လျှူယွီတုံ
Vol. 7 Ch. 63
ပေကျင်း၊ ရိကျွမ်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဇုန်
— Jindong ဌာနချုပ်အတွင်း၌
“Longteng Group ကလူတွေ လေဆိပ်ကို ဘယ်အချိန်ရောက်မှာလဲ.."
စာရွက်စာတမ်းပုံကြီးကို ကိုင်တွယ်ဖြေရှင်းပြီးခါစ လျူယွီတုံးက သူ့ရဲ့ပြည့်ဖောင်းတဲ့မျက်နှာကိုအသာ ပုတ်ရင်း မေးလာသည်။
ဘေးနားမှ အတွင်းရေးမှူးမလေးက ချက်ချင်းပဲ
“ဥက္ကဋ္ဌ... Longteng ရဲ့ လေယာဉ်အမှတ် MJ4025 ဟာ နောက်ထပ် တစ်နာရီအတွင်းမှာ တားရှင်း နိုင်ငံတကာလေဆိပ်ကို ဆိုက်ရောက်ဖို့ ရှိပါတယ်”
လို့ တုန့်ပြန်သည်။
“ရောက်တော့မှာပဲ မင်း အောက်ဆင်းပြီး ကားတွေအရင်စီစဉ်ထားလိုက်တော့ ငါကိုယ်တိုင် လေဆိပ်ကိုသွားပြီး ကြိုမှဖြစ်မယ်”
လျူယွီတုံးက လက်ယမ်းပြရင်း အမိန့်ပေးလိုက်သည်။
သူဟာ Longteng Group အပေါ် အတော်လေးကို စိတ်ဝင်တစား ရှိနေတာပါ။ လွန်ခဲ့တဲ့ လအနည်းငယ်ကမှ ဒေဝါလီခံရတော့မယ့် ပြည်တွင်းဖုန်းကုမ္ပဏီဟောင်းလေးတစ်ခုက အခုတော့ အရှိန်အဟုန်နဲ့ တက်လာတဲ့ လူသစ်ကြီး ဖြစ်နေလေပြီ။ နိုင်ငံရဲ့ ကိုယ်ပိုင် OS ကို ထည့်သွင်းထားတဲ့ ပြည်တွင်းဖြစ် စမတ်ဖုန်းတွေဟာ တခြားပြည်တွင်းထုတ်ကုန် ၉၉% ထက် သာလွန်နေတာ အမှန်ပဲလေ။
ဒါပေမဲ့ သူ့ကို ပိုပြီး စိတ်ဝင်စားစေတာကတော့ Longteng ရဲ့ နောက်ကွယ်က Fengteng ရင်းနှီးမြှုပ်နှံမှုရဲ့ ဥက္ကဋ္ဌ လင်းဖန် ပါပဲ။ အသက် ၁၈ နှစ်ပဲ ရှိသေးတဲ့ တက္ကသိုလ်ဝင်တန်း ဂုဏ်ထူးရှင်၊ တစ်လမပြည့်ခင်မှာတင် ရှယ်ယာဈေးကွက်ကို ကစားပြီး ဘီလီယံပေါင်း ရာနဲ့ချီ အမြတ်ထုတ်နိုင်ခဲ့တဲ့ မိဘမဲ့လူငယ်လေး။
အောက်ခြေလူတန်းစားကနေ တက်လာတဲ့ လျူယွီတုံးအနေနဲ့ ဒီလူငယ်လေးအပေါ်မှာ မွေးရာပါ ရင်းနှီးမှုမျိုး ခံစားနေရသည်။ ဒါကြောင့်လည်း သူကိုယ်တိုင် လေဆိပ်ကို သွားကြိုဖို့ ပြင်နေခြင်း ဖြစ်သည်။ တကယ်တော့ Jindong Group ရဲ့ လက်ရှိအဆင့်အတန်းအရဆိုရင် ဒု-ဥက္ကဋ္ဌတစ်ယောက်ကိုပဲ လွှတ်လိုက်ရင်တောင် လင်းဖန်အတွက် မျက်နှာပန်းလှလှနဲ့ လုံလောက်နေပါပြီ။
“ဟုတ်ကဲ့ပါ”
လှပတဲ့ အတွင်းရေးမှူးမလေးရဲ့ မျက်လုံးထဲမှာ အံ့ဩရိပ်တွေ ဖြတ်ပြေးသွားသည်။ သူမရဲ့ မှတ်ဉာဏ်ထဲမှာ Rice (Xiaomi) ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ လဲ့ကျွင်း ကိုယ်တိုင်လာရင်တောင် လျူယွီတုံးက လေဆိပ်အထိ သွားကြိုလေ့မရှိချေ။ အခုတော့ Longteng Group လေးအတွက် ဒီလောက်အထိ အားစိုက်ထုတ်နေတာက တကယ်ကို အံ့ဩစရာပင်။
နံနက် ၁၁ နာရီမှာတော့ ရှန်းချန်ကလာတဲ့ လေယာဉ် MJ4025 ဟာ ပေကျင်း တားရှင်းလေဆိပ်ကို အချိန်မှန် ဆိုက်ရောက်လာသည်။ ပေါ့ပေါ့ပါးပါး အဝတ်အစားတွေ ဝတ်ဆင်ထားတဲ့ လင်းဖန်ဟာ လေယာဉ်ပေါ်က ဆင်းလာသည်။
ဘေး၌ ရွှေရောင်မျက်မှန်လေးတပ်ပြီး ရုံးဝတ်စုံနဲ့ လှပနေတဲ့ မိုရှင်းယာသာ မပါရင်တော့ သူက ပေကျင်းကို လည်ပတ်ဖို့လာတဲ့ သာမန်တက္ကသိုလ်ကျောင်းသားတစ်ယောက် ဒါမှမဟုတ် အများဆုံးရှိလှ လူချမ်းသာသားလေးတစ်ယောက်နဲ့ပဲ တူနေပါလိမ့်မည်။
“ဥက္ကဋ္ဌ... သူတို့ ရောက်လာပါပြီ"
လျူယွီတုံးတစ်ယောက် လင်းဖန်ကို မြင်မြင်ချင်းပဲ ပြုံးရွှင်စွာနဲ့ အရှေ့ကို လှမ်းတက်သွားသည်။
လေဆိပ်ထွက်ပေါက်၌ စောင့်ကြိုနေသည့် လျူယွီတုံးနဲ့ သူ့အဖွဲ့သားတွေကလည်း ထူးခြားတဲ့ အရှိန်အဝါရှိတဲ့ လူငယ်လေးနဲ့ လှပတဲ့ အတွင်းရေးမှူးမလေးတို့ရဲ့ တွဲဖက်မှုကို မြင်တွေ့လိုက်ကြရသည်။
လျူယွီတုံးရဲ့ မျက်လုံးတွေထဲမှာတော့ ထူးဆန်းတဲ့ အရိပ်အယောင်တွေ ဖြတ်ပြေးသွားသည်။ သတင်းအချက်အလက်တွေထဲမှာ ပါတဲ့အတိုင်းပါပဲ၊ Longteng ရဲ့ နောက်ကွယ်က လူဟာ တကယ်ကို ငယ်ရွယ်လွန်းလှသလို အတော်လေးလည်း ချောမောခန့်ညားတဲ့သူ ဖြစ်နေသည်။
Jindong Mall က လေဆိပ်ကြိုဆိုရေး ဝန်ထမ်းတွေက လင်းဖန်တို့အဖွဲ့ဆီ အပြေးအလွှား သွားရောက်နှုတ်ဆက်ပြီး ကားပါကင်ဆီ တိုက်ရိုက် လမ်းညွှန်ပေးကြသည်။
လင်းဖန်ပ အဝေးကတည်းမှာပင် ရင်းနှီးနေတဲ့ ထိုပုံရိပ်ကို မြင်တွေ့ပြီးသား ဖြစ်သည်။ နွေးထွေးပြီး ပြည့်ဖောင်းတဲ့ မျက်နှာပေးက လူတွေရဲ့ အာရုံကို ဖမ်းစားထားသည်။
“ဟာ မစ္စတာလျူကိုယ်တိုင် လာကြိုပေးတယ်ဆိုတော့ ကျွန်တော် တကယ်ကို အားနာမိပါတယ်ဗျာ”
လင်းဖန်က ဘာမှတွန့်ဆုတ်မနေဘဲ ယဉ်ကျေးပျူငှာစွာနဲ့ သူ့ရဲ့လက်ယာဘက်ကို ကမ်းပေးပြီး နှုတ်ဆက်လိုက်သည်။
“မဟုတ်တာပဲ ဒါရိုက်တာလင်းက မစ္စတာမာ (မာဟွာထန်) ပြောခဲ့သလိုပဲ တကယ်ကို လူငယ်လူရွယ်နဲ့ ထူးချွန်ထက်မြက်သူ ဖြစ်နေတာပဲ ကျွန်တော် တကယ့်ကို အဆုံးမရှိ ချီးကျူးမိပါတယ်”
လျူယွီတုံးကလည်း ဘာမှ အပိုတွေ လုပ်မနေဘဲ ပြုံးရွှင်စွာနဲ့ လက်ဆွဲနှုတ်ဆက်လာသည်။ စီးပွားရေးလောကမှာတော့ အသက်အရွယ်ထက် အောင်မြင်မှုကိုပဲ ဦးစားပေးကြတာ မဟုတ်လား။
လင်းဖန်ရဲ့ မည်သူမည်ဝါဖြစ်ကြောင်းဟာ အတိုင်းအတာတစ်ခုအထိ လျှို့ဝှက်ချက် မဟုတ်တော့ချေ။
အနည်းဆုံးတော့ လျူယွီတုံးလိုမျိုး ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့ မျက်စိထဲမှာတော့ ပေါ်လွင်နေပြီးသားဖြစ်သည်။ ရှန်းချန်က Penguin Group နဲ့ Jindong တို့ကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေတာမို့လို့ အင်တာနက် လုပ်ငန်းရှင်ကြီးတစ်ယောက်ဖြစ်တဲ့ လျူယွီတုံးဟာ မာဟွာထန်ဆီကနေ လင်းဖန်အကြောင်း သတင်းတချို့ ကြိုတင်ရရှိထားပြီးသား ဖြစ်နိုင်သည်။
“မစ္စတာလျူကလည်း အားနာစရာတွေ ပြောနေပြန်ပြီ ကျွန်တော်တို့ ကားပေါ်အရင်တက်ပြီးမှပဲ ဆက်ပြောကြတာပေါ့”
လင်းဖန်က ပြုံးရင်း အကြံပြုလိုက်သည်။
လျူယွီတုံးက ဒီစကားကြောင့် စိတ်မဆိုးပေ။ ဘာလို့လဲဆိုတော့ လင်းဖန်က လူသိရှင်ကြား ထွက်ရတာထက် ပုံရိပ်ကို လျှို့ဝှက်ထားရတာ ပိုကြိုက်တတ်မှန်း သူ ကြိုသိထားလို့ပင်။ ဒါကြောင့်လည်း Longteng Group ရဲ့ သတင်းစာရှင်းလင်းပွဲ နှစ်ကြိမ်စလုံးမှာ CEO ပဲ စင်ပေါ်တက်ပြီး ရှင်းပြခဲ့ခြင်း ဖြစ်နိုင်သည်။
“ဟား... ဒါရိုက်တာလင်း ပြောတာ မှန်ပါတယ် ကားပေါ်ရောက်မှပဲ အေးအေးဆေးဆေး စကားပြောကြတာပေါ့”
ပြောပြောဆိုဆိုနဲ့ပဲ လျူယွီတုံးက ဘေးနားမှာရှိတဲ့ Bentley Mulsanne ကားကြီးဆီ လင်းဖန်ကို လမ်းပြခေါ်ဆောင်သွားတော့သည်။ လင်းဖန်လည်း အချိန်မဆွဲဘဲ ကားထဲကို အမြန်ဝင်လိုက်သည်။ လျူယွီတုံးလို လူကောင်ကြီးတစ်ယောက် လေဆိပ်ကို လာတာက မီဒီယာတွေရဲ့ အာရုံစိုက်မှုကို အများကြီး ရနိုင်တာမို့လို့ အချိန်အကြာကြီး ရပ်နေရင် လူသိရှင်ကြား ဖြစ်သွားမှာကို လင်းဖန်က စိုးရိမ်မိသည်။
ကားထဲရောက်လို့ ဘေးပတ်ပတ်လည်က ရင်းနှီးနေတဲ့ အတွင်းပိုင်းဒီဇိုင်းတွေကို မြင်လိုက်ရတဲ့အခါ လင်းဖန် မရယ်ဘဲ မနေနိုင်တော့ပေ။
Bentley Mulsanne ဆိုတာ တရုတ်နိုင်ငံ၌ မဆန်းပေမဲ့ ဒါက Bentley ကနေ ထုတ်လုပ်ထားတဲ့ အဆင့်မြင့် High-end Customized Version ကြီး ဖြစ်နေခြင်းပင်။ အပြင်ပန်းကွာချင်ကွာမယ်၊ အတွင်းပိုင်းကတော့ အခြေခံအားဖြင့် အတူတူသာ ဖြစ်သည်။
“ဒါရိုက်တာလင်း... ဘာဖြစ်လို့လဲဗျ”
ဘေးနားက လျူယွီတုံးကတော့ လင်းဖန် ကားထဲရောက်တာနဲ့ တစ်ချက်ရယ်လိုက်တာကို ကြည့်ပြီး ကြောင်အသွားရသည်။ လင်းဖန် ဘာကို သတိထားမိ၍ ရယ်တာလဲဆိုတာ သူ တကယ်ပဲ သိချင်နေမိသည်။
“မစ္စတာလျူ... ကျွန်တော်လည်း ရှန်းချန်မှာ သွားလာတဲ့အခါ ဒီ Bentley Mulsanne ကိုပဲ သုံးနေတာမို့လို့ပါ”
လင်းဖန်က သူ့ကို ကြည့်ပြီး ပြုံးလျက် ဖြေလိုက်သည်။
“ဟားဟားဟား ဒါဟာ တကယ့်ကို ကံပါပဲဗျာ”
ဒါကို ကြားတော့ လျူယွီတုံးလည်း လိုက်ရယ်ပါတော့သည်။ တရုတ်နိုင်ငံ၌ Bentley Mulsanne တွေ အများကြီးရှိပေမဲ့ သူ့ရဲ့ကားက ပေကျင်းမြို့မှာ တစ်စီးတည်းရှိတဲ့ အဆင့်မြင့် Customized Version ပါ။
လူအများစုက Maybach ကိုပဲ စီးချင်ကြတာဖြစ်ပြီး ဒီ trend ကိုလည်း မာယွန်းက စတင်ခဲ့ခြင်း ဖြစ်သည်။ ဒါပေမဲ့ လင်းဖန်က ရှန်းချန်မှာ Bentley Mulsanne ကိုပဲ စီးတယ်ဆိုတော့... သူ့အဆင့်အတန်းအရ သာမန် version တော့ မဟုတ်တာ သေချာသည်။ ဒါကြောင့်လည်း ဒီလောက်အထိ တိုက်ဆိုင်နေတာကို လင်းဖန်က သဘောကျပြီး ရယ်မိတာ ဖြစ်နိုင်လေသည်။