← Chapters

အခန်း (၅၂၃-၅၂၄)

Vol. 38 Ch. 523-524

အခန်း (၅၂၃-၅၂၄)

Vol. 38 Ch. 523-524

အပိုင်း(၅၂၃)

ထိုစာအုပ်မှ ထွက်ပေါ်နေသော အငွေ့အသက်မှာ ဝယ်လ်အတွက် အလွန်ပင် ရင်းနှီးလွန်းလှသည်။ ဤသည်မှာ... မစ္စတာလင်၏ စာအုပ်ပင်။

ဝတ်ရုံနက်ဝတ် လူများ၏ ခေါင်းဆောင်ဖြစ်သူသည် သူ၏ ခေါင်းစွပ်ကို ဖြည်းညှင်းစွာ ချွတ်လိုက်ရာ၊ မြွေကဲ့သို့ အကြေးခွံများ ဖုံးလွှမ်းနေသော အလွန်ပင် ရွံရှာဖွယ်ကောင်းသည့် မျက်နှာတစ်ခု ပေါ်ထွက်လာသည်။ ထိုသူ၏ မေးရိုးအောက်ပိုင်းတွင် စုပ်ခွက်များပါသော နှာမောင်းလက်တံလေးများဖြင့် ပြည့်နှက်နေပြီး၊ သားရဲမျက်လုံးများနှင့် ကတုံးပြောင်ပြောင် ဦးခေါင်းကြီး ရှိနေသည်။

ဤစက်ဆုပ်ဖွယ် ရုပ်သွင်မှာ လူသားတစ်ဦးတွင် ရှိအပ်သော ရုပ်သွင်မဟုတ်ပေ။ ယင်းမှာ ရှေးကျပြီး ကြောက်မက်ဖွယ်ကောင်းလှသလို ရုပ်ဆိုးအကျည်းတန်လှပေသည်။

“ဆိုတော့ မင်းတို့က ကပ်ဘေး ဘုရားကျောင်းတော်ကပေါ့”

ဝယ်လ်က မျက်မှောင်ကြုတ်ကာ အသေအချာ ပြောလိုက်သည်။

“နင်တို့တွေပါလား... လာတာ နောက်ကျလိုက်တာ...”

စတီဖနီသည် ဝယ်လ်၏ နိယာမစွမ်းအားကြောင့် ခန္ဓာကိုယ် တစ်စစီ ပျက်စီးနေပြီး အသက်ငင်နေပြီ ဖြစ်သည်။

“စတုန်း...”

စတီဖနီက ဝတ်ရုံနက်ဝတ် ခေါင်းဆောင်ကို လှမ်းအော်လိုက်သည်။ ထိုသူများမှာ နော်ဇင်ရှိ လူများနှင့် မတူသော အမည်နာမများ ရှိကြပုံရသည်။

“တကယ်လို့ အမှောင်ညချမ်း ကျေးရွာနဲ့ လက်တွဲ ဆက်လုပ်ချင်တယ်ဆိုရင်၊ ပြီးတော့ နင်တို့ရဲ့ အောက်ပိုင်းခရိုင်က သတ္တုရိုင်းတွေကို ရောင်းချင်တယ်ဆိုရင်... ဒီနှစ်ယောက်ကို အခုချက်ချင်း သတ်ပေးစမ်း...”

ဝတ်ရုံနက်ဝတ် ခေါင်းဆောင်က စတီဖနီကို အထင်အမြင်သေးစွာဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူက ကျမ်းစာဖတ်နေသကဲ့သို့ ဆိုလိုက်သည်။

“သိပ်ကို ရုပ်ဆိုးတာပဲ အဲ့လ်ဖ်ပဲဖြစ်ဖြစ် လူသားပဲဖြစ်ဖြစ်... မင်းတို့အားလုံးဟာ မာနကြီးပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေကြတာပဲ... အဆုံးမှာတော့ ဘုရားသခင်ရဲ့ စွန့်ပစ်ခြင်းကို ခံရမှာပါ”

ထို့နောက် ဝတ်ရုံနက်ဝတ် ခေါင်းဆောင်သည် လက်ဖျောက်တစ်ချက် တီးလိုက်သည်။ စတီဖနီ၏ ကျန်ရှိနေသော ဦးခေါင်းကြီးမှာ ပေါက်ကွဲသွားပြီး အဖြူရောင် ဦးနှောက်များမှာ နေရာအနှံ့သို့ ပန်းထွက်ကုန်တော့သည်။

“ဒီလူတွေက... စတီဖနီ လက်တွဲဖို့ ကြိုးစားနေတဲ့ အောက်ပိုင်းခရိုင် ကပ်ဘေး ဘုရားကျောင်းတော်က လူတွေပဲ”

ချယ်ရီသည် သူမ၏ ပုံမှန်တည်ငြိမ်မှုကို ပြန်လည်ရရှိလာပြီး အခြေအနေကို ခွဲခြမ်းစိတ်ဖြာလိုက်သည်။

ဝယ်လ်မှာမူ မလှုပ်မယှက် ရှိနေဆဲပင်။ သူ့ကို ဇဝေဇဝါ ဖြစ်စေသည်မှာ သူတို့လက်ထဲရှိ စာအုပ်ပင် ဖြစ်သည်။

“အရှင်သခင်ကို အရိုအသေပေးကြ...”

ဝတ်ရုံနက်ဝတ် ခေါင်းဆောင်သည် ဝယ်လ်ကို ဂရုမစိုက်ဘဲ သူ၏ လက်ထဲရှိ ‘အပျက်အစီး အိပ်မက်’ စာအုပ်ကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး အကျယ်တဝင့် ရွတ်ဆိုလိုက်သည်။

“အရာခပ်သိမ်းသည် သင်၏ ကြီးမြတ်လှသည့် အိပ်မက်လောကလို ဖြစ်သည်... မဟူရာ ချောက်နက်ကြီးကို ပွေ့ပိုက်ကြပါစေ... မနိုးထပါနဲ့... မီးခိုးရောင် မြူထုတွေ ဖုံးလွှမ်းထားတဲ့ တစ်ဆူတည်းသော ဘုရားသခင်ရဲ့ ပွေ့ပိုက်မှုကို ခံယူကြပါ”

ထို့နောက် စတုန်း သည် ဝယ်လ်ကို မော့ကြည့်ကာ ယုတ်မာညစ်ထေးသော အပြုံးဖြင့် ဆိုလိုက်သည်။

“ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ခံစားလော့”

ဝတ်ရုံနက်ဝတ် လူသား၏ ဂါထာမန္တန်ကို ကြားလိုက်ရသောအခါ ဝယ်လ်မှာ အမှန်တကယ်ပင် ထိတ်လန့်သွားရသည်။ နောက်တစ်စက္ကန့်တွင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများမှာ ကုန်ခမ်းသွားသကဲ့သို့ ခံစားလိုက်ရပြီး၊ သူ၏ အခြားတစ်ဝက်ဖြစ်သော ရှာလော့မှာမူ အရူးတစ်ယောက်ကဲ့သို့ အော်ဟစ်လိုက်တော့သည်။

...

ထိုအနက်ရောင် စာအုပ်မျက်နှာဖုံးမှာ မိတ္တူကူးစက်ဖြင့် ကူးယူထားခြင်းဖြစ်ကြောင်း သိသာလှပြီး ကြည့်ရသည်မှာလည်း အနည်းငယ် အဆင့်အတန်းနိမ့်လှသည်။

အောက်ပိုင်းခရိုင်သို့ တရားမဝင် မှောင်ခိုလမ်းကြောင်းမှတစ်ဆင့် မိတ္တူကူးစက်တစ်လုံး ရောက်ရှိလာခဲ့ပြီးနောက်၊ ဘုရားသခင်၏ လမ်းညွှန်မှုကို သဒ္ဓါတရားထက်သန်စွာ ခံယူထားသူတစ်ဦးက ထိုစာအုပ်ကို မိတ္တူအများအပြား ကူးယူခဲ့ခြင်းဖြစ်သည်။ စာအုပ်အတွင်းရှိ စာသားများ၏ စွမ်းအားမှာ လျော့ပါးသွားခြင်းမရှိသည့်အပြင် အဆပေါင်းများစွာ ပွားများသွားခဲ့လေသည်။

မစ္စတာလင်၏ စာအုပ်ကို မိတ္တူပွားရန်ဆိုသည်မှာ ဝယ်လ်ပင်လျှင် အိပ်မက်မမက်ရဲသော အရာဖြစ်သော်လည်း ဤလူများကမူ အမှန်တကယ် လုပ်ဆောင်ခဲ့ကြပြီဖြစ်သည်။

သို့သော်လည်း မစ္စတာလင်၏ စာအုပ်ကို နားလည်သဘောပေါက်ရန်မှာ မလွယ်ကူလှချေ။ အောက်ပိုင်းခရိုင်ရှိ ရာနှင့်ချီသော မိစ္ဆာကောင်များထဲတွင်မှ နှစ်ဦး သုံးဦးခန့်သာ ဤစာအုပ်ကို ပိုင်ဆိုင်နိုင်ကြခြင်းဖြစ်သည်။

စတီဖနီက ‘စတုန်း’ ဟု ခေါ်ဝေါ်ခဲ့သော အောက်ပိုင်းခရိုင် မိစ္ဆာများ၏ ခေါင်းဆောင်သည် သူ၏ သားရဲမျက်လုံးကြီးများကို ပြူးကြည့်လိုက်သည်။ သူ၏ မေးစေ့မှ တွန့်လိမ်နေသော နှာမောင်းလက်တံလေးများသည် စိတ်လှုပ်ရှားမှုကို မဖုံးဖိနိုင်သည့်အလား တုန်ခါနေကြ၏။ သူ့တွင် မျက်တောင်လည်းမရှိ၊ မျက်ခွံလည်းမပါဘဲ မျက်လုံးများမှာ ငါးမျက်လုံးကဲ့သို့ ပြောင်လက်နေသည်။

ဤသည်မှာ သူတို့ အထက်ပိုင်းခရိုင်သို့ ပထမဆုံးအကြိမ် ခြေချနိုင်ခြင်း ဖြစ်သည်။ တိတိကျကျဆိုရလျှင် ‘အမှောင်ညချမ်း ကျေးရွာ’ သည် အောက်ပိုင်းခရိုင်၏ အစိတ်အပိုင်းမဟုတ်ဘဲ အထက်နှင့် အောက်ခရိုင်ကြားရှိ ကူးပြောင်းရာ နယ်မြေတစ်ခုသာ ဖြစ်သည်။

သို့သော်လည်း ဤသည်မှာ ‘ကပ်ဘေး ဘုရားကျောင်းတော်’ ၏ ပထမဆုံး ခြေလှမ်းပင် ဖြစ်သည်။ အောက်ပိုင်းခရိုင် နေထိုင်သူများကို အထက်ပိုင်းခရိုင်သို့ တစ်ကျော့ပြန် တက်လှမ်းခွင့်ပေးရန်မှာ သူတို့၏ ရည်မှန်းချက် ဖြစ်ပေသည်။

ထို့ပြင် အဲ့လ်ဖ်တို့မှာ သူတို့၏ နယ်ရုပ်များသာ ဖြစ်ကြ၏။ အဲ့လ်ဖ်တို့၏ လမ်းကြောင်းကို အမှန်တကယ် ဖွင့်လှစ်လိုသူမှာ စတီဖနီမဟုတ်ဘဲ ‘ကပ်ဘေး ဘုရားကျောင်းတော်’ သာ ဖြစ်သည်။

မူလအစီအစဉ်မှာ စတီဖနီက ချယ်ရီကို သတ်ဖြတ်ပြီး ‘အက်ရှ် ကုန်သည်ကြီးများ အသင်း’ မှ အခြားအရာရှိတစ်ဦးနှင့် ပူးပေါင်းကာ အောက်ပိုင်းခရိုင်ရှိ ‘ကပ်ဘေး ဘုရားကျောင်းတော်’ နှင့် မဟာမိတ်ဖွဲ့ရန်ဖြစ်သည်။ သို့သော် သူမသည် ချယ်ရီကိုပင် မကိုင်တွယ်နိုင်ခဲ့ခြင်းမှာ ရယ်စရာကောင်းလှပေသည်။

တစ်ချိန်က ရည်မှန်းချက်ကြီးမားခဲ့သော ‘ပင့်ကူစုန်းမကြီး’ ၏ ဦးနှောက်မှာ ယခုအခါတွင်မူ ဦးနှောက်အိုင်တစ်ခုသာ ဖြစ်နေတော့သည်။

ဝယ်လ်အနေဖြင့် ယခုအခြေအနေမှာ အချင်းချင်း ပြန်လည်ကိုက်ခဲနေကြခြင်းဖြစ်ကြောင်း စဉ်းစားနေစရာပင် မလိုတော့ချေ။ သို့သော်လည်း ထိုစွဲမက်ဖွယ် အနက်ရောင် စာအုပ်မျက်နှာဖုံးမှာ သူ၏ စွမ်းအားအားလုံးကို စုပ်ယူနေသည့် ဘလက်ဟိုးကြီး တစ်ခုကဲ့သို့ ဖြစ်နေသည်။

ဝတ်ရုံနက်ဝတ် ခေါင်းဆောင်သည် သူ၏စာအုပ်ကို ဖွင့်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော ထိုစာသားများကို ဆက်လက်၍ အသံထွက်ဖတ်လိုက်သည်။

ထိုစာသားများသည် အရည်ပျော်နေသော သံရည်ပူများကဲ့သို့ ဝယ်လ်၏ စိတ်ထဲသို့ စီးဝင်လာပြီး လူသားတို့ စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်သော ထိတ်လန့်ဖွယ်ရာ ပုံရိပ်များကို တရစပ် ဖော်ဆောင်နေသည်။ စတုန်း၏ နှုတ်ခမ်းများမှာ မရပ်မနား တုန်ခါနေပြီး ပါးစပ်ထောင့်များမှ အမြှုပ်များ ထွက်လာသည်အထိ မြန်ဆန်စွာ ရွတ်ဆိုနေသဖြင့် ဝယ်လ်မှာ နာကျင်စွာ ညည်းတွားနေမိသည်။

ထိုစာသားများသည် စတုန်း၏အသံကို စူးရှသော ဂါထာမန္တန်အဖြစ် ပြောင်းလဲပေးလိုက်ပြီး အခန်းတစ်ခုလုံးကို တုန်ခါသွားစေသည်။

ချယ်ရီသည် ဝယ်လ်၏နောက်တွင် ပုန်းအောင်းနေပြီး ‘မေတ္တာ နှလုံးသား ပြောင်းလဲခြင်း’ စွမ်းအားကို အသုံးပြုကာ မိမိကိုယ်ကိုယ် တည်ရှိမှုကို မေ့လျော့အောင် ပြုလုပ်လိုက်သည်။ သူမသည် အကြားအာရုံ အပါအဝင် အာရုံအားလုံးကို ဖြတ်တောက်ကာ ခွေခွေလေး ပုန်းနေမိသည်။

ဝယ်လ်က သူဝတ်ဆင်ထားသော ဂါဝန်စများကို ဆွဲဖြတ်လိုက်ရာ၊ ရှာလော့၏ ဦးခေါင်းနောက်ဘက်ရှိ ဆံနွယ်ရှည်များကြားမှ အဘိုးအိုတစ်ဦး၏ မျက်နှာမှာ တဖြည်းဖြည်း ထွက်ပေါ်လာသည်။

ဝယ်လ်သည် နောက်သို့ အဆက်မပြတ် ဆုတ်ခွာနေရပြီး မည်သည့် တန်ပြန်တိုက်စစ်မျှ မဆင်နိုင်တော့ချေ။ သူကိုယ်တိုင်မှာမူ ‘အပျက်အစီး အိပ်မက်’ ကျမ်းစာအတွင်း၌ မိမိကိုယ်ကိုယ် ရှာဖွေတွေ့ရှိနိုင်ကောင်းသော်လည်း၊ ရှာလော့မှာမူ ယင်းဒဏ်ကို ဆက်လက် မတောင့်ခံနိုင်တော့ပေ။

ဝယ်လ် ရုတ်တရက် မိမိကိုယ်ကိုယ် လွှတ်ချလိုက်ပြီး အဝတ်အစား တစ်ထည်ကို ချွတ်လိုက်သည့်အလား ရှာလော့၏ အရေခွံကို ခွာချလိုက်သည်။ သူ၏ ခန္ဓာကိုယ်သည် ဇရပ်ကို ဖောက်ထွက်သွားပြီး ‘အရေခွံလဲခြင်း’ မှ ထွက်ပေါ်လာသော အီသာစွမ်းအင်များကြောင့် ဝတ်ရုံနက်ဝတ် လူအချို့မှာ လွင့်စင်သွားကြသည်။

ယခုအခါ ဝယ်လ်သည် ကြီးမားသော ရေဘဝဲကြီးနှင့်တူသည့် သွေးရောင်လွှမ်းသော အသားဆိုင်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့လေပြီ ဖြစ်သည်။ နှာမောင်းလက်တံများသည် ဇရပ်တစ်ခုလုံးကို ဖုံးလွှမ်းသွားရာ ထိုနေရာမှာ သူ၏ အသိုက်အမြုံသဖွယ် ဖြစ်သွားတော့သည်။

***

အပိုင်း(၅၂၄)

ဇရပ်အတွင်းရှိ ကြီးမားသော လှုပ်ခတ်မှုကြောင့် ‘အမှောင်ညချမ်း ကျေးရွာ’ ရှိ အဲ့လ်ဖ်အားလုံး၏ အာရုံစိုက်မှုကို ခံလိုက်ရသည်။ ငွေရောင်ဆံပင်နှင့် အသားညိုသော အဲ့လ်ဖ်တို့သည် သူတို့၏ ပျားအုံသဏ္ဌာန် အိမ်များထဲမှ ထွက်လာကြပြီး ဇရပ်အနီးတွင် စုဝေးကာ အားတက်သရော ဆွေးနွေးနေကြသည်။

အီသာစွမ်းအားများကြောင့် ဇရပ်အပြင်ဘက်သို့ လွင့်စဉ်သွားသော စတုန်းသည် ပြန်လည်ထရပ်လိုက်သည်။ ရှာလော့၏ စိတ်ဆန္ဒကိုပင် ဆက်လက်မထိန်းသိမ်းနိုင်တော့သော ဝယ်လ်၏ သနားစရာ အခြေအနေကို မြင်သောအခါ သူက အထင်အမြင်သေးစွာ လှောင်ပြောင်လိုက်၏။ ထို့နောက် ပတ်ဝန်းကျင်ရှိ အဲ့လ်ဖ်များကို လှည့်ကြည့်လိုက်သည်။

“အမှောင်ညချမ်း ကျေးရွာဟာ မကြာခင်မှာ ကပ်ဘေး ဘုရားကျောင်းတော် ရဲ့ စုရပ်အသစ် ဖြစ်လာတော့မှာပါ...”

စတုန်းက ယုတ်မာသော အပြုံးဖြင့် ပြောလိုက်သည်။

“ဒီအဲ့လ်ဖ်တွေ အားလုံးကို သတ်ပစ်ကြစမ်း”

အမိန့်ပေးပြီးနောက် သူက နာကျင်စွာ ရုန်းကန်နေရဆဲဖြစ်သော ဝယ်လ်ကို ပြန်ကြည့်လိုက်သည်။

“ငါတို့ အရှင်သခင်ရဲ့ စီရင်ချက်ကို ခံယူရတာက နာကျင်စရာပဲ... ဒီစမ်းသပ်မှုကို မကျော်လွှားနိုင်ရင်တော့ သေရမှာပဲ”

ပတ်ဝန်းကျင်ရှိ ဝတ်ရုံနက်ဝတ် လူများသည် သူတို့၏ ခေါင်းစွပ်များကို ဆက်တိုက်ချွတ်လိုက်ကြရာ၊ သားရဲမျက်လုံးများနှင့် မေးစေ့တွင် တွန့်လိမ်နေသော နှာမောင်းလက်တံများပါသည့် ရှေးကျပြီး မိစ္ဆာဆန်သော မျက်နှာများ ပေါ်ထွက်လာသည်။

အဲ့လ်ဖ်တို့သည် ထိုသူစိမ်းများကို ထူးဆန်းစွာ စိုက်ကြည့်နေကြရာမှ ထိုမျက်နှာများကို မြင်လိုက်ရသည့် ခဏ၌ အော်ဟစ်လိုက်ကြတော့သည်။ သူတို့၏ ရုပ်သွင်ကို ကြည့်လိုက်ရရုံဖြင့်ပင် သာမန်လူများအတွက် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာအကြီးအကျယ် ရရှိစေနိုင်ပေသည်။

ထိတ်လန့်နေသော အဲ့လ်ဖ်များကို မြင်ရခြင်းက အောက်ပိုင်းခရိုင်သားများအတွက် ကြီးမားသော အောင်မြင်မှု ခံစားချက်ကို ပေးစွမ်းသည်။ သူတို့၏ အရှင်သခင် ပြောခဲ့သည့်အတိုင်းပင် - အထက်ပိုင်းခရိုင်ရှိ လူများသည် သူတို့ကို တည့်တည့်ပင် မကြည့်ဝံ့ကြချေ။

အကြောင်းရင်းမှာ ရိုးရှင်းပါသည်။ ဤသည်မှာ မီးခိုးရောင်မြူထုက ပေးအပ်ထားသော ‘မျိုးဗီဇပြောင်းလဲခြင်း’ သာ ဖြစ်ပြီး၊ ဤပြောင်းလဲမှုက သူတို့ကို ရွေးချယ်ကာ ဆင့်ကဲပြောင်းလဲစေခဲ့ခြင်း ဖြစ်သည်။

ထိုလူတစ်ဒါဇင်ခန့်သည် သတ်ဖြတ်ခြင်းကို စတင်ရန် ပြင်လိုက်စဉ်မှာပင်... အမှောင်ညချမ်း ကျေးရွာ၏ ကောင်းကင်ယံအထက်၌ ဖျော့တော့သော မီးလျှံများ တောက်လောင်နေသည့် ဥက္ကာခဲ တစ်ခု ပေါ်လာပြီး နေ့အလင်းရောင် တစ်ခါမျှမရဖူးသော ဤနေရာကို လင်းထိန်သွားစေသည်။

ဝုန်း...

ဧရာမ ဥက္ကာခဲကြီး ကျရောက်လာသည့်အလား ကျေးရွာတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားတော့သည်။

ထွက်ပြေးနေသော အဲ့လ်ဖ်များနှင့် သတ်ဖြတ်ရန် ပြင်နေသော ဝတ်ရုံနက်ဝတ် လူများအားလုံး မှင်တက်သွားကြသည်။ အားနည်းသော အဲ့လ်ဖ်များဖြစ်စေ၊ တစ်ဆူတည်းသော ဘုရားသခင်ကို ကိုးကွယ်သည့် အစွဲအလမ်းကြီးသူများဖြစ်စေ၊ အားလုံးက သူတို့လုပ်ဆောင်နေသမျှကို ရပ်တန့်လိုက်ကြပြီး ဤရုတ်တရက် အပြောင်းအလဲကြောင့် ဇဝေဇဝါဖြင့် အချင်းချင်း ကြည့်နေမိကြသည်။

တောက်ပသော ထိုဥက္ကာခဲသည် ကျေးရွာ၏ အစွန်အဖျားရှိ ‘အရိုးပြာတောအုပ်’ ပေါ်သို့ ကျရောက်သွားသည်။ ရုတ်တရက်ဆိုသလို အရိုးပြာတောအုပ်မှာ မီးလျှံများ တောက်လောင်လာပြီး မီးပုံကြီးထဲမှ ရှေးကျသော ရုပ်သွင်ရှိသည့် ‘ငွေရောင်နဂါး’ ကြီးတစ်ကောင် ထွက်ပေါ်လာသည်။

ထိုရှေးဟောင်းနဂါးကြီးမှာ ခြောက်သွေ့နေသော သစ်ပင်အိုကြီးတစ်ပင်ကဲ့သို့ ပိန်လှီလှသည်။ သူ၏ ခြေသည်းလေးဖက်သည် မြေပြင်ပေါ်သို့ နင်းချလိုက်ရာ ငွေရောင်မီးလျှံများ ထွက်ပေါ်လာသည်။ နဂါးကြီးထံမှ ထွက်ပေါ်နေသော အလင်းရောင်မှာ စူးရှလွန်းလှသဖြင့် သူ့ ကို တည့်တည့်ကြည့်ရန် မဖြစ်နိုင်ချေ။

ဝရား...

နဂါးကြီးက ဟိန်းဟောက်လိုက်သောအခါ သူ ၏ အသက်ရှူသံထဲတွင် ကပ်ဘေးဆိုးကြီးများ၏ အငွေ့အသက်များ ပါဝင်နေသည်ကို လူတိုင်း ခံစားလိုက်ရသည်။

ဤနေရာရှိ မည်သူမဆို ထိုနဂါးကြီး မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း နားလည်နိုင်သော်လည်း မည်သူမျှ ထွက်မပြေးနိုင်ကြချေ။

နဂါးကြီး၏ နက်ပြာရောင်ရှိသော မျက်လုံးအစုံသည် ကျေးရွာကို ဝေ့ကြည့်လိုက်ပြီးနောက်... ကျေးရွာအတွင်းသို့ ဖြည်းညှင်းစွာ စတင်ဝင်ရောက်လာခဲ့သည်။

“ဒါ ဘာကြီးလဲ...”

စတုန်းသည် ဧရာမ ငွေရောင်နဂါးကြီးကို ထိတ်လန့်တကြား စိုက်ကြည့်နေမိသည်။

“ဒါ အဲ့လ်ဖ်တွေရဲ့ အစောင့်အရှောက် နတ်ဘုရားလား...”

သူ၏ မေးခွန်းမှာ ချက်ချင်းပင် အဖြေမရှိသော်လည်း... မည်သို့ပင်ဆိုစေ ထိုငွေရောင်နဂါးကြီး၏ စွမ်းအားက သူ့ကို အလွန်အမင်း ထိတ်လန့်စေခဲ့ပြီး သူ၏ လက်ထဲမှ ကျမ်းစာအုပ်မှာလည်း စတင်တုန်ခါလာသည်။

သူ တံတွေးမြိုချလိုက်ပြီး အမြန်ပင် ရွတ်ဆိုလိုက်သည်။

“ကျွန်ုပ်၏ ရှေးဟောင်း...”

ငွေရောင်နဂါးကြီးသည် စတုန်း၏ လက်ထဲရှိ စာအုပ်ကို ကြည့်ကာ ထူးဆန်းစွာဖြင့် ဦးခေါင်းကို စောင်းလိုက်သည်။

ထို့နောက် ၎င်းက ဇရပ်အတွင်းရှိ ဘယ်လာ၏ အေးစက်နေသော ရုပ်အလောင်းနှင့် နာကျင်စွာ ညည်းတွားနေသော ဝယ်လ်ကို လှမ်းကြည့်လိုက်သည်။

ရှဲ... ရှဲ...

တစ်ချက် စိတ်ကူးလိုက်ရုံမျှဖြင့်ပင် စတုန်း ကိုင်ထားသော စာအုပ်မှာ မီးလောင်ကျွမ်းသွားတော့သည်။

ထို့နောက် နောက်တစ်စက္ကန့်တွင် ငွေရောင်နဂါးကြီး၏ ခန္ဓာကိုယ်မှာ ရေတွက်၍မရနိုင်သော အမျှင် များအဖြစ်သို့ ပြောင်းလဲသွားပြီး၊ ထိုငွေရောင်မျှင်များမှာ စနစ်တကျ ပြန်လည် စုစည်းသွားကာ လူသားခန္ဓာကိုယ်အသွင်ကို ဆောင်ယူလိုက်သည်။

ထိုခန္ဓာကိုယ်မှာ တဖြည်းဖြည်းနှင့် ငယ်ရွယ်ပြီး ယဉ်ကျေးသိမ်မွေ့သော လူငယ် တစ်ဦး၏ ရုပ်သွင်သို့ ပြောင်းလဲသွားတော့သည်။

ရှဲ... ရှဲ...

စတုန်းသည် သူ၏ ‘မြင့်မြတ်သော ကျမ်းစာ’ မှာ မီးလျှံများ တောက်လောင်နေပြီ ဖြစ်သော်လည်း လက်မှ လွှတ်မပေးလိုချေ။ ငွေဖြူရောင် မီးလျှံများက သူ၏ ခန္ဓာကိုယ်ကို ဝါးမြိုသွားသည်အထိ ထိုစာအုပ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလေသည်။

မီးလျှံများသည် သူနှင့် သူ၏ နောက်လိုက်များအပေါ်သို့ ခုန်အုပ်သွားကြသည်။ ကခုန်နေသော မီးလျှံလျှာများသည် တွားသွားနေသော နှာမောင်းလက်တံများကဲ့သို့လည်းကောင်း၊ ထိုလူများ၏ လည်ပင်းကို တင်းတင်းကြပ်ကြပ် ရစ်ပတ်ထားသည့် လောဘဇောတက်နေသော ဆူးပင်များကဲ့သို့လည်းကောင်း ရှိနေကြ၏။

လင်းကျဲသည် သူ၏ နဂါးခန္ဓာကိုယ်ကို ရုပ်သိမ်းလိုက်ပြီး နှစ်ပေါင်းများစွာ အသုံးပြုခဲ့သော လူငယ်တစ်ဦး၏ ရုပ်သွင်သို့ ပြန်လည်ပြောင်းလဲလိုက်သည်။ သူသည် ခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်ရာ အမွေး တစ်မျှင်ချင်းစီတိုင်းမှ အစ ယခင်အတိုင်းပင် ဖြစ်နေ၏။ သူ၏ ဘောင်းဘီပေါ်မှ ပြုတ်ထွက်နေသော ချည်မျှင်လေးများပင်လျှင် အထင်အသား မြင်တွေ့နေရသည်။

လင်းကျဲ စိတ်သက်သာရာ ရသွား၏။ သူသည် လက်ကို မြှောက်၍ လက္ခဏာလမ်းကြောင်းများကို ကြည့်လိုက်ရာ၊ ထိုလမ်းကြောင်းများသည် ဟိုးယခင်ကတည်းက သူ၏ ကံကြမ္မာကို ညွှန်ပြနေခဲ့သည့်အလား ရင်းနှီးနေမိသည်။

‘ဘလက်ကီ’ နှင့် ပေါင်းစည်းပြီးနောက်တွင် အမှတ်တရများမှာ ပြန်လည်ဝင်ရောက်လာခဲ့ပြီဖြစ်ရာ၊ လင်းကျဲ၏ ပင်ကိုယ်စရိုက်အရ သူ၏ ကံကြမ္မာကို အလွယ်တကူပင် လက်ခံလိုက်လေသည်။

သူ၏ မိဘများ သေဆုံးခြင်း၊ သူ၏ ကမ္ဘာကူးပြောင်းလာခြင်း သို့မဟုတ် သူသည် ‘မိစ္ဆာ နတ်ဘုရား’ တစ်ပါး ဖြစ်နေခြင်းဟူသော အချက်များအပေါ်၌ လင်းကျဲသည် အရာရာကို အေးအေးဆေးဆေး လက်ခံနိုင်သည့် ထူးခြားသော စွမ်းရည်ရှိသူ ဖြစ်ပေသည်။

လူသားခန္ဓာကိုယ်သို့ ပြန်လည်ရောက်ရှိပြီးနောက်တွင်မူ၊ လင်းကျဲသည် သူကိုယ်တိုင် ရေးသားခဲ့သော ‘ဒဏ္ဍာရီများနှင့် ပုံပြင်များ’ စာအုပ်ကို ကိုင်ဆောင်ထားသူများကို လှမ်းကြည့်လိုက်သည်။ တိတိကျကျ ပြောရလျှင် ထိုစာအုပ်၏ အမည်မှာ ‘အပျက်အစီး အိပ်မက်’ ဟု ခေါ်တွင်ရပေလိမ့်မည်။ လက်မှ လွှတ်မပေးဘဲ အစွဲအလမ်းကြီးနေကြသော စတုန်းမှာ ပြာအဖြစ်သို့ လောင်ကျွမ်းသွားပြီ ဖြစ်သည်။

လင်းကျဲသည် လောင်ကျွမ်းနေသော ပြာပုံများထံသို့ တိတ်ဆိတ်စွာ လျှောက်သွားရာ၊ ပတ်ဝန်းကျင်ရှိ အဲ့လ်ဖ်များက ကြောက်လန့်တကြား လမ်းဖယ်ပေးကြသည်။ သူတို့အတွက် ထွက်ပြေးရန်မှာ မဖြစ်နိုင်ချေ။ ဤကမ္ဘာပေါ်တွင် ‘အမှောင်ညချမ်း ကျေးရွာ’ မှလွဲ၍ သူတို့ကို လက်ခံမည့်နေရာ မရှိတော့ပြီ။

ထို့ပြင် အဲ့လ်ဖ်တို့သည် လင်းကျဲက ငွေရောင်နဂါးကြီးအသွင်မှ လူသားအသွင်သို့ ပြောင်းလဲသွားပုံနှင့် သူတို့ကို သတ်ဖြတ်ရန် ကြိုးစားနေသော ရန်သူများကို ရှင်းလင်းပေးလိုက်သည်ကိုလည်း မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြပြီး ဖြစ်သည်။ ထို့ထက် ပို၍အရေးကြီးသည်မှာ လင်းကျဲထံမှ ထွက်ပေါ်နေသော အီသာစွမ်းအင်များမှာ အတိုင်းအဆမရှိ ကြီးမားလှပေသည်။ အကယ်၍ ပမာဏဖြင့် တိုင်းတာမည်ဆိုပါက ဝယ်လ် အယောက်တစ်ရာစာလောက် ရှိပေလိမ့်မည်။

အဲ့လ်ဖ်တို့သည် တိတ်ဆိတ်စွာ ဘေးသို့ကပ်၍ လင်းကျဲ လျှောက်လှမ်းရန် လမ်းကျယ်ကြီးတစ်ခုကို ဖွင့်ပေးလိုက်ကြသည်။ လင်းကျဲ ဖြတ်သန်းသွားသောအခါ အဲ့လ်ဖ်တို့သည် တစ်ဦးပြီးတစ်ဦး မြေပြင်ပေါ်၌ ဒူးထောက်လိုက်ကြ၏။ လင်းကျဲက သူတို့ကို တစ်ချက်ကြည့်လိုက်သော်လည်း တားမြစ်ခြင်း မပြုဘဲ လောင်ကျွမ်းနေသော လူများနှင့် စာအုပ်များထံသို့ ရောက်ရှိသွားသည်။

လောင်ကျွမ်းနေသော စာအုပ်အကြွင်းအကျန်များကို ကြည့်ရင်း လင်ကျဲ သက်ပြင်းတစ်ချက် ချလိုက်၏။

“ဒဏ္ဍာရီများနှင့် ပုံပြင်များကို သူတို့က အပျက်အစီး အိပ်မက် အဖြစ် မြင်နေကြပေမဲ့... တကယ်တော့ အထဲက အကြောင်းအရာတွေက ငါ့ရဲ့ အတိတ်က ထူးဆန်းတဲ့ အိပ်မက်တွေပဲ... ပုံပြင်လေးတွေလို့တောင် ပြောလို့ရတယ်... ဒါပေမဲ့ သူတို့ကတော့ အရာရာကို ဖျက်ဆီးမယ့် နိုးထလာတော့မယ့် နတ်ဘုရားတစ်ပါးအဖြစ် အဓိပ္ပာယ်ကောက်နေကြတာပဲ’

တစ်နည်းအားဖြင့်ဆိုသော် ဤစာအုပ်သည် လူတို့၏ လောဘကို ပိုမိုဆိုးရွားစေသည့် စီရင်ချက်စံနှုန်းတစ်ခုပင် ဖြစ်နေသည်။

‘အောက်ပိုင်းခရိုင်ကိုလည်း သန့်စင်ပြီး ပြုပြင်ပြောင်းလဲဖို့ လိုနေပြီ...’

လင်းကျဲ ညည်းတွားလိုက်သည်။

ဝတ်ရုံနက်ဝတ် လူများ၏ ကျမ်းစာရွတ်ဆိုသံ ရပ်တန့်သွားသောအခါ ဝယ်လ်မှာ သတိပြန်ဝင်လာပြီး ရှာလော့၏ အသွင်သို့ ပြန်လည်ပြောင်းလဲလိုက်ကာ ဇရပ်၏ ကြမ်းပြင်ပေါ်၌ အမောတကော နားနေမိသည်။ ထို့နောက်တွင်မူ သူသည် ရင်းနှီးနေသော ရုပ်သွင်တစ်ခုကို မြင်လိုက်ရ၏။

သူ၏ မျက်လုံးများမှာ ပြူးကျယ်သွားကာ ပါးစပ်ကို အားယူ၍ ခေါ်လိုက်သည်။

“မစ္စတာ... လင်...”

***

All Chapters