်။ သူမ၏ အကြည့်မှာ ဝေ့ဝူယင်ထံမှ မခွာပေ။ သူမသည် အလွန်ပင် ပွင့်လင်းလှသူ ဖြစ်၏။

ရုတ်တရက် သူမ ပြောလိုက်သော စကားကြောင့် တက်ရောက်လာသူ အများစုမှာ ထိတ်လန့်သွားကြရသည်။

"လောကရှန့်ထို အာရုဏ်ဦး... ရှင် ငါတို့ ဂလက်ဆီရဲ့ ရတနာတွေကို ခိုးယူဖို့ ထိန်ကျန့်ဝမ်နဲ့ ပူးပေါင်း ကြံစည်ခဲ့တာလား"

"..."

ထိုအချိန်မှာပင် သူတော်စင် အာမွန်နက်သည် ဝေ့ဝူယင်ကို လျှို့ဝှက်သော အတတ်ပညာတစ်ခုဖြင့် စောင့်ကြည့်နေ၏။ သူမ၏ လုပ်ဆောင်ချက်မှာ သူတော်စင် ပါခက်၏ မေးခွန်းနှင့် တစ်ထပ်တည်း ကျနေသည်။

ဤမေးခွန်းကြောင့် ခန်းမဆောင်အတွင်း တိုးတိုးတိတ်တိတ် ပြောဆိုသံများ ပြန်လည် ဆူညံလာသည်။ သူတော်စင်များက ဝေ့ဝူယင်သည် ထိန်ကျန့်ဝမ်နှင့် ပူးပေါင်းနေသည်ဟု ထင်နေကြခြင်လော။ သို့မဟုတ် ဤသည်မှာ သူတော်စင် ပါခက်၏ သံသယသက်သက်သာလော။

လော့နင်မှာ မှင်သက်သွားပြီး အလားတူ အံ့ဩနေသော သူတော်စင် အီမန်တက်ကို လှမ်းကြည့်လိုက်သည်။ သူတော်စင် ပါခက်၏ မေးခွန်းမှာ မည်သူမျှ မျှော်လင့်မထားသော အရာပင်။ ဝေ့ဝူယင်၏ လက်ထောက်ဖြစ်သော လော့နင်ကပင် အီမန်တက်ကို ကယ်တင်ခဲ့ပြီး ထိန်ကျန့်ဝမ်၏ အစီအစဉ်ကို ပျက်ပြားအောင် လုပ်ခဲ့သည် မဟုတ်ပါလား။

"ဒါ ဘာကို ဆိုလိုတာလဲ သူတော်စင် ပါခက်... လောကရှန့်ထို အာရုဏ်ဦးက ဒီကိစ္စနဲ့ ဘယ်လိုလုပ် ပတ်သက်နိုင်မှာလဲ"

သူတော်စင် ခွန်ရှူးက ချောင်စွေ့ဖုန်း၏ အနားတွင် ရှိနေပြီး ဝေ့ဝူယင်ဘက်မှ ကာကွယ်ပြောဆိုပေးခြင်းက မိမိအတွက် အကျိုးရှိမည်ဟု ချက်ချင်း တွေးလိုက်မိသည်။ ဝေ့ဝူယင်သာ ပါဝင်ပတ်သက်နေသည် ဆိုဦးတော့၊ ထိန်ကျန့်ဝမ်က ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲသွားပြီ ဖြစ်ရာ မည်သည့်အရာမှ ပြောင်းလဲသွားမည် မဟုတ်ကြောင်း သူ နားလည်ထားသည်။

ပညာရှင် လျှို့ဝှက်အရှင်ကလည်း သူတော်စင်တစ်ဦးကို တိုက်ရိုက် ပြန်လည် တုံ့ပြန်လိုက်သည်။

"သူတော်စင် ပါခက်... အဲ့ဒီအတွက် အထောက်အထား မရှိဘူး... ဒီလို ကြီးကျယ်တဲ့ အစည်းအဝေးမှာ ဘာအခြေအမြစ်မှ မရှိတဲ့ စွပ်စွဲချက်တွေကို ဘယ်လိုလုပ် အလွယ်တကူ ပြောနိုင်ရတာလဲ"

သူသည် ဝေ့ဝူယင်၏ ဂုဏ်သိက္ခာကို ကာကွယ်ပေးသကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ထိုစဉ် သူတော်စင် ရှက်တပ်စဖင့် ကလည်း ဝင်ရောက် ပြောဆိုလာပြန်သည်။

"ဒါက မေးခွန်းတစ်ခုသက်သက်ပါပဲ... နောက်ပြီး ဒါက လုံးဝ အခြေအမြစ် မရှိတာတော့ မဟုတ်ဘူး"

အခြေအမြစ် မရှိတာ မဟုတ်ဘူး...။

အစပိုင်းတွင် လူအများမှာ ကန့်ကွက်ခဲ့ကြသော်လည်း သူတော်စင် နှစ်ပါးစလုံးက ဤမေးခွန်းကို ထောက်ခံလာသောအခါ လူအချို့မှာ ထိုအချက်မှာ အမှန်ဖြစ်နိုင်ကြောင်း သံသယဝင်လာကြသည်။ သူတို့ ချက်ချင်း သတိပြုမိသည်မှာ အချိန်အခါ ပင် ဖြစ်၏။

ဝေ့ဝူယင်သည် ထိန်ကျန့်ဝမ်၏ အစီအစဉ်များ မစတင်မီလေးမှာပင် ရောက်ရှိလာခဲ့ပြီး၊ ခိုးယူမှုကြီး ဖြစ်ပွားခါနီးတွင် မည်သည့် ရှင်းပြချက်မှ မရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။ မည်သူမျှ သူ ဘယ်ရောက်နေသည်ကို မသိခဲ့ကြပေ။

သူတော်စင် ခွန်ရှူးက မျက်မှောင်ကြုတ်လိုက်ရင်း...

"မြေကြီးရှန့်ထို လော့နင်က..."

သူတော်စင် ရှက်တပ်စဖင့် က ကြားဖြတ် ပြောလိုက်သည် -

"အဲ့ဒီ တိုက်ပွဲမှာ မြေကြီးရှန့်ထို လော့နင်ရဲ့ အားထုတ်မှုတွေကို ငါတို့ သိပါတယ်... ဒါပေမဲ့ လောကရှန့်ထို အာရုဏ်ဦးကိုပဲ ဖြေခွင့်ပြုလိုက်ပါ"

"..."

သူတော်စင် ခွန်ရှူးနှင့် အခြားသူများ ငြိမ်ကျသွားကြသည်။ သူတော်စင် ဟားသွောက အာမွန်နက်ကို လှမ်းကြည့်လိုက်ရာ သူမသည် ဝေ့ဝူယင်ကိုသာ အာရုံစိုက်နေသည်ကို တွေ့ရသဖြင့် ဘာမှ မပြောတော့ပေ။ အီမန်တက်ကမူ လော့နင်ကို တောင်းပန်သော အကြည့်ဖြင့် ကြည့်ကာ နှစ်သိမ့်ပေးလိုက်သည်။ လော့နင်မှာ ဒေါသထွက်နေသော်လည်း အနည်းငယ် စိတ်အေးသွားခဲ့သည်။

သို့သော် သူမသည် အီမန်တက်ထံသို့ ဝိညာဉ်အာရုံ ဆက်သွယ်မှု တစ်ခု ပို့လိုက်သည်။

"ကျွန်မ ရှင့်ကို ကာကွယ်ပေးပါ့မယ်"

"..."

အီမန်တက်မှာ ထိုစကားကို နားမလည်နိုင်ပေ။ လော့နင်၏ ပြတ်သားသော အကြည့်ကြောင့် သူမ သိချင်စိတ် ပြင်းပြလာသည်။ ဝေ့ဝူယင်က တကယ်ပဲ အပြစ်ရှိနေတာလား။ သူမ ထပ်မေးရန် ပြင်လိုက်သော်လည်း အဖြေမှာ အရင်ရောက်လာခဲ့သည်။

"တကယ်လို့ အရှင်မင်းကြီးသာ ဒီကိစ္စမှာ ပါဝင်ပတ်သက်နေရင်၊ ရှင့်အတွက်တော့ ကျွန်မ အသနားခံပေးပါ့မယ်"

"..."

အီမန်တက်၏ နှလုံးသားမှာ ဒိတ်ဒိတ်တုန်အောင် ခုန်လာတော့သည်။ လော့နင်၏ စကားအရ ဝေ့ဝူယင်သာ ပတ်သက်နေပါက ကျန်ရှိသော သူတော်စင်များမှာ သေလူများ ဖြစ်သွားလိမ့်မည်ဟု ဆိုလိုခြင်း ဖြစ်နေသည် မဟုတ်ပါလား။

ဝေ့ဝူယင်သည် ရုတ်တရက် စွပ်စွဲခံလိုက်ရသဖြင့် အနည်းငယ် အံ့ဩသွားသော်လည်း၊ ထို့နောက်တွင်မူ သူသည် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"ကျွန်တော် ဒီဂလက်ဆီကို ဒုက္ခပေးဖို့ ထိန်ကျန့်ဝမ်နဲ့ ဘယ်တုန်းကမှ ပူးပေါင်း မကြံစည်ခဲ့ပါဘူး..."

မည်သည့် အတတ်ပညာဖြင့် စမ်းသပ်နေစေကာမူ ဤသည်မှာ အကြွင်းမဲ့ အမှန်တရားပင် ဖြစ်သည်။ သူ ဖုံးကွယ်ထားရန်ပင် မလိုပေ။ အကြောင်းမှာ ထိန်ကျန့်ဝမ်မှာ သေဆုံးသွားသည်မှာ ကြာပြီဖြစ်ရာ၊ မရှိတော့သောသူနှင့် သူ မည်သို့ ပူးပေါင်းနိုင်မည်နည်း။

သူတော်စင် ပါခက်၏ မျက်ဝန်းများမှာ အန္တရာယ်ရှိစွာ စူးရှသွားပြီးနောက် အာမွန်နက်ဘက်သို့ လှမ်းကြည့်လိုက်သည်။ အာမွန်နက်က ဖြည်းညင်းစွာ ခေါင်းညိတ်ပြလိုက်သောအခါမှသာ သူမ၏ အကြည့်မှာ ပြန်လည် တည်ငြိမ်သွားတော့သည်။

"ဒါဆို ရှင် ကျွန်မတို့ ဂလက်ဆီကို ဘာလို့ လာတာလဲ"

သူတော်စင် ပါခက်က တည့်တည့်မေးလိုက်သည်။ ဆွေးနွေးပွဲမှာ ဝေ့ဝူယင်ကို စစ်ဆေးမေးမြန်းခြင်းအဖြစ် ပြောင်းလဲသွား၏။ ဝေ့ဝူယင် မဖြေမီမှာပင် သူတော်စင် နက်ပစ်က ဝင်ပြောလိုက်သည်။

"ဒါက ဘာအရေးကြီးလို့လဲ သူတော်စင် ပါခက်... ခင်ဗျားက သူလာတဲ့ ရည်ရွယ်ချက်ကို မသင်္ကာဖြစ်နေတာလား... တကယ်လို့ လောကရှန့်ထို အာရုဏ်ဦးက ဒီခိုးယူမှုနဲ့ ပတ်သက်တယ်လို့ သံသယရှိရင် အထောက်အထား ပြပါ... အခုလို အတင်းအကျပ် စစ်ဆေးနေတာက ငါတို့ ဂလက်ဆီရဲ့ ပုံရိပ်ကို ထိခိုက်စေတယ်"

လူအချို့ကလည်း သူ့ကို ထောက်ခံလိုက်ကြသည်။

"အထောက်အထား ပြပါ"

ပါခက်၏ မျက်နှာမှာ ညိုမည်းသွားပြီး သူမ၏ မျက်ဝန်းများထဲတွင် ကြမ်းတမ်းသော အရိပ်အယောင်များ ပေါ်လာသဖြင့် ခန်းမဆောင်တစ်ခုလုံး တင်းမာမှုများ ဖုံးလွှမ်းသွားသည်။ အကယ်၍ သဘောတူညီချက်ကို ဂရုမစိုက်ဘဲ တိုက်ခိုက်မည့်သူ ရှိလျှင် ထိုသူမှာ ပါခက်သာ ဖြစ်ပေလိမ့်မည်။

"ရှင် အဖြူရောင် အဘိဿဲလ် ဂလက်ဆီကို သွားခဲ့တယ် မဟုတ်လား..."

သူတော်စင် ရှက်တပ်စဖင့် က မီးခိုးရောင် နှင်းဆီကို ကြည့်ကာ ပြောလိုက်သည်။ မီးခိုးရောင် နှင်းဆီမှာ ဂလက်ဆီတစ်ခုလုံး၏ အရှင်သခင် လေးဦးအနက် တစ်ဦးဖြစ်ရာ၊ ရှက်တပ်စဖင့် ကလည်း ထိုနေရာသို့ သွားဖူးသဖြင့် သူမကို ချက်ချင်း မှတ်မိသည်။ ထို့နောက် သူမက ယွီစွန်းလီ၏ ခြေရင်းရှိ ကြယ်တာရာအစအနလေးကို ဝါးစားနေသော ဟိုက်အီးနားကို ကြည့်ကာ ဆက်ပြောသည်။

"ပြီးတော့ ရှင် ကောင်းကင်နှလုံးသား ဂလက်ဆီကိုလည်း သွားခဲ့သေးတယ်..."

ထိုဟိုင်အီးနားသည် ကြယ်တာရာတစ်ဝက်ကို စားပွဲခဲ့သဖြင့် ကပ်ဘေးတစ်ခုကို ဖြစ်ပွားစေခဲ့သူ ဖြစ်သည်။ ယွီစွန်းလီ၏ အိမ်မွေးတိရစ္ဆာန်မှာ လူအများ ကြောက်ရွံ့ခြင်းကို ခံထားရပြီး ဖြစ်၏။ ၎င်း၏ အော်ရာမှာ လျှို့ဝှက်အရှင် တစ်ဦးနှင့် တန်းတူ ရှိနေသည် မဟုတ်ပါလား။

"..."

ဝေ့ဝူယင်၏ မျက်နှာသာကို ရလိုသူများမှာ ခေတ္တ ငြိမ်သက်သွားကြသည်။ ရှက်တပ်စဖင့် သည် ဝေ့ဝူယင်၏ အတိတ်က လုပ်ဆောင်ချက်များကို သေချာ စုံစမ်းထားပုံရသည်။

"ဟုတ်ပါတယ်"

ဝေ့ဝူယင်က စိတ်ဝင်တစား ပြန်ဖြေလိုက်သည်။ သူတို့ မည်သည်ကို ဆိုလိုချင်သည်ကို သူ သိချင်လာ၏။

"ရှင် အဲ့ဒီကို သွားခဲ့စဉ်အတွင်းမှာ၊ အဲ့ဒီ ဂလက်ဆီတွေဟာ အချိန်တိုအတွင်းမှာပဲ လူ့အဖွဲ့အစည်း အပြောင်းအလဲကြီးတွေ ဖြစ်ပေါ်ခဲ့တယ်... ဟုတ်တယ် မဟုတ်လား"

ရှက်တပ်စဖင့် က တဲ့တိုးမေးလိုက်ရာ ဝေ့ဝူယင်က မျက်ခုံးပင့်လိုက်မိသည်။ သူတို့က ဘာကို ဆိုလိုချင်နေသနည်း။

"အဲ့ဒီကို သွားပြီးတဲ့နောက်မှာတော့ အဲ့ဒီ ဂလက်ဆီက ခေါင်းဆောင်တွေက အာရုဏ်ဦး အင်ပါယာရဲ့ လက်အောက်ခံ နိုင်ငံတွေအဖြစ် နေထိုင်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်"

ဝေ့ဝူယင်က ခေတ္တရပ်ကာ ဆက်ပြောလိုက်သည်။

"ဒါက သူတို့ရဲ့ ဆန္ဒအလျောက် ရွေးချယ်မှုပါပဲ... ကျုပ် သူတို့ကို ဘယ်လို အတင်းအကျပ်မှ မလုပ်ခဲ့ပါဘူး"

သူတော်စင် ရှက်တပ်စဖင့်သည် ပါခက်၊ အာမွန်နက်တို့နှင့် အကြည့်ချင်း ဖလှယ်လိုက်သည်။ ခန်းမဆောင်အတွင်းရှိ တင်းမာမှုများနှင့် လျှို့ဝှက်ချက်များမှာ ပိုမို ပြင်းထန်လာတော့သည်။

All Chapters