← Chapters

အခန်း။ ၃၅၈

Vol. 35 Ch. 358

အခန်း။ ၃၅၈

Vol. 35 Ch. 358

ဟောင်နုက ပြုံးလျက် "ညီမလေး... မင်းက တကယ့်ကို ပါးနပ်တဲ့သူပဲ။ တကယ်တော့ ဒီပြိုင်ပွဲက နှစ်ပွဲနဲ့တင် ပြီးသွားလိမ့်မယ်လို့ ငါထင်ထားတာ။ အခုတော့ ငါ့ကိုပါ တိုက်ပွဲထဲ ဆွဲသွင်းနိုင်ခဲ့ပြီပေါ့" ဟု ပြောလိုက်သည်။

ဟောင်နု၏ မူလအစီအစဉ်မှာ ပထမနှစ်ပွဲတွင်ပင် အပြတ်အသတ်အနိုင်ယူရန် ဖြစ်သော်လည်းယွင်ရှန်း၏ မမျှော်လင့်ထားသော ဗျူဟာကြောင့် တတိယအဆုံးအဖြတ်ပွဲအထိ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

"ဒုတပ်မှူးဟောင်ကလည်း ချီးကျူးလွန်းနေပါပြီ။ ကျွန်မတို့နှစ်ယောက်စလုံးက မှော်ဆရာမတွေပဲလေ။ ပြီးတော့ အမက ကျွန်မထက် အသက်ကြီးတာမို့ အမလို့ပဲ ခေါ်ပါရစေ။ အမက စီနီယာဖြစ်တာမို့ ဒီပွဲကို ဘယ်လိုပုံစံနဲ့ ယှဉ်ပြိုင်ကြမလဲဆိုတာ အမပဲ ဆုံးဖြတ်ပေးပါ"

ပြုံးနေတဲ့မျက်နှာကို လက်နဲ့မရိုက်ရက် ဆိုသကဲ့သို့ပင် ရုပ်ရည်ချောမောလှပသော ယွင်ရှန်းက ချိုသာစွာဖြင့် အမဟု တဖွဖွခေါ်နေသည်မှာ ဟောင်နုအတွက်မူ ဒေါသထွက်ရန် ခက်ခဲသွားစေသည်။

"ဟဲဟဲ... ဒါဆိုရင်လည်း အမကပဲ အခွင့်ကောင်းယူပြီး ညီမလေးယန်လို့ပဲ ခေါ်တော့မယ်နော်။ ကြားတာတော့ ညီမလေးက ဆင့်ခေါ်ပညာရှင်တစ်ယောက်ဆို"

ဟောင်နု၏ လှပသောမျက်ဝန်းများမှာ ယွင်ရှန်းအနေဖြင့် ပြိုင်ပွဲတွင် အခြားလှည့်ကွက်များ ထပ်သုံးဦးမလားဟု အကဲခတ်နေမိသည်။

"ကျွန်မက ဆင့်ခေါ်ပညာရှင်ဆိုပေမဲ့ တိုက်ပွဲတွေမှာ ဆင့်ခေါ်သားရဲတွေကို သိပ်မသုံးဖြစ်ပါဘူး။ ကျွန်မတို့နှစ်ယောက်စလုံး မှော်ဆရာမတွေဖြစ်တာမို့ မှော်ပညာနဲ့ပဲ ယှဉ်ပြိုင်ကြတာပေါ့။ ကတိပေးပါတယ်... ပြိုင်ပွဲအတွင်းမှာ ဆင့်ခေါ်သားရဲတွေကို လုံးဝအသုံးမပြုပါဘူး"

ယွင်ရှန်း၏ စကားကြောင့် ဟောင်နုမှာ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားရသည်။

ဆင့်ခေါ်သားရဲကို မသုံးဘဲ မှော်ညွှန်ကြားရေးမှူးအဆင့်မျှသာရှိသော ယွင်ရှန်းက သန့်စင်သော မှော်ပညာရှင်အဆင့်ရှိသူကို ဘယ်လိုလုပ် ရင်ဆိုင်ရဲမှာလဲ။

"မှော်ပညာချင်း ပြိုင်မယ်ဆိုရင်လည်း ပြိုင်ကြတာပေါ့။ ဒါပေမဲ့ ငါ့ရဲ့ မှော်အဆင့်က မင်းထက် အများကြီးမြင့်နေတော့ တိုက်ရိုက်ယှဉ်တိုက်ရင် မင်းအတွက် အရမ်းနစ်နာလိမ့်မယ်။ အဲဒီတော့ တခြားနည်းလမ်းတစ်ခုနဲ့ စမ်းကြည့်ရအောင်"

ဟောင်နုက ပြုံးလျက် ပြောရင်း ယွင်ရှန်း၏ လက်ကို ရင်းနှီးစွာ လှမ်းကိုင်လိုက်ရာ ကြည့်ရသည်မှာ ညီအစ်မရင်းချာများကဲ့သို့ပင်။

ဘေးမှ အမျိုးသားများမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ နားမလည်နိုင်ဖြစ်နေကြသည်။

ဒီမိန်းကလေးနှစ်ယောက် ဘာတွေလုပ်ဖို့ ကြံနေကြတာလဲ။

"မှော်ဆရာတစ်ယောက်ရဲ့ စွမ်းရည်မှာ မှော်အာရုံခံနိုင်စွမ်း၊ မှော်စာသားရွတ်ဆိုနိုင်စွမ်း နဲ့ ဖျက်ဆီးနိုင်စွမ်း ဆိုပြီး အမျိုးမျိုးရှိတာပဲ။ အခုက ငါတို့က မှော်ဗိမာန်မှာ ရှိနေတာမဟုတ်တော့ မှော်အာရုံခံနိုင်စွမ်းကို ယှဉ်နေလို့မရဘူး။ ဖျက်ဆီးနိုင်စွမ်းကို ယှဉ်မယ်ဆိုရင်လည်း ဒီဇရပ်က မုဆိုးစစ်သည်မဟာမိတ်အဖွဲ့ပိုင်တာဆိုတော့... ငါတို့သာ အုတ်အော်သောင်းနင်း လုပ်မိရင် ဟိုအဖိုးကြီးတွေ ငါတို့ကို လွှတ်ထားမှာမဟုတ်ဘူး။ အဲဒီတော့ ဒီပွဲကို အပြင်က ကွင်းပြင်တစ်ခုမှာ သွားပြိုင်တာ ပိုကောင်းလိမ့်မယ်"

ဟောင်နုက ချိုသာစွာ ပြောလိုက်သည်။

"အမ ပြောတာ မှန်ပါတယ်။ ဒါဆိုရင် ကျွန်မတို့က မှော်စာသားရွတ်ဆိုခြင်းကို ယှဉ်ပြိုင်ကြမှာလား"

ယွင်ရှန်းက အပြစ်ကင်းစင်သော မျက်ဝန်းလေးများဖြင့် မေးလိုက်ပုံမှာ အစောပိုင်းက နည်းဗျူဟာပေါင်းစုံ သုံးခဲ့သောသူဟုပင် မထင်ရပေ။

ဘေးမှကြည့်နေသော ယီပိုင်မင်း မှာမူ စိတ်ထဲမှ သက်ပြင်းချနေမိသည်။

နောက်တစ်ယောက်တော့ အလိမ်ခံရပြန်ပြီ... ဒီတောကြောင်မလေးရဲ့ အကွက်တွေက ယောကျ်ားရော မိန်းမပါ မကျန် အကုန်မိတာပဲ။

"ဒါဆိုရင် မှော်စာသားရွတ်ဆိုခြင်းကိုပဲ ယှဉ်ကြတာပေါ့။ ညီမလေး... အလယ်အလတ်အဆင့် မီးမှော်ပညာကို တတ်တယ်မဟုတ်လား"

ဟောင်နုသည် မူလက ယွင်ရှန်းကို သူမ၏ အစီအစဉ်အတိုင်း ဆွဲခေါ်ရန် ကြံရွယ်ထားသော်လည်း မသိမသာပင် သူမကိုယ်တိုင်က ယွင်ရှန်း၏ စည်းချက်ထဲသို့ ရောက်ရှိသွားခဲ့သည်။

"နည်းနည်းပါးပါးတော့ သိပါတယ်"

ယွင်ရှန်းက နှိမ့်ချစွာ ပြောလိုက်သည်။

"ဒါဆိုရင် မီးလျှံပေါက်ကွဲခြင်းနဲ့ ပြိုင်ကြရအောင်။ ဘယ်သူက အချိန်အတိုဆုံးအတွင်းမှာ မီးလျှံပေါက်ကွဲမှု အများဆုံး ပြုလုပ်နိုင်မလဲဆိုတာ ကြည့်ကြတာပေါ့"

ဟောင်နုစကားအဆုံးတွင် ယွင်ရှန်းကလည်း ချက်ချင်းပင် သဘောတူလိုက်သည်။

မီးလျှံပေါက်ကွဲခြင်း မှော်အတတ်၏ ဖျက်ဆီးနိုင်စွမ်းမှာ အလွန်ကြီးမားနိုင်သဖြင့် သူတို့သည် တတိယအဆုံးအဖြတ်ပွဲကို ဆင်နွှဲရန် မြို့ပြင်သို့ ထွက်လာခဲ့ကြသည်။

"ညီမလေး... ဟိုရှေ့မှာ မြစ်တစ်စင်းရှိတယ်။ အဲဒီမှာ ငါတို့ အလှည့်ကျ မီးလျှံပေါက်ကွဲခြင်းကို သုံးပြီး ဘယ်သူက မီးမှော်ပညာကို ပိုပြီး ကျွမ်းကျင်သလဲဆိုတာ ကြည့်ကြတာပေါ့"

ဟောင်နုသည် လမ်းတစ်လျှောက်လုံး ယွင်ရှန်းဘက်မှ ကန့်ကွက်ခြင်းမရှိသည်ကို မြင်သောအခါ ဝမ်းသာရသလို တစ်ဖက်ကလည်း စိတ်မအေးသလို ခံစားနေရသည်။

မီးလျှံပေါက်ကွဲခြင်းသည် ယွင်ရှန်း နားလည်သဘောပေါက်ခဲ့သော ဒုတိယမြောက် မီးမှော်ပညာဖြစ်ပြီး အလယ်အလတ်အဆင့်လည်း ဖြစ်သည်။ မှော်ညွှန်ကြားရေးမှူးအဆင့်ရှိ မှော်ဆရာတစ်ဦးအတွက် ဤမှော်ကို အသုံးပြုရသည်မှာ အလွန်အမင်းပင်ပန်းခြင်း မရှိသော်လည်း လွယ်ကူလှသည်တော့ မဟုတ်ပေ။ ပုံမှန်အားဖြင့် ထိုအဆင့်ရှိသူတစ်ဦးသည် စိတ်အာရုံ အပြည့်အဝ စုစည်းထားချိန်တွင် တစ်ကြိမ်လျှင် မီးလျှံခြောက်ခုမှ ဆယ်ခုအထိသာ ဆက်တိုက် ထုတ်လွှတ်နိုင်သည်။

ဟောင်နုသည် မျှတသောပြိုင်ပွဲဟု ပြောကာ သူမ၏ မှော်စွမ်းအားကို မှော်ညွှန်ကြားရေးမှူး အဆင့်သို့ လျှော့ချပစ်သည့် အထူး တံဆိပ်ခတ်မှော်ကို အသုံးပြုလိုက်သည်။ ၎င်းကြောင့် သူမ၏ မှော်လှံတံပေါ်ရှိ နောက်ဆုံး ဝိညာဉ်ကျောက်နှစ်လုံးမှာလည်း အသုံးမပြုနိုင်တော့ချေ။

ဤလုပ်ရပ်မှာ ဝံပုလွေသွားနှင့် ကောင်းကင်လိုက်လံရှာဖွေရေး အဖွဲ့ဝင်များအတွက် အလွန်ပင် တရားမျှတပုံ ပေါ်နေသော်လည်း ယွင်ရှန်းကမူ သူမ၏ ရင်ထဲတွင် လှောင်ပြုံး ပြုံးနေမိသည်။ ဟောင်နုသည် တကယ့်ကို ဒုတပ်မှူး ပီသလှပေသည်။ ဤမျှအထိ စေ့စပ်သေချာလှသော အစီအစဉ်နှင့် လှည့်ကွက်များကိုသာ ယွင်ရှန်းအနေဖြင့် ဘဝနှစ်ခုစာ အတွေ့အကြုံများ မရှိခဲ့ပါက အမှန်တကယ်ပင် အလိမ်ခံရပေလိမ့်မည်။

မှော်ဆရာတစ်ဦး အထူးသဖြင့် ဝါရင့်မှော်ဆရာတစ်ဦးသာလျှင် သန့်စင်သော မှော်ပညာရှင်နှင့် မှော်ညွှန်ကြားရေးမှူးတို့ကြားရှိ ကွာခြားချက်မှာ မှော်အင်အားပမာဏတစ်ခုတည်း မဟုတ်ကြောင်း သိနိုင်သည်။ ဟောင်နုသည် သန့်စင်သော မှော်ပညာရှင် အဆင့်သို့ ရောက်ရှိထားသူဖြစ်ရာ သူမ၏ မှော်ထိန်းချုပ်နိုင်စွမ်းမှာ သာမန်မှော်ညွှန်ကြားရေးမှူးများထက် အနည်းဆုံး ဆယ်ဆမျှ ပိုမိုအားကောင်းလှသည်။

ဆိုလိုသည်မှာ မှော်အင်အား ပမာဏချင်း တူညီနေလျှင်ပင် မှော်စွမ်းအား ပိတ်ပင်ခံထားရသော သန့်စင်သော မှော်ပညာရှင် တစ်ဦးသည် သူမ၏ ထူးကဲသော မှော်ထိန်းချုပ်မှု စွမ်းအားကို အသုံးပြု၍ မီးလျှံပေါက်ကွဲခြင်း ကို အနည်းဆုံး အကြိမ် ၃၀ မက ဆက်တိုက် ထုတ်လွှတ်နိုငစွမ်း ရှိနေခြင်းပင်။

ထို့ကြောင့် အကယ်၍ ဤပြိုင်ပွဲသည် ဟောင်နု၏ အစီအစဉ်အတိုင်းသာ သွားမည်ဆိုပါက ယွင်ရှန်းမှာ အရှုံးကြီး ရှုံးပေလိမ့်မည်။ သို့သော် ယွင်ရှန်းသည် ရန်သူဖြစ်သူ စိတ်ကြိုက် ခြယ်လှယ်သည်ကို အလွယ်တကူ လက်ခံမည့်သူ မဟုတ်ချေ။

သူတို့နှစ်ဦးသည် ယွီကျင်း မြို့ပြင်ရှိ အကြီးဆုံးမြစ်ကို သူတို့၏ တိုက်ပွဲမြေပြင်အဖြစ် ရွေးချယ်လိုက်ကြတော့သည်။

မကြာသေးမီက ခြောက်သွေ့သော ရာသီဥတုကြောင့် မြစ်ကြမ်းပြင်မှာ မူလအရွယ်အစား၏ တစ်ဝက်ခန့်အထိ ကျုံ့ဝင်သွားကာ အညိုရောင်သန်းသော ဝါကျင့်ကျင့် သဲမြေများ ပေါ်ထွက်နေသည်။

"အမ... ကျွန်မတို့ မှော်ပညာကို တစ်ပြိုင်နက်တည်း သုံးပြီး ဒီပွဲကို တစ်ခါတည်း အဆုံးသတ်လိုက်ကြရအောင်"

ယွင်ရှန်းက မျက်တောင်လေးများ ပုတ်ခတ်ကာ အပြစ်ကင်းစင်စွာ ပြောလိုက်သည်။

"ကောင်းပြီလေ... အားလုံးပဲ ကြည့်ထားကြပါ။ ငါက ကိုယ့်ကိုယ်ကိုယ် တံဆိပ်ခတ်မှော်သုံးထားပြီးပြီဆိုတော့ အခုအချိန်မှာ ညီမလေးယန်နဲ့ အတူတူ မှော်ညွှန်ကြားရေးမှူး အဆင့်ပဲ ရှိပါတော့တယ်"

ဟောင်နုက လူတိုင်းမြင်အောင် သက်သေပြလိုက်သည်။

"ဒါဆိုရင် စကြစို့... မှော်စာသားတွေကို တစ်ပြိုင်နက်တည်း ရွတ်ဆိုကြမယ်"

ဟောင်နုက တည်ငြိမ်စွာ ဆိုလိုက်သည်။

သူမသည် သူမ၏ မှော်လှံတံကို ထုတ်ယူလိုက်ပြီး ယွင်ရှန်းကလည်း သူမ၏ လှံတံကို တင်းတင်းဆုပ်ကိုင်လိုက်သည်။ ဟောင်နု၏ မှော်လှံတံမှာ သူမ၏ ဝတ်စားဆင်ယင်မှုကဲ့သို့ပင် ထင်ရှားလှပသော ကျောက်စိမ်းနီရိုးတံဖြစ်သည်။ လူတစ်ဝက်ခန့် အရပ်ရှိပြီး ယွင်ရှန်း၏ လျှို့ဝှက်ဆန်းကြယ် အရိုးလှံတံနှင့် ယှဉ်လျှင် ပို၍ပင် လူအများအာရုံစိုက်မှုကို ရရှိစေသည်။

သူမသည် သူမ၏ ကျောက်စိမ်းနီရိုးတံကို အပေါ်သို့ မြှောက်တင်ကာ လှပသော လှုပ်ရှားမှုဖြင့် ပြန်ဖမ်းလိုက်ပြီးနောက် မှော်စာသားများကို ချက်ချင်းပင် စတင်ရွတ်ဆိုတော့သည်။

"အင်..."

ရွတ်ဆိုနေစဉ်မှာပင် ဟောင်နုတစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားလိုက်ရသည်။ ပတ်ဝန်းကျင်ရှိ မီးဓာတ်မှော်စွမ်းအင်များမှာ အလွန်ပင် ရှားပါးနေတော့သည်။ သူမ အစောက အာရုံခံမိထားသည့်အတိုင်းဆိုလျှင် ဤနေရာသည် မီးဓာတ်များ ကြွယ်ဝနေရမည့် နေရာဖြစ်သည်။

ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီး အာရုံခံလို့ မရတော့တာလဲ...

ဟောင်နုဇဝေဇဝါ ဖြစ်နေစဉ်မှာပင် ပြင်းထန်လှသော မှော်လှိုင်းအရှိန်အဟုန်ကို ရုတ်တရက် ခံစားလိုက်ရသည်။ ထိုခံစားချက်မှာ ဟောင်နုသည် ချက်ချင်းပင် အာရုံစူးစိုက်ကာ ဘေးသို့ လှည့်ကြည့်လိုက်ရာ သူမ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် ပြောင်းလဲသွားတော့သည်။

အနီးအနားရှိသူများမှာ သိုင်းပညာရှင်များ ဖြစ်ကြသဖြင့် ဖြစ်ပေါ်နေသော အပြောင်းအလဲများကို များစွာ သတိမပြုမိကြချေ။ သို့သော် မှော်ဆရာတစ်ဦးလည်း ဖြစ်သည့် ယီပိုင်မင်းမှာမူ သူ၏ မျက်ဝန်းများကို အနည်းငယ် ကျဉ်းလိုက်သည်။

ဟောင်နုခံစားလိုက်ရသည်မှာ ဒီရေကဲ့သို့ ပြင်းထန်လှသော မှော်စွမ်းအင်များသည် သူမ၏ ဘေးရှိ ယန်ယွင်ထံသို့ အလုံးအရင်းနှင့် စီးဝင်သွားခြင်းပင်။ သူမ ကိုယ်တိုင် အာရုံခံပြီး ရွတ်ဆိုရန် ကြံရွယ်ထားသော မီးဓာတ်မှော်စွမ်းအင်များပင်လျှင် ထိုအထဲတွင် ပါဝင်နေသည်။

ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

သူမ၏ ပတ်ဝန်းကျင်ရှိ မီးဓာတ်မှော်စွမ်းအင်များမှာ တဖြည်းဖြည်းနှင့် စုပ်ယူခြင်း ခံနေရသဖြင့် ဟောင်နု၏ လှပသော မျက်နှာထက်တွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားသည်။ သူမသည် မှော်စာသားရွတ်ဆိုရန်ပင် မေ့လျော့သွားတော့သည်။ သူမ၏ မျက်နှာမှာ အာဟာရဓာတ်များ စုပ်ယူခံလိုက်ရသည့် နွေဦးရာသီမှ ပန်းတစ်ပွင့်ကဲ့သို့ ချက်ချင်းပင် ညှိုးနွမ်းသွားခဲ့ပြီး သူမ၏ လှပသော မျက်ဝန်းအစုံမှာ အံ့အားသင့်လွန်းသဖြင့် ပြူးကျယ်နေကာ ယွင်ရှန်းကို ပါးစပ်အဟောင်းသားနှင့် ငေးကြည့်နေမိတော့သည်။

All Chapters