အတိုင်းအတာ သေးငယ်လွန်းသည်
Vol. 58 Ch. 647
ဝိညာဉ်အပင်များ ရူးသွပ်စွာ ကြီးထွားလာမှုကြောင့် ရှေးဟောင်းအပျက်အစီးနယ်မြေအတွင်းရှိ ဂူအဆိပ်မြူများမှာ မျက်ဝါးထင်ထင်ပင် ကျဲပါးလာလေသည်။
ဂူအဆိပ်ကျင့်ကြံသူများမှာလည်း ထိုအချက်ကို သတိထားမိကြသော်လည်း အစပိုင်းတွင် သူတို့က သိပ်ပြီး ဂရုမစိုက်ခဲ့ကြပေ။ ဂူအဆိပ်မြူများမှာ လိုသလောက်ရှိနေသဖြင့် ဘယ်လိုမှ စုပ်ယူ၍ ကုန်နိုင်မည်မဟုတ်ဟု တွေးထားခဲ့ကြသောကြောင့် ဖြစ်လေသည်။
သို့သော် ဂူအဆိပ်မြူများ ပိုမိုကျဲပါးလာသည်နှင့်အမျှ သူတို့ စတင်၍ ထိတ်လန့်လာကြလေသည်။
"ဘယ်လိုဖြစ်တာလဲ"
အံ့ဩမှင်တက်သွားသော ဂူအဆိပ်ကျင့်ကြံသူများသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်ရာ အပြင်ဘက်မှ ဂူအဆိပ်မြူများမှာ မမြင်နိုင်သော အကာအကွယ်တစ်ခုကြောင့် ပိတ်ဆို့ခံထားရပြီး အတွင်းသို့ လုံးဝလွင့်ဝင်မလာနိုင်ကြောင်း တွေ့ရှိလိုက်ကြလေသည်။
'အလွှာသုံးလွှာ ခြားနားမှုက ဂူအဆိပ်မြူတွေကို ရင်ဆိုင်တဲ့နေရာမှာ တကယ်ကို ထိရောက်တာပဲ'
ယွမ်မြို့တော်တွင် ရှိနေစဉ်ကပင် ကျန်းပေရန်သည် ထိုဂူအဆိပ်မြူများမှာ အစီအရင်များကို ဖောက်ထွင်းဝင်ရောက်နိုင်ကြောင်း သတိထားမိခဲ့လေသည်။ မဟုတ်လျှင် ယွမ်မြို့တော်ရှိ သိုင်းပညာရှင်များသည် တိုက်လေတိုက်လေ အားနည်းလာလေ ဖြစ်နေမည်မဟုတ်ပေ။
ထို့ကြောင့် ကျန်းပေရန်သည် ထိုအချက်ကို အဓိကထား၍ အတတ်ပညာရှင်များနှင့် ရက်အတော်ကြာ ဆွေးနွေးတိုင်ပင်ခဲ့ပြီးနောက် နောက်ဆုံးတွင် ဂူအဆိပ်မြူများကို လုံးဝဖြတ်တောက်ထားနိုင်သော အစီအရင်သစ်တစ်ခုကို ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်လေသည်။
သို့သော် ထိုအစီအရင်သည်လည်း အချိန်အတိုင်းအတာတစ်ခုအထိသာ ဂူအဆိပ်မြူများကို တားဆီးနိုင်ပြီး အချိန်ကြာလာလျှင် ဂူအဆိပ်မြူများ၏ စိမ့်ဝင်မှုကို ခံရမည်သာ ဖြစ်လေသည်။ သို့သော် ယခု အလွှာသုံးလွှာ ခြားနားမှု၏ အစွမ်းနှင့် ပေါင်းစပ်လိုက်သောအခါ အနည်းဆုံး တစ်လ သို့မဟုတ် နှစ်လခန့်အထိ ထိုဂူအဆိပ်မြူများကို တားဆီးထားနိုင်မည် ဖြစ်လေသည်။
ဂူအဆိပ်မြူများ၏ ပံ့ပိုးမှု မရှိတော့သောအခါ ဂူအဆိပ်ကျင့်ကြံသူများသည် ပြန်လည်ကောင်းမွန်နိုင်စွမ်း ရှိနေသေးသော်လည်း ဂူအဆိပ်မြူထဲတွင် ရှိနေစဉ်ကကဲ့သို့ သတ်၍မသေ ကြိတ်၍မရသော အခြေအနေမျိုးနှင့်တော့ အများကြီး ကွာခြားသွားခဲ့လေပြီ။
သူတို့၏ အဖော်အချို့မှာ မိစ္ဆာသားရဲများ၏ ရိုက်ချေမှုကို ခံလိုက်ရပြီးနောက် ချက်ချင်းပြန်မလာနိုင်တော့သည်ကို မြင်သောအခါ ဂူအဆိပ်ကျင့်ကြံသူတစ်အုပ်သည် ဂူအဆိပ်မြူများရှိရာသို့ ပြန်လည်ဆုတ်ခွာသွားကြရတော့လေသည်။
"ဂါး"
ပြန်လည်ကြည်လင်လာသော ကောင်းကင်ယံနှင့် ထွက်ပြေးသွားကြသော အမှိုက်ကောင်များကို ကြည့်ရင်း ထောင်ဝူမှာ အားရပါးရ ဟိန်းဟောက်လိုက်လေသည်။
'သန့်ရှင်းသော တမန်တော် ဆိုတဲ့အတိုင်းပဲ ဒီလောက် မြန်မြန်ဆန်ဆန် ပြဿနာကို ဖြေရှင်းနိုင်တာ'
ထောင်ဝူမှာ တခြားဘာမှ မတွေးတော့ပေ။ ထိုပြဿနာကို ဤမျှလောက် မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်သူမှာ သေချာပေါက် သန့်ရှင်းသော တမန်တော်မှလွဲ၍ တခြားသူ မရှိနိုင်ဟု အခိုင်အမာ ယုံကြည်နေလေသည်။
"ခေါင်းဆောင်ကြီး ကျွန်တော် ပြန်လာပြီ"
ထိုစဉ် ခရမ်းရောင်အတောင်ပံပါသော ငှက်ကုလားအုတ်ကြွက်သည် အလွန်မြန်သော အရှိန်ဖြင့် ထောင်ဝူ၏ရှေ့သို့ ရောက်လာပြီး အကောင်းဆုံးလုပ်ဆောင်ခဲ့ကြောင်း အမူအရာ ပြလိုက်လေသည်။
"ကောင်းတယ် အမွေးလေး သန့်ရှင်းတမန်တော်ကော"
ငှက်ကုလားအုတ်ကြွက်က ခေါင်းကို အပြင်းအထန် ညိတ်ပြရင်း ပြန်ဖြေလေသည်။
"သန့်ရှင်းသော တမန်တော်က တကယ်ကို တော်တာပဲ သူက ဘိုယီအိုကြီးကို စကားနည်းနည်းပဲ မေးပြီး ထိုပြဿနာကို ချက်ချင်းရှင်းလိုက်တာ"
"ငါက မင်းကို သန့်ရှင်းသော တမန်တော် တော်လားမတော်လား မေးတာမဟုတ်ဘူး သူ ဘယ်မှာလဲလို့ မေးတာ"
"ဘိုယီအိုကြီးဆီမှာ ရှိနေတုန်းပဲ"
"ဟူး"
ထောင်ဝူသည် လည်ချောင်းထဲမှ စိုးရိမ်ပူပန်သော အသံတစ်ခု ပြုလုပ်လိုက်ပြီး သန့်ရှင်းသော တမန်တော်ကို ဘိုယီဆီသို့ ပို့ပေးခဲ့မိသည်ကို ရုတ်တရက် နောင်တရသွားလေသည်။
'သွားစို့ ငါတို့လည်း သွားကြည့်ရအောင်'
ခဏချင်းအတွင်းမှာပင် ထောင်ဝူသည် ဘိုယီ၏ မျိုးနွယ်စုဆီသို့ ရောက်ရှိလာခဲ့ပြီး အသံကုန်ဟစ်အော်လိုက်လေသည်။
"ဘိုယီ ငါ့ရှေ့ကို မြန်မြန်ထွက်လာခဲ့"
ခဏအကြာတွင် ဘိုယီ၏ ကြီးမားသောဦးခေါင်းမှာ မြေကြီးထဲမှ ထွက်လာပြီး မေးလိုက်သည်။
"ငါ့ကို ဘာကိစ္စရှာတာလဲ"
"သန့်ရှင်းသော တမန်တော်ကော"
"သွားပြီ"
"သွားပြီ ဟုတ်လား မင်းကို ငါမယုံဘူး မင်းက သူ့ကို မင်းရဲ့မျိုးနွယ်စုထဲမှာ ဝှက်ထားဖို့ ကြံနေတာမဟုတ်လား ငါပြောထားမယ်နော် သူက ငါ့ဘက်က"
ဘိုယီက ခေါင်းခါရင်း ပြောဆိုလေသည်။
"မင်းပြောချင်သလို ပြောပါ ဒါပေမဲ့ သန့်ရှင်းသော တမန်တော်က တကယ်ပဲ သွားပြီ သူက လုပ်စရာ အရေးကြီးကိစ္စတွေ အများကြီး ရှိသေးတယ်လို့ ပြောသွားတယ်"
"ဒါဆို သူ မသွားခင် ဘာတွေပြောသွားသေးလဲ"
"ငါက လေးပါးသော သန့်ရှင်းသည့် နေရာ ကိုယ်စား သူ့ကို ကျေးဇူးတင်စကား ပြောလိုက်တော့ သူက နှုတ်ဆက်ပြီး ထွက်သွားတာပဲ"
"တခြား ဘာမှ မရှိတော့ဘူးလား"
"ဘာမှ မရှိတော့ဘူး"
"ဟူး"
ထောင်ဝူသည် ခေါင်းခါယမ်းလိုက်ပြီး အဝေးသို့ တစ်ချက်ကြည့်ကာ ထပ်ပြောလေသည်။
"မတွေ့တာ ကြာပြီပဲ ငါ့ကို အထဲမှာ တစ်ခုခု ကျွေးဦးမှပေါ့"
ဘိုယီသည် ထောင်ဝူမှာ စိတ်မလျှော့သေးကြောင်း သိသဖြင့် ဖိတ်ခေါ်လိုက်လေသည်။
"ဝင်ခဲ့လေ လတ်ဆတ်တဲ့ ဝိညာဉ်သစ်သီးတွေ ရှိတယ်"
ထောင်ဝူက သစ်တောအတွင်း ကျန်းပေရန်၏ အရှိန်အဝါ ရှိမရှိ လိုက်လံအာရုံခံနေချိန်တွင် ကျန်းပေရန်မှာမူ ပျံသန်းသော စံအိမ်ဖြင့် ယွမ်မြို့တော်သို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်လေသည်။
၎င်း၏ ယခုတစ်ကြိမ် ခရီးစဉ်ရည်ရွယ်ချက်မှာ အပြည့်အဝ အောင်မြင်သွားခဲ့ပြီ ဖြစ်ကာ ရှေးဟောင်းအပျက်အစီးနယ်မြေရှိ အဆင့်ကိုး မိစ္ဆာသားရဲအားလုံးသည် သူ့ကို ကျေးဇူးကြွေးတစ်ခု တင်သွားကြပြီ ဖြစ်လေသည်။ ဂူအဆိပ်မြူ ပြဿနာကို လုံးဝရှင်းလင်းပြီးသွားလျှင် ထိုကျေးဇူးကြွေးမှတစ်ဆင့် အံ့မခန်းသော တုံ့ပြန်မှုများ ရရှိမည်ဟု သူ ယုံကြည်နေလေသည်။
အစည်းအဝေးခန်းမဆောင်သို့ ရောက်သောအခါ ကျန်းပေရန်သည် ယန်ရှောင်ဘိုကို ရှာတွေ့ပြီး ယွမ်မြို့တော်ရှိ ကိစ္စအဝဝကို မေးမြန်းလိုက်ရာ ထူးခြားသော ကိစ္စများ မရှိကြောင်း သိလိုက်ရသဖြင့် နောက်ထပ် အစီအစဉ်ကို စတင်စဉ်းစားလိုက်လေသည်။
ယခုအခါ ယွမ်မြို့တော်ရှိ ကိစ္စအားလုံးမှာ လမ်းမှန်ပေါ်သို့ ရောက်နေပြီ ဖြစ်ကာ တိုင်းပြည်အသီးသီးမှ အနက်ရောင် သူတော်စင်များကိုလည်း ကုသပေးပြီးပြီ ဖြစ်လေသည်။ ထုံနိုင်ငံမှ အနက်ရောင် သူတော်စင်များကို ပြန်လည်အသက်သွင်းရန်နှင့် လန်ဝူချောက်ကမ်းပါးရှိ အလွန်ကြီးမားသော အစီအရင်ကြီးကို ဖော်ထုတ်ရန်မှာလည်း အစီအစဉ်အတိုင်း ဆက်လက်လုပ်ဆောင်နေကြပြီ ဖြစ်လေသည်။
'အင်း ပြန်လည် ထိုးစစ်ဆင်ဖို့ အစီအစဉ် စဆွဲလို့ ရပြီထင်တယ်'
ကျန်းပေရန် တိုက်ပွဲအစီအစဉ်ကို စတင်စဉ်းစားရန် ပြင်လိုက်ချိန်မှာပင် စနစ်၏ သတိပေးချက်မှာ ရုတ်တရက် ပေါ်ထွက်လာလေသည်။
{ရွေးချယ်စရာ တစ် ဂူအဆိပ် မျိုးနွယ်စုကို ချက်ချင်း ပြန်လည် ထိုးစစ်ဆင်ပါ ပြီးမြောက်ခြင်း ဆု ဝူလော့မေကျွယ် မြေကမ္ဘာအဆင့် အဆင့်မြင့်}
{ရွေးချယ်စရာ နှစ် လန်ဝူချောက်ကမ်းပါးရှိ အစီအရင်ကို အရင်ဆုံး ဖော်ထုတ်ပါ ပြီးမြောက်ခြင်း ဆု ကျပန်း အခြေခံ အရည်အချင်း အမှတ် +၁}
'ဟင်း ငါက ငါ့ကိုယ်ငါ တကယ်ပဲ ပြိုင်ဘက်ကင်း ဖြစ်သွားပြီလို့ ထင်နေတာ'
ဧကရာဇ် အဆိပ်ကောင်ကို ဖြေရှင်းပြီးကတည်းက စနစ်၏ ရွေးချယ်စရာများမှာ ပေါ်မလာတော့ဘဲ ယွမ်မြို့တော်ရှိ ထိပ်တန်းပုဂ္ဂိုလ်ကြီးများကြားတွင် ရှိနေချိန်မှာပင် ထိုအတိုင်းပင် ဖြစ်ခဲ့လေသည်။
၎င်းက ကျန်းပေရန်ကို ထင်ယောင်ထင်မှား ဖြစ်စေခဲ့လေသည်။ နဂါးနက်ကုန်းမြေတိုက်ကြီးပေါ်တွင် သူသည် အခြေခံအားဖြင့် ပြိုင်ဘက်ကင်း ဖြစ်သွားပြီ ဖြစ်ကာ ကောင်းကင်ဘုံကပင် သူ့ကို အပြစ်ပေးရန် လူရှာမတွေ့တော့ဟု တွေးမိခဲ့ခြင်း ဖြစ်လေသည်။
သို့သော် ယခုကြည့်ရသည်မှာ အန္တရာယ်က ရှိနေဆဲပင် ဖြစ်လေသည်။
'ဂူအဆိပ် မျိုးနွယ်စုကို ချက်ချင်း ပြန်လည်ထိုးစစ်ဆင်တာက အန္တရာယ် ရှိနေသေးတာလား'
ကျန်းပေရန် ခဏမျှ စဉ်းစားလိုက်ရာ ဂူအဆိပ်ကျင့်ကြံသူများသည် ယခုအခါ လမ်းဆုံးသို့ ရောက်နေပြီ ဖြစ်သော်လည်း အသေခံ တိုက်ခိုက်လာလျှင်မူ အတူတကွ သေဆုံးသွားနိုင်သည့် အခြေအနေ ရှိနေသေးကြောင်း သတိရလိုက်လေသည်။
သေချာတာပေါ့ ၎င်းက ရွေးချယ်စရာ တစ်ခုတည်းကို ကြည့်ပြီး ကျန်းပေရန် ခန့်မှန်းလိုက်သည့် အကြောင်းရင်း ဖြစ်သည် အကယ်၍ ရွေးချယ်စရာ နှစ်ကိုပါ ပေါင်းစပ်လိုက်လျှင်မူ...
'ကြည့်ရတာ လန်ဝူချောက်ကမ်းပါးရဲ့ အရေးပါမှုက ငါထင်ထားတာထက် ပိုမြင့်မားနေပုံပဲ'
ယခင်က လူသားသစ္စာဖောက် ယွမ်ရို့ ၏ ပါးစပ်မှ သတင်းအချက်အလက် နှစ်ခု ရရှိခဲ့လေသည်။ ပထမမှာ ရှီးဖုန်းရွာ ဖြစ်ပြီး ၎င်းမှာ အလွန်အရေးပါကြောင်း ပြောနေစရာ မလိုတော့ပေ။ ထိုဂူအဆိပ်မြူ ပြဿနာကို ဖြေရှင်းရန်အတွက် အဓိက အလှည့်အပြောင်း ဖြစ်ခဲ့လေသည်။ ဒုတိယမှာမူ လန်ဝူချောက်ကမ်းပါး ဖြစ်လေသည်။ ယွမ်ရို့ကို ထိုကိစ္စ လုပ်ဆောင်ရန် ခိုင်းစေခဲ့သည်ဆိုမှတော့ ၎င်း၏ အရေးပါမှုမှာ ရှီးဖုန်းရွာ ထက် မနိမ့်ကျနိုင်ပေ။
'ကြည့်ရတာ ဒီကိစ္စမှာ ငါလည်း အင်အား စိုက်ထုတ်ရဦးမှာပဲ'
ရွေးချယ်စရာ နှစ်ကို ရွေးချယ်လိုက်ပြီးနောက် ကျန်းပေရန်သည် နောက်ထပ် ဘာလုပ်ရမည်ကို မတွေးတော့ပေ။ ဘာလို့လဲဆိုတော့ စနစ်က လမ်းညွှန်ပေးပြီးသား ဖြစ်သောကြောင့် ဖြစ်လေသည်။
၎င်းမှာ လန်ဝူချောက်ကမ်းပါး ပင် ဖြစ်လေသည်။ ထိုအစီအရင်ကြီးကို သေချာ ခွဲခြမ်းစိတ်ဖြာနိုင်လျှင် နောက်ထပ် ဘာဆက်လုပ်ရမည်ကို သဘာဝကျကျ သိရှိလာမည် ဖြစ်လေသည်။
သို့ဖြစ်ရာ ကျန်းပေရန်သည် ပျံသန်းသော စံအိမ်ကို စီး၍ လန်ဝူချောက်ကမ်းပါးသို့ ထပ်မံ ထွက်ခွာခဲ့လေသည်။
တိကျသော ရည်မှန်းချက် ရှိနေကြောင့် ယွမ်မြို့တော် တစ်ခုလုံးမှာလည်း အလွန်မြန်ဆန်သော အရှိန်ဖြင့် စတင် လည်ပတ်နေလေသည်။
တတ်ကျွမ်းသည့် ပညာရှင်များက ပညာရပ်ပိုင်းကို လုပ်ဆောင်ကြပြီး တိုက်နိုင်ခိုက်နိုင်သူများက တိုက်ခိုက်ကြလေသည်။ တကယ့်ကို တိုးတက်ပြောင်းလဲနေသော မြင်ကွင်း ဖြစ်လေသည်။
တစ်ပတ်အကြာတွင် ကျန်းပေရန် ကိုယ်တိုင်ကြီးကြပ်နေသော အစီအရင်အဖွဲ့ထံမှ သတင်းကောင်း ရရှိလာခဲ့လေသည်။ သူတို့သည် လန်ဝူချောက်ကမ်းပါးကို ဗဟိုပြုထားသော အလွန်ကြီးမားသည့် အစီအရင်ကြီးမှာ မည်သို့သော နည်းစနစ် ဖြစ်ကြောင်းကို နောက်ဆုံးတွင် အဖြေထုတ်နိုင်ခဲ့ကြပြီ ဖြစ်လေသည်။
ယနေ့တွင် ကျန်းပေရန်၏ ဦးဆောင်မှုအောက်တွင် အဆင့်မြင့် အစီအရင်ပညာရှင်များသည် မိမိတို့ တာဝန်ယူထားသော နေရာအသီးသီးမှနေ၍ ထုံနိုင်ငံတွင် တွေ့ရှိထားသော ဂူအဆိပ်တွင်းများ၌ အသင့်ပြင်ထားကြလေသည်။
'မင်းနဲ့ သိလာတာ ဒီလောက်ကြာမှတော့ မင်းရဲ့ အစစ်အမှန် မျက်နှာဖုံးကို ငါ မြင်ခွင့်ရသင့်ပြီ'
ဆွေ့ပေ့တောင်ထိပ်တွင် ထိုင်ရင်း ကျန်းပေရန်သည် အသစ်စက်က် အိမ်မြှောင်တစ်ခုကို ထုတ်ယူလိုက်လေသည်။
နဂါးနက်ကုန်းမြေတိုက်ကြီးရှိ ထိပ်တန်းအစီအရင်ပညာရှင်များ စုဝေးနေသောကြောင့် ကျန်းပေရန်သည် ထိပ်တန်းမှော်ပစ္စည်း အမျိုးမျိုးကို မြင်တွေ့ခဲ့ရလေသည်။ ဥပမာ ၎င်း၏လက်ထဲရှိ လျိုဟဲအိမ်မြှောင် ကဲ့သို့သော ပစ္စည်းမျိုးပေါ့။
အပေါ်ယံကြည့်လျှင်မူ ၎င်းလျိုဟဲအိမ်မြှောင်သည် ကျန်းပေရန် ယခင်က စစ်ထူကျိထံမှ ငှားယူခဲ့သော အရပ်လေးမျက်နှာ စိတ်ကြည်လင် အိမ်မြှောင်လောက် မကောင်းလှပေ။
သို့သော် ၎င်းတွင် ကျန်းပေရန် တစ်ခါမျှ မမြင်ဖူးသော ထူးခြားချက်တစ်ခု ရှိသည် ၎င်းမှာ ပေါင်းစပ်မှု ပင် ဖြစ်လေသည်။ လျိုဟဲ သည် ရှစ်ပါးသော နတ်ဘုရားများထဲမှ တစ်ပါး ဖြစ်ပြီး ၎င်းကို လျိုဟဲအိမ်မြှောင် ဟု ခေါ်ဝေါ်ခြင်းမှာလည်း ၎င်းအပြင် အခြား ရှစ်ပါးသော နတ်ဘုရား အမည်များဖြင့် အိမ်မြှောင် ခုနစ်ခု ရှိနေသေးသောကြောင့် ဖြစ်လေသည်။
'အစုံလိုက်လား'
၎င်းက ကျန်းပေရန် ထိုအိမ်မြှောင် ရှစ်ခုကို တွေ့လိုက်ရစဉ်က ဦးနှောက်ထဲတွင် ပိုမိုပေါ်လာသည့် အတွေး ဖြစ်လေသည်။
လူတိုင်း သိကြသည့်အတိုင်း အစုံလိုက် ဝတ်ဆင်လျှင်မူ အပိုဆောင်း အာနိသင်များ ရှိတတ်သောကြောင့် အများစုမှာ တစ်ခုတည်း ဝတ်ဆင်ခြင်းထက် ပို၍ အစွမ်းထက်ကြလေသည်။ ထိုရှစ်ပါးနတ်ဘုရား အိမ်မြှောင်များ၏ အစုံလိုက်အာနိသင်မှာလည်း တကယ်ကို အစွမ်းထက်လှပေသည်။ ၎င်းတို့သည် အချင်းချင်း အာရုံခံနိုင်ရုံသာမက ပူးပေါင်းဆောင်ရွက်နိုင်ကြပြီး အလွန်ကြီးမားသော အစီအရင်များကို စူးစမ်းလေ့လာရာတွင် အလွန်သင့်တော်လှပေသည်။
ဘာလို့လဲဆိုတော့ အလွန်ကြီးမားသော အစီအရင်များ၏ နယ်ပယ်မှာ အလွန်ကျယ်ဝန်းလှသဖြင့် အိမ်မြှောင်တစ်ခုတည်းနှင့် စစ်ဆေးခြင်းမှာ မျက်မမြင်ပုဏ္ဏား ဆင်ကို စမ်းသကဲ့သို့ ဖြစ်နေပြီး အစီအရင်၏ အသွင်သဏ္ဍာန် အပြည့်အစုံကို ဖော်ထုတ်ရန်မှာ ဘယ်လိုမှ မဖြစ်နိုင်သောကြောင့် ဖြစ်လေသည်။
သို့သော် ရှစ်ပါးနတ်ဘုရား အိမ်မြှောင်များသည်မူ အချင်းချင်း အာရုံခံကာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အလွန်ကြီးမားသော အစီအရင်ကြီးတစ်ခုလုံး၏ တည်ဆောက်ပုံကို တိုင်းတာနိုင်လေသည်။
သို့သော် ထိုအစုံလိုက်အာနိသင် ဆိုသည်မှာ ကြားရသည်မှာ အလွန်အစွမ်းထက်လှသော်လည်း အသုံးပြုရာတွင်မူ အတော်လေး အလုပ်ရှုပ်လှပေသည်။ ပထမဆုံးအနေဖြင့် အစီအရင်ပညာရှင်သည် ရှစ်ပါးနတ်ဘုရား အိမ်မြှောင်များကို အသုံးပြုရန် အသင့်တော်ဆုံးသော နေရာ ရှစ်ခုကို မိမိဘာသာ ရှာဖွေရမည် ဖြစ်လေသည်။ တိုင်းပြည်တစ်ခုလုံးကို လွှမ်းခြုံထားသော အလွန်ကြီးမားသည့် အစီအရင်များအတွက်မူ ထိုအစီအရင် အမှတ် ရှစ်ခုကို ရှာဖွေရန်မှာ အလွန်ပင် ခက်ခဲလှပေသည်။
သို့သော် အဆင့်မြင့် အစီအရင်ပညာရှင် အများအပြား၏ ဝိုင်းဝန်းကြိုးပမ်းမှုကြောင့် သူတို့သည် နောက်ဆုံးတွင် ထိုအမှတ် ရှစ်ခုကို အောင်မြင်စွာ ရှာဖွေနိုင်ခဲ့ကြပြီ ဖြစ်ကာ ယခုအချိန်တွင် ကျန်းပေရန်သည် ထိုအမှတ် ရှစ်ခုမှတစ်ဆင့် ၎င်းအစီအရင်ကြီး၏ အစစ်အမှန် မျက်နှာစာကို မြင်တွေ့ရတော့မည် ဖြစ်လေသည်။
ခါးမှ စိတ်ချင်းဆက်သွယ်သော တိုကင်ကို ထုတ်ယူ၍ ပါးစပ်နားတွင် ထားကာ ကျန်းပေရန်က ပြောဆိုလေသည်။
"စီနီယာတို့ အားလုံး အဆင်သင့် ဖြစ်ပြီဆိုရင် ကျွန်တော့်ကို အကြောင်းပြန်ပေးကြပါ"
အခြားသော အမှတ် ခုနစ်ခုတွင် ထိုင်နေကြသော အစီအရင်ပညာရှင်များသည် ကြားသောအခါ အသီးသီးအကြောင်းပြန်ကြပြီး အဆင်သင့်ဖြစ်နေကြောင်း ပြောဆိုကြလေသည်။
"ကောင်းပြီ ဒါဆိုရင် စလိုက်ကြရအောင်"
ကျန်းပေရန်က ပြောပြီးနောက် အိမ်မြှောင်ကို ကိုင်ကာ အတိကျဆုံးသော အမှတ်ကို စတင်ရှာဖွေလိုက်လေသည်။
'ငါ ထင်ထားသလောက်တော့ မလွယ်ကူဘူးပဲ'
လျိုဟဲအိမ်မြှောင်၏ အလယ်ဗဟိုတွင် အလွန်မြန်သော အရှိန်ဖြင့် လည်ပတ်နေသော လက်တံကို ကြည့်ရင်း ကျန်းပေရန်က စိတ်ထဲမှ တွေးလိုက်လေသည်။
သို့သော် ခဏလေးအတွင်းမှာပင် လက်တံလည်ပတ်သည့် အရှိန်မှာ သိသိသာသာ နှေးကွေးသွားသည်ကို ကျန်းပေရန် ခံစားလိုက်ရပြီး ပို၍ ပို၍ နှေးလာလေသည်။
"အောင်မြင်သွားပြီ"
အိမ်မြှောင်၏ လက်တံမှာ နောက်ဆုံးတွင် အနောက်မြောက်ဘက်သို့ ညွှန်ပြသွားသည်ကို ကြည့်ရင်း ကျန်းပေရန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်လေသည်။
သူ ပထမဆုံးအကြိမ် ထိုအလွန်ကြီးမားသော အစီအရင်ကြီးကို စတင်တိုင်းတာခဲ့စဉ်ကတည်းက အိမ်မြှောင်သည် ၎င်း၏အာနိသင်ကို လုံးဝ ဆုံးရှုံးသွားခဲ့ရလေသည်။ ဘယ်နေရာတွင် ရပ်နေပါစေ အိမ်မြှောင်၏ အလယ်မှ လက်တံသည် ရူးသွပ်စွာ လည်ပတ်နေပြီး ရပ်တန့်မည့် အမူအရာ လုံးဝမရှိခဲ့ပေ။ ယခုမူ အိမ်မြှောင် ရှစ်ခု၏ ပူးပေါင်းဆောင်ရွက်မှုအောက်တွင် ထိုအလွန်ကြီးမားသော အစီအရင်ကြီး၏ နက်နဲသော လျှို့ဝှက်ချက်မှာ နောက်ဆုံးတွင် ပေါ်ထွက်လာတော့မည် ဖြစ်လေသည်။
"လိဝမ်ကျွမ်း အရပ် နွား"
"ရှီရှင်းထော် အရပ် နဂါး"
"ကျိုးဆွေ့ရွာ အရပ် ကြက်"
...
စိတ်ချင်းဆက်သွယ်သော တိုကင်မှတစ်ဆင့် နေရာအသီးသီးရှိ အစီအရင်ပညာရှင်များ၏ အသံများ ဆက်တိုက်ထွက်ပေါ်လာနေပြီး သူတို့၏လက်ထဲရှိ ရှစ်ပါးနတ်ဘုရား အိမ်မြှောင်များမှာလည်း အောင်မြင်စွာ တည်နေရာသတ်မှတ်နိုင်ခဲ့ကြောင်း ထင်ရှားလှပေသည်။
အလယ်ဗဟိုတွင် ထိုင်နေသော ကျန်းပေရန်သည် လေတစ်ချက် ပြင်းပြင်းရှူလိုက်ပြီး သူ၏ဦးနှောက်ထဲတွင် ထုံနိုင်ငံ တစ်ခုလုံး၏ မြေပုံကို ပုံဖော်လိုက်လေသည်။ တစ်ချိန်တည်းမှာပင် အစီအရင်ပညာရှင် အသီးသီးမှ တင်ပြလာသော သတင်းအချက်အလက်များကို မြေပုံပေါ်တွင် တစ်ခုချင်းစီ နေရာချလိုက်လေသည်။
'ခုနှစ်ရက် တစ်ပတ် နည်းစနစ်အရ ဒါက အထက်ပိုင်းအဆောင်ခေါင်းဆောင် ဖြစ်ရမယ် ယခုက ကင်ဝူ နေ့ ဆိုတော့ ကင်ဝူ ကနေ ရှေ့ကို ပြန်ရှာမယ်...'
'ကျားကျိ ၊ ယီချိုး ၊ ပင်းယင် ၊ တိန်မောင့်...'
ကျန်းပေရန်က စိတ်ထဲမှ ရွတ်ဆိုနေစဉ်မှာပင် သူ၏ဦးနှောက်ထဲတွင် ပုံဖော်ထားသော ထုံနိုင်ငံ၏ မြေပုံမှာလည်း လိုက်ပါ ပြောင်းလဲလာလေသည်။ မြေပုံပေါ်တွင် မျဉ်းကြောင်းများ အမှတ်များ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာပြီး တဖြည်းဖြည်းချင်း တစ်နေရာတည်းသို့ စုစည်းလာကြတော့လေသည်။
ထို့နောက် ကျန်းပေရန်က ခိုင်းစရာပင် မလိုဘဲ အခြားနေရာခုနစ်ခုမှ အစီအရင်ပညာရှင်များသည် မိမိတို့ ခွဲခြမ်းစိတ်ဖြာရမည့် သတင်းအချက်အလက်များကို စတင် ခွဲခြမ်းစိတ်ဖြာကြလေသည်။
"နွေဦး၏အစ နဂါးသင်္ချိုင်း ကောင်းကင်ယံ ဒါက ဒုတိယလအစ ဖြစ်ရမယ်"
"ကင်ဝူ ယီစီ ဆန်စီဟိုင်း က အလယ်ပိုင်း ဖြစ်ရမယ်"
"ရန်တွန်း ရွှမ်းယန် ကူယွီ"
"ကိုးခုသော အစီအရင်အဖွဲ့များက ဝူ ၊ ကျီ ၊ ကင် ၊ ရှင်း ၊ ရင် ၊ ကွေ့ ၊ တိန် ၊ ပင်း ၊ ယီ ဖြစ်ရမယ်"
"ကင်ချန် အချိန် မြေပြင်မှာ ကင် က ဒုတိယနန်းဆောင်မှာ ကျရောက်နေတယ် တန်ဖိုးရှိတဲ့ အဆောင်က"
...
ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်ရသည်မှာ တကယ်ကို စိတ်ချမ်းသာစရာ ကောင်းလှပေသည်။ ဘာလို့လဲဆိုတော့ ထိုလုပ်ဆောင်ချက်တွင် အခြားသော အတတ်ပညာများ လုံးဝမပါဝင်ဘဲ အစီအရင် သက်သက်သာ ဖြစ်သောကြောင့် ထိုအစီအရင်ပညာရှင်များသည် သူတို့၏ အဆင့်ကိုး အစီအရင်ပညာရှင် အရည်အချင်းကို အပြည့်အဝ ထုတ်ပြနိုင်ကြသောကြောင့် ဖြစ်လေသည်။
သဲလွန်စတစ်ခုလေးမျှနှင့်တင် သူတို့အတွက် အရာများစွာကို ခွဲခြမ်းစိတ်ဖြာနိုင်ရန် လုံလောက်လှပေသည်။
ကျန်းပေရန်မှာမူ ဦးဆောင်သူ အဖြစ် ထိုအဆင့်ကိုး အစီအရင်ပညာရှင်များ တင်ပြလာသော သတင်းအချက်အလက်အားလုံးကို သူ၏ဦးနှောက်ထဲရှိ မြေပုံပေါ်တွင် လျင်မြန်စွာ ပုံဖော်လိုက်လေသည်။
"ကျားယင်ကွေ့ ၊ ကန့် ရှစ်ခုသော နန်းဆောင်များ ထျန်ရန်ကြယ် က တန်ဖိုးရှိတဲ့ အဆောင်ဖြစ်ပြီး အသက်တံခါး က တန်ဖိုးရှိတဲ့ အစေခံ ဖြစ်မယ် ဆယ်ရက်တာရဲ့ အစက"
အဆင့်ကိုး အစီအရင်ပညာရှင်တစ်ဦးက သူ စစ်ဆေးတွေ့ရှိသမျှကို တင်ပြနေစဉ်မှာပင် ကျန်းပေရန်က ရုတ်တရက် ကြားဖြတ် ပြောဆိုလိုက်လေသည်။
"ဆယ်ရက်တာရဲ့အစ ရန်တွန်း နည်းလမ်းအတိုင်း ရှေ့ကို သွားမယ် စီ အချိန်မှာ အသက်တံခါး က ဒုတိယနန်းဆောင်မှာ ရှိနေမယ်"
"ဟဲဟဲဟဲ"
စကားအဖြတ်ခံလိုက်ရသော အဆင့်ကိုး အစီအရင်ပညာရှင်သည် အနည်းငယ်မျှ စိတ်မဆိုးသည့်အပြင် ရယ်မောရင်း ပြန်ပြောလေသည်။
"ကြည့်ရတာ ဆရာကျန်းက အစီအရင် ဖွဲ့စည်းပုံကို အပြီးသတ်နိုင်သွားပြီ ထင်တယ်"
"စီနီယာကြီး အများအပြားရဲ့ ကူညီမှု ရှိနေမှတော့ ကျွန်တော်ကသာ အစီအရင် ဖွဲ့စည်းပုံကို ရှာမတွေ့ဘူးဆိုရင် လူရယ်စရာ ဖြစ်သွားမှာပေါ့"
ကျန်းပေရန်လည်း ရယ်မောရင်း ထပ်ပြောလေသည်။
"စီနီယာတို့ အားလုံး ပြန်လာခဲ့ကြပါ အစီအရင်ကို ဖော်ထုတ်လို့ ရပါပြီ"
"ကောင်းပြီ"
ကျန်ရှိသော အဆင့်ကိုး အစီအရင်ပညာရှင် ခုနစ်ဦးမှာ တပြိုင်နက်တည်း ပြန်လည်ဖြေကြားလိုက်ကြပြီး လန်ဝူချောက်ကမ်းပါး ဆီသို့ စတင်ထွက်ခွာလာကြလေသည်။
အစီအရင်ပညာရှင် အားလုံး လန်ဝူချောက်ကမ်းပါးသို့ စုဝေးမိသောအခါ ကျန်းပေရန်သည် ယာယီတည်ဆောက်ထားသော အစည်းအဝေးခန်းမဆောင်တွင် သူ ရေးဆွဲထားသော အစီအရင် မြေပုံကို ဖြန့်လိုက်ပြီး မေးမြန်းလေသည်။
"စီနီယာတို့ ထိုအစီအရင်အပေါ် ဘယ်လို ထင်မြင်ချက် ရှိကြလဲ"
စားပွဲပေါ်ရှိ အစီအရင် မြေပုံကို ကြည့်ရင်း အစီအရင်ပညာရှင် အားလုံးသည် ပထမဆုံးအနေဖြင့် ဆရာကျန်း၏ ပုံဆွဲပညာ တကယ်တော်ကြောင်း ချီးကျူးလိုက်ကြပြီးနောက် အလေးအနက် စတင် အကဲခတ်ကြလေသည်။
"ဟူး"
"ဟင်း"
"ထူးဆန်းလိုက်တာ"
...
အချိန်များ ကုန်လွန်သွားသည်နှင့်အမျှ အစီအရင် မြေပုံကို ကြည့်နေသော အစီအရင်ပညာရှင်များ၏ မျက်နှာထားမှာ တဖြည်းဖြည်း တည်ကြည်လေးနက်လာပြီး ပါးစပ်မှလည်း တီးတိုး ရွတ်ဆိုနေကြလေသည်။
တကယ်တော့ သူတို့တင်မဟုတ်ဘဲ ကျန်းပေရန် ကိုယ်တိုင်လည်း ထိုအလွန်ကြီးမားသော အစီအရင်ကြီးမှာ အလွန်ထူးဆန်းနေသည်ဟု ခံစားနေရလေသည်။
ယေဘုယျအားဖြင့် အလွန်ကြီးမားသော အစီအရင်များသည် ကျယ်ပြန့်သော နယ်ပယ်တစ်ခုအတွင်း အာနိသင် ရှိစေရန် တည်ဆောက်ကြခြင်း ဖြစ်လေသည်။ ဥပမာ နိုင်ငံကာကွယ်ရေး အစီအရင်ကြီးများသည် အချိန်မရွေး အာနိသင် ပြသနေပြီး စူးစမ်းလေ့လာခြင်း ဖြစ်စေ ဝိညာဉ်စွမ်းအင် ခွဲဝေခြင်း ဖြစ်စေ တစ်နိုင်ငံလုံး အဆင့်အတန်းနှင့် လုပ်ဆောင်ခြင်း ဖြစ်လေသည်။ ၎င်းမှာ ကာကွယ်ရေး အစီအရင် သက်သက်သာ မဟုတ်ပေ။
သို့သော် ယခု မျက်စိရှေ့မှ အလွန်ကြီးမားသော အစီအရင်ကြီးမှာမူ... စကားတစ်ခွန်းတည်းနှင့် ဖော်ပြရမည်ဆိုလျှင် အတိုင်းအတာ သေးငယ်လွန်းလှပေသည်။
အခြားသော အလွန်ကြီးမားသည့် အစီအရင်များသည် အဖက်ဖက်မှ အသုံးဝင်လှပြီး မင်း စိတ်ကူးကြည့်နိုင်သော အာနိသင်များစွာ ပါဝင်ကာ နိုင်ငံ၏ ခေါင်းဆောင်အတွက် အားအင်များစွာ သက်သာစေလေသည်။ သို့သော် ယခု မျက်စိရှေ့မှ အလွန်ကြီးမားသော အစီအရင်ကြီး၏ အာနိသင်မှာမူ အလွန်ပင် တစ်ခုတည်း ဖြစ်နေပြီး တစ်စုံတစ်ခုအတွက် သီးသန့်တည်ဆောက်ထားသကဲ့သို့ပင် ဖြစ်နေလေသည်။
'ဒါက ဘာဖြစ်နိုင်မလဲ'
စဉ်းစားနေရင်းဖြင့် ကျန်းပေရန်က ထိုအချက်ကို ထုတ်ဖော်ပြောဆိုလိုက်ရာ အစီအရင်ပညာရှင် အားလုံး ရုတ်တရက် ဆူညံသွားကြတော့လေသည်။
"ငါပြောပြမယ် ဒီဂူအဆိပ်ကျင့်ကြံသူတွေက ကောင်းကင်ဘုံက ပေးတဲ့ လက်ဆောင်တွေကို ဖြုန်းတီးပစ်တာပဲ ကောင်းမွန်တဲ့ အစီအရင်ကြီးကို ဒီလောက် အသုံးမကျအောင် တည်ဆောက်ထားရတယ်လို့"
"ဟုတ်တယ် ကောင်းမွန်တဲ့ အလွန်ကြီးမားတဲ့ အစီအရင်ကြီးက ဘာအပိုဆောင်းအာနိသင်မှ မရှိဘူးဆိုတာ တကယ်ကို ထူးဆန်းတဲ့ ကိစ္စပဲ"
"မဟုတ်ဘူး ငါကတော့ ထိုအစီအရင်ကနေ အလွန်အန္တရာယ်ရှိတဲ့ အငွေ့အသက်တွေ ထွက်နေတယ်လို့ ခံစားရတယ် သူ့ရဲ့ ဖွဲ့စည်းပုံက အရမ်းကို ယုတ်မာလွန်းတယ် ဒီဘက်ကို ကြည့်ကြပါဦး ငယ်သော တန်ဖိုးရှိသည့် အဆောင်က ကြီးသော တန်ဖိုးရှိသည့် အဆောင်နောက်ကို အမြဲတမ်းလိုက်ရမယ် ဆိုတဲ့ မူဝါဒကို သိသိသာသာ ချိုးဖောက်ထားတယ် ဒါက လုံးဝ ပုံမှန်မဟုတ်ဘူး"
...
အစီအရင်ပညာရှင်များ၏ ပြင်းထန်သော ဆွေးနွေးမှုများကြားတွင် ကျန်းပေရန်က ရုတ်တရက် စားပွဲကို ရိုက်လိုက်ပြီး ပြောဆိုလေသည်။
"ဘာပဲဖြစ်ဖြစ် အရင်ဆုံး ဒါကို ဖော်ထုတ်ဖို့ ကြိုးစားကြည့်ကြတာပေါ့"