အခန်း (၅၁၉-၅၂၀)
Vol. 38 Ch. 519-520
အပိုင်း(၅၁၉)
ဗဟိုခရိုင်...
ဗင်းဆင့်သည် ဗဟိုရဲတပ်ဖွဲ့တစ်ခုလုံးကို အောင်မြင်စွာ အမြစ်ပြတ်ချေမှုန်းနိုင်ခဲ့ပြီး ကျိကျစ်ရှို့၏ ထိန်းချုပ်မှုအောက်တွင် မရှိသော အထက်တန်းစား တော်ဝင်မျိုးနွယ်အားလုံးနီးပါးကိုလည်း သုတ်သင်ရှင်းလင်းပြီးဖြစ်သည်။ ဤတော်လှန်ရေးသည်ကား ပြည့်စုံလုနီးပါး အောင်မြင်နေပြီဟု ဆိုရမည်။
ယခင်က စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်ခံထားရသော အောက်ခြေလူတန်းစား အလုပ်သမားထုကို ဗင်းဆင့် တစ်ချက်ကြည့်လိုက်သည်။ ယခုအခါ သူတို့အပေါ် လွှမ်းမိုးထားသော စိတ်ညှို့ဓာတ်များ ပြယ်လွင့်သွားပြီဖြစ်သည်။ အကယ်၍ ထိုဆင်းရဲသားများက မတရားသော ဤလောကကြီးအား တော်ဝင်မျိုးနွယ်များကို ပြန်လည်တိုက်ခိုက်ခြင်းဖြင့် တုံ့ပြန်ရန် ဆုံးဖြတ်ခဲ့လျှင်လည်း ယင်းမှာ သူတို့၏ ကိုယ်ပိုင်ရွေးချယ်မှုသာ ဖြစ်ပေလိမ့်မည်။
စိတ်ထိန်းချုပ်မှုမှ လွတ်မြောက်လာသော အလုပ်သမားအများစုသည် အခြေအနေအရပ်ရပ်ကို သဘောပေါက်သွားကြသော်လည်း၊ မိမိတို့ပြုမူနေသည်မှာ မှန်ကန်သည်ဟု ယုံကြည်နေကြဆဲဖြစ်ပြီး မည်သူမျှ ရပ်တန့်ခြင်း မရှိကြချေ။
အဇီး၏ ကောင်းကင်သည် အမှန်တကယ်ပင် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ကဏ္ဍအသီးသီးတွင် ခေတ်သစ်တစ်ခုသည် အာရုဏ်ဦးတက်လာခဲ့ပြီ ဖြစ်သည်။ သို့ဖြစ်ရာ ဗင်းဆင့်၊ မွန်း နှင့် ကျိသားအဖတို့ အုပ်စုသည် အောင်ပွဲခံနိုင်ခဲ့ပြီဟု မှတ်ယူနိုင်ပေသည်။
ဤတော်လှန်ရေးကို ကြိုတင်ပြင်ဆင်ခဲ့သည်မှာ ကြာခဲ့ပြီဖြစ်၏။ ဗဟိုခရိုင်သို့ ‘နေမင်းယုံကြည်မှု’ ရောက်ရှိလာချိန်မှစ၍၊ စာအုပ်လေလံပွဲမှတစ်ဆင့် စွမ်းအားရှင်တော်ဝင်မျိုးနွယ် အများစုကို ကျိကျစ်ရှို့က ထိန်းချုပ်နိုင်ခဲ့ခြင်းနှင့် မွန်းက ဗဟိုခရိုင်သို့ ခိုးဝင်ကာ ‘သစ်ပင် စုန်းမကြီး’ ကို မြှောက်ပင့်သွေးထိုးခဲ့ခြင်းအထိ အရာရာကို အကွက်ကျကျ စီစဉ်ခဲ့ခြင်း ဖြစ်သည်။
ဗဟိုရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးဟောင်း၏ ဦးခေါင်းသည် သွေးများပန်းထွက်လျက် စဉ်းတီတုံးပေါ်တွင် ဘောလုံးတစ်လုံးကဲ့သို့ လိမ့်နေသည်ကို ဗင်းဆင့် ကြည့်နေမိသည်။ တော်ဝင်မျိုးနွယ်မျိုးနွယ်မှ ဆင်းသက်လာသော ထိုညွှန်ကြားရေးမှူးဟောင်းမှာ အသုံးမကျသော အရက်သမားတစ်ဦးထက် မပိုခဲ့ချေ။
ဗင်းဆင့် ပြုံးလိုက်ပြီး မိမိ၏ ဂုဏ်သတင်းနှင့် အောင်မြင်မှုများကို ဖုံးကွယ်ကာ ထွက်ခွာလာခဲ့သည်။ သူသည် ရုန်းရင်းဆန်ခတ်ဖြစ်နေသော လူအုပ်ကြားမှ ဖြတ်ကျော်ကာ လမ်းချိုးအနည်းငယ်အကွေ့တွင် စာအုပ်ဆိုင်ထဲသို့ ဝင်လိုက်သည်။
မွန်းသည် ဖန်ခွက်တစ်လုံးကို တိုက်ချွတ်နေ၏။ အပြင်ဘက်ရှိ ဆူညံသံများနှင့် ဆန့်ကျင်ဘက်ဖြစ်စွာ စာအုပ်ဆိုင်တစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်နေသည်။ ပြတင်းပေါက်ဘေးတွင် မျိုးနွယ်အမည်မသိရသော အစိမ်းရောင်ငှက်ကလေးတစ်ကောင် နားနေသည်မှာ ကျိကျစ်ရှို့မှလွဲ၍ အခြားမဖြစ်နိုင်ကြောင်း ဗင်းဆင့် သိလိုက်သည်။
ကျိကျစ်ရှို့သည် ကိုယ်တိုင်လာရောက်ခြင်း မဟုတ်ပေ။ ဗဟိုအစိုးရက သူတို့၏ အစီအစဉ်ကို ရိပ်မိသွားပြီး တော်လှန်ရေးကို ဟန့်တားမည်ကို သူမ စိုးရိမ်ခဲ့သောကြောင့် ဖြစ်သည်။
“နောက်နှစ်ရက်လောက်နေရင် မစ္စတာလင်ကို အကြောင်းစုံ အစီရင်ခံနိုင်လိမ့်မယ်လို့ ထင်ပါတယ်... သူလည်း ဝမ်းသာမှာပါ”
မွန်းက အထူးတလည် ပြောင်လက်နေသော ဖန်ခွက်ကို ချရင်း ဆိုလိုက်သည်။ ကြည်လင်နေသော ထိုဖန်ခွက်ထဲတွင် အရုပ်ကလေးသဖွယ် ချစ်စရာကောင်းသော မွန်း၏ မျက်နှာနှင့် လင်းကျဲအကြောင်း ပြောလိုက်ချိန်၌ ပေါ်လာသော သူမ၏ အပြုံးရေးရေးကို မြင်နေရသည်။
သူမသည် ဖန်ခွက်ထဲသို့ အအေးတစ်ခွက် ထည့်လိုက်ပြီး ဗင်းဆင့်ဘက်သို့ တွန်းပေးလိုက်၏။
ဗင်းဆင့်သည် ဖန်ခွက်ကို လှမ်းယူရန် ပြင်လိုက်စဉ်မှာပင် ၎င်းအား မထိရသေးမီ ရှေ့မှောက်၌ အလင်းရောင်ဝိုင်းများကဲ့သို့ လှိုင်းအဝိုင်းများ ထွက်ပေါ်လာသည်။
ဗင်းဆင့်၏ မျက်လုံးများ ပြူးကျယ်သွားပြီး အံ့အားသင့်နေသော မွန်းကို လှမ်းကြည့်လိုက်သည်။
“ဘာဖြစ်တာလဲ”
ဗင်းဆင့်၏ အက်ရှရှအသံတွင် ဇဝေဇဝါဖြစ်မှုများ ပြည့်နှက်နေသည်။ မွန်းက ခဏမျှ စဉ်းစားပြီးနောက် ခရမ်းရောင် သန်းလာသော ပြင်ပကောင်းကင်ယံကို လှမ်းကြည့်လိုက်သည်။ သူမသည် အသက်ကို ပြင်းပြင်းရှူကာ စိတ်ကို ပြန်လည်ထိန်းချုပ်လိုက်၏။
“အိပ်မက်တံတိုင်းကြီး ပြိုလဲသွားပြီ”
သူမက ဆိုလိုက်သည်။
ဗင်းဆင့်လည်း ၎င်းကို အာရုံခံမိလိုက်၏။
“ဒါကလည်း မစ္စတာလင်ရဲ့ အစီအစဉ်ထဲက တစ်စိတ်တစ်ပိုင်းပဲလား...”
ဗင်းဆင့်နှင့် ကျိကျစ်ရှို့ ပူးဝင်နေသော ငှက်ကလေးတို့က တပြိုင်နက်တည်း မေးလိုက်ကြသည်။
သို့သော် မွန်းမှာ ရင်ဘတ်ကို ဖိထားမိသည်။ ထူးဆန်းသော ခံစားမှုတစ်ခုက သူမ၏ နှလုံးသားထဲသို့ စိမ့်ဝင်လာခဲ့ပြီ။ သူမသည် တံခါးဘောင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း မသက်မသာ ခံစားနေရတော့သည်။
...
မိုက်ကယ် သေဆုံးသည်ကို မြင်လိုက်ရသောအခါ ဂျိုးဇက်သည် လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ ထို့နောက် သူ၏ လုပ်ဖော်ကိုင်ဖက်ဟောင်း ကလျာ ကို ‘ဗဲလေ့စ်’ နှင့် ပတ်သက်သော အမှန်တရားအားလုံးကို ပြောပြလိုက်သည်။
ကလျာ၏ မျက်နှာမှာ မယုံကြည်နိုင်ဟန် ပေါ်လွင်နေ၏။ ဗဲလေ့စ်သည် လူယုတ်မာတစ်ဦးဖြစ်ကြောင်း သူမကို နားဝင်အောင် ပြောရသည်မှာ ခက်ခဲပေလိမ့်မည်။ ဂျိုးဇက်အနေဖြင့် သူမက သူ့ကို လာရောက် မနှောင့်ယှက်ရန်သာ မျှော်လင့်မိသည်။
ကလျာက ရှင်းပြချက်များကို ထပ်မံတောင်းဆိုနေသည်ကို မြင်သောအခါ ဂျိုးဇက်က သူမကို ဘေးသို့ ဖယ်ထုတ်လိုက်ပြီး အရပ်သားများကို ကယ်တင်ရန် တာဝန်လွှဲအပ်ကာ ထွက်ခွာလာခဲ့သည်။
“မစ္စတာလင်... မေလီဆာကို သွားကယ်ဖို့ ခွင့်ပြုပေးပါ”
ဂျိုးဇက်သည် နဂါးအသွင်ဖြင့် တည်ရှိနေသည့် လင်းကျဲထံသို့ ပြေးသွားကာ ခွင့်တောင်းလိုက်သည်။
လင်းကျဲက သူ့ကို ငုံ့ကြည့်လိုက်၏။
“အဲ့တာက ကိစ္စ မရှိပါဘူး... ဆစ်ဗာ က အဲဒီကလေးမကို သဘောကျတယ်”
သူက ပြောလိုက်သည်။
‘ဆစ်... ဆစ်ဗာလား...’
ဂျိုးဇက် တံတွေးမြိုချလိုက်မိသည်။ ထိုမူလစုန်းမကြီးလော။
“မင်းသွားချင်တယ်ဆိုရင် ကျိကျစ်ရှို့တို့အဖွဲ့ကို သွားကူညီလိုက်ပါ...”
အင်အားအချို့ ပြန်လည်ရရှိထားသော လင်းကျဲသည် ကျိကျစ်ရှို့နှင့် မွန်းတို့ ဘာလုပ်နေသည်ကို သိရှိပြီးဖြစ်သည်။
‘ဒါနဲ့နေပါဦး... ငါ ‘ဘလက်ကီ’ နဲ့ မပေါင်းစပ်ခင်က သူတို့တွေ ဘာတွေ စိတ်ကူးယဉ်နေကြတာလဲ...’
လင်းကျဲ စကားမဆိုနိုင်အောင် ဖြစ်သွားရသည်။ ဤလူများသည် အရာရာကို ပြီးမြောက်အောင်မြင်ရန် မိမိအပေါ်တွင် ဤမျှလောက်အထိ မှီခိုနေကြသည်ကို ယခုမှပင် သူ သဘောပေါက်တော့သည်။
သို့သော်လည်း ဗဟိုခရိုင်ကို တော်လှန်ပုန်ကန်ရာတွင် နောက်ဆုံးလိုအပ်ချက်တစ်ခု ကျန်ရှိနေသေးသည်။ အမှန်စင်စစ် လင်းကျဲကို တစ်ဆူတည်းသော စစ်မှန်သည့် ဘုရားသခင်အဖြစ် ကိုးကွယ်သည့် ‘နေမင်းယုံကြည်မှု’ အဖွဲ့သည် တော်လှန်ရေးကို ဆက်လက် ဆင်နွှဲနိုင်ပါသော်လည်း၊ ယင်းမှာ လင်းကျဲ အလိုရှိသောအရာ မဟုတ်ပေ။
ကျိကျစ်ရှို့တို့နှင့် သူ ဆွေးနွေးခဲ့သည့်အတိုင်း လင်းကျဲသည် သိပ္ပံပညာနှင့် ဒီမိုကရေစီကိုသာ လိုလားသည်။ ဤသည်မှာ အနာဂတ်တွင် အိပ်မက်နှင့် လက်တွေ့လောက ပေါင်းစည်းသွားချိန်၌ လူသားမျိုးနွယ် ဆက်လက်ရှင်သန်နိုင်ရန်အတွက် ‘မှော်ဆန်သော သော့ချက်’ ပင် ဖြစ်ပေလိမ့်မည်။
ထို့အပြင် လင်းကျဲအနေဖြင့် အောက်ပိုင်းခရိုင်ရှိ သူ၏ မူလခန္ဓာကိုယ်ထဲသို့ ပြန်သွားရန်လည်း လိုအပ်နေသေးသည်။ ကမ္ဘာမြေပေါ်တွင် ဆယ်စုနှစ်နှစ်ခုကျော် နေထိုင်ခဲ့သော အမှတ်တရများသည် လင်းကျဲ၏ ကိုယ်ရည်ကိုယ်သွေးကို ပုံဖော်ပေးခဲ့သည့် အရေးကြီးဆုံး အချက်များဖြစ်သော်လည်း၊ အနှစ်နှစ်ဆယ်ကျော်ဟူသော အချိန်မှာ အမှန်တကယ်ပင် တိုတောင်းလွန်းလှသည်။
‘ဟဟ... ငါ့လို အစွမ်းထက်တဲ့ ဘုရားသခင်တစ်ပါးတောင် ယုံကြည်ရခက်နေပါလား...’
လင်းကျဲ မိမိကိုယ်ကိုယ် တိတ်တဆိတ် လှောင်ပြောင်လိုက်မိသည်။ ထို့ကြောင့်ပင် လူသားမျိုးနွယ်၏ ခေါင်းဆောင်အဖြစ် မိမိထက် ဂျိုးဇက်က ပို၍ သင့်တော်ပေသည်။
ညွှန်ကြားချက်များ ရရှိပြီးသည်နှင့် ဂျိုးဇက်သည် ‘ဖစ်ချ်’ ကို ချက်ချင်းဆွဲခေါ်ကာ ဗဟိုခရိုင်သို့ ဦးတည်ထွက်ခွာသွားတော့သည်။
တစ်ချိန်တည်းမှာပင် ၂၃ လမ်းမပေါ်ရှိ လူများကို ကလျာ ဦးဆောင်သော ‘လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်’ မှ သူရဲကောင်းများက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေကြသည်။
နဂါးခန္ဓာကိုယ်နှင့် အပြည့်အဝ အသားကျသွားပြီးနောက် လင်းကျဲသည် သူ၏ အတောင်ပံများကို ခတ်ကာ ကောင်းကင်ယံသို့ ပျံတက်သွားသည်။ အဆင့်မြင့် ရောင်စဉ်သူရဲကောင်း ကလျာသည် လင်းကျဲ၏ အပြောင်းအလဲကို ကြည့်ကာ မျက်မှောင်ကြုတ်မိသည်။ သူမသည် ဂျိုးဇက်ကိုရော လင်းကျဲကိုပါ မတားဆီးနိုင်သဖြင့် သူမ၏ သူရဲကောင်းတာဝန်ကိုသာ ဆက်လက်ထမ်းဆောင်ရတော့သည်။
ကောင်းကင်ယံအထက်မှနေ၍ လင်းကျဲသည် ‘နော်ဇင်’ မြို့ကြီးနှင့် ပြိုလဲပျက်စီးသွားပြီဖြစ်သော သူ၏ စုတ်ချာချာ စာအုပ်ဆိုင်ကလေးကို ငုံ့ကြည့်လိုက်သည်။ အရာရာသည် ဖမ်းဆုပ်၍မရသော တိမ်တိုက်တစ်ခုကဲ့သို့၊ ခဏတာ မြင်မက်လိုက်ရသော အိပ်မက်တစ်ခုကဲ့သို့ပင်။ သို့သော်လည်း လင်းကျဲသည် နှလုံးသားထဲမှ လှိုက်လှိုက်လှဲလှဲ ပြုံးလိုက်မိသည်။
သူက ခပ်တိုးတိုး ဆိုလိုက်၏။
“အိမ်ကို အမြန်ပြန်တော့... ဖရန်ကာ”
စာအုပ်ဆိုင်အတွင်း၌ ချိန်ခွင်လျှာကို တင်းတင်းဆုပ်ကိုင်ကာ ပုန်းအောင်းနေသော ဖရန်ကာသည် မျက်လုံးများကို ဖွင့်လိုက်သည်။ မိနစ်အနည်းငယ်သာ ကြာသေးသော်လည်း အပြင်ဘက်တွင် လူရိပ်လူခြေ တစ်ယောက်မျှ မရှိတော့ချေ။ ရန်သူများ တစ်ခါမျှ ပေါ်မလာခဲ့ဖူးသည့်အလားပင်။
မစ္စတာလင်လည်း မရှိတော့ပြီ။
ဂျိုးဇက်သည်လည်း ထိုအသံကို ကြားလိုက်ရသဖြင့် သူ၏ ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ သူ နောက်သို့ လှည့်ကာ လင်းကျဲကို စိုက်ကြည့်မိစဉ်၊ မစ္စတာလင်သည် ယခင်ကထက် ပိုမိုအစွမ်းထက်လာသကဲ့သို့ ပို၍လည်း တည်ကြည်လေးနက်လာသည်ဟု ခံစားလိုက်ရသည်။
အကြောင်းရင်းကို သူ နားမလည်သော်လည်း၊ မစ္စတာလင်ကို ဤကဲ့သို့ မြင်တွေ့ရခြင်းမှာ နောက်ဆုံးအကြိမ် ဖြစ်နိုင်သည်ဟူသော ဝမ်းနည်းကြေကွဲဖွယ် ခံစားချက်ကို ရရှိလိုက်သည်။
အမှန်စင်စစ် သူသည် အခြားအရာတစ်ခုကိုလည်း ခံစားမိသည်။ ယခုအချိန်မှသာ သူသည် မစ္စတာလင်နှင့် အမှန်တကယ် နီးစပ်သွားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
‘မစ္စတာလင်...’
သူသည် စိတ်ထဲမှ တမ်းတလိုက်မိသော်လည်း လင်းကျဲမှာမူ ဝေးရာသို့ ပျံသန်းသွားခဲ့ပြီ ဖြစ်သည်။
***
အပိုင်း(၅၂၀)
လင်းကျဲသည် နော်ဇင်မြို့တစ်ခွင်ကို ပျံသန်းကျော်ဖြတ်သွားသည်။ ဘဝနှစ်ခုစလုံးတွင် အိမ်တွင်းအောင်း လူငယ်တစ်ဦးဖြစ်ခဲ့သည့် သူ့အတွက် နော်ဇင်မြို့ကို အပြည့်အဝ မြင်တွေ့ရခြင်းမှာ ဤသည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
သူ၏ ရင်ခုန်သံများ မြန်လာပြီး မွန်းကို ချက်ချင်း ဆက်သွယ်ကာ တက်ကြွစွာ ပြောလိုက်သည်။
“မွန်း... မင်းလုပ်ပေးရမယ့် အလုပ်အချို့ ရှိတယ်”
ဗဟိုခရိုင်တွင် ရောက်ရှိနေသော မွန်းသည် သူမ ရင်တုန်ပန်းတုန် ဖြစ်နေရသည့် အကြောင်းရင်းကို ယခုမှပင် သဘောပေါက်တော့သည်။ လင်းကျဲ၏ အသံကို ကြားလိုက်ရသည့် ခဏမှာပင် သူမ၏ စိတ်များ ပြန်လည်ကြည်လင်လာခဲ့သည်။
“ဘော့စ်... အမိန့်ပေးပါ...”
အဖြူရောင် ဝတ်စုံလေးကို ဝတ်ဆင်ထားသော မွန်းသည် ရင်ဘတ်ကို ဖိထားဆဲဖြစ်သော်လည်း စာအုပ်ဆိုင်ထဲမှ အမြန်ထွက်ကာ မျှော်လင့်ချက်အပြည့်ဖြင့် ကောင်းကင်ယံကို မော့ကြည့်လိုက်သည်။
အမှန်အတိုင်းပြောရလျှင် မွန်းသည် အဖြူရောင်ကို သိပ်မကြိုက်ချေ။ အကြောင်းမှာ သူမ ‘ဟိုမန်ကူးလပ်စ်’ ဘဝက မြင်တွေ့ခဲ့ရသမျှ အရာရာမှာ အဖြူရောင်များသာ ဖြစ်သောကြောင့်တည်း။
အဖြူရောင် စက်ပစ္စည်းများ၊ အဖြူရောင် တပ်ဆင်မှုများ၊ အဖြူရောင် အသားအရေနှင့် စက်ဆုပ်ဖွယ် အဖြူရောင် အခန်းငယ်...
လင်းကျဲက သူမအပေါ်သို့ အမျိုးသားဝတ် အဖြူရောင် ရှပ်အင်္ကျီကို ခြုံပေးခဲ့သည့် အချိန်အထိ ထိုအဖြူရောင်များက သူမကို အသက်ရှူကျပ်စေခဲ့သည်။
သူမနှင့် လင်းကျဲတွင် အဖြူရောင်နှင့် ပတ်သက်သော ပုံပြင်များစွာ ရှိခဲ့ဖူးသည်။ တစ်ခါက လင်းကျဲ ပြောပြသော ‘နှင်းကို အရည်ဖျော်ကာ လက်ဖက်ရည်ကြမ်း ပြုလုပ်နည်း’ ကို နားထောင်ပြီး သူမသည် နှင်းများကို ဝမ်းသာအားရ စုဆောင်းကာ စမ်းသပ်ခဲ့ဖူးသည်။ အဆုံးတွင်မူ နော်ဇင်၏ ညစ်ညမ်းမှုများကြောင့် ထိုနှင်းရည်ကို သောက်မိကာ အော့အန်လုနီးပါး ဖြစ်ခဲ့ရသည်။
သူမ၏ ဘဝ ပထမပိုင်း၌ အဖြူရောင်ကြောင့် ရရှိခဲ့သော ဒဏ်ရာအနာရွတ်များသည် လင်းကျဲ၏ အဖြူရောင်ကြောင့် ချက်ချင်းပင် ပျောက်ကင်းသက်သာခဲ့ရသည်။ ထို့ကြောင့်လည်း ထိုအဖြူရောင် ရှပ်အင်္ကျီကို သူမ အမြဲတမ်း သိမ်းဆည်းထားခဲ့ခြင်း ဖြစ်သည်။
“ငါ အောက်ပိုင်းခရိုင်ကို သွားတော့မယ်... အခုကစပြီး စာအုပ်ဆိုင်ကို မင်းလက်ထဲ အပ်ခဲ့ပြီ”
လင်းကျဲက ပြုံးလျက် ဆိုသည်။
“အခုကစပြီး မင်းက လက်ထောက်တစ်ယောက် မဟုတ်တော့ဘူး... ရင့်ကျက်တဲ့ မန်နေဂျာတစ်ယောက် ဖြစ်နေပြီ... ဒီစာအုပ်ဆိုင်နဲ့ စာအုပ်တွေ အားလုံးက မင်းပိုင်တာပဲ”
“...”
မွန်း၏ မျက်လုံးများတွင် အရောင်အဝါများ ကွယ်ပျောက်သွား၏။ ထိုစကားကို ကြားလိုက်ရသောအခါ သူမ ကျောက်ရုပ်ကဲ့သို့ အေးခဲသွားရသည်။ အတော်ကြာမှပင် တုန်ရီနေသော အသံဖြင့် သူမ ဆိုလိုက်သည်။
“မ... မဟုတ်ဘူး... ကျွန်မ မလိုချင်ဘူး...”
မွန်း အတိုင်းအထက်အလွန် ထိတ်လန့် နေခဲ့ပြီ ဖြစ်သည်။ သူမသည် မျက်လုံးများမှ မျက်ရည်များ ဝဲတက်လာသည်ကိုပင် သတိမထားမိဘဲ လက်နှစ်ဖက်ကို လွှဲရမ်းကာ ငြင်းဆန်မိသည်။
“စာအုပ်ဆိုင်ကို ကျွန်မ မလိုချင်ပါဘူး... ကျွန်မ... ကျွန်မ ဘော့စ်အနားကနေ မခွာနိုင်သေးဘူး”
လင်းကျဲ၏ နှုတ်ခမ်းအစုံမှာ အနည်းငယ် ကွေးညွတ်သွား၏။
“ကလေး... မင်းက အရွယ်ရောက်နေပြီပဲ၊ အရည်အချင်းရှိတဲ့ မန်နေဂျာတစ်ယောက် ဖြစ်နေပါပြီ...”
မွန်း ခေါင်းငုံ့ထားမိရာ၊ သူမ၏ ရှည်လျားသော အနက်ရောင် ဆံပင်များမှာ အဖြူရောင် ဝတ်စုံနှင့် အလွန်ပင် သိသာထင်ရှားစွာ ဖြာကျနေတော့သည်။
“အခက်အခဲရှိရင် ဆစ်ဗာကို အကူအညီတောင်းလိုက်ပါ...”
လင်းကျဲက ဆက်လက်၍ ပြောလိုက်၏။
“ငါ... သွားတော့မယ်”
‘ဆစ်ဗာ...’
ညဉ့်ဦးယံ စုန်းမကြီး၏ အမှတ်တရများကို ဆက်ခံထားသော မွန်းသည် သူမ မည်သူဖြစ်ကြောင်း သိသည်။ ထိုစုန်းမကြီးကြီးက မစ္စတာလင်နှင့် ရင်းနှီးခဲ့သည်လား။
“...”
မွန်း လင်းကျဲကို ဆက်လက်တားဆီးရန် ပါးစပ်ဟလိုက်သော်လည်း မည်သည့်အကြောင်းပြချက်ကို သုံးရမည်မှန်း သူမ မသိခဲ့ချေ။ သူမ၏ လည်ချောင်းထဲတွင် ကျောက်တုံးကြီး တစ်ခုခု တစ်နေသကဲ့သို့ ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။
ဤ ‘ဟိုမန်ကူးလပ်စ်’ မလေး၏ အတွင်းသန္တာန်၌ တစ်စုံတစ်ခုသည် လျင်မြန်စွာ ကြီးထွားလာပြီး တိတ်တဆိတ် အမြစ်တွယ်လာခဲ့ပြီ ဖြစ်သည်။
သူမ ခေါင်းငုံ့ထားစဉ် မီးခိုးရောင် မြေပြင်ပေါ်၌ စိုစွတ်နေသော အစက်အပြောက်များကို မြင်လိုက်ရသည်။ သူမသည် သတိမထားမိဘဲ ခေါင်းကို မော့ကာ ကောင်းကင်ယံရှိ နေမင်းကြီးဆီသို့ လှမ်းကြည့်လိုက်၏။ သူမ၏ လှပသော မျက်နှာပေါ်မှ မျက်ရည်စများမှာ အလင်းရောင်အောက်တွင် တဖျပ်ဖျပ် လင်းလက် နေခဲ့တော့သည်။
လေပြင်းတစ်ချက်နှင့်အတူ နဂါးတောင်ပံခတ်သံကို သူမ ကြားလိုက်ရသည်ဟု ထင်မိသည်။
သူမ၏ မစ္စတာလင် ထွက်ခွာသွားခဲ့လေပြီ။
...
ထာဝရအမှောင်ထု ဖုံးလွှမ်းရာ နယ်မြေတွင် အဆိပ်ရှိသော ပိုးမွှားများနှင့် အမှောင်အဲ့လ်ဖ် မျိုးနွယ်တို့ ခိုအောင်းနေကြသည်။ ဤနေရာကား တစ်ချိန်က ‘မျိုးနွယ်စုမိခင်ကြီး’ ဆန်ဒါလ်ဖွန် ၏ အသိုက်အမြုံ ဖြစ်ခဲ့ဖူး၏။
ညိုမှောင်သော အသားအရေနှင့် ငွေရောင်ဆံပင်များ ပိုင်ဆိုင်သည့် အဲ့လ်ဖ်တို့သည် အပြင်ဘက်မှ ခြေသံများကို ကြားရသောအခါ ပျားအုံသဏ္ဌာန် အဆောက်အအုံများ၏ ပြည့်နှက်နေသော ပြတင်းပေါက်များမှတစ်ဆင့် ခေါင်းပြူ၍ ကြည့်ကြသည်။
ချယ်ရီသည် အမှောင်ညချမ်း ကျေးရွာ အတွင်းသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် ငယ်ဘဝအမှတ်တရများ ပြန်လည်နိုးထလာကာ လွမ်းဆွတ်ဖွယ်ရာနှင့် ရင်းနှီးကျွမ်းဝင်မှုတို့က သူမ၏ စိတ်အစဉ်၌ လွှမ်းမိုးသွားတော့သည်။
သူမနှင့်အတူ သူမ၏ အစေခံ ဘယ်လာ နှင့် မကြာသေးမီကမှ မိတ်ဆွေဖြစ်ခဲ့သော ရှာလော့ ကာစတာ တို့သာ ပါလာခဲ့ကြသည်။
ချယ်ရီသည် သူမ၏နောက်မှ တိတ်ဆိတ်စွာ လိုက်ပါလာသော၊ အဖြူရောင်ဝတ်စုံနှင့် သွယ်လျလှပသည့် တော်ဝင်မျိုးနွယ်အမျိုးသမီးငယ်ကို လှည့်ကြည့်လိုက်သည်။ မူလက အစိမ်းရင့်ရောင်ရှိသော ရှာလော့၏ မြွေမျက်လုံး အကြည့်တို့သည် ယခုအခါ သာမန်ဖျော့တော့သော အပြာရောင် မျက်လုံးများအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
မည်သို့ပြုလုပ်လိုက်သည်ကို ချယ်ရီ မသိပါသော်လည်း ဝယ်လ်သည် လက်ရှိခေတ်၏ အင်အားအကောင်းဆုံး ‘အောက်လမ်းမှော်ဆရာ’ ဖြစ်နေပြီမှာ အထင်အရှားပင်။
ဤအချက်ကို တွေးမိသောအခါမှ ချယ်ရီ စိတ်အေးသွားရသည်။ ဤနေရာသို့ လာရာလမ်းတွင် ချယ်ရီသည် ဝယ်လ်ကို ပထမဆုံး မြင်မြင်ချင်း မည်သို့မှတ်မိခဲ့ပုံကို ပြောပြခဲ့ဖူးသည်။ ယင်းမှာ မစ္စတာလင် ပြောခဲ့သည့် “ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပါ” ဟူသော စကားကြောင့်ပင် ဖြစ်သည်။
ဤစကားကြောင့် ဝယ်လ် အတော်ပင် အံ့အားသင့်သွားခဲ့ရ၏။ ဝယ်လ်သည် မိမိကိုယ်ကိုယ် မစ္စတာလင်၏ စွန့်ပစ်ခြင်းကို နောက်တစ်ကြိမ် ခံလိုက်ရပြီဟု အခိုင်အမာ ယုံကြည်နေခဲ့ကြောင်းကိုမူ ချယ်ရီ မသိခဲ့ချေ။ မိမိနှင့် ဂျိုးဇက်တို့ကြားတွင် မစ္စတာလင်က ဂျိုးဇက်ကို ရွေးချယ်လိုက်ပြီဟု ဝယ်လ် ထင်မှတ်ခဲ့သော်လည်း အဆုံး၌ သူ အသက်ရှင်ခဲ့ရသည်။ ကြည့်ရသည်မှာ သူသည် မစ္စတာလင်အတွက် အသုံးဝင်နေဆဲ ဖြစ်ပေလိမ့်မည်။
ချယ်ရီက သူတို့အနေဖြင့် ‘အမှောင်ညချမ်း ကျေးရွာ’ သို့ အဘယ်ကြောင့် လာရသည်ကိုလည်း ဝယ်လ်အား ပြောပြခဲ့သည်။ ဝယ်လ်က ထိုအကြောင်းကို ကြားသောအခါ အထင်အမြင်သေးစွာဖြင့်သာ တုံ့ပြန်ခဲ့၏။ အသေကောင်တစ်ဦးဖြစ်သော သူ့ကို ထောင်ချောက်အဖြစ် အသုံးချနေခြင်းက... ကလေးကလားဆန်လွန်းလှသည်။
သို့သော်လည်း ဤသည်မှာ သူ့အတွက် မစ္စတာလင်၏ စမ်းသပ်ချက်တစ်ခု ဖြစ်နေသဖြင့် သူသည် ကျေနပ်လောက်သော စွမ်းဆောင်ရည်ကို မဖြစ်မနေ ပြသရပေလိမ့်မည်။
ဝယ်လ်သည် ရှာလော့၏ ခန္ဓာကိုယ်အတွင်းသို့ ကူးပြောင်းဝင်ရောက်လိုက်သည်။ ယခုအခါ သူတို့နှစ်ဦးမှာ အပြန်အလှန် အမှီသဟဲပြုနေကြပြီ ဖြစ်၏။ သူတို့၏ အသိစိတ်များမှာ အပြည့်အဝ ပေါင်းစည်းသွားခြင်း မရှိသေးသော်လည်း တစ်ခုနှင့်တစ်ခု ထပ်တူကျနေပြီဖြစ်ရာ အတွေးအမြင်များမှာလည်း တပြိုင်နက်တည်း ဖြစ်ပေါ်နေတော့သည်။
ချယ်ရီ ခြေလှမ်းများကို ရပ်လိုက်၏။ သူတို့၏ ပန်းတိုင်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။ ယင်းမှာ အဲ့လ်ဖ်တို့အတွက် ရှားပါးလှသော အပန်းဖြေစရာ တစ်ခုတည်းသော ‘အရက်သေစာသောက်စားရာ ဇရပ်’ ကလေးပင်။
ချယ်ရီ အဝင်ဝမှ လိုက်ကာကို ဆွဲဖွင့်ကာ ဝင်လိုက်သောအခါ ရင်းနှီးနေသော မျက်နှာများစွာကို တွေ့လိုက်ရသည်။ သူတို့မှာ ဟိုးယခင်က ချယ်ရီနှင့် သူမ၏ မိခင်ကို နှိပ်စက်ညှဉ်းပန်းခဲ့ကြသော အဲ့လ်ဖ်တစ်သိုက်ပင် ဖြစ်သည်။
ထိုဇရပ်ကလေးအတွင်း၌ အဲ့လ်ဖ်ပေါင်း ဒါဇင်နှင့်ချီ၍ မတ်တတ်ရပ်လျက်သော်လည်းကောင်း၊ ထိုင်လျက်သော်လည်းကောင်း ရှိနေကြသည်။ သူတို့၏ အလယ်တွင်မူ လှိုင်းတွန့်ငွေရောင်ဆံပင်နှင့် ခရမ်းနုရောင် မျက်လုံးများ ပိုင်ဆိုင်သည့် လှပသော အဲ့လ်ဖ်အမျိုးသမီးကြီးတစ်ဦး ထိုင်နေ၏။
“ငါ့မြေးမလေး ချယ်ရီ... ငါတို့ မတွေ့ရတာ ကြာပြီပဲ။ လာပါဦး... အဘွားကို ဖက်လိုက်ပါဦး”
***