← Chapters

လဲ့ကျွင်းရဲ့ မဟာအစီအစဥ်

Vol. 7 Ch. 69

လဲ့ကျွင်းရဲ့ မဟာအစီအစဥ်

Vol. 7 Ch. 69

၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ရှန်ကျန့်သို့ ပြန်ရောက်လာသည့် လင်းဖန်ကို လုံထန်ဂရု၏ CEO ကျန်းဖန်က သတင်းစကားများစွာဖြင့် ဆီးကြိုနှုတ်ဆက်လေသည်။

"သူဌေး... ဥရောပက ပညာတော်သင်ကိစ္စတွေ... အမေရိကန်က အရောင်းအဝယ်တွေ... ပြီးတော့ Amazon ကလည်း ကျွန်တော်တို့ကို အကြောင်းကြားစာ ပို့ထားပါတယ်..."

အကြောင်းအရာပေါင်းစုံကြောင့် လင်းဖန် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားပြီး

"ခင်ဗျားခုနက ဘာပြောလိုက်တာလဲ မီ ကုမ္ပဏီနဲ့ ပတ်သက်ပြီး ဘာတွေ ဖြစ်လို့လဲ"

ဟု ပြန်မေးလိုက်သည်။

ကျန်းဖန်က အလျင်အမြန် အစီရင်ခံသည်။

- "သူဌေး.. ခင်ဗျား မြို့တော်ကို သွားနေတဲ့ အချိန်တုန်းက မီ(Mi Mobile)ကုမ္ပဏီက ဒုတိယဥက္ကဋ္ဌ တစ်ယောက်ကို လွှတ်ပြီး လာတွေ့ပါတယ် ကျွန်တော်တို့ရဲ့ တန်ရွမ်စမတ်ဖုန်း Operating System နဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးချင်လို့ပါတဲ့"

"အို..."

လင်းဖန်၏ မျက်လုံးထဲတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ မီကုမ္ပဏီတွင် MIUI စနစ် ရှိသော်လည်း၊ ၎င်းမှာ Android စနစ်ကို အခြေခံပြီး အသုံးပြုရ လွယ်ကူအောင် အထူး ပြုပြင်မွမ်းမံထားသည့် စနစ်တစ်ခုသာ ဖြစ်ကြောင်း လဲ့ကျွင်းကိုယ်တိုင် ဝန်ခံထားပြီးသား ဖြစ်သည်။

MIUI စနစ်သည် Android စနစ်ပေါ်တွင် အခြေခံထားသောကြောင့် မူရင်း Android အပလီကေးရှင်းများ၊ ဂိမ်းများနှင့် ကိုက်ညီမှု ရှိသော်လည်း အနှစ်သာရအားဖြင့်တော့ သူတပါးထံမှ ကူးယူထားခြင်းသာ ဖြစ်သည်။ ထို့ကြောင့် မီကုမ္ပဏီက တန်ရွမ်စနစ်နှင့် ပူးပေါင်းရန် လုံထန်ဂရုထံ ချဉ်းကပ်လာခြင်းမှာ လင်းဖန်အတွက် မထူးဆန်းလှပေ။

သို့သော်လည်း သူ အံ့သြသွားသည်မှာ လုံထန်၏ သတင်းစာရှင်းလင်းပွဲပြီး အချိန်အတော်ကြာမှ မီကုမ္ပဏီက ရောက်လာခြင်းပင်။ ခြေလှမ်း အတော်လေး နောက်ကျနေပြီဟု ဆိုရမည်။

"သူဌေး... မီကုမ္ပဏီက တောင်းဆိုချက် တစ်ခုလည်း လုပ်ထားပါသေးတယ် သူတို့ရဲ့ ဖုန်းအချို့မှာပဲ ကျွန်တော်တို့ စနစ်ကို သုံးချင်ပြီး ကျန်တဲ့ဖုန်းတွေမှာတော့ မူရင်း Android စနစ်ကိုပဲ ဆက်သုံးချင်တယ်လို့ ပြောပါတယ်"

ဟု ကျန်းဖန်က တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ပြောသည်။

ထိုစကားကို ကြားသည်နှင့် လင်းဖန်၏ မျက်နှာမှာ ချက်ချင်းပင် တည်တင်းသွားတော့သည်။ ဖုန်းအချို့ကိုသာ တန်ရွမ်စနစ် သုံးပြီး၊ အချို့ကိုတော့ Android သုံးမည်တဲ့လား။

မျှော်လင့်ထားသည့်အတိုင်း မီကုမ္ပဏီတွင် ရှင်းလင်းသော အစီအစဉ် ရှိနေသည်။ ဤသို့ လုပ်ဆောင်ခြင်းဖြင့် သူတို့၏ ဖုန်းရောင်းအားကို မထိခိုက်စေရုံသာမက ကြီးမားလှသော Android ဈေးကွက်ကိုလည်း တစ်ပြိုင်နက် သိမ်းပိုက်ထားနိုင်မည် ဖြစ်သည်။ "မြှားတစ်စင်တည်းနဲ့ ငှက်နှစ်ကောင်ပစ်" သည့် နည်းလမ်းပင်။

"ခင်ဗျား မီကုမ္ပဏီကို မေးကြည့်ပြီးပြီလား..ဒီစိတ်ကူးက လဲ့ကျွင်းကိုယ်တိုင် သဘောတူထားတာလား"

ဟု လင်းဖန်က ကျန်းဖန်ကို စိုက်ကြည့်ကာ မေးလိုက်သည်။

"အဲ... သူဌေး၊ ကျွန်တော်တို့ သိရသလောက်တော့ ဒါဟာ လဲ့ကျွင်းကိုယ်တိုင် အဆိုပြုထားတဲ့ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ပါပဲ"

ဟု ကျန်းဖန်က အံ့အားသင့်စွာဖြင့် ခေါင်းငြိမ့် ဖြေကြားသည်။

"ကောင်းပြီ တကယ့်ကို တော်ပါပေတယ် လဲ့ကျွင်းရာ..."

လင်းဖန်က အေးစက်စက် လေသံဖြင့် ဆိုသည်။

စီးပွားရေးသမား တစ်ယောက်အနေဖြင့် စွန့်စားမှု မလုပ်လိုခြင်းမှာ နားလည်ပေးနိုင်သော်လည်း၊ မြေခွေးအိုကြီး လဲ့ကျွင်းသည် တန်ရွမ်စနစ်၏ ကြီးမားသော အလားအလာကို သိလျက်နှင့် စွန့်စားရမည့် အန္တရာယ်ကိုတော့ မယူလိုပေ။ ထို့ကြောင့် ထိုအန္တရာယ်များကို လုံထန်ဂရုထံ လွှဲချပြီး သူကတော့ အကျိုးအမြတ်ကိုပဲ ထိုင်စားချင်နေခြင်း ဖြစ်သည်။

ဤကိစ္စတွင် Android ကုမ္ပဏီဘက်ကလည်း ပါဝင်ပတ်သက်မှု ရှိနေမည်မှာ အသေအချာပင်။ အဘယ်ကြောင့်ဆိုသော် Android ဘက်က တန်ရွမ်စနစ်၏ ခြိမ်းခြောက်မှုကို သိထားသဖြင့် မီကုမ္ပဏီကို နှစ်ခုထဲမှ တစ်ခုကိုသာ ရွေးချယ်ရန် ဖိအားပေးထားပုံ ရသည်။

လဲ့ကျွင်းသည် အင်အားကြီးသော Android ကို မဆန့်ကျင်ရဲသဖြင့် ယခုမှ အားယူကာစ လုံထန်ဂရုကိုသာ ခပ်တည်တည်ဖြင့် လာရောက် နှိမ်ချခြင်း ဖြစ်ပေသည်။

"ရှင်းယာ... တို့လူတွေကို စစ်ခိုင်းလိုက်စမ်း မီကုမ္ပဏီက Android ဘက်နဲ့ တွေ့နေတာ ရှိသလားလို့"

လင်းဖန်က မိုရှင်းယာကို ကြည့်ကာ ခပ်အေးအေးပင် မေးလိုက်သည်။

"ဟုတ်ကဲ့ပါ"

မိုရှင်းယာက ချက်ချင်းပင် ဖုန်းခေါ်ဆိုလိုက်သည်။

လင်းဖန်၏ ပိုင်ဆိုင်မှုများအောက်တွင် ကျွမ်းကျင်သော စီးပွားရေး ထောက်လှမ်းရေး ကုမ္ပဏီများ ရှိပြီးသား ဖြစ်သည်။ ထိုကုမ္ပဏီများသည် လုပ်ငန်းလောက၏ လှုပ်ရှားမှု မှန်သမျှကို ခြေရာခံရန် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ဖန်ထန်းရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းသည်လည်း အဖွဲ့ငယ်များစွာ ခွဲကာ အင်အားတောင့်တင်းစွာ လှုပ်ရှားနေသည်။

ယခုအခါ လင်းဖန်၏ လက်အောက်တွင် ရှိသော စီးပွားရေး သတင်းအချက်အလက် စုဆောင်းနိုင်စွမ်းမှာ ပင်ဂွင်း (Penguin) နှင့် အလီ (Ali) ကဲ့သို့သော ကုမ္ပဏီကြီးများနှင့် ရင်ပေါင်တန်းနိုင်နေပြီ ဖြစ်သည်။

မိနစ်အနည်းငယ် အကြာတွင် မိုရှင်းယာသည် ဖန်ထန်းထံမှ သတင်းရရှိကာ လင်းဖန်အား အစီရင်ခံသည်။

"သူဌေး... လွန်ခဲ့တဲ့ နှစ်ရက်က မီကုမ္ပဏီက Android ကုမ္ပဏီနဲ့ စီးပွားရေး ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ် အဲဒီ အစည်းအဝေးကို မီကုမ္ပဏီရဲ့ CEO လဲ့ကျွင်းကိုယ်တိုင် ဦးဆောင်ခဲ့တာပါ"

သူမ စကားမဆုံးခင်မှာပင် ဘေးမှ ကျန်းဖန်မှာ ဒေါသထွက်ကာ မျက်ရည်ပင် ဝဲလာရသည်။

"ခွေးကောင်တွေ မီကုမ္ပဏီက ဒီလိုမျိုး လုပ်ရဲတယ်ပေါ့"

လွန်ခဲ့သည့် နှစ်ရက်ဆိုသည်မှာ မီကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌ လုံထန်သို့ လာရောက် ဆွေးနွေးနေချိန်နှင့် ကွက်တိပင် ဖြစ်သည်။ ဆိုလိုသည်မှာ မီကုမ္ပဏီသည် အဖွဲ့နှစ်ဖွဲ့ခွဲကာ လုံထိန်နှင့် Android နှစ်ဖက်လုံးကို တစ်ပြိုင်နက် ကစားနေခြင်း ဖြစ်သည်။

သူတို့၏ တကယ့် ရည်ရွယ်ချက်မှာ "လှေနံနှစ်ဖက် နင်း" ရန် ဖြစ်သည်။ အကယ်၍ တန်ရွမ်စနစ်ကို သုံးဖြစ်ခဲ့လျှင် ပြည်တွင်းဈေးကွက်အတွက်သာ သုံးမည်ဖြစ်ပြီး၊ နိုင်ငံခြား ဈေးကွက်ကိုတော့ လက်မလွှတ်နိုင်သဖြင့် Android ကို ဆက်သုံးမည်ဟု ကြံစည်ထားခြင်း ဖြစ်သည်။

လဲ့ကျွင်းသည် တကယ့် စီးပွားရေး ပါရမီရှင်တစ်ဦး ဖြစ်ကြောင်း ဝန်ခံရပေမည်။ လုံထန်ဂရု ပေါ်ထွက်လာသော်လည်း သူသည် သူ၏ ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာကို လုံးဝ လက်မလွှတ်ဘဲ ပို၍ပင် တိုးချဲ့ရန် ကြိုးပမ်းနေခြင်းပင် ဖြစ်တော့သည်။

All Chapters