← Chapters

အခန်း (၃၃၇-၃၃၉)

Vol. 23 Ch. 337-339

အခန်း (၃၃၇-၃၃၉)

Vol. 23 Ch. 337-339

CHAPTER 337 ခင်ဗျား အခု သေလို့ရပြီ

မကောင်းဆိုးဝါးဆန်လှသည်။ မနှစ်မြို့ဖွယ် ကောင်းလှ၏။

အနောက်တိုင်း တစ္ဆေနတ်ဘုရား ရောက်လာ သောအခါ နတ်ဘုရားမမြို့တော် တစ်ခုလုံး၌ မကောင်းဆိုးဝါး တစ္ဆေချီဓာတ်များဖြင့် ပြည့်နှက် လာသည်။

ထို့အတူ မြို့ထဲရှိ လူတိုင်းသည် ကြောက်လန့်ကာ ကတုန်ကယင် ဖြစ်လာကြသည်။ သူတို့၏ စိတ်ဝိညာဉ် တောင်မှ တုန်လှုပ်လာသည်။

နတ်ဘုရားတောင်မှ အနောက်တိုင်း တစ္ဆေ နတ်ဘုရားကို မြင်လိုက်သည်နှင့် သူ၏ ကြောက်မက် ဖွယ် ကောင်းသော အင်အားကြောင့် တုန်ယင်လို့ လာသည်။

“ဟားဟား ... ယဲ့ဖန်၊ မင်း သေရတော့မှာကွ”

အနောက်တိုင်း တစ္ဆေနတ်ဘုရားက ယဲ့ဖန်ကို ခက်ထန်စွာ စိုက်ကြည့်ရင်း ခပ်အက်အက်အသံဖြင့် ပြောလိုက်သည်။ ထို့နောက် သူ ထပ်ပြောလာသည်။

“လွန်ခဲ့တဲ့ နှစ်ဝက်က မင်း ငါ့ကျေးကျွန် မဟူရာ ဧကရာဇ်နဲ့ ငါ့ကိုယ်ပွားကို သတ်ခဲ့တယ်။ မင်း သေသင့်တာ ကြာပြီကွ”

*မဟူရာ ဧကရာဇ်*

ရင်းနှီးသော နာမည်ကို ကြားလိုက်ရသဖြင့် နတ်ဘုရားမများ၏ နောက်လိုက်များသည် တစ်ခဏ မျှ တွေဝေသွားကြသည်။

မဟူရာ ဧကရာဇ် ဆိုသောသူသည် ကမ္ဘာတစ်ဝန်းရှိ ကြောက်မက်ဖွယ်ကောင်းသော ထိပ်တန်းအင်အားစု လေးခုထဲမှ တစ်ခုဖြစ်သည့် မဟူရာ ကြက်ခြေခတ် အဖွဲ့၏ ခေါင်းဆောင်ဖြစ်သည်ကို သူတို့ ပြန်အမှတ် ရမိသွားကြသည်။

ထိုအချိန်က မဟူရာ ဧကရာဇ်သည် ကမ္ဘာအနှံ့ အပြား၌ ပြိုင်ဘက်ကင်းခဲ့သည်။ သို့သော် ဤမျှ ကြောက်လန့်ဖွယ်ကောင်းသော သိုင်းပညာရှင်က ဤအိုမင်း၍ မကောင်းဆိုးဆန်သော အဘိုးအို၏ ကျွန်ပြုခြင်းကို ခံထားရနေသည်။

...

လူတိုင်း ကြက်သီးတဖြန်းဖြန် ထကာ တုန်ယင် လာကြသည်။

ထိုစဉ်အခါက မဟူရာ ဧကရာဇ်သည် ဒဏ္ဍာရီလာ အဆင့် ဖြစ်သည်။ ဒီလိုဆိုလျင် ထိုအိုမင်းနေသော မကောင်းဆိုးဝါး အဘိုးအိုသည် လွန်ခဲ့သည့် နှစ်ဝက်ကတည်းက နတ်ဘုရားအဆင့်သို့ ရောက် နေပြီဟု အဓိပ္ပာယ် သက်ရောက်နေသည်။

….

အခြားသူများအားလုံး ချက်ချင်းဆိုသလို ပွက်ပွက် ညံ လာကြသည်။

“တစ္ဆေနတ်ဘုရား၊ ငါ သိပြီ၊ သူ … သူက အနောက် တိုင်း တစ္ဆေနတ်ဘုရားပဲ”

ထိုရိုးစင်းသော စကားလုံးသုံးလုံးက အခြားသူ များအား ကြောက်လန့်ကာ ကတုန်ကယင် ဖြစ်သွား စေသည်။

သူသည် ဥရောပတွင်း၌ လေထန်၍ သွေးမိုးရွာ စေခဲ့သော အလွန် ကြောက်မက်ဖွယ်ကောင်းသည့် လူအိုကြီး ဖြစ်သည်။

အနောက်တိုင်း တစ္ဆေနတ်ဘုရား ရောက်လာ လိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့မိကြပေ။

….

ရုတ်တရက်ဆိုသလို နတ်ဘုရားမ၏ နောက်လိုက် များသည် စိတ်လှုပ်ရှားနေသော မျက်နှာများဖြင့် ဟစ်ကြွေး လာကြသည်။

အနောက်တိုင်း တစ္ဆေနတ်ဘုရားက သူတို့ဘက်သို့ ပူးပေါင်း လာသဖြင့် သူတို့ဘက်တွင် နတ်ဘုရား အဆင့် ငါးယောက် ရှိလာပြီး သူတို့၏ စုစုပေါင်း တိုက်ပွဲဝင်ခွန်အားက တိုးပွားလာပြီ ဖြစ်သည်။

“သေလိုက်တော့၊ ဟဟ … သူ့ကို တတ်နိုင်သလောက် အသေဆိုးနဲ့ သေရအောင် လုပ်ပေးပါဗျို့”

ခဲလ်ဆာနှင့် သူ့လူများသည် စိတ်လှုပ်ရှားမှုကြောင့် မျက်နှာများ နီရဲနေကာ ယဲ့ဖန် အသတ်ခံရ တော့မည်ကို မစောင့်နိုင်တော့သလို ဖြစ်နေ ကြသည်။

ခရီနာ၏ မျက်နှာလေးတစ်ခုတည်းသာ ဖြူဖတ် ဖြူရော် ဖြစ်လို့နေ၏။ စိုးရိမ်သည်၊ သူမ ယဲ့ဖန် အတွက် စိုးရိမ်လှသည်။

သို့သော် ယဲ့ဖန်သည် လုံးဝကို ကြောက်လန့်နေပုံ မပေါ်ပေ။ ထိုအစား သူသည် အလွန် လောဘတက် နေပုံသာ ပေါ်နေ၏။

သူက အနောက်တိုင်း နတ်ဘုရားအား အရသာရှိ လှသော စားစရာကို ကြည့်သလို ကြည့်နေသည်။ ထို့နောက် သူပြောလိုက်သည်။

“ကျေးဇူးပဲ”

*ဟမ်*

ယဲ့ဖန်၏ စကားကြောင့် အခြားသူများ အံ့အားသင့် သွားကြသည်။ အနောက်တိုင်း နတ်ဘုရားတောင်မှ မျက်မှောင် ကြုတ်ကာ မေးလိုက်သည်။

“မင်း ဘာလို့ မလေးစားရတာလဲ”

“မင်းက ငါ့အစာ ဖြစ်ပေးတဲ့အတွက် ငါ မင်းကို အသိအမှတ် ပြုပါတယ်”

ယဲ့ဖန်၏ စကားကြောင့် အခြားသူများ ကျွက်ကျွက် ညံသွားကြသည်။

*အစာတဲ့လား*

*ဘယ်လို ခွေးမသားလေးလဲ၊ သူကများ အနောက်တိုင်း တစ္ဆေနတ်ဘုရားကို သူ့အစာအဖြစ် ဆက်ဆံရဲတယ်။ သူ သေချင်နေတာပဲ*

“ဟား”

အနောက်တိုင်း တစ္ဆေနတ်ဘုရားက ဒေါသနှင့်အတူ ရယ်မောလိုက်သည်။ ဤမျှ မောက်မာသော ပမွှားကောင်မျိုးနှင့် သူ အခုမှ ဆုံတွေ့ဖူးခြင်း ဖြစ်သည်။

“ငနုံကောင်၊ ဒီနေ့ ဘယ်သူက အစာဖြစ် လာမလဲဆိုတာကို ကြည့်ကြသေးတာပေါ့”

ထိုသို့ပြောပြီး အနောက်တိုင်း တစ္ဆေနတ်ဘုရားက အလင်းတော် ဘုန်းတော်ကြီးအား တစ်ချက် လှမ်းကြည့် လိုက်သည်။

“သွားသေလိုက်တော့”

ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားအဆင့် နှစ်ယောက်က ယဲ့ဖန်ထံသို့ ပြေးဝင်လာကြသည်။

“ကောင်းကင်အား တစ္ဆေဝါးမျိုခြင်း”

အနောက်တိုင်း တစ္ဆေနတ်ဘုရား၏ ဟစ်ကြွေး သံနှင့်အတူ နတ်ဘုရားအဆင့် နှစ်ယောက်လုံးသည် သူတို့၏ အသေသတ်နိုင်သော တိုက်ကွက်များအား ထုတ်ဖော်၍ ယဲ့ဖန်အား တိုက်ခိုက်လာသည်။

လေတိုးသံနှင့်အတူ အလွန် များပြားလှသော တစ္ဆေချီဓာတ်များသည် ယဲ့ဖန်အား အရူးအမူး ဝါးမျိုတော့မည့်ဟန်ဖြင့် ပြေးဝင်လာသည်။

ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော အင်အားသည် နတ်ဘုရားအဆင့်တစ်ယောက်အား လွယ်လင့်တကူ သတ်ဖြတ်နိုင်သည်။

အလင်းတော် ဘုန်းတော်ကြီးသည် အလွန် ပြင်းထန် ကြမ်းကြုတ်သည့် ချီဓာတ်များ ပါဝင်သည့် မျက်လုံး များနှင့်အတူ ကြုံးဝါးလိုက်သည်။

“နတ်ဘုရား သတ်ဖြတ်ခြင်း အလင်းလျှပ်စီး”

….

ဝုန်း!

ကောင်းကင်မှ မိုးခြိမ်းသံ ထွက်ပေါ်လာပြီး အဖြူရောင် မိုးကြိုးတစ်စင်းက ယဲ့ဖန်ထံသို့ တိုးဝင်လာသည်ကို အခြားသူများ မြင်လိုက်ရသည်။

ဒုန်း! ဒုန်း! ဒုန်း!

အနောက်တိုင်း တစ္ဆေနတ်ဘုရားနှင့် အလင်း‌တော် ဘုန်းတော်ကြီးတို့၏ ပူးပေါင်း တိုက်စစ်ကြောင့် ယဲ့ဖန်သည် နောက်ဆုတ်ရန် ဖိအားပေးခံနေရသည်။

မှော်ဝင်ပစ္စည်းကဲ့သို့ မာကျောသော်ငြားလည်း သူ၏ ခန္ဓာကိုယ်သည် ဆိုးဆိုးရွားရွား ဒဏ်ရာရနေကာ သွေးများက အရေပြားထဲမှ စိမ့်ထွက်လာသည်။

“သူ ဒဏ်ရာရနေပြီ”

ဤသည်ကို ကြည့်ပြီး နတ်ဘုရားမများ၏ နောက်လိုက်များ ပီတိဖြစ်လာကြသည်။ ယဲ့ဖန် ဒဏ်ရာရလာပြီ ဆိုကတည်းက သူသည် နတ်ဘုရား အဆင့် နှစ်ယောက်၏ တိုက်စစ်ကို မခုခံနိုင်ဟု ဖော်ပြနေသည်။

“သေပေတော့”

အလင်းတော် ဘုန်းတော်ကြီးနှင့် အနောက်တိုင်း တစ္ဆေနတ်ဘုရားတို့ နှစ်ယောက်လုံး ကြမ်းကြုတ် လာပြီး ယဲ့ဖန်အား ဆက်တိုက် နောက်ဆုတ် လာအောင် ဖိအားပေးလာကြသည်။

ထို့ကြောင့် ယဲ့ဖန်ကိုယ်မှ သွေးများက ဆက်တိုက် ပန်းထွက်လာသည်။

“သခင်ကြီး”

ဤသည်ကို ကြည့်ပြီး ယဲ့ဖန်၏ နောက်လိုက်များ ကြက်သေ သေသွားကြသည်။ သို့သော် သူတို့သည် သူတို့တိုက်ပွဲမှ လွတ်အောင် မလုပ်နိုင်သေးပေ။

ထို့ကြောင့် နတ်ဘုရားမတို့၏ ဧကရီနှင့် အခြား နတ်ဘုရားအဆင့် သုံးယောက်တို့ အားတက် လာသည်။ ယဲ့ဖန် သေသွားသည်နှင့် အခြားသူ များသည် မည်သို့သော ခြိမ်းခြောက်မှုကိုမျှ လုပ်နိုင် မည် မဟုတ်ပေ။

“တစ္ဆေနတ်ဘုရား သူ့ကို သတ်လိုက်ပါ”

နတ်ဘုရားမတို့၏ ဧကရီက အလွန် စိတ်လှုပ်ရှား နေသော မျက်နှာထားဖြင့် ပြောလိုက်သည်။ မဟာ ကာရိုးလ် သခင်ကြီးနှင့် သူ၏ ဘက်တော်သား များသည်လည်း အလွန် ကျေနပ်နေပုံ ပေါ်သည်။

အနောက်တိုင်း တစ္ဆေနတ်ဘုရား၏ ကြောက်မက် ဖွယ် ကောင်းသော အင်အားကို သူတို့ သိထားကြ သည်။ သူ၏ အသေသတ်နိုင်သော တိုက်ကွက် အောက်မှ မည်သည့် နတ်ဘုရားအဆင့်မှမဆို အသက်ရှင်နိုင်မည် မဟုတ်ပေ။

အနောက်တိုင်း တစ္ဆေနတ်ဘုရားသည် လက်ရှိတွင် ကမ္ဘာပေါ်၌ အင်အားအကြီးဆုံးသူ ဖြစ်နေသည်။

“ကောင်းပြီလေ၊ မင်းတို့သဘောအတိုင်းပဲပေါ့”

အနောက်တိုင်း တစ္ဆေနတ်ဘုရားသည် ကျောချမ်း ဖွယ် ကောင်းလောက်သော အပြုံးနှင့် ပြန်ပြော လိုက်သည်။ ထို့နောက် သူသည် ချက်ချင်းဆိုသလို သူ၏ တစ္ဆေချီဓာတ်အားလုံးကို ထုတ်ဖော်၍ လက်သီးချက်အသွင် ဖန်တီးကာ ယဲ့ဖန်ထံသို့ ဝုန်းခနဲ ပြေးဝင်သွားသည်။

ဒုန်း!

ထိုတစ္ဆေချီဓာတ် လက်သီးချက်သည် အလွန် အင်အားကြီးလှသဖြင့် လမ်းတစ်ခုလုံး ပျက်ဆီး သွားကာ မြေကြီးပေါ် လျှိုမြောင်တစ်ခု ဖြစ်ပေါ် လာရသည်။

နတ်ဘုရားအဆင့်မှသူတိုင်း သူ့ကို ရင်မဆိုင်နိုင် သကဲ့သို့ ကြောက်လန့်ကာ တုန်ယင်သွားကြသည်။

ဒုန်း!

ချက်ချင်းဆိုသလိုပင် တစ္ဆေချီဓာတ်ဖြင့် ဖွဲ့စည့်ထား သော လက်သီးချက်သည် ယဲ့ဖန်အား အရှိန် အဟုန်နှင့် ထိုးနှက်လာသည်။

သွေးများ အန်ထွက်လာပြီးနောက် ယဲ့ဖန်သည် နောက်သို့ လွင့်ထွက်သွားကာ ဘုတ်ခနဲ ပြန်ပြုတ်ကျ လာသည်။

“မဖြစ်ဘူး”

ထိုစဉ် သွေးစွန်းတစ္ဆေနှင့် ယဲ့ဖန်၏ အခြားနောက် လိုက်များ အားလုံး ရူးမတတ် ဖြစ်နေကြသည်။ သူတို့ ရုန်းထွက်၍ ယဲ့ဖန်အား ကူညီချင်သော်လည်း နတ်ဘုရားမ၏ ဧကရီက သူတို့အား ထိုကဲ့သို့ မဖြစ်မခံပေ။

*သူ သေသွားပြီလား*

အခြားသူများအားလုံးက မြေကြီးပေါ် လဲကျ နေသော ယဲ့ဖန်အား ဝိုင်းကြည့်နေကြသည်။ ထိုစဉ် ယဲ့ဖန်က ရုတ်တရက် စကားစလာသည်။

“အချိန်စေ့ပြီ”

*ဟင်*

ယဲ့ဖန် စကားပြောနိုင်လိမ့်ဦးမည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ချေ။ ထို့ပြင် သူတို့ ကြည့်နေ ဆဲမှာပင် ယဲ့ဖန်သည် ဖြည်းဖြည်းချင်း ပြန်ထလာပြီး ကြောက်လန့်နေရမည့်အစား ကျေနပ်သလို ပြုံးလို့နေ၏။

*မဖြစ်နိုင်ဘူး*

ယဲ့ဖန်သည် အနောက်တိုင်း တစ္ဆေနတ်ဘုရား၏ ပြင်းထန်သော တိုက်ကွက်အား ရည်ရွယ်ချက်ရှိရှိ ခံယူလိုက်သည်ဆိုတာကို မည်သူမျှ သိမည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သူ၏ ဝိညာဉ်စား ဦးခွံ အားကောင်းလာစေရန် တစ္ဆေချီ ဓာတ်ကို လိုအပ်နေသောကြောင့် ထိုသို့ ပြုလုပ် လိုက်ခြင်း ဖြစ်သည်။

တစ္ဆေချီဓာတ်ဖြင့် ဖန်တီးထားသော လက်သီး ချက်ကို စုပ်ယူပြီးနောက် သူ၏ ဝိညာဉ်စားဦးခွံသည် ပိုမြင့်သော အဆင့်တစ်ခုသို့ မြင့်တက်သွား၏။

သူ့မျက်နှာပေါ်မှ သွေးများကို သုတ်လိုက်ပြီးနောက် ယဲ့ဖန်သည် အနောက်တိုင်း တစ္ဆေနတ်ဘုရားကို စိုက်ကြည့်ကာ သွေးပျက်ဖွယ်ကောင်းသော အကြည့် ဖြင့် ပြောလာသည်။

“ငါ့အစာလေး မင်းအခု သေလို့ရပြီ”

*ဘာ*

ယဲ့ဖန်က ဒဏ်ရာ အပြင်းအထန်ရပြီးတာတောင်မှ သည်လောက် မောက်မာစွာ ပြုမူလိမ့်မည်ဦးမည်ဟု မည်သူမျှ ထင်မှတ်မထားမိခဲ့ကြ။

သို့သော် ထိုစဉ် ယဲ့ဖန်က ပြင်းထန်သော နတ်ဆိုးချီ ဓာတ်လှိုင်းကို ထုတ်လွှတ်လိုက်ပြီး ထိုချီဓာတ် လှိုင်းသည် တစ်ပြိုင်နက်တည်းမှာပင် သူ့ဦးခေါင်း ထက်၌ အနက်ရောင် ဦးခွံတစ်ခုအသွင်သို့ ပြောင်းလဲ လာသည်။

ထိုအနက်ရောင် ဦးခွံသည် လူ့တစ်ရပ်ခန့်ရှိသည်။ ၎င်းသည် မနှစ်မြို့ဖွယ်ကောင်းသော၊ ကျောချမ်း စေလောက်သည့် ချီဓာတ်ကို ထုတ်လွှင့်နေသဖြင့် အခြားသူများအားလုံး ကြက်သီးမွေးညင်း ထလာသည်။

ထိုဦးခွံကို မြင်လိုက်သည်နှင့် အနောက်တိုင်း တစ္ဆေ နတ်ဘုရားသည် တစ်ဒင်္ဂမျှ တွေဝေသွားသည်။ ထို့နောက် တစ်ခုခုကို အမှတ်ရသွားဟန်ဖြင့် ထိတ်လန့် ဟန် ပေါ်လာ၏။

ထို့နောက် သူ ရေရွတ်လိုက်မိသည်။

“ဝိညာဉ်စား ဦးခွံ၊ မဟုတ်ဘူး၊ သူ့မှာ ဘယ်လိုလုပ် ဝိညာဉ်စား ဦးခွံရှိနေရတာလဲ”

အနောက်တိုင်း တစ္ဆေနတ်ဘုရား အလွန်ကြောက် လန့် လို့လာသည်။ တစ္ဆေကျင့်ကြံသူ ဖြစ်သည့် သူသည် အခြားအရာများကို မသိသော်လည်း သူတို့၏ တားမြစ်ထားသော အရာဖြစ်သည့် ဝိညာဉ်စား ဦးခွံကိုတော့ သိသည်။

ဝိညာဉ်စား ဦးခွံသည် တစ္ဆေကျင့်ကြံသူများ အားလုံးအတွက် သေမင်းပင် ဖြစ်ပေသည်။

CHAPTER 338 မင်း သေဖို့အဆင်သင့်ပဲလား

ဝိညာဉ်စား ဦးခွံသည် တစ္ဆေကျင့်ကြံသူတိုင်း၏ အိပ်မက်ဆိုး ဖြစ်သည်။ တစ္ဆေကျင့်ကြံ သူများကြားတွင် ဝိညာဉ်စား ဦးခွံ၏ ကြောက်မက်ဖွယ် ကောင်းသော ဒဏ္ဍာရီပုံပြင် များစွာ ရှိသည်။

တစ္ဆေကျင့်ကြံသူများ၏ ဘိုးဘေးဖြစ်သူ စကြဝဠာ ထဲမှ ပြိုင်ဘက်ကင်း တစ္ဆေဧကရာဇ်သည် ဝိညာဉ်စား ဦးခွံ၏ ဝါးမျိုခြင်းကို ခံလိုက်ရပြီး သေဆုံး သွားသည်ဟု ဆိုကြသည်။

အနောက်တိုင်း တစ္ဆေနတ်ဘုရားသည် ဤမျှ ကြောက်စရာ ကောင်းသော အရာကို မြင်တွေ့ရ လိမ့်မည်ဟု သူ ဘယ်သောအခါကမှ ထင်မထား ခဲ့မိပေ။

“သေစမ်း၊ သူ့မှာ ဘယ်လိုလုပ် ဝိညာဉ်စား ဦးခွံ ရှိနေရတာလဲ။ သူက …”

အနောက်တိုင်းတစ္ဆေနတ်ဘုရားသည် သူ့ခန္ဓာကိုယ် တစ်ခုလုံးမှ အမွေးအမျှင်များ ထောင်တက် သွားသလို ခံစားလိုက်ရသည်။

“ယဲ့ဖန်၊ ယဲ့ဖန် …. ချီးပဲကွာ၊ အဲ့ဒါ သူပဲ ။ သူ … သူ မသေသေးဘူးပဲ”

အနောက်တိုင်း တစ္ဆေနတ်ဘုရားသည် တစ်စုံ တစ်ခုကို သတိရမိသွားဟန်ဖြင့် လိပ်ပြာလွင့်မတတ် ကြောက်သွားသည်။

သူသည် ယဲ့ဖန်ကိုပင် ကြည့်ရန် သတ္တိမရှိ‌ တော့သကဲ့သို့ ချက်ချင်း နောက်လှည့်ကာ အဝေးသို့ ထွက်ပြေးရန် ကြံလိုက်သည်။

သူသည် ကြောက်စိတ်မွှန်နေသော ယုန်တစ်ကောင် လိုပင်။ အခြားသူများ အားလုံး အလွန် ထိတ်လန့်သွားကြသည်။

ဦးခွံကို မြင်သည်နှင့် အနောက်တိုင်း တစ္ဆေ နတ်ဘုရားက ဤသို့ ပြုမူလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့မိပေ။

အနောက်တိုင်း တစ္ဆေနတ်ဘုရားက ကြောက်လန့် နေသော ယုန်ကဲ့သို့ ထွက်ပြေးသွားသည်ကို မြင်လိုက် ရသဖြင့် သူတို့ ထင်ယောင်ထင်မှား ဖြစ်နေ သည်ဟု ထင်လိုက်မိကြသည်။

“မြန်မြန်၊ မြန်မြန်၊ မြန်မြန်”

အနောက်တိုင်း တစ္ဆေနတ်ဘုရားသည် ကြောက်လန့် လို့နေ၏။ သူသည် အနက်ရောင် တစ္ဆေ ချီမျှင်စု အဖြစ် အသွင်ပြောင်းကာ ကောင်းကင်သို့ ပြေးတက် သွားသည်။

ထိုစဉ် ယဲ့ဖန်က ဟစ်အော်လိုက်သည်။

“ထိမှန်စမ်း”

အနောက်တိုင်း တစ္ဆေနတ်ဘုရားသည် ချက်ချင်းပင် နားဝင်ချိုသော ခေါင်းလောင်းထိုးသံတစ်ခုကို စိတ်ထဲ ကြားလိုက်ရပြီး သူ့တစ်ကိုယ်လုံး လေထဲ တန့်သွားရသည်။

ထိုစဉ် သူ့စိတ်ဝိညာဉ် အေးခဲသွားသလို ခံစားလိုက် ရသည်။

“မဟုတ်ဘူး”

အနောက်တိုင်း တစ္ဆေနတ်ဘုရားသည် ကြောက်လန့် ကာ အော်ဟစ်လိုက်မိသည်။ ထို့နောက် အနက် ရောင် ဦးခွံသည် ၎င်း၏ ကြီးမားသော ပါးစပ်အား ဖွင့်ဟလာသည်။

အနောက်တိုင်း တစ္ဆေနတ်ဘုရားသည် ကြောက်မက် ဖွယ် ကောင်းလောက်အောင် အင်အားကြီးသည့် စုပ်အား၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။

“အား”

သူ၏ စူးရှလှသော အော်သံနှင့်အတူ သူ၏ အနက်ရောင် တစ္ဆေချီဓာတ်သည် ဦးခွံထံသို့ စုပ်ယူခြင်း ခံလိုက်ရသည်။ ထို့နောက် ဝိညာဉ်စား ဦးခွံသည် ပါးစပ်လှုပ်လာ၏။

ဂျွတ်! ဂျွတ်!

၎င်းက အနောက်တိုင်း တစ္ဆေနတ်ဘုရားအား အရှင် လတ်လတ် ဝါးစားနေခြင်းပင်။

ထိတ်လန့်ဖွယ်ကောင်းလှသည်။

ဤမြင်ကွင်းကြောင့် အားလုံး ထိတ်လန့် သွားကြသည်။

*ကြောက်စရာကောင်းတဲ့ အနောက်တိုင်း တစ္ဆေနတ် ဘုရားက ဦးခွံရဲ့ အစာ ဖြစ်သွားတာလား၊ ဒါ … မဖြစ်နိုင်ဘူးလေ*

သို့သော် တိုက်ပွဲကား မပြီးသေးပေ။

အနောက်တိုင်း တစ္ဆေနတ်ဘုရား၏ အော်သံများက ဦးခွံ၏ ပါးစပ်အတွင်းမှ ပဲ့တင်ထပ်၍ ထွက်ပေါ် လာနေသည်။

“အရှင် ကျုပ်ကို ခွင့်လွှတ်ပေးပါ။ ကျုပ် … ကျုပ် မှားသွားပါတယ်။ ကျုပ် သေသင့်ပါတယ်။ ကျေးဇူး ပြုပြီး ကျုပ်ကို လွှတ်ပေးပါ အရှင်”

*အရှင်*

ကြောက်မက်ဖွယ်ကောင်းသော အနောက်တိုင်း တစ္ဆေနတ်ဘုရားက ရုတ်တရက် ယဲ့ဖန်ကို အရှင်ဟု ခေါ်လာလိမ့်မည်ဟု မည်သူမျှ ထင်မှတ် မထားခဲ့ မိကြပေ။

အခြားသူများ နားဝေတိမ်တောင် ဖြစ်သွားကြသည်။

“မှားသွားတယ် ဟုတ်လား”

ယဲ့ဖန်က တင်းမာသော မျက်နှာထားဖြင့် ပြန်ပြော လိုက်သည်။

“မင်းရဲ့အမှားတွေကို မင်းအသက်နဲ့ပဲ ပြန်ပြင် နိုင်တယ်”

….

ယဲ့ဖန်၏ စကားထဲတွင် အနောက်တိုင်း တစ္ဆေ နတ်ဘုရား၏ ဆိုးရွားလှသော ကံတရားကို ဆုံးဖြတ် ထားပြီးပုံ ပေါ်သည်။

သူသည် အမှန်တကယ်ကို ဆိုးရွားလှသည့် တစ်စုံ တစ်ရာနှင့် ရင်ဆိုင်ရသကဲ့သို့ ဆက်၍ အော်ဟစ် နေသည်။ နောက်ဆုံးတွင် သူ၏ အော်သံများ ရုတ်ချည်း ရပ်တန့်သွားသည်။

ထို့နောက်တွင် တိုက်ပွဲကွင်းပြင်တစ်ခုလုံး လုံးဝကို တိတ်ဆိတ်သွားသည်။ နတ်ဘုရားအဆင့်မှသူတိုင်း နှလုံးခုန်မြန်လာသဖြင့် အသက်ရှူရန်ပင် ခက်ခဲလာ သည်ဟု ခံစားလိုက်မိသည်။

“မဟုတ်ဘူး … မဖြစ်နိုင်ဘူး။ အနောက်တိုင်း တစ္ဆေ နတ်ဘုရားက သေသွားပြီလား”

နတ်ဘုရားမတို့၏ ဧကရီက အလွန် ထိတ်ထိတ် ပျာပျာ ဖြစ်သွားသော မျက်နှာထားဖြင့် ရေရွတ် လိုက်မိသည်။

အနောက်တိုင်း တစ္ဆေနတ်ဘုရားသည် နှစ်ရာနှင့် ချီကာ ရှင်သန်ခဲ့သည့် ထူးဆန်းသည့် လူအိုကြီး ဖြစ်သည်။

သူသည် ကမ္ဘာပေါ်မှ များစွာသော သိုင်းပညာရှင် များ၏ တုံ့ပြန်တိုက်ခိုက်မှုများကြားထဲကတောင်မှ အသက်ရှင်ခဲ့သူ ဖြစ်သည်။

သို့သော် သူသည် ယဲ့ဖန်ကြောင့် အသတ်ခံ လိုက်ရသည်။ အံ့ဩဖွယ်ကောင်းလိုက်ပါဘိ။

အနောက်တိုင်း တစ္ဆေနတ်ဘုရားကို စားပြီးနောက် ယဲ့ဖန်၏ ခန္ဓာကိုယ်သည် ဝုန်းခနဲ မြည်ဟိန်းလာကာ သူ၏ နတ်ဆိုးသတ်ဖြတ်ခြင်း ဆုဒြာသည် ချက်ချင်း ဆိုသလို တတိယအဆင့်သို့ အဆင့်တက်သွားသည်။

ယဲ့ဖန်၏ ချီဓာတ်သည် ဗြုန်းခနဲ တိုးပွားလာသည်။

ဒဏ္ဍာရီ အစောပိုင်းအဆင့်။

ဒဏ္ဍာရီ အလယ်အလတ်အဆင့်။

ဒဏ္ဍာရီ နောက်ဆုံးအဆင့်။

ဒဏ္ဍာရီ အထွတ်အထိပ်အဆင့်သို့ ရောက်မှသာ သူ၏ ချီဓာတ်သည် တိုးပွားလာရာမှ ရပ်တန့် သွားသည်။ ထို့နောက်တွင် နတ်ဘုရားမ မြို့တော်တစ်ခုလုံးကို သွေးပျက်ဖွယ်ကောင်းသော ချီဓာတ်က ဖုံးအုပ်သွားသည်။

လုံခြုံသော မြို့တံတိုင်းသည် ထိုမျှ ပြင်းထန်သော ချီဓာတ်ကို ခံနိုင်ရည်မရှိဟန်ဖြင့် ပြိုကျ ပျက်စီး လာသည်။

ပင့်ကူမျှင်အရွယ် အက်ရာများက မြို့တံတိုင်းပေါ်၌ ပေါ်လာသည်။ လမ်းမပေါ်မှ မြေဆီလွှာများ သည်လည်း အောက်သို့ မီတာများစွာ ကျွံဝင် သွားသည်။

နတ်ဘုရားမ၏ အခြားနောက်လိုက်များသည် ဧကရာဇ်သဏ္ဌာန် ချီဓာတ်များက မြို့အနှံ့ ပျံ့နှံ့သွား သည်ကို ခံစားလိုက်မိသည်။ ထို့ကြောင့် သူတို့၏ ခြေထောက်များ ချည့်နဲ့လာကာ သူတို့ စိတ်ရောကိုယ်ပါ တုန်ယင်လာကြသည်။ သူတို့ မြေကြီးပေါ် ဒူးထောက်၍ ယဲ့ဖန်ရှေ့ ဝပ်တွားချင် နေကြသည်။

*မဖြစ်နိုင်ဘူး*

ဤသည်ကို ကြည့်ပြီး အလင်းတော် ဘုန်းတော်ကြီး၊ နတ်ဘုရားမတို့၏ ဧကရီနှင့် မဟာ ကာရိုးလ် သခင်ကြီးတို့ လုံးဝ မှင်တက်နေကြသည်။

ယဲ့ဖန်က ယခင်ကထက် ပိုသန်မာလာသဖြင့် သူတို့ ရင်တုန် ပန်းတုန်ဖြစ်ကာ ထိတ်လန့် ကြောက်လန့် လာသည်။

ခဲလ်ဆာနှင့် သူ့လူများ သွေးပျက်နေကြသည်။ ခဲလ်ဆာသည် ယဲ့ဖန်ထက် အဆင့်တစ်ဆင့်သာ မြင့်သော ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် ဖြစ်သည်။ သို့သော် ယခုအချိန်တွင် သူသည် ကြောက်စိတ်များ ဒူးမခိုင်ဖြစ်ကာ မြေကြီးပေါ် ဒူးထောက်ကျ လုမတတ် ဖြစ်နေသည်။

ထို့အပြင် သူ့နဖူးများ ချွေးများ တဒီးဒီးကျလာသည်။ ယဲ့ဖန်ရှေ့၌ သူ့ကိုယ်သူ သေးနုပ်သွားသကဲ့သို့ ခံစားမိ သည်။

“အင်အားကြီးလိုက်တာ … တော်တော့်ကို အင်အား ကြီးတာပဲ”

ခဲလ်ဆာသည် ကြောက်စိတ်မွှန်ကာ မျက်ခုံး ခပ်လှုပ်လှုပ် ဖြစ်နေသည်။

ထိုစဉ် ယဲ့ဖန်က ရှေ့သို့ တစ်လှမ်းတိုးကာ အလင်းတော် ဘုန်းတော်ကြီး၏ မျက်လုံးအား စိုက်ကြည့်လိုက်သည်။

အလင်းတော် ဘုန်းတော်ကြီးသည် ရှေးဦးသားရဲ တစ်ကောင်၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရသည်ဟု ခံစားလိုက်မိသည်။ သူ ယဲ့ဖန်နှင့် ထပ်မတိုက် ခိုက်ချင်တော့ပါ။

*ပြေးရမယ်*

အလင်းတော် ဘုန်းတော်ကြီးသည် ချက်ချင်း နောက်လှည့်ကာ အဝေးသို့ ထွက်ပြေးရန် ကြံလိုက်သည်။ ထိုအချိန်တွင် လေတိုးသံနှင့်အတူ သံမဏိ လက်သီးချက်တစ်ချက်က သူ့ကျောပေါ်သို့ ပြင်းထန်စွာ ကျရောက်လာသည်။

ဝုန်း!

ဒဏ္ဍာရီလာအဆင့်၏ သွေးများက လေထဲသို့ လွင့်စဉ်ထွက်လာသည်။ အလင်းတော် ဘုန်းတော် ကြီးသည် လက်သီးချက်တစ်ချက်ကြောင့် ပေါက်ကွဲ သွားကာ သွေးမြူများအဖြစ် ပြောင်းလဲသွားသည်။

လက်သီးချက် တစ်ချက်တည်း။

ယဲ့ဖန်က နတ်ဘုရားအဆင့် တစ်ယောက်ကို လက်သီးချက် တစ်ချက်တည်းနှင့် သတ်လိုက် သည်တဲ့လား။

အခြား နတ်ဘုရားအဆင့်များ လိပ်ပြာလွင့်မတတ် ထိတ်လန့် သွားကြသည်။ သူ့ခန္ဓာကိုယ် ပြန်လည် ဖွဲ့စည်း လာပြီးနောက် အလင်းတော် ဘုန်းတော်ကြီး သည် ထိတ်လန့် တုန်လှုပ်ကာ တီးတိုး ရေရွတ် လိုက်မိသည်။

“ငါ ဒါကို ရပ်တန့်မှဖြစ်မယ်၊ မဟုတ်ရင် ငါ သေသွားလိမ့်မယ်”

အလင်းတော်ဘုန်းတော်ကြီးသည် ယဲ့ဖန်နှင့် ရင်ဆိုင် နေရင်း မယုံနိုင်လောက်အောင် ကြောက်လန့် လာ ရသည်ကို ခံစားမိသည်။

ဤမကောင်းဆိုးဝါးနှင့် ရန်သူသဖွယ် ဆန့်ကျင် မိသည့် အတွက်လည်း နောင်တရသလို ခံစားလာ မိသည်။

“ကြည့်ရတာ ငါ မသေမျိုး လျှို့ဝှက်သိုင်းကွက်ကို ထုတ်သုံးမှ ဖြစ်မယ်နဲ့ တူတယ်”

အလင်းတော် ဘုန်းတော်ကြီး ချက်ချင်း မျက်နှာ သုန်မှုန်လာသည်။ မသေမျိုး လျှို့ဝှက် သိုင်းကွက် သည် မသေမျိုး ခန္ဓာကိုယ်၏ အသက်ကယ် သိုင်းကွက်ဖြစ်သည်။

ဤသိုင်းကွက်အား အသက်သွင်းပြီးနော် သူသည် စက္ကန့်ပိုင်းအတွင်း မိုင် ခြောက်ရာ အကွာအဝေးသို့ ရောက်ရှိနိုင်သည်။

သို့သော် ပေးဆပ်ရမည့် အဖိုးအခကား မြင့်သည်။ ထိုသိုင်းကွက်သည် မသေမျိုး ခန္ဓာကိုယ်၏ အတည်စွမ်းရည်အား သုံးစွဲပြီး အသုံးပြုသူအား ဒဏ်ရာအပြင်းအထန် ရစေနိုင်သည်။

သို့သော် အလင်းတော် ဘုန်းတော်ကြီး ချီတုံချတုံ ဖြစ်နေစဉ် ရုတ်တရက် ဝုန်းခနဲ အသံကို ကြားလိုက် ရသလို ယဲ့ဖန်၏ အသေသတ်နိုင်သော လက်သီး ချက် သည်လည်း ကျရောက်လို့လာ၏။

ယဲ့ဖန်၏ လက်သီးချက်မှ ချောက်ချားဖွယ် ကောင်းသော အင်အားကြောင့် အလင်းတော် ဘုန်းတော်ကြီး တုန်လှုပ်သွားသည်။

“မသေမျိုး”

အလင်းတော် ဘုန်းတော်ကြီးသည် ဗြုန်းခနဲဆိုသလို အဖြူရောင် အလုံးလေးအဖြစ် ပြောင်းလဲသွားကာ ပျောက်ကွယ်သွားတော့သည်။

ယခုအချိန်တွင် အလင်းတော် ဘုန်းတော်ကြီးသည် မော်တယ်ကမ္ဘာတွင်း၌ အငွေ့ပြန်သွားသလိုပင်။

“အာ”

ယဲ့ဖန် တစ်ခဏမျှ မှင်တက်သွားသည်။

“မသေမျိုး လျှို့ဝှက်သိုင်းကွက်လား။ ဒီလူက တော်တော် ကြမ်းကြုတ်တာပဲ”

ယဲ့ဖန်က အံ့ဩနေသော အကြည့်များဖြင့် ရေရွတ် လိုက်သည်။

မသေမျိုး ခန္ဓာကိုယ်သည် စကြဝဠာတွင်းရှိ ထိပ်တန်း ပြိုင်ဘက်ကင်း ခန္ဓာကိုယ်ထဲမှ တစ်ခု ဖြစ်သည်။ ထိုခန္ဓာကိုယ်သည် အလွန် ထိတ်လန့်ဖွယ် ကောင်း၏။

ထိုခန္ဓာကိုယ်၏ အင်အားအကောင်းဆုံး အပိုင်းကား ၎င်း၏ အသက်ကယ် သိုင်းကွက်ပင်။

ယဲ့ဖန်၏ လက်ရှိတိုက်ပွဲဝင် ခွန်အားအရ သူသည် မိုင်ခြောက်ရာကို ဖြတ်သန်း၍ လူတစ်ယောက်အား ချက်ချင်း မသတ်နိုင်သေးပေ။

“မင်း အမြဲဒီလို ကံကောင်းနေမယ်လို့ ငါ မျှော်လင့် ပါတယ်”

အလင်းတော် ဘုန်းတော်ကြီး ထွက်ခွာသွားသည့် အရပ်ကို လှမ်းကြည့်ရင်း ယဲ့ဖန်က တင်းမာသော မျက်နှာထားဖြင့် ပြောလိုက်သည်။

ထို့နောက် သူသည် နတ်ဘုရားမတို့၏ ဧကရီ၊ မဟာ ကာရိုးလ် သခင်ကြီးနှင့် မှော်နက် နတ်ဘုရားတို့အား လှည့်ကြည့်ကာ များပြားလှသည့် ကြမ်းကြုတ်သော ချီဓာတ်နှင့်အတူ မေးလိုက်သည်။

“မင်းတို့ သေဖို့ အဆင်သင့်ပဲလား”

CHAPTER 339 ဧကရီ၏ နောက်ဆုံးဝှက်ဖဲ

အနောက်တိုင်း တစ္ဆေနတ်ဘုရားသည် ဝိညာဉ်စား ဦးခွံ၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။ အလင်းတော် ဘုန်းတော်ကြီး သည်လည်း အဝေးသို့ ထွက်ပြေး သွားပြီ။

နတ်ဘုရားအဆင့်တွင် တစ်ယောက်သေ၍ တစ်ယောက်က ထွက်ပြေးသွားသည်။ မည်သူမျှ ဤသို့သော ရလဒ်မျိုး ဖြစ်လာလိမ့်မည်ဟု ထင်မှတ် မ ထားမိကြပေ။

ယဲ့ဖန်၏ ခက်ထန်သော မေးခွန်းဖြစ်သည့် ‘မင်းတို့ သေဖို့ အဆင်သင့်ပဲလား’ ဟူသော အမေးကြောင့် နတ်ဘုရားမတို့၏ ဧကရီ၊ မဟာ ကာရိုးလ် သခင်ကြီးနှင့် မှော်နက်နတ်ဘုရားမတို့ ကြောက်လန့် ကာ တုန်ယင်လာကြသည်။

“ငါတို့ ဘာလုပ်ကြမလဲ”

မှော်နက်နတ်ဘုရားမ အလွန် ထိတ်ထိတ်ပျာပျာ ဖြစ်နေသည်။ ယခင်တုန်းက ယဲ့ဖန်ကို အလွယ်တကူ သတ်နိုင်မည်ဟု သူမ ထင်ခဲ့မိသည်။

ထင်မှတ်မထားဘဲ အင်အားအကြီးဆုံး နတ်ဘုရား နှစ်ယောက်ထဲမှ တစ်ယောက် သေဆုံး၍ ကျန်တစ် ယောက်က ထွက်ပြေးသွားသဖြင့် အားနည်းသည့် သူမတို့ သုံးယောက်သာ ကျန်ခဲ့တော့သည်။

ယခုအချိန်တွင် မှော်နက်နတ်ဘုရားမနှင့် မဟာ ကာရိုးလ် သခင်ကြီးတို့သည် မျက်နှာများ ပြာနှမ်း၍ စိတ်မပါဟန် ပေါ်နေသည်။

သို့သော် ယဲ့ဖန်သည် သူတို့အား နောက်ထပ် မည်သို့ လှုပ်ရှားမှုများ ပြုလုပ်မည်ကို စဉ်းစားရန် အချိန် မပေးပေ။

“သွားသေလိုက်တော့”

သူ၏ မိစ္ဆာ မရဏ သံလက်သီးကို ထုတ်ဖော် ပြီးနောက် သူသည် မဟာ ကာရိုးလ် သခင်ကြီးထံသို့ ပြေးဝင်သွားသည်။

ပြင်းထန်သော လေဟုန်ခွင်းသံကြောင့် မဟာ ကာရိုးလ် သခင်ကြီး လိပ်ပြာလွင့်မတတ် ကြောက်လန့် သွားသည်။

သူ အားကုန်သုံး၍ ယဲ့ဖန်၏ လက်သီးချက်အား ခပ်သွက်သွက် ပြန်ထိုးနှက်လိုက်သည်။ ထို့နောက် ထိုနေရာ၌ ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာသည်။ ထိပ်တန်း သိုင်းပညာရှင် နှစ်ယောက် ထိပ်တိုက် ရင်ဆိုင်မိ သွားကြသည်။

ဝုန်း!

မဟာ ကာရိုးလ် သခင်ကြီးသည် ထိတ်လန့်ဖွယ် အင်အား တစ်ခုကို ခံစားလိုက်မိသည်။ ထို့ပြင် သူသည် သူ့လက်သီးမှ ဂျွတ်ခနဲ မြည်သံကို ကြားလိုက်ရပြီးနောက် သူ့လက်သီးသည်လည်း တစ်စစီ ကျိုးပဲ့သွား၏။

ထို့ပြင် ထိုထိတ်လန့်ဖွယ် အင်အားသည် သူ၏ လက်မောင်း တစ်ခုလုံးသို့ ပျံ့နှံ့လာပြီး သူ့လက်မောင်း တစ်ဘက်လုံး ပေါက်ကွဲသွားသည်။

ထို့နောက် သူ့ခန္ဓာကိုယ်တစ်ဝက် ကွဲထွက်သွားကာ သူ၏ ရဲရဲနီနေသော သွေးများက မြေကြီးပေါ် စိမ့်၍ စီးကျလာသည်။

ဆိုးရွားစွာ ကိုယ်အင်္ဂါ ပြတ်တောက်သွားပြီးနောက် အော်သံနှင့်အတူ မဟာ ကာရိုးလ် သခင်ကြီး၏ ကျန်ကိုယ်တစ်ဝက်သည် မြေကြီးပေါ် ပြုတ်ကျ လာသည်။

အလွန့်ကို ချောက်ချားဖွယ် ကောင်းလှသည်။

လက်သီးချက် တစ်ချက်တည်းနှင့် ယဲ့ဖန်က မဟာ ကာရိုးလ်သခင်ကြီးအား အကြီးအကျယ် ထိခိုက် အောင် လုပ်နိုင်သွားခဲ့သည်။

တိုက်ခိုက်မှုသည် အလွန် ထိတ်လန့်ဖွယ် ကောင်းလှသည်။ ဘေးပတ်လည်မှ အခြားသူများ အားလုံး သွေးသံတရဲရဲ မြင်ကွင်းကြောင့် လုံးဝကို သွေးပျက်သွားကြသည်။

မဟာ ကာရိုးလ်သခင်ကြီး၏ အော်သံများကို ကြားပြီးနောက် အခြားသူများအားလုံး ချမ်းစိမ့်စိမ့် ဖြစ်လာရသည်။

တစ်ချိန်တည်းမှာပင် မိုရိုသွေးစွန်းတစ္ဆေ၊ အမှောင် သခင်နှင့် ကျိုချင်းချန်တို့က နတ်ဘုရားမ တို့၏ ဧကရီနှင့် မှော်နက် နတ်ဘုရားမတို့အား ဆက်၍ တိုက်ခိုက်လာသည်။

“သတ်၊သတ်၊သတ်”

သူတို့သည် သူတို့၏ ခွန်အားကို အပြည့်ထုတ် သုံးကာ အသေသတ်နိုင်သော တိုက်ကွက်များဖြင့် နတ်ဘုရား အဆင့် နှစ်ယောက်အား တိုက်ခိုက် လာကြသည်။

ထို့ကြောင့် နတ်ဘုရားမတို့၏ ဧကရီနှင့် မှော်နက် နတ်ဘုရားမတို့ ဒဏ်ရာများ ရလာကြပြီး သွေးများ ပန်းထွက်လာသည်။

နတ်ဘုရားအဆင့် နှစ်ယောက်သည် အလွန်စူးရှ လှသည့် နာကျင်မှုကြောင့် ဒေါသအိုး‌ ပေါက်ကွဲလို့ လာသည်။

ဤသည်ကို ကြည့်ပြီး နတ်ဘုရားမမြို့တော်ထဲမှ အခြားသူများ ကြောက်လန့်ကာ အသက်ပင် မရှူနိုင် တော့ပေ။

*ငါတို့တော့ ကြွတော့မှာပဲ*

တစ်ကမ္ဘာလုံး၌ နှစ်တစ်ထောင်နီးပါး နာမည်ကျော် ကြားခဲ့သည့် နတ်ဘုရားမ မြို့တော်၏ ကမ္ဘာပျက် မည့်နေ့သို့ ရောက်လာပြီ ဖြစ်ကြောင်း သူတို့ သတိပြုလိုက်မိသည်။

အခြားသူများသည် သူတို့‌ ရေခဲအိမ်၌ ရောက်သွား သကဲ့သို့ အေးစိမ့်စိမ့် ဖြစ်လာကြသည်။ ခဲလ်ဆာနှင့် သူ့လူများ အံ့အားသင့်နေကြ၏။

အော်ဟစ်နေသော မဟာ ကာရိုးလ် သခင်ကြီးနှင့် သွေးအလိမ်းလိမ်း ဖြစ်နေသော နတ်ဘုရားမတို့၏ ဧကရီတို့ကို ကြည့်ပြီး သူတို့၌ မည်သည့် အခွင့်အရေးမျှ မရှိတော့သလို ခံစားလာရသည်။

“မဖြစ်နိုင်ဘူး … နတ်ဘုရားမမြို့တော်က ကမ္ဘာ တစ်ဝန်းမှာ ပြိုင်ဘက်ကင်းခဲ့တာ၊ ဘယ်လိုလုပ် ငါတို့မြို့တော်က သူ့ရဲ့ ဖယ်ရှားခြင်းကို ခံရနိုင်မှာလဲ”

“နတ်ဆိုးတွေ၊ သူတို့အားလုံးက နတ်ဆိုးတွေပဲ”

ခဲလ်ဆာသည် ပြာနှမ်းနေသော မျက်နှာနှင့် မြေကြီးပေါ် ဖင်ထိုင်ရက် လဲကျသွားသည်။ သူ အသေးအဖွဲကောင်ဟု သတ်မှတ်ထားသော လူက နတ်ဘုရားမမြို့တော်တစ်ခုလုံးအား သုတ်သင် တော့မည်ဟု သူ လုံးဝ မယုံကြည်နိုင်သေးပါ။

“အား...အား...အား...”

ထိုစဉ် စူးခနဲ အော်သံတစ်ခုကို သူတို့ ကြားလိုက် ရသည်။ ထို့နောက် နတ်ဘုရားမတို့၏ ဧကရီထံမှ လက်မောင်း တစ်ဘက်ကို အမှောင်သခင်က ဆွဲဖြုတ်လိုက်သည်ကို သူတို့ မြင်လိုက်ရသည်။

ထို့နောက်တွင် သူမ၏ ပြတ်ထွက်သွားသော လက်မောင်း တစ်ဘက်က အဝေးသို့ လွင့်ထွက် သွားလေတော့သည်။

“နင် ငါ့ကို ဒီလိုလုပ်ရအောင် အတင်းလုပ်တာ။ နင် ငါ့ကို ဒီလိုလုပ်ရအောင် အတင်းလုပ်တာပဲ”

နတ်ဘုရားမတို့၏ ဧကရီက ဧကရီတစ်ပါး၏ မြင့်မြတ်သော ဟန်ပန်မှ ဝေးကွာကာ ဖိုသီဖတ်သီ အမူအရာနှင့် ကြုံးဝါးလာသည်။

သူမပုံစံက အရူးလိုပင်။

ယဲ့ဖန်နှင့် ယဲ့ဖန်ဘက်မှ နတ်ဘုရားအဆင့်များကို မီးဝင်းဝင်းတောက်နေသော အကြည့်များဖြင့် ကြည့်ကာ အလွန် နာကြည်းမုန်းတီးဟန်ဖြင့် ပြော လိုက်သည်။

“နင်က နတ်ဘုရားမမြို့တော်ကို ရှင်းလင်းချင်မှတော့ အတူတူ ပျောက်ကွယ်ကြတာပေါ့”

*ဘာ*

သူမ၏ ကြုံးဝါးသံကြောင့် အားလုံး ထိတ်လန့် သွားကြသည်။

*သူမမှာ ဝှက်ဖဲရှိတာလား*

*ဧကရီမှာ ဝှက်ဖဲရှိတယ်ဆို ဘာလို့ အစောက တည်းက ထုတ်မသုံးတာလဲ*

အားလုံးသည် သူမစကားကို မယုံသင်္ကာ ဖြစ်နေ ကြသည်။ သို့သော် နောက်ဆက်တွဲ အဖြစ် အပျက်က အားလုံးကို မျက်လုံးပြူးသွားစေရသည်။

နတ်ဘုရားမတို့၏ ဧကရီသည် သူမ၏ ကျန်ရှိနေသော လက်တစ်ဘက်ဖြင့် သူမနဖူး အလယ် တည့်တည့်ကို ထိ၍ ပြောလာသည်။

“အနောက်ဘက် ကောင်းကင်ဘုံငယ် နတ်ဘုရား များကို ဂါဝရပြုပါတယ်၊ နတ်ဘုရားမမြို့တော်က အနောက်ဘက် ကောင်းကင်ဘုံ အရှင်ရဲ့ ကာကွယ်မှု အောက်မှာ ရှိနေခဲ့တာ နှစ်တစ်ထောင်နီးပါး ရှိခဲ့ပါပြီ။ အခု ကျွန်မတို့ ကပ်ဘေးတစ်ခုနဲ့ ရင်ဆိုင်နေရပြီး သုတ်သင်ခံရပါတော့မယ်”

“နတ်ဘုရားမမြို့တော်ရဲ့ ဧကရီဖြစ်ပြီး သင့်ရဲ့ ကျိုးနွံတဲ့ အစေခံလည်း ဖြစ်တဲ့ မန်ရှန်က ကိုယ့်ရဲ့ နတ်ဘုရားအဆင့် အမြုတေကို သုံးပြီး အနောက်ဘက် ကောင်းကင်ဘုံရဲ့ ဂိတ်တံခါးကို ဖွင့်ချ င်ပါတယ်။ အရှင် ... ကျေးဇူးပြု၍ ကိုယ်ထင်ပြ ပေးပြီးတော့ နတ်ဘုရားမြို့တော်ရဲ့ ဆုံးရှုံးမှုတွေ အတွက် လူသတ်သမားတွေကို လက်စားချေပေးပါ”

သူမစကားကို ကြားပြီးနောက် အခြားသူများ အလွန် မှင်တက်သွားကြသည်။

*အရှင်*

နတ်ဘုရားမ၏ နောက်လိုက်တိုင်းသည် အလွန် ထိတ်လန့်သွားသော မျက်နှာထားဖြင့် ရေရွတ် လိုက်မိကြသည်။

မြင့်မြတ်သော နတ်ဘုရားမတို့၏ ဧကရီက အရှင်သခင် တစ်ယောက်၏ အစေခံဖြစ် နေလိမ့် မည်ဟု သူတို့ ထင်မှတ်မထားမိခဲ့ကြပေ။

*မ...မဖြစ်နိုင်လိုက်တာ*

သို့သော် နတ်ဘုရားမတို့၏ ဧကရီသည် အခြားသူ များ၏ အပြုအမူများကို မသိကျိုးကျွန် ပြုထားကာ မြေကြီးပေါ်၌ လေးဘက်ထောက်ထားသည်။

ဂျွတ်!

သူမသည် သူမ၏ နတ်ဘုရား အမြုတေကို ရက်စက်စွာ ထုတ်ယူလိုက်သည်။

တောက်! တောက်!

နီရဲနေသော သွေးများက သူမ၏ နတ်ဘုရားအဆင့် အမြုတေမှ တစ်စက်စက် ကျနေသဖြင့် သွေးပျက်ဖွယ် ကောင်းလှသည်။

ထိုစဉ် အားလုံး၏ အကြည့်များအောက်မှာပင် နတ်ဘုရားမမြို့တော်၏ အမြင့်ဆုံး မြင့်မြတ်သော မျှော်စင်မှ ပဲစေ့ခန့် အဖြူရောင် အလင်းတန်း ဆင်းသက်လာပြီး နတ်ဘုရားအဆင့် အမြုတေပေါ် သို့ ရောင်ပြန်ကျရောက်လာသည်။

ထို့နောက် မြို့တစ်ခုလုံးအား မိုးကောင်းကင်မှ တောက်ပစွာ အလင်းတန်းများ လွှမ်းခြုံသွားးသည်။ ထိုအရာသည် ကမ္ဘာခြား အာကာသ ဟင်းလင်း ပြင်၏ ကျယ်ပြောသော ဧရိယာ ဖြစ်သည်။

များစွာသော ဖြစ်ထွန်းစည်ပင်သည့် ဂြိုဟ်များက ဖြည်းညှင်းစွာ လည်ပတ်နေပြီး ထိုဂြိုဟ်များ၌ ကြောက်မက်ဖွယ် ကောင်းသော သက်ရှိများစွာ တည်ရှိနေသည်။

ထို့ပြင် သရဖူနှင့် ဆံဖြူအဘိုးအို တစ်ယောက်သည် ထိတ်လန့်ဖွယ်ကောင်းသည့် သိုင်းပညာရှင်များ နှင့်အတူ ရုတ်တရက် ထွက်ပေါ်လာသည်။

သူတို့အဖွဲ့သည် လင်းလက်နေသော ကောင်းကင်မှ ကောင်းကင်ဘုံ နတ်ဘုရားများကဲ့သို့ လွင့်မျောကာ ရောက်ရှိလာသည်။ သူတို့၏ ကြောက်မက်ဖွယ် ကောင်းသော ချီဓာတ်များက ဟင်းလင်းပြင် တစ်ခုလုံးကို ပုံပျက်သွားစေသည်။

“ဘယ်သူက သောင်းကျန်းနေတာလဲ။ အနောက် ဘက် ကောင်းကင်ဘုံဂိတ်တံခါးရဲ့ မြို့တော်က ကျေးကျွန် တွေကို သုတ်သင်ဖို့ စိတ်ကူးထဲတောင် မထည့်နဲ့”

ထိုစဉ် ကောင်းကင်ဘုံ၏ ခွန်အားများ ပါဝင်သော အသံတစ်သံက အားလုံး၏ နားထဲသို့ ရိုက်ခတ်လာ သည်။

ထို့နောက် အားလုံး၏ အံ့ဩနေသော အကြည့်များ အောက်တွင် သရဖူနှင့် အဘိုးအိုက ရှေ့သို့ တစ်လှမ်းတိုး လာပြီးနောက် သူ၏ ကိုယ်ပွားက ဟင်းလင်းပြင် ဂိတ်တံခါးကို ဖြတ်သန်းလာသည်။

ဝုန်း!

ထိုမြင်ကွင်းကြောင့် အားလုံး အလွန် အံ့အားသင့် သွားကြသည်။

*နတ်ဘုရား*

*သူက တကယ့် နတ်ဘုရားပဲ*

သို့သော် သူသည် နတ်ဘုရားအဆင့်နှင့် မတူပေ။ သူ၏ ကိုယ်ပွားမှ ခွန်အားနှင့်ပင် သူ့နောက်လိုက်များ အားလုံးကို လေးဘက်ထောက် ဝပ်တွားသွား စေနိုင်သည်။

မည်မျှ လွှမ်းမိုးနိုင်သည့် ချီဓာတ်ပါလိမ့်။

သူ၏ ကိုယ်ပွားပင် ဖြစ်သော်ငြားလည်း ကမ္ဘာ တစ်ခုလုံးအား လက်သီး တစ်ချက်တည်းဖြင့် ပေါက်ကွဲ သွားအောင် လုပ်နိုင်သည်။

သူ၏ ကြောက်မက်ဖွယ်ကောင်းသော ချီဓာတ်က လူတိုင်းကို လိပ်ပြာလွင့်မတတ် ထိတ်လန့် သွားစေသည်။ ဤသည်ကို ကြည့်ပြီး နတ်ဘုရား မတို့၏ ဧကရီက အားတက်လာသည်။

သူနှင့် ရင်မဆိုင်ရဲသဖြင့် သူမ လေးဘက် ထောက်ထားမိသည်။ သူမ အသံက တုန်ယင်လို့ နေသည်။

“ကြိုဆိုပါတယ် ကောင်းကင် ဂိတ်တံခါး အရှင်၊ ကျေးဇူးပြုပြီး ဒီလူသတ်သမားတွေကို သတ်ပြီး ကျွန်မတို့ကို ကူညီပေးပါ”

ထို့အတူ အပြင်းအထန် ဒဏ်ရာရထားသော နတ်ဘုရားမ အယောက်နှစ်ဆယ်လုံးသည်လည်း လေးဘက် ထောက်၍ ကျယ်လောင်စွာ အော်ပြော လာသည်။

“အရှင် ကျေးဇူးပြုပြီး ဒီလူသတ်သမားတွေကို သတ်ပေးပါ”

….

သူတို့၏ ရူးမတတ် အော်သံများက နတ်ဘုရားမ မြို့တော်အနှံ့ ပျံ့နှံ့သွားသည်။ သူတို့၏ အသံများကို နားထောင်ပြီးနောက် အဘိုးအို၏ ကိုယ်ပွားသည် လေထုထဲသို့ ကြမ်းကြုတ်သော ချီဓာတ်ကို ဖြန့်လွှင့် လိုက်ရင်း ယဲ့ဖန်ကို စိုက်ကြည့်လာသည်။

သို့သော် ယဲ့ဖန်ကို လှမ်းကြည့်ပြီးသည်နှင့် သူ၏ ကိုယ်ပွားသည် တုန်ယင်လာပြီး သူ၏ အိုမင်းနေသော မျက်နှာက ဖြူဖတ်ဖြူရော် ဖြစ်လာသည်။

All Chapters