မှင်သက်သွားကြရသည့် ချင်းလင်နဲ့ဝမ်ချောင်
Vol. 7 Ch. 70
စီးပွားရေးလောက၏ ထိပ်သီးကစားသမား တစ်ဦးဖြစ်သည့် လဲ့ကျွင်းကို လင်းဖန်ကိုယ်တိုင်ပင်လျှင် ချီးကျူးရပေမည်။ စီးပွားရေး စင်မြင့်ထက်တွင် လဲ့ကျွင်းသည် တကယ့်ကို ထူးချွန်သည့် လူကဲခတ်သမားကြီး တစ်ဦးဟု ဆိုနိုင်သည်။
သို့သော် နှမြောစရာ ကောင်းသည်မှာ လဲ့ကျွင်းသည် အချက်တစ်ချက်ကို မှားယွင်းစွာ တွက်ချက်မိခဲ့ခြင်း ဖြစ်သည်။
၎င်းမှာ လုံထန်ဂရုအနေဖြင့် မီကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်ရန် လုံးဝ မလိုအပ်ခြင်းပင်။ အဘယ်ကြောင့်ဆိုသော် လုံထန်ဂရုကိုယ်တိုင်ကလည်း ဖုန်းထုတ်လုပ်သည့် လုပ်ငန်းကို လုပ်ကိုင်နေသောကြောင့် ဖြစ်သည်။
တန်ရွမ်ဟုခေါ်သော ပြည်တွင်းဖြစ် စမတ်ဖုန်းစနစ်ကို မီကုမ္ပဏီအား အသုံးပြုခွင့်ပေးရန် ဝေးစွ၊ ဟွာဝေးကဲ့သို့သော ကုမ္ပဏီက လာရောက်တောင်းဆိုလျှင်ပင် သူတို့ သဘောတူမည် မဟုတ်ပေ။ မိမိကိုယ်တိုင်အတွက် အင်အားကြီးသော ပြိုင်ဘက်ကို လက်ဖြင့် ဖန်တီးပေးမည့်သူမှာ လူအ သာသာပင် ဖြစ်လိမ့်မည်။
"မီကုမ္ပဏီရဲ့ ဆွေးနွေးရေးအဖွဲ့က ခုထိ ရှန်ကျန့်မှာ ရှိနေသေးလား"
လင်းဖန်၏ မေးခွန်းကို CEO ကျန်းဖန်က အဓိပ္ပာယ် မပေါက်သော်လည်း ရှင်းလင်းစွာ ဖြေကြားသည်။
"မီကုမ္ပဏီရဲ့ ဒုတိယဥက္ကဋ္ဌနဲ့ သူ့အဖွဲ့သားတွေ ရှီရာတွန်ဟိုတယ်မှာ တည်းနေကြတုန်းပါ၊ ရှန်ကျန့်ကနေ မထွက်ရသေးပါဘူး"
"ကောင်းပြီ"
လင်းဖန်၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွတ်သွားပြီး အဓိပ္ပာယ်ပါပါဖြင့် ဆိုသည်။
- "သူတို့ဘက်က ဒီလို လာနှုတ်ဆက်မှတော့ တို့ဘက်ကလည်း လက်ဆောင်ပြန်ပေးရမှာပေါ့ မီကုမ္ပဏီကို ပြောလိုက်... ကျုပ်တို့ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူတယ်၊ ဒါပေမဲ့ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ ပေးရမယ်လို့"
ကျန်းဖန်သည် လင်းဖန်၏ ရည်ရွယ်ချက်ကို ချက်ချင်း သဘောပေါက်သွားသဖြင့် မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာကာ
"ဟုတ်ကဲ့၊ ကျွန်တော် အခုချက်ချင်း သွားပြောလိုက်ပါမယ်"
ဟု ခေါင်းငြိမ့် ဆိုလိုက်သည်။
တစ်နှစ်လျှင် ဒေါ်လာ ဘီလီယံ ၂၀ ဟူသော လိုင်စင်ကြေးမှာ မဖြစ်နိုင်လောက်အောင် များပြားလှသည်။ ဆိုလိုသည်မှာ လုံထန်ဂရုအနေဖြင့် မီကုမ္ပဏီနှင့် ပူးပေါင်းရန် မည်သည့်ဆန္ဒမျှ မရှိကြောင်း ပြသလိုက်ခြင်းပင်။
သို့သော် လင်းဖန်သည် ဆွေးနွေးပွဲများကို ချက်ချင်း ရပ်တန့်မပစ်ဘဲ၊ ဈေးကြီးပေးမှ ရနိုင်မည်ဟု သူတို့ ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ မနေ့က ခံခဲ့ရသော ဒေါသကို ပြန်ဖောက်ထုတ်လိုက်ရုံသာမက၊ လုံထန်ဂရုသည် မည်သည့်အရာကိုမဆို စိန်ခေါ်ဝံ့သော သတ္တိရှိကြောင်း လဲ့ကျွင်းအား သတိပေးလိုက်ခြင်းလည်း ဖြစ်သည်။
စီးပွားရေးလောကသည် စစ်တလင်းနှင့် တူလှသည်။ အကျိုးစီးပွား ရှေ့တွင် ဘာမဆို ဖြစ်နိုင်သကဲ့သို့ မီကုမ္ပဏီနှင့် လုံထန်တို့မှာလည်း နဂိုကတည်းက ပြိုင်ဘက်များ ဖြစ်ကြရာ ဤကဲ့သို့သော လှည့်ကွက်ကလေးမှာ ဘာမှ ပြောပလောက်သည် မဟုတ်ပေ။
ထိုနေ့ ညနေပိုင်းတွင် လုံထန် CEO ကျန်းဖန်သည် မီကုမ္ပဏီနှင့် အပြင်းအထန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ နှစ်ဖက်လုံးက သဘောတူညီမှု ရလုနီးပါး ဖြစ်ကာ စာချုပ် လက်မှတ်ထိုးခါနီး အချိန်ကျမှ လုံထန်ဘက်က ဆွေးနွေးပွဲများကို ရပ်တန့်ကြောင်း ရုတ်တရက် ကြေညာလိုက်လေသည်။
မီကုမ္ပဏီဘက်မှ လူများမှာ ဒေါသထွက်လွန်း၍ ပေါက်ကွဲမတတ် ဖြစ်သွားကြသည်။ ဤသည်မှာ သူတို့ကို တမင်တကာ ကစားနေခြင်း မဟုတ်ပါလား။ ဤသတင်းသည် ကျန်းချိန်ရှိ မီကုမ္ပဏီ ရုံးချုပ်သို့ ရောက်သွားသောအခါ Android နှင့် အစည်းအဝေး လုပ်နေသော လဲ့ကျွင်းမှာ ဒေါသထွက်လွန်း၍ မျက်နှာများ နီရဲသွားတော့သည်။
ဘဝတစ်လျှောက်လုံး သူတစ်ပါးကို ကစားလာခဲ့သော "မြေခွေးအိုကြီး" သည် ယခုမှ "ငန်း" က မျက်လုံးကို ပြန်အဆိတ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားရသည်။
ပို၍ စိတ်ဝင်စားစရာ ကောင်းသည်မှာ လုံထန်ဂရုသည် ထိုသတင်းကို မီဒီယာများထံ တမင် ပေါက်ကြားအောင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ တစ်နိုင်ငံလုံးရှိ သတင်းထောက်များသည် လဲ့ကျွင်းကို ဝိုင်းအုံ မေးမြန်းကြတော့ရာ၊ မီကုမ္ပဏီမှာ လုပ်ငန်းလောကတွင် လှောင်ပြောင်စရာတစ်ခု ဖြစ်သွားခဲ့ရသည်။
ရက်အနည်းငယ် အကြာ.. ကျင်းလင်မြို့ရှိ ကျန့်ခမ်းယွမ် (Jiankangyuan) ဗီလာ အမှတ် ၁..
လင်းဖန်က အနားယူရန်နှင့် ကွန်ပျူတာ ပရိုဂရမ်ဘာသာစကားများကို လေ့လာရန် နေအိမ်သို့ ပြန်လာခဲ့သည်။ သူ ကုဒ်များ ရေးနေစဉ်တွင် ဖုန်းတစ်လုံး ဝင်လာသည်။
"ဟယ်လို"
"ညီလေး လင်းဖန်... ငါ ဝမ်ချောင်ပါ မင်းကို ရှာနေတာ... ဖုန်းထဲမှာ ပြောလို့ မရှင်းလို့ ဘယ်မှာလဲ ပြော၊ တို့ တွေ့ပြီး စကားပြောရအောင်"
ဟု ဝမ်ချောင်က စိတ်လှုပ်ရှားစွာဖြင့် ပြောလာသည်။
လင်းဖန် အနည်းငယ် ကြောင်သွားပြီး
"အင်း... ဒါဆိုလည်း ကျွန်တော့်အိမ်ကိုပဲ လာခဲ့ပါ၊ လိပ်စာကို မင်းဖုန်းထဲ ပို့ထားလိုက်မယ်"
ဟု ဆိုလိုက်သည်။
နာရီဝက်ခန့် အကြာတွင် ကျန့်ခမ်းယွမ် ဗီလာဝင်း တံခါးဝ၌ Rolls-Royce တစ်စီး လာရောက် ရပ်တန့်လိုက်သည်။
"ဝမ်ကြီး... ဟုတ်ရော ဟုတ်ရဲ့လားကွာ" ဟု ချင်းလင်က သမ်းဝေရင်း မေးလိုက်သည်။
ဝမ်ချောင်က ဖုန်းထဲမှ တည်နေရာကို ကြည့်ကာ ခေါင်းငြိမ့်ပြီး
"ဒါပဲ ဖြစ်ရမယ်"
ဟု ဆိုလိုက်သည်။
လင်းဖန်ကဲ့သို့ ချမ်းသာသောသူသည် ရိုးရိုးနေရာမျိုးတွင် နေမည်မဟုတ်ဘဲ၊ ရှေ့မှ မြင်တွေ့နေရသော ကျင်းလင်မြို့၏ ဈေးအကြီးဆုံး ဗီလာဝင်းမှာသာ သူနှင့် သင့်တော်ပေမည်။
သို့သော် ဝမ်ချောင်နားမလည်သည်မှာ လင်းဖန်ကဲ့သို့ ကြွယ်ဝသူသည် အဘယ်ကြောင့် ကိုယ်ပိုင် မြေကွက်ဝယ်ကာ ကိုယ်ပိုင် နန်းတော်ကြီး မဆောက်ဘဲ၊ ဤကဲ့သို့ အခြားသူများ၏ ထိန်းချုပ်မှုအောက်တွင် ရှိသော ဗီလာဝင်း၌ လာနေရသနည်း ဟူသောအချက် ဖြစ်သည်။
ထိုစဉ် ဂိတ်တံခါးဝမှ လုံခြုံရေးဝန်ထမ်းသည် Rolls-Royce ကားကြီးကို မြင်သောအခါ အနားသို့ လျှောက်လာပြီး
"မင်္ဂလာပါ ခင်ဗျာ၊ ဘယ်သူနဲ့ တွေ့ချင်လို့လဲ"
ဟု မေးမြန်းသည်။
ဝမ်ချောင်က မိမိကို သံသယမျက်လုံးများဖြင့် စောင့်ကြည့်နေသော သန်မာထွားကြိုင်းသည့် လုံခြုံရေးများကို ကြည့်ကာ အနည်းငယ် စိတ်ပျက်သွားသည်။ သူ၏ ကားနှင့် သူ၏ မျက်နှာမှာ သွားလေရာရာတွင် လူသိများသော်လည်း ဤနေရာတွင်မူ သူခိုးကို စောင့်ကြည့်သကဲ့သို့ အကြည့်ခံနေရသည်။
"ဟေး... အစ်ကိုကြီး၊ သူ့ကို မသိဘူးလား တစ်နိုင်ငံလုံးရဲ့ ခင်ပွန်းလောင်း ဝမ်ချောင်လေ"
ဟု ဘေးမှ ချင်းလင်းက လှောင်ပြောင်သလို ပြောလိုက်သည်။ ဝမ်ချောင်ဤကဲ့သို့ အရှက်ရနေသည်ကို သူ ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။
"တောင်းပန်ပါတယ် ခင်ဗျာ၊ ဖိတ်ကြားထားခြင်း မရှိရင် ဝင်ခွင့်မပြုပါဘူး"
ဟု လုံခြုံရေးက တည်ကြည်စွာ ပြန်ပြောသည်။
"..."
ဝမ်ချောင်မှာ တစ်ခွန်း ပြန်ပြောချင်သော်လည်း တံခါးဝတွင် စောင့်နေသော ထွားကြိုင်းသည့် လူငါးဦးကို ကြည့်ကာ ချက်ချင်းပင် လက်လျှော့ပြီး လင်းဖန်ကို ဖုန်းခေါ်လိုက်ရတော့သည်။
မိနစ်အနည်းငယ် အကြာတွင် လုံခြုံရေးက တံခါးဖွင့်ပေးလိုက်ပြီး -
"လူကြီးမင်းတို့... အလယ်တည့်တည့်မှာ ရှိတဲ့ ဗီလာ အမှတ် ၁ ကို တန်းစီသွားပါခင်ဗျာ လမ်းတစ်လျှောက်မှာ လုံခြုံရေးတွေ ကင်းလှည့်နေတာမို့ လမ်းလျှောက် မထွက်ပါနဲ့၊ တစ်ခုခု ဖြစ်လာရင် မိမိတာဝန်သာ ဖြစ်ပါတယ်"
ဟု သတိပေးလိုက်သည်။
"ဟား... ဝမ်ကြီး၊ လင်းညီလေးရဲ့ အိမ်က လုံခြုံရေးတွေက တကယ်ကို တင်းကျပ်တာပဲ"
ဟု ချင်းလင်က အံ့သြစွာ ပြောသည်။
ဝမ်ချောင်ကတော့ ဒေါသမထွက်ဘဲ ရင်ထဲတွင် သံသယများ ပိုမို တိုးပွားလာသည်။
လုံခြုံရေး၏ နောက်ဆုံးစကားဖြစ်သော "မိမိတာဝန်သာ ဖြစ်သည်" ဆိုသည်မှာ နောက်ပြောင်နေခြင်း မဟုတ်ဘဲ သတိပေးချက်တစ်ခုနှင့် တူနေသည်။
ထို့ပြင် ဤနေရာမှ လုံခြုံရေးများသည် ဝမ်ချောင်၏ ဖခင် ဝမ်ရှို့ဖန်း လက်အောက်ရှိ သက်တော်စောင့်များနှင့် တူလှသည်။ ဝမ်ချောင်၏ ဖခင် ဝမ်ရှို့ဖန်းသည် စစ်မှုထမ်းဟောင်းတစ်ဦး ဖြစ်သဖြင့် သူ၏ လုပ်ငန်းများမှာ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။
ဝမ်ရှို့ဖန်း၏ သက်တော်စောင့်များမှာလည်း စစ်မှုထမ်းဟောင်း အထူးတပ်ဖွဲ့ဝင်များ ဖြစ်ကြပြီး တိုက်ခိုက်ရေးစွမ်းရည်မှာ အလွန်မြင့်မားသည်။
ဤနေရာသည် ကျင်းလင်၏ အကောင်းဆုံး ဗီလာဝင်း ဖြစ်သော်လည်း ဤမျှ မြင့်မားသော လုံခြုံရေးအဆင့်အတန်းမျိုး မလိုအပ်ပေ။
ဝမ်ချောင်သည် သံသယများစွာဖြင့် ဗီလာဝင်းအတွင်းသို့ ကားမောင်းဝင်လာခဲ့သည်။ ကျန့်ခမ်းယွမ်ရှိ ဗီလာပေါင်း ၁၂၀ ခန့်မှာ အလွန် စနစ်တကျ ရှိလှသည်။ ဗီလာ အမှတ် ၁ မှာ အလယ်ဗဟိုခပ်ကျကျတွင် ရှိပြီး၊ ဂိတ်ဝမှ ကားမောင်းဝင်လျှင်ပင် ၁၀ မိနစ်ခန့် ကြာမြင့်သည်။
ထို ၁၀ မိနစ်အတွင်းမှာတင် ဝမ်ချောင်သည် လက်နက်ကိုင် လုံခြုံရေးအဖွဲ့ သုံးဖွဲ့နှင့် ဝံပုလွေခွေးကြီးများကိုပါ မြင်တွေ့ခဲ့ရသည်။
"ချီးပဲ ဒါ ဘယ်လိုနေရာကြီးလဲကွာ"
ဟု ချင်းလင်မှာ မှင်တက်သွားတော့သည်။ ဤနေရာ၏ လုံခြုံရေးမှာ လျှို့ဝှက်နန်းတော်တစ်ခုနှင့်ပင် တူလှပေတော့သည်။