အခန်း (၅၂၁-၅၂၂)
Vol. 38 Ch. 521-522
အပိုင်း(၅၂၁)
“ငါ့မြေးမလေး ချယ်ရီ... ငါတို့ မတွေ့ရတာ ကြာပြီပဲ။ လာပါဦး... အဘွားကို ဖက်လိုက်ပါဦး”
စတီဖနီ၏ မျက်လုံးများမှာ ချယ်ရီကို မြင်သောအခါ သူမ၏ မြေးမြစ်များကို အမှန်တကယ် ချစ်ခင်မြတ်နိုးသော လူကြီးတစ်ဦးကဲ့သို့ အရောင်တောက်သွားသည်။
ချယ်ရီကတော့ တည်ငြိမ်သော အကြည့်တို့ဖြင့် သူမကို လျစ်လျူရှုထားလိုက်သည်။
“ဟန်ဆောင်နေတာကို ရပ်လိုက်ပါတော့ စတီဖနီရယ်... ဒီအချိန်အထိ သရုပ်ဆောင်နေရတာ မမောဘူးလား”
သူမက ပြုံးရုံပြုံးလျက် ဆိုလိုက်သည်။
တစ်ချိန်က ဆန်ဒါလ်ဖွန်၏ ယုံကြည်စိတ်ချရသူ ဖြစ်ခဲ့ပြီး ‘ပင့်ကူစုန်းမကြီး’ ဟု ဘွဲ့နာမည်ကျော်ကြားခဲ့သော စတီဖနီသည် ချယ်ရီ၏ အမှတ်တရများထဲတွင် ထိတ်လန့်ဖွယ်ရာ ပြယုဂ်တစ်ခုပင် ဖြစ်သည်။ စတီဖနီက ချယ်ရီ၏ လေသံကို ဂရုမစိုက်ဘဲ သူမ၏ မျက်တောင်များကို ပုတ်ခတ်လျက် ချယ်ရီ၏နောက်မှ လူကို ကြည့်လိုက်သည်။ ချယ်ရီ၏နောက်မှ ဆံပင်ရွှေရောင်နှင့် မျက်လုံးပြာရောင်ရှိသော တော်ဝင်မျိုးနွယ်အမျိုးသမီးငယ်မှာ အနည်းငယ် ထိတ်လန့်နေပုံရ၏။
“မင်းရဲ့ သူငယ်ချင်းလား”
စတီဖနီက သူမ၏ နှုတ်ခမ်းကို လျှာဖြင့် သပ်ရင်း မေးလိုက်သည်။
“အဲဒါ ရှင်နဲ့ ဘာဆိုင်လို့လဲ...”
ချယ်ရီက မျက်မှောင်ကြုတ်ကာ စိုက်ကြည့်လိုက်သည်။
“စကားတွေ အများကြီး ပြောမနေတော့ဘူး... ကျွန်မ အမေရဲ့ အရိုးပြာကို အခုပဲ ယူသွားမယ်”
“ဟား ဟား ဟား...”
စတီဖနီ မရယ်ဘဲ မနေနိုင်တော့ချေ။
“အဲ့လ်ဖ်တိုင်းဟာ တစ်နေ့မှာ ‘အမှောင်ညချမ်း ကျေးရွာ’ မှာ မြှုပ်နှံခံရဖို့ မျှော်လင့်ကြတာပဲ... မင်းရဲ့အမေကို ယူသွားရင် သူ ပျော်မှာ မဟုတ်ဘူး”
ထိုစကားကို ကြားသောအခါ ချယ်ရီမှာ မျက်နှာ ပျက်သွား၏။ သူမက အေးစက်စက် လေသံဖြင့်...
“ရှင့်မှာ ကျွန်မအမေ ကိုယ်စား ပြောပိုင်ခွင့် ဘာရှိလို့လဲ... သူကတော့ ဒီအောက်တန်းကျတဲ့ နေရာမှာ တစ်မိနစ်တောင် ထပ်မနေချင်တော့ဘူး...”
“...”
စတီဖနီ၏ အပြုံးများ အေးခဲသွား၏။ တစ်ချိန်တည်းမှာပင် အဲ့လ်ဖ်များက ရန်လိုသော အကြည့်များဖြင့် ချယ်ရီကို ဝိုင်းထားလိုက်ကြသည်။
“ဒီကောင်မလေး...”
စတီဖနီ၏ မျက်သူငယ်များမှာ အနည်းငယ် ကျယ်လာပြီး ထိုင်ခုံမှ ထလိုက်၏။ ထိုအခါ သူမ၏ စကတ်ရှည်ပေါ်တွင် စီခြယ်ထားသော ကျောက်မျက်ရတနာများမှာ တလက်လက် တောက်ပနေတော့သည်။
“ငါ မင်းကို အခွင့်အရေး တစ်ခုပေးမယ်... အခု ငါတို့ဆီမှာ ‘အောက်ပိုင်းခရိုင်’ ကို သွားနိုင်တဲ့ ထူးခြားတဲ့ လမ်းတစ်ခု ရှိတယ်... ငါတို့ရဲ့ ပန်းတိုင်က ‘အမှောင်ညချမ်း ကျေးရွာ’ ကို ‘ရိုးလ် သယံဇာတ ကုမ္ပဏီ’ အသစ်တစ်ခု ဖြစ်လာအောင် လုပ်ဖို့ပဲ... ပြီးတော့ မင်းရဲ့ ‘အက်ရှ် ကုန်သည်ကြီးများ အသင်း’ ကို ငါတို့ရဲ့ လက်ကိုင်တုတ်အဖြစ် သုံးမှာပါ...”
ချယ်ရီ မျက်မှောင်ကြုတ်ကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သော်လည်း သူမ၏ မျက်နှာအမူအရာမှာ ပြောင်းလဲခြင်း မရှိပေ။
သူမသည် မစ္စတာလင် ပေးအပ်ထားသော ‘မေတ္တာ နှလုံးသား ချိပ်တံဆိပ်’ စွမ်းအားကို အမြဲတမ်း ဦးစားပေး အသုံးပြုလေ့ရှိသည်။ သို့သော်လည်း စတီဖနီ၏ မျက်နှာကို ကြည့်လိုက်ရရုံဖြင့်ပင် ချယ်ရီသည် ပြေးတက်ကာ သူမကို ဆွဲဆုတ်ပစ်ချင်စိတ် ပေါက်နေပြီ ဖြစ်၏။
အချို့သော အဓိပ္ပာယ်အရ သူမ၏ မိခင် သေဆုံးခြင်းမှာ ဤအဘွားကြီးနှင့် ပတ်သက်နေသည်။
‘အမှောင်ညချမ်း ကျေးရွာ’ သည် ချယ်ရီ၏ နယ်မြေ မဟုတ်ခဲ့ဖူးချေ။ ထို့ပြင် ‘မေတ္တာ နှလုံးသား ချိပ်တံဆိပ်’ သည်လည်း အခြေခံအချက်အလက်အချို့ကို ချပြရန်အတွက်သာ ဆွဲဆောင်မှုရှိသော စွမ်းအားတစ်ခုအဖြစ် အသုံးဝင်သည်။ သို့သော် ယခုအခါ သူမတွင် အချိန်များစွာ မကျန်တော့ချေ။
အမှန်တကယ်တွင် ချယ်ရီ့အတွက် အားနည်းချက်များစွာ ရှိနေသည်။ ချက်ချင်း ထွက်ခွာသွားခြင်းကသာ မှန်ကန်သော ရွေးချယ်မှု ဖြစ်ပေလိမ့်မည်။
သို့သော်... ချယ်ရီသည် စတီဖနီကို အမှန်တကယ်ပင် သတ်ပစ်ချင်နေ၏။
“ဟမ့်... အိပ်မက်မက်မနေနဲ့ အရူးမကြီး...”
ချယ်ရီက စတီဖနီ၏ မျက်လုံးများကို တည့်တည့်စိုက်ကြည့်ကာ လှောင်ပြောင်လိုက်သည်။
စတီဖနီ၏ မျက်လုံးများထဲတွင် ကြောက်မက်ဖွယ်ရာ အရောင်အဝါများ လက်ခနဲ ဖြစ်သွား၏။
“ဒါဆိုရင်တော့ မင်းနဲ့ မင်းအမေဟာ ဒီနေရာမှာပဲ ထာဝရ နေသွားရတော့မှာပေါ့”
ဘုန်း...
သူမ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် လက်နက်များကို သွေးထားကြသော အနီးနားရှိ အဲ့လ်ဖ်အားလုံးသည် သူတို့၏ စွမ်းအားများကို အသုံးပြုကာ သတ်ဖြတ်လိုသော ရည်ရွယ်ချက်များဖြင့် တိုက်ခိုက်လိုက်ကြတော့သည်။ သို့သော်လည်း ချယ်ရီ၏ မျက်နှာလေးပေါ်တွင်မူ မမှုသော အမူအရာကသာ ပေါ်လွင်နေ၏။
ချယ်ရီ့တွင် မည်သည့် ထူးခြားသော စွမ်းအားမှ မရှိသည်ကို စတီဖနီ အလွယ်တကူ သိမြင်နိုင်သည်။ သို့ဆိုလျှင် သူမက အဘယ်ကြောင့် ဤမျှ ယုံကြည်မှု ရှိနေရသနည်း။ သူမ ခေါ်လာသော ထိုတော်ဝင်မျိုးနွယ်အမျိုးသမီးငယ်ကြောင့်လား။
စတီဖနီသည် ချယ်ရီ၏နောက်မှ အမျိုးသမီးငယ်ကို အကဲခတ်လိုက်သည်။ ထိုကြောက်တတ်ပုံရသော အမျိုးသမီးငယ်သည် စွဲမက်ဖွယ်ကောင်းသော အစိမ်းရင့်ရောင် မြွေမျက်လုံးများကို ပြသလိုက်သော်လည်း၊ စတီဖနီက အခြေအနေကို သတိထား၍ ခွဲခြမ်းစိတ်ဖြာကြည့်သောအခါ သူမက လုံးဝ အန္တရာယ်မရှိသူတစ်ဦးဟုသာ ထင်မြင်မိသည်။
“နင့်လို ကောင်မလေးကများ... အား...”
စတီဖနီ ဆဲဆိုရန် ပြင်လိုက်စဉ်မှာပင် တစ်ကိုယ်လုံး၌ ပြင်းထန်သော နာကျင်မှုကို ရုတ်တရက် ခံစားလိုက်ရသည်။ သူမ သတိမထားမိဘဲ ငုံ့ကြည့်လိုက်သောအခါ ချယ်ရီကို တိုက်ခိုက်နေကြသော သူမ၏ လက်အောက်ငယ်သားများ၏ စွမ်းအားများနှင့် ဓားမြှောင်များသည် သူမ၏ ခန္ဓာကိုယ်ထဲသို့သာ တိုးဝင်နေသည်ကို တွေ့လိုက်ရသည်။
စတီဖနီ၏ ခရမ်းရောင် မျက်လုံးများမှာ မယုံကြည်နိုင်လောက်အောင် ပြူးကျယ်သွားပြီး သူမ၏ လက်အောက်ငယ်သားများမှာလည်း ထိတ်လန့်တုန်လှုပ်သွားကြသည်။
“ဟင်း”
ချယ်ရီ၏ မျက်နှာလေးပေါ်တွင် သတ်ဖြတ်လိုသော အမူအရာများ ပြည့်နှက်နေ၏။
“ငရဲကိုသာ သွားတော့ စတီဖနီ...”
မေတ္တာ နှလုံးသား ပြောင်းလဲခြင်း...
ဤသည်မှာ ‘မေတ္တာ နှလုံးသား ချိပ်တံဆိပ်’ ထက် ပိုမိုမြင့်မားသော အဆင့်ဖြစ်သည်။
ဇရပ်ထဲသို့ ဝင်လာသည့် အချိန်မှစ၍ ချယ်ရီသည် သူမ၏ စွမ်းအားကို အသုံးပြုကာ အတွင်းရှိ လူအားလုံးကို လွှမ်းမိုးထားခဲ့သည်။ ယင်းက စတီဖနီ အပါအဝင် လူအားလုံး၏ စိတ်ထဲ၌ ချယ်ရီနှင့် စတီဖနီ၏ မည်သူမည်ဝါဖြစ်ကြောင်းကို သတိမထားမိဘဲ ပြောင်းလဲသွားစေခဲ့ခြင်း ဖြစ်သည်။
အဲ့လ်ဖ်တို့သည် သူတို့ ချယ်ရီကို တိုက်ခိုက်နေသည်ဟု ထင်မှတ်ခဲ့ကြသော်လည်း အမှန်စင်စစ်မှာမူ စတီဖနီကိုသာ တိုက်ခိုက်နေခြင်း ဖြစ်သည်။ ယခုအခါ စတီဖနီ၏ ခန္ဓာကိုယ်တွင် အပေါက်ပေါင်းများစွာ ဖြစ်နေပြီး သူမမှာမူ အံ့အားသင့်နေဆဲပင်။
ချယ်ရီ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ စတီဖနီ၏ စိတ်ပိုင်းဆိုင်ရာ ခုခံမှုမှာ သူမထက် မြင့်မားသော်လည်း၊ ချယ်ရီကို အထင်သေးလွန်းခဲ့သောကြောင့်သာ ချယ်ရီသည် သူမ၏ နှလုံးသားကို လွှမ်းမိုးနိုင်ခဲ့ခြင်း ဖြစ်သည်။
လက်ကောက်ဝတ်များမှ သွေးများ စီးကျနေသဖြင့် စတီဖနီသည် ပြင်းထန်သော ဒဏ်ရာများကြောင့် ကုန်းကုန်းကွကွ ဖြစ်နေသည်။ သို့သော်လည်း သူမသည် စတင်၍ ရယ်မောလိုက်၏။
“ကောင်မလေး... ငါ မင်းကို အထင်သေးမိတော့မလို့ပဲ”
စတီဖနီကို တစ်ကြိမ်တည်းနှင့် အပြတ်သတ်နိုင်မည် မဟုတ်ကြောင်း ချယ်ရီ သိလိုက်သည်။
“ဟား ဟား ဟား...”
စတီဖနီက ရူးသွပ်စွာဖြင့် အော်ဟစ်ရယ်မောလိုက်တော့သည်။ ထို့နောက် သူမသည် ခေါင်းကို မော့လိုက်၏။ သူမ၏ ဦးခေါင်းထိပ်မှာ စတင်ဖောင်းကားလာပြီး၊ ပြူးထွက်နေသော ပင့်ကူမျက်လုံးမည်းကြီးများသည် သူမ၏ နဖူးပေါ်တွင် ပူဖောင်းများကဲ့သို့ စတင်ပေါက်ဖွားလာသည်။ ထိုမျက်လုံးများမှာ အမွေးတိုလေးများဖြင့် ပြည့်နှက်နေသော်လည်း၊ သူမ မျက်နှာ၏ အောက်ပိုင်းမှာမူ ယခင်အတိုင်း လှပနေဆဲပင်။
စတီဖနီ၏ ခန္ဓာကိုယ်ကြီး ထွားလာသည်ကို ချယ်ရီ မျက်လုံးပြူးကြည့်နေမိသည်။ ကျောက်မျက်များ စီခြယ်ထားသော ခမ်းနားလှသည့် ဂါဝန်ကြီးမှာ ချုပ်ရိုးများ ပြုတ်ထွက်သွားပြီး၊ စတီဖနီ၏ ခါးနှင့် ဝမ်းဗိုက်တို့မှ အသားရောင် ပင့်ကူခြေလက်များ ထွက်ပေါ်လာသည်။ သူမ မြေပြင်ပေါ်တွင် ဝပ်လိုက်သောအခါ သူမ၏ ဝမ်းဗိုက်မှာ ကြီးမားသော ပင့်ကူဝမ်းဗိုက်ကြီးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ယခုအခါ စတီဖနီသည် ကြီးမားသော ‘ပင့်ကူကြီး’ တစ်ကောင် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
“ငါ့ရဲ့ အစာဖြစ်စမ်း ချယ်ရီ...”
စတီဖနီ၏ ပါးစပ်မှ တံတွေးများ စီးကျနေသည်။ သူမ၏ စူးရှသော အသံမှာ ကျောက်သင်ပုန်းပေါ်တွင် လက်သည်းဖြင့် ခြစ်လိုက်သကဲ့သို့ နားမခံသာအောင် စူးရှလှသည်။ ထိုကြီးမားသော ပင့်ကူကြီးသည် ရူးသွပ်စွာဖြင့် ဆက်လက်အော်ဟစ်နေ၏။
“ငါ ဒီခန္ဓာကိုယ်ကို မသုံးချင်ပါဘူး၊ ဒါပေမဲ့ မင်းက ငါ့ကို အကြပ်ကိုင်တာပဲ...”
စတီဖနီ၏ ရွံရှာဖွယ်ကောင်းသော ခန္ဓာကိုယ်ကို မြင်သောအခါ ချယ်ရီ အော့အန်လုနီးပါး ဖြစ်သွားရသည်။ ယခုအခါ စတီဖနီသည် ဗလာကျင်းနေ၏။ သူမ၏ တင်ပါးမှ အဖြူရောင် ပင့်ကူမျှင်များ ထွက်လာပြီး ဇရပ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ခဏအတွင်းမှာပင် ထိုနေရာတစ်ခုလုံးမှာ သူမ၏ အသိုက်အမြုံ ဖြစ်သွားတော့သည်။
ချယ်ရီသည် သတိမထားမိဘဲ နောက်သို့ ဆုတ်လိုက်ရာ လဲကျလုနီးပါး ဖြစ်သွားသည်။ ဘယ်လာသည် ချယ်ရီ၏ရှေ့တွင် အမြန်ရပ်လိုက်ပြီး၊ သူမ၏ အစေခံဂါဝန်ကို မကာ ဓားမြှောင်အချို့ကို ထုတ်၍ စတီဖနီထံသို့ ပစ်လိုက်သည်။
ဓားမြှောင်များမှာ လေကိုခွဲ၍ တိုးဝင်သွားသော်လည်း ဝမ်းနည်းစရာမှာ ၎င်းတို့မှာ ပင့်ကူမျှင်ပါးပါးလေးကိုပင် မဖြတ်နိုင်ဘဲ ယားရုံမျှသာ ရှိတော့သည်။
“အရှင်ဝယ်လ်...”
ဘယ်လာ အံကို တင်းတင်းကြိတ်ထားရင်း ဆိုဖာပေါ်တွင် အေးအေးဆေးဆေး ထိုင်နေသော ‘ရှာလော့’ ကို အကူအညီတောင်းလိုက်သည်။
ရှာလော့က ကြောက်မက်ဖွယ်ကောင်းသော အပြုံးကို ပြသလိုက်ပြီး အက်ရှရှအသံဖြင့် ချီးကျူးလိုက်၏။
“မျိုးနွယ်စုမိခင်ကြီး ဆန်ဒါလ်ဖွန်ရဲ့ အငွေ့အသက်တွေပါလား... မင်း သူရဲ့ စွမ်းအားကို ခိုးယူထားတာ ထင်တယ်၊ ဟုတ်တယ်မလား... မဆိုးပါဘူး... သတ်ပစ်လိုက်ရင် နှမြောစရာပဲ.. မင်းကို လှပတဲ့ ‘နမူနာပစ္စည်း’ တစ်ခုအဖြစ် လုပ်လို့ရတာပေါ့”
‘နမူနာပစ္စည်းတဲ့လား... သူ့ရဲ့ အကြိုက်ကလည်း တော်တော်ထူးဆန်းတာပဲ...’
ဝယ်လ် ဤမျှ တည်ငြိမ်နေသည်ကို မြင်သောအခါမှ ချယ်ရီ စိတ်အေးသွားရတော့သည်။
တစ်ချိန်တည်း၌ စတီဖနီမှာ ခန္ဓာကိုယ် တစ်ခုလုံး တောင့်တင်းသွားပြီး ရှာလော့ကို သတိထား၍ လှမ်းကြည့်လိုက်သည်။
ဤအမျိုးသမီးငယ်မှာ ယခင်က လုံးဝ အန္တရာယ်မရှိဟု ထင်ရသော်လည်း၊ ယခုအခါ သူမ၏ ‘အခရာအဆင့်’ စွမ်းအားများသည် ‘အမှောင်ညချမ်း ကျေးရွာ’ တစ်ခုလုံးကို လွှမ်းမိုးထားလေပြီ။ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ အားကောင်းလှသော ‘အီသာ’ စွမ်းအင်များသည် စတီဖနီ တစ်ချိန်က အလုပ်အကျွေးပြုခဲ့သော ဆန်ဒါလ်ဖွန်၏ စွမ်းအားနှင့် နှိုင်းယှဉ်လျှင်ပင် နိမ့်ကျခြင်း မရှိပါချေ။
***
အပိုင်း(၅၂၂)
စတီဖနီ၏ ပြူးထွက်နေသော ပင်ကူမျက်လုံးအစုံတို့သည် ဝယ်လ်ထံသို့ စိုက်ကြည့်နေရင်း သူမ၏ မျက်နှာမှာ ဖြူလျော်သွားတော့သည်။
“နင်... နင်က တကယ်တော့ ဘယ်သူလဲ”
သူမက မေးလိုက်၏။
“ဟား ဟား... နင့်ကို တစ်စစီ ပိုင်းဖြတ်ပြီး နမူနာပစ္စည်းအဖြစ် လုပ်မယ့်သူပေါ့... တစ်နည်းပြောရရင်တော့... နင့်ရဲ့ အရှင်သခင် ဖြစ်လာမယ့်သူပဲ”
ဝယ်လ်က ကြောက်မက်ဖွယ်ကောင်းသော ရယ်သံဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
တစ်ချိန်တည်းမှာပင် ဘယ်လာသည် ချယ်ရီကို စတီဖနီနှင့် ဝေးရာသို့ ဆွဲခေါ်သွားပြီး ထောင့်တစ်နေရာ၌ ပုန်းအောင်းနေသည်။
ယခုအခါ စတီဖနီသည် ပင့်ကူကြီးတစ်ကောင် ဖြစ်နေချေပြီ။ သူမသည် ပင့်ကူအသွင်ကို ဆောင်ထားသော်လည်း ပြင်ပရုပ်သွင်မှာ လူသားပုံသဏ္ဌာန် ရှိနေဆဲပင်။ ဆန်ဒါလ်ဖွန်၏ စွမ်းအားအချို့ကို ဝါးမြိုထားသဖြင့် မိမိကိုယ်ကိုယ် ယုံကြည်မှုရှိနေသော စတီဖနီသည် ဝယ်လ်၏ ကြီးမားလှသော စွမ်းအားများရှေ့တွင်မူ အနည်းငယ် ထိတ်လန့်တုန်လှုပ်နေမိသည်။
ဝေါ့...
သူမက ပါးစပ်ကို ဟလိုက်ရာ သူမ၏ မေးရိုးအောက်ပိုင်းမှာ ကျယ်ပြန့်သွားပြီး လည်ချောင်းအတွင်းရှိ ဂလင်းများမှ အဖြူရောင် အရည်များ ပန်းထွက်လာသည်။ ထိုအရည်များသည် ပါးစပ်မှ ထွက်သွားသည်နှင့် တစ်ပြိုင်နက် ပင့်ကူမျှင်များအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ဝယ်လ်က အရေးမစိုက်ဟန်ဖြင့် နှာခေါင်းရှုံ့လိုက်ရာ၊ သေခြင်းတရား၏ ကြောက်မက်ဖွယ် အငွေ့အသက်များ ပါဝင်သော မင်ရည်ကဲ့သို့ မည်းနက်သည့် အငွေ့အမှောင်များသည် အခန်းတစ်ခုလုံး၌ တဖြည်းဖြည်း မြင့်တက်လာသည်။
ရှာလော့၏ အဖြူရောင် ဂါဝန်အောက်ခြေမှ ထူထဲချောကျိသော နှာမောင်းလက်တံများမှာ ချက်ချင်း ထွက်ပေါ်လာသည်။ ဝယ်လ် မျက်တောင်တစ်ချက်မျှ မခတ်သော်လည်း သူ၏ မျက်နှာပေါ်တွင် လှောင်ပြုံးတစ်ခု ရှိနေ၏။ သူ၏ ကိုယ်အထက်ပိုင်းမှာ မွန်မြတ်လှပသော တော်ဝင်မျိုးနွယ်အမျိုးသမီးငယ်လေး၏ အသွင်ကို ဆောင်ထားသော်လည်း၊ ကိုယ်အောက်ပိုင်းမှာမူ နှာမောင်းလက်တံများဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။
“ဝေါ့...”
ထောင့်မှ ကြည့်နေသော ချယ်ရီသည် ပျို့အန်မတတ် ဖြစ်သွားရသည်။ ဤနှစ်ယောက်စလုံးမှာ မိစ္ဆာကောင်များသာ ဖြစ်ကြပေသည်။
ဝယ်လ်သည် မစ္စတာလင်၏ အမိန့်အတိုင်း ချယ်ရီကို ကာကွယ်စောင့်ရှောက်ရန် သူ၏ တာဝန်ကို အမှန်တကယ် ကျေပွန်ခဲ့သည်။ သို့သော်လည်း ‘အောက်လမ်းမှော်ဆရာ’ ကြီး၏ ရှေ့မှောက်တွင် စတီဖနီမှာ အလွန်ပင် အားနည်းလွန်းလှသလို၊ ဝယ်လ်မှာမူ သူ၏ နိဂုံး နိယာမကို နိုးထစေပြီး ဖြစ်သည်။
လူသားမျိုးနွယ်၏ သမိုင်းတစ်လျှောက်တွင် မိမိတို့၏ ကိုယ်ပိုင် နိယာမ စွမ်းအားကို နားလည်သဘောပေါက်သော စွမ်းအားရှင်များမှာ လက်ချိုးရေတွက်၍ ရနိုင်လောက်အောင် နည်းပါးလှရာ ဝယ်လ်သည်လည်း တစ်ဦးအပါအဝင် ဖြစ်ပေသည်။
စတီဖနီကို သတ်ပစ်ရန်မှာ သူ့အတွက် အလွန်လွယ်ကူသော်လည်း၊ သူမသည် ဆန်ဒါလ်ဖွန်၏ စွမ်းအားကို မည်မျှအထိ စုပ်ယူထားသည်ကို စမ်းသပ်လိုသဖြင့် ဝယ်လ်သည် သူမနှင့် အပြန်အလှန် တိုက်ခိုက်နေခြင်း ဖြစ်သည်။
သူတို့နှစ်ဦးကြားရှိ ကွာခြားချက်မှာ လက်နက်အပြည့်အစုံ တပ်ဆင်ထားသော အထူးတပ်ဖွဲ့ဝင် စစ်သည်တစ်ဦးနှင့် ဓားငယ်တစ်ချောင်း ကိုင်ဆောင်ထားသော ကလေးငယ်တစ်ဦးတို့ ယှဉ်ပြိုင်နေသကဲ့သို့ပင်။
စတီဖနီ၏ ခန္ဓာကိုယ်မှ ပစ်လွှတ်လိုက်သော ပင့်ကူမျှင်များသည် ဝယ်လ်ထံသို့ ပျံသန်းလာသော်လည်း ဝယ်လ်က သူ၏ နှာမောင်းလက်တံများကို မြှောက်လိုက်ရာ၊ ထိုပင့်ကူမျှင်များမှာ သူ့ကို မထိရသေးမီမှာပင် အရည်အဖြစ်သို့ ပျော်ဝင်သွားတော့သည်။
စတီဖနီမှာ ဒေါသအမျက် ချောင်းချောင်းထွက်နေသော်လည်း၊ သူမ၏ ရှေ့မှောက်ရှိ ပုဂ္ဂိုလ်၏ အင်အားကို တဖြည်းဖြည်း နားလည်လာပြီး ထိုသူမှာ မည်သူဖြစ်နိုင်ကြောင်း ဝေဝါးစွာ ခန့်မှန်းမိသွားသည်...။
“နင်က... အောက်လမ်းမှော်ဆရာ... ဝယ်လ် လား”
စတီဖနီက တုန်ရီသောအသံဖြင့် မေးလိုက်သည်။
“အိုး...”
ဝယ်လ် အတော်ပင် အံ့အားသင့်သွားရသည်။
“နင်တို့လို ပိုးမွှားနဲ့တူတဲ့ အဲ့လ်ဖ်တွေကတောင် ငါ့နာမည်ကို သိနေတာလား”
“မျိုးနွယ်စုမိခင်ကြီးက နင့်အကြောင်း ပြောဖူးတယ်... နင်က ‘ဘီလူးဘုရင်’ ရဲ့ တပည့်ပဲ”
စတီဖနီ ကြောက်လန့်တကြား နောက်သို့ ဆုတ်လိုက်မိသည်။
သူမ ကိုယ်တိုင်မှာလည်း သာမန်လူ မဟုတ်ပေ။ သူမသည် ဆန်ဒါလ်ဖွန်၏ တိုက်ရိုက်တပည့်တစ်ဦး ဖြစ်သည်။ ‘ပထမခေတ်’ ကတည်းက တည်ရှိခဲ့သော သတ္တဝါတစ်ဦးဖြစ်သည့် ဆန်ဒါလ်ဖွန်သည် အမှန်စင်စစ် ‘ဘီလူးဘုရင် ဩဂတ်စတပ်နှင့် အဆင့်အတန်း တူညီသူပင် ဖြစ်သည်။
မိမိဆရာ၏ အမည်ကို ကြားလိုက်ရသောအခါ ဝယ်လ်၏ ရန်လိုမှုများ အနည်းငယ် လျော့ပါးသွားသည်။
‘ဆရာသာ မရှိခဲ့ရင် ငါ အခုလောက်ဆို သေနေတာ ကြာပြီ...’
ဝယ်လ်သည် အိပ်မက်လောက၏ အစွန်အဖျားရှိ စွန့်ပစ်ထားသော ဘီလူးနိုင်ငံတော်ကို စောင့်ကြပ်နေသည့် အတိုင်းအဆမရှိ ကြီးမြတ်သော ထိုအရှင်သခင်ကြီးနှင့် ပတ်သက်သည့် အမှတ်တရများထဲတွင် နစ်မျောသွားမိသည်။
ဝယ်လ် သူ၏ လက်သီးကို ဖြည်းညှင်းစွာ ဆုပ်လိုက်သည်။ သူသည် ဆေးပုလင်းကိုပင် မှန်အောင် မရွေးချယ်တတ်သော ကလေးငယ်တစ်ဦး မဟုတ်တော့ချေ။ ယခုအခါ သူသည် ‘အခရာအဆင့်’ နိယာမကို ပိုင်ဆိုင်ထားသော အောက်လမ်းမှော်ဆရာကြီး ဖြစ်နေပြီဖြစ်ရာ၊ သူ၏ ဆရာဟောင်းထံသို့ ပြန်သွားချိန်တွင်လည်း ခေါင်းမော့၍ သွားနိုင်ပေလိမ့်မည်။
ဝယ်လ်က ပြုံးလိုက်ရင်း လက်တစ်ဖက်ကို မြှောက်လိုက်၏။
“ငါ့ဆရာ့မျက်နှာကို ထောက်ပြီး... မင်းကို မြန်မြန်ဆန်ဆန် သေခွင့်ပေးလိုက်မယ်”
ချက်ချင်းပင် မြေပြင်ပေါ်၌ အလင်းရောင်ကင်းမဲ့သော ‘မဟူရာမီးလျှံ’ များ တောက်လောင်လာသည်။ အရာရာကို ဖျက်ဆီးပစ်နိုင်သော ထိုစွမ်းအားသည် နောက်တစ်စက္ကန့်အတွင်း စတီဖနီကို ဝါးမြိုပစ်တော့မည် ဖြစ်သည်။
စတီဖနီ၏ ကြီးမားလှသော ပင့်ကူကိုယ်ကြီးသည် မြေပြင်ပေါ်၌ လူးလှိမ့်နေပြီး သူမ၏ ပါးလွှာသော ဝမ်းဗိုက်သားမှာ ပေါ်ထွက်လာသည်။ ဖောင်းကားနေသော သူမ၏ ဝမ်းဗိုက်ထဲတွင် ပင့်ကူငယ်လေးများ လှုပ်ရှားနေသည်ကို အထင်အသား မြင်တွေ့နေရ၏။
အဆုံးတွင်မူ ဝယ်လ်သည် သူမကို အပြတ်သတ်ရန် စိတ်မသန်တော့ဘဲ သူမ၏ ဦးခေါင်းကိုသာ ချန်ထားခဲ့သည်။ ဖြစ်နိုင်သည်က... ယင်းကို သူ၏ သခင် အတွက် လက်ဆောင်တစ်ခုအဖြစ် ပေးလိုခြင်းကြောင့်လည်း ဖြစ်နိုင်ပေသည်။
ပိတ်စတစ်ခု၏နောက်တွင် ပုန်းအောင်းနေသော ချယ်ရီသည် ငါးပူတင်းလေး ကလေးတစ်ကောင်ကဲ့သို့ ပါးဖောင်းကာ ဘယ်လာကို တိုးတိုးလေး ညည်းညူလိုက်သည်။
“ဝယ်လ်က တကယ်တော့ အဲဒီလောက်တောင် စွမ်းတာလား”
“နော်ဇင်ရဲ့ သမိုင်းမှာ ထာဝရ မှတ်တမ်းတင်ထားမယ့် ‘၆၇ လမ်းမ’ ပေါ်က တိုက်ပွဲအကြောင်းကို ဝေးလံတဲ့ နေရာတွေမှာတောင် သိကြပါတယ်”
ဘယ်လာက ဆိုသည်။
“ကျွန်မ ပြောတာက မစ္စတာလင်က သူ့ကို ဒီလောက် အားကောင်းတဲ့ စွမ်းအားတွေ ပေးထားတာကို ပြောတာပါ”
ချယ်ရီက နှာမှုတ်ကာ ပြောလိုက်၏။
“ဖြစ်နိုင်တာကတော့... မစ္စတာလင်က သခင်မလေးအတွက် အသင့်တော်ဆုံး စွမ်းအားကို ပေးခဲ့တာ ဖြစ်မှာပါ... သခင်မလေးက တိုက်ပွဲဝင်ရမယ့်သူမှ မဟုတ်တာ... မစ္စတာလင်က သခင်မလေးကို အန္တရာယ်တွေနဲ့ မတွေ့စေချင်လို့ ဖြစ်မှာပေါ့”
ဘယ်လာက သူမ၏ သခင်မလေးကို နှစ်သိမ့်လိုက်သည်။
ထိုစကားကို ကြားရသောအခါမှ ချယ်ရီ စိတ်သက်သာရာ ရသွားတော့သည်။ ‘အမှောင်ညချမ်း ကျေးရွာ’ အရေးအခင်း ပြီးဆုံးသွားလျှင် သူမသည် မစ္စတာလင်ကို ပြန်လည်တွေ့မြင်ရပေလိမ့်မည်။
‘ဟူး... ဝယ်လ်က တကယ်တော့ အားကိုးထိုက်သားပဲ...’
ချယ်ရီ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ သူမ ကိုယ်ပေါ်မှ ဖုန်များကို ခါထုတ်လိုက်ပြီး ပုန်းနေရာမှ ထွက်လာခဲ့သည်။
“ကျေးဇူးတင်ပါတယ် မစ္စတာဝယ်လ်... ရှင်နဲ့ လက်တွဲရတာ တကယ်ပဲ အဆင်ပြေပါတယ်”
ချယ်ရီက သူမ၏ ပုံမှန် အေးစက်စက် လေသံဖြင့် ဆိုလိုက်သည်။
မိမိ၏ ဆရာအကြောင်းကို ပြန်လည်အမှတ်ရခဲ့သဖြင့် ဝယ်လ်သည် စိတ်အခြေအနေ ကောင်းမွန်နေပြီး ချယ်ရီကို ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။ သူတို့နှစ်ဦးစလုံးမှာ စာအုပ်ဆိုင်ရှင်၏ ဖောက်သည်များဖြစ်ကြပြီး၊ အပြန်အလှန် အကျိုးစီးပွားအတွက် လက်တွဲဆောင်ရွက်နေကြသူများ ဖြစ်ပေသည်။
ချယ်ရီက စကားအချို့ ဆက်ပြောရန် ပြင်လိုက်စဉ်မှာပင် ဝယ်လ်၏ မျက်နှာမှာ ရုတ်တရက် ပျက်သွားတော့သည်။
“ဘာ...”
ချယ်ရီ မေးရန် ပြင်လိုက်သော်လည်း ဝယ်လ်၏ နှာမောင်းလက်တံတစ်ခုက သူမ၏ ခါးကို ပတ်လျက် သူမကို နောက်သို့ လွှင့်ပစ်လိုက်သဖြင့် စကားစပြတ်သွားရသည်။ ချယ်ရီသည် ဘာဖြစ်သွားမှန်းပင် မသိလိုက်မီ နံရံနှင့် ဆောင့်မိကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ခေါင်းထိသွားသဖြင့် နာကျင်စွာ အော်ဟစ်လိုက်မိသည်။
“ဝယ်လ်... ရှင် ဘာလုပ်တာလဲ... ဘယ်လာ...”
သူမ ခြေထောက်ပေါ် ရပ်လိုက်ရင်း အော်ဟစ်လိုက်မိ၏။ သို့သော်လည်း... စကားပင် မဆုံးသေးမီမှာပင်...
ဝှစ်... ဝှစ်... ဝှစ်...
ဝတ်ရုံနက်ဝတ် လူတစ်ဒါဇင်ကျော် ပေါ်လာပြီး ဇရပ်အတွင်းသို့ အတင်းဝင်ရောက်ကာ ချယ်ရီ ရပ်နေခဲ့သော နေရာကို ‘အီသာ’ စွမ်းအင်များ ဖုံးလွှမ်းနေသော ဓားကြီးများဖြင့် ဝိုင်းဝန်းခုတ်ပိုင်းလိုက်ကြသည်။ ဝယ်လ်ကသာ သူမကို လွှင့်မပစ်ခဲ့လျှင် ချယ်ရီ၏ ခန္ဓာကိုယ်ငယ်လေးမှာ အပိုင်းပိုင်း ပြတ်သွားပေလိမ့်မည်။
သို့သော်လည်း ဘယ်လာမှာမူ ထိုကဲ့သို့ ကံမကောင်းခဲ့ချေ။ သူမသည် ထိုဝတ်ရုံနက်ဝတ် လူများ၏ နောက်ကျောမှ ခုတ်ချက်ကို ခံလိုက်ရသည်။ ဘာမျှပင် မလုပ်နိုင်လိုက်မီ ဘဝနိဂုံးချုပ်သွားရသဖြင့် သူမ၏ မျက်လုံးများတွင် မကျေနပ်မှုများဖြင့် ပြည့်နှက်နေ၏။ သူမ၏ နောက်ဆုံး လုပ်ဆောင်ချက်မှာ သူမဘေးရှိ ချယ်ရီကို ကာကွယ်ရန် လက်နှစ်ဖက်ကို မြှောက်လိုက်ခြင်းသာ ဖြစ်ပုံရသည်။
ဘုန်း...
ဘယ်လာသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားသည်။
“ဘယ်လာ...”
ချယ်ရီ၏ မျက်လုံးများမှာ အပြင်သို့ ပြူးထွက်မတတ် ဖြစ်သွား၏။ ဘယ်လာမှာ သူမ အတွက် မိခင်တစ်ဦးကဲ့သို့ရော သူငယ်ချင်းတစ်ဦးကဲ့သို့ပါ အားကိုးခဲ့ရသော အစေခံလေး ဖြစ်သည်။
ချယ်ရီ အသိစိတ်များ လွတ်ထွက်သွားကာ ဘယ်လာ့အနားသို့ ပြေးသွားရန် ကြိုးစားသော်လည်း ဝယ်လ်၏ နှာမောင်းလက်တံများက သူမကို ဖမ်းဆီးကာ နောက်သို့ ထပ်မံလွှင့်ပစ်လိုက်ပြန်သည်။
“မင်းတို့က ဘယ်သူတွေလဲ”
ဝယ်လ်က ရှာလော့၏ မျက်မှောင်ကြုတ်နေသော မျက်နှာဖြင့် မေးလိုက်သည်။ သို့သော်လည်း ဤဝတ်ရုံနက်ဝတ် လူများထံမှ ထွက်ပေါ်နေသော အငွေ့အသက်များသည် ဝယ်လ်အတွက် ရင်းနှီးနေသည်။ ထို့ပြင် ထိုသူအားလုံး၏ လက်ထဲတွင် အနက်ရောင် မျက်နှာဖုံးပေါ်၌ စာလုံးများ ရေးထွင်းထားသော စာအုပ်တစ်အုပ်စီ ရှိနေကြသည်။
အပျက်အစီး အိပ်မက်...
***