← Chapters

အခန်း (၃၆၆)

Vol. 37 Ch. 366

အခန်း (၃၆၆)

Vol. 37 Ch. 366

အခန်း။ ၃၆၆

"တကယ်တမ်း ဘာတွေဖြစ်နေတာလဲ အသေးစိတ်ပြောစမ်း... အခု ဇွန်ဘီဘုရင်က ဘယ်နားမှာလဲ"

အခြေအနေကို ခဏမျှ အကဲခတ်ပြီးနောက် စခန်းမြို့တော် စစ်သေနာပတိချုပ်သည် နောက်ဆုံးတွင် အတန်ငယ် တည်ငြိမ်သွားသည်။ သူ၏ မျက်နှာမှာ တင်းမာခက်ထန်နေသော်လည်း ရင်ထဲတွင်မူ စိုးရိမ်ပူပန်မှုများ အတိုင်းထက်အလွန် ရှိနေသည်။ သို့သော် သူသည် တည်ငြိမ်သော လေသံဖြင့်သာ မေးမြန်းရန် ကြိုးစားလိုက်သည်။

အရာရှိမှာလည်း စစ်သေနာပတိချုပ်၏ တည်ငြိမ်မှုကြောင့် သူ၏ ထိတ်လန့်မှုများ အနည်းငယ် လျော့ပါးသွားပုံပင်။

သူက ခေါင်းညိတ်ပြပြီး "ဟုတ်ကဲ့ပါခင်ဗျာ ဆင့်ကဲပြောင်းလဲသူအဖွဲ့ဆီက ရတဲ့ အချက်အလက်တွေအရ ဇွန်ဘီဘုရင်က လီမြစ်စခန်းမြို့တော်ဆီကို ဦးတည်ချီတက်နေပါတယ်"

"ယာဉ်တန်းနဲ့ ဇွန်ဘီရေလှိုင်းတို့ရဲ့ ချီတက်နှုန်းကို တွက်ချက်ကြည့်ရင် နောက်ထပ် နာရီဝက်လောက်အတွင်းမှာ စခန်းမြို့တော်ကို ရောက်ရှိလာတော့မှာပါ"

"ဘာ ဇွန်ဘီရေလှိုင်း ဟုတ်လား ဇွန်ဘီဘုရင်က ဇွန်ဘီရေလှိုင်းကြီးကို နှိုးဆွလိုက်ပြီပေါ့"

ဇွန်ဘီရေလှိုင်းအကြောင်း ကြားလိုက်ရချိန်တွင် စစ်သေနာပတိချုပ်သည် ဆက်လက်တည်ငြိမ်မနေနိုင်တော့ဘဲ အံ့ဩတုန်လှုပ်စွာဖြင့် အရာရှိကို မျက်လုံးပြူးကြည့်လိုက်မိသည်။

တောက်... ဘယ်လိုဖြစ်ပြီး ဒီအခြေအနေအထိ ရောက်သွားတာလဲ။

ဇွန်ဘီဘုရင်က ဇွန်ဘီရေလှိုင်းကြီးတစ်ခုကို စတင်လိုက်ပြီဆိုလျှင် သူတို့၏ လီမြစ်စခန်းမြို့တော်သည် အခြားစခန်းမြို့တော်များထက် လက်နက်အင်အား ပိုမိုတောင့်တင်းသော်လည်း ခုခံရန်မှာ အလွန်ခက်ခဲပေလိမ့်မည်။

သူတို့၏ လီမြစ်စခန်းမြို့တော်မှာ ဇွန်ဘီဘုရင်ကို ခုခံနိုင်စွမ်းရှိသော မြို့တော်နှင့် လုံးဝ နှိုင်းယှဉ်၍မရပေ။ မြို့တော်က ခုခံနိုင်ခြင်းက လီမြစ်စခန်းမြို့တော်က တောင့်ခံနိုင်လိမ့်မည်ဟု ဆိုလိုခြင်းမဟုတ်ပေ။

တစ်ချိန်တည်းမှာပင် စစ်သေနာပတိချုပ်သည် နဂါးပျံတပ်ဖွဲ့ထံမှ အဘယ်ကြောင့် သတင်းမရရှိရတာလဲဆိုသည်ကို အပြည့်အဝ နားလည်သွားခဲ့သည်။

နဂါးပျံတပ်ဖွဲ့မှာ ဇွန်ဘီဘုရင်၏ လက်ချက်ဖြင့် ကျရှုံးသွားခဲ့ပြီဖြစ်ကာ အဖွဲ့တစ်ခုလုံး အမြစ်ပြတ်ချေမှုန်းခံလိုက်ရခြင်း ဖြစ်ပေလိမ့်မည်။

နဂါးပျံတပ်ဖွဲ့၏ လုပ်ရပ်ကြောင့် ဇွန်ဘီဘုရင်မှာ အကြီးအကျယ် ဒေါသထွက်သွားခဲ့ပြီး ထိုရန်သူသည် လက်စားချေရန်အတွက် လီမြစ်စခန်းမြို့တော်ကို ပစ်မှတ်အဖြစ် ရွေးချယ်လိုက်ခြင်းမှာ ထင်ရှားလှသည်။

ထိုခဏတွင် စစ်သေနာပတိချုပ်သည် နဂါးပျံတပ်ဖွဲ့ဝင်များကိုသာ လှိမ့်၍ ဆဲဆိုချင်စိတ်များ ပေါက်သွားတော့သည်။

နဂါးပျံတပ်ဖွဲ့သည် အလွန်အစွမ်းထက်သည်ဟု သူကနဦးက ထင်မြင်ခဲ့သော်လည်း ယခုအခါတွင်မူ သူတို့မှာ မည်သည့်နေရာသို့ ရောက်ရှိသွားမှန်းမသိရဘဲ လီမြစ်စခန်းမြို့တော်ဆီသို့သာ အန္တရာယ်ဆိုးကြီးကို ဆွဲခေါ်လာခဲ့ကြသည်။

"မှန်ပါတယ် အတိုင်းအတာအရ ကြည့်မယ်ဆိုရင် ဒါဟာ ဇွန်ဘီရေလှိုင်း အငယ်စားတစ်ခုလို့ သတ်မှတ်လို့ရပါတယ်။ ခန့်မှန်းခြေအားဖြင့် ဇွန်ဘီ အရေအတွက် သုံးသောင်းကနေ လေးသောင်းကြား ရှိနိုင်ပါတယ် ခင်ဗျာ"

အရာရှိက လေးနက်သော မျက်နှာထားဖြင့် ခေါင်းညိတ်ကာ ပြန်လည်ဖြေကြားခဲ့သည်။

"ဟူး... တော်သေးတာပေါ့"

ထိုစကားကို ကြားလိုက်ရချိန်တွင် စစ်သေနာပတိချုပ်မှာ အတန်ငယ် စိတ်သက်သာရာရသွားပြီး သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။

ကံကောင်းထောက်မစွာဖြင့် ၎င်းမှာ အကြီးစား ဇွန်ဘီရေလှိုင်းကြီး မဟုတ်ပေ။ မဟုတ်လျှင်မူ လီမြစ်စခန်းမြို့တော်အနေဖြင့် မြို့ကိုစွန့်ခွာပြီး တိမ်းရှောင်ရုံမှတစ်ပါး အခြားရွေးချယ်စရာ ရှိမည်မဟုတ်ပေ။

သို့သော်လည်း ဇွန်ဘီရေလှိုင်းအငယ်စားဆိုသည်မှာလည်း နောက်ပြောင်နေရမည့်အရာ မဟုတ်ပေ။ အနည်းငယ်မျှ ပေါ့ဆမိရုံဖြင့် လီမြစ်စခန်းမြို့တော်က ပျက်စီးခြင်းနှင့် ရင်ဆိုင်ရနိုင်ခြေ ရှိနေဆဲပင်။

စစ်သေနာပတိချုပ်သည် အရာရှိကို တည်ကြည်သော အမူအရာဖြင့် ကြည့်ကာ အမိန့်

ပေးလိုက်သည်။

"မြန်မြန် စခန်းမြို့တော်တစ်ခုလုံးကို ချက်ချင်း သတိပေးချက်ထုတ်ပြန်လိုက်။ မြို့ကို အရေးပေါ် အခြေအနေအဖြစ် သတ်မှတ်လိုက်စမ်း"

"ဟုတ်ကဲ့ပါခင်ဗျာ"

အရာရှိ၏ ရင်ထဲ၌ ထိတ်လန့်သွားပြီး အလေးပြုကာ အပြင်သို့ အပြေးအလွှား ထွက်သွားတော့သည်။

ဝူး... ဝူး... ဝူး...

ခဏအကြာတွင် စူးရှသော အချက်ပေးသံကြီးမှာ စခန်းမြို့တော်တစ်ခုလုံး ပဲ့တင်ထပ်သွားတော့သည်။ စခန်းအတွင်းရှိ အသက်ရှင်ကျန်ရစ်သူများသည် ထိုအသံကို ကြားလိုက်ရချိန်တွင် မျက်နှာများ ဖြူလျော်သွားကြပြီး ထိတ်လန့်တကြားဖြင့် နေအိမ်များသို့ အလုအယက် ပြန်သွားကြတော့သည်။

ကင်းလှည့်အဖွဲ့များက လမ်းမများကို စတင်ပိတ်ဆို့ကာ စစ်အုပ်ချုပ်ရေးကို ကျင့်သုံးကြသည်။ ရှုပ်ထွေးနေသောအခြေအနေကို အခွင့်ကောင်းယူရန် ကြိုးပမ်းသူများကို နှိမ်နင်းပြီး အသက်ရှင်ကျန်ရစ်သူ အားလုံးကို အိမ်ပြန်ပို့လိုက်ကြသည်။

တစ်ချိန်တည်းမှာပင် မြို့တွင်းပိုင်းရှိ အစည်းအဝေးခန်းမ၌ စစ်သေနာပတိချုပ်သည် စခန်းမြို့တော်ရှိ အဆင့်မြင့်အရာရှိကြီးများနှင့် အရေးပေါ် အစည်းအဝေး တစ်ခုကို ခေါ်ယူကျင်းပနေတော့သည်။

"တောက်... ဒါဟာ နဂါးပျံတပ်ဖွဲ့ရဲ့ အလုပ်လုပ်ပုံလား။ မြို့တော်က သူတို့တွေ ဇွန်ဘီဘုရင်ကို သတ်ပစ်လိုက်ပြီလို့ အကြိမ်ကြိမ် အခိုင်အမာ ပြောခဲ့တာ မဟုတ်လား ဒါဆို ဘာဖြစ်လို့ လီမြစ်မြို့မှာ ကျမှ ဒီလိုမျိုး ကျရှုံးရတာလဲ"

"ဟူး... ဇွန်ဘီဘုရင်ကို အနိုင်မတိုက်နိုင်တာက တစ်ပိုင်းပေါ့၊ အဆိုးဆုံးကတော့ သူတို့က ဇွန်ဘီဘုရင်ကို ဒေါသထွက်အောင် လုပ်ခဲ့ပြီး လီမြစ်စခန်းမြို့တော်ကိုတော့ ဇွန်ဘီဘုရင်ရဲ့ အမျက်ဒေါသကို ခံစားရအောင် ပစ်ထားခဲ့တာပဲ"

"ဇွန်ဘီ အရေအတွက် သုံးသောင်းကနေ လေးသောင်းကြားမှာ ဆင့်ကဲပြောင်းလဲထားတဲ့ ဇွန်ဘီတွေလည်း အများကြီး ပါလာဦးမှာ။ ပိုဆိုးတာက ဇွန်ဘီဘုရင်က အဆင့် ၅ ဇွန်ဘီတွေကိုပါ ထိန်းချုပ်ထားနိုင်တာပဲ။ ငါတို့တွေ သူတို့ကို ဘယ်လိုများ တိုက်နိုင်မှာလဲ"

"မဟုတ်ဘူး... ဒါက ဇွန်ဘီရေလှိုင်းပဲ ငါတို့ စခန်းမြို့တော်မှာ အဲဒါကို တားဆီးဖို့ ဘာလက်နက်ရှိလို့လဲ ဒါမျိုးဖြစ်လာမှန်း ကြိုသိခဲ့ရင် ဇွန်ဘီဘုရင်ကို ထိပ်တိုက်ရင်ဆိုင်ဖို့ ကြိုးစားမှာ မဟုတ်ဘူး။ သူ ဒီမြို့ကနေ ထွက်သွားတုန်းက ဒီအတိုင်း လွှတ်ပေးလိုက်ရမှာ..."

"..."

စခန်းမြို့တော် စစ်သေနာပတိချုပ်၏ ရှင်းပြချက်ကို ကြားပြီးနောက် အဆင့်မြင့်အရာရှိကြီးများကြားတွင် ဆွေးနွေးငြင်းခုံသံများ ဆူညံသွားတော့သည်။

သူတို့၏ မျက်နှာများမှာ အလွန်ပင် ပျက်ယွင်းနေကြပြီး နဂါးပျံတပ်ဖွဲ့အပေါ် မကျေနပ်ချက်များကိုလည်း အသီးသီး ထုတ်ဖော်ပြောဆိုနေကြသည်။

ဘာပဲဖြစ်ဖြစ် နဂါးပျံတပ်ဖွဲ့မှာ မြို့တော်မှ လာခြင်းဖြစ်သဖြင့် ဇွန်ဘီဘုရင်ကို သတ်နိုင်ခဲ့လျှင်လည်း နဂါးပျံတပ်ဖွဲ့သာ နာမည်ရမည်ဖြစ်ပြီး လီမြစ်စခန်းမြို့တော်အတွက် ဂုဏ်ပြုခံရမည် မဟုတ်ပေ။

သို့သော်လည်း သူတို့သည် နဂါးပျံတပ်ဖွဲ့ကို လိုက်လျောညီထွေစွာ ဆက်ဆံခဲ့ကြသည်။ အကြောင်းမှာ ဇွန်ဘီဘုရင်ကိုသာ အမြစ်ပြတ်သုတ်သင်နိုင်ခဲ့ပါက နောင်တစ်ချိန်တွင် ဇွန်ဘီဘုရင်၏ ပြန်လည်တိုက်ခိုက်မှုကို စိုးရိမ်စရာ မလိုတော့သောကြောင့်ပင်။

ယခုမူ ဇွန်ဘီဘုရင်ကို မသတ်နိုင်ခဲ့သည်မှာ တစ်ပိုင်း၊ လီမြစ်စခန်းမြို့တော်ဆီသို့ ဘေးဒုက္ခများ ဆွဲခေါ်လာခဲ့သည်မှာ နောက်တစ်ပိုင်း ဖြစ်နေသည်။

နဂါးပျံတပ်ဖွဲ့အနေဖြင့် တမင်ရည်ရွယ်ခြင်း မဟုတ်စေကာမူ လက်တွေ့ဖြစ်ပျက်နေသောအခြေအနေအရ စခန်းမြို့တော် အရာရှိများအနေဖြင့် နဂါးပျံတပ်ဖွဲ့မှလွဲ၍ အခြားသူကို အပြစ်တင်စရာ မရှိပေ။

ဒုန်း…

"တော်စမ်း အားလုံး ငြိမ်ငြိမ်နေကြ"

စစ်သေနာပတိချုပ်သည် မျက်နှာထားကို တင်းမာထားလျက် စားပွဲကို အရှိန်ဖြင့် ရိုက်ချကာ ဟိန်းဟောက်လိုက်တော့သည်။

ချက်ချင်းဆိုသလိုပင် အစည်းအဝေးခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

"အခု ဇွန်ဘီဘုရင်က ဇွန်ဘီရေလှိုင်းကို ခေါ်လာနေပြီဖြစ်တဲ့အတွက် ဒီလို အကျိုးမရှိတဲ့ကိစ္စတွေကို ဆွေးနွေးနေလို့ ဘာမှထူးလာမှာမဟုတ်ဘူး။ ငါတို့ရဲ့ အရေးကြီးဆုံးတာဝန်က ဇွန်ဘီဘုရင်ကို ဟန့်တားဖို့နဲ့ စခန်းမြို့တော်ကို ကာကွယ်စောင့်ရှောက်ဖို့ပဲ"

စခန်းမြို့တော် စစ်သေနာပတိချုပ်သည် အခန်းထဲရှိ လူများကို လေးနက်သောမျက်နှာထားဖြင့် တစ်ဦးချင်းစီ ဝေ့ကြည့်ကာ ပြတ်သားစွာ ပြောဆိုလိုက်သည်။

သူ၏စကားအဆုံးတွင် စစ်သေနာပတိချုပ်သည် ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် အမိန့်ပေးလိုက်သည်။

"အခုချက်ချင်း စခန်းရဲ့ ပင်မတပ်ဖွဲ့တွေအားလုံးနဲ့ ဆင့်ကဲပြောင်းလဲသူအဖွဲ့ အားလုံး အပြည့်အဝ စစ်ပြင်ကြ။ ဘယ်လိုပေးဆပ်မှုမျိုးပဲရှိရှိ ဘယ်လောက်ပဲ ကုန်ကျစရိတ်များများ ဇွန်ဘီဘုရင် ငါတို့မြို့နားကို ချဉ်းကပ်မလာနိုင်အောင် အစွမ်းကုန် ဟန့်တားကြစမ်း"

"ဟုတ်ကဲ့ပါခင်ဗျာ"

အဆင့်မြင့်အရာရှိအားလုံး မတ်တပ်ရပ်ကာ အသံကျယ်ကျယ်ဖြင့် ပြန်လည်ထူးလိုက်ကြသည်။

ထို့နောက် အစည်းအဝေးကို ရုပ်သိမ်းလိုက်ပြီး အရာရှိများသည် စခန်းမြို့တော်၏ လက်နက်ကိုင်တပ်ဖွဲ့များကို အမြန်ဆုံး စုစည်းရန်အတွက် အသီးသီး အလျင်အမြန် ထွက်ခွာသွားကြတော့သည်။

ဂျိမ်း... ဂျိမ်း...

သံချပ်ကာယာဉ်များ၊ တင့်ကားများနှင့် အခြားသော လေးလံသည့် စစ်လက်နက်ပစ္စည်းများသည် စစ်အခြေစိုက်စခန်းအတွင်းမှ ဖြည်းညင်းစွာ ထွက်လာကြပြီး စခန်းမြို့တော်၏ ပင်မလမ်းမကြီးများကို နဂါးစိမ်းကြီးတစ်ကောင်ကဲ့သို့ အစီအရီ ပြည့်နှက်သွားစေတော့သည်။

လမ်းဘေးဝဲယာရှိ အိမ်များအတွင်းမှ အသက်ရှင်ကျန်ရစ်သူ အများအပြားမှာ တံခါးအက်ကြောင်းများနှင့် ပြတင်းပေါက်များမှတစ်ဆင့် အပြင်ဘက်ကို စိုးရိမ်တကြီး ကြည့်ရှုနေကြပြီး မည်သူမျှ အသံပင် မထွက်ရဲကြပေ။

တစ်ချိန်တည်းမှာပင် စစ်သည်အုပ်စုများသည် သူတို့၏ အရာရှိများ၏ အမိန့်ပေးမှုအောက်တွင် စစ်အခြေစိုက်စခန်းရှိ ကွင်းပြင်များ၌ လျင်မြန်စွာ စုဝေးကာ စစ်ကြောင်းအမျိုးမျိုးကို ဖွဲ့စည်းလိုက်ကြသည်။

မကြာမီမှာပင် စစ်သည်များသည် စစ်သုံးထရပ်ကားများပေါ်သို့ စတင်တက်ရောက်ကြပြီး စစ်စခန်းအတွင်းမှ အရှိန်အဟုန်ဖြင့် မောင်းနှင်ထွက်ခွာလာကြသည်။

အနီးအနားရှိ လေယာဉ်ကွင်းအသေးစားလေးတွင်မူ ခဲယမ်းမီးကျောက်များ တပ်ဆင်ထားသော တိုက်ခိုက်ရေးရဟတ်ယာဉ်များ စတင်နိုးကြားလာပြီး ပန်ကာများမှာ အရှိန်အဟုန်ဖြင့် လည်ပတ်လျက် စူးရှသော အသံများကို ထွက်ပေါ်စေတော့သည်။

အနီးတွင် ရပ်နေသော ဆင့်ကဲပြောင်းလဲသူအဖွဲ့များသည်လည်း သူတို့၏ စစ်ဝတ်စုံနှင့် ကိရိယာတန်ဆာပလာ အစုံအလင်ကို ဝတ်ဆင်ကာ ရဟတ်ယာဉ်များပေါ်သို့ အပြေးအလွှား တက်ရောက်လိုက်ကြသည်။

မကြာမီမှာပင် စစ်သေနာပတိချုပ်၏ အမိန့်နှင့်အတူ တပ်ဖွဲ့များ စတင်ချီတက်ကြတော့သည်။

ဝုန်း... ဝုန်း...

စခန်းမြို့တော်တစ်ခုလုံး အနည်းငယ် တုန်ခါနေပြီး မြေဟိန်းသံများ အဆက်မပြတ် ထွက်ပေါ်နေသည်။

စခန်းမြို့တော်အတွင်း နေရာယူထားသော စစ်ယာဉ်တန်းမှာ စတင်ရွေ့လျားပြီး မြို့ပြင်သို့ ဦးတည်၍ ထွက်ခွာလာသည်။ သံချပ်ကာယာဉ်များ၊ တင့်ကားများနှင့် ကိုယ်ပိုင်တွန်းအားသုံး အမြောက်များမှာ မြို့တံခါးများကို တိတ်ဆိတ်စွာ ဖြတ်သန်းသွားကြပြီး သူတို့နောက်တွင် စစ်သည်များ တင်ဆောင်ထားသော စစ်ကားများမှာ အဆုံးမရှိသော ယာဉ်တန်းကြီးအသွင် လိုက်ပါလာကြတော့သည်။

တစ်ချိန်တည်းမှာပင် ရဟတ်ယာဉ်များသည် လျင်မြန်စွာ ပျံတက်သွားပြီး မြို့ရိုးများနှင့် ယာဉ်တန်းများ၏ အထက်မှနေ၍ ရှေ့ဘက်သို့ ပျံသန်းသွားကြသည်။ သူတို့သည် ရှေ့တန်းမှ အခြေအနေများကို ကင်းထောက်ရန် တာဝန်ပေးအပ်ခြင်း ခံထားရသည်။

All Chapters