အခန်း (၅၂၇-၅၂၈)
Vol. 38 Ch. 527-528
အပိုင်း(၅၂၇)
"ခေါင်းစွပ်ကို အောက်ဆွဲချစမ်း..."
ရက်ဒ်က သူမ၏ အရိုးဓားကို သိမ်းလိုက်ပြီး လင်းကျဲကို တိုးတိုးလေး သတိပေးလိုက်သည်။ သူမ အလိုရှိသည့်အတိုင်း လင်းကျဲက ခေါင်းစွပ်ကို ဆွဲချလိုက်ပြီး ဤချိပ်ပိတ်ခံ ရပ်ကွက်တစ်ခုလုံးကို ဝေ့ကြည့်လိုက်သည်။ ဤနေရာ၏ အခြေအနေမှာ လင်းကျဲ ပထမဆုံးမြင်ခဲ့ရသည့် နေရာထက်ပင် ပို၍ ဆိုးရွားလှပေသည်။
ယခင်နေရာတွင် ရွှံ့ညွန်များဖြင့် ဆောက်လုပ်ထားသည့် အဆောက်အအုံအချို့ ရှိနေသေးသော်လည်း၊ ဤနေရာတွင်မူ ပလတ်စတစ်စများဖြင့် ယာယီထိုးထားသည့် တဲအိုလေးများသာ ရှိတော့သည်။ ထို့ပြင် အလောင်းပုပ်နံ့မှာလည်း အလွန်ပင် ပြင်းထန်လှ၏။
လင်းကျဲ မျက်မှောင်ကြုတ်လိုက်စဉ်မှာပင် နောက်ဘက်မှ ရက်ဒ်က မေးလိုက်သည်။
"ရှင် အောက်ပိုင်းခရိုင်ကို ရောက်နေတာ ဘယ်လောက်ကြာပြီလဲ"
လင်းကျဲက လိမ်လိမ်မာမာပင် ပြန်ဖြေလိုက်၏။
"နော်ဇင်ရဲ့ အချိန်နဲ့ဆိုရင် ငါးနာရီလောက်ပဲ ရှိပါသေးတယ်..."
ထိုစကားကို ကြားသောအခါ ရက်ဒ်၏ မျက်နှာတွင် အပြုံးတစ်ခု ပွင့်လန်းသွား၏။
"ဒါဆို ရှင့်ဆီမှာပါတဲ့ အစားအစာတွေ အကုန်လုံး အခုချက်ချင်း ထုတ်ပေးစမ်း..."
လင်းကျဲက သူ၏ ဗလာဖြစ်နေသော လက်ဖဝါးနှစ်ဖက်ကို ထောင်ပြလိုက်၏။
"တကယ်ပဲ တောင်းပန်ပါတယ်၊ ငါလာတုန်းက ဒါကို မစဉ်းစားမိလိုက်ဘူး..."
"လူလိမ်..."
ရက်ဒ်၏ ဝိုင်းစက်သော မျက်လုံးများ ပြူးကျယ်သွားသည်။ သူမ၏ သားရဲမျက်လုံးများမှာမူ ထင်သလောက် ခြိမ်းခြောက်မှု မရှိလှပေ။
"တကယ် မပါတာပါဆို"
လင်းကျဲက စိတ်ပျက်လက်ပျက်ဖြင့် ပြန်ပြောလိုက်သည်။
ရက်ဒ် မျက်မှောင်ကြုတ်သွားပြီး အတော်ပင် ဒေါသထွက်သွားပုံရသည်။ နောက်ဆုံးတော့ အထက်ပိုင်းခရိုင်က လူတစ်ယောက်ကို ဓားပြတိုက်နိုင်ပြီဟု ထင်ထားသော်လည်း သူမ၏ ပစ်မှတ်ထံတွင် အစားအစာပင် မပါရှိချေ။
လင်းကျဲ၏ ပုံစံကို ကြည့်ရသည်မှာ လိမ်နေပုံလည်း မရချေ။
"အထက်ပိုင်းခရိုင်က လူတွေက တစ်ယောက်နဲ့တစ်ယောက် မုန်းကြပြီး အချင်းချင်း လုယက်ဖို့၊ ဒုက္ခပေးဖို့ ထောင်ချောက်တွေ ဆင်တတ်ကြတယ်လို့ ကြားဖူးတယ်.... ဒီလူပုံစံက အူကြောင်ကြောင်နဲ့... သူ့လူအချင်းချင်းပဲ ပြန်လုခံလိုက်ရတာများလား"
ရက်ဒ် လင်ကျဲကို ကြည့်ရင်း ဇဝေဇဝါဖြင့် တိုးတိုးလေး ရေရွတ်လိုက်၏။
လင်းကျဲကတော့ ရက်ဒ်ကို ကြည့်ပြီး ပြုံးနေမိသည်။
"ဒါဆိုရင်တော့ ရှင် အတော်လေး ဆာနေတော့မှာပဲ မဟုတ်လား"
ရက်ဒ်က သူမဘာသာ ညည်းတွားပြီးနောက် တုံ့ဆိုင်းဆိုင်းဖြင့် မေးလိုက်သည်။
လင်းကျဲက ချက်ချင်းပင် ခေါင်းညိတ်ပြလိုက်၏။
"ဒါတင်မကဘူး၊ ငါက အများကြီးလည်း စားနိုင်တယ်"
သူက အတည်ပေါက် ပြောလိုက်၏။
"နောက်တစ်နာရီအတွင်း ငါ ဘာမှမစားရရင် ငါ သေသွားနိုင်တယ်"
"သေမယ်..."
ရက်ဒ်က ထိတ်လန့်တကြား အော်လိုက်သည်။
"ကျွန်မ အဘွားက အစားအစာသွားလဲနေတယ်... အဆင်ပြေရင်တော့ ဒီည အိမ်ပြန်ရောက်လိမ့်မယ်"
ရက်ဒ်က လင်းကျဲကို တွန်းထိုးကာ ပလတ်စတစ်စဖြင့် ထိုးထားသည့် တဲအိုလေးထဲသို့ ခေါ်ဆောင်သွားသည်။ ထိုထဲတွင် ကုတင်နှစ်လုံးနှင့် ဗီဒိုအစုတ်တစ်ခုသာ ရှိသည်။
"သူပြန်လာရင် ကျွန်မ ရှင့်ကို နည်းနည်း ဝေပေးမယ်။ ဒါပေမဲ့ မှတ်ထားဦး... ရှင် ငတ်မသေအောင်ပဲ ကျွန်မက ကူညီတာနော်"
ထိုတဲအိုလေးမှာ အလွန်ပင် ကျဉ်းမြောင်းလှသဖြင့် လင်းကျဲ တစ်ကိုယ်လုံး အနည်းငယ် လှည့်လိုက်ရုံနှင့်ပင် ပစ္စည်းများကို တိုက်မိကာ မြေပေါ်သို့ ပြုတ်ကျကုန်တော့မည် ဖြစ်သည်။ ကြမ်းပြင်မှာ ရွှံ့နွံများသာဖြစ်ပြီး ရေကာစကို ထောက်ထားရန် သစ်ကိုင်းနှစ်ခုကိုသာ မြေတွင် စိုက်ထားသည်။ ထို့ပြင် ပုပ်စော်နံနေသော အနံ့ဆိုးများနှင့် ဆီးနံ့များမှာလည်း လေထုထဲတွင် ပျံ့လွင့်နေသည်။
လင်းကျဲ သစ်သားကုတင်များကို ကြည့်လိုက်သည်။ ကုတင်ခင်းများမှာ အညစ်အကြေးများကြောင့် မည်းနက်နေပြီး၊ ကုတင်ဘေးရှိ ခွက်ထဲတွင်လည်း အနည်များ ထိုင်နေသည်ကို တွေ့ရသည်။
လင်းကျဲ ထိုင်ချလိုက်ပြီး ရက်ဒ်ကို သေချာကြည့်လိုက်သည်။
ရက်ဒ်၏ မျက်နှာမှာ ဝိုင်းစက်နေပြီး မေးစေ့တွင် ဝဝတုပ်တုပ် နှာမောင်းလက်တံလေးများ ရှိသည်။ သူမသည် အခြားသူများနှင့် မတူပေ၊ သူမ၏ နှာမောင်းလက်တံလေးများသည် စိတ်လှုပ်ရှားသည့်အခါ အမြဲတစေ ကခုန်နေတတ်သည်။
"ဘာလို့ ကျွန်မကို စိုက်ကြည့်နေတာလဲ"
ရက်ဒ်က အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် မေးလိုက်သည်။ လင်းကျဲသည် ရုပ်ရည် သာမန်သာဖြစ်သော်လည်း အထက်ပိုင်းခရိုင်၏ အလှအပစံနှုန်းများအရ ကြည့်ကောင်းသူတစ်ဦး ဖြစ်နေသေးသလို၊ မီးခိုးရောင်မြူထု၏ ဖျက်ဆီးခြင်းကို မခံရသေးသော ရုပ်သွင်လည်း ရှိနေသည်။ ထိုကဲ့သို့ ခန့်ညားသော ရုပ်သွင်ရှိသူက စိုက်ကြည့်နေသဖြင့် ရက်ဒ်မှာ အနည်းငယ် အနေရခက်နေခြင်း ဖြစ်သည်။
"ထူးဆန်းလိုက်တာ... နင်က ဘာလို့ အနီရောင် ဖြစ်နေတာလဲ"
လင်းကျဲက စပ်စုလိုက်သည်။
"ငါမြင်ခဲ့တဲ့ လူအများစုက အစိမ်းရောင်တွေလေ"
"ဟဲ ဟဲ..."
ရက်ဒ်က ဂုဏ်ယူစွာဖြင့် ခေါင်းမော့လိုက်သည်။
"ကျွန်မကို အနီရောင် ခရစ္စတယ် မိုင်းတွင်းနားမှာ မွေးလို့လေ... ကျွန်မ မမွေးခင်က ကျွန်မ အမေက အဲဒီကျောက်တွေကို အများကြီး စားခဲ့လို့ ကျွန်မက အနီရောင် ဖြစ်လာတာ... ကျွန်မနာမည် ရက်ဒ် ဆိုတာလည်း အဲဒါကြောင့်ပဲ"
လင်းကျဲ ခေါင်းညိတ်လိုက်ပြီး ဆက်မေးလိုက်သည်။
"နင့်မိဘတွေရော ဘယ်မှာလဲ"
ရက်ဒ်မှာ ခဏမျှ တိတ်သွားပြီးမှ...
"ကျွန်မဖေက မိုင်းတွင်းပြိုကျလို့ သေသွားတယ်၊ အမေက ကျောက်တွေ အများကြီးစားမိလို့ သေသွားတယ်၊ ကျန်တဲ့ အဘိုးအဘွား သုံးယောက်ကတော့ ‘မီးခိုးရောင်မြူထု’ ဆီကို ပြန်သွားကြပြီ။ အခု အဘွားနဲ့ပဲ နေတာ... ဟေး... ကျွန်မဆီက သတင်းတွေ လိုက်မနှိုက်နဲ့၊ ရှင်က ရာဇဝတ်ကောင်နော်..."
‘မီးခိုးရောင်မြူထုထံ ပြန်သွားခြင်း’ ဆိုသည်မှာ အောက်ပိုင်းခရိုင်၏ သေခြင်းတရားကို ကိုယ်စားပြုသော စကားလုံးပင်။ အောက်ပိုင်းခရိုင်သားများသည် သူတို့သည် မြူထုထဲမှ မွေးဖွားလာသူများဖြစ်ပြီး မွေးကတည်းက အပြစ်ပါလာသူများဖြစ်ကြောင်း၊ ထို့ကြောင့် မြူထုထဲမှာပင် သေဆုံးရမည်ဖြစ်ကြောင်း ယုံကြည်ကြသည်။
ဤသည်မှာ အထက်ပိုင်းခရိုင် အုပ်ချုပ်သူများ၏ ဦးနှောက်ဆေးခြင်း ရလဒ်ပင် ဖြစ်သည်။ သူတို့အတွက် အောက်ပိုင်းခရိုင်ရှိ ‘လူသားတိရစ္ဆာန်’ များနှင့် မြူထုမှာ အတူတူပင် မိစ္ဆာဆန်လှသဖြင့်၊ ထိုငရဲခန်းကဲ့သို့ မြေအောက်ကမ္ဘာတွင် ထာဝရ ကျွန်ပြု ချုပ်နှောင်ခံထားရရန်သာ ထိုက်တန်သည်ဟု သတ်မှတ်ထားကြသည်။ အဆိုးရွားဆုံးမှာ အောက်ပိုင်းခရိုင်သား အများစုကလည်း ဤအမြင်ကို လက်ခံထားကြခြင်းပင်။
သူမ၏ စိတ်တိုနေသော မျက်နှာကို ဂရုမစိုက်ဘဲ လင်းကျဲက ဆက်မေးလိုက်ပြန်သည်။
"နင်တို့ ဘာလို့ ဒီမှာပဲ မိုင်းတူးနေကြတာလဲ... တကယ်တော့ မြူထုက နင်တို့အပေါ် အများကြီး သက်ရောက်မှု ရှိနေတာပဲ... ဘာလို့ အပေါ်ယံမြေပြင်ကို ဖောက်ထွက်ပြီး မပြေးကြတာလဲ"
လင်းကျဲက ဤစကားကို အသာအယာပင် ပြောလိုက်သော်လည်း၊ ရက်ဒ်က နားလည်သွားသည့်အခါ သူမ၏ မျက်လုံးများ ပြူးကျယ်သွားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်တော့သည်။
"အား... နင့်လိုလူမျိုး ဘယ်လိုရှိနိုင်တာလဲ... ပါးစပ်ပိတ်ထားစမ်း၊ ‘သစ်ပင်စုန်းမကြီး’ ကြားသွားလိမ့်မယ်"
လင်းကျဲ ပြောစရာ စကားမဲ့သွားရသည်။
‘သစ်ပင်စုန်းမကြီးက ငါ့ရဲ့ သူငယ်ချင်း ဆစ်ဗာ ဖြစ်သွားပြီလေ... သူက ငါတို့ပြောတာကို နားထောင်နေမယ်လို့ နင် တကယ်ထင်နေတာလား...’
ဒေါက်... ဒေါက်...
ရက်ဒ်၏ တဲရှေ့ရှိ သစ်ကိုင်းကို တစ်စုံတစ်ယောက်က အသည်းအသန် လာခေါက်လိုက်သည်။ လင်းကျဲ၏ ‘အရူးစကား’ များကြောင့် ထိတ်လန့်နေသော ရက်ဒ်မှာ ဆတ်ခနဲ ခုန်တက်သွားရသည်...
‘သစ်ပင်စုန်းမကြီး တကယ်ပဲ ကြားသွားတာလား...’
"ရက်ဒ်..."
အပြင်ဘက်မှ ကြမ်းတမ်းသော အမျိုးသားအသံတစ်ခု ထွက်ပေါ်လာသည်။
ရက်ဒ်သည် တုန်တုန်ရီရီဖြင့် အဝင်ဝသို့ သွားကာ ကန့်လန့်ကာကို ဖယ်လိုက်သည်။ ထိုနေရာတွင် အရပ်ရှည်ရှည် ဝတ်ရုံနက်ဝတ် အမျိုးသားတစ်ဦး ရှိနေသည်။ သူ၏ မေးစေ့ရှိ နှာမောင်းလက်တံလေးများမှာ အနည်းငယ် ကြွနေသဖြင့် အောက်ပိုင်းခရိုင်၏ အထက်တန်းစားတစ်ဦးဟု ထင်ရသည်။
"နင့်အဘွား အစားအစာသွားလဲရင်း လူအုပ်ကြားထဲ နင်းမိလို့ သေသွားပြီ... ဒီလကစပြီး အစားအစာနဲ့ လဲဖို့အတွက် အဖိုးတန်အဆင့် သတ္တုရိုင်း လေးခု ပေးရမယ်..."
ထိုသို့ပြောပြီးနောက် အမျိုးသားမှာ ရက်ဒ်ကို တစ်ချက်ပင် လှည့်မကြည့်တော့ဘဲ နောက်အိမ်တစ်လုံးသို့ ဆက်လျှောက်သွားတော့သည်။
ဤတဲအိုမှာ အိမ်တစ်လုံးဟုပင် မဆိုသာသဖြင့် လင်းကျဲမှာ တံခါးအပြင်ဘက်မှ စကားလုံးတိုင်းကို အထင်အသား ကြားလိုက်ရပြီး အတွေးနက်သွားမိသည်။
ရက်ဒ်မှာမူ မယုံကြည်နိုင်စရာ သတင်းစကားကြောင့် မှင်တက်ကျန်ရစ်ခဲ့သည်။ ထိုဝတ်ရုံနက်ဝတ် အမျိုးသား အဝေးသို့ မရောက်မီမှာပင် သူမသည် မှိုကလေးတစ်လုံးကဲ့သို့ ပြေးသွားပြီး သူ၏ ပေါင်ကို ဖက်တွယ်လိုက်သည်။ သူမ၏ မျှော်လင့်ချက်မဲ့နေသော မျက်လုံးများမှ မျက်ရည်များ စီးကျလာရင်း အော်ဟစ်ငိုယိုလိုက်လေ၏။
"အရှင်... တစ်ခုခု မှားနေပြီထင်တယ်... အဘွားက ဘယ်လိုလုပ် သေမှာလဲ..."
ထိုအမျိုးသားမှာ ရှင်းပြနေခြင်းပင်မရှိဘဲ ရက်ဒ်ကို ရွှံ့ဗွက်ထဲသို့ ကန်ထုတ်လိုက်သည်။ ရက်ဒ်မှာ ဗွက်ထဲသို့ ‘ဗွမ်း’ ခနဲ ကျသွားပြီး တစ်ကိုယ်လုံး ရွှံ့များ ပေကျံသွားတော့သည်။ သူမ၏ နံရိုးများမှာလည်း ကျိုးသွားသည့်အလား ပြင်းထန်စွာ နာကျင်နေရသည်။
အမျိုးသားက နှာခေါင်းရှုံ့လိုက်၏။
"နင့်အဘွားက အသက် လေးဆယ်နား နီးနေပြီပဲ၊ သေတာ သဘာဝပါပဲ... ဒီမှာ အဲဒီလောက်အထိ အသက်ရှည်တဲ့သူ သိပ်မရှိဘူး၊ သူက ကံကောင်းခဲ့လှပြီ"
"ဒါတင်မကဘူး..."
သူက ရက်ဒ်ကို လှည့်၍ လှောင်ပြောင်လိုက်သည်။
"နင်က အသက် ကိုးနှစ် ရှိနေပြီ မဟုတ်လား... လူကြီးဖြစ်နေပြီပဲ၊ ဒါကို ကလေးတစ်ယောက်ရဲ့ ဝေစုကို ယူချင်နေတုန်းလား... ပြီးတော့ အသက်ကြီးလှပြီဖြစ်တဲ့ အဘွားကို အစားအစာသွားလဲခိုင်းတဲ့ ဒီလို အန္တရာယ်များတဲ့ အလုပ်ကို လုပ်ခိုင်းရသလား"
"သေခြင်းတရားဆိုတာ ရိုးရှင်းပါတယ်၊ ဟုတ်တယ်မလား"
"မဟုတ်ဘူး... မဟုတ်ဘူး..."
ရက်ဒ်သည် ပါးစပ်ထဲသို့ ရွှံ့များ ဝင်နေသည့်ကြားမှ ကျယ်လောင်စွာ ငိုကြွေးလိုက်သည်။
"အဘွားက ပြောတယ်၊ ငါက ကလေးပဲ ရှိသေးတယ်တဲ့... အဘွားက ငါ့ကို လူကြီးမဖြစ်စေချင်ဘူးတဲ့... ရက်ဒ်က လူကြီးမဖြစ်ချင်ဘူး.."
စီမံခန့်ခွဲသူသည် ရက်ဒ်ကို ဂရုမစိုက်ဘဲ ရွှံ့ထဲတွင် တစ်ယောက်တည်း ငိုကျန်ရစ်အောင် ထားခဲ့လေသည်။ လင်းကျဲ နောက်ဆုံးတွင် တဲအပြင်သို့ ထွက်လာပြီး ရွှံ့ဗွက်ထဲတွင် ခွေကျနေသော ရက်ဒ်ကို ကြည့်လိုက်သည်။ ထို့နောက် သူမအနားသို့ သွားကာ ငိုရင်းနှင့် သတိလစ်သွားသည်အထိ စောင့်ဆိုင်းလိုက်ပြီးနောက်မှ၊ ထိုအောက်ပိုင်းခရိုင် မိန်းကလေးငယ်လေးကို ပွေ့ချီကာ တဲထဲသို့ ပြန်လည် ခေါ်ဆောင်လာခဲ့တော့သည်။
***
အပိုင်း(၅၂၈)
လင်းကျဲသည် ရက်ဒ်ကို တိတ်ဆိတ်စွာ ပွေ့ချီလာခဲ့ပြီး နောက်တစ်နေ့မနက်ရောက်မှသာ သူမ နိုးလာခဲ့သည်။ သို့သော် အဘွားဖြစ်သူကို သတိရမိတိုင်း ရက်ဒ်မှာ ရှိုက်ကြီးတငင် ငိုကြွေးနေဆဲပင်။
လင်းကျဲမှာ ဘာပြောရမှန်းမသိ ဖြစ်နေမိသည်။ သူသည် မိမိအတွက် ထိုင်ခုံပုလေးတစ်လုံးလုပ်ကာ တဲအပြင်ဘက်တွင် ထိုင်၍ စာဖတ်နေလိုက်သည်။ အောက်ပိုင်းခရိုင်တွင် နေရောင်ခြည်ဟူ၍ မရှိချေ။ ဤဥမင်လိုဏ်ခေါင်းများအတွင်းရှိ တစ်ခုတည်းသော လမ်းမီးတိုင်များမှာလည်း ‘အလင်းလွှတ်ကျောရိုးကျောက်’ များဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး၊ စီမံခန့်ခွဲသူများ လမ်းရှာရန်အတွက် တစ်နေ့လျှင် နှစ်နာရီသာ လင်းထိန်ပေးသည်။
မြေအောက်တွင် အချိန်အတော်ကြာ နေထိုင်လာကြရသဖြင့် အောက်ပိုင်းခရိုင်သားများ ရရှိလာသည့် အရေးကြီးသော ‘ဗီဇပြောင်းလဲမှု’ တစ်ခုမှာ အမှောင်ထဲတွင် မြင်နိုင်သော မျက်လုံးများပင် ဖြစ်သည်။
နောက်တစ်နေ့ ညနေ ငါးနာရီခန့်ရောက်မှသာ ရက်ဒ်သည် မျက်လုံးများ မို့အစ်လျက် တဲထဲမှ ထွက်လာပြီး လင်းကျဲကို အံ့သြတကြီး စိုက်ကြည့်လိုက်၏။
"ရှင် ဘာလို့ ရှိနေသေးတာလဲ"
သူမက မေးလိုက်သည်။
လင်းကျဲက သူ၏စာအုပ်ကို ပိတ်လိုက်ရင်း ရယ်မောလိုက်၏။
"ငါက နင့်ရဲ့ ဓားစာခံလေ၊ မှတ်မိသေးလား"
သူသည် ဤအရာအားလုံးကို ဖြစ်ပေါ်စေခဲ့သော ‘မိစ္ဆာ နတ်ဘုရား’ အနေဖြင့် မဟုတ်ဘဲ၊ လူသားတစ်ဦးအနေဖြင့် အောက်ပိုင်းခရိုင်ကို လေ့လာရန် လမ်းပြတစ်ဦး လိုအပ်နေခြင်းဖြစ်သည်။
"ကျွန်မ မိုင်းတူးချင်တယ်..."
ရက်ဒ်က အသံတုန်တုန်ဖြင့် ပြောသည်။
"ကျွန်မ ဘာမှမစားရတာ ရက်ပေါင်းများစွာ ရှိနေပြီ"
"ငါလည်း နင်နဲ့ လိုက်ခဲ့မယ်"
ရက်ဒ်က မျက်မှောင်ကြုတ်၍ လင်းကျဲကို အကဲခတ်လိုက်သည်။ ဤလူသည် အောက်ပိုင်းခရိုင်သားများလောက် အားမသန်သော်လည်း၊ အနည်းဆုံးတော့ အမျိုးသားတစ်ဦးဖြစ်ရာ တစ်ဖက်တစ်လမ်းမှ ကူညီနိုင်လိမ့်မည်ဟု သူမ တွေးလိုက်သည်။
ရက်ဒ်၏ အဘွားအတွက် ဝမ်းနည်းပူဆွေးမှုမှာ အခြားအောက်ပိုင်းခရိုင်သားများထက် ပိုမိုပြင်းထန်လှသည်။ အကြောင်းမှာ ဤနေရာတွင် သေခြင်းတရားဆိုသည်မှာ နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရသော အရာဖြစ်သောကြောင့်ပင်။
ဤနေရာရှိ လေထုထဲတွင် ကျောက်တုံးနံ့ သို့မဟုတ် အလောင်းပုပ်နံ့များသာ အမြဲတစေ ဝေဟင်၌ ပျံ့နှံ့နေတတ်သည်။ ရက်ဒ် နေထိုင်သည့်နေရာ၏ နောက်ဘက်မှာ အစုလိုက်အပြုံလိုက် မြှုပ်နှံထားသော သင်္ချိုင်းကြီးတစ်ခုနှင့်ပင် တူလှသည်။ သူမ၏ အဘွားကို ဘယ်နေရာမှာ မြှုပ်နှံလိုက်သည်ကို သူမမသိသော်လည်း၊ အလောင်းမှာ စီမံခန့်ခွဲသူများ တစ်နေရာရာသို့ ပစ်ထားလိုက်ခြင်းသာ ဖြစ်ပေလိမ့်မည်။
"ကျွန်မ နဲ့အတူ မိုင်းလိုက်တူးပြီး ကျွန်မ အဘွားကို ကူရှာပေး..."
ရက်ဒ်က ပေါက်ပြားကို ထုတ်ကာ လင်းကျဲကို ချိန်ရွယ်ပြောဆိုလိုက်သည်။
လင်းကျဲ ခေါင်းငြိမ့်ပြလိုက်ပြီး သူ၏ ဝတ်ရုံကို ပြင်ဝတ်ကာ ရက်ဒ်၏ နောက်မှ လိုက်လာခဲ့သည်။
အောက်ပိုင်းခရိုင်တွင် အသက်ရှစ်နှစ်ကျော်လျှင် လူကြီးဟု သတ်မှတ်ကြသည်။ ဤနေရာရှိ ပျမ်းမျှသက်တမ်းမှာ ၂၅ နှစ်သာရှိပြီး၊ လူအများစုမှာ ညစ်ညမ်းမှု၊ ငတ်မွတ်မှုနှင့် အလုပ်ကြမ်းဒဏ်တို့အောက်တွင် ပျက်စီးသွားကြရရှာသည်။
ရက်ဒ်ကဲ့သို့ အသက်ရှစ်နှစ်အရွယ် ကလေးများအတွက် တစ်နေ့လျှင် အဖိုးတန်အဆင့် သတ္တုရိုင်း သုံးခုပေးသွင်းရန်မှာ အတော်ပင် ခက်ခဲလှသည်။ ကိုးနှစ်ပြည့်ပြီးနောက် မိန်းကလေးများသည် လေးခု၊ ယောက်ျားလေးများသည် ခြောက်ခု ပေးသွင်းကြရသည်။ အသက် ၁၅ နှစ်ရောက်လျှင်မူ ထိုပမာဏမှာ နှစ်ဆ တိုးသွားတော့သည်။
လင်းကျဲနှင့် ရက်ဒ်တို့သည် ဥမင်လမ်းများအတိုင်း လျှောက်လာကြရာ၊ လင်းကျဲက ‘မေတ္တာ နှလုံးသား ပြောင်းလဲခြင်း’ စွမ်းအားကို အသုံးပြု၍ ပတ်ဝန်းကျင်ရှိ လူများနှင့် အလွယ်တကူ ရောနှောလိုက်သည်။
ရက်ဒ်သည် သတ္တုရိုင်း ပိုရရန်အတွက် လူအုပ်ကြားထဲ တိုးဝင်သော်လည်း အခြားသူများ၏ တွန်းထုတ်ခြင်းကို ခံလိုက်ရသည်။ သူမသည် ဖားကလေးတစ်ကောင်ကဲ့သို့ ပါးဖောင်းကာ သူမ၏ နှာမောင်းလက်တံလေးများကို ဒေါသတကြီး လှုပ်ခါရင်း လူအုပ်ထဲ ပြန်တိုးရန် ကြိုးစားနေစဉ်မှာပင် လင်းကျဲက သူမကို ပွေ့ချီလိုက်သည်။
"ဒီလို မိုက်မဲတဲ့အလုပ်ကို မလုပ်ပါနဲ့... နင့်အဘွားလိုမျိုး အသေမခံချင်ရင်ပေါ့"
လင်းကျဲက ပြုံးလျက် ဆိုလိုက်သည်။
အဘွားအကြောင်း ပြောလိုက်သဖြင့် ရက်ဒ်က နှုတ်ခမ်းကို တင်းတင်းစေ့ထားရင်း မျက်ရည်များ ဝဲလာ၏။
"ရှင်က ဘာလို့ ဒီလောက်တောင် အသည်းမာရတာလဲ.. ရှင်သိပ်ယုတ်မာတာပဲ"
သူမက နာကျင်စွာ ညည်းတွားလိုက်သည်။
ထိုစကားကို ကြားသောအခါ လင်းကျဲ မျက်ခုံး ပင့်လိုက်ပြီး ရက်ဒ်၏ လက်ကို လွှတ်လိုက်သည်။ မိန်းကလေးငယ်လေး မြေပေါ်သို့ ဘုတ်ခနဲ ကျသွားသည်ကို တိတ်ဆိတ်စွာ ကြည့်နေရင်းမှ လင်ကျဲက...
"ဒါ အမှန်ပဲ၊ ငါက အရင်ကထက် အများကြီး အသည်းမာလာတာပဲ..."
"ဖြစ်နိုင်တာက ငါက နင့်အဘွားကို အလွယ်တကူ ပြန်အသက်သွင်းပေးနိုင်သလို၊ လူတွေ သေပြီးရင် ဘယ်လိုကမ္ဘာကို ရောက်သွားသလဲဆိုတာကိုလည်း ငါ သိနေလို့ ဖြစ်လိမ့်မယ်..."
လင်းကျဲက သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်။
"ဒါကြောင့်ကိုး... ဟူး..."
"ရှင်က အဘွားကို အသက်ပြန်သွင်းနိုင်တယ် ဟုတ်လား ...အဘွားအကြောင်းကို နောက်တစ်ခါ နောက်ပြောင်ရင်တော့ ရှင့်ကို ကျွန်မ တကယ်သတ်မှာနော်..."
ရက်ဒ်သည် လူသေပြန်ရှင်ရန် မဖြစ်နိုင်ကြောင်း သိနေသဖြင့် မျက်ရည်များကြားမှ သူမ၏ ပေါက်ပြားကို လင်းကျဲထံ ချိန်ရွယ်လိုက်သည်။
လင်းကျဲက အကျင့်ပါနေသည့်အတိုင်း ရန်ငြိုးမရှိကြောင်း ပြရန် လက်နှစ်ဖက်ကို မြှောက်လိုက်၏။
"ဒီနေ့ လူတစ်ချို့ ပြောနေတာ ငါကြားခဲ့တယ်၊ မြေအောက် ပိုနက်တဲ့နေရာမှာ သတ္တုရိုင်းတွေ အများကြီး ရှိတယ်တဲ့... ငါတို့ အဲဒီမှာ သွားတူးရအောင်"
ထိုစကားကို ကြားရသောအခါ ရက်ဒ်၏ မျက်နှာ ဖြူရော်သွားသည်။
"ကျွန်မတို့ အခုရှိနေတာ ခြောက်ထပ်မြောက်လေ၊ မြေအောက်ထဲမှာ သတ္တုရိုင်း ပိုရှိတာတော့ အမှန်ပဲ... ဒါပေမဲ့ အဘွားက ပြောဖူးတယ်၊ ပိုနက်တဲ့နေရာကို သွားလေလေ ညစ်ညမ်းမှုက ပိုပြင်းထန်လေလေပဲတဲ့၊ ပြီးတော့ မိစ္ဆာကောင်တွေ အများကြီးလည်း အဲဒီမှာ အိပ်စက်နေကြတယ်တဲ့"
"ဒါကတော့ ဟုတ်နိုင်ပါတယ်... ဒါပေမဲ့ စီမံခန့်ခွဲသူတွေက အဲဒီ ‘မိစ္ဆာကောင်’ တွေကို အစားအစာပေးပြီး၊ အပြန်အလှန်အနေနဲ့ သတ္တုရိုင်းတွေ ယူနေတာကို ငါမြင်ခဲ့တယ်..."
လင်းကျဲက မေးစေ့ကို ပွတ်သပ်ရင်း ရက်ဒ်ကို မြှောက်ပင့်ပေးလိုက်သည်။
"ဆိုတော့ သူတို့တွေ စကားပြောလို့ ရနေတာပဲ... အကယ်၍ သူတို့က လူစားမယ်ဆိုရင် စီမံခန့်ခွဲသူတွေက အရင်ဆုံး အစားခံရမှာပေါ့"
"သူတို့ လူမစားတာက စုန်းမကြီး’ ကြောင့်ဟဲ့..."
ရက်ဒ်က ပြင်ပေးလိုက်သည်။
"သန့်ရှင်းတဲ့ စီမံခန့်ခွဲသူတွေကို သတ်ရင် သစ်ပင်စုန်းမကြီးက သူတို့ကို အပြစ်ပေးလိမ့်မယ်"
လင်းကျဲ ခဏမျှ စဉ်းစားလိုက်မိသည်။ နှစ်ပေါင်းများစွာ နှစ်ခြိုက်စွာ အိပ်ပျော်နေပြီး ဘာကိုမျှ ဂရုမစိုက်ခဲ့သော ‘သစ်ပင်စုန်းမကြီး’ သည် တကယ်တော့ သူ၏ တန်ခိုးအရှိန်အဝါဖြင့် မြေအောက်တစ်ခုလုံးကို တိတ်တဆိတ် အုပ်ချုပ်နေခဲ့ခြင်းပင်။ သူတို့သည် ဤနေရာရှိ လူအားလုံးကို ထိန်းချုပ်ရန် ‘ကိုးကွယ်ယုံကြည်မှု’ ဟု ခေါ်သော အရာကို အသုံးပြုနေကြခြင်း ဖြစ်သည်။
လင်းကျဲသည် ပတ်ဝန်းကျင်တွင် မိုင်းတူးနေကြသော လူကြီးများကို ဝေ့ကြည့်လိုက်ရာ၊ တစ်နေရာတွင် စုဝေးပြီး တိုးတိုးတိုးတိုး တိုင်ပင်နေကြသော လူအချို့ကို တွေ့လိုက်ရသည်။
အခြေအနေက ထိုသို့ဖြစ်နေလျှင်ပင် ပုန်ကန်လိုသူများစွာ ရှိနေဆဲဖြစ်ပြီး၊ ‘ကပ်ဘေး ဘုရားကျောင်းတော်’ ဆိုသည်မှာလည်း ဤနေရာမှပင် ပေါက်ဖွားလာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
"ဒါဆိုရင် နင်လည်း သစ်ပင်စုန်းမကြီးကို ယုံကြည်တယ်ဆိုရင်၊ အဲဒီမိစ္ဆာကောင်တွေက နင့်ကို သတ်မှာမဟုတ်ဘူးပေါ့..."
လင်းကျဲက ဆက်လက်၍...
"ဒါမှမဟုတ် နင်က သစ်ပင်စုန်းမကြီးကို မယုံကြည်ဘူးလား"
"ရှင် လျှောက်မပြောနဲ့..."
ရက်ဒ်က အလျင်အမြန် ငြင်းဆိုလိုက်သည်။ လင်းကျဲ၏ ရိုးရှင်းသော ဆွပေးမှုမှာ ကိုးနှစ်သားလေး ရက်ဒ်အတွက်တော့ အလွန်ပင် ထိရောက်လှပေသည်။
သူသည် ရက်ဒ်၏ နောက်မှ လိုက်ကာ ရှုပ်ထွေးလှသော ဥမင်လမ်းများမှတစ်ဆင့် အောက်ဘက်သို့ ဆက်လက် ဆင်းသက်လာခဲ့သည်။ ပတ်ဝန်းကျင်ရှိ ကျောက်လွှာများမှာ တဖြည်းဖြည်း ပျော့ပြောင်းလာပြီး ဥမင်များ ပြိုကျနိုင်ခြေ ပိုမိုများပြားလာသည်။ သို့သော် စီမံခန့်ခွဲသူများကတော့ ဂရုမစိုက်ကြချေ။ အောက်ပိုင်းခရိုင်သား အားလုံးမှာ ‘အပြစ်သား’ များသာ မဟုတ်ပါလား။
သူတို့မှာ ဘာအပြစ်တွေ ရှိသနည်းဟု မေးလျှင်မူ ဒဏ္ဍာရီများနှင့် ပုံပြင်များထဲမှ အကြောင်းအရာများသာ ဖြစ်ပေလိမ့်မည်။ အောက်ပိုင်းခရိုင်သားများ၏ ဘိုးဘေးများသည် တစ်ချိန်က ‘မိစ္ဆာ နတ်ဘုရား’ နှင့် ပူးပေါင်းကာ သစ်ပင်စုန်းမကြီး ပိုင်ဆိုင်သော ‘မူလသစ်ပင်’ မှ အသီးများကို ခိုးယူစားသုံးခဲ့ကြသည်ဟူသော အချက်များပင်။
ဤအဆိုပြုချက်များမှာ အလွန်ပင် အခြေအမြစ် မရှိလှသော်လည်း၊ ထူးကဲသော စွမ်းအားရှင်များ ပြည့်နှက်နေသည့် နော်ဇင်ကဲ့သို့ နေရာမျိုးတွင်မူ ယုံကြည်ဖွယ်ရာ ဖြစ်နေပေသည်။
သို့သော်လည်း ဤလူများ ဘယ်ကလာသလဲ၊ ဘာကြောင့် ဒီလိုဖြစ်သွားရသလဲ ဆိုသည်ကို လင်းကျဲက မည်သူ့ထက်မဆို ပို၍သိရှိထားသည်။
နော်ဇင်ကို မတည်ဆောက်မီ ကတည်းကပင် လူတန်းစားခွဲခြားမှုမှာ ရှိနှင့်နေပြီးသား ဖြစ်သည်။ စကြဝဠာကြီးထဲမှ လှည့်လည်သွားလာနေသော ‘ခရီးသည်’ တစ်ဦး ရောက်ရှိလာခြင်းက အဇီးကို သက်ရောက်မှုရှိစေခဲ့ပြီး၊ ရှေးဟောင်း အဲ့လ်ဖ်နိုင်ငံတော်ကြီး ပြိုလဲခဲ့ရသည်။ ထိုအချိန်တွင် ခရီးသည် နားခိုရာနေရာ၌ ကြွယ်ဝသော အရင်းအမြစ်များနှင့် ရတနာများ ရှိနေခဲ့သည်။
ဆစ်ဗာသည် ထိုခရီးသည်က သူမ ရွေးချယ်ထားသူများကို မဖျက်ဆီးနိုင်စေရန်အတွက် သူမ၏ အဆင့်မြင့် မှော်ကမ္ဘာကြီးကို အိပ်မက်ဘုံအတွင်း၌ ပိတ်လှောင်ထားလိုက်သည်။
‘သက်တောင့် စုန်းမကြီး’ လိုက်ဖ် ၏ စွမ်းအားမှာ အားနည်းလှသော်လည်း သူမသည် လူသားမျိုးနွယ်ကို ကာကွယ်ပေးနိုင်လိမ့်မည်ဟု ထင်မှတ်ခဲ့သဖြင့် လူသားစခန်းတစ်ခုကို တည်ထောင်ခဲ့သည်။
ထိုအရာသည် နော်ဇင်၏ အစပျိုးခြင်းပင်။ သက်စောင့်စုန်းမကြီး ကျဆုံးသွားပြီးနောက် လူသားတို့မှာ ကာကွယ်မှု မရှိတော့ဘဲ အရင်းအမြစ်များ ပိုမိုလိုအပ်လာခဲ့သည်။ ထို့ကြောင့် ‘မိစ္ဆာ နတ်ဘုရား’ အိပ်စက်နေသော မြေအောက်ကမ္ဘာသည် သူတို့၏ ရှင်သန်မှုအတွက် အခြေခံအုတ်မြစ် ဖြစ်လာခဲ့သည်။
ရိုးရိုးလေးပြောရလျှင် လူသားမျိုးနွယ်မှာ အလွန်ပင် အားနည်းလွန်းလှပေသည်။
ထိုအချိန်တွင် ‘လူတန်းစား ခွဲခြားမှု’ မှာလည်း စတင်၍ ပုံဖော်လာခဲ့သည်။ အာဏာနှင့် ဂုဏ်ဒြပ် မရှိသော ဆင်းရဲသားများသည် မြေပြင်မှ မောင်းထုတ်ခြင်း ခံရပြီး မြေအောက်၌ သတ္တုရိုင်းများ စတင်တူးဖော်ကြရသည်။
သက်စောင့်စုန်းမကြီးသည် လူသားများအား ‘မိစ္ဆာ နတ်ဘုရား’ အနားသို့ မသွားစေရန် အသည်းအသန် တားဆီးခဲ့သော်လည်း၊ လူသားတို့မှာမူ မဆိုင်းမတွပင် ထိုနေရာဆီသို့ တိုးဝှေ့သွားခဲ့ကြသည်။
ဗီဇပြောင်းလဲမှုမှာ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။ မြေအောက်ရှိ ဆင်းရဲနွမ်းပါးသော မိုင်းလုပ်သားများသည် မိစ္ဆာရုပ်သွင်များ စတင်ပေါ်ပေါက်လာခဲ့သည်။ ယခု မြင်တွေ့နေရသော မိကျောင်းအရေခွံကဲ့သို့ အစိမ်းရောင် အသားအရေများ၊ လက်တံ နှာမောင်းများ၊ နှစ်ခွဖြစ်နေသော လျှာများနှင့် သန်မာသော ခြေလက်များကဲ့သို့ပင်...
သို့သော် ကန့်ကွက်သူများကိုမူ နှိမ်နင်းခြင်း ခံခဲ့ရသည်။ အထက်ပိုင်းခရိုင်ရှိ လူများသည် ကံကောင်းထောက်မစွာဖြင့် အောက်ပိုင်းခရိုင်မှ ဗီဇပြောင်းလဲသွားသော လူသားများနှင့် လုံးဝ သီးခြားခွဲထွက်နိုင်ခဲ့ကြပြီး၊ သူတို့ကို လူသားဟု မမြင်တော့ဘဲ နွား၊ မြင်းများကဲ့သို့သော တိရစ္ဆာန်များအဖြစ်သာ သဘောထားကြတော့သည်။ သူတို့သည် အထက်နှင့် အောက်ခရိုင်ကြားရှိ လမ်းကြောင်းကိုပင် ပိတ်ဆို့ထားလိုက်ကြပြီး၊ ရှင်သန်ရန်အတွက် အရင်းအမြစ်များ ရလိုလျှင် သတ္တုရိုင်းများ ပေးသွင်းရန် တောင်းဆိုခဲ့ကြသည်။
‘လူသားတွေက ဒီလိုမျိုး လုပ်ဆောင်ရမှာတော့ အမြဲတမ်း ကျွမ်းကျင်နေတာပဲ...’
လင်းကျဲက စိတ်ထဲမှ လှောင်ပြောင်လိုက်မိသော်လည်း၊ ထို့နောက်တွင်မူ ရက်ဒ်ကလေးကို လှမ်းကြည့်ရင်း သူမ၏ အပြစ်တင်သံလေးကို ရုတ်တရက် သတိရသွားသည်။
လင်းကျဲသည် တကယ်ပင် အသည်းမာသူတစ်ဦး ဖြစ်လာခဲ့လေပြီ... သူ လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး မိမိကိုယ်ကိုယ် ဤကဲ့သို့ မဖြစ်စေရန် သတိပေးလိုက်တော့သည်။
***