← Chapters

အခန်း (၅၂၅-၅၂၆)

Vol. 38 Ch. 525-526

အခန်း (၅၂၅-၅၂၆)

Vol. 38 Ch. 525-526

အပိုင်း(၅၂၅)

လင်းကျဲက ဝယ်လ်ကို ကြည့်ကာ အသိအမှတ်ပြုဟန်နှင့် ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။

“တောင်းပန်ပါတယ် မစ္စတာလင်... ကျွန်တော် ခင်ဗျားကို...”

ဝယ်လ် ထရပ်ရန် ကြိုးစားသော်လည်း အကြိမ်ကြိမ် မအောင်မြင်ခဲ့ချေ။ ရုတ်တရက်ဆိုသလို သူ၏ ဂုတ်ပိုးမှနေ၍ အားကောင်းသော စွမ်းအားတစ်ခု စီးဝင်လာပြီး ခန္ဓာကိုယ်အတွင်း၌ စွမ်းအင်များ ပြည့်လျှံသွားသည်ကို ခံစားလိုက်ရသည်။

သူသည် ချက်ချင်း ထရပ်လိုက်ပြီး လင်းကျဲကို စိုက်ကြည့်လိုက်သည်။

‘မစ္စတာလင်က ငါ့ကို ကယ်ဖို့အတွက် အမှောင်ညချမ်း ကျေးရွာကို ကိုယ်တိုင်လာခဲ့တာများလား...’

ဝယ်လ် စတင်၍ အတွေးနယ်ချဲ့နေတော့သည်။ ထို့ပြင် မစ္စတာလင်သည် စိတ်အခြေအနေ သိပ်ကောင်းပုံမရသလို သူ၏ အငွေ့အသက်မှာလည်း ယခင်နှင့် မတူတော့ချေ။ အကယ်၍ ဝယ်လ် အစွမ်းကုန် ဖော်ပြရမည် ဆိုပါက... လင်းကျဲမှာ ‘ပြဇာတ်တွေ ကြည့်ရတာ ငြီးငွေ့လာလို့ ဟန်ဆောင်ကစားပွဲတွေကို ရပ်တန့်ပြီး အတည်အပေါက် တစ်ခုခု လုပ်တော့မည့်’ အခြေအနေမျိုး ဖြစ်နေသည်။

ဝယ်လ်၏ အကြည့်များမှာ အောက်ပိုင်းခရိုင်မှ ဝတ်ရုံနက်ဝတ် လူများထံသို့ ကျရောက်သွားသည်။

‘ဟင်း... မစ္စတာလင်ကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်တာ ဒီအရူးတစ်သိုက်ပေါ့လေ’

ဝယ်လ် အတွေးပေါင်းများစွာကို တရစပ် စဉ်းစားလိုက်ပြီးနောက်၊ အသင့်တော်ဆုံး တစ်ခုကို ရွေးချယ်ကာ ဘေးတွင် အရိုအသေပေးလျက် ရပ်နေလိုက်သည်။

ယခုအချိန်တွင် လင်းကျဲသည် ဝယ်လ်၏ စိတ်ထဲ၌ ဘာတွေတွေးနေသည်ကို သိနေသဖြင့် သူ၏ နှုတ်ခမ်းများ တွန့်မသွားအောင် အတင်းအကျပ် ထိန်းထားရသည်။

‘ငါ ဘာမှမသိခင်ကတည်းက မင်းက ငါ့ရဲ့ လမ်းညွှန်မှုတွေကို ခံယူနေတယ်ဆိုပြီးတော့တောင် အများကြီး လုပ်နိုင်ခဲ့တာ မဆန်းပါဘူးလေ... ဟူး... မင်းရဲ့ စိတ်ကူးယဉ်နိုင်စွမ်းကတော့ တကယ်ကို ထိပ်တန်းပါပဲ ဝယ်လ်ရယ်...’

“မင်း ချယ်ရီကို ကောင်းကောင်း ကာကွယ်ပေးနိုင်ခဲ့ပါတယ်”

လင်းကျဲက ဆိုလိုက်သည်။

သူ စာအုပ်ဆိုင်ရှင်အဖြစ် ဟန်ဆောင်နေခြင်း မဟုတ်တော့ကြောင်း ဝယ်လ် သိလိုက်ပြီ ဖြစ်သည်။

“ဒါ ကျွန်တော် လုပ်သင့်လုပ်ထိုက်တဲ့ အရာပါပဲ... မစ္စတာလင်ရဲ့ အလိုဆန္ဒကပဲ ကျွန်တော့်ကို လမ်းညွှန်ပေးခဲ့တာပါ... ပြီးတော့ အဲဒီတိုက်ပွဲမှာ ကျွန်တော့်ကို ရွေးချယ်ပေးခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်”

ဝယ်လ်က စိတ်လှုပ်ရှားစွာ ဖြေကြားလိုက်သည်။

လင်းကျဲက လက်ကာပြလိုက်၏။

“ဒါကို ငါ့ရဲ့ ကျေးဇူးလို့ မပြောပါနဲ့... ခင်ဗျား အသက်ရှင်ခဲ့တာက ခင်ဗျား ဆရာ့ရဲ့ ဆန္ဒကြောင့်ပါ... ဒါပေမဲ့... ခင်ဗျား သူ့ကို နောက်ထပ် မြင်တွေ့ရတော့မှာ မဟုတ်ဘူး”

“...”

ဝယ်လ် မှင်တက်သွား၏။ သူ၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားသည်။ ထိုခန့်ညားထည်ဝါလှသော ခန္ဓာကိုယ်ကြီး ပြိုလဲသွားလိမ့်မည်ဟု သူ မတွေးဝံ့ချေ။

ဝယ်လ် မိမိ၏ အမှားကို ချက်ချင်း သိမြင်လိုက်ပြီး ‘အမှောင်ညချမ်း ကျေးရွာ’ ၏ မှောင်မိုက်နေသော ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။ အထက်ရှိ ကြယ်ပွင့်များမှာ မှေးမှိန်နေပြီး သူ၏ ဆရာကို ကိုယ်စားပြုသော အသက်ကြယ်မှာလည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

သူ မယုံကြည်နိုင်စွာဖြင့် သူ၏ လက်သီးကို တင်းတင်းဆုပ်လိုက်မိရာ၊ သူ၏ လက်မပေါ်ရှိ မာကျောသော အရာတစ်ခုကို ခံစားလိုက်ရသည်။ သူ၏ ဆရာက လက်ဆင့်ကမ်းခဲ့သော ထိုလက်စွပ်သည် ရှေးဟောင်း ဘီလူးဘုရင်၏ စွမ်းအားအားလုံးကို ဆက်ခံပြီး ဖြစ်နေချေပြီ။ ဤသည်မှာ သူ၏ ဆရာက သူ့အတွက် ချန်ထားရစ်ခဲ့သော နောက်ဆုံး အမွေအနှစ်ပင်။

ထိုအချိန်တွင် ဝယ်လ်သည် နိုးထလာသကဲ့သို့ ဖြစ်သွားသည်။ လင်းကျဲ၏ ကျောပြင်ကို ကြည့်ရင်း၊ ထိုပုဂ္ဂိုလ်၏ တည်ရှိမှုကို သူ ချက်ချင်းပင် နားလည်သွားခဲ့ရာ ယင်းက သူ့ကို ပိုမို၍ပင် တုန်လှုပ်သွားစေသည်။

လင်းကျဲ ဘယ်လာ၏ ဘေးသို့ ဖြတ်လျှောက်သွားစဉ် သူ၏ လက်ထဲမှ အစိမ်းရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ဘယ်လာ၏ ကျောပေါ်မှ ဒဏ်ရာကို ကုသပေးလိုက်သည်။ အေးစက်နေပြီဖြစ်သော သစ္စာရှိ အစေခံမလေး၏ လက်ချောင်းများမှာ စတင်လှုပ်ရှားလာတော့သည်။

လင်းကျဲက ရှေ့သို့ ဆက်သွားပြီး ထောင့်တစ်နေရာ၌ ဖြူကောင်လေးတစ်ကောင်ကဲ့သို့ ခွေခွေလေး ပုန်းနေသော ချယ်ရီကို တွေ့လိုက်ရသည်။ လင်းကျဲက ပြုံးလျက် တံခါးခေါက်သကဲ့သို့ သူမ၏ ခေါင်းလေးကို အသာအယာ ပုတ်လိုက်ရာ၊ ချယ်ရီ မိမိကိုယ်ကိုယ် ပြုလုပ်ထားသော ‘မေတ္တာ နှလုံးသား ပြောင်းလဲခြင်း’ မှာ ပြေလျော့သွားတော့သည်။

ချယ်ရီသည် မျက်ရည်များ ပြည့်နေသော မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး၊ မစ္စတာလင်ကို မြင်လိုက်ရသောအခါ ရှူးပျံလေးတစ်ကောင်ကဲ့သို့ သူ၏ ရင်ခွင်ထဲသို့ တိုးဝင်သွားတော့သည်။

“မစ္စတာလင်... အီးဟီး... မစ္စတာလင် လာတာ သိပ်နောက်ကျတာပဲ...”

သူမက လင်းကျဲကို တင်းတင်းကြပ်ကြပ် ဖက်ကာ ငိုရှာတော့သည်။

လင်းကျဲက သူမ၏ ကျောကို အသာအယာ ပုတ်ပေးလိုက်၏။

“ငါ လာမယ်ဆိုတာ သိနေရင်လည်း ဒီလောက်တောင် ကြောက်နေဖို့ လိုလို့လား”

ချယ်ရီက မော့ကြည့်လိုက်ရာ လင်းကျဲ၏ အေးဆေးတည်ငြိမ်သော အမူအရာကို မြင်သဖြင့် သူမ အနည်းငယ် ပိုသွားသည်ကို သိလိုက်သည်။

“ဘယ်... ဘယ်လာ... သူက...”

သူမက ရင်ခွင်ထဲမှ အမြန်ရုန်းထွက်လိုက်ပြီး အထစ်ထစ်အငေါ့ငေါ့ မေးလိုက်၏။

လင်းကျဲက သူ၏ မေးငေါ့ပြလိုက်ရာ ဘယ်လာမှာ မြေပြင်ပေါ်မှ ထရပ်လိုက်ပြီး ဝေခွဲမရသော မျက်နှာဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။

“ဘယ်လာ...”

ချယ်ရီ ဘယ်လာ့ထံသို့ ပြေးကပ်သွားပြန်သည်။

လင်းကျဲ မတ်တတ်ရပ်လိုက်သောအခါ ဝယ်လ်၏ မျက်နှာပေါ်၌ ဝေခွဲမရသော အမူအရာကို သတိပြုမိလိုက်သည်။ ဝယ်လ်သည် ရှေးဟောင်း ဘီလူးဘုရင်၏ အမှတ်တရများကို လက်ခံရရှိသွားပြီဖြစ်ကြောင်း သူ ချက်ချင်းပင် နားလည်လိုက်သည်။

‘ဆစ်ဗာ’ ကဲ့သို့ပင်၊ ဘီလူးဘုရင်သည် လင်းကျဲ၏ မည်သူမည်ဝါဖြစ်ကြောင်းကို သိရှိထားပြီး သူ၏ အမှတ်တရများ၊ မူဝါဒများနှင့် စံနှုန်းများ အားလုံးကို သူ၏ တပည့်ထံသို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။ ဖြစ်နိုင်သည်က... ဤသည်မှာ သူ၏ ချစ်လှစွာသော တပည့်အတွက် သူ ပေးအပ်ခဲ့သော နောက်ဆုံး သင်ခန်းစာပင် ဖြစ်ပေလိမ့်မည်။ သူ့ထက် ကောင်းသော ဆရာဟူ၍ မရှိနိုင်တော့ချေ။

လင်းကျဲက ဝယ်လ်ကို နွေးထွေးစွာ ပြုံးပြလိုက်ရာ၊ ဝယ်လ်က ချက်ချင်းပင် ရိုသေစွာ ဦးညွှတ်လိုက်သည်။ အိုမင်းလှသော အောက်လမ်းမှော်ဆရာကြီးသည် ခုနက လင်းကျဲအပေါ် ထားရှိခဲ့သော ကြောက်ရွံ့စိတ်အတွက် ရှက်ရွံ့မိနေသည်။

“မစ္စတာလင်...”

ချယ်ရီက သူမ၏ မျက်ရည်များကို သုတ်လိုက်ပြီး အားယူကာ ပြုံးလိုက်သည်။

“မစ္စတာလင် ဘာလို့ ‘အမှောင်ညချမ်း ကျေးရွာ’ ကို ရုတ်တရက် ရောက်လာတာလဲ။ ...တကယ်ပဲ ကျွန်မကို ကယ်ဖို့ လာခဲ့တာလား”

‘တစ်စိတ်တစ်ပိုင်းပေါ့... အတိအကျ ပြောရရင်တော့ ငါက သွားမယ့်လမ်းမှာ ကြုံလို့ ဝင်ကယ်လိုက်တာပါ... ဒါပေမဲ့ ဒီအဖြေက ချယ်ရီ့ရဲ့ စိတ်ကို နာကျင်စေမှာပဲ... သူ လိုချင်နေတာက အတည်ပြုချက်တစ်ခုပဲလေ’

“မစ္စတာလင် အောက်ပိုင်းခရိုင်ကို သွားဖို့ ရည်ရွယ်နေတာလား”

လင်ကျဲ ချယ်ရီ၏ မေးခွန်းကို ပြန်မဖြေရသေးခင်မှာင် ဝယ်လ်က အလိုက်တသိဖြင့် ကြားဖြတ်မေးလိုက်သည်။

“အဲဒီကို သွားဖို့ ပြင်နေတာပါ”

လင်းကျဲ သက်ပြင်းတစ်ချက် ချလိုက်မိသည်။

‘ဝယ်လ်ကတော့ အမြဲတမ်း ဉာဏ်ကောင်းနေတုန်းပဲ’

အပြင်ဘက်ရှိ အဲ့လ်ဖ်တို့သည် ဘာဖြစ်တော့မည်ကို မသိဘဲ တိုးတိုးတိုးတိုး ပြောနေကြသည်။ လင်းကျဲ ဝယ်လ်နှင့် ချယ်ရီကို လှည့်ကြည့်လိုက်၏။

“ငါ တခြားသူတွေ အားလုံးကို နှုတ်ဆက်ခဲ့ပြီးပြီ... မင်းတို့နှစ်ယောက်ပဲ ကျန်တော့တာ... အမှောင်ညချမ်း ကျေးရွာက ငါ မထွက်ခွာခင် နောက်ဆုံး မှတ်တိုင်ပဲ”

ချယ်ရီ၏ မျက်လုံးများမှာ ဝိုင်းစက်သွားပြီး ဘာလုပ်ရမှန်းမသိ ဖြစ်သွားခဲ့သည်။

“မစ္စတာလင် ပြန်မလာတော့ဘူးလား”

သူမက သတိထား၍ မေးလိုက်သည်။

လင်းကျဲ ပြန်မဖြေချေ။ သူ နတ်ဘုရားတစ်ပါး ဖြစ်လာပြီးနောက်တွင်မှ အဖြေမရှိသော အရာဟူ၍ ရှားရှားပါးပါး ဖြစ်ပေါ်လာခြင်းပင်။

“မသွားလို့ မရဘူးလား”

ချယ်ရီက လင်းကျဲ၏ အင်္ကျီကို ဆွဲထားလိုက်သည်။

“မစ္စတာလင် ဘယ်သူပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ကျွန်မ ဂရုမစိုက်ပါဘူး။ ကျွန်မ သိတာကတော့ မစ္စတာလင်ဟာ ကျွန်မဘဝရဲ့ ပထမဆုံးသော အလင်းတန်းဆိုတာပါပဲ”

လင်းကျဲက သူမ၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။

“ငါ မဖြစ်မနေ လုပ်ရမယ့် အရာတစ်ခု ရှိတယ်... အကယ်၍ ငါ အောင်မြင်ခဲ့ရင် တစ်နေ့မှာ ငါတို့ ပြန်တွေ့ကြမှာပေါ့... အကယ်၍ မင်းမှာလည်း အဲဒီလို ယုံကြည်ချက်ရှိမယ်ဆိုရင်၊ နော်ဇင်ကို ပြောင်းလဲပစ်လိုက်ပါ... အက်ရှ် ကုန်သည်ကြီးများ အသင်းကို ရိုးလ် သယံဇာတ နေရာမှာ အစားထိုးပြီး လက်ဝါးကြီးအုပ်မှုကို အဆုံးသတ်လိုက်ပါ”

ချယ်ရီမှာ ခဏမျှ မှင်တက်သွားပြီးနောက် ပိုင်းဖြတ်ထားသော စိတ်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

လင်းကျဲက သူမ၏ လက်ကို လွှတ်လိုက်ပြီး ဇရပ်အပြင်ဘက်သို့ လှမ်းထွက်လိုက်သည်။ အဲ့လ်ဖ်များမှာ လင်းကျဲ၏ စွမ်းအားကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြပြီး ဖြစ်ရာ၊ အစပိုင်းတွင် ကြောက်လန့်နေကြသော်လည်း... မည်သို့ပင် ဆိုစေ... သူက ‘အမှောင်ညချမ်း ကျေးရွာ’ ကို ကယ်တင်ခဲ့သူလည်း ဖြစ်ပေသည်။

“ဒူးထောက်နေစရာ မလိုပါဘူး... ဒီနေ့ကစပြီး နော်ဇင်မှာ မင်းတို့တွေ ဘယ်သူ့ကိုမှ ဒူးထောက်နေဖို့ မလိုတော့ဘူး”

လင်းကျဲက တိုးတိုးလေး ပြောလိုက်သည်။ သူ၏ စကားသံမှာ အလင်းမဲ့သော ဤမြေပြင်ပေါ်တွင် တိုက်ခတ်နေသော လေပြေအေးလေးကဲ့သို့ ညင်သာလှသည်။

လင်းကျဲသည် ဝတ်ရုံတစ်ခုကို ထုတ်၍ လွှမ်းခြုံလိုက်ပြီးနောက်၊ ‘အမှောင်ညချမ်း ကျေးရွာ’ ၏ အမှောင်မိုက်ဆုံးသော အနက်ရှိုင်းဆုံးနေရာဆီသို့ ဦးတည်၍ လျှောက်လှမ်းသွားတော့သည်။

***

အပိုင်း(၅၂၆)

လင်းကျဲသည် အောက်ပိုင်းခရိုင်သို့ ဦးတည်ထားသော တစ်ဝက်တစ်ပျက် ပွင့်နေသည့် လမ်းကြောင်းမှတစ်ဆင့် ရှေ့သို့ လှမ်းဝင်ခဲ့သည်။

သူသည် မိမိအလိုရှိသလို နဂါးအသွင်သို့ ပြောင်းလဲနိုင်သော်လည်း လူသားရုပ်သွင်ကိုသာ ဆက်လက်ထိန်းသိမ်းထားဆဲပင်။ သူက ရိုးရှင်းပြီး ယာယီတည်ဆောက်ထားသော စက်လှေကား ပေါ်သို့ တက်လှမ်းလိုက်ရာ၊ လှုပ်ရှားလိုက်တိုင်း တကျီကျီမြည်သံနှင့်အတူ ကျဉ်းမြောင်းလှသော တွင်းနက်ကြီးထဲသို့ ဆင်းသက်သွားတော့သည်။ ထိုတွင်းနက်၏ ဘေးတစ်ဖက်တစ်ချက်တွင် အထပ်ထပ်အခဲအခဲ ဖြစ်နေသော ကျောက်သားမည်းကြီးများကိုသာ မြင်တွေ့ရ၏။

လင်းကျဲသည် စက်လှေကားပေါ်မှ ဆင်းကာ မြေအောက်စင်္ကြံလမ်းအတိုင်း ဖြတ်သန်းသွားသည်။ အကယ်၍ သူသာ သာမန်လူသားတစ်ဦးသာဆိုလျှင် ဤနေရာနှင့် ပတ်သက်၍ အလွန်ဆိုးရွားသော ခံစားချက်မျိုး ရရှိနေပေလိမ့်မည်။ သူ၏ စွမ်းအားအရင်းအမြစ်နှင့် အလွန်တူညီသော ရင်းနှီးနေသည့် အငွေ့အသက်များနှင့် အရှိန်အဝါများကို သူ ခံစားသိရှိနေရသည်။

လင်းကျဲ မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်ရာ၊ အောက်ပိုင်းခရိုင်တစ်ခုလုံး၌ ပျံ့နှံ့နေသော မီးခိုးရောင် မြူထုများကို ခွဲခြားမြင်နိုင်စွမ်း ရှိနေသည်။

အောက်ပိုင်းခရိုင်သည် ဆိုးရွားသော နေရာတစ်ခုဟု ထင်ရသော်လည်း၊ ယခုအချိန်တွင် လင်းကျဲသည် မြေပြင်ပေါ်သို့ အမှန်တကယ် ခြေချလိုက်ရသကဲ့သို့ ခံစားနေရသည်။

အထက်ပိုင်းခရိုင်တစ်ခုလုံးမှာ အောက်ပိုင်းခရိုင်အပေါ်၌ တည်ဆောက်ထားသော သံမဏိစက်ယန္တရားကြီးတစ်ခုနှင့် တူလှသည်။ အထက်ပိုင်းခရိုင်၏ ယန္တရားအားလုံးမှာ အောက်ပိုင်းခရိုင်သားတို့၏ သွေးနှင့် မျက်ရည်များပေါ်တွင် တည်ဆောက်ထားခြင်းပင်။ ရိုးရှင်းသော ပမာဏဖြင့် နှိုင်းယှဉ်ရလျှင် အထက်ပိုင်းခရိုင်မှာ ခုတ်မောင်းနေသော ‘ရေနွေးငွေ့ရထားကြီး’ ဖြစ်ပါက၊ အောက်ပိုင်းခရိုင်မှာ ထိုရထားကြီး၏ ‘မီးဖို’ ပင် ဖြစ်တော့သည်။ အရင်းအမြစ်မှာ ကျောက်မီးသွေးဖြစ်သော်လည်း လူသားများကို အသုံးပြု၍ မီးရှို့ထားခြင်း ဖြစ်ပေသည်။

လင်းကျဲသည် သူ၏ ရုပ်သွင်ကို ဖုံးကွယ်ကာ ဤလျှို့ဝှက်လမ်းကြောင်းမှတစ်ဆင့် ရှေ့သို့ ဆက်လက်လျှောက်လှမ်းခဲ့သည်။ သူသည် တစ်နေ့တွင် ဤလမ်းကြောင်းမှ ထွက်ခွာနိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း၊ အောက်ပိုင်းခရိုင်တစ်ခုလုံးမှာ ဤဥမင်လိုဏ်ခေါင်းအတွင်း၌သာ ရှိနေသဖြင့် ထွက်ခွာရန် လမ်းစမရှိကြောင်း တဖြည်းဖြည်း နားလည်လာခဲ့သည်။

ဤသည်မှာ အချင်းချင်း ယှက်နွယ်နေသော မှောင်မိုက်သည့် မိုင်းတွင်း ဥမင်လမ်းကြောင်းများဖြင့် ဖွဲ့စည်းထားသည့် ကမ္ဘာတစ်ခုပင်။ မြေပြင်မှာ ရွှံ့နွံများ ထူထပ်နေပြီး ခြေလှမ်းတိုင်းမှာ ဗွက်သံများ ထွက်ပေါ်နေသည်။ ဥမင်နံရံများမှ ရေများ အမြဲတစေ စိမ့်ထွက်နေပြီး ရေညှိများ ဖုံးလွှမ်းနေ၏။ ဤနေရာမှာ စိမ်းလန်းစိုပြည်မှု သို့မဟုတ် နေရောင်ခြည်၏ အရိပ်အယောင်မျှပင်မရှိသော ထာဝရအမှောင်ထု နယ်မြေပင် ဖြစ်သည်။

ရှေ့သို့ ဆက်သွားသောအခါ လင်းကျဲမှာ မိုင်းတွင်းအတွင်းရှိ ကျောက်သားအဆောက်အအုံများတွင် တပ်ဆင်ထားသော စုတ်ပြတ်နေသည့် တဲများနှင့် အိပ်ရာများကို တွေ့မြင်လိုက်ရသည်။ မြေအောက်တွင် အပူချိန် ကွာခြားမှု မရှိသလောက်ဖြစ်သဖြင့် ဤနေရာရှိ လူများမှာ တစ်ကိုယ်စာ နားခိုရာသာ ရှိကြပြီး အားလုံးမှာ ဝတ်ရုံနက်များကိုသာ ဝတ်ဆင်ထားကြသည်။

လင်းကျဲသည် သူ၏ အနက်ရောင် ဝတ်ရုံကို ပြင်ဝတ်လိုက်ပြီး လူကိုယ်ထင် ပြလိုက်သည်။ ဝမ်းနည်းစရာကောင်းသည်က မည်သူမျှ သူ့ကို ဂရုမစိုက်ကြခြင်းပင်။

လမ်းလျှောက်နေသော အလောင်းကောင်များကဲ့သို့ ကုန်းကုန်းကွကွ ဖြစ်နေသည့် နေထိုင်သူများသည် ပေါက်ပြားများနှင့် တူးဖော်ရေး ကိရိယာများကို ကိုင်ဆောင်ထားကြ၏။ မိုင်းတူးသည့်သံများမှာ နေရာအနှံ့ ပဲ့တင်ထပ်နေသည်။ သူတို့တစ်ဦးချင်းစီ၏ မျက်နှာများကို ညစ်ပတ်သော ပတ်တီးများဖြင့် တင်းတင်းကြပ်ကြပ် စည်းနှောင်ထားပြီး၊ သူတို့၏ မေးစေ့ပေါ်ရှိ နှာမောင်းလက်တံလေးများမှာ သေခါနီး ဆဲဆဲအလား အားနည်းစွာ တွန့်လိမ်နေသည်ကို လင်းကျဲ သတိပြုမိလိုက်သည်။

သို့သော်လည်း သူတို့အားလုံးတွင် သားရဲများကဲ့သို့ မျက်လုံးများ ရှိကြသည်။ လင်းကျဲသည် ဤအောက်ပိုင်းခရိုင်သားများကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။ သူသာ ကြားဝင်စွက်ဖက်ခြင်း မပြုခဲ့လျှင် ဤသားရဲမျက်လုံးများသည် တစ်နေ့တွင် ‘နော်ဇင်’ တစ်ခုလုံးကို ဖျက်ဆီးပစ်ပေလိမ့်မည်။

သူတို့သည် အလွှာပေါင်းစုံမှ ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်းကို ခံနေရပြီး၊ ဆက်လက်ရှင်သန်ရန်အတွက်သာ ရှားပါးလှသော အစားအစာနှင့် အရင်းအမြစ်များကို သူတို့၏ အသက်နှင့်လဲ၍ လဲလှယ်နေကြရရှာသည်။

အောက်ပိုင်းခရိုင်အတွင်း၌ ဝတ်ရုံနက်များမှာ နေရာအနှံ့ပင် ဖြစ်သည်။ ဤနေရာရှိ လူများသည် အခြားအရောင်များကို စဉ်းစားမိပုံမရချေ။ သို့မဟုတ် အနက်ရောင်စစ်စစ်သည်သာ အောက်ပိုင်းခရိုင်၏ အခြေအနေနှင့် အသင့်တော်ဆုံး ဖြစ်နေ၍လည်း ဖြစ်နိုင်ပေသည်။

ဤနေရာကား ‘အမှောင်ညချမ်း ကျေးရွာ’ ထက်ပင် ပိုမိုမှောင်မိုက်လှသည်။

အတိတ်ကာလက အောက်ပိုင်းခရိုင်သားများသည် အစားအစာအချို့နှင့် လဲလှယ်ရန် အထက်ပိုင်းခရိုင်ရှိ သတ်မှတ်ထားသော နေရာများသို့ သွားနိုင်ရန်အတွက် သူတို့၏ နေ့စဉ်တာဝန်များကို မြန်မြန်ဆန်ဆန် ပြီးမြောက်ဖို့သာ ဂရုစိုက်ခဲ့ကြသည်။ အထူးသဖြင့် မကြာသေးမီနှစ်များအတွင်း အရင်းအမြစ်များ သိသိသာသာ လျော့နည်းလာခဲ့သည်။ နောက်ကျသောသူများသည် ပိုမိုပင်ပန်းစွာ မိုင်းတူးရမည်ဖြစ်သဖြင့် သူတို့မှာ အခြားအရာများကို အာရုံမစိုက်နိုင်ကြချေ။ လင်းကျဲ၏ မေးစေ့တွင် နှာမောင်းလက်တံများ မရှိသည်ကိုပင် သူတို့ သတိမပြုမိကြပေ။

ရှင်သန်ရေးမှာ သူတို့အတွက် ပထမဦးစားပေးဖြစ်ပြီး အခြားကိစ္စများကို ဘေးဖယ်ထားကြသည်။

“ဟူး... ဒီနေရာမှာ စာအုပ်ရောင်းဖို့ဆိုတာ လက်တွေ့မှာ မဖြစ်နိုင်သလောက်ပဲ...”

လင်းကျဲသည် သတ္တုရိုင်းများကို အသည်းအသန် လုယူနေသော အမျိုးသားတစ်ဦးနှင့် တိုက်မိသွားသည်။ အခြားသူများလည်း ထိုနည်းတူပင် အပြိုင်အဆိုင် ဖြစ်နေသည်ကို ကြည့်ရင်း လင်းကျဲ သက်ပြင်းချလိုက်မိသည်။

“ဘာပဲဖြစ်ဖြစ်... ငါတော့ အစွမ်းကုန် ကြိုးစားကြည့်ရမှာပဲ...”

လင်းကျဲ ရှေ့သို့ ဆက်လျှောက်သွားသည်။

‘ငါ ဆိုင်ခန်းလေးတစ်ခန်းလောက် ရွေးလို့ရနိုင်မလား...’

ဤအတွေးဖြင့် လင်းကျဲသည် နာရီပေါင်းများစွာ လမ်းလျှောက်ခဲ့ပြီးနောက် နောက်ဆုံးတွင် လူသူနည်းပါးသော မိုင်းတွင်းတစ်ခုသို့ ရောက်ရှိလာခဲ့သည်။ ဤနေရာ၌ အမျိုးသမီးများနှင့် ကလေးငယ်များစွာ အရင်းအမြစ်များ စုဆောင်းနေသည်ကို သူတွေ့လိုက်ရသည်။ အင်အားကောင်းသော အမျိုးသားများသည် အရင်းအမြစ် ရှားပါးမှုကြောင့် ဤနေရာသို့ လာလေ့မရှိကြပုံရသည်။

‘ဒီနေရာက မဆိုးပါဘူး၊ တိတ်ဆိတ်ပြီး အေးချမ်းတယ်...’

လင်းကျဲ အနည်းငယ် ကျေနပ်သွားမိသည်။

ဤနေရာ၌ စာအုပ်ဆိုင်တစ်ဆိုင် ဖွင့်လှစ်ခြင်းမှာ ကောင်းမွန်သော အကြံဉာဏ်တစ်ခုဟု ထင်ရသည်။ လင်းကျဲသည် ပတ်ဝန်းကျင် မည်မျှပင် ကြမ်းတမ်းပါစေ ဂရုမစိုက်ချေ။

ရုတ်တရက်ဆိုသလို သူ၏ ဝတ်ရုံစကို တစ်စုံတစ်ယောက်က ဆွဲလိုက်သကဲ့သို့ ခံစားလိုက်ရသော်လည်း၊ ခေါင်းလှည့်ကြည့်သောအခါ မည်သူ့ကိုမျှ မတွေ့ရချေ။

“ဟေး... ရက်ဒ် ရောက်ပြီဟေ့...”

ရုတ်တရက်... ကလေးငယ်တစ်ဦး၏ အသံကို ကြားလိုက်ရသဖြင့် ချက်ချင်း ငုံ့ကြည့်လိုက်ရာ မှိုကလေးတစ်လုံးနှင့်တူသော မိန်းကလေးငယ်တစ်ဦးကို တွေ့လိုက်ရသည်။

ထိုမိန်းကလေးမှာလည်း ဝတ်ရုံနက် ဝတ်ဆင်ထားသော်လည်း ညစ်ပတ်သော ပတ်တီးများ စည်းနှောင်ထားခြင်း မရှိပေ။ သူမ၏ အသားအရေမှာ အခြားအောက်ပိုင်းခရိုင်သားများကဲ့သို့ စိမ်းပုပ်ပုပ် မဟုတ်ဘဲ အနည်းငယ် နီမြန်းနေသည်။ သို့သော် အသားအရေမှာ အခြားသူများကဲ့သို့ပင် ကြမ်းတမ်းပြီး အကြေးခွံများ ပါရှိနေ၏။

ဤမိန်းကလေးမှာ အခြားပိန်လှီနေသော နေထိုင်သူများနှင့် အနည်းငယ် ကွာခြားပုံရသည်။ သူမက အနည်းငယ် ဝဖြိုးနေပြီး၊ သူမ၏ ဝိုင်းစက်သော မျက်နှာလေးမှာ ထိုကဲ့သို့ ရှေးကျပြီး ကြောက်မက်ဖွယ်ကောင်းသော ရုပ်သွင်နှင့် ပေါင်းစပ်လိုက်သောအခါ ရယ်စရာပင် ကောင်းနေသေးသည်။

‘သူက ရေသောက်ရုံနဲ့တင် ဝမယ့်ပုံစံမျိုးပဲ...’

လင်းကျဲ သူမ၏ မေးစေ့ပေါ်တွင် ပျော်ရွှင်စွာ လှုပ်ခါနေသော ဝဝတုပ်တုပ် နှာမောင်းလက်တံလေးများကို ငေးကြည့်ရင်း တွေးနေမိသည်။ မိစ္ဆာ နတ်ဘုရား၏ လွှမ်းမိုးမှုကို ခံထားရသည့် သတ္တဝါလေးတောင်မှ သည်လောက်အထိ ရယ်စရာကောင်းနေတာ အံ့သြစရာပင်။

“ရှင် ကျွန်မ မမြင်ဘူးလား... ရှင်က ဟိုလိုမျိုး... ဟိုလို လူစား...”

မိမိကိုယ်ကိုယ် ‘ရက်ဒ်’ ဟု ခေါ်ဆိုသော မိန်းကလေးငယ်မှာ သူမ ပြောချင်သော စကားလုံးကို မေ့သွားသဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

“အထက်စီးဆန်တဲ့...”

လင်းကျဲက ထောက်ပေးလိုက်သည်။

“အာ... ဟုတ်တယ်... အထက်စီးဆန်တာ...”

ရက်ဒ်၏ မျက်နှာလေး ဝင်းလက်သွားပြီးနောက်၊ သူမ စိတ်ဆိုးနေရမည်ကို ရုတ်တရက် သတိရသွားကာ အပြုံးကို ချက်ချင်း ပြန်ရုပ်သိမ်းလိုက်သည်။

“ရှင်... အဲဒီလို အထက်စီးဆန်နေတာကို ရပ်စမ်း...”

ရက်ဒ်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“ရက်ဒ်က... ရက်ဒ်က နည်းနည်းလေး ပုနေရုံပါပဲ”

“အခုရော အသေအချာ မြင်ရပြီလား”

ရက်ဒ်က ပြောရင်း သူမ၏ အရပ်ကို လက်ဖြင့် မှတ်သားပြလိုက်ရာ၊ သူမမှာ လင်းကျဲ၏ ပေါင်ခန့်သာ မြင့်လေသည်။

“မြင်ပါပြီ”

လင်းကျဲ ရယ်မောလိုက်မိသည်။

ထို့နောက် ရက်ဒ်က လင်းကျဲ၏ ဝတ်ရုံကို လွှတ်လိုက်ပြီး လက်ပိုက်လိုက်သည်။

“ရှင် အထက်ပိုင်းခရိုင်ကနေ ခိုးဝင်လာတာ မဟုတ်လား... ဒီလိုမျိုး ဘဝင်မြင့်မြင့်နဲ့ လမ်းလျှောက်နေတာကတော့ လွန်လွန်းနေပြီ... ပိုပြီး သတိထားရမယ်ဆိုတာ မသိဘူးလား”

“ဘာကို သတိထားရမှာလဲ”

“ရှင့်ရဲ့ အဝတ်အစားတွေ၊ ပြီးတော့ ရှင့်အသားအရေ အရောင်တွေ...။ အထက်ပိုင်းခရိုင်က လူတွေက ကျွန်မတို့ကို အမြဲတမ်း အထင်သေးကြတယ်... ဟင်း... ဒါပေမဲ့ တကယ်တော့ သူတို့တွေ မြူထုနဲ့ ထိလိုက်တာနဲ့ စိတ်ရူးပေါက်သွားကြတာပဲ... အဲဒီလို ဖြစ်သွားလို့ သူတို့သတ်တာ ခံလိုက်ရတဲ့ အထက်ပိုင်းခရိုင်သားတွေ အများကြီး ကျွန်မ မြင်ဖူးတယ်”

မိန်းမငယ်လေးက သူမ၏ နှုတ်ခမ်းကို စူလိုက်ရာ၊ သူမ၏ မေးစေ့ပေါ်မှ ဝဝတုပ်တုပ် နှာမောင်းလက်တံလေးများမှာ ‘အူချောင်းကြော်’ လေးများကဲ့သို့ ဖြစ်နေသည်။

‘သူတို့လား... အာ... ငါ သိပြီ...’

ခိုးဝင်လာသူအချို့မှာ စွမ်းအားလွှမ်းမိုးမှုကြောင့် သေဆုံးရခြင်း မဟုတ်ဘဲ အောက်ပိုင်းခရိုင်သားများ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရခြင်းဖြစ်ကြောင်း လင်းကျဲ ရုတ်တရက် နားလည်သွားသည်။

မျက်ကန်းတစ္ဆေမျိုး အဖိနှိပ်ခံရသူများကြားတွင်လည်း ပုန်ကန်လိုသူများ ရှိနေကြသေးသည်လား။

“ဒါဆိုရင်... နင် ဘာလို့ ငါ့ကို လာသတိပေးတာလဲ”

“ဘာလို့လဲဆိုတော့... ဘာလို့လဲဆိုတော့ ရှင်က အထက်ပိုင်းခရိုင်က လူတွေကို ဒီကို ပိုခေါ်လာစေချင်လို့လေ... ရှင်တို့ အထက်ပိုင်းခရိုင်သားတွေက သူငယ်ချင်းဖွဲ့ရတာ ဝါသနာပါကြတယ် မဟုတ်လား”

မိန်းမငယ်လေးက အတည်ပေါက် ပြောလိုက်သည်။ ထို့နောက် သူမ၏ အရိုးဓားလေးကို လင်းကျဲထံသို့ ချိန်ရွယ်ကာ ခြိမ်းခြောက်လိုက်တော့သည်။

“အခု ရှင်က ကျွန်မရဲ့ ဓားစာခံပဲ... ကျွန်မရဲ့ တဲအိမ်ကို လိုက်ခဲ့၊ ဘယ်သူ့ကိုမှ အမြင်မခံနဲ့... မဟုတ်ရင် ရှင့်ကို ကျွန်မ သတ်ပစ်မယ်”

လင်းကျဲ အနည်းငယ် အံ့အားသင့်သွားရသည်။ သူသည် အစပိုင်းတွင် လူမသိသူမသိ စာအုပ်ဆိုင်တစ်ဆိုင် ဖွင့်လှစ်ပြီး လူများ လာရောက်ရန် စောင့်ဆိုင်းနေဖို့သာ ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ဘဝဆိုသည်မှာ တစ်ခါတစ်ရံတွင် စိတ်ဝင်စားဖွယ်ရာ တွေ့ဆုံမှုများကို ယူဆောင်လာတတ်ပေသည်။ အကယ်၍ သူသည် သူ၏ ‘အရာရာကို သိမြင်နိုင်စွမ်း’ အပေါ်မှာပဲ အမြဲတမ်း မှီခိုနေမည်ဆိုပါက အံ့အားသင့်စရာများစွာကို လွဲချော်သွားပေလိမ့်မည်။

ထို့ကြောင့် လင်းကျဲက ပြုံးလိုက်၏။

“ကောင်းပါပြီ”

ရက်ဒ်သည် လင်းကျဲ၏ အဝတ်အစားများကို ဆွဲခေါ်သွားပြီး ရံဖန်ရံခါတွင် လိမ်လိမ်မာမာနေရန် သတိပေးနေတတ်သည်။ သို့သော် လင်းကျဲမှာမူ အထက်ပိုင်းခရိုင်မှ အခြားသော မာနကြီးသူများနှင့် မတူဘဲ ကြောက်ရွံ့နေပုံမရချေ...။ သို့သော်လည်း သူက နည်းနည်းတော့ ဘဝင်မြင့်နေပုံ ရသည်။

‘ဒါပေမဲ့ ဒါက တခြားသူတွေလို မာနကြီးတာမျိုး မဟုတ်ဘူး’

ရက်ဒ် သူမဘာသာ တွေးနေမိသည်။

‘သူက တကယ်ပဲ အင်အားကြီးမားတဲ့သူ တစ်ယောက်ဖြစ်နေလို့များလား...’

.***

All Chapters