← Chapters

အခန်း (၃၆၃)

Vol. 37 Ch. 363

အခန်း (၃၆၃)

Vol. 37 Ch. 363

အခန်း။ ၃၆၃

ပတ်ဝန်းကျင်တစ်ခုလုံး မြေလှန်ခံထားရသကဲ့သို့ ပြိုပျက်နေသည်ကိုလည်းကောင်း၊ အလှမ်းဝေးသောနေရာရှိ အဆောက်အဦးများမှာ ယိုင်နဲ့နဲ့ဖြစ်နေသည်ကိုလည်းကောင်း လှည့်ကြည့်ရင်း လုချွမ်းတစ်ယောက် မျက်မှောင်ကြုတ်မိသွားသည်။

အခု သူ နေထိုင်ဖို့ နေရာသစ်တစ်ခု ရှာဖွေရတော့မည်။ ချီချီလေး၏ လက်ရှိအခြေအနေအရ သူမအတွက် တိတ်ဆိတ်ငြိမ်သက်ပြီး အနားယူရန် အလွန်လိုအပ်သည်။ သို့သော် ယခုကဲ့သို့ ပြင်းထန်သော တိုက်ပွဲတစ်ခုအပြီးတွင် သင့်တော်သော နေရာတစ်ခုရှာရန်မှာ ပြဿနာတစ်ခု ဖြစ်လာသည်။

ချက်ချင်းပင် လုချွမ်းသည် သူ၏လက်အောက်ရှိ အဆင့် ၄ ဇွန်ဘီရုပ်သေးများကို စေလွှတ်လိုက်သည်။ မကြာမီမှာပင် မြို့၏အနောက်မြောက်ဘက် ထောင့်စွန်း၊ လမ်းမနှင့်နီးသောနေရာတွင် သင့်တော်သောအိမ်တစ်လုံးကို ူူတို့ ရှာဖွေတွေ့ရှိခဲ့သည်။

လုချွမ်းသည် အချိန်ဆွဲမနေတော့ဘဲ သူ၏ ယာဉ်တန်းကို ဦးဆောင်ကာ ထိုနေရာသစ်ဆီသို့ ဖြည်းညင်းစွာ ထွက်ခွာလာခဲ့သည်။

ဆယ်မိနစ်ခန့် ကြာပြီးနောက်...

လုချွမ်းသည် ချီချီလေးကို ပွေ့ချီကာ အိပ်ခန်းထဲရှိ ကုတင်ပေါ်တွင် အသာအယာ သိပ်လိုက်ပြီး စောင်ခြုံပေးလိုက်သည်။ ချီချီလေး၏ ဖြူလျော်နေသော မျက်နှာနှင့် အားနည်းနေသည့် ပုံစံကို ကြည့်ရင်း လူသားအရာရှိများအပေါ် ထားရှိသော လုချွမ်း၏ ဒေါသများမှာ တစ်ဖန် ပြန်လည်မြင့်တက်လာပြန်သည်။

အကယ်၍ သူသာ တုံ့ပြန်မှုမလုပ်ခဲ့လျှင် လူသားအရာရှိတွေက သူ့ကို တကယ်ပဲ အနိုင်ကျင့်ရလွယ်တဲ့သူလို့ ထင်နေကြမှာလား။

ယခုအခါ ချီချီလေး၏ စွမ်းအားမှာ အဆင့် ၅ တွင်ပင် အလွန်အမင်း အစွမ်းထက်နေပြီး သူမကိုယ်သူမ လုံးဝကာကွယ်နိုင်စွမ်း ရှိနေပြီဖြစ်သည်။ သူ၏ဘက်တွင် အားနည်းချက် သို့မဟုတ် ဟာကွက်ဟူ၍ မရှိတော့ဘူးဟု ဆိုနိုင်သည်။

လူသားအရာရှိများ၏ လုပ်ရပ်နှင့် ပတ်သက်၍ သူသည် မည်သည့်စိုးရိမ်ပူပန်မှုမျှ ရှိမနေတော့ဘဲ သူ လုပ်ချင်သလား မလုပ်ချင်ဘူးလား ဆိုသည့်အပေါ်မှာသာ မူတည်တော့သည်။ လူသားအရာရှိများ၏ ဆက်တိုက်ဆိုသလို ရန်စမှုများကို ခံစားခဲ့ရပြီးနောက် လုချွမ်းသည် ယခုအခါ သည်းခံနိုင်စွမ်း အကန့်အသတ်သို့ ရောက်ရှိနေပြီဖြစ်သည်။

"ဟူး... ချီချီလေးရာ မင်းလေးကတော့ တကယ်ပဲ..."

ထို့နောက် ချီချီလေးကို ထပ်မံကြည့်ရှုရင်း လုချွမ်း သက်ပြင်းချမိသည်။ စောစောက သူ အန္တရာယ်ကြုံနေသည်ကို မြင်သောအခါ ထိုကလေးမလေးက ဘာမှမစဉ်းစားဘဲ ဝင်ရောက်ကူညီခဲ့ခြင်းမှာ လုချွမ်းအတွက် စိတ်သက်သာရာရစေသည်မှာ အမှန်ပင်။ သို့သော် ယခုကဲ့သို့ ဝိညာဉ်စွမ်းအားကို အလွန်အကျွံ သုံးစွဲမိသဖြင့် သတိလစ်သွားသည်ကို မြင်ရသောအခါ သူ အလွန်ပင် စိတ်မကောင်း ဖြစ်ရသည်။

ခဏအကြာတွင် လုချွမ်းသည် ကလေးမလေး၏ ပါးပြင်ကို အသာအယာ ပွတ်သပ်ပေးလိုက်ပြီးနောက် မတ်တပ်ထရပ်ကာ တံခါးကို အသာပိတ်၍ အပြင်သို့ ထွက်လာခဲ့သည်။

ချီချီလေး နိုးလာသည့်အခါ သေချာပေါက် ဗိုက်ဆာနေပေလိမ့်မည်။ ထို့ကြောင့် စွမ်းအင်

ကြွယ်ဝသော သားရဲရိုင်းအသားဖြင့် စွပ်ပြုတ်တစ်မျိုး ချက်ပြုတ်ပေးရန် သူ ပြင်ဆင်လိုက်တော့သည်။

ကျောက်လင်းသည် လုချွမ်းနှင့် ကျိရုရွှယ်တို့ထံမှ ထွက်ခွာလာခဲ့သည်မှာ တစ်ပတ်နီးပါး ရှိခဲ့ပြီဖြစ်သည်။

နောက်ဆုံးတွင် ကျောက်လင်းသည် လီမြစ်မြို့နှင့် အိမ်နီးချင်းဖြစ်သော ယွီဟွားမြို့သို့ ရောက်ရှိလာခဲ့သည်။

ဂျိမ်း...

ထိုအချိန်တွင် ကျောက်လင်းသည် ကျယ်ပြန့်သော လမ်းမကြီးတစ်ခုပေါ်တွင် ဆီဒန်ကားတစ်စီးကို မောင်းနှင်ရင်း ဖြည်းညင်းစွာ ရှေ့သို့ တိုးလာနေသည်။

ဝုန်း…

ဆီဒန်ကား၏ ရှေ့တွင်မူ ကျောက်လင်း ကိုယ်တိုင် အဆင့် ၃ ရောက်အောင် ကျွေးမွေးပြုစုထားသည့် ဗီဇပြောင်း ကျွဲနက်ကြီးတစ်ကောင်သည် ၎င်း၏ သခင်ပေးအပ်ထားသော တာဝန်ကို နာခံစွာ ထမ်းဆောင်နေသည်။

သန်မာလှသော ခန္ဓာကိုယ်ဖြင့် အရှိန်အဟုန်ပြင်းစွာ တိုးဝှေ့တိုက်ခိုက်လိုက်ရာ လမ်းကို ပိတ်ဆို့ထားသော မော်တော်ယာဉ်များမှာ ဘေးသို့ လွင့်စင်သွားပြီး လမ်းမကြီးပေါ်တွင် ဆူညံသော အသံများ အဆက်မပြတ် ထွက်ပေါ်နေတော့သည်။

လမ်းမပေါ်တွင် ပိတ်မိနေသော ဇွန်ဘီအုပ်စုများသည် အသံကြားသဖြင့် ပြေးဝင်လာကြသော်လည်း ကျောက်လင်း၏ ကားအနားသို့ မကပ်နိုင်မီမှာပင် ဗီဇပြောင်းကျွဲနက်ကြီး၏ ကန်ကျောက်ခြင်းကို ခံလိုက်ရကာ လေထဲတွင်ပင် တစ်စစီ ပြိုကွဲပျက်စီးသွားကြရသည်။

"ယွီဟွား မြို့ပြဧရိယာ ရောက်တော့မယ်"

ကားထဲတွင် ကျောက်လင်းသည် ကျန်းပြည်နယ်မြေပုံကို ကိုင်ထားရင်း ရှေ့တွင် မှိန်ပျပျ မြင်နေရသော မြို့၏ ပုံရိပ်ကို ကြည့်ကာ ပြုံးလိုက်မိသည်။

လီမြစ်မြို့မှ ယွီဟွားမြို့အထိ ခရီးသွားရသည့် အချိန်အတောအတွင်း သူမ ရူးမတတ်ပင် ခံစားခဲ့ရသည်။ လမ်းတစ်လျှောက်လုံးတွင် တိုက်ခိုက်လာသော ဇွန်ဘီများ သို့မဟုတ် ရန်လိုသော သားရဲရိုင်းများသာ ရှိနေပြီး စကားပြောဖော် တစ်ယောက်မျှ မရှိခဲ့ပေ။

သူမ တစ်ယောက်တည်း ဖြစ်နေသည့်အပြင် တောရိုင်းထဲတွင် အခြေအနေများမှာလည်း အလွန်ဆိုးရွားလှသဖြင့် ယခုအချိန်အထိ ရေမချိုးရသေးပေ။ အဝတ်အစားများ လဲလှယ်ခဲ့သော်လည်း သူမကိုယ်သူမ အနံ့အသက်ဆိုးများ ထွက်နေတော့မည်ဟု ခံစားနေရသည်။

ယခုအခါ ယွီဟွားမြို့မှာ သူမ၏ ရှေ့တည့်တည့်တွင် ရှိနေပြီဖြစ်သည်။ မြို့ပြအခြေအနေမှာ တောရိုင်းထက် အများကြီး ပိုမိုကောင်းမွန်သဖြင့် သူမ နောက်ဆုံးတွင် ကောင်းကောင်းအနားယူနိုင်တော့မည် ဖြစ်သည်။

ထောင်သောင်းချီသော ဇွန်ဘီများကြားမှ အဆင့် ၅ ဇွန်ဘီတစ်ကောင်နှင့် ကံဆိုးစွာ ထိပ်တိုက်မတိုးမိလျှင်ဖြစ်စေ ဇွန်ဘီဘုရင်တစ်ပါးက ဇွန်ဘီရေလှိုင်းတစ်ခုကို ဖန်တီးမလာလျှင်ဖြစ်စေ အဆင့် ၄ စွမ်းအားသို့ ရောက်ရှိနေပြီဖြစ်သော ကျောက်လင်းအတွက် မြို့ထဲသို့ ဝင်ရောက်ခြင်းမှာ ကြီးမားသောအန္တရာယ် မရှိနိုင်ဘူးဟု သူမ ယူဆထားသည်။

ဗီဇပြောင်းကျွဲနက်ကြီး၏ အကူအညီဖြင့် ကျောက်လင်းသည် ဆီဒန်ကားကို မြို့ပြ၏ အဓိက လမ်းမကြီးပေါ်သို့ မကြာမီ မောင်းနှင်ဝင်ရောက်နိုင်ခဲ့သည်။

လမ်းတစ်လျှောက် အခြေအနေများကို လေ့လာကြည့်ရာ ယခင် လီမြစ်မြို့နှင့် ထူးမခြားနားလှပေ။ ခြောက်ကပ်နေသော မြို့ပြ၊ လမ်းသလားနေသော ဇွန်ဘီများနှင့် အနံ့အသက်ဆိုးများ ထွက်ပေါ်နေသော လမ်းမများသာ ရှိသည်။

ကျောက်လင်းသည် လုချွမ်း၏ ပုံစံအတိုင်း လိုက်နာရန် ဆုံးဖြတ်လိုက်သည်။ မြို့သစ်တစ်ခုသို့ ရောက်လျှင် ပထမဦးဆုံး နေထိုင်ရန် နေရာတစ်ခု အရင်ရှာဖွေရမည်။

လမ်းတစ်လျှောက်တွင် ကျောက်လင်းသည် ကားကို ဖြည်းညင်းစွာ မောင်းနှင်ခဲ့ပြီး မြို့စွန်တစ်ဝိုက်ကိုသာ ပတ်ခဲ့သည်။ သူမသည် အခြေအနေကို အလွန်အကျွံ ဆူညံပွက်လောရိုက်အောင် မလုပ်ခဲ့ပေ။

အင်အား အလုံအလောက် မရှိသေးသောကြောင့် ကျောက်လင်းသည် လုချွမ်းကဲ့သို့ မရဲရင့်နိုင်သေးပေ။ လုချွမ်း၏ ယာဉ်တန်းရှည်ကြီးမှာ မြို့ပြအတွင်း၌ မည်သည်ကိုမျှ ဂရုမစိုက်ဘဲ အရှိန်အဟုန်ဖြင့် မောင်းနှင်လေ့ရှိသည်။ ဇွန်ဘီလှိုင်းကြီးများ တက်လာလျှင်ပင် လုချွမ်းသည် ထိတ်လန့်ခြင်းမရှိဘဲ လမ်းကြောင်းပေါ်ရှိ အတားအဆီးမှန်သမျှကို ချေမှုန်းပစ်လေ့ရှိသည်။

နောက်ဆုံးတွင် ကျောက်လင်းသည် ပန်းခြံတစ်ခုနှင့် နီးသော ရပ်ကွက်တစ်ခုတွင် ကားရပ်လိုက်သည်။ ထိုနေရာ၏ ရှုခင်းမှာ သာယာလှပြီး တစ်ဖက်တွင် မြို့ပြင်နှင့် ဆက်သွယ်ထားသော ပန်းခြံကျယ်ကြီး ရှိသည်။ ၎င်းမှာ ဇွန်ဘီရေလှိုင်းများ တိုက်ခိုက်လာပါက ထွက်ပြေးတိမ်းရှောင်ရန် အကောင်းဆုံး လမ်းကြောင်းပင်။

ဝူး...

ဆီဒန်ကားလေးသည် ရပ်ကွက်ဝင်ပေါက်တွင် ရပ်တန့်သွားသည်။ ကျောက်လင်း ကားပေါ်မှ ဆင်းဆင်းချင်း၊ အလိုအလျောက် သံပန်းတံခါးကို မဖွင့်ရသေးမီမှာပင် သူမထံသို့ လျင်မြန်စွာ ချဉ်းကပ်လာသော ခြေသံအချို့ကို ကြားလိုက်ရသည်။

"ဘယ်သူလဲ"

ကျောက်လင်း၏ မျက်နှာ အမူအရာ ချက်ချင်း ပြောင်းလဲသွားသည်။ သူမသည် လှည့်ကြည့်လိုက်ပြီး လက်ထဲမှ စတီးဓားကို ဆွဲထုတ်ကာ ဆီဒန်ကားကို အကာအကွယ်ယူလိုက်သည်။ ထို့နောက် တိတ်တဆိတ် ချဉ်းကပ်လာသော ဆင့်ကဲပြောင်းလဲသူနှစ်ဦးကို အေးစက်စွာ စိုက်ကြည့်နေတော့သည်။

ထိုသူနှစ်ဦးမှာ အသက် ၂၀ ကျော် အရွယ်များ ဖြစ်ပုံပင်။ တစ်ဦးမှာ ထွားကြိုင်းသန်မာပြီး ဖော်ထုတ်ထားသော လက်မောင်းတွင် မည်သည့်အဓိပ္ပာယ်မှန်းမသိရသော တက်တူးများ ရှိသည်။

အခြားတစ်ဦးမှာမူ အရပ်ပုပု၊ ပိန်ပိန်ပါးပါးနှင့် နားကပ်ပန်ထားသည်။ ဆံပင်အဝါရောင်နှင့် လူမိုက်ပုံစံမျိုး ပေါက်နေသည်။ သို့သော် နှစ်ဦးစလုံးမှာ ကျောပိုးအိတ်ကြီးများကိုယ်စီ လွယ်ထားကြပြီး လက်ထဲတွင် သွေးစွန်းနေသော ဓားရှည်များကို ကိုင်ဆောင်ထားကြသည်။ ၎င်းမှာ တိုက်ပွဲများစွာကို ရင်ဆိုင်ခဲ့ရကြောင်း သက်သေပင်။

"ဟဲဟဲ... မိန်းမတစ်ယောက်ပါလား။ ဒီလိုအချိန်မျိုးမှာ တစ်ယောက်တည်းဖြစ်နေတဲ့ မိန်းမတစ်ယောက်ကို တွေ့ရလိမ့်မယ်လို့ ထင်မထားဘူး"

"ဟေး အလှလေး... ငါ့မိန်းမ လုပ်မလားဟင် ငါ မင်းကို ကာကွယ်ပေးမှာပေါ့"

ဆံပင်ဝါနှင့် လူငယ်၏ မျက်လုံးများ ဝင်းလက်သွားပြီး စိတ်လှုပ်ရှားစွာဖြင့် ကျောက်လင်း၏ မျက်နှာကို ကြည့်ကာ ချဉ်းကပ်လာသည်။

"ကျန်းစီမင် သတိထားဦး"

ဘေးမှ ထွားကြိုင်းသော လူကြီးက သူ့အသင်းဖော်၏ မဆင်မခြင် ချဉ်းကပ်မှုကို မြင်သောအခါ အမြန် သတိပေးလိုက်သည်။

ကံမကောင်းစွာဖြင့် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ ကျန်းစီမင် အနားသို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် ကျောက်လင်း၏ မျက်နှာမှာ အေးစက်သွားပြီး ခြေထောက်ဖြင့် အရှိန်အဟုန်ပြင်းစွာ ကန်ထုတ်လိုက်တော့သည်။

"အား... "

ကျန်းစီမင်သည် နာကျင်စွာ အော်ဟစ်လိုက်ပြီး တစ်ကိုယ်လုံး လွင့်စင်သွားကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားပြီးနောက် အတော်ကြာအောင် ပြန်မထနိုင်တော့ပေ။

ထွားကြိုင်းသော လူကြီး ဝမ်ယွမ်က ကျန်းစီမင်ကို အပြေးအလွှား သွားရောက်ထူမပေးလိုက်သည်။

"တောက်... ဒီမိန်းမက ငါ့ကို တိုက်ခိုက်ရဲတယ်ပေါ့။ ဝမ်ယွမ်... သွားမယ်။ သူ့ကို ပညာပေးရအောင်"

ပြောပြောဆိုဆိုဖြင့် ကျန်းစီမင်သည် ဒေါသတကြီးနှင့် လျှပ်တပြက် အလျင်နှုန်းကို အသုံးပြုလိုက်ရာ လျှပ်စီးတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီး ဓားရှည်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် ကျောက်လင်းထံသို့ ပြေးဝင်သွားတော့သည်။

သူ၏ အသင်းဖော် စတင်တိုက်ခိုက်သည်ကို မြင်သောအခါ ဝမ်ယွမ်သည်လည်း မတတ်သာသည့်အဆုံး သူ၏ ခန္ဓာကိုယ်ကို မည်သည့်အရာကမျှ ဖောက်ထွင်း၍မရသော ရွှေသတ္တုခန္ဓာအဖြစ် ပြောင်းလဲလိုက်ပြီး ကျောက်လင်းထံသို့ ဝုန်းဒိုင်းကြဲကာ ပြေးဝင်သွားတော့သည်။

သို့သော်လည်း နောက်တစ်ခဏတွင် သူတို့ မမျှော်လင့်ထားသည်မှာ...

ဘုန်း... ဘုန်း...

မပီပြင်သော ရိုက်ခတ်သံ နှစ်ချက် ထွက်ပေါ်လာပြီးနောက် ပုံရိပ်နှစ်ခုမှာ တစ်ပြိုင်နက်တည်း လေထဲသို့ မြင့်တက် လွင့်စင်သွားပြီး မြေပြင်ပေါ်သို့ ပြန်လည်ကျရောက်သွားတော့သည်။

"အား... မင်း... မင်း နောင်တရစေရမယ်။ ယွီဟွားဂိုဏ်းရဲ့ အဖွဲ့ဝင်တွေကို တိုက်ခိုက်မိတာ မင်းအတွက် အဆုံးသတ်ပဲ..."

ကျန်းစီမင်နှင့် ဝမ်ယွမ်တို့မှာ နာကျင်လွန်းသဖြင့် ရင်ဘတ်ကို ဖိကာ တွန့်လိမ်နေကြပြီး မျက်နှာများမှာလည်း ဝေဒနာကြောင့် ရှုံ့မဲ့နေတော့သည်။

"ဟင်း"

ကျောက်လင်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ရှေ့သို့ တိုးဝင်ကာ သူမ၏ လက်သီးများကို မုန်တိုင်းတစ်ခုသဖွယ် ဆက်တိုက်ဆိုသလို ပစ်လွှတ်လိုက်တော့သည်။

"အား... အား... တော်ပါတော့... မရိုက်ပါနဲ့တော့... "

နာရီဝက်ခန့် ကြာပြီးနောက် မျက်နှာတွင် ဒဏ်ရာဗရပွနှင့် ဖူးယောင်နေသော ကျန်းစီမင်နှင့် ဝမ်ယွမ်တို့သည် ကျောက်လင်း၏ အမိန့်ကို နာခံစွာဖြင့် သူမကို ဗီလာအိမ်ရာဝင်းတစ်ခုဆီသို့ ဦးဆောင်ခေါ်သွားကြတော့သည်။

အိမ်ရာဝင်း၏ ဝင်ပေါက်သို့ ရောက်ရှိချိန်တွင်...

"ဒီနေရာပါပဲ"

ကျန်းစီမင်သည် သူ၏ဘေးရှိ ကျောက်လင်းကို ကြောက်ရွံ့စွာ တစ်ချက်ကြည့်လိုက်ရင်း သတိထား၍ ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ကျောက်လင်းသည် မျက်လုံးကို ပင့်ကြည့်လိုက်သည်။ ပိုမိုခိုင်ခံ့အောင် ပြုလုပ်ထားသော ဗီလာအိမ်ရာဝင်း၏ ဂိတ်တံခါးနှင့် မြင့်မားလှသော ပတ်ဝန်းကျင် တံတိုင်းများကို ကြည့်ကာ သူမ၏ မျက်ဝန်းထဲတွင် ကျေနပ်သည့် အရိပ်အယောင်များ ထွက်ပေါ်လာတော့သည်။

ရုတ်တရက်ဆိုသလို ပြင်းထန်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"ဘယ်သူလဲ"

ဗီလာအိမ်ရာဝင်းအတွင်းမှ လူတစ်စုသည် လျင်မြန်စွာ ပြေးထွက်လာကြပြီး ကျောက်လင်းကို ရန်လိုသော အကြည့်များဖြင့် စိုက်ကြည့်နေကြသည်။

"ဒီနေ့ကစပြီး ဒီနေရာရဲ့ ခေါင်းဆောင်က ငါပဲ။ ငါက ယွီဟွားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ"

သူတို့ ရောက်ရှိလာသည်ကို ကြည့်ရင်း ကျောက်လင်းက တည်ငြိမ်အေးစက်သော လေသံဖြင့် ပြောလိုက်တော့သည်။

All Chapters