အခန်း (၂၀၉၁-၂၀၉၂)
Vol. 150 Ch. 2091-2092
အပိုင်း(၂၀၉၁)
ဝေ့ဝူယင်၏ ပွင့်လင်းလှသော ဝန်ခံချက်နှင့် ထိန်ကျန့်ဝမ်၏ လုပ်ရပ်များအပေါ် သူတော်စင်များ၏ သံသယဖြစ်ဖွယ် မေးခွန်းထုတ်မှုများကြောင့် ခန်းမဆောင်အတွင်းရှိ တင်းမာမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိနေသည်။ သူတော်စင် ခွန်ရှူး၊ အီမန်တက်၊ နက်ပစ်၊ နက်ပရီ နှင့် ခပ်ပရီ တို့မှာလည်း မည်သူမျှ ခန့်မှန်း၍မရသော အမူအရာများဖြင့် ငြိမ်သက်စွာ စောင့်ကြည့်နေကြသည်။
သူတော်စင် ခွန်ရှူးသည် ပါခက်နှင့် ရှက်တပ်စဖင့်တို့၏ ရည်ရွယ်ချက်ကို မသိရှိသော်လည်း၊ ဝေ့ဝူယင်က အိမ်နီးချင်း ဂလက်ဆီနှစ်ခုကို သူ၏ အင်ပါယာလက်အောက်ခံ နိုင်ငံများအဖြစ် ပြောင်းလဲနိုင်ခဲ့သည်ဟူသော အချက်ကြောင့် ရင်ခုန်သံများ မြန်ဆန်နေရသည်။ ဤသည်မှာ သာမန် အဂ္ဂိရတ်ပညာရှင်တစ်ဦး သို့မဟုတ် ဉာဏ်အလင်းရ သူတော်စင်တစ်ဦးက အချိန်တိုအတွင်း လုပ်ဆောင်နိုင်သော အရာမျိုး မဟုတ်ပေ။
ဤထူးချွန်လှသော အဂ္ဂိရတ်ပညာရှင်သည် အမည်မဲ့ ဂလက်ဆီအပေါ်တွင်လည်း ထိုသို့သော ရည်ရွယ်ချက်မျိုး ရှိနေသလား။ ဝေ့ဝူယင်သည် မကြာသေးမီက ပျောက်ကွယ်နေခဲ့ပြီး သူ၏ ဇနီးများကသာ သီးသန့် ဆက်ဆံရေးများ ထူထောင်နေခဲ့ခြင်း ဖြစ်သည်။ အကယ်၍ လော့နင်သာ အရေးကြီးသော အချိန်တွင် ကူညီခဲ့ခြင်း မရှိပါက ဤနေရာရှိ လူအများစုမှာ ဝေ့ဝူယင်၏ တည်ရှိမှုကိုပင် သိရှိကြလိမ့်မည် မဟုတ်ပေ။
သို့သော်... အမည်မဲ့ ဂလက်ဆီကို အာရုဏ်ဦး အင်ပါယာ၏ လက်အောက်ခံနိုင်ငံအဖြစ် ပြောင်းလဲရန် ဆွေးနွေးမည်ဆိုပါက ယခုအချိန်သည် အကောင်းဆုံး အချိန်ပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဂလက်ဆီတစ်ခုလုံး၏ ခေါင်းဆောင်အားလုံးမှာ ဤနေရာတွင် ရောက်ရှိနေသောကြောင့် ဖြစ်၏။
သူတော်စင် ဟားသွောက ချောင်းတစ်ချက် ဟန့်လိုက်ပြီး လူတိုင်း၏ အာရုံကို ဖမ်းစားလိုက်သည်။ သူမ၏ စင်မြင့်မှာ ရွှေရောင်နှင့် ငွေရောင်များဖြင့် တောက်ပလာပြီး အလယ်ဗဟိုသို့ တက်လာခဲ့သည်။
"လောကရှန့်ထို အာရုဏ်ဦးကို ကျွန်မ အလေးအနက် တောင်းပန်ချင်ပါတယ်"
သူမသည် ဝေ့ဝူယင်ကို တည့်တည့်ကြည့်ကာ စစ်မှန်သော လေးစားမှုနှင့် ရိုးသားသော ခံစားချက်များကို ပြသလိုက်သည်။ သူမ၏ နွေးထွေးမှုမှာ လူတိုင်း၏ အမြင်တွင် ထင်ရှားနေ၏။
"..."
အခြားသူများမှာမူ မျက်စိလည်သွားကြသည်။ ဟားသွော၏ တောင်းပန်မှုမှာ မည်သူမျှ မမျှော်လင့်ထားသော အရာပင်။ အမှန်ဆိုလျှင် စွပ်စွဲခဲ့ကြသော ပါခက်နှင့် ရှက်တပ်စဖင့်တို့ကသာ တောင်းပန်သင့်သည် မဟုတ်ပါလား။ သို့သော် ဟားသွောက ဦးဆောင်ကာ တောင်းပန်လိုက်ခြင်းမှာ ဤစွပ်စွဲမှုတွင် သူမကိုယ်တိုင်လည်း ပါဝင်ပတ်သက်နေကြောင်း ပြသနေခြင်းပင်။
"လောကရှန့်ထို အာရုဏ်ဦးကို ရိုင်းပျတဲ့ မေးခွန်းတစ်ခုလောက် မေးပါရစေ"
သူမ၏ လေသံမှာ အလွန်ပင် ယဉ်ကျေးလှသဖြင့် အပြစ်ရှာရန် ခက်ခဲလှသည်။ ဝေ့ဝူယင်ကလည်း တည်ငြိမ်စွာ ပြုံးပြလိုက်သည်။ အကယ်၍ ပါခက် သို့မဟုတ် ရှက်တပ်စဖင့်က မေးမြန်းခြင်း ဖြစ်ပါက သူသည် မကျေမနပ်ဖြစ်ဟန် ဆောင်ကာ အကျိုးအမြတ်တစ်ခုခုကို တောင်းဆိုကောင်း တောင်းဆိုလိမ့်မည်။ သို့သော် ဟားသွောကဲ့သို့ နာမည်ကောင်းရှိသူက ရည်ရွယ်ချက်ကောင်းဖြင့် မေးမြန်းလာသောအခါ သူသည် အလိုက်သင့်သာ တုံ့ပြန်ရန် ဆုံးဖြတ်လိုက်သည်။
"ရပါတယ် သူတော်စင် ဟားသွော... ကျုပ် ဘယ်လိုလုပ် ငြင်းနိုင်မှာလဲ..."
သူ့အသံမှာ အနည်းငယ် မကျေမနပ် ဖြစ်နေသည့်ပုံစံ ပေါက်နေသော်လည်း ဤသည်မှာ သူ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သည်။ ဟားသွောက ဝေ့ဝူယင်အား ကျေးဇူးတင်သော အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် ခန်းမအတွင်းရှိ လူအားလုံးကို ဖြည်းညင်းစွာ ဝေ့ကြည့်လိုက်သည်။
"ကျွန်မတို့ ဂလက်ဆီဟာ ကြီးမားတဲ့ ကပ်ဘေးတစ်ခုကို ကြုံတွေ့ခဲ့ရပါတယ်... ထိန်ကျန့်ဝမ်ကြောင့် ဆုံးရှုံးသွားတဲ့ ရတနာတွေအတွက် ကျွန်မတို့ နည်းလမ်းတွေ ရှာဖွေနိုင်ပေမဲ့၊ အချိန်တိုအတွင်းမှာ အရာအားလုံး ဆုံးရှုံးသွားတဲ့အတွက် ဖြစ်ပေါ်လာမယ့် စိတ်ပျက်အားငယ်မှုတွေနဲ့ ကသောင်းကနင်း အခြေအနေတွေကိုတော့ မကြာခင်မှာ မြင်တွေ့ရတော့မှာပါ... အခုတောင်မှ..."
သူမက စစ်ပွဲများ စတင်နေပြီဖြစ်သော ဒေသအချို့မှ ခေါင်းဆောင်များကို လှမ်းကြည့်ကာ ဆက်ပြောလိုက်သည်.
"ရှောင်လွှဲလို့မရတဲ့ အကျိုးဆက်တွေကို ကျွန်မတို့ မြင်နေရပါပြီ"
"..."
လူအုပ်ကြီးမှာ လေးလံစွာဖြင့် ငြိမ်သက်နေကြသည်။ အားလုံးက သူတော်စင်များထံမှ ရတနာအချို့ ပြန်ရလိမ့်မည်ဟု မျှော်လင့်ခဲ့ကြသော်လည်း ယခုမှာမူ အားလုံး ဆုံးရှုံးခဲ့ရပြီ မဟုတ်ပါလား။ ဤ ရှစ်မျက်နှာ ထိပ်သီးအစည်းအဝေး သည်ပင်လျှင် ဆုံးရှုံးမှုများကို မည်သို့ ကုစားရမည်နည်းဟူသော အချက်အပေါ်တွင်သာ အာရုံစိုက်နေရတော့သည်။
အမှန်တကယ် စဉ်းစားကြည့်လျှင် ဤအစည်းအဝေးမှာ အနှစ်သာရ မရှိသကဲ့သို့ ဖြစ်နေသည်။ သူတော်စင်များသည် ကျင့်ကြံသူ လူငယ်ရှစ်ဦးကို ရွေးချယ်ကာ ပါရမီရှင်များအဖြစ် မွေးထုတ်ပေးရန် ကြိုးစားနေသော်လည်း၊ လက်ရှိ ရင်းမြစ်များ ဆုံးရှုံးနေချိန်တွင် ထိုသို့လုပ်ဆောင်ရန်မှာ အလွန်ပင် ခက်ခဲလှပေလိမ့်မည်။ ထို့အပြင် ဤအစည်းအဝေးတွင် မည်သည့် အကြံဉာဏ်သစ်မှ ထွက်ပေါ်လာမည် မဟုတ်ကြောင်းလည်း သူတော်စင်များ သိရှိထားကြသည်။
"..."
တစ်ချိန်တည်း၌... ချောင်စွေ့ဖုန်းသည် ဟားသွော၏ စကားများကို ကြားသောအခါ သူမ၏ မျက်ဝန်းများမှာ နားလည်သဘောပေါက်မှုများဖြင့် တောက်ပလာသည်။ မီးခိုးရောင် နှင်းဆီကမူ မျက်မှောင်ကြုတ်ကာ သူတော်စင် ခွန်ရှူးကို လှမ်းကြည့်လိုက်၏။
သူတော်စင် ခွန်ရှူးသည်လည်း အခြေအနေကို ချက်ချင်း သဘောပေါက်သွားပြီး ဟားသွောကို အလေးအနက် ကြည့်နေတော့သည်။ သူသည် ပါခက်၊ အာမွန်နက်၊ ရှက်တပ်စဖင့် နှင့် ဝေ့ဝူယင်တို့ကို တစ်လှည့်စီ ကြည့်လိုက်သည်။ သူသည် ဤလျှို့ဝှက်ချက်မှ ဖယ်ကျဉ်ခံထားရသဖြင့် မကျေမနပ် ဖြစ်နေသော်လည်း အဘယ်ကြောင့် ဖယ်ကျဉ်ခံရသည်ကိုမူ သူ နားလည်သွားသည်။ သူသည် မိမိကိုယ်ကျိုးအတွက်သာ ကြည့်တတ်သူဖြစ်ရာ၊ အကယ်၍ ဤအစီအစဉ်ကို ကြိုတင်သိရှိခဲ့ပါက သူသည် ဝေ့ဝူယင်၏ ခြေထောက်ကို အရင်ဆုံး ပြေးဖက်မည်မှာ သေချာလှပေသည်။
အီမန်တက်၊ နက်ပစ်၊ နက်ပရီ နှင့် ခပ်ပရီ တို့မှာလည်း အလားတူပင် ဖြစ်ကြသည်။ သူတို့အားလုံးမှာ ကိုယ်ကျိုးရှာသမားများ ဖြစ်ကြသဖြင့် ဤအရေးကြီးသော ဆုံးဖြတ်ချက်တွင် သူတို့ကို ချန်လှပ်ထားခြင်းမှာ အဓိပ္ပာယ် ရှိလှပေသည်။
သူတော်စင် ဟားသွောက ဆက်ပြောလိုက်သည်။
"ကျွန်မကတော့ အဲ့ဒီကံကြမ္မာကို ရှောင်လွှဲချင်ပါတယ်... ကျွန်မလည်း ရှင်တို့လိုပဲ ပိုမိုမြင့်မားတဲ့ အဆင့်တွေကို တက်လှမ်းချင်ပါတယ်... ဒါပေမဲ့ စည်းလုံးမှုမရှိတဲ့ ဂလက်ဆီတစ်ခုမှာ အဲ့ဒီလိုလုပ်ဖို့ဆိုတာ အမြဲတမ်း ခက်ခဲခဲ့ပါတယ်... အရင်ကတော့ ကျွန်မတို့ စည်းလုံးဖို့ ငြင်းဆန်ခဲ့ကြတယ်... ဒါပေမဲ့ အခုတော့ ကျွန်မတို့ရဲ့ အနာဂတ် ရင်းမြစ်တွေ ဆုံးရှုံးသွားပြီ ဖြစ်တဲ့အတွက်၊ သူတော်စင်တွေကပဲ တစ်ဖက်သတ် ဆုံးဖြတ်တာမျိုး မဟုတ်ဘဲ လူတိုင်းက ကိုယ့်ရပ်တည်ချက်ကို ဖော်ပြနိုင်မယ့် အခွင့်အရေး ရှိသင့်တယ်လို့ ကျွန်မ ယုံကြည်ပါတယ်..."
"ဒါကြောင့် ကျွန်မ မေးပါရစေ လောကရှန့်ထို အာရုဏ်ဦး... ရှင့်ရဲ့ အာရုဏ်ဦး အင်ပါယာက ဆင်းရဲမွဲတေသွားတဲ့ ဂလက်ဆီတစ်ခုကို ထောက်ပံ့ပေးနိုင်မလား"
ဟားသွောက ပြတ်သားသော လေသံဖြင့် မေးမြန်းလိုက်သည်။
"..."
ထိုမေးခွန်းအပြီးတွင် ခန်းမဆောင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ သူတော်စင်များ အဘယ်ကြောင့် ယခုကဲ့သို့ ပြုမူနေကြသည်ကို လူတိုင်း သဘောပေါက်သွားကြပြီ ဖြစ်သည်။ သူတို့သည်... အာရုဏ်ဦး အင်ပါယာထံမှ အကူအညီ ရယူရန်အတွက် အခြေခံ အုတ်မြစ်ကို ကြိုတင် ချမှတ်နေခြင်းပင်။ ဤသည်မှာ လက်အောက်ခံနိုင်ငံ ဖြစ်ရန်ထက်၊ အကြွေးယူနိုင်ခွင့် ရရှိရန် ကြိုးပမ်းခြင်းနှင့် ပိုတူလှသည်။
ချောင်စွေ့ဖုန်း၏ မျက်ဝန်းများ တောက်ပသွားသည်။ ထိုမေးခွန်းမှာ အလွန်ပင် လေးလံလှ၏။ ကောင်းမွန်စွာ လည်ပတ်နေသော ဂလက်ဆီတစ်ခုကို လက်အောက်ခံအဖြစ် ယူခြင်းနှင့်၊ အနာဂတ် ပျောက်ဆုံးနေသော ဂလက်ဆီတစ်ခုကို လက်ခံထောက်ပံ့ခြင်းမှာ များစွာ ကွာခြားလှသည်။
အာရုဏ်ဦး အင်ပါယာမှာ ဂလက်ဆီတစ်ခုလုံးကို ထောက်ပံ့နိုင်လောက်အောင် မကြီးမားသေးကြောင်း သူမ သိထားသည်။ အမည်မဲ့ ဂလက်ဆီတွင် သူတော်စင် ဆယ်ပါးအထိ ရှိနေပြီး ကျင့်ကြံခြင်း အဆင့်အတန်းမှာလည်း အလွန် မြင့်မားလှသည် မဟုတ်ပါလား။ ဝေ့ဝူယင်၏ အင်ပါယာသည် လျင်မြန်စွာ တိုးတက်နေသော်လည်း အမည်မဲ့ ဂလက်ဆီကို ထောက်ပံ့ရန်မှာ မဖြစ်နိုင်သေးပေ။
ဝေ့ဝူယင်၏ မျက်နှာတွင်မူ တည်ငြိမ်သော အပြုံးမှာ ပျောက်ကွယ်မသွားပေ။ အရာအားလုံးမှာ သူ စီစဉ်ထားသည့်အတိုင်း ဖြစ်လာနေခြင်းပင်။
"ထောက်ပံ့ပေးရမယ် ဟုတ်လား... သူတော်စင် ဟားသွောက ကျုပ်ရဲ့ အာရုဏ်ဦး အင်ပါယာကို လုယက်ဖို့ ကြံစည်နေတာတော့ မဟုတ်ပါဘူးနော်... ဘာလို့လဲဆိုတော့ အင်ပါယာတစ်ခုက ဂလက်ဆီတစ်ခုကို ထောက်ပံ့ပေးရမယ်ဆိုတာ လက်တွေ့မကျလွန်းလို့ပါ... ကျုပ် ထောက်ပံ့ပေးနိုင်တယ်လို့ ပြောရင်တောင် ဘယ်သူက ယုံမှာလဲ... ကျုပ်ကိုယ်တိုင်တောင် မယုံဘူး"
ဝေ့ဝူယင်၏ စကားကြောင့် တက်ရောက်လာသူ အချို့မှာ သက်ပြင်းချလိုက်ကြပြီး အချို့ကမူ ရယ်မောလိုက်ကြသည်။ ဟားသွောမှာ လုယက်မည့်သူမျိုး မဟုတ်ကြောင်း သူတို့ သိကြသည် မဟုတ်ပါလား။
ဝေ့ဝူယင်က ဆက်ပြောလိုက်သည်။
"အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ၊ စည်ပင်ဝပြောသော ပျက်သုဉ်းခြင်း ဂလက်ဆီ နဲ့ ရတနာချိုင့်ဝှမ်း ဂလက်ဆီ... ဒီဂလက်ဆီ အကြီးကြီး သုံးခုတောင်မှ ဒီလို ရေရှည် ထောက်ပံ့မှုကို လုပ်နိုင်မှာ မဟုတ်ဘူး... သူတော်စင် ဟားသွော..."
ဝေ့ဝူယင်က ခေါ်လိုက်သောအခါ စဉ်းစားခန်း ဝင်နေသော ဟားသွောက သူ့ကို ပြန်ကြည့်လာသည်။
"ဒါက ခင်ဗျားရဲ့ မေးခွန်းလား"
ဟားသွောက အနည်းငယ် ပြုံးလိုက်၏။
"ဧကရာဇ်တစ်ဦးရဲ့ စူးရှတဲ့ အကြည့်ကို ရှောင်ရှားဖို့ဆိုတာ ကိုယ့်အရိပ်ကိုယ် ရှောင်ရတာထက် ပိုခက်ခဲတယ် ဆိုတဲ့ စကားတစ်ခွန်း ကြားဖူးတယ်... အဲ့ဒီစကားက မှန်နေပုံရတယ်"
သူမက အမည်မဲ့ ဂလက်ဆီမှ လူများကို ဝေ့ကြည့်လိုက်ပြီးနောက် လေးနက်စွာ ပြောလိုက်သည် -
"ကျွန်မတို့ရဲ့ ဂလက်ဆီဟာ ဒုက္ခရောက်နေပါပြီ... ကျွန်မတို့မှာ ရွေးချယ်စရာ နည်းလမ်း အနည်းငယ်ပဲ ကျန်ပါတော့တယ်... ကျွန်မ ပြောခဲ့သလိုပဲ ဂလက်ဆီရဲ့ ကံကြမ္မာကို သူတော်စင် ဆယ်ပါးကပဲ တစ်ဖက်သတ် မဆုံးဖြတ်သင့်ဘူး..."
"ဒါပေမဲ့ ကျွန်မတို့ရဲ့ ကိုယ်ပိုင် ကံကြမ္မာနဲ့ အနာဂတ်ကိုတော့ ကျွန်မတို့ ကိုယ်တိုင် ဆုံးဖြတ်နိုင်ပါတယ်..."
သူမသည် ဝေ့ဝူယင်ကို စိုက်ကြည့်လိုက်၏။
"လောကရှန့်ထို အာရုဏ်ဦး... ကျွန်မရဲ့ သာယာဝပြော မဟာမိတ် အဓိက နယ်မြေဟာ အာရုဏ်ဦး အင်ပါယာရဲ့ လက်အောက်ခံ နိုင်ငံတစ်ခုအဖြစ် နေထိုင်ဖို့ ဆန္ဒရှိပါတယ်။"
ထိုအချိန်တွင် စင်မြင့်ပေါင်းများစွာပေါ်မှ သက်ကြီးဝါကြီးများနှင့် လူငယ်ခေါင်းဆောင်များမှာ ရွှေရောင် အလင်းတန်းများဖြင့် တောက်ပလာကြသည်။ သူတို့အားလုံးမှာ ထိုဒေသကြီး၏ ထူးချွန်သော ခေါင်းဆောင်များ ဖြစ်ကြသည်။
"ကျွန်မ မေးပါရစေ... ရှင် ကျွန်မရဲ့ သာယာဝပြော မဟာမိတ် အဓိက နယ်မြေကို ထောက်ပံ့ပေးနိုင်မလား"
"..."
"..."
"..."
***
အပိုင်း(၂၀၉၂)
တိတ်ဆိတ်ခြင်း...
သူတော်စင် ဟားသွော၏ စကားများက လူတိုင်း၏ စိတ်နှလုံးကို ပြင်းထန်စွာ တုန်လှုပ်သွားစေသည်။ အမည်မဲ့ ဂလက်ဆီသည် စည်းလုံးမှုမရှိခြင်းနှင့် လွတ်လပ်စွာ ရပ်တည်ခြင်းတို့ကြောင့် နာမည်ကျော်ကြားလှသလို ဂလက်ဆီအတွင်းရှိ နယ်မြေတစ်ခုချင်းစီမှာလည်း နယ်နိမိတ်နှင့် အုပ်ချုပ်ရေးကိစ္စများတွင် ရှုပ်ထွေးပွေလီကာ ပဋိပက္ခများဖြင့် ပြည့်နှက်နေသည်။
နယ်မြေအကျယ်အဝန်းပေါ် မူတည်၍ ဆယ်စုနှစ်၊ ရာစုနှစ် သို့မဟုတ် ထောင်စုနှစ် တစ်ကြိမ်စီတွင် အုပ်ချုပ်သူ အပြောင်းအလဲဖြစ်ခဲ့သည့် သမိုင်းမှတ်တမ်းများစွာ ရှိခဲ့ဖူးသည်။ ခြွင်းချက်အနေဖြင့် သူတော်စင် ရှစ်ဦး အုပ်ချုပ်သည့် မဟာနယ်မြေကြီး ရှစ်ခုသာလျှင် တည်ငြိမ်မှု ရှိခဲ့ကြခြင်းဖြစ်သည်။
ဤနယ်မြေ အုပ်ချုပ်သူများ၏ အဘိဓာန်တွင် အညံ့ခံခြင်း ဆိုသည့် စကားလုံးမှာ ပျောက်ကွယ်နေခဲ့သည်မှာ ကြာပြီဖြစ်ပြီး ရည်မှန်းချက်ကြီးမားခြင်းနှင့် ကျူးကျော်သိမ်းပိုက်ခြင်းတို့သာ ကိန်းအောင်းနေတော့သည်။ သို့ဖြစ်ရာ သူတော်စင် ဟားသွော ကိုယ်တိုင်က ဦးဆောင်၍ အညံ့ခံမည်ဟု ဆိုလာသောအခါ လူတိုင်း မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရသည်မှာ အံ့ဩစရာ မရှိပေ။
အခြေအနေများက ထိုမျှအထိ စိတ်ပျက်အားငယ်စရာ ကောင်းနေပြီလော။ သို့မဟုတ် နောက်ကွယ်တွင် အခြား အကြောင်းအရင်းများ ရှိနေသေးသလော။ ရှိကို ရှိရပေမည်။
"အဲ့တာက ဘာအဓိပ္ပာယ်လဲ..."
လျှို့ဝှက်အရှင်တစ်ဦးက သူတော်စင် ဟားသွော၏ စကားကို မယုံကြည်နိုင်ဘဲ ရိုင်းပျစွာ ပြန်လည် မေးခွန်းထုတ်လိုက်မိသည်။ သို့သော်လည်း ထိုနေရာရှိ မည်သူကမျှ သူ၏ မေးခွန်းမှာ ဘောင်ကျော်သည်ဟု မယူဆကြပေ။
"..."
သူတော်စင် ခွန်ရှူး၏ မျက်လုံးများက စူးရှကာ ကျဉ်းမြောင်းသွား၏။
"သူ့ကိုယ်သူ စတေးပြီး သူတော်စင် လုပ်ပြနေတာပဲ"
သူတော်စင် အီမန်တက်က ခါးသီးသော အသံဖြင့် ရုတ်တရက် ရေရွတ်လိုက်သော်လည်း လော့နင်တစ်ယောက်သာ ကြားနိုင်ခဲ့သည်။ လော့နင်မှာလည်း ခါးသီးစွာ ပြုံးနေရုံမှတစ်ပါး မတတ်နိုင်ပေ။
သူတော်စင် ဟားသွော၏ မေးခွန်းနှင့် ယခု လုပ်ရပ်များတွင် အလွှာပေါင်းများစွာ ရှိနေပြီး အညံ့ခံရုံ သက်သက်ထက် ပိုမို နက်ရှိုင်းလှသည်။ ထို့ပြင် သူတော်စင် ဟားသွော၊ သူတော်စင် ရှက်တဲလ်စဖင့်၊ သူတော်စင် ပါခက်နှင့် သူတော်စင် အာမွန်နက်တို့သည် ကြိုတင် သဘောတူညီချက် တစ်ခုဖြင့် ကိုယ်ပိုင် ဆုံးဖြတ်ချက်အတိုင်း လှုပ်ရှားနေကြခြင်း ဖြစ်ကြောင်း ထင်ရှားလှသည်။
ချင်ချူးမူ၊ ယွီစွန်းလီ၊ ဝေ့စီနှင့် သခင်လေးရှန့်တို့သည် စုမေ့နှင့်အတူ စင်မြင့်တစ်ခုပေါ်တွင် ရပ်နေကြပြီး အခြေအနေကို အမျိုးမျိုးသော အမူအရာများဖြင့် စောင့်ကြည့်နေကြသည်။ ဝေ့စီက သူ၏ ကတုံးကို ကုတ်နေစဉ် သခင်လေးရှန့်နှင့် စုမေ့ကမူ သူတော်စင် ဟားသွောကို စိုက်ကြည့်နေကြသည်။
ချင်ချူးမူနှင့် ယွီစွန်းလီတို့မှာမူ ရင်ခုန်စိတ်လှုပ်ရှားနေကြသည်။ ဝေ့ဝူယင်၏ ဆွဲဆောင်နိုင်စွမ်းမှာ မည်သူနှင့်မျှ မနှိုင်းယှဉ်နိုင်အောင်ပင်။ ကြီးကြီးမားမား အားထုတ်စရာ မလိုဘဲ သူတော်စင် ဟားသွောက အညံ့ခံရန် ဆန္ဒရှိနေပြီ မဟုတ်ပါလား။ ဤအခြေအနေအတိုင်း ဆိုလျှင် အမည်မဲ့ ဂလက်ဆီရှိ အခြားသော အင်အားစုများလည်း တစ်ဦးပြီးတစ်ဦး အညံ့ခံလာကြပေတော့မည်။
ယွီစွန်းလီမှာ အဖွဲ့ထဲတွင် အစိတ်လှုပ်ရှားဆုံး ဖြစ်ပြီး ရင်ခုန်သံများ မြန်ဆန်နေမှုကြောင့် ရင်ခွင်ထဲရှိ ဒါကာရိုင်းမှာ နိမ့်ချည်မြင့်ချည် ဖြစ်နေရသည်။ ဟိုက်အီးနား လေးမှာမူ ဤကောင်းကင်ဘုံမှ ဆုလာဘ်ကြီးကို စိတ်မဝင်စားဘဲ အငြိမ်နေနိုင်ရန် သူ၏ ခြေသည်းကလေးများဖြင့် အသည်းအသန် ကြိုးစားနေရရှာသည်။ ထိုမြင်ကွင်းမှာ မိန်းမစိုး တစ်ယောက်ကိုပင် စိတ်လှုပ်ရှားစေနိုင်လောက်ပေသည်။
"စနေပြီပဲ"
ချင်ချူးမူက လွန်ခဲ့သော အတိတ်ကို ပြန်လည် အမှတ်ရရင်း ပြောလိုက်သည်။ ဝေ့ဝူယင်တွင် နယ်မြေများကို သိမ်းပိုက်သည့် အလေ့အထ ရှိသည်။ အနန္တ ဧကရာဇ် တုန်းကကဲ့သို့ တဖြည်းဖြည်းချင်း စနစ်တကျ သိမ်းပိုက်သည် ရှိသလို၊ ရှေးဟောင်း ချိပ်ပိတ်နယ်မြေ တုန်းကကဲ့သို့ ကြီးကျယ်ခမ်းနားပြီး ပေါက်ကွဲအားကောင်းသော သိမ်းပိုက်မှုမျိုးလည်း ရှိတတ်သည်။ ဝေ့ဝူယင် တစ်လုံးတစ်ပါဒမျှ မပြောဘဲ မဟာစက်ဝန်း ကြယ်ကွင်းပြင်မှ အင်အားစုများက သူ့ရှေ့တွင် ဒူးထောက် အညံ့ခံခဲ့ကြသည့် သတင်းကိုလည်း သူမ မှတ်မိနေသေးသည်။ ယခုအခါ ယခင်ကထက် ပိုမို ကြီးကျယ်သော အလားတူ ဖြစ်ရပ်မျိုးကို သူမ ကိုယ်တိုင် မြင်တွေ့ရတော့မည်ဟု မထင်မှတ်ထားခဲ့ပေ။
သို့သော် ထိုစိတ်လှုပ်ရှားမှုများမှာ သခင်လေးရှန့်နှင့် စုမေ့၏ တည်ငြိမ်လေးနက်နေသော မျက်နှာများနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။ ဝေ့ဝူယင်၏ ဇနီးသည် နှစ်ဦးမှာ သူတို့၏ ခံစားချက်များကြောင့် အခြေအနေကို သေချာ မမြင်နိုင်ဘဲ ဝေ့ဝူယင်၏ တောက်ပမှုတွင် နစ်မျောနေသည်ကို မြင်သောအခါ သခင်လေးရှန့်က အေးအေးဆေးဆေးပင် ရှင်းပြလိုက်သည်။
"မဟုတ်ဘူး... အဲဒီလောက် မရိုးရှင်းဘူး"
"ဘာဖြစ်လို့လဲ"
ယွီစွန်းလီက စိတ်ဝင်တစား မေးလိုက်သည်။
ဝေ့စီကလည်း ဇဝေဇဝါ ဖြစ်နေသည့်ပုံဖြင့်...
"သူ မေးတဲ့ မေးခွန်းတွေက ထူးဆန်းနေသလိုပဲ၊ ဘာဖြစ်လို့လဲ"
သခင်လေးရှန့်က အသံကို နှိမ့်၍ ပြောလိုက်၏။
"သူ့ရဲ့ စကားတွေက ထူးဆန်းနေမှာပေါ့... သူက ကိုယ့်ကိုယ်ကိုယ် အနစ်နာခံပြီး အညံ့ခံပြခြင်းအားဖြင့် အခြားသူတွေ အညံ့မခံနိုင်အောင် တားဆီးနေတာ"
"တားဆီးနေတာ ဟုတ်လား"
ယွီစွန်းလီ အံ့အားသင့်သွားသည်။
သခင်လေးရှန့်က ခေါင်းညိတ်ပြလိုက်၏။
"ဟုတ်တယ်၊ တားဆီးနေတာ... ပိုပြီး ရှင်းအောင် ပြောရရင် သူတော်စင် ဟားသွောက သူ့ နယ်မြေ အနာဂတ်ကို လုံးဝ စွန့်လွှတ်လိုက်ပြီး ဝေ့ဝူယင်ရဲ့ အာရုဏ်ဦး အင်ပါယာဆီက အကူအညီကို ရယူရင်းနဲ့ ကျန်တဲ့သူတွေကို ကူညီဖို့ ကြိုးစားနေတာပဲ"
"ဘာ... ဘယ်လိုဖြစ်လို့လဲ"
ချင်ချူးမူ ချက်ချင်း နားမလည်နိုင်သော်လည်း ခဏအကြာတွင် သူမ၏ စိမ်းမြမြ မျက်လုံးများက အသိတရားတစ်ခုကြောင့် တောက်ပလာသည်။
"သူမက ဝေ့ဝူယင်ဆီက အကူအညီကို ယူပြီးတော့ ဂလက်ဆီရဲ့ အခြေအနေကို တည်ငြိမ်အောင် ကျန်တဲ့သူတွေကို ဝေမျှပေးချင်တာပေါ့... ဒါပေမဲ့ အဲဒါက သူမရဲ့ ရည်ရွယ်ချက်ဆိုရင် ဝေ့ဝူယင်က ဘာလို့ သဘောတူမှာလဲ"
"သဘောတူမှာလား... ဒါက ယောက်ဖဝေ့ အတွက် အမည်မဲ့ ဂလက်ဆီရဲ့ ပဋိပက္ခတွေကြားထဲကို ခိုင်မာတဲ့ အခြေခံ အုတ်မြစ်နဲ့ တရားဝင် ဝင်ရောက်နိုင်မယ့် တစ်ခုတည်းသော အခွင့်အရေးပဲ။ အဖြူရောင် အဘိဿဲလ် ဂလက်ဆီနဲ့ ကောင်းကင်နှလုံးသား ဂလက်ဆီကို သူ သွားခဲ့တာတွေက တိုက်ဆိုင်မှုလို့ ထင်နေရင်တော့ လူအပဲ... ယောက်ဖဝေ့ပက အနာဂတ် ရည်မှန်းချက်တွေအတွက် အမည်မဲ့ ဂလက်ဆီမှာ ခြေကုပ်ယူဖို့ ရည်ရွယ်ထားတာ”
“ဒါပေမဲ့ ဒီအတိုင်းသာ လွှတ်ထားမယ်ဆိုရင် ရည်မှန်းချက်ကြီးတဲ့သူတွေက သူ့ဆီမှာ အညံ့ခံကြပြီး တစ်ခုလုံးကို ရိုက်ခတ်သွားလိမ့်မယ်... အခုတော့ သူတော်စင်တွေက သူတော်စင် ဟားသွောကိုပဲ ဘောင်ခတ်ထားပြီး ကျန်တဲ့သူတွေ လွတ်လပ်ခွင့်ရအောင် စနစ်တကျ စီစဉ်ထားပြီးသား ဖြစ်မှာပါ... သူတော်စင် ဟားသွောရဲ့ ဂုဏ်သတင်းအရ သူတို့က သူ့ကို အပြည့်အဝ ယုံကြည်ကြမှာပဲ...”
“တကယ်လို့ တခြား သူတော်စင်တွေကသာ အရင် လှုပ်ရှားခဲ့မယ်ဆိုရင် အမည်မဲ့ ဂလက်ဆီဟာ ဖဲချပ်အိမ်လေးလို ဝေ့ဝူယင်ရဲ့ လက်ထဲကို အလွယ်တကူ ကျရောက်သွားမှာ... သူတော်စင်တွေ ဆိုတာကတော့..." သ
ခင်လေးရှန့် စကားကို ဆုံးအောင် မပြောသော်လည်း သူ၏ တုန်ရင်နေသော အသံထဲတွင် သူတော်စင်များအပေါ် ရိုသေလေးစားမှုများ ပါဝင်နေသည်။
"..."
စုမေ့၏ မျက်လုံးများက သူတော်စင် ဟားသွောထံမှ ဝေ့ဝူယင်ထံသို့ ရောက်ရှိသွားသည်။ သူ၏ မျက်လုံးများမှာ တည်ငြိမ်နေသော်လည်း ဝေ့ဝူယင်ကို အနီးကပ်ဆုံး နားလည်နိုင်သူမှာ သူမသာ ဖြစ်သည်။ ဝေ့ဝူယင်၏ စိတ်ထဲတွင် မကျေနပ်မှုအချို့နှင့် အပြင်းအထန် တွက်ချက်နေမှုများကို သူမ ခံစားနေရသည်။
အဘယ်ကြောင့် သူတော်စင် အီမန်တက်နှင့် အခြား သူတော်စင်များမှာ သူတော်စင် ဟားသွော၏ အညံ့ခံမှုကို မသိချင်ယောင် ဆောင်နေကြသနည်း။ အဖြေမှာ ရှင်းသယောင်နှင့် ခက်ခဲလှသည်။
သူတော်စင် ဟားသွောက လျှို့ဝှက်အရှင်၏ မေးခွန်းကို ပြန်မဖြေဘဲ ဝေ့ဝူယင်ကိုသာ စိုက်ကြည့်နေသည်။ ဝေ့ဝူယင်၏ အတွေးများက ဖြစ်နိုင်ခြေ အမျိုးမျိုးကို လျင်မြန်စွာ တွက်ချက်နေသည်။
"'သာယာဝပြော မဟာမိတ်ကို ကူညီဖို့လား... ငါ့ရဲ့ အင်ပါယာက အဲဒါကို လုပ်ပေးနိုင်ပါတယ်... အာရုဏ်ဦး အင်ပါယာက အဲဒီထက်မကလည်း လုပ်ပေးနိုင်ပါသေးတယ်"
ဝေ့ဝူယင်က စင်မြင့်များစွာပေါ်ရှိ အထက်တန်းလွှာများ၏ မျက်နှာများကို ကြည့်ရင်း ပြန်ပြောလိုက်သည်။
သို့သော် မည်သူကမျှ တိုက်ရိုက် ထွက်မပြောကြပေ။ သူတို့ကို တစ်စုံတစ်ခုက တားဆီးထားသကဲ့သို့ တုံ့ဆိုင်းမှုများ ရှိနေကြသည်။
သူတော်စင် အီမန်တက်နှင့် အခြား သူတော်စင်များလည်း ထွက်မလာကြသလို လျှို့ဝှက်အရှင်များလည်း တိတ်ဆိတ်နေကြသည်။ သူတို့ အားလုံး နားလည်သွားကြပြီ ဖြစ်သည်။
မိန့်ခွန်းတစ်ခုနှင့် နားလည်ရန် ခက်ခဲသော မေးခွန်းအချို့သည် ဝေ့ဝူယင်က အမည်မဲ့ ဂလက်ဆီကို အလွယ်တကူ သိမ်းပိုက်နိုင်မည့် အခွင့်အရေးကို ဖြတ်တောက်ပစ်လိုက်သကဲ့သို့ ဖြစ်သွားသည်။ သူတို့သည် ဝေ့ဝူယင်၏ အကူအညီကိုသာ ရယူလိုကြခြင်း ဖြစ်သည်။
ဝေ့ဝူယင် အနေဖြင့် ကမ်းလှမ်းမှုများကိုသာ လက်ခံနေမည်ဆိုလျှင် နယ်မြေအများစုမှာ သူ၏ လက်အောက်သို့ ရောက်ရှိသွားနိုင်သော်လည်း ယခုမူ မဟုတ်တော့ပေ။ သူတော်စင် ဟားသွောနှင့် အခြားသူများသည် ယုံကြည်ရသော လူတစ်ဦးကိုသာ စတေး၍ အာရုဏ်ဦး အင်ပါယာ၏ ဩဇာလွှမ်းမိုးမှုကို ကင်ဆာဆဲလ် တစ်ခုကဲ့သို့ သီးသန့် ခွဲထုတ်ထားရန် စီစဉ်လိုက်ကြခြင်း ဖြစ်သည်။ ၎င်းမှာ အမည်မဲ့ ဂလက်ဆီ၏ လွတ်လပ်မှုကို ထိန်းသိမ်းရန် ကြိုးပမ်းခြင်းပင်။
ဝေ့ဝူယင်မှာလည်း ငြင်းပယ်ရန် ခက်ခဲသော အခြေအနေသို့ ရောက်နေသည်။
သူတော်စင် ဟားသွောက နွေးထွေးစွာ ပြုံးလိုက်ရင်း...
"ဒါဆိုရင် ကျွန်မ ဟားသွော ဝေတီ နဲ့ ကျွန်မရဲ့ မဟာမိတ်တွေဟာ အာရုဏ်ဦး အာဏာရှင် ဧကရာဇ်သာ လက်ခံမယ်ဆိုရင် လက်အောက်ခံ ဖြစ်လာဖို့ ဆန္ဒရှိပါတယ်..."