အခန်း (၃၆၅)
Vol. 37 Ch. 365
အခန်း။ ၃၆၅
လီမြစ်စခန်းမြို့တော်၊ စစ်သေနာပတိချုပ်ရုံးခန်း။
ဒေါက်... ဒေါက်... ဒေါက်...
"ဝင်ခဲ့ပါ"
အလုပ်များနေသော စခန်းမြို့တော်၏ စစ်သေနာပတိချုပ်သည် လက်ထဲမှ ကလောင်တံကို ချလိုက်ပြီး မော့ကြည့်လိုက်သည်။
ကျွီ...
ရုံးခန်းတံခါး ပွင့်သွားပြီး အရာရှိတစ်ဦး အပြေးအလွှား ဝင်ရောက်လာခဲ့သည်။
"စစ်သေနာပတိချုပ်"
ထိုအရာရှိသည် စစ်သေနာပတိချုပ်နှင့် မလှမ်းမကမ်းသို့ လျှောက်လှမ်းလာပြီး ရိုသေစွာ အလေးပြုလိုက်သည်။
"အခြေအနေ ဘယ်လိုလဲ နဂါးပျံတပ်ဖွဲ့ဆီက သတင်းတစ်စုံတစ်ရာ ရပြီလား"
စစ်သေနာပတိချုပ်သည် မျက်မှောင်အနည်းငယ်ကြုတ်ကာ အရာရှိကို ကြည့်၍ မေးမြန်းလိုက်သည်။
"အစီရင်ခံပါတယ် စစ်သေနာပတိချုပ် ကျွန်တော်တို့ ဆက်သွယ်ရေးဌာနအနေနဲ့ အခုအချိန်အထိ နဂါးပျံတပ်ဖွဲ့ဆီက ဘာသတင်းမှ လက်ခံမရရှိသေးပါဘူး ခင်ဗျာ..."
ထိုစကားကို ကြားသောအခါ အရာရှိသည် လေးနက်သော မျက်နှာထားဖြင့် ခေါင်းခါပြကာ ပြန်လည်ဖြေကြားခဲ့သည်။
"အခုထိ သတင်းမရသေးဘူးလား... ဘာတွေများ ဖြစ်ကုန်တာလဲ..."
စစ်သေနာပတိချုပ်၏ မျက်မှောင်ကြုတ်မှုမှာ ပိုမိုနက်ရှိုင်းသွားပြီး ရင်ထဲ၌ မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရသည်။
မတော်တဆမှုတစ်ခုခု ကြုံတွေ့ခဲ့ရတာများလား။
ရက်အတော်ကြာခဲ့ပြီဖြစ်ရာ နဂါးပျံတပ်ဖွဲ့အနေဖြင့် ဇွန်ဘီဘုရင်ကို ရှာဖွေတွေ့ရှိပြီး သုတ်သင်နိုင်သည်ဖြစ်စေ၊ မသုတ်သင်နိုင်သည်ဖြစ်စေ သတင်းတစ်ခုခုတော့ ပြန်ပို့သင့်ပြီဖြစ်သည်။
သို့သော် ယခုအချိန်အထိ စခန်းမြို့တော်တွင် နဂါးပျံတပ်ဖွဲ့ဆီမှ မည်သည့်သတင်းစကားမျှ မရရှိခြင်းမှာ အဖွဲ့တစ်ခုလုံး ပျောက်ကွယ်သွားသကဲ့သို့ပင်။ ဤသို့သောအခြေအနေမျိုးက သူ့ကို မတွေးဝံ့စရာများ တွေးမိစေရန် တွန်းအားပေးနေတော့သည်။
"နားလည်ပြီ အခြေအနေကို ဆက်လက်စောင့်ကြည့်ပါ။ နဂါးပျံတပ်ဖွဲ့ဆီက သတင်းရတာနဲ့ ချက်ချင်း အစီရင်ခံပါ။ ကောင်းပြီ... မင်း သွားလို့ရပြီ"
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် စခန်းမြို့တော်၏ စစ်သေနာပတိချုပ်သည် ဘေးရှိအရာရှိကို ခေါင်းညိတ်ပြကာ ညွှန်ကြားလိုက်သည်။
"ဟုတ်ကဲ့ပါ"
အရာရှိသည် အလေးပြုပြီးနောက် လှည့်ထွက်သွားကာ ရုံးခန်းတံခါးကို တစ်ပါတည်း ပိတ်သွားခဲ့သည်။
"ဟူး... ဒီအတိုင်းတော့ မဖြစ်သေးဘူး။ နဂါးပျံတပ်ဖွဲ့ဝင်တွေ အသက်ရှင်တာ သေတာထက် အခြေအနေကို ရှင်းရှင်းလင်းလင်း သိအောင်လုပ်ရမယ်။ မဟုတ်ရင် မြို့တော်က မေးမြန်းလာတဲ့အခါ ငါတို့ လီမြစ်စခန်းမြို့တော်အနေနဲ့ ပြန်ပြောစရာ အဖြေရှိမှာမဟုတ်ဘူး"
စစ်သေနာပတိချုပ်သည် ထိုင်ခုံပေါ်တွင် မှီချလိုက်ပြီး သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။ သူသည် အတွေးများစွာဖြင့် ခေါင်းကို မတတ်သာသလို ခါယမ်းနေမိတော့သည်။
ထို့နောက် စစ်သေနာပတိချုပ်သည် စခန်းမြို့တော်ရှိ ဆင့်ကဲပြောင်းလဲသူအဖွဲ့မှ အဖွဲ့ငယ်လေးဖွဲ့ကို ချက်ချင်း စုစည်းစေပြီး နဂါးပျံတပ်ဖွဲ့၏ ခြေရာလက်ရာများကို ရှာဖွေရန် ရဟတ်ယာဉ်များဖြင့် စေလွှတ်လိုက်တော့သည်။
သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ သဋတို့ကို ရှာတွေ့ရမည်ပင်။
ဝီဝီ... ဝီဝီ...
မကြာမီမှာပင် ရဟတ်ယာဉ် သုံးစင်းပါဝင်သော လေကြောင်းအဖွဲ့ငယ်တစ်ခုသည် စခန်းမြို့တော်မှ ပျံတက်သွားပြီး လီမြစ်တစ်ဝိုက်ရှိ တောရိုင်းမြေပြင်များဆီသို့ ဦးတည်ပျံသန်းသွားကြသည်။
နာရီအနည်းငယ်အကြာတွင် ရဟတ်ယာဉ်အဖွဲ့တစ်ဖွဲ့သည် သတ်မှတ်ထားသော လမ်းကြောင်းအတိုင်း ရဟတ်ယာဉ် သုံးစင်း တန်းစီလျက် ပျံသန်းနေသည်။ မြေပြင်မှ မီတာ ရာဂဏန်းခန့်သာ မြင့်သော အမြင့်၌ ပျံသန်းနေခြင်းဖြစ်သဖြင့် အောက်ခြေရှိ အရာဝတ္ထုများကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။
ရဟတ်ယာဉ်အတွင်းရှိ ဆင့်ကဲပြောင်းလဲသူအဖွဲ့သည် ပြတင်းပေါက်များမှတစ်ဆင့် အောက်ခြေကို အကဲခတ်ရင်း နဂါးပျံတပ်ဖွဲ့၏ အရိပ်အယောင်ကို ရှာဖွေနေကြသည်။
ရှေ့ဆုံးမှ ရဟတ်ယာဉ်မောင်းသည် ထိန်းချုပ်မောင်းတံကို ဆုပ်ကိုင်ထားရင်း မြေပြင်အနေအထား ပြောင်းလဲမှုများကို အာရုံစိုက်နေသည်။ ရုတ်တရက် သူ၏ သူငယ်အိမ်များ ကျုံ့သွားပြီး မျက်နှာတစ်ခုလုံး သိသိသာသာ ပြောင်းလဲသွားတော့သည်။
"အဲဒါ ဘာကြီးလဲ"
ရဟတ်ယာဉ်အောက်ခြေရှိ ရှည်လျားသော အမျိုးသားအဝေးပြေးလမ်းမကြီး၏ အဆုံးတွင် မည်းမှောင်နေသော အစုအဝေးကြီးတစ်ခုမှာ ရေလှိုင်းတစ်ခုကဲ့သို့ ဖြည်းညင်းစွာ တိုးဝင်လာနေသည်ကို မြင်လိုက်ရသည်။
၎င်းမှာ ဝေးကွာလှသော မိုးကုပ်စက်ဝိုင်းမှ တက်လာသည့် အမှောင်တိမ်တိုက်ကြီးတစ်ခုအလား ကောင်းကင်ယံကိုပင် မှေးမှိန်သွားစေတော့သည်။
"ဇွန်ဘီတွေပဲ"
ရဟတ်ယာဉ်မောင်းသည် ထိုမည်းမှောင်နေသော အရာကြီးမှာ အဘယ်အရာဖြစ်သည်ကို ရှင်းလင်းစွာ မြင်လိုက်ရချိန်တွင် တစ်ကိုယ်လုံး တုန်ရင်သွားပြီး မျက်လုံးများ ပြူးကျယ်လျက် ရင်ထဲ၌ ထိတ်လန့်ကြောက်ရွံ့မှုများ လွှမ်းမိုးသွားတော့သည်။
ဇွန်ဘီရေလှိုင်း…အဲဒါ ဇွန်ဘီရေလှိုင်းကြီးပဲ။
"ဇွန်ဘီတွေ ရှေ့မှာ ဇွန်ဘီတွေ အုပ်လိုက်ကြီးပဲ အဲဒါ ဇွန်ဘီရေလှိုင်းကြီးပဲဟေ့"
နောက်တစ်ခဏတွင် ရဟတ်ယာဉ်မောင်းသည် လှည့်ကြည့်ကာ နောက်ကွယ်ရှိ ဆင့်ကဲပြောင်းလဲသူအဖွဲ့ကို အော်ဟစ်အသိပေးလိုက်သည်။
တစ်ချိန်တည်းမှာပင် အရာအားလုံးကို ဝါးမြိုပစ်နိုင်စွမ်းရှိသော ထိုမည်းမှောင်လှသည့် ဇွန်ဘီရေလှိုင်းကြီး၏ ဗဟိုချက်တွင် လုချွမ်း၏ ထိန်းချုပ်မှုအောက်၌ ယာဉ်တန်းတစ်ခုသည် ရှေ့သို့ ချီတက်နေသည်။
ရှေ့ခန်းတွင် ထိုင်နေသော လုချွမ်းသည် မြေပုံကို လေ့လာရင်း လီမြစ်စခန်းမြို့တော်နှင့် သူတို့၏ လက်ရှိအကွာအဝေးကို နှိုင်းယှဉ်ကြည့်ကာ ပါးစပ်အနားသတ်များမှာ အပေါ်သို့ အနည်းငယ် ကွေးတက်သွားခဲ့သည်။
နောက်ထပ် နာရီဝက်ခန့် ကြာလျှင် သူတို့သည် လီမြစ်စခန်းမြို့တော်သို့ ရောက်ရှိတော့မည် ဖြစ်သည်။ သူတို့၏ ပတ်ဝန်းကျင်တွင် ဝန်းရံထားသော ဤဆူညံလှသည့် ဇွန်ဘီရေလှိုင်းကြီးမှာ လုချွမ်းက လီမြစ်စခန်းမြို့တော်သို့ ပေးပို့မည့် လက်ဆောင်မွန်ပင်။
လုချွမ်းအနေဖြင့် လီမြစ်မြို့ ဧရိယာတစ်ဝိုက်မှ ဇွန်ဘီများကို တမင်တကာ မစုဆောင်းခဲ့သော်လည်း လမ်းတစ်လျှောက်ရှိ မြို့ငယ်လေးများနှင့် ကျေးရွာများမှပင် ဇွန်ဘီရုပ်သေးသောင်းနှင့်ချီ၍ စုဆောင်းနိုင်ခဲ့သည်။
ဤမျှများပြားလှသော ဇွန်ဘီရုပ်သေး အရေအတွက်မှာ တစ်ချက်ကြည့်လိုက်ရုံဖြင့် အဆုံးမရှိသော ဇွန်ဘီပင်လယ်ကြီးအလား အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလှသည်။
ထို့အပြင် လုချွမ်း၏ ထိန်းချုပ်မှုအောက်ရှိ ဤဇွန်ဘီများသည် အမိန့်ကို မြေဝယ်မကျ နာခံကြပြီး လီမြစ်စခန်းမြို့တော်အတွင်းသို့ မကြောက်မရွံ့ တိုးဝင်တိုက်ခိုက်ကြတော့မည် ဖြစ်ရာ သူတို့အတွက် ခက်ခဲသော အချိန်များကို ဖန်တီးပေးရန် သေချာသလောက်ပင်။
"ဟင်း... မင်းတို့ လူသားတွေက ငါနေထိုင်တဲ့နေရာကို ဖျက်ဆီးပြီး ငါ့ကို အကြိမ်ကြိမ် လာရောက်တိုက်ခိုက်ရတာကို ဒီလောက်တောင် နှစ်သက်နေမှတော့ ဒီနေ့တော့ မင်းတို့ရဲ့ အိမ်ဂေဟာ ဖျက်ဆီးခံရတဲ့ အရသာကို မြည်းစမ်းကြည့်စေရမယ်"
လုချွမ်းသည် စိတ်ထဲမှ ကောက်ကျစ်စွာ ပြုံးလိုက်ပြီး လီမြစ်စခန်းမြို့တော်နှင့် ထိပ်တိုက်ရင်ဆိုင်ရမည့် အချိန်ကို စိတ်လှုပ်ရှားစွာ စောင့်မျှော်နေတော့သည်။
"ဖေဖေ... ရောက်ဖို့ ဘယ်လောက်တောင် လိုသေးလဲဟင်"
နောက်ခန်းတွင် ထိုင်ကာ ချောကလက် ကွတ်ကီးများကို စားနေသော ကျိရုရွှယ်က လုချွမ်းကို ကြည့်၍ မေးမြန်းလိုက်သည်။
သူတို့သည် လမ်းခရီးတွင် အမြဲတမ်း ရွေ့လျားနေကြသဖြင့် လုချွမ်းသည် ချီချီလေးအတွက် အစားအစာ ချက်ပြုတ်မပေးနိုင်ခဲ့ဘဲ ဗိုက်ဆာပြေစေရန် ကွတ်ကီးအချို့ကိုသာ ကျွေးထားခဲ့ခြင်းပင်။
"ချီချီလေး... ခဏနေရင် နောက်ထပ် နာရီဝက်လောက်ဆိုရင် ဖေဖေတို့တွေ အဲဒီကို ရောက်တော့မယ်"
လုချွမ်းက ပြုံးလျက် ပြန်ဖြေပြီးနောက် ခေါင်းကိုလှည့်ကာ ချီချီလေး၏ ဦးခေါင်းကို အသာအယာ ပွတ်သပ်ပေးရင်း စက္ကူပေါ်တွင် စာရေးလိုက်သည်။ စက္ကူပေါ်ရှိ စာသားများကို မြင်လိုက်ရသောအခါ ကျိရုရွှယ် နားလည်သွားခဲ့သည်။
"လူသားစခန်းမြို့တော်ကို ရောက်ဖို့ နာရီဝက်ပဲ လိုတော့တာပေါ့"
သူမအနေဖြင့် ဖေဖေ အန္တရာယ်ကြုံလာပါက ကူညီနိုင်ရန်အတွက် သူမ၏ အခြေအနေကို အကောင်းဆုံးဖြစ်အောင် ပြန်လည်ပြင်ဆင်ထားရန် လိုအပ်သည်။
လုချွမ်း၏ ထိန်းချုပ်မှုအောက်ရှိ ယာဉ်တန်းနှင့် ဇွန်ဘီရေလှိုင်းကြီးမှာ ရှေ့သို့ ဆက်လက်ချီတက်နေပြီး ရဟတ်ယာဉ်အဖွဲ့၏ မြင်ကွင်းထဲတွင် ပိုမိုထင်ရှားလာခဲ့သည်။ ရဟတ်ယာဉ်မောင်း၏ သတိပေးချက်ကြောင့် ရဟတ်ယာဉ်အတွင်းရှိ ဆင့်ကဲပြောင်းလဲသူများအားလုံး ထိတ်လန့်တုန်လှုပ်စွာဖြင့် လှမ်းကြည့်လိုက်ကြသည်။
မည်းမှောင်နေသော ဇွန်ဘီရေလှိုင်းကြီးနှင့် ၎င်း၏ အလယ်ဗဟိုရှိ ယာဉ်တန်းကို မြင်လိုက်ရသောအခါ အားလုံး၏ မျက်နှာတွင် ကြောက်ရွံ့ထိတ်လန့်မှုများ အထင်အရှား ပေါ်လာပြီး ရင်ထဲတွင်လည်း လေးလံထိုင်းမှိုင်းသွားကြတော့သည်။
"ဇွန်ဘီဘုရင် အဲဒါ ဇွန်ဘီဘုရင်ပဲ မြန်မြန်... နောက်ဆုတ်ကြ ဇွန်ဘီဘုရင်က ဇွန်ဘီရေလှိုင်းကို နှိုးဆွလိုက်ပြီ။ အဲဒါ ငါတို့ရဲ့ စခန်းမြို့တော်ကို တိုက်ခိုက်တော့မှာ သေချာတယ်။ စခန်းမြို့တော်ကို အမြန်ဆုံး သတင်းပို့ရမယ်"
ဆင့်ကဲပြောင်းလဲသူအဖွဲ့၏ ခေါင်းဆောင်သည် နောက်ဆုံးတွင် သတိပြန်ဝင်လာပြီး အော်ဟစ်လိုက်တော့သည်။ ထိုအခါမှသာ အားလုံးမှာ ထိတ်လန့်မှုများမှ နိုးထလာကြပြီး ရဟတ်ယာဉ် သုံးစင်းစလုံး၏ မောင်းနှင်သူများမှာလည်း သူတို့၏ ရဟတ်ယာဉ်များကို အသည်းအသန် ထိန်းချုပ်ကာ မောင်းနှင်ကြတော့သည်။
စက္ကန့်အနည်းငယ်အတွင်းမှာပင် ရဟတ်ယာဉ်အဖွဲ့မှာ လမ်းကြောင်းပြောင်းလဲကာ စခန်းမြို့တော်ဆီသို့ အရှိန်အဟုန်ဖြင့် ပြန်လည်ပျံသန်းသွားကြပြီး ဇွန်ဘီရေလှိုင်းကြီးကို နောက်ကွယ်တွင် ချန်ရစ်ထားခဲ့တော့သည်။
လီမြစ်စခန်းမြို့တော်….
တောက်... တောက်... တောက်...
အလျင်စလို ပြေးလွှားလာသော ခြေသံများနှင့်အတူ အရာရှိတစ်ဦးသည် ထိတ်လန့်တကြားဖြင့် ရုံးခန်းအတွင်းသို့ ပြေးဝင်လာခဲ့သည်။
"စစ်သေနာပတိချုပ် မကောင်းတော့ဘူး ခင်ဗျာ... ဇွန်ဘီဘုရင်က စခန်းမြို့တော်ဆီကို ဦးတည်လာနေပြီ"
ထိုအရာရှိ၏ လေသံမှာ အလွန်ပင် ကစဉ့်ကလျားဖြစ်နေပြီး မျက်နှာတစ်ခုလုံးတွင်လည်း ထိတ်လန့်မှုများ လွှမ်းမိုးနေသည်။
"ဘာ"
အရာရှိ၏ မဆင်မခြင် ပြုမူမှုကြောင့် စစ်သေနာပတိချုပ်မှာ မျက်မှောင်ကြုတ်သွားသော်လည်း သတင်းစကားကို ကြားလိုက်ရချိန်တွင်မူ သူ၏ မျက်နှာမှာ သိသိသာသာ ပျက်ယွင်းသွားပြီး ထိုင်ခုံမှ ဝုန်းခနဲ ထရပ်လိုက်တော့သည်။
ဇွန်ဘီဘုရင်က လီမြစ်စခန်းမြို့တော်ဆီကို ဘယ်လိုလုပ်ပြီး လာနိုင်မှာလဲ။
"ဟူး... စစ်သေနာပတိချုပ် စောစောက စေလွှတ်လိုက်တဲ့ ဆင့်ကဲပြောင်းလဲသူအဖွဲ့ဆီက သတင်းကတော့ အတည်ပြုလို့ရတဲ့ သတင်းပါပဲ ခင်ဗျာ"
အရာရှိမှာ အမောတကော ဖြစ်နေသော်လည်း စစ်သေနာပတိချုပ်၏ မယုံကြည်နိုင်သော အမူအရာကို မြင်သောအခါ အခြေအနေကို အမြန်ဆုံး ဆက်လက်ရှင်းပြလိုက်တော့သည်။