← Chapters

အခန်း (၃၅၈-၃၆၀)

Vol. 24 Ch. 358-360

အခန်း (၃၅၈-၃၆၀)

Vol. 24 Ch. 358-360

Chapter 358 သဘောတူတယ်မလား

ဖီးနစ်နားခိုရာတောင်၊

တစ်ကမ္ဘာလုံး ဆင့်ကဲပြောင်းလဲမှု ဖြစ်ပေါ်က တည်းက ဤဒေသသည် သန်မာလှသည့် မကောင်း ဆိုးဝါးများစွာ၏ သောင်းကျန်းမှုဒဏ်ကို ခံခဲ့ရသည်။

သို့သော် ဖီးနစ်နားခိုရာတောင်မှ သားရဲ နတ်ဘုရား များ၊ သားရဲဘုရင်များနှင့် သားရဲ စစ်သူကြီးများ အပါအဝင် မကောင်းဆိုးဝါးများအားလုံး လွန်ခဲ့သည့် တစ်လလောက်ကတည်းက မျိုးသုဉ်းသွားပြီ ဖြစ်သည်။

ထိုသို့ဖြစ်ရခြင်းမှာ ရှေးဟောင်းကလန် သုံးခုက လူလုံးထွက်ပြ လာသောကြောင့်ပင်။ ဖီးနစ်နားခိုရာ တောင်သည် ရှေးဟောင်းကလန်သုံးခု၏ အခြေစိုက် စခန်းဖြစ်သည်။

နေ့လည်ခင်းပိုင်းတွင် သွေးသံတရဲရဲနှင့် ပုံရိပ်နှစ်ခု ရုတ်တရက် ရောက်ချလာသည်။ ထိုသူတို့သည် ဟွမ်ဖူရွှမ်နှင့် စစ်မာချန်ဖုန်းတို့ပင်။

နတ်ဘုရားအဆင့် နှစ်ယောက်လုံး အခြေအနေ အလွန် ဆိုးရွားနေသည်။ သူ့တို့တစ်ကိုယ်လုံးမှ သွေးများ ခြောက်သွေ့နေကာ သူတို့ကိုယ်ပေါ်မှ ဆိုးရွား လှသော ဒဏ်ရာများကလည်း နတ်ဆိုး များ၏ လက်ချက်ကြောင့် ဖြစ်ပေါ်လာ သယောင် ထင်ရသည်။

သူတို့နှစ်ယောက်လုံး အလွန် ကသိကအောက် ဖြစ်နေကြသည်။

“သောက်ခွေးမသားတွေ”

ဟွမ်ဖူရွှမ် ကျိန်ဆဲလိုက်မိသည်။ ထိုတိုက်ပွဲသည် သူ ကြုံဖူးသမျှထဲတွင် အဆိုးရွားဆုံး တိုက်ပွဲဖြစ်သည်။

တကယ့် နတ်ဘုရားအဆင့်တစ်ယောက်ဖြစ်ပြီး ကမ္ဘာအနှံ့ ထိပ်သီး အကြီးအကဲများ အဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ယောက်ဖြစ်သည့် သူက ကျန်းရှီမြို့ရှိ နိမ့်ကျလှသည့် ပုရွက်ဆိတ်များ၏ အနိုင်ယူခြင်းကို ခံရလိမ့်မည်ဟု သူ ထင်မှတ်မထားမိခဲ့ပေ။

အမုန်းတရားများကြောင့် ဟွမ်ဖူရွှမ် ဆောက်တည် ရာမရ ဖြစ်လို့နေ၏။ ထို့နောက် စစ်မာချန်ဖုန်း ကလည်း နာကျည်းစွာဖြင့် ပြောလာသည်။

“ပွဲသိမ်းသွားပြီ၊ အစ်ကိုဟွမ်ဖူ ကျုပ်တို့ ပုရွက်ဆိတ်လို လူတစ်သိုက်ကြောင့် ရှုံးသွားရပြီ။ တကယ်လို့များ ထိပ်သီး အကြီးအကဲများ အဖွဲ့အစည်း ကသာ ကြားသွားလို့ကတော့ သူတို့ ကျုပ်တို့ကို သေချာပေါက် လှောင်ပြောင်ကြမှာပဲ”

“အဲ့လိုဖြစ်လာခဲ့ရင် ကျုပ်တို့ ထိပ်သီး အကြီးအကဲ များ အဖွဲ့အစည်းက ကျုပ်တို့နေရာကို ထိန်းသိမ်း နိုင်မှာ မဟုတ်ဘူး”

“ကျုပ်တို့ မရှုမလှ ရှုံးသွားတော့ ကျုပ်တို့ရဲ့ ဂုဏ်သိက္ခာကလည်း တော်တော်လေး ကျဆင်း သွားပြီ”

အကယ်၍များ ထိပ်သီး အကြီးအကဲများ အဖွဲ့အစည်းက သူတို့နှစ်ယောက် ရှုံးနိမ့်သွားသည်ကို သိသွားလျင် သူတို့၏ ရာထူးများသည်လည်း ဖြုတ်ခနဲ ကျဆင်းသွားလိမ့်မည် ဖြစ်သည်။

သူတို့ကို မည်သူမျှ လေးစားတော့မည် မဟုတ်။

စစ်မာချန်ဖုန်း၏ စကားများကို ကြားပြီး ဟွမ်ဖူရွှမ် က အံကိုကြိတ်၍ တင်းမာသော မျက်နှာ ထားဖြင့် ပြောလိုက်သည်။

“စိတ်မပူနဲ့၊ ကျုပ် ဒီကို ပြန်လာတဲ့လမ်းမှာ ရှေးဟောင်း ကလန်တစ်ခုနဲ့ ဆက်သွယ်ခဲ့ပြီးပြီ”

“သူတို့က ကျုပ်တို့ရဲ့ ဂုဏ်သိက္ခာအတွက် သူတို့ အစွမ်းကုန် လက်စားချေပေးမယ်လို့ ကတိပေး ထားပြီးပြီ”

*ဘယ်ရှေးဟောင်းကလန်ပါလိမ့်*

ဟွမ်ဖူရွှမ်၏ စကားကြောင့် စစ်မာချန်ဖုန်းက တစ်ခဏမျှ တွေဝေသွားသည်။ ထို့နောက် သူ ပြန်မေးလိုက်သည်။

“ခင်ဗျားပြောတာ ဟွာရှနိုင်ငံရဲ့ အနောက်တောင် အရပ်မှာ သီးသန့်နေနေတဲ့ ဟိုအင်အားကြီး ရှေးဟောင်း ကလန်ကို ပြောတာလား”

ဟွာရှနိုင်ငံ၌ ရှေးဟောင်းကလန် သုံးခုသာ ရှိသည်ဟု လူတိုင်း သိထားကြသည်။ သို့သော် နှစ်ထောင် သောင်းချီ၍ တံခါးပိတ်နေနေကြသော နောက်ထပ် ရှေးဟောင်းကလန်တစ်ခု ရှိနေသေးသည်ကို ဟွမ်ဖူရွှမ်နှင့် စစ်မာချန်ဖုန်းတို့ သိထားကြသည်။

ထိုသူတို့သည် ဟွာရှနိုင်ငံ၏ နံပါတ်တစ် ရှေးဟောင်း ကလန် တစ်ခု ဖြစ်ခဲ့သည်။

စစ်မာချန်ဖုန်းသည်လည်း ချက်ချင်း တက်ကြွ လာကာ ပြန်ပြောလိုက်သည်။

“ဒါ သိပ်ကောင်းတယ်၊ အဲ့အင်အားကြီး ရှေးဟောင်း ကလန်က တစ်နိုင်ငံလုံးကို ထိတ်လန့်သွားစေမှာပဲ။ သူတို့ရဲ့ အကူအညီနဲ့ဆိုရင် ကျန်းရှီ သိုင်းပညာရှ င်တွေ သေချာပေါက် မျိုးသုဉ်းခံရမှာပဲ၊ ယဲ့ဖန်လည်း သေဆုံးရတော့မှာ”

စစ်မာချန်ဖုန်းနှင့် ဟွမ်ဖူရွှမ်တို့ နှစ်ယောက်လုံး ပီတိဖြာလာကြသည်။ တက်ကြွသော ခြေလှမ်း များနှင့် သူတို့သည် ဖီးနစ်နားခိုရာတောင်သို့ ခပ်သော့ သော့ ခရီးနှင်ကြသည်။

သို့သော် သူတို့ တောင်ထပ်သို့ရောက်သည်နှင့် ချက်ချင်း မှင်တက်သွားကြသည်။

“အာ … ကျုပ်တို့ ကလန်သုံးခုရဲ့ အစောင့်တွေ ဘယ်ရောက်နေတာလဲ”

“ကျုပ် တစ်ယောက်မှလည်း မမြင်မိဘူး”

နတ်ဘုရားအဆင့် နှစ်ယောက်လုံး တွေဝေ သွားကြသည်။ ပုံမှန်ဆိုလျင် တောင်တစ်ခုလုံးသည် ရှေးဟောင်းကလန်နှစ်ခု၏ အခြေစိုက်စခန်း ဖြစ်သောကြောင့် အစောင့်များဖြင့် အမြဲ ပြည့်နှက် လျက် ရှိသည်။

သို့သော် ယခု မည်သူ့ကိုမျှ မမြင်ရပေ။ ထို့ကြောင့် နှစ်ယောက်လုံး မကောင်းသော အရိပ်အငွေ့ကို ခံစားမိနေသည်။

“တစ်ခုခုများ … ဖြစ်သွားတာလား”

ထိုအတွေးက ဟွမ်ဖူရွှမ်၏ စိတ်ထဲ ချက်ချင်း ဝင်ရောက်လာသည်။ ထို့အတူ သူ၏ မျက်လုံးများကလည်း ဂနာမငြိမ် ဖြစ်လာသည်။ ထို့ကြောင့် သူသည် တောင်ထပ်သို့ ခပ်သွက်သွက် ပြေးတက်သွားသည်။

သို့သော် တောင်တက်လမ်းတစ်လျှောက်၌ မြင်လိုက် ရသည့် မြင်ကွင်းကြောင့် သူ အရူးမီးဝိုင်းသလို ဖြစ်သွားရသည်။

အလောင်းတွေပါလား။

တောင်တက်လမ်း တစ်လျှောက် အလောင်းများ စွာက နေရာအနှံ့ ပြန့်ကျဲလို့နေသည်။ ထိုအလောင်း များ အားလုံးသည် ဟွမ်ဖူကလန်နှင့် စစ်မာ ကလန်တို့၏ အစောင့်များ ဖြစ်သည်။

သူတို့၏ အလောင်းများက ဆိုးရွားစွာ ပုံပျက် နေသည်။ သူတို့အားလုံး အပိုင်းပိုင်း ခုတ်ထစ်ခံ နေရပြီး သူတို့၏ သွေးများကြောင့် တောင်တက် လမ်းတစ်လျှောက် ရဲရဲနီလို့နေသည်။

လေထုထဲတွင် ဆိုးရွားလှသည့် သွေးနံ့များက လှိုင်လှိုင်ထနေသည်။

တစ်ယောက်၊ နှစ်ယောက်၊ အယောက် နှစ်ဆယ်၊ အယောက် ငါးဆယ်။

သူတို့ တောင်ထိပ်နှင့် နီးလာလေ၊ အလောင်းများ ပို၍ များပြားစွာ တွေ့လာရလေ ဖြစ်သည်။

အလောင်းများအားလုံးသည် ရှေးဟောင်း ကလန်နှစ်ခု၏ အကြီးအကဲများ ဖြစ်ကြသည်။ သို့သော် သူတို့ မသေခင် သရဲသဘက်အား မြင်တွေ့လိုက် ရသကဲ့သို့ သူတို့၏ ငြိမ်သက်နေသော မျက်လုံးများ၌ အကြောက်တရားများနှင့် ပြည့်နှက် နေသည်။

“ဘယ်သူလဲ၊ ဘယ်ကောင်လုပ်တာလဲ”

နတ်ဘုရားအဆင့် နှစ်ယောက်လုံး ထိတ်လန့်ကာ ဒေါသထွက်လာကြသည်။

တစ်စုံတစ်ယောက်က ဤမျှ မထီလေးစားပြုမူ၍ ရှေးဟောင်း ကလန်နှစ်ခု၏ အခြေစိုက်စခန်းကို တိုက်ခိုက်ရဲလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ် မထားမိကြပါ။

ဟွမ်ဖူရွှမ်နှင့် စစ်မာချန်ဖုန်းတို့ ရူးမတတ်ဖြစ်ကာ တောင်ထိပ်သို့ ပြေးတက်သွားကြသည်။

သို့သော် တောင်ထိပ်နှင့် နီးလာလေ အလောင်များ၏ ပုံပန်းသဏ္ဌာန်က ပို၍ ကြောက်မက်ဖွယ် ကောင်းလာသည်။

“မင် ငါ့မြေး၊ မင်းကို ဘယ်သူသတ်လိုက်တာလဲ။ ဘယ်သူလုပ်တာလဲကွာ”

“ချန်ရှန်၊မဟုတ်ဘူး”

…

ယခုအချိန်၌ တကယ့် နတ်ဘုရား အဆင့် နှစ်ယောက်လုံး ရူးမတတ် အော်ဟစ်နေကြသည်။

ရှေးဟောင်းကလန် နှစ်ခုလုံး၏ တိုက်ရိုက် မျိုးဆက် များ။ ရှေးဟောင်း ကလန်နှစ်ခုလုံး၏ အကြီးအကဲ များ။ သူတို့၏ မြေးများ၊ သားများ၊ ညီငယ်များ …

ရှေးဟောင်းကလန်နှစ်ခုလုံး၏ မိသားစုဝင်များ အားလုံး အသတ်ခံလိုက်ရပြီ ဖြစ်သည်။

ရူးချင်စရာကောင်းလှသည်။ သွေးဆာလွန်းလှသည်။

တောင်ထိပ်သို့ တက်လာရာ လမ်းတစ်လျှောက်၌ သူတို့သည် အလောင်း တစ်ထောင်ကျော်ကို ဖြတ်ကျော်ခဲ့ ရပြီးပြီ ဖြစ်သည်။

သူတို့၏ ကလန်တစ်ခုလုံး သုတ်သင်ခံလိုက်ရခြင်း ဖြစ်သည်။ တစ်စုံတစ်ယောက်က ရှေးဟောင်း ကလန် နှစ်ခုလုံးကို မျိုးသုဉ်း စေချင်နေခဲ့ပြီ။

“ဘယ်ကောင် လုပ်လိုက်တာလဲကွ၊ ဒီမှာ ငါတို့ရဲ့ နတ်ဘုရားအဆင့် ဆယ့်သုံးယောက်နဲ့ နတ်ဘုရား တစ်ပိုင်း အဆင့် ခြောက်ယောက်တောင် ရှိတာလေ”

“ရန်သူတွေက တကယ့် နတ်ဘုရားအဆင့် ဖြစ်နေရင် တောင်မှ သူတို့ အသတ်ခံရမှာပဲလေ၊ ဒါပေမယ့် အခုက …”

တကယ့် နတ်ဘုရားအဆင့် နှစ်ယောက်လုံး သူတို့ မျက်လုံးများနှင့် မြင်နေရသည်များကို မယုံကြည်နိုင် ဖြစ်နေသည်။

“အား…အား…အား”

ထိုစဉ် အလွန် စူးရှလှသည့် အော်သံတစ်ခုက ဟွမ်ဖူကလန်၏ အိမ်တော်ထဲမှ ပဲ့တင်ထွက် လာသည်။

“ဒါက လင်းရဲ့ အသံပဲ”

ဟွမ်ဖူရွှမ် ကြောက်လန့်သွားသည်။ ထိုအော်သံက သူ့မြေး ဟွမ်ဖူလင်း၏ အသံမှန်း သူ သိနေသည်။ ထို့ကြောင့် နှစ်ယောက်လုံး ဟွမ်ဖူအိမ်တော်ထဲသို့ မုန်ယိုနေသော သားရဲနှစ်ကောင်ကဲ့သို့ ပြေးဝင် သွားကြသည်။

ဒုန်း!

အိမ်တော်၏ တံခါး လွင့်ထွက်သွားသည်။သူတို့ အထဲသို့ ရောက်သည်နှင် နှစ်ယောက်လုံး မျက်လုံး ပြူးကာ ဒေါသပိုထွက်လာကြသည်။

အလောင်းတွေပါလား။ ရာနှင့်ချီသော အလောင်း များက တောင်လိုပုံနေသည်။

အလောင်းတိုင်းသည် ရှေးဟောင်းကလန်နှစ်ခုလုံး၏ တိုက်ရိုက် မျိုးဆက်များ၏ အလောင်းများ ဖြစ်နေ သည်။

နတ်ဘုရားအဆင့်များနှင့် နတ်ဘုရား တစ်ပိုင်း အဆင့်များ။

အလောင်းများအပြင် ထိုအလောင်းများမှ စီးကျ လာသော သွေးများက မြစ်တစ်စင်းအသွင်သို့ ပြောင်းနေ သည်။

အလောင်းတောင်ထိပ်၌ ထမ်းစင်တစ်ခုရှိနေပြီး ထိုပေါ်၌ ဟွမ်ဖူလင်း လှဲလျောင်းလျက် ရှိနေ၏။

ယခင်တုန်းက ဟွမ်ဖူလင်းသည် ထိပ်ပြောင် အားဆန်ကို ရှုံးခဲ့ပြီး သူ၏ အရိုးများအားလုံးကို ဆုံးရှုံးလိုက်ရသည်။

ယခုအခါတွင်မူ အနက်ရောင် ဝတ်စုံနှင့် လူငယ်လေး တစ်ယောက်က ထိုင်လျက်ရှိနေပြီး ဟွမ်ဖူလင်း၏ ကိုယ်မှ အသားများအား ဧရာမ ဓားနက် တစ်ချောင်းဖြင့် လှီးထုတ်နေသဖြင့် ဒဏ်ရာများစွာ ရလာသည်။

ရွှစ်! ရွှစ်!

ဟွမ်ဖူလင်းသည် စူးရှလှသော ဒဏ်ရာများနှင့်အတူ တုန်ယင်နေပြီး သွေးအလိမ်းလိမ်းဖြင့် ဖြစ်နေသည်။

သနားစရာကောင်းလှသည်။

“လင်း”

သွေးပျက်ဖွယ်ကောင်းသည့် မြင်ကွင်းကြောင့် ဟွမ်ဖူရွှမ် တုန်ယင်သွားသည်။

ရက်စက်သည်။

တစ်စုံတစ်ယောက်က သူ၏မြေးအား ဤမျှ ရက်စက်စွာ လုပ်ရဲလိမ့်မည်ဟု သူ လုံးဝ ထင်မထား ခဲ့မိပေ။

“မင်း ဘယ်သူလဲ”

ဟွမ်ဖူရွှမ်က အနက်ရောင်ဝတ်စုံနှင့် နတ်ဆိုး ဆန်သော လူငယ်လေးအား စိုက်ကြည့်ရင်း သားရဲ ကဲ့သို့ ဟစ်အော်လိုက်မိသည်။

ထိုသူသည် ဒဏ္ဍာရီလာအဆင့်သာ ရှိသေးသည်။

သို့သော် ဘာရယ်ကြောင့်မှန်းမသိသော်လည်း ထိုအနက်ရောင် ဝတ်စုံနှင့် လူငယ်လေးကို ကြည့်နေ ရင်း သူ့ရင်ထဲ ထိတ်ထိတ်ပျာပျာ ဖြစ်နေပြီး ထိုလူငယ် လေးက နတ်ဆိုးတစ်ကောင် ဖြစ်သည်ဟု ခံစားမိနေသည်။

ဟွမ်ဖူရွှမ်၏ ကြုံးဝါးသံကြောင့် ထိုအနက်ရောင် ဝတ်စုံနှင့် လူငယ်လေးက ဖြည်းဖြည်းချင်း ခေါင်းကိုမော့ကြည့်လာသည်။

ထို့နောက် သူ၏ ရှင်းလင်းပြတ်သားသော မျက်နှာ ထက်၌ နတ်ဆိုးဆန်လှသည့် အပြုံးတစ်ပွင့် ဖြစ်ပေါ်လာပြီး ပြန်ပြောလာသည်။

“မင်းတို့က ငါ့ဇာတိမြို့ကို တိုက်ခိုက်ရဲမှတော့ ငါက မင်းတို့ ကလန်သားတွေကို သုတ်သင်ပစ်မှ ဖြစ်မှာပေါ့”

“သဘောတူတယ်မလား”

*ဘာ*

သူ့စကားကြောင့် ဟွမ်ဖူရွှမ်နှင့် စစ်မာချန်ဖုန်းတို့ ထိတ်လန့် သွားကြသည်။

“ယဲ့ဖန်၊ မင်း … မင်းက ယဲ့ဖန်ပဲ”

ယဲ့ဖန်က ကျန်းရှီမြို့ရှိ သူ့လက်အောက် ငယ်သား များအား ကူညီမည့်အစား သူတို့၏ ဌာနချုပ်သို့ လာရောက်၍ သုတ်သင်လိမ့်မည်ဟု တကယ့် နတ်ဘုရားအဆင့် နှစ်ယောက်လုံး ထင်မထား မိကြချေ။

ပို၍ ကြောက်မက်ဖွယ်ကောင်းသည့် အချက်ကား ရှေးဟောင်းကလန်နှစ်ခုလုံး၏ ကလန်သား တစ်ထောင်ကျော်ကို သူ တစ်ယောက်တည်း သတ်ဖြတ်ခဲ့ ခြင်းပင်။

ယဲ့ဖန်၏ အပြုအမူက တကယ့် နတ်ဘုရားအဆင့် နှစ်ယောက်လုံးကို သေချာပေါက် ဒေါသထွက် သွားစေခဲ့သည်။

Chapter 359 တကယ့် နတ်ဘုရား အဆင့်များ၏ ကျရှုံးမှု

ဖီးနစ်နားခိုရာတောင်၌ အကယ်စင်စစ် ရှေးဟောင်း ကလန် သုံးခုရှိသည်။ ယခုအချိန်၌ သိုင်းပညာရှင် များစွာတို့က အနောက်ဘက် တောင်ထိပ်၌ ရပ်လျက် ရှိနေကြသည်။

သူတို့အားလုံးသည် ရှေးဟောင်းကလန် သုံးခုထဲမှ တစ်ခုဖြစ်သည့် ကုန်းစွန်ကလန်မှ သိုင်းပညာရှင်များ ဖြစ်ကြသည်။

ထိုအဖွဲ့၏ ရှေ့ဆုံး၌ ရပ်နေသူသည် ကုန်းစွန်ကလန် ခေါင်းဆောင်ဖြစ်သူ ကုန်းစွန်ဝူကျိ ဖြစ်ပြီး ထိတ်လန့် ဖွယ် ခွန်အားကို ပိုင်ဆိုင်ထားသည့် တကယ့် နတ်ဘုရား အဆင့်ရှိသူလည်း ဖြစ်သည်။

“ခေါင်းဆောင်၊ ခင်ဗျားက အရမ်း အမြော်အမြင် ရှိတာပဲ။ ယဲ့ဖန်က တကယ့်ကို သေမင်းနတ်ဘုရားပဲ။ သူက ရှေးဟောင်းကလန် နှစ်ခုလုံးကို ရှင်းလင်း ပစ်တယ်။ တော်တော့်ကို ရက်စက်တယ်”

ကုန်းစွန်းကလန်က သိုင်းပညာရှင်တစ်ယောက်သည် သူ့နဖူးမှ ချွေးများကို သုတ်ရင်း ပြောလိုက်သည်။

ယခုအခါမှသာ သူ၏ခေါင်းဆောင်က အမြော်အမြင် ရှိရှိနှင့် အခြား ရှေးဟောင်းကလန်နှစ်ခုနှင့် ပူးပေါင်း ၍ ယဲ့ဖန်ကို မတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သူ နားလည်သွားရသည်။

သို့မဟုတ်ပါက ကုန်းစွန်းကလန်သည်လည်း ယဲ့ဖန် ကြောင့် သုတ်သင်ခံလိုက်ရမည် ဖြစ်သည်။

ကုန်းစွန်းကလန်မှ သိုင်းပညာရှင်များအားလုံး သူတို့၏ နဖူးမှ ချွေးများကို ထိတ်ထိတ်ပျာပျာဖြင့် သုတ်လိုက်မိသည်။

“ကြမ်းကြုတ်တယ်၊ ယဲ့ဖန်က လူမဟုတ်ဘူး။ ဘယ်လိုလုပ် သူတစ်ယောက်တည်းနဲ့ သိုင်းပညာရှင် အယောက်တစ်ထောင်ကျော်ကို သတ်နိုင်တာလဲ။ အံ့ဩဖို့ ကောင်းတယ်”

“သူ့ရဲ့ တိုက်ပွဲဝင်ခွန်အားက တကယ့် နတ်ဘုရား အဆင့်တစ်ယောက်နဲ့ လုံးဝယှဉ်နိုင်နေတယ်။ သေးနုပ်တဲ့ ဒဏ္ဍာရီလာအဆင့် တစ်ယောက်က ရှေးဟောင်း ကလန် နှစ်ခုကို သုတ်သင်ပြီး သွေးချောင်း စီးစေလိမ့်လို့ ထင်မထားမိဘူး”

“ကုန်းစွန်းကလန်ကတော့ ဒီကပ်ဘေးကနေ လွတ်မြောက် နိုင်မယ် ထင်ရတာပဲ”

…

ထိုသို့သော အချိန်တွင် ကုန်းစွန်းကလန်၏ ကလန်သား များကြား၌ ပွက်လောရိုက်နေသည်။

ကုန်းစွန်းဝူကျိ၏ ဆုံးဖြတ်ချက်က အလွန့်ကို အမြော်အမြင် ရှိလှသည်ဟု သူတို့အားလုံး ယုံကြည်လိုက် မိကြသည်။

ကုန်းစွန်းဝူကျိတောင်မှ သူ၏ ကိုယ်ပိုင် ဆုံးဖြတ် ချက်က ကံကောင်းထောက် မသွားသည် ဟူ၍ ခံစားမိသည်။

“ဟွမ်ဖူနှင့် စစ်မာတို့တော့ ရူးမတတ် ဖြစ်နေ တော့မှာပဲ”

ကုန်းစွန်းဝူကျိက ခါးသီးသော အပြုံးနှင့် ပြောလိုက် သည်။ အကယ်၍ သူသာ သူတို့ဘက်၌ ရပ်တည် မိလိုက်လျင် သူ နောင်တရသွား လောက်သည်။

“ယဲ့ဖန်က ခွန်အားကြီးတယ်ဆိုပင်မယ့်လည်း ဒေါသထွက် နေတဲ့ နတ်ဘုရားအဆင့် နှစ်ယောက်ရဲ့ တိုက်ကွက်တွေကို ရင်ဆိုင်နိုင်ပါ့မလားလို့ ကျုပ် စိုးရိမ်မိတယ်”

ထို့နောက် ကုန်းစွန်းဝူကျိက ဟွမ်ဖူအိမ်တော်အား လှမ်းကြည့်နေမိသည်။

….

“ဘိုးဘိုး၊ သူ့ကို သတ်လိုက်။ အဲ့ခွေးမသားကို သတ်ပစ် လိုက်”

“အား … အား … အား … ကျွန်တော်တို့ ကလန်သား တွေ အားလုံး အသတ်ခံလိုက်ရပြီ။ ကျွန်တော် သူ့ကို နုတ်နုတ်စင်းပစ်လိုက်ချင်တယ်”

ထိုစဉ် ဟွမ်ဖူလင်းက အလွန်မုန်းတီးဟန်ဖြင့် အော်ဟစ် လာသည်။ သူ ယဲ့ဖန်ကို အရမ်း မုန်းသည်။

ထို့ကြောင့် သူ့အဘိုး ဟွမ်ဖူရွှမ်နှင့် စစ်မာချန်ဖုန်း တို့ကို မြင်လိုက်ရချိန်တွင် သူ တက်ကြွလို့လာခြင်း ဖြစ်သည်။

ဟွမ်ဖူလင်းသည် ယဲ့ဖန်၏ သနားကမား မျက်နှာကို မြင်ချင်နေပြီး ယဲ့ဖန်၏ စိတ်ပျက်စွာ အော်ဟစ်နေ သံများကို ကြားချင်နေသည်။

သူ့မြေး၏ အော်သံကို ကြားပြီး ဟွမ်ဖူရွှမ်၏ မျက်နှာက ဝမ်းနည်းလာသည်။

“ယဲ့ဖန်၊ မင်း … သေကို သေရမယ်”

ဟွမ်ဖူရွှမ်က ခက်ထန်သော မျက်လုံးများနှင့် အထစ်ထစ် အငေါ့ငေါ့ပြောလာသည်။ ထို့နောက် ယဲ့ဖန်ထံသို့ သူ ပြေးဝင်သွားသည်။

သူ့ဘေးမှ စစ်မာချန်ဖုန်းသည်လည်း ပို၍ ဒေါသထွက် နေသည်။ သူမှလွဲ၍ စစ်မာ ကလန်တစ်ခုလုံး သုတ်သင်ခံလိုက်ရသည်။ ထို့ကြောင့် စစ်မာချန်ဖုန်းသည်လည်း ယဲ့ဖန်၏ ခန္ဓာကိုယ် အား ဒေါသတကြီး ဆွဲဖြဲလိုသည်။

“ခွေးမသားလေး သေလိုက်တော့”

ချက်ချင်းဆိုသလို နတ်ဘုရားအဆင့် နှစ်ယောက်က ယဲ့ဖန်အား ဝိုင်းတိုက်ခိုက်လာသည်။

ဝုန်း! ဝုန်း! ဝုန်း!

နတ်ဘုရားအဆင့် နှစ်ယောက်၏ ပြင်းထန်လှသည့် တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသဖြင့် အလောင်းပုံ ကြီးသည် ချက်ချင်းဆိုသလို ပေါက်ကွဲထွက် သွားကာ အလောင်းများထံမှ သွေးများနှင့် အသားစ များက နေရာအနှံ့သို့ လွင့်စဉ်သွားသည်။

လေထဲ၌ သွေးမြူခိုးများနှင် ပြည့်နှက်နေပြီး နတ်ဘုရား အဆင့် နှစ်ယောက်နှင့် ယဲ့ဖန်တို့ ပြင်းထန်စွာ ထိပ်တိုက် တိုက်ပွဲဝင်နေကြသည်။

ဝုန်း! ဝုန်း! ဝုန်း!

သုံးယောက်လုံးသည် လေထဲ၌ လျှပ်စီးသဖွယ် လှုပ်ရှားနေ ကြ၏။ သို့သော် သူတို့ ပိုတိုက်ခိုက်လေ၊ ပို၍ ထိတ်လန့်လာလေပင်။

ချွင်! ချွင်!

ယဲ့ဖန်၏ သံမဏိလက်သီးများက မှော်ဝင်ပစ္စည်း ကဲ့သို့ မာကြောလှသည်ကို သူတို့ မျက်ဝါးထင်ထင် မြင်တွေ့နေရသည်။

နတ်ဘုရားအဆင့် နှစ်ယောက်လုံးသည် တစ်ကြိမ် ထိုးနှက်လိုက်တိုင်း သူတို့လက်သီးမှ အရိုး အဆစ်များ အရည်ပျော်ကျမလို ခံစားမိလာ ကြသည်။ နာကျင်မှုကြောင့် သူတို့မျက်နှာများက ရှုံ့မဲ့လို့လာသည်။

မာကြောသည်။

သည်လောက်မာကြောသည့် ခန္ဓာကိုယ်မျိုး ဒီကမ္ဘာ ပေါ်မှာ ရှိနေလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မ ထားခဲ့မိကြပေ။

ဒုန်း! ဂျွတ်!

နောက်ထပ် လက်သီးတစ်ချက်နှင့်အတူ ဟွမ်ဖူရွှမ်၏ မျက်နှာ၌ ကြောက်ရွံ့မှုများနှင့် ပြည့်နှက်သွားသလို သူ၏ လက်သီးတစ်ခုလုံး ကြေမွသွားရသည်။

“သေစမ်း သူနဲ့ ထိပ်တိုက်ရင်မဆိုင်နဲ့တော့”

ဟွမ်ဖူရွှမ်သည် ချက်ချင်း သူ့လက်ဝါးတစ်ဘက်ကို လှုပ်လိုက်ပြီးနောက် ဓားရှည်တစ်လက်က သူ့လက်ထဲ ပေါ်လာသည်။

ထိပ်တန်း အရည်အသွေးရှိ မှော်ဝင်ပစ္စည်းပါလား။

ထိုဓားသည် တကယ့် နတ်ဘုရားအဆင့် များကိုတောင်မှ သတ်နိုင်သည်။

စစ်မာချန်ဖုန်းသည်လည်း လက်ကို လှုပ်လိုက် ပြီးနောက် ဓားမော့တစ်ချောင်းက သူ့လက်ထဲ ရောက်လာသည်။

နတ်ဘုရားနှစ်ယောက်နှင့် ထိပ်တန်း အရည် အသွေးရှိ မှော်ဝင်ပစ္စည်းများ။ ယခုအချိန်တွင် သူတို့၏ အရှိန်အဟုန်များက တိုးပွားလာပြီး အရာရာတိုင်းကို ဖျက်ဆီးနိုင်သကဲ့သို့ ထင်လာ ရသည်။

ဤမြင်ကွင်းကို ကြည့်ပြီး အနောက်အရပ်ရှိ တောင်ထိပ်မှ ကုန်းစွန်းကလန်သားများ မျက်ခုံးလှုပ် လာကြသည်။

“ယဲ့ဖန်တော့ ဒုက္ခရောက်ပြီ။ အဲ့နတ်ဘုရားအဆင့် နှစ်ယောက်က သူတို့ရဲ့ ဝှက်ဖဲတွေကို ထုတ်သုံး လာပြီပဲ”

ဟွမ်ဖူရွှမ်နှင့် စစ်မာချန်ဖုန်းတို့ ကြံရာမရဖြစ်နေမှန်း ကုန်းစွန်ကလန်သားများ ရိပ်စားမိလိုက်ကြသည်။ သူတို့သည် သူတို့ကလန်သားများ၏ သေဆုံးမှု အတွက် လက်စားချေရန် မည်သည့်အရာကိုမဆို ပေးဆပ်၍ ယဲ့ဖန်အား သတ်မည့်ပုံပေါ်သည်။

သို့သော် ကုန်းစွန်းဝူကျိသည် ယဲ့ဖန်အား ထိတ်လန့် အံ့ဩနေသော မျက်နှာထားဖြင့် ငေးကြည့် နေမိသည်။

“အာ၊ ဒီကောင်လေးက နတ်ဘုရားအဆင့် နှစ်ယောက်နဲ့ ထိပ်တန်း အရည်အသွေးရှိတဲ့ မှော်ဝင် ပစ္စည်းတွေနဲ့ ရင်ဆိုင်နေရတာတောင်မှ မကြောက် ပါလား”

“သူ့ … သူ့မှာ ဝှက်ဖဲတစ်ခုခု ရှိနေတာများလား”

ကုန်းစွန်းဝူကျိ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်သလို ဖြစ်နေသည်။

*ဒဏ္ဍာရီလာအဆင့်တစ်ယောက်က တကယ့် နတ် ဘုရား အဆင့် နှစ်ယောက်နဲ့ တိုက်ခိုက်နိုင် တာနဲ့တင် အံ့ဩဖို့ကောင်းနေပြီ။ သူက သူ့ခွန်အား အကုန် မသုံးရသေးတာလား*

*ဒါ … မဖြစ်နိုင်ဘူးလေ*

သို့သော် နောက်ထပ် ဖြစ်ပျက်လာသည်များက ကုန်းစွန်း ကလန်အား လိပ်ပြာလွင့်မတတ် ကြောက်လန့် သွားစေခဲ့သည်။

“နောက်ဆုံးတော့ ခင်ဗျားတို့ရဲ့ မှော်ဝင်ပစ္စည်းကို ထုတ်သုံးလာပြီပဲ”

ယဲ့ဖန်က တင်းမာ၍ သွေးဆာနေသော မျက်နှာ ထားဖြင့် ပြောလိုက်သည်။

“အဲ့လိုဆိုရင်တောင်မှ ခင်ဗျားတို့ သေမှာပဲ”

ဝုန်း!

ရဲတင်းလွန်းလှသည်။ အထက်စီးဆန်လှ၏။

အခြားသူများ၏ အံ့ဩနေသော အကြည့်များ အောက်မှာပင် ယဲ့ဖန်က ကြုံးဝါးလာသည်။

“သေလိုက်တော့”

ရှဲရှဲ…

ထို့နောက် ဧရာမ ဓားနက်ကြီးက မြေကြီးထဲသို့ ထိုးစိုက်ဝင်သွားပြီးနောက် တစ်စစီ ပြိုကွဲသွားကာ ပျံသန်းနေသော ပုရွက်ဆိတ်များအဖြစ် ပြောင်းလဲ သွားသည်ကို သူတို့ မြင်လိုက်ရသည်။

ထို့နောက် ပုရွက်ဆိတ်များက စစ်မာချန်ဖုန်းထံသို့ ပြေးဝင်သွားကြသည်။

“ပုရွက်ဆိတ်တွေလား”

စစ်မာချန်ဖုန်း တစ်ခဏမျှ မှင်တက်သွားကြသည်။ ထို့နောက် သူက အထင်သေးသလို မျက်နှာထားနှင့် ကြည့်လာသည်။

ထို့နောက် သူက သူ၏ ဓားမော့အား ပုရွက်ဆိတ် များထံသို့ အားနှင့် ဝှေ့ယမ်းလိုက်သည်။

ဟွမ်ဖူရွှမ်က စစ်မာချန်ဖုန်းအား ယုံကြည်ပုံရပြီး သူ၏ ဓားရှည်နှင့် ယဲ့ဖန်အား အရူးအမူး ပိုင်းခုတ် လာသည်။

“သေပေတော့”

ဟွမ်ဖူရွှမ်၏ ဓားရှည်က ယဲ့ဖန်၏ လည်ပင်းထံသို့ မြွေတစ်ကောင်သဖွယ် တိုးဝင်လာသည်။ သို့သော် ယဲ့ဖန်က ရပ်မြဲအတိုင်း ရပ်နေသည်။

သူ့မျက်လုံးထဲတွင် ဟွမ်ဖူရွှမ်သည် သေပြီးသား လူတစ်ယောက်သာ ဖြစ်သည်။

*အမ်*

ဟွမ်ဖူရွှမ် တစ်ဒင်္ဂမျှ မှင်တက်သွားသည်။ ထို့နောက် သူ စူးစူးဝါးဝါး အော်သံတစ်သံကို ကြားလိုက် ရသည်။ ထို့ကြောင့် သူသည် တိုက်ခိုက်တာကို ရပ်၍ နောက်သို့ လှည့်ကြည့်လိုက်သည်။

သို့သော် မြင်တွေ့လိုက်ရသည့်အရာက သူ့အား လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားစေခဲ့သည်။

ကျွိ! ကျွိ!

ဟွမ်ဖူရွှမ်နှင့် အခြားသောသူများ၏ အံ့ဩနေသော အကြည့်များအောက်တွင် စစ်မာချန်ဖုန်းအား ပျံသန်းနေသော ပုရွက်ဆိတ်များက ဖုံးအုပ် သွားသည်။

ထို့နောက် စူးရှလှသည့် အော်သံများက လေထဲ ပဲ့တင်ထပ် သွားသည်။

စစ်မာချန်ဖုန်း၏ မှော်ဝင်ပစ္စည်းဖြစ်သည့် ဓားမော့ သည် လျင်မြန်စွာ ဝါးမျိုခံလိုက်ရသည်။ ထို့အတူ သူ၏ ခန္ဓာကိုယ်သည်လည်း ဆွဲဖြဲခံ လိုက်ရပြီး သွေးများ စုပ်ယူခြင်း ခံလိုက်ရ၏။

သူ့ခန္ဓာကိုယ်၌ သွေးသံတရဲရဲနှင့် အပေါက် ရာများဖြင့် ပြည့်နှက်လာသည်။

ဤမြင်ကွင်းကြောင့် ဟွမ်ဖူရွှမ်နှင့် အခြားသူများ အားလုံး ထိတ်လန့်သွားကြသည်။

*ပုရွက်ဆိတ်တွေက တကယ့် နတ်ဘုရား အဆင့် တစ်ယောက်နဲ့ သူ့ရဲ့ မှော်ဝင်ပစ္စည်းကို စားပစ်နိုင် တာလား*

*ဒါ … မဖြစ်နိုင်ဘူး*

အခြားသူများ အားလုံး မယုံသင်္ကာ ဖြစ်သွား ကြသည်။

“မလုပ်နဲ့”

သို့သော် မျက်ဖြူဆိုက်စရာ ကိစ္စကား မပြီးသေးပေ။ စစ်မာချန်ဖုန်းက ဆက်တိုက်သလို ငယ်သံပါအောင် အော်ဟစ်နေရသည်။

သူ၏ ခြေထောက်များ အစားခံလိုက်ရသည်။ သူ၏ ဝမ်းဗိုက်အောက်ပိုင်း ဖျက်ဆီးခံလိုက်ရသည်။

သူ့လက်များ ဝါးစားခံလိုက်ရသည်

နောက်ဆုံးတွင် သူ့ဦးခေါင်းအား ပုရွက်ဆိတ်များက ဖုံးလွှမ်းလာသည်။

တစ်စက္ကန့်မျှကြာသော် နတ်ဘုရားအဆင့် တစ်ယောက်၏ အမြုတေက မြေကြီးပေါ် ပြုတ်ကျ လာသည်။

ဆယ့်စက္ကန့်အတွင်းမှာပင် တကယ့် နတ်ဘုရား အဆင့် တစ်ယောက်သည် ပုရွက်ဆိတ်များ၏ ဝါးစား ခြင်းကို ခံလိုက်ရတော့သည်။

Chapter 360 နတ်ဆိုးများ ရောက်ရှိလာခြင်း

*သေသွားပြီလား*

*ရှေးဟောင်းကလန်တစ်ခုရဲ့ နတ်ဘုရား အဆင့်လည်း ဖြစ်သလို ထိပ်သီးအကြီးအကဲများ အဖွဲ့အစည်းရဲ့ အကြီးအကဲတစ်ယောက်ဖြစ်တဲ့လူက ပုရွက်ဆိတ်အုံရဲ့ ဝါးမျိုခြင်းကို ခံလိုက်ရတာလား*

အခြားသူများအားလုံး ဤမြင်ကွင်းကြောင့် အကြီး အကျယ် ထိတ်လန့်သွားကြသည်။

“ဒါ… လုံးဝ မဖြစ်နိုင်ဘူး။ အဲ့ပုရွက်ဆိတ်တွေက ဘယ်လို ဟာမျိုးတွေလဲ”

ထိုစဉ် ကုန်းစွန်းဝူကျိ ကြောက်လန့်ကာ တစ်ကိုယ် လုံး ချမ်းစိမ့်စိမ့် ဖြစ်သွားသလို ခံစားလိုက်ရသည်။

တကယ့် နတ်ဘုရားအဆင့် တစ်ယောက်က ဆယ်စက္ကန့် အတွင်း ပုရွက်ဆိတ်အုံရဲ့ သတ်ဖြတ် စားသောက်ခြင်းကို ခံလိုက်ရသည်တဲ့လား။

အိပ်မက်မက်နေသလားဟုတောင် ထင်မှတ်ရသည်။ မယုံနိုင်စရာကောင်းလှ၏။

“အဲ့ကောင်လေးမှာ လျှို့ဝှက်ချက်တွေ ဘယ် လောက်တောင် ရှိနေတာလဲ”

ယခင်တုန်းက ကုန်းစွန်းဝူကျိသည် သူ ယဲ့ဖန်အား ခန့်မှန်းတာ လွန်သွားသည်ဟု ယုံကြည်ခဲ့မိသည်။ မမျှော်လင့်ဘဲ ယဲ့ဖန်တွင် လက်ဖျားခါ ရလောက် သည့် လျှို့ဝှက်သိုင်းကွက်များစွာ ရှိလို့နေ သည်။

ဒဏ္ဍာရီလာအဆင့်တစ်ယောက်ထံတွင် ထိုကဲ့သို့ သိုင်းကွက်များ ရှိနေသည်ဟူသည့် အချက်ကို တွေးလိုက် မိတိုင်း သူ့တစ်ကိုယ်လုံး ကြက်သီး မွေးညင်း ထသွားရသည်။

ယခုလိုအချိန်တွင် အထိတ်လန့်ဆုံးသူက ဟွမ်ဖူရွှမ် ပင်။ သူ လုံးဝကို မှင်တက်လို့နေ၏။

သူသည် စစ်မာချန်ဖုန်းနှင့်အတူ ကြီးပြင်းခဲ့ပြီး ရန်သူများကို အတူတကွ တိုက်ခိုက်အနိုင်ယူခဲ့သဖြင့် စစ်မာချန်ဖုန်း၏ တိုက်ပွဲဝင်ခွန်အားက သူ့ထက် အားမနည်းကြောင်း သူ သိသည်။

သို့သော် စစ်မာချန်ဖုန်းသည် ပုရွက်ဆိတ်အုံ၏ ဝါးမျိုခြင်းကို ခံလိုက်ရပြီး ဘာဆိုဘာမှ မကျန်ရှိ တော့ပေ။ ဤသည်ကား … အံ့ဩဖွယ် ကောင်းလှပေ သည်။

ရှဲ! ရှဲ! ရှဲ!

ယခုလိုအချိန်၌ လေထဲမှ ပုရွက်ဆိတ် အုံလိုက် ကျင်းလိုက်ကို ကြည့်ရင်း ဟွမ်ဖူရှင်း လိပ်ပြာ လွင့်မတတ် ကြောက်လန့်နေသည်။

“ထွက်ပြေးရမယ်”

ဟွမ်ဖူရွှမ် ဆက်၍ လက်စားမချေချင်တော့ဘဲ ထွက်ပြေးချင် နေတော့သည်။ ထို့ကြောင့် ဟွမ်ဖူရွှမ် မြန်နိုင်သမျှ မြန်မြန် ပြေးနေမိသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် သူသည် တောင်ထိပ်မှ ပျောက်ကွယ်သွားသည်။ ထူးဆန်း သည်က ယဲ့ဖန်က ဟွမ်ဖူရွှမ်အား လုံးဝကို လိုက်ဖမ်းခြင်း မပြုပေ၊ သူ့ပုံစံက လုံးဝစိုးရိမ်ပုံ မပေါ်ချေ။

ယဲ့ဖန်၏ အပြုအမူကြောင့် ထမ်းစင်ပေါ်မှ ဟွမ်ဖူလင်းသည် လိပ်ပြာလွင့်မတတ် ကြောက်လန့် လာသည်။

တကယ့် နတ်ဘုရားအဆင့် တစ်ယောက်က သေသွားလေပြီ။ ကျန်တစ်ယောက်ကလည်း ထွက်ပြေး သွားသည်။

….

ဟွမ်ဖူလင်းသည် သူ၏ အမြင်အာရုံတွေ ပြောင်းပြန် လှန်လိုက်သလို ဖြစ်သွားရသည်ဟု ခံစားလိုက် မိသည်။

ကျန်းရှီမြို့မှာတုန်းက သူ ဘယ်လောက် အထက်စီး ဆန်ခဲ့သလဲဆိုတာကို သူ အမှတ်ရမိသည်။ ထိုအချိန် က သူ၏ ရှေးဟောင်းကလန်က တစ်နိုင်ငံ လုံးအား သိမ်းပိုက်နိုင်မည်ဟု သူ ယုံကြည်ခဲ့သည်။

မမျှော်လင့်ဘဲ သူ ဒုက္ခိတဖြစ်သွားခဲ့ပြီး သူ၏ကလန် သည်လည်း အချိန်တိုလေးအတွင်းမှာပင် သုတ်သင် ခံ လိုက်ရသည်။

တကယ့် နတ်ဘုရားအဆင့်ဖြစ်သူ သူ့အဘိုးတောင်မှ လမ်းဘေးခွေးကဲ့သို့ ထွက်ပြေးနေရသည်။

ဤမျှ အကြီးအကျယ် ပြောင်းလဲသွားခဲ့မှုက အတု အယောင် ဖြစ်သည်ဟု ထင်ရသည်။ ထိုစဉ် လေတိုး သံ များကို သူ ကြားလိုက်ရသည်။

ဟွမ်ဖူလင်း တစ်ခဏမျှ တွေဝေသွားပြီးမှ တစ်ဘက်သို့ ခပ်သွက်သွက် လှမ်းကြည့်လိုက်သည်။ ထို့နောက် သူ့အဖိုး ဟွမ်ဖူရွှမ် ဦးဆောင်သည့် များစွာသော အင်အားကြီး လူများက တောင်ထိပ် ပေါ် ရောက်ရှိလာသည်ကို သူ သတိပြုလိုက်မိသည်။

သူ့အဖိုး ပြန်လာလေပြီ။ ဟွမ်ဖူလင်း နားဝေ တိမ်တောင် ဖြစ်သွားရသည်။

ဟွမ်ဖူရွှမ်နောက်မှ သိုင်းပညာရှင်များကို သတိပြုမိ ပြီးနောက် သူ ချက်ချင်း အားတက်လာသည်။

တကယ့်နတ်ဘုရားအဆင့် သုံးယောက်၊ ဒါဇင်နှင့် ချီသော နတ်ဘုရားအဆင့်များနှင့် မြောက်များ စွာသော ဒဏ္ဍာရီလာအဆင့်များ။

သူတို့က စစ်ကူတွေပါပင်။

သူ့အဖိုးက ထွက်ပြေးသွားပြီး မကြာမီမှာပင် အင်အားကြီးသော စစ်ကူများစွာကို ရှာတွေ့နိုင် လိမ့်မည်ဟု ဟွမ်ဖူလင်း ထင်မထားခဲ့မိပေ။

*ဒါ နံပါတ်တစ် ရှေးဟောင်းကလန် မလား*

ဟွမ်ဖူလင်းသည် တစ်စုံတစ်ခုကို မှတ်မိသွား ပုံရပြီးနောက် ဝမ်းသာအားရ ဖြစ်သွားသည်။ ထို့နောက် သူက ယဲ့ဖန်အား ဟားတိုက်ရယ်၍ ပြောလိုက်သည်။

“ယဲ့ဖန်၊ မင်း မြင်လား။ ငါ့အဘိုး ပြန်လာပြီ။ မင်း အခု သေရတော့မှာ၊ မင်းရဲ့ ပုရွက်ဆိတ် စစ်ကူ တောင်မှ သေရမှာပဲ”

“ဘာဖြစ်လို့လဲဆိုတော့ နံပါတ်တစ် ရှေးဟောင်း ကလန် ပြန်ပေါ်လာလို့ပဲ။ ဟားဟား…”

ဟွမ်ဖူလင်း အလွန်တက်ကြွလို့နေသည်။

အဝေးမှ ကုန်းစွန်းကလန်သည်လည်း ထိတ်လန့်မှု များနှင့် ပြည့်နှက်သွားသည်။

ကုန်းစွန်းဝူကျိသည် သူ့မျက်ခုံးတွေ တဆတ်ဆတ် လှုပ်နေသလို ခံစားလိုက်မိသည်။ ဟွမ်ဖူရွှမ်နှင့် အခြား တကယ့် နတ်ဘုရားအဆင့် သုံးယောက်ကို ကြည့်ပြီး ကုန်းစွန်းဝူကျိ ကြောက်လန့်ကာ ရေရွတ်မိ သည်။

“သူတို့ တကယ်ပဲ ပြန်ပေါ်လာပြီလား။ နံပါတ်တစ် ရှေးဟောင်း ကလန်က ဟွာရှတစ်နိုင်ငံလုံးကို ရှင်းလင်း ပစ်တော့မှာပဲ။ ယဲ့ဖန်တော့ … ပွဲသိမ်းပြီ”

ထိုကလန်၏ ကြီးမားလှသော အင်အားကို ကုန်းစွန်း ဝူကျိ သိထားသည်မှာ ကြာလှပြီဖြစ်သည်။

တကယ့်နတ်ဘုရားအဆင့် သုံးယောက်က ဘယ် နေရာကနေ ဘယ်လိုထွက်ပေါ်လာမှန်း မသိချေ။ ထိုစဉ် ဟွမ်ဖူအိမ်တော်တွင်းရှိ လေထု သည် အလွန် လေးလံ ထိုင်းမှိုင်းလို့လာ၏။

ဟွမ်ဖူရွှမ်က လူငယ်လေးအား မျက်နှာချိုသွေး၍ ပြောလေတော့သည်။

“ခေါင်းဆောင်ငယ်လေး၊ သူပါပဲ။ သူက ယဲ့ဖန်ပါ။ ဟွမ်ဖူကလန်နဲ့ စစ်မာကလန်ကို သုတ်သင်ခဲ့တဲ့ လူသတ်သမားက သူပါ”

ထိုသို့ပြောပြီး ဟွမ်ဖူရွှမ်က လူငယ်လေးကို ဦးညွှတ်၍ အကြံပေးလေသည်။

“ခေါင်းဆောင်ငယ်လေး၊ ကျေးဇူးပြုပြီး အဲ့ခွေးမသားကို သတ်ဖို့ အမိန့်ပေးလိုက်ပြီးတော့ ဟွာရှနိုင်ငံကို ပြန်ပေါင်းစည်းပေးပါ”

ဟွမ်ဖူရွှမ်၏ စကားကြောင့် ထိုလူငယ်လေး၏ မျက်လုံးများက မီးဝင်းဝင်းတောက်လာသည်။

ထို့နောက် သူသည် လူလတ်ပိုင်းအရွယ် တကယ့် နတ်ဘုရားအဆင့် လူကြီးတစ်ယောက်နှင့် တကယ့် နတ်ဘုရားအဆင့် လူအိုကြီးတို့နှင့်အတူ ယဲ့ဖန်ထံသို့ လျှောက်လှမ်းသွားသည်။

တောင်ထိပ်ပေါ်မှ ဒါဇင်နှင့်ချီသော နတ်ဘုရား အဆင့်များ အားလုံးကလည်း သူတို့နောက်မှ လိုက်ပါ လာသည်။ တိကျလှသော ခြေသံတို့ နှင့်အတူ သူတို့၏ ချီဓာတ်များကလည်း တစ်ဟုန်ထိုး တိုးပွားလာသည်။

ထိတ်လန့်ဖွယ်ကောင်းသည့် မြင်ကွင်းကို ကြည့်ပြီး ဟွမ်ဖူရွှမ် အလွန် ပီတိဖြစ်လာသည်။ ဟွမ်ဖူရွှမ် ကိုယ်တိုင်တောင်မှ နံပါတ်တစ် ရှေးဟောင်း ကလန်နှင့် တွေ့ဆုံလိမ့်မည်ဟု ထင်မထားခဲ့မိပါ။

လက်တုံ့ပြန်ဖို့ မည်မျှ ကောင်းလိုက်သည့် အခွင့်အရေးပါလိမ့်။

“သွားသေလိုက်တော့၊ ခွေးမသားလေး နောက်ဆုံးတော့ သေရမှာပဲ”

ဟွမ်ဖူရွှမ်က အလွန်ကျေနပ်နေသော မျက်လုံး များနှင့် ပြောလာသည်။ ထိုစဉ် ဒုန်းခနဲ အသံနှင့်အတူ တကယ့် နတ်ဘုရားအဆင့် သုံးယောက်နှင့် နံပါတ်တစ် ရှေးဟောင်းကလန်မှ သိုင်းပညာရှင် များ အားလုံး တို့သည် ယဲ့ဖန်ရှေ့၌ ဒူးတစ်ဘက် ထောက် လာကြသည်။

“ထို့ပါကလန်က လောကသခင်ကို အရိုအသေ ပေးပါတယ်”

သူတို့၏ အသံက တောင်တစ်ခုလုံးအား တုန်လှုပ် သွား စေခဲ့သည်။

ထိတ်လန့်ဖွယ် ကောင်းလိုက်သည့် မြင်ကွင်းပါ တကား။

တိတ်ဆိတ်လို့နေသည်။

ထိုသို့သော အချိန်တွင် ဟွမ်ဖူရွှမ်၏ ပီတိဖြာနေသော ရယ်သံက ရပ်တန့်လို့နေသည်။

နံပါတ်တစ်ကလန်မှ သိုင်းပညာရှင်များ မြေကြီးပေါ် ဒူးတစ်ဘက်ထောက်နေသည်ကို ကြည့်ပြီး သူ ပုံရိပ်ယောင်ကမ္ဘာထဲ ပိတ်မိနေသည်ဟု ခံစားမိ သွားရသည်။

*ဒါ မဖြစ်နိုင်ဘူးလေ*

“ခေါင်းဆောင်ငယ်လေး၊ ခင်ဗျား … ခင်ဗျား အမှတ်မှား နေပြီ ထင်တယ်။ သူက ခင်ဗျားရဲ့ လောက သခင် မဟုတ်ပါဘူး၊ သူက ဟွမ်ဖူကလန်နဲ့ စစ်မာကလန်တို့ရဲ့ ဘုံရန်သူပါ”

ဟွမ်ဖူရွှမ်က အလွန်ထိတ်လန့်နေသော မျက်နှာနှင့် စောဒက တက်လိုက်သည်။

*ထို့ပါကလန်က တောင်တွေရဲ့ အတွင်းဘက်ထဲမှာ အမြဲ သီးသန့်နေနေတာလေ။ သူတို့မှာ ဘာလောက သခင်မှ မရှိခဲ့ဖူးဘူး။ ပြီးတော့ သူတို့က တောင်ပေါ်ကို လက်စားချေဖို့ ရောက်လာတာလေ။ သူတို့က ရုတ်တရက်ကြီး ယဲ့ဖန်ကို ဘယ်လိုလုပ် လောက သခင်လို့ နာမည်တပ်ခေါ်နေတာလဲ*

ဟွမ်ဖူရွှမ်၏ စောဒကတက်လာသော စကားကြောင့် ထို့ပါယွင်က အထင်သေးသလို အပြုံးနှင့် ပြောလာ သည်။

“အရူး၊ သူက ထို့ပါကလန်က နှစ်တစ်သောင်းကျော် စောင့်နေခဲ့ရတဲ့ လောကသခင်ပဲ”

“မင်းဘာသာမင်း ဆုံးရှုံးခဲ့ရတာတွေအတွက် ငါတို့က လက်စားချေပေးဖို့ လာတယ်လို့များ မင်း ထင်နေတာလား”

“အမှန်က ငါတို့က မင်းကို သတ်ဖို့ ရောက်လာတာပဲ”

ထို့ပါယွင်၏ စကားကြောင့် ဟွမ်ဖူရွှမ်သည် နေခြစ်ခြစ် တောက်ပူနေသော အချိန်၌ မိုးကြိုးပစ်ချ ခံလိုက်ရသလို ခံစားလိုက်ရသည်။

*ငါနားလည်သွားပြီ။ အမြဲ သီးသန့်နေနေတဲ့ နံပါတ်တစ် ရှေးဟောင်းကလန်က ဘာကြောင့် ဒီတစ်ခေါက် ငါ့တောင်းဆိုမှုကို ကတိပေး လိုက်တယ် ဆိုတာကို ငါ နားလည်ပြီ”

*သူတို့က ငါနဲ့ ယဲ့ဖန်ကြားက ရန်ဟောင်းတွေကို သိနေတာပဲ*

*သူတို့က ငါ့ကို ကူညီတာ မဟုတ်ဘူး*

*သူတို့က ငါ့ကို သတ်ဖို့ ကြိုးစားနေတာပဲ*

*ဒါကို ငါ ဘာလို့ အစောကြီးကတည်းက မရိပ်မိ ရတာလဲ*

*တုံးအလိုက်တဲ့ငါပါလား*

ဟွမ်ဖူရွှမ်သည် စိတ်ဓာတ်ကျကာ သွေးအန် တော့မလို ဖြစ်သွားရသည်။ သူ ချက်ချင်း နောက်လှည့်ကာ ထွက်ပြေးရန် ပြင်လိုက်သည်။

မြန်မြန်၊ မြန်မြန်၊ မြန်မြန်။

ဟွမ်ဖူရွှမ်သည် အလင်းကဲ့သို့ အလျင်နှင့် ရှေ့သို့ ပြေးနေမိသည်။ သူ ပြေးလို့လွတ်နိုင်မည့် တောင်စွန်း နားသို့ နီးကပ်လာသည်။

သို့သော် သူ ခုန်ကျလိုက်စဉ်တွင် အနက်ရောင် မြူခိုးထုက လေထဲ ရုတ်တရက် ပေါ်လာကာ နတ်ဆိုး ချီများဖြင့် ပေါ်လာသော ဧရာမ ခြေထောက် တစ်ဘက်က သူ့ရင်ဘတ်အား ကန်ကျောက် လာသည်။

ဂျွတ်!

ဟွမ်ဖူရွှမ်၏ ရင်ဘတ်တစ်ခုလုံး နိမ့်ဝင်သွားကာ ကြိုးပြတ်သွားသော စွန်သဖွယ် အနောက်သို့ လွင့်ထွက်သွားပြီး ယဲ့ဖန်ရှေ့ ပြုတ်ကျလာသည်။

ထို့နောက်တွင်မူ နတ်ဆိုးဆန်သော လူတစ်စု ရောက်ရှိလာ၏။ ထိုသူတို့သည် အမှောင်သခင်၊ ဘုရင်မ ပိုင်ယီ၊ ဝံပုလွေရိုင်း၊ သွေးစွန်းတစ္ဆေနှင့် ကျန်းရှီမြို့မှ အခြားသော နတ်ဆိုးလူသားများ ဖြစ်ကြသည်။

သူတို့သည် ဟွမ်ဖူရွှမ်နှင့် စစ်မာချန်ဖုန်းတို့ တောင်သို့ ထွက်ပြေးလာသည့် တောက်လျှောက် လိုက်လာခဲ့ ခြင်း ဖြစ်သည်။

“ကျန်းရှီမြို့က နတ်ဆိုးတွေက သခင်ကြီးကို ဂါဝရပြု ပါတယ်”

ထိုစဉ် အမှောင်သခင်နှင့် အခြားသူများအားလုံးက ယဲ့ဖန်ရှေ့ ဒူးတစ်ဘက်ထောက်လာကြသည်။

ထိတ်လန့်ဖွယ်ကောင်းလှသည်။ ထိတ်လန့်ဖွယ် ကောင်းလိုက်သည့် မြင်ကွင်းပါတကား။

နံပါတ်တစ် ရှေးဟောင်းကလန်မှ တကယ့် နတ်ဘုရား အဆင့် သုံးယောက်နှင့် ကျန်းရှီမြို့ရှိ နတ်ဆိုးများ ထဲမှ တကယ့် နတ်ဘုရားအဆင့် နှစ်ယောက်။

ဤမျှ အချိန်တိုလေးအတွင်း၌ ယဲ့ဖန်ဘက်တွင် ထိတ်လန့်ဖွယ် တကယ့် နတ်ဘုရားအဆင့် ငါးယောက် ရှိနေပြီ ဖြစ်သည်။

ထိုအချိန်တွင် ဟွမ်ဖူရွှမ်နှင့် သူ့မြေးတို့ နှစ်ယောက်လုံး လိပ်ပြာလွင့်မတတ် ကြောက်လန့် နေကြသည်။ ထို့အပြင် တောင်ထိပ်ပေါ်ကနေ ကြည့်နေသည့် ကုန်းစွန်ကလန်သားများသည်လည်း ဤမြင်ကွင်းကြောင့် ကြောက်ရွံ့ သွားကြသည်။

စာစဉ် ၂၄ ဤတွင် ပြီးပါပြီ။

All Chapters