အခန်း (၂၁၁၃-၂၁၁၄)
Vol. 151 Ch. 2113-2114
အပိုင်း(၂၁၁၃)
"သူ ဘယ်မှာလဲ"
ပါခက်က ဖြည်းဖြည်းချင်း မေးလိုက်သည်။
ဝေ့ရှောင်ထျန်းက အဝတ်စုတ်များကို သိမ်းလိုက်ရင်း ဖြေလိုက်သည်။
"အာရုဏ်ဦး အင်ပါယာရဲ့ လက်အောက်ခံသစ်တွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို သွားရောက် စီစဉ်နေပါတယ်"
ဝေ့ဝူယင်က ဂလက်ဆီ တစ်ခုလုံးကို သူ၏ လက်အောက်ခံအဖြစ် ရယူနိုင်ခဲ့သည့် အခွင့်အရေးကို ကြားသိရစဉ်က ဝေ့ရှောင်ထျန်းမှာ များစွာ အံ့အားသင့်ခဲ့ရသည်။ သို့သော် စုမေ့က ဖြစ်ပျက်ခဲ့သမျှကို တစ်ဆင့်ချင်း ပြောပြသောအခါတွင်မူ သူမ နားလည်သွားခဲ့သည်။
သူ ဤဂလက်ဆီထဲကို ခြေချလိုက်ကတည်းက သူတို့ ရှုံးနေခဲ့ခြင်းပင်။ သူတို့သာ မသိခဲ့ကြခြင်း ဖြစ်သည်။
"..."
လက်အောက်ခံသစ်များ... လောင်းကြေး၏ ရှုံးနိမ့်မှုအရ သူတို့သည် အာရုဏ်ဦး အင်ပါယာ၏ လက်အောက်ခံအဖြစ် အညံ့ခံရမည် ဖြစ်သည်။ ၎င်းမှာ တစ်ဦးတစ်ယောက်တည်း မဟုတ်ဘဲ ဂလက်ဆီတစ်ခုလုံးမှ ခေါင်းဆောင်များ အားလုံး ပါဝင်သည်။ သူတို့အားလုံးသည် အမြင့်မြတ်ဆုံးသော ကောင်းကင်ချည်နှောင် လျှို့ဝှက်ကျိန်စာကို ဆိုထားကြပြီး ဖြစ်သဖြင့် နောက်ဆုတ်၍ မရတော့ပေ။
ပြန်စဉ်းစားကြည့်လျှင် ခေါင်းဆောင်များ အားလုံးကို စုဝေးစေရန် ပြုလုပ်ခဲ့သော ဆွေးနွေးပွဲမှာပင် ဂရုတစိုက် စီစဉ်ထားခြင်း ဖြစ်သည်။ ခိုးယူမှု ဆိုသည်မှာလည်း ထိုရည်ရွယ်ချက် တစ်ခုတည်းအတွက်သာ ဖြစ်ပေလိမ့်မည်။ တကယ်ကို ယုတ်မာလွန်းလှသည်။
ပါခက်၏ နှုတ်ခမ်းများတွင် အပြုံးဖျော့ဖျော့တစ်ခု ပေါ်လာသည်။
သူမ ဝေ့ရှောင်ထျန်းကို ကြည့်ရင်း ထိုအပြုံးက ပျောက်ကွယ်သွားသည်။
"သူက တကယ်ပဲ... လျှို့ဝှက်ကြယ်တာရာ အဆင့်မှာ ရှိနေတာလား"
သူမ သိချင်နေသည်။ ၎င်းမှာ လှည့်ကွက်တစ်ခုလော။
သေမျိုးများနှင့် ခြားနားစွာပင် လျှို့ဝှက် အာဏာရှင်အဆင့် ကျင့်ကြံသူများသည် သူတို့၏ စုဆောင်းထားသော ကျင့်ကြံခြင်း အဆင့်မှ နိမ့်ကျသွားခြင်း မရှိနိုင်ပေ။ မြေကြီးရှန့်ထို တစ်ဦးသည် သူ၏ ကိုယ်ခန္ဓာ ပျက်စီးသွားလျှင်ပင် မြေကြီးရှန့်ထိုအဖြစ်သာ ဆက်ရှိနေမည်။ လျှို့ဝှက် အာဏာရှင်တစ်ဦးအနေဖြင့် အားနည်းသွားခြင်း သို့မဟုတ် ကျင့်ကြံခြင်း စွမ်းအားများ အကုန်ဆုံးရှုံးသွားခြင်းသာ ဖြစ်နိုင်သည်။ ဝူယု ကဲ့သို့ ကိုယ်ခန္ဓာ ပျက်စီးသွားသော်လည်း သူ၏ လျှို့ဝှက်ဝိညာဉ်မှာ နိမ့်ကျသွားခြင်း မရှိပေ။
ဝေ့ဝူယင်က သေမျိုးတစ်ဦးအနေဖြင့် ဤမျှလောက် မယုံကြည်နိုင်စရာ ကောင်းသော အင်အားကို မည်သို့ ရရှိထားသည်ကို သူမ စဉ်းစားမရနိုင်ပေ။
ဝေ့ရှောင်ထျန်းက မျက်တောင်ခတ်လိုက်၏။
"ဒါပေါ့... ဟုတ်တာပေါ့"
သူမက ပေါ့ပေါ့ပါးပါးပင် ဖြေသည်။
ပါခက် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။ ဝေ့ဝူယင်တွင် သာမန်ယုတ္တိများကို ကျော်လွန်သော ထိတ်လန့်ဖွယ်ရာ ကိုယ်ခန္ဓာနှင့် သွေးမျိုးဆက်ရှိကြောင်း သူမ သိထားသော်လည်း ဝေ့ဝူယင်မှာ လူငယ်လေးတစ်ဦးသာ ဖြစ်ကြောင်း သိရသဖြင့် သူမ ကျေနပ်သွားခဲ့သည်။
"မင်း နာမည်က ဘယ်သူလဲ"
"ဝေ့ရှောင်ထျန်းပါ"
ဝေ့ရှောင်ထျန်းက ဂုဏ်ယူသော အသံဖြင့် ဖြေလိုက်သည်။
"မင်းက သူ့ရဲ့ ဆွေမျိုးလား... ဒါမှမဟုတ် သူ့ဇနီးလား"
ပါခက်က စပ်စုလိုစိတ်ဖြင့် မေးလိုက်သည်။
"နှစ်ခုလုံး မဟုတ်ဘူးလား... ဒါမှမဟုတ် နှစ်ခုလုံးလား... ကျွန်မလည်း မသိဘူး"
ဝေ့ရှောင်ထျန်းက သူမ၏ လှပသော နှုတ်ခမ်းပေါ်သို့ လက်ညှိုးတင်ကာ စဉ်းစားလိုက်သည်။ ပြောရလျှင် သူမသည် ဝေ့ဝူယင်၏ ယန်ရင်းမြစ် ဖြင့် ပြည့်စုံသွားခဲ့သူ ဖြစ်သဖြင့် သူ၏ ဆွေမျိုးဟု ပြော၍ ရနိုင်သည်။ သို့သော် သွေးချင်းတော်စပ်သည်ဟု ပြောရန်မှာလည်း လုံးဝ အမှန်တရား မဟုတ်ပေ။
သူ့ဇနီးလား ဆိုသည်မှာလည်း သူမ သေချာမသိပေ။ နောက်ဆုံးတွင်မူ သူမအတွက် လွတ်လပ်စွာ ကျင့်ကြံနိုင်ပြီး ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်သရွေ့ ထိုအရာများက အရေးမကြီးလှပေ။
"ထူးဆန်းတဲ့ အဖြေပဲ"
ပါခက်၏ စပ်စုလိုစိတ်မှာ မပြေပျောက်သေးပေ။ သူမသည် ကိုယ်ရေးကိုယ်တာ မေးခွန်းများ မေးရန် လက်လျှော့လိုက်သည်။
"အခြားသူတွေရော... သူတော်စင်တွေရော ဘယ်လိုလဲ"
"သူတို့က မဟာ နယ်မြေတွေနဲ့ နယ်မြေငယ်တွေကို ထိန်းချုပ်နိုင်ဖို့ အရှင်မင်းကြီးကို ကူညီပေးနေကြပါတယ်... အရှင်မင်းကြီးက ဂလက်ဆီရဲ့ အသေးစိတ် အချက်အလက်တွေကို ပိုပြီး နားလည်ချင်နေလို့ပါ..."
"ငါ အိပ်ပျော်နေတာ ဘယ်လောက် ကြာသွားပြီလဲ"
သူတော်စင်တို့၏ လုပ်ဆောင်ချက်မှာ ပါခက်အတွက် မထူးဆန်းပေ။ သူတို့ လောင်းကြေး ရှုံးနိမ့်ထားသည် မဟုတ်ပါလား။
"၃၂ လလောက် ရှိပါပြီ... သုံးနှစ်နီးပါးပေါ့"
"ဘာကြီး..."
ပါခက် အံ့ဩသွားသည်။
"မအံ့ဩပါနဲ့... ရှင် မခံစားရပေမဲ့ အခု ကျွန်မတို့က အချိန်အရှိန်မြှင့်ထားတဲ့ နယ်မြေထဲမှာ ရောက်နေတာပါ... အပြင်လောကမှာတော့ ရက်အနည်းငယ်ပဲ ရှိပါသေးတယ်"
"မင်း... မင်းက ငါ့ကို အစကတည်းက ပြုစုပေးနေတာလား"
ပါခက်က မယုံကြည်နိုင်စွာ မေးလိုက်သည်။
ဝေ့ရှောင်ထျန်းက ခေါင်းယမ်းလိုက်၏။
"အရှင်မင်းကြီးက ရှင့်ကို နှစ်ပတ်လောက် ပြုစုပေးခဲ့တာပါ... ရှင့်ရဲ့ ဝိညာဉ်က ပြုပြင်လို့ မရနိုင်လောက်အောင် ပျက်စီးနေခဲ့ပြီး၊ ရှင့်ကိုယ်ခန္ဓာကလည်း အပိုင်းအစပေါင်း သန်းချီ ကြေမွနေခဲ့တာ... ရှင့်စိတ်ကလည်း ကောင်းကင်ရောင်စဉ်တွေကြောင့် ပြောင်းလဲနေခဲ့တယ်... သူ မထွက်ခွာခင် ကျွန်မကို ပြောသွားတာကတော့ ရှင်က သက်ရှိ အထွတ်အထိပ် ကောင်းကင်ရတနာ တစ်ခုနဲ့ မခြားတော့ဘူးတဲ့"
"ကျင့်ကြံသူတွေဟာ ကောင်းကင်ရတနာ ဖြစ်သွားနိုင်တယ်ဆိုတာ ကျွန်မ သိထားပေမဲ့ သူတို့ကို ကျင့်ကြံသူအဖြစ် ပြန်ပြောင်းလဲနိုင်လိမ့်မယ်လို့ မထင်ခဲ့ဘူး... အရှင်မင်းကြီးက ရှင့်ကို ပြန်ခေါ်ဆောင်နိုင်ဖို့ အများကြီး ကြိုးစားခဲ့သလို အနစ်နာခံမှုတွေလည်း အများကြီး လုပ်ခဲ့ရတာပါ"
"..."
ပါခက်အနေဖြင့် ဝေ့ဝူယင်က သူမ၏ ဝိညာဉ်၊ ခန္ဓာနှင့် စိတ်တို့ကို ပြုပြင်ပေးရန် မည်မျှလောက် ခက်ခဲသော ခွဲစိတ်မှုမျိုးကို လုပ်ဆောင်ခဲ့ရမည်ကို ခန့်မှန်းကြည့်နိုင်သည်။ သူမ အသက်ရှင်နေခြင်းမှာပင် အံ့ဖွယ်တစ်ခု ဖြစ်နေချေပြီ။
"ဘာတွေ အနစ်နာခံခဲ့ရတာလဲ"
ပါခက်မှာ ရှန့်ထိုတစ်ဦး ဖြစ်သော်လည်း သူမကိုယ်သူမ ဘာတွေ ပြောင်းလဲသွားသလဲ ဆိုသည်ကို သိချင်နေသည်။ သူမတွင် ဝိညာဉ်စွမ်းအင် မရှိသဖြင့် သူမ၏ လက်ရှိ အခြေအနေကို မစစ်ဆေးနိုင်ပေ။
"အရှင်မင်းကြီးက ရှင် သိချင်လိမ့်မယ်လို့ ပြောထားပါတယ်... ဒါကြောင့် ကျွန်မ ပြောပြပါ့မယ်... အဲဒါက ဝိညာဉ်ဆေးလုံး ပါ... အခြားမဟုတ်တဲ့ အဲဒီ ဝိညာဉ်ဆေးလုံးပါပဲ"
"..."
ပါခက်။
အမှောင် ဟင်းလင်းပြင် တစ်ခုလုံးရှိ သူတော်စင် များထဲတွင် လျှို့ဝှက်ကောင်းကင်အဆင့် ဝိညာဉ်ဆေးလုံး အကြောင်းကို မသိသူ အနည်းငယ်သာ ရှိသည်။ ထိုဆေးလုံးကို နေ့ညမပြတ် မတောင့်တသူမှာ ပို၍ပင် နည်းပါးလိမ့်မည်။ ၎င်းမှာ သူတော်စင် များအတွက် ဒဏ္ဍာရီလာ ပဲ့တင်ထပ်ဝိညာဉ်အဆင့် သို့ တက်လှမ်းနိုင်မည့် အမြင့်မြတ်ဆုံးသော ကောင်းကင်ကောင်းချီးပင် မဟုတ်ပါလား။
"သိပ်ပြီး စိတ်မပူပါနဲ့... အရှင်မင်းကြီးကတော့ ဝိညာဉ်ဆေးလုံး တစ်လုံးဟာ သာလွန်ခြင်း အရည်အသွေးရှိတဲ့ လျှို့ဝှက်မြေကြီး အမတေ ဆေးလုံးတစ်လုံးနဲ့ ယှဉ်ရင် ဘာမှမဟုတ်ပါဘူးတဲ့... ဒါကြောင့် သိပ်ပြီး တန်ဖိုးမကြီးပါဘူးလို့ ပြောပါတယ်"
ဝေ့ရှောင်ထျန်းက မတ်တတ်ရပ်ကာ အစားအစာ ပြင်ဆင်လိုက်သည်။ ကြက်စွပ်ပြုတ်နံ့က အခန်းထဲတွင် ပျံ့လွင့်လာသည်။ ပါခက်မှာ အခဲများကို မချေဖျက်နိုင်သေးပေ။
ပါခက်မှာ မယုံကြည်နိုင် ဖြစ်နေသည်။ လျှို့ဝှက်မြေကြီး အဆင့် ဆေးလုံးနှင့် လျှို့ဝှက်ကောင်းကင်အဆင့် ဝိညာဉ်ဆေးလုံးကို နှိုင်းယှဉ်ခြင်းမှာ ရူးသွပ်မှုပင် ဖြစ်သော်လည်း သူမ ငြင်းချက်မထုတ်နိုင်ပေ။ အကြောင်းမှာ သူမသည် သာလွန်ခြင်း အဆင့် အရည်အသွေးရှိသော လျှို့ဝှက်အဆင့် အဂ္ဂိရတ်ပစ္စည်းများ၏ အာနိသင်ကို လုံးဝ မသိရှိ၍ ဖြစ်သည်။ အမှန်စင်စစ် သာလွန်ခြင်း အဆင့် အရည်အသွေးရှိသော လျှို့ဝှက်အဆင့် ပစ္စည်းတစ်ခု ထွက်ပေါ်လာဖူးသည်ကိုပင် သူမ တစ်ခါမျှ မကြားဖူးပေ။
သူမသည် ဝေ့ရှောင်ထျန်း ကျွေးသော စွပ်ပြုတ်ကို သောက်ရင်း စိတ်ထဲမှသာ သက်ပြင်းချလိုက်မိသည်။ ယခင်က သူမ အိပ်ပျော်နေသဖြင့် ဝေ့ရှောင်ထျန်းက သူမ၏ ပါးစပ်ထဲသို့ ဖြည်းဖြည်းချင်း လောင်းထည့်ပေးခဲ့ရသော်လည်း ယခုမူ သူမ ကိုယ်တိုင် သောက်နိုင်၊ စားနိုင်၊ ချေဖျက်နိုင်ပြီ ဖြစ်သည်။
ပါခက်သည် သူမ၏ အခြေအနေကို လက်ခံလိုက်ပြီး ဝေ့ရှောင်ထျန်း၏ ပြုစုမှုကို ခံယူကာ ဝေ့ဝူယင်၏ စီစဉ်မှုများကိုလည်း ငြင်းချက်မထုတ်ဘဲ နားထောင်နေခဲ့သည်။ သူမတွင် ဆန့်ကျင်ရန် အင်အားမရှိပေ။ သို့သော် ဝေ့ဝူယင်က သူမအား ဝိညာဉ်ဆေးလုံး တစ်လုံးလုံးကို မပေးခဲ့သည်ကိုမူ သူမ မသိခဲ့ပေ။
ယင်းအစား သူသည် ထိုဆေးလုံး၏ အမတေ အစိတ်အပိုင်း အချို့ကိုသာ ဂရုတစိုက် ထုတ်ယူကာ အရည်အသွေးကို လျှော့ချပြီး အရည်ဖျော်လိုက်ခြင်း ဖြစ်သည်။ ထို့နောက် ၎င်းကို ချေဖျက်ရလွယ်ကူသော အရသာရှိလှသည့် ကြက်စွပ်ပြုတ်အဖြစ် ဖန်တီးလိုက်ခြင်းပင်။
မည်သို့ပင် ဆိုစေ... အဂ္ဂိရတ်လမ်းစဉ်များထဲမှ တစ်ခုမှာ ချက်ပြုတ်ခြင်း ဖြစ်သည်။ ၎င်းမှာ လူသိနည်းသော လမ်းစဉ်ဖြစ်သော်လည်း ဝေ့ဝူယင်မှာမူ များစွာ ကျွမ်းကျင်လှသည် မဟုတ်ပါလား...။
...
ဝေ့ဝူယင်သည် အီလီစီယမ် အသေး၏ အစွန်းတွင် ရပ်ကာ အမည်မဲ့ ဂလက်ဆီကို အေးဆေးစွာ ကြည့်နေသည်။
သူ၏ နောက်တွင် အာဏာရှင်များ၊ ရှန့်ထိုများ၊ လျှို့ဝှက်အရှင်သခင်များနှင့် မူလ တရားသူကြီးများ ရပ်နေကြသည်။ သူ၏ ဘေးတွင်မူ သူ၏ ဇနီးများနှင့် ဝေ့စီတို့ ရှိနေကြသည်။ သူ၏ ရှေ့တွင်မူ သူ၏ ဂလက်ဆီအသစ်ကြီး ရှိနေသည်။
ဝေ့ဝူယင်မှာ အပြုံးတစ်ခုနှင့်အတူ အောင်နိုင်သူတစ်ဦးအဖြစ် ခန့်ညားထည်ဝါစွာ ရပ်နေလေတော့သတည်း။
***
အပိုင်း(၂၁၁၄)
အမည်မဲ့တို့၏တိုက်ပွဲ...
အမည်မဲ့တို့၏တိုက်ပွဲ ဟု အမည်တွင်စေခဲ့သော နတ်သက်ကြွေစစ်တလင်းမှ တိုက်ပွဲအပြီး ရက်အနည်းငယ်မှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
အမည်မဲ့ဂလက်ဆီနှင့် ၎င်း၏ခေါင်းဆောင်များသည် မျိုးဆက်တစ်ခုလုံးကို ထိခိုက်စေနိုင်သည့် ကြောက်မက်ဖွယ်ရာ ကပ်ဘေးတစ်ခုနှင့် ရင်ဆိုင်ခဲ့ရပြီး၊ သူတို့၏ နောက်ဆုံးမျှော်လင့်ချက်မှာ လူသိနည်းသော နယ်ခြားသားတစ်ဦးသာ ဖြစ်ခဲ့သည်။ အကယ်၍ အမည်မဲ့ဂလက်ဆီ၏ ထူးခြားသော လူမှုဖွဲ့စည်းပုံသာ မရှိခဲ့ပါက ဤပြင်ပအကူအညီကို ပြင်းထန်စွာ ဆန့်ကျင်ကြမည်ဖြစ်သော်လည်း၊ လက်ရှိ အသည်းအသန်ဖြစ်နေသော အခြေအနေနှင့် ခေါင်းဆောင်မှုကင်းမဲ့နေခြင်းတို့က သူတို့ကို ထိုနယ်ခြားသားနောက်သို့ လိုက်ပါရန် လုံလောက်သော အကြောင်းပြချက် ဖြစ်စေခဲ့သည်။
နောက်ဆုံးတွင် ဂလက်ဆီ၏ အင်အားအကြီးဆုံး ကျင့်ကြံသူ ရှစ်ဦး၊ ထိပ်သီးရှန့်ထိုများနှင့် အဓိကနယ်မြေအများစု၏ ခေါင်းဆောင်များသည် ထိုနိုင်ငံခြားသား၏လက်တွင် မေးခွန်းထုတ်စရာမရှိအောင် ရှုံးနိမ့်သွားခဲ့ကြသည်။ သူတို့ လှည့်စားခံလိုက်ရကာ အကွက်ဆင်ခံလိုက်ရသည်ဟု ကောက်ချက်ချရန် မခက်ခဲလှပေ။
အာရုဏ်ဦး အဂ္ဂိရတ်ရှန့်ထိုသည် ခိုင်မာသောပုံရိပ်တစ်ခုဖြင့် ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး သူ၏တည်ရှိမှုအပေါ် သံသယဖြစ်ဖွယ် အသေးစိတ်အချက်အလက်များ ရှိနေသော်လည်း၊ သူတို့၏အနာဂတ် ဆက်လက်တည်တံ့ခိုင်မြဲရေးအတွက် သူတို့၏ အသားတစ်ဖဲ့ကို ပေးလှူရန် ဝန်မလေးကြတော့ပေ။ ကံမကောင်းစွာဖြင့် သူတို့သည် စေတနာအလွှာပေါင်းများစွာဖြင့် ဖုံးအုပ်ထားသော ထိုအခမဲ့လက်ဆောင်ကို သတိလက်လွတ် လက်ခံလိုက်မိကြသည်။
ယခုအခါ ကောင်းကင်ချည်နှောင် လျှို့ဝှက်ကျိန်စာ အရ သူတို့နှင့် သူတို့၏ နယ်မြေအားလုံးသည် အာရုဏ်ဦး အင်ပါယာ နှင့် အာရုဏ်ဦး အာဏာရှင် ဧကရာဇ် တို့၏ လက်အောက်ခံများ ဖြစ်လာကြတော့မည်။ တစ်ဦးနှစ်ဦးတည်း မဟုတ်ဘဲ အားလုံးပင် ဖြစ်သည်။
နယ်မြေအားလုံးသည် အာရုဏ်ဦး အင်ပါယာ၏ အလံအောက်သို့ ရာနှုန်းပြည့် မရောက်သေးဟု ဆိုနိုင်သော်လည်း၊ နယ်မြေ ၉၀ ရာခိုင်နှုန်းကျော်နှင့် ထိပ်သီးပညာရှင် ၁၀၀ ရာခိုင်နှုန်းနီးပါးမှာ ထိုကျိန်စာအောက်သို့ ရောက်ရှိသွားပြီ ဖြစ်သောကြောင့် ကိစ္စရပ်များကို ရှုပ်ထွေးအောင် လုပ်နေစရာ မလိုတော့ပေ။
အာရုဏ်ဦး အဂ္ဂိရတ်ရှန့်ထို၏ အာဏာသိမ်းယူမှု လုပ်ငန်းစဉ်များအားလုံးမှာ ချောမွေ့နေခဲ့သည်။
ဝေ့ဝူယင်သည်လည်း အလွန်အမင်း ဆက်ဆံရ ခက်ခဲသောသူ မဟုတ်ပေ။ အရေးကြုံနေချိန်တွင် ဂလက်ဆီတစ်ခုလုံးကို လှည့်စားနိုင်ခဲ့သည့် သူ၏ ရဲတင်းသော အစီအစဉ်များ ရှိနေသော်လည်း၊ ထင်ရှားကျော်ကြားပြီး အင်အားကြီးမားသော အဂ္ဂိရတ်ရှန့်ထိုတစ်ဦး၏ လက်အောက်သို့ ရောက်ရှိခြင်းမှာ မကောင်းသောကိစ္စ မဟုတ်ပေ။
ဂလက်ဆီ၏ အထက်တန်းလွှာများဖြစ်သော မူလ တရားသူကြီးများနှင့် လျှို့ဝှက်အရှင်သခင်များ၏ အမြင်တွင်မူ အံ့ဩဖွယ်ရာ အဂ္ဂိရတ် မျိုးဆက်ကို ပိုင်ဆိုင်ထားပြီး အခြားဂလက်ဆီနှစ်ခု (ဖြစ်နိုင်လျှင် သုံးခု) ကို အုပ်ချုပ်နေသော အထွတ်အထိပ် အဂ္ဂိရတ်ရှန့်ထိုတစ်ဦးသည် သူတို့အတွက် များစွာ အကျိုးရှိနိုင်ပေသည်။
သူတို့သည် သံမဏိလက်သီးဖြင့် အုပ်ချုပ်မည့် သို့မဟုတ် အရင်းအမြစ်များကို တစ်ဦးတည်း လက်ဝါးကြီးအုပ်မည့် အထွတ်အထိပ် သူတော်စင် အာဏာရှင်မျိုးထက် ဝေ့ဝူယင်ကို ပိုမိုနှစ်သက်ကြသည်။ ထို့ပြင် အောင်ပွဲခံ မိန့်ခွန်းပြောကြားစဉ်က ဝေ့ဝူယင် ထုတ်ဖော်ခဲ့သော အာရုဏ်ဦး အင်ပါယာ၏ ရည်မှန်းချက်များသည်လည်း သူတို့အတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖြစ်ခဲ့သည်။
ဂလက်ဆီအချင်းချင်း ခရီးသွားလာနိုင်ရန်နှင့် ဆက်သွယ်နိုင်ရန် ဟင်းလင်းပြင်ယဇ်ပလ္လင်များကို တည်ဆောက်မည်ဖြစ်ကာ နောက်ဆုံးတွင် ၎င်းတို့ကို ဆက်သွယ်ပေးမည့် လျှို့ဝှက်နယ်မြေများမှာ သူတို့အတွက် စိတ်ကူးယဉ်အိမ်မက်တစ်ခုကဲ့သို့ပင်။
လျှို့ဝှက်အရှင်သခင်များပင်လျှင် ဂလက်ဆီများကြားရှိ အမှောင်ဟင်းလင်းပြင်ကို သတိလက်လွတ် ဖြတ်သန်းသွားလာရန် မဝံ့ရဲကြပေ။ ယခင်က အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီနှင့် ဆက်သွယ်ရာတွင် အရင်းအမြစ် အမြောက်အမြားသုံးကာ အဝေး ဆက်သွယ်ရေးစနစ်ကို သုံးရခြင်း သို့မဟုတ် ဂလက်ဆီ၏ သံတမန်အဖြစ် ဆောင်ရွက်ပေးနေသော သူတော်စင် အိုအေစစ်မြစ်မှတစ်ဆင့်သာ ဆက်သွယ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဝေ့ဝူယင်က ဂလက်ဆီများကြား သွားလာခြင်းမှာ အသေးအဖွဲကိစ္စကဲ့သို့ ပြုမူခဲ့သော်လည်း ၎င်းမှာ လုံးဝ မလွယ်ကူလှပေ။ သခင်လေးရှန့်သည်ပင် သူတော်စင် တစ်ဦး၏ လမ်းပြမှုနှင့် အထွတ်အထိပ် ကောင်းကင်ဘုံရတနာနှင့် တူညီသော ဟင်းလင်းပြင်သင်္ဘောကို သုံးကာ ဤခရီးကို လေးနှစ်ကြာအောင် သွားခဲ့ရခြင်း ဖြစ်သည်။
ဤအလားအလာမှာ အမှန်တကယ် စိတ်ဝင်စားဖွယ် ကောင်းလှသည်။ ထို့ပြင် ဝေ့ဝူယင်သည် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီအတွင်း၌လည်း ဟင်းလင်းပြင်ယဇ်ပလ္လင် တည်ဆောက်ရန် ခွင့်ပြုချက်ရယူမည့် အစီအစဉ်ကို ဖုံးကွယ်မထားပေ။ ၎င်းက ကုန်စည်ဖလှယ်မှုနှင့် ဂလက်ဆီအချင်းချင်း ဆက်သွယ်မှုကို နှစ်ပေါင်းများစွာ ကြာအောင် ခရီးသွားနေစရာမလိုဘဲ များစွာ တိုးတက်စေမည် ဖြစ်သည်။
ယခုအခါ ဝေ့ဝူယင်သည် ဂလက်ဆီ၏ အစွန်အဖျားနေရာများတွင် ဟင်းလင်းပြင်ယဇ်ပလ္လင်များ တည်ဆောက်ရန် နေရာများကို အချောသတ် စစ်ဆေးနေသည်။ သူသည် သူစတင်ရောက်ရှိခဲ့သော နေရာဖြစ်သည့် ဂလက်ဆီအခွံ၏ အပြင်ဘက်နားတွင် ကြိုတင်ပြင်ဆင်ထားသော ယဇ်ပလ္လင်တစ်ခုကို တည်ဆောက်လိုက်ပြီး "ကောင်းကင်နှလုံးသား ဂလက်ဆီ" နှင့် "အဖြူရောင် အဘိဿဲလ် ဂလက်ဆီ" တို့နှင့် ဆက်သွယ်ရေးစနစ်ကို ဖွင့်လှစ်လိုက်သည်။ ယခင်က ဝေ့ဝူယင်သည် ဝေးကွာလွန်းသော အကွာအဝေးကြောင့် ထိုဂလက်ဆီများနှင့် ဆက်သွယ်မှု ပြတ်တောက်နေခဲ့ခြင်း ဖြစ်သည်။
ခေါင်းဆောင်အသီးသီးသည် ဝေ့ဝူယင်၏ စမ်းသပ်မှုများနှင့် ယဇ်ပလ္လင်၏ လုပ်ဆောင်ချက်များကို မြင်တွေ့ရသောအခါ များစွာ တုန်လှုပ်သွားကြသည်။ အထူးသဖြင့် ဝေဝါးနေသော ပုံရိပ်များထဲမှ ခရမ်းရောင်ပင်လယ်၊ သွေးဓား၊ နတ်မိမယ် တိတ်ဆိတ်ခြင်း၊ အနက်ရောင်နှင့် ရွှေရောင် ရော့ခ်ငှက်ကြီးတစ်ကောင်နှင့် နောက်ဆုံးတွင် ဦးချိုနှစ်ချောင်းပါသော ယုန်လေးတစ်ကောင်တို့ကို မြင်တွေ့လိုက်ရချိန်တွင် ဖြစ်သည်။
ထိုငါးဦးစလုံး (တိရစ္ဆာန်နှစ်ကောင် အပါအဝင်) က ဝေ့ဝူယင်အပေါ် မည်မျှလောက် လေးစားသမှုရှိကြောင်း မြင်လိုက်ရသောအခါ သူတို့ အံ့အားသင့်သွားကြသည်။ ဝေ့ဝူယင်သည် ရှန့်ထို ရှစ်ဦးကို အနိုင်ယူခဲ့သည်ဟု သိထားကြသဖြင့် သူ၏ စွမ်းရည်အပေါ် သူတို့ ယုံကြည်သွားကြသည်။
ပါးနပ်သောသူအချို့မှာမူ ထို "အာရုဏ်ဦး အင်ပါယာ" အကြောင်းကို စူးစမ်းလိုနေကြသည်။ ၎င်းမှာ အဖြူရောင် အဘိဿဲလ် သို့မဟုတ် ကောင်းကင်နှလုံးသား ဂလက်ဆီထဲတွင် မရှိသည်မှာ သေချာနေသည်။
ဝေ့ဝူယင်က အာကာသနှင့် အချိန်အမတေ ကျောက်တုံးများကို အသုံးပြုကာ တာဝေး ဟင်းလင်းပြင် တံခါးပေါက်ကို စမ်းသပ်ပြသောအခါ သူတို့အားလုံး ပါးစပ်အဟောင်းသားနှင့် မျက်လုံးအပြူးသား ဖြစ်သွားကြသည်။ ခရမ်းရောင် ပင်လယ်က ဤဂလက်ဆီမှ ထွက်ရှိသော ထူးခြားသည့် လျှို့ဝှက်မြေကြီးအဆင့် ပစ္စည်းအချို့ကို တံခါးပေါက်၏ အခြားတစ်ဖက်မှ လက်ခံရရှိလိုက်သည်ကို သူတို့ မြင်တွေ့လိုက်ရသည်။ သူတို့သည် အချိန်အတော်ကြာအောင် စကားပင် မပြောနိုင်ဖြစ်ခဲ့ကြသည်။
ဤယဇ်ပလ္လင်များ၏ လက်တွေ့အသုံးချနိုင်စွမ်းမှာ မည်သည့်လူ့အဖွဲ့အစည်းအတွက်မဆို တော်လှန်ရေးတစ်ရပ်ပင် ဖြစ်သည်။ ကံမကောင်းစွာဖြင့် ဤယဇ်ပလ္လင်များ၏ အမြုတေကို ဖန်တီးသည့် နည်းလမ်းမှာ ကန့်သတ်ထားပြီး၊ ၎င်းသည် စစ်မှန်သော ဟင်းလင်းပြင်နဂါး၏ သွေးမျိုးဆက်စွမ်းအင် လိုအပ်သည်ကို မည်သူမျှ သိနိုင်လိမ့်မည်မဟုတ်ပေ။
ဝေ့ဝူယင်သည် ယဇ်ပလ္လင်များ၏ လုံခြုံရေးအတွက် ကျိန်စာ အထပ်ထပ်ဆိုထားသော ကင်းစောင့်များကို တာဝန်ပေးအပ်ခဲ့သည်။ ထို့ပြင် ပထမအဆင့် တည်ဆောက်မှုများအတွက် အနည်းဆုံး မူလ တရားသူကြီးအဆင့် ရှိရန် လိုအပ်သည်။ ဝေ့ဝူယင်က ကင်းစောင့်ခြင်း၏ အကျိုးကျေးဇူးများကို ပြောပြလိုက်သောအခါ ရှန့်ထို အမြောက်အမြားမှာ တာဝန်ယူရန် စိတ်အားထက်သန်နေကြသည်။ လျှို့ဝှက်အရှင်သခင်များလည်း ပါဝင်နိုင်ပြီး သူတို့သည် တစ်နှစ်ပြည့်တိုင်းတွင် ကြီးမားသော ဆုလာဘ်များကို ရရှိကြမည်ဖြစ်သည်။ မူလ တရားသူကြီးများအတွက်မူ လျှို့ဝှက် လောက အမတေကျောက်တုံးများနှင့် လျှို့ဝှက် လောက အဆင့် အဆင့်မြင့် ထုတ်ကုန်တစ်ခုကို ရရှိမည် ဖြစ်သည်။
တစ်နှစ်လုပ်ရုံနှင့် ထိုမျှလောက်သော ဆုလာဘ်ကို ရရှိမည်မှာ မယုံကြည်နိုင်စရာပင်။ သို့သော် ဤယဇ်ပလ္လင်များသည် မည်မျှလောက် အရေးကြီးကြောင်း သူတို့ သိရှိထားကြသည်။
ဝေ့ဝူယင်သည် ယဇ်ပလ္လင်များ၏ ကိစ္စများကို အချောသတ်ပြီးနောက် ပါခက်နှင့် အိုအေစစ်မြစ်တို့ မပါဝင်သော ကျန်သူတော်စင် ခြောက်ဦးကို စုဝေးလိုက်သည်။
"ဒါက မဆိုးတဲ့ ရလဒ်ပါပဲ..."
ခွန်ရှူးက ပထမဆုံး ပြုံးလျက် ပြောလိုက်သည်။
အီမန်တက်မှာမူ ထိုစကားကို ကြားသောအခါ မျက်လုံးပြူးသွားသည်။ မဆိုးတဲ့ ရလဒ် ဟုတ်လား။ သူတို့သည် သူတို့၏ နယ်မြေများနှင့် ဂလက်ဆီများအပေါ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဆုံးရှုံးသွားခြင်း ဖြစ်သည်။ ထို့ပြင် ကျိန်စာကြောင့် ပြန်လည်ရယူရန် လမ်းစလည်း မရှိတော့ပေ။
ဝေ့ဝူယင်က သူတို့၏ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများကို များသောအားဖြင့် နဂိုအတိုင်း ထားရှိမည်ဖြစ်ကာ၊ အဓိက ပြောင်းလဲမှုမှာ လူမျိုးစုအားလုံး၏ တန်းတူညီမျှမှုနှင့် အာရုဏ်ဦး အင်ပါယာ၏ အခြေခံဥပဒေအချို့သာ ဖြစ်မည်ဟု အာမခံထားသည်။ ဝေ့ဝူယင်၏ စည်းမျဉ်းများသည် အာဏာရှိသူများကို သူတို့၏အာဏာကို ဆက်လက်ထိန်းသိမ်းခွင့် ပေးထားသော်လည်း မတရားမှုများကိုတော့ တားဆီးမည် ဖြစ်သည်။
ဝေ့ဝူယင်သည် လူမျိုးအားလုံးကို တန်းတူညီမျှ ဆက်ဆံသည်။ ၎င်းက ရှန့်ထိုများကို များစွာ အံ့အားသင့်စေခဲ့သည်။ များသောအားဖြင့် သက်ရှိများသည် မိမိတို့၏ လူမျိုးစုအပေါ် ဘက်လိုက်တတ်ကြသည် မဟုတ်ပါလား။ ဝေ့ဝူယင်သည် သားရဲ မျိုးစပ်ဖြစ်နေခြင်း သို့မဟုတ် အတိတ်က သားရဲများအပေါ် အကြွေးတင်ခဲ့ဖူးခြင်းကြောင့် ဖြစ်နိုင်သည်ဟု သူတို့ တွေးတောမိကြသည်။ မည်သို့ပင်ဖြစ်စေ သူသည် ထိုတန်းတူညီမျှမှုကို တင်းတင်းကျပ်ကျပ် ကျင့်သုံးသူ ဖြစ်သည်။
"ဒါဆို..."
အီမန်တက်က ခွန်ရှူး၏ အပြုံးကို လျစ်လျူရှုကာ ဝေ့ဝူယင် မေးလိုက်သည်။
"အခုဆိုရင် ရှင်ဟာ ဒီဂလက်ဆီတစ်ခုလုံးရဲ့ ခေါင်းဆောင်လို့ သတ်မှတ်လို့ ရနေပြီ... မသိမ်းပိုက်ရသေးတဲ့ အစိတ်အပိုင်းကလည်း ရှင့် အမိန့်တစ်ချက်ပဲ လိုတော့တာ... ဘာဆက်လုပ်မှာလဲ"
သူမ၏ မေးခွန်းကြောင့် အခြား သူတော်စင်များလည်း စိတ်ဝင်တစား နားစွင့်လိုက်ကြသည်။ ဝေ့ဝူယင်က သိနားလည်သည့် အပြုံးတစ်ခုကို ပြုံးလိုက်သည်။ သူမ ရည်ညွှန်းနေသည်မှာ အရေးကြီးဆုံးကိစ္စကို ဖြစ်သည်။
"အဲဒီကိစ္စလား... ငါ ဆုံးဖြတ်ပြီးပါပြီ"
သူသည် တစ်ချိန်က သဲသောင်ပြင်ကဲ့သို့ ပြန့်ကျဲနေခဲ့သော ဂလက်ဆီကြီးကို ကြည့်လိုက်ပြီးနောက် နေရာတစ်ခုကို စူးစိုက်ကြည့်လိုက်သည်။ ထိုနေရာတွင် နက်မှောင်စင်ကြယ်သော မျက်ဝန်းများကို ပိုင်ဆိုင်ထားသည့် မိန်းကလေး တစ်ဦးမှာ ချွေးများစိုရွှဲနေသည်အထိ သူမ၏ ဆေဘာပညာကို ကြိုးစားလေ့ကျင့်နေသည်။
"ဒီနေ့ကစပြီး ဒီဂလက်ဆီကို ဒီလို အမည်ပေးမယ်... ပြတ်သားသော ဆည်းဆာ ဂလက်ဆီ....”
***