အခန်း (၃၆၁)
Vol. 37 Ch. 361
အခန်း။ ၃၆၁
ဆင့်ကဲပြောင်းလဲထားသော ဇွန်ဘီများနှင့် အသည်းအသန် တိုက်ခိုက်နေခဲ့ကြသည့် ထိုနှစ်ဦးမှာ ယခုအခါ မြေပြင်ပေါ်တွင် အေးစက်တောင့်တင်းနေသော အလောင်းနှစ်လောင်းအဖြစ်သာ ကျန်ရှိတော့သည်။
၎င်းမှာ စိတ်စွမ်းအင်အပ်ဖြင့် တစ်ချက်တည်း အသေသတ်လိုက်ခြင်းဖြစ်ပြီး သူတို့နှစ်ဦးစလုံး၏ နဖူးတည့်တည့်တွင် သွေးစက်ကလေးတစ်ခုစီသာ ဒဏ်ရာအဖြစ် ကျန်ရစ်ခဲ့သည်။ သူတို့သည် အံ့အားသင့်ထိတ်လန့်နေသော မျက်ဝန်းများ အပြူးသားဖြင့် သေဆုံးသွားခဲ့ကြရသည်။
"ကျန်းလီ၊ ချန်ရှင်းယွီ အား... တောက် ယုတ်မာတဲ့ ဇွန်ဘီဘုရင်... ငါ မင်းကို သတ်မယ်"
လီဟန်သည် ဒေါသကြောင့် မျက်လုံးများ ပြူးထွက်မတတ် ဖြစ်နေပြီး ရူးသွပ်မတတ် ခံစားချက်တို့က သူ့ကို လွှမ်းမိုးထားသည်။ သူသည် သူ၏လမ်းကို ပိတ်ဆို့ထားသော ဇွန်ဘီများကို တစ်ကြိမ်ပြီးတစ်ကြိမ် အဆက်မပြတ် တိုက်ခိုက်နေတော့သည်။
ရုပ်ဖျက်စွမ်းရည်ရှိသော ကျောက်ဘင်စတေးခံလိုက်ရပြီးနောက် ယခုလည်း သူ၏ မျက်စိရှေ့မှောက်တွင်ပင် အသင်းဖော်နှစ်ဦးမှာ ဘာမှမတတ်နိုင်ဘဲ အသတ်ခံလိုက်ရသည်ကို မြင်တွေ့လိုက်ရရာ လီဟန်အနေဖြင့် ဘယ်လိုလုပ် ဒေါသမဖြစ်ဘဲ နေနိုင်မှာလဲ။
ထိုအချိန်တွင် နဂါးပျံတပ်ဖွဲ့၏ အသက်ရှင်ကျန်ရစ်သူ အဖွဲ့ဝင် သုံးဦးမှာလည်း ဇွန်ဘီများကို ရင်ဆိုင်နေရသည်။ ဆူညံသံကြောင့် လှည့်ကြည့်လိုက်သောအခါ မြေပြင်ပေါ်ရှိ အလောင်းနှစ်လောင်းကို မြင်တွေ့လိုက်ရသဖြင့် အားလုံး၏ မျက်နှာတွင် ကြောက်ရွံ့မှုများ အရိပ်ထင်သွားတော့သည်။
သူတို့၏ ရဲဘော်ရဲဘက်များ သေဆုံးသွားပုံမှာ အလွန်ပင် ထူးဆန်းလွန်းလှသဖြင့် သူတို့ မကြောက်ဘဲ မနေနိုင်တော့ပေ။ ရန်သူသည် အသင်းဖော်နှစ်ဦးကို အလွယ်တကူ သတနိုင်သည်ဆိုပါက သူတို့ကိုလည်း သတ်နိုင်သည်မှာ အသေအချာပင်။
ထိတ်လန့်မှုမှ ပြန်လည်သက်သာလာသော လုချွမ်း၏ မျက်နှာအမူအရာမှာ အလွန်ပင် တည်ကြည်လေးနက်နေပြီး သူ၏ အကြည့်များမှာ လူသတ်လိုစိတ်များဖြင့် ပြည့်နှက်လျက် လီဟန်နှင့် အခြားသူများကို စိုက်ကြည့်နေတော့သည်။
ဤကောင်များသည် ရုပ်ဖျက်စွမ်းရည်ကို အသုံးပြု၍ ဆင့်ကဲပြောင်းလဲထားသော ဇွန်ဘီအဖြစ် အသွင်ပြောင်းကာ သူ့ကို ချုံခိုတိုက်ခိုက်ရဲကြသည်။
အကယ်၍ ချီချီလေးသာ ကြားဖြတ်မကူညီခဲ့ပါက သူသည် သေချာပေါက် ထိမှန်သွားခဲ့ပြီ ဖြစ်သည်။ ထိုအနီရောင် အလင်းတန်း၏ စွမ်းအားနှင့်ဆိုပါက သူ၏ အဆင့် ၅ ခန္ဓာကိုယ်တည်ဆောက်ပုံနှင့်ပင် အနည်းဆုံး ပြင်းထန်သော ဒဏ်ရာကို ရရှိနိုင်သည်။
နောက်တစ်ခဏတွင် စိတ်အာရုံ၏ စေခိုင်းမှုနှင့်အတူ ခဏတာ အာရုံလွတ်သွားမှုကြောင့် ဗီဇအတိုင်းသာ တိုက်ခိုက်နေသော ဇွန်ဘီရုပ်သေးများမှာ တစ်ဖန် ပြန်လည်နိုးကြားလာပြီး လီဟန်နှင့် အခြားသူများကို အင်အားအပြည့်ဖြင့် စတင်တိုက်ခိုက်ကြတော့သည်။
ဝူး...
လမ်းမပေါ်တွင် အားဖန်းသည် ပြင်းထန်သော အရှိန်အဟုန်ဖြင့် သံတုတ်ကြီးကို လွှဲယမ်းကာ လီဟန်နှင့် အခြားသူများကို ဟိန်းဟောက်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် ဝိညာဉ်အလင်းတန်းများ ဝင်းလက်လာတော့သည်။ အားကောင်းလှသော ဝိညာဉ်အလင်းတန်းများ လွှမ်းခြုံထားသည့် သူ၏ ညာဘက်ခြေထောက်ဖြင့် ရှေ့သို့ အရှိန်အဟုန်ဖြင့် ကန်သွင်းလိုက်တော့သည်။
ဂျိမ်း...
ချက်ချင်းဆိုသလိုပင် ထူထပ်လှသော အနက်ရောင် စွမ်းအင်ကွင်းပတ်ကြီးမှာ ပင်လယ်ပြင်မှ လှိုင်းလုံးကြီးတစ်ခုကဲ့သို့ အရပ်မျက်နှာအနှံ့သို့ လျင်မြန်စွာ ရိုက်ခတ်သွားတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် လမ်းမတစ်ခုလုံး တုန်ခါသွားခဲ့သည်။ တိုက်ပွဲကြောင့် ပျက်စီးယိုယွင်းနေပြီဖြစ်သော ပတ်ဝန်းကျင်ရှိ အဆောက်အဦးများသည် နောက်ဆုံးတွင် ခံနိုင်ရည်မရှိတော့ဘဲ တစ်ခုပြီးတစ်ခု ပြိုကျပျက်စီးကုန်တော့သည်။
တစ်မြို့လုံးမှာ ဤအချိန်၌ ငလျင်အပြင်းအထန် လှုပ်ခတ်သွားသကဲ့သို့ပင်။ အားဖန်းကို ဗဟိုပြု၍ ပတ်ဝန်းကျင် ပေရာဂဏန်းအတွင်းရှိ အဆောက်အဦးများမှာ ဤစွမ်းအင်ရိုက်ခတ်မှုလှိုင်းကြောင့် မြေလှန်သကဲ့သို့ ပြိုလဲသွားကြရသည်။
အဆောက်အဦးများ ပြိုကျသံမှာ အဆက်မပြတ် ထွက်ပေါ်နေပြီး ဖုန်မှုန့်လုံးကြီးများမှာလည်း ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။
ဘေးပတ်ဝန်းကျင်ရှိ အဆောက်အဦးများပင် ဤမျှ ပြင်းထန်စွာ ထိခိုက်ခဲ့လျှင် တိုက်ရိုက်
ပစ်မှတ်ထားခြင်း ခံရသော လီဟန်နှင့် သူ၏ အပေါင်းအဖော် သုံးဦးမှာမူ ပို၍ပင် ဆိုးရွားသော ဒဏ်ကို ခံကြရသည်။
သူတို့ခြေထောက်အောက်ရှိ မြေပြင်မှာ အဆက်မပြတ် တုန်ခါအက်ကွဲနေသဖြင့် လီဟန်နှင့် အခြားသူများမှာ အခြေခိုင်အောင် မရပ်နိုင်ကြတော့ပေ။ သူတို့က ဆင့်ကဲပြောင်းလဲထားသော ဇွန်ဘီရုပ်သေးများကို ပြန်လည်တိုက်ခိုက်သော်လည်း အရှိန်အဟုန်မှာ လွဲချော်ကုန်တော့သည်။
ခဏအတွင်းမှာပင် ထိုရှုပ်ထွေးနေသော အခြေအနေကြား၌ ရှေ့ဆုံးမှ ရပ်နေသော လီဟန်သည် မီးတောက်-၁ ၏ မီးလုံးဖြင့် အပြင်းအထန် အပစ်ခံလိုက်ရသည်။
ဝုန်း…
အရေးကြီးသော အချိန်၌ သူ၏ရှေ့တွင် လေထုတံတိုင်းတစ်ခုကို အလျင်အမြန် ဖန်တီးကာ ကာကွယ်ခဲ့သော်လည်း မီးလုံးပေါက်ကွဲမှု၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြောင့် လီဟန်မှာ သွေးတစ်လုပ် အန်ထုတ်လိုက်ရပြီး လွင့်စင်သွားတော့သည်။
"ခေါင်းဆောင်"
ကျန်ရှိနေသော အဖွဲ့ဝင် သုံးဦးမှာ ပြိုင်တူအော်ဟစ်လိုက်ကြပြီး လီဟန်ကို တွဲကူလျက် အနောက်သို့ အသည်းအသန် ဆုတ်ခွာကြတော့သည်။
"ခေါင်းဆောင်... အစီအစဉ်ကတော့ ကျဆုံးသွားပြီ။ မြန်မြန် ဆုတ်ခွာကြရအောင်"
ဒဏ်ရာရရှိထားပြီးဖြစ်သော လုရှန်းသည် နာကျင်မှုကို အံတုကာ အံကြိတ်လျက် လမ်းမပေါ်
တွင် ကျောက်တုံးတံတိုင်းများကို ထောင်လိုက်သည်။ ၎င်းမှာ ဆင့်ကဲပြောင်းလဲထားသော ဇွန်ဘီများ၏ တိုက်စစ်ကို နှေးကွေးသွားစေရန်ဖြစ်ပြီး မျက်နှာဖျော့တော့နေသော ခေါင်းဆောင် လီဟန်ကိုလည်း အသည်းအသန် တိုက်တွန်းလိုက်သည်။
"ဟုတ်တယ် ခေါင်းဆောင်... ကျွန်တော်တို့ အခုချက်ချင်း ဆုတ်ခွာမှဖြစ်မယ်"
အခြား အသင်းဖော်နှစ်ဦးကလည်း ထပ်ဆင့်ထောက်ခံလိုက်ကြသည်။
အမှန်စင်စစ် ကျောက်ဘင်သည် ဇွန်ဘီဘုရင်ကို ချက်ချင်း သတ်ဖြတ်ရန် ပျက်ကွက်ခဲ့သည့် အချိန်မှစ၍ သူတို့နဂါးပျံတပ်ဖွဲ့၏ တာဝန်မှာ ကျဆုံးရန် ကံကြမ္မာအဆုံးအဖြတ် ခံခဲ့ရပြီးဖြစ်သည်။
အကယ်၍ ယခုမှ မဆုတ်ခွာပါက သူတို့အားလုံး လွတ်မြောက်နိုင်တော့မည်မဟုတ်ဘဲ နဂါးပျံတပ်ဖွဲ့တစ်ခုလုံး အမြစ်ပြတ်ချေမှုန်းခံရမည့် အခြေအနေနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။
လီဟန်၏ မျက်လုံးများမှာ နီရဲတွတ်နေပြီး ရှေ့တွင်ရှိသော ဇွန်ဘီအုပ်စုကို နာကျည်းမှုအပြည့်ဖြင့် စိုက်ကြည့်နေသည်။ သူသည် ဇွန်ဘီဘုရင်နှင့် အသေအလဲ တိုက်ခိုက်လိုသော်လည်း... သူ၏ ဆင်ခြင်တုံတရားကို အနိုင်နိုင် ထိန်းထားရသည်။
"တောက်... အပိုတွေပဲ။ ဆုတ်မယ်"
လီဟန်သည် အံကြိတ်ကာ ကျန်ရှိသူ သုံးဦးကို အော်ဟစ်အမိန့်ပေးလိုက်သည်။
ထို့နောက် ဒဏ်ရာရထားသော လုရှန်းကို ဆွဲခေါ်ကာ မြို့ပြင်ဘက်သို့ အရှိန်အဟုန်ဖြင့် ဆုတ်ခွာကြတော့သည်။ ကျန်အဖွဲ့ဝင်နှစ်ဦးမှာလည်း သူ၏စကားကို ကြားသည်နှင့် တစ်ပြိုင်နက် နောက်သို့ လိုက်ပါဆုတ်ခွာခဲ့ကြသည်။
"လာချင်တဲ့အချိန်လာ သွားချင်တဲ့အချိန်သွား... မင်းတို့က ဒီနေရာကို ဘာမှတ်နေတာလဲ"
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လိုက်ပါလာသော လုချွမ်း၏ မျက်နှာမှာ အေးစက်ခက်ထန်သွားသည်။ သူ၏ စိတ်အာရုံစေခိုင်းမှုနှင့်အတူ ကောင်းကင်ယံရှိ မီးတောက်-၁ သည် ဧရာမ မီးမြွေကြီးတစ်ကောင်ကို ထုတ်လွှတ်လိုက်ပြီး လီဟန်နှင့် အခြားသူများ၏ ထွက်ပေါက်ကို ပိတ်ဆို့လိုက်တော့သည်။
တစ်ချိန်တည်းမှာပင် အားဖန်းနှင့် အခြားဇွန်ဘီရုပ်သေးများမှာလည်း လျင်မြန်စွာ လှုပ်ရှားလိုက်ကြပြီး လီဟန်တို့အဖွဲ့ထံသို့ ထိပ်တိုက် တိုးဝင်တိုက်ခိုက်ကြတော့သည်။
ရှေ့တွင် ပိတ်ဆို့နေသော ဧရာမ မီးမြွေတံတိုင်းကြီးကို မြင်လိုက်ရသောအခါ အသည်းအသန် ဆုတ်ခွာနေကြသည့် လီဟန်နှင့် အခြားသူများမှာ ရင်ထဲတွင် အေးစက်တုန်လှုပ်သွားကြတော့သည်။
ထိုလေးဦးစလုံးသည် အကယ်၍သာ တစ်ကြိမ်တစ်ခါမျှ ရပ်တန့်သွားခဲ့ပါက ယခုတစ်ကြိမ်
တွင်မူ သူတို့ သေချာပေါက် အသက်ပျောက်ရတော့မည်ကို ကောင်းစွာ သိရှိထားကြသည်။ ထို့ကြောင့် သူတို့အားလုံး၏ မျက်ဝန်းများတွင် ပြတ်သားသော အရိပ်အယောင်များ ချက်ချင်း ဖြတ်ပြေးသွားတော့သည်။
ဤမီးမြွေများ၏ ပိတ်ဆို့မှုကို ဖောက်ထွက်နိုင်မှသာလျှင် သူတို့အတွက် မျှော်လင့်ချက် အလင်းတန်းလေး တစ်ခု ရှိပေလိမ့်မည်။
"သတ်ကြဟေ့"
လီဟန်သည် သူ၏ ဒဏ်ရာများကို ဂရုမစိုက်နိုင်တော့ဘဲ အော်ဟစ်လိုက်ပြီး ပတ်ဝန်းကျင်ရှိ လေထုစီးကြောင်းများကို ထိန်းချုပ်ကာ လေထုဒုံးကျည်များအဖြစ် ပြောင်းလဲပစ်လိုက်သည်။ ထိုဒုံးကျည်များသည် လေထုကို ခွဲထွက်ကာ ဆူညံစွာဖြင့် မီးမြွေများ၏ မီးတံတိုင်းကြီးထဲသို့ မနားတမ်း ပစ်ခတ်ဝင်ရောက်သွားတော့သည်။
ဝုန်း... ဝုန်း... ဝုန်း...
လေထုဒုံးကျည်များသည် မီးမြွေများနှင့် ထိတွေ့မိသည်နှင့် တစ်ပြိုင်နက် ဟိန်းဟောက်သံကြီးများနှင့်အတူ ပေါက်ကွဲသွားကြသည်။ ကြောက်မက်ဖွယ်ကောင်းသော လေစီးကြောင်းများမှာ အရပ်မျက်နှာအနှံ့သို့ တိုးထွက်သွားပြီး ဧရာမ မီးပွားများကို လွင့်စင်စေတော့သည်။
မူလက အပူလှိုင်းများ တလိပ်လိပ် ထွက်ပေါ်နေသော မီးတံတိုင်းကြီးမှာ ယခုအခါ ပေါက်ကွဲမှုကြောင့် ပွင့်ထွက်သွားပြီး ဧရာမ အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ဤအခွင့်အရေးကို မြင်လိုက်ရသောအခါ လီဟန်နှင့် သူ၏အဖွဲ့သားများ၏ မျက်ဝန်းထဲတွင် မျှော်လင့်ချက်များ ဝင်းလက်လာတော့သည်။ အပေါက်ကြီး၏ ဘေးပတ်ပတ်လည်ရှိ မီးလျှံများသည် ဖြည်းဖြည်းချင်း ပြန်လည်စေ့ပိတ်ကာ ပြန်လည်ကောင်းမွန်လာနေသည်ကို သူတို့ စောင့်ကြည့်နေကြသည်။
"သွားမယ်"
လီဟန်သည် အဖွဲ့ဝင် သုံးဦးကို ဦးဆောင်ကာ မီးတံတိုင်းရှိ အပေါက်ကြီးဆီသို့ အသည်းအသန် ပြေးဝင်လိုက်သည်။
"ဟင်း... ထွက်ပြေးဖို့ ကြိုးစားနေတာလား။ ဒီမှာပဲ နေခဲ့ကြစမ်း"
ညကောင်းကင်ယံထက်တွင် ပျံဝဲနေသော ကျိရုရွှယ်သည် မီးတံတိုင်း၏ အလင်းရောင်အောက်တွင် ထွက်ပြေးရန် ကြိုးစားနေသော လူပုံရိပ် လေးခုကို အေးစက်စွာ ကြည့်နေခဲ့သည်။
ဘယ်သူမဆို ဖေဖေ့ကို ရန်မူရဲရင် သေရမှာပဲ။
ကျိရုရွှယ်၏ ပြင်းထန်လှသော စိတ်စွမ်းအင်များက ပေါက်ကွဲကာ ထွက်ပေါ်လာပြီး ပေထောင်ချီရှည်လျားသော လျှာများအလား လေထဲတွင် ဝဲလည်လျက် တစ်ကီလိုမီတာခန့် အကွာအဝေးရှိ လီဟန်နှင့် သူ၏အဖွဲ့သားများထံသို့ လျင်မြန်စွာ ချဉ်းကပ်သွားတော့သည်။
နောက်တစ်ခဏတွင် ဆုတ်ခွာနေသော လူပုံရိပ် လေးခုစလုံးမှာ မျက်နှာများ ဖျော့တော့သွားပြီး သူတို့၏ ခန္ဓာကိုယ်များမှာ ထိုနေရာ၌ပင် တောင့်တင်းသွားကြတော့သည်။
လေးဦးစလုံးမှာ တစ်စုံတစ်ခုက သူတို့ကို တုတ်နှောင်ထားသကဲ့သို့ ခံစားလိုက်ရပြီး မည်မျှပင် ရုန်းကန်စေကာမူ ခန္ဓာကိုယ်မှာ လုံးဝရွေ့လျား၍ မရတော့ပေ။
ဤလူများသည် ဖေဖေ့ကို အန္တရာယ်ပြုချင်နေကြသူများ ဖြစ်သဖြင့် ကျိရုရွှယ်က သူတို့ကို လွတ်မြောက်ခွင့်ပေးမည် မဟုတ်ပေ။ သူမ၏ စိတ်စွမ်းအင် မြွေနဂါးများက ထိုလေးဦးကို တင်းကျပ်စွာ ရစ်ပတ်ထားပြီးဖြစ်သည်။
ရှေ့ရှိ လှုပ်ရှား၍မရသော ပစ်မှတ်လေးခုကို စိုက်ကြည့်ရင်း ကျိရုရွှယ်၏ မျက်ဝန်းများက အေးစက်မြဲ အေးစက်နေဆဲပင်။ သူမ၏ စိတ်ကူးလိုက်ရုံဖြင့်ပင် သူမ၏ လက်ဖဝါးထဲ၌ မှိန်ပျပျ ဝင်းလက်နေသော စိတ်စွမ်းအင်အပ်လေးစင်းမှာ ချက်ချင်းဆိုသလို ဖြစ်ပေါ်လာခဲ့သည်။
လီဟန်နှင့် အခြားသူများသည် အသည်းအသန် ရုန်းကန်နေကြဆဲ ဖြစ်သော်လည်း ရုတ်တရက်ဆိုသလို သေဘေးနှင့် ကြုံတွေ့ရတော့မည့် အန္တရာယ်ဆိုးကြီးကို ခံစားလိုက်ရသည်။ သူတို့အားလုံး ထိတ်လန့်သွားကြပြီး နှလုံးသားများမှာလည်း မျှော်လင့်ချက်မဲ့ခြင်း အနက်ရှိုင်းဆုံးသို့ နစ်မြုပ်သွားကြတော့သည်။