အခန်း (၅၆၇)
Vol. 57 Ch. 567
အခန်း (၅၆၇)
ဤမြင်ကွင်းကို မြင်တွေ့ရသောအခါ၊ အစောပိုင်းက ဂိုဏ်းချုပ်ကို မည်သို့ခေါ်ဝေါ်ရမည်ကို အနည်းငယ်အခက်တွေ့နေသည့် ချီယန်မှာ စကားလုံးများမှာ မထင်မှတ်ဘဲ ပိုမိုချောမွေ့စွာ ထွက်ပေါ်လာတော့သည်။
ရွှမ်ချင်းပင်လျှင် တစ်ဖက်လူ၏ အဆင့်အတန်းကို အသိအမှတ်ပြုထားသည်ဖြစ်ရာ၊ သူ၏ မျက်နှာက ရွှမ်ချင်း၏ မျက်နှာထက် ပို၍ အရေးကြီးနိုင်ပါမည်လော။
"အရမ်းယဉ်ကျေးစရာ မလိုပါဘူး"
ရှန်းယီ သည် ဤကဲ့သို့ အပိုလုပ်ဆောင်ချက်များကို မနှစ်သက်ပေ။ သူနှင့် ချင်းယွဲ့ဂိုဏ်းတို့အကြား ဆက်ဆံရေးမှာ အကြီးအကဲလျိုနှင့်သာ အဓိကရှိခဲ့ခြင်း ဖြစ်သည်။
ယခုအခါ မရင်းနှီးသော အကြီးအကဲတစ်ဦး ရောက်ရှိလာခြင်းမှာ အကြီးအကဲလျိုဘက်တွင် တစ်စုံတစ်ရာ အဆင်မပြေမှုရှိနေ၍ ဖြစ်ရန် အလားအလာ များလှပေသည်။
"ဒါက လျိုရှီချန်းဆီက ဂိုဏ်းချုပ်ရှန်းဆီ ပေးတဲ့စာပါ။ တစ်ချက်လောက် ကြည့်လိုက်ပါဦး"
အကြီးအကဲ ချီယန်သည် နောက်ထပ် အပိုစကားများကို မပြောတော့ဘဲ မတ်တပ်ရပ်လိုက်၏။ မည်သို့ပင်ဆိုစေကာမူ ကျောက်စိမ်းဖြူမြို့တော် အကြီးအကဲတစ်ဦး ဖြစ်သည့်အားလျော်စွာ၊ ဤမျှ ငယ်ရွယ်သော ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးရှေ့တွင် အောက်ကျို့ခံနေရသည်မှာ ထိုအဖိုးကြီး အနေဖြင့် မိမိကိုယ်မိမိ ခွင့်မပြုနိုင်သော ကိစ္စဖြစ်သည်။
ထို့ပြင် စာကိုဖတ်ပြီးပါက ဂိုဏ်းချုပ်ရှန်းအနေဖြင့် စကားအပိုပြောနိုင်မည့် အခြေအနေတွင် ရှိတော့မည် မဟုတ်ပေ။
လျိုရှီချန်းပင် ပြဿနာတက်သည်ဟု ယူဆရသော ရန်သူမျိုးမှာ ဂိုဏ်းချုပ်ရှန်း၏ အေးချမ်းမှုကို လုယူရန် လုံလောက်ပေလိမ့်မည်။
သို့သော်လည်း အကြီးအကဲ ချီယန် မျှော်လင့်ထားသည့် စိုးရိမ်တကြီးဖြစ်နေသည့် အမူအရာမျိုးကို ရှန်းယီ၏ မျက်နှာပေါ်တွင် မမြင်တွေ့ခဲ့ရပေ။
ရှန်းယီသည် မျက်လုံးကို အနည်းငယ်နှိမ့်ကာ စာအိတ်အတွင်းရှိ အကြောင်းအရာများကို သေချာစွာ ဖတ်ရှုနေ၏။
ထို့နောက် သူသည် ခေါင်းမော့လိုက်ပြီး တိုးညှင်းစွာ ပြောလိုက်သည်။
"ပင်ပန်းခံပြီး လာပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ အကြီးအကဲ ချီယန်"
"အင်း..."
ချီယန်သည် ဤကိစ္စတွင် ပါဝင်ပတ်သက်ရန် ရည်ရွယ်ချက် မရှိသော်လည်း၊ ရှန်းယီ၏ တည်ငြိမ်မှုကို မြင်တွေ့ရသောအခါ ရှန်းယီတစ်ယောက် စာပါအကြောင်းအရာကို နားမလည်လေသလားဟု သံသယဝင်လာမိသည်။
အကြီးအကဲလျိုက သူ၏ ထုံးစံအတိုင်း ခက်ခဲနက်နဲသော စကားလုံးများ သုံးထား၍လော၊ သို့မဟုတ် ဂိုဏ်းချုပ်ရှန်းကို စိတ်မပူစေရန် အခြေအနေကို လျှော့ပေါ့ရေးသားထား၍လော။
ဤအတွေးများဖြင့် သူသည် မနေနိုင်ဘဲ စကားတစ်ခွန်း ဖြည့်ပြောလိုက်မိသည်။ "လက်အောက်ခံ အင်အားစုတွေကို အမြန်ဆုံးသတင်းပို့ပြီး စီစဉ်ထားတာ ပိုကောင်းလိမ့်မယ်။ မဟုတ်ရင် အဲ့ဒီနတ်ဆိုးတွေ လက်အားသွားတဲ့အခါ မလိုအပ်တဲ့ ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်တယ်"
"အဲ့ဒီဆုံးရှုံးမှုက ဂိုဏ်းချုပ်ရှန်း လက်မခံနိုင်လောက်အောင်ကို ကြီးမားသွားနိုင်တယ်နော်" ဟု အကြီးအကဲ ချီယန်က အလိုအလျောက် အလေးအနက်ထား သတိပေးလိုက်၏။
"ကျုပ် သိပါတယ်"
ရှန်းယီသည် မတ်တပ်ရပ်လိုက်ပြီး ခန်းမအပြင်ဘက်သို့ လျှောက်သွားရင်း "သွားကြစို့"
"သွားမယ် ဘယ်ကိုသွားမှာလဲ" ချီယန်မှာ ကြောင်တောင်တောင်ဖြင့် ကြည့်နေမိသည်။
"..."
ရှန်းယီသည် ခဏမျှတိတ်ဆိတ်သွားပြီးနောက် သူ့ကို နားမလည်နိုင်သကဲ့သို့ ပြန်လည်ကြည့်ရှုလိုက်၏။
အကြီးအကဲလျို ပေးပို့သောစာမှာ ခယ်ရှစ်စန်း ကို သတ်ဖြတ်ခဲ့သည့် ကိစ္စ ပေါက်ကြားသွားသောကြောင့် ဖြစ်ပေါ်လာသည့် ပြဿနာများအကြောင်းပင်။
ပြဿနာရှိလျှင် ဖြေရှင်းရမည်သာ။
ဖြေရှင်းဖို့ မသွားဘဲ အခြားမည်သည့်နေရာသို့ သွားရဦးမည်နည်း။
သူတို့နှစ်ဦး အကြည့်ချင်းဆုံမိသောအခါ ချီယန်မှာ မှင်တက်ကာ ရပ်နေမိတော့သည်။
သူ နားမလည်ခဲ့ခြင်း မဟုတ်ပါက၊ ဂိုဏ်းချုပ်ရှန်းသည် လျိုရှီချန်းကို သွားရောက်ရှာဖွေရန် ကြံရွယ်နေခြင်းလော။
ဤအခိုက်အတန့်ကျမှသာ အကြီးအကဲလျိုသည် အဘယ်ကြောင့် ရှေ့တွင်ရှိသော ဤလူငယ်အပေါ် ထိုမျှအထိယုံကြည်မှု ရှိနေရသနည်းဆိုသည်ကို သူ နားလည်သွားတော့သည်။
သူတို့နှစ်ဦးသည် အဘယ်ကြောင့် ဤမျှကြီးမားသော ပြဿနာကို ကိုယ့်သဘောနှင့်ကိုယ် ရဲရဲဝံ့ဝံ့ဖန်တီးခဲ့ကြသည်မှာ မဆန်းတော့ပေ။
တစ်ယောက်ထက် တစ်ယောက် ပို၍ သတ္တိရှိနေကြခြင်းပင်။
ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးက ကျောက်စိမ်းဖြူမြို့တော်ပင် စိတ်ပျက်ရသော ကိစ္စရပ်များတွင် ပါဝင်ပတ်သက်ရန် ဆန္ဒရှိနေသည်မှာ ရှန်းယီ ရူးသွပ်နေခြင်းဖြစ်စေ၊သို့မဟုတ် သူကိုယ်တိုင်ပင် ရူးသွပ်သွားခြင်းဖြစ်စေ တစ်ခုခုတော့ ဖြစ်ရပေမည်။
"အကြီးအကဲလျိုက အဲ့ဒီသဘောနဲ့ ပြောတာမဟုတ်ဘူး ငါ့ကို ပြဿနာထဲ ဆွဲမသွင်းပါနဲ့ဦး"
ချီယန်သည် အလိုအလျောက် သူ့ကို လှမ်းဆွဲရန် ပြင်လိုက်သော်လည်း သူတို့၏ အဆင့်အတန်း ကွာခြားမှုကို ချက်ချင်း သတိရသွားကာ လက်ကို ပြန်ရုပ်သိမ်းလိုက်ရ၏။
"သူက မင်းကို အရင်ဆုံး ပုန်းနေဖို့နဲ့ နန်ယန်ဂိုဏ်းရဲ့ ဘေးကင်းမှုကို အရင်သေချာအောင် လုပ်ဖို့ ပြောချင်တာပါ"
ထိုစကားအဆုံးတွင် ရှန်းယီ၏ မျက်လုံးများအတွင်း ထူးဆန်းသောအရိပ်အယောင်များ လက်ခနဲ ဖြစ်သွားပြီး မည်သည့်စကားမှ ပြန်မပြောဘဲ ခန်းမအပြင်ဘက်သို့သာ တစ်ချက် ကြည့်လိုက်တော့သည်။
သူ၏ အဓိပ္ပာယ်မှာ ရှင်းလင်းလှပေ၏။
မည်သည့်နေရာတွင် သွားပုန်းနေရမည်နည်း။
နဂါးမျိုးဆက် နှစ်ဦးကို သတ်ဖြတ်ခဲ့သည့်ကိစ္စ ပေါက်ကြားသွားပြီးသည်နှင့် မဆုတ်မနစ် လိုက်လံတိုက်ခိုက်မှုများကို ကြုံတွေ့ရမည်မှာ မလွဲဧကန်ပင် ဖြစ်သည်။
ထို့ပြင် ရှန်းယီသည် ဆက်လက်သတ်ဖြတ်ရန်သာ အစီအစဉ် ရှိပေသည်။
ခယ်ရှစ်စန်းမှာ အလွန်ပင် အသုံးဝင်လှသည်။
ထိုကဲ့သို့သော ပါရမီရှင် နတ်ဆိုးတစ်ကောင်၏ အကူအညီကို ရရှိဖူးပြီးနောက်တွင်၊ သာမန်နတ်ဆိုးများအနှစ်တစ်ထောင်ကြာ စကားဖောင်ဖွဲ့နေပြီး မည်သည့် တန်ဖိုးရှိသည့်အရာကိုမျှ မထုတ်လုပ်နိုင်သည်ကို သူ ဆက်လက်၍ မကြားလိုတော့ပေ။
[လက်ကျန် နတ်ဆိုးသက်တမ်း - ၃၂၀၀၀ နှစ်]
[ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် (စိတ်ဝိညာဉ်)။ ကွေရှ မသေမျိုးချပ်ဝတ် - အထွတ်အထိပ်]
[ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် (စိတ်ဝိညာဉ်)။ မိုးပြာကြယ်ခွဲ လှံ - အထွတ်အထိပ်]
လျိုရှီချန်းတစ်ဦးတည်း နဂါးနန်းတော်၏ ဖိအားကို ရင်ဆိုင်နေရသည်ကို လက်ပိုက်ကြည့်နေမည့်အစား၊ သူ၏ လက်ရှိအင်အားကို အသုံးချကာ ချင်းယွဲ့ဂိုဏ်း၏ အရှိန်အဝါကို အနည်းငယ် ပို၍ အသုံးချလိုက်ခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။
"ဒါက..."
ချီယန်သည် ကြောင်တောင်တောင်ဖြင့် ခေါင်းပြန်လှည့်ကြည့်လိုက်ရာ၊ ရွှမ်ချင်း အပါအဝင် နန်ယန်ဂိုဏ်းမှ မည်သူတစ်ဦးတစ်ယောက်ကမျှ ဂိုဏ်းချုပ်ရှန်း၏ ဆုံးဖြတ်ချက်ကို သံသယမဝင်သည်ကို တွေ့ရှိလိုက်၏။
သူ တစ်စုံတစ်ရာကို မှားယွင်းစွာ နားလည်ထားပုံရသည်။
ရှန်းယီသည် သာမန် ဂိုဏ်းချုပ်မျိုး မဟုတ်ပုံရပေ။
နန်ယန်ဂိုဏ်းအတွင်း သူ၏ အဆင့်အတန်းမှာ မဟာမိတ်ဂိုဏ်းရှိ တာအိုပေါင်းစည်းခြင်းအဆင့် ဘီလူးကြီးခြောက်ဦး၏ အဆင့်အတန်းနှင့် ထပ်တူပင် ဖြစ်နေတော့သည်။