ရိုးရှင်းလွယ်ကူတဲ့ သဘောတူညီချက်
Vol. 7 Ch. 64
“ဒါရိုက်တာလင်း တစ်ကမ္ဘာလုံးကို ပတ်ပြီး ခရီးထွက်နေတာပဲ ကြည့်ရတာ Longteng ရဲ့ ဖုန်းအသစ်က မကြာခင် ဈေးကွက်ထဲ ရောက်တော့မယ် ထင်တယ်၊ ဟုတ်လား"
ခဏလောက် ရယ်မောပြီးနောက် လျူယွီတုံးက စကားလမ်းကြောင်းကို ရုတ်တရက် ပြောင်းလိုက်သည်။ တကယ်တော့ Longteng Group က တန်ရွမ်ကို စတင်မိတ်ဆက်ကတည်းက လျူယွီတုံးက ဒီထွန်းသစ်စ နည်းပညာကုမ္ပဏီကို သေချာစောင့်ကြည့်နေခဲ့တာပါ။
အရင်ကတော့ Longteng နဲ့ သဘောတူညီချက် မရသေးလို့သာ Jindong ရဲ့ နည်းပညာဌာနက တန်ရွမ်နဲ့ ကိုက်ညီမယ့် App တွေကို မထုတ်ရသေးခြင်း ဖြစ်သည်။ ယခု Longteng ရဲ့ နောက်ကွယ်က လူအစစ်အမှန် လင်းဖန်ကိုယ်တိုင် ရောက်လာပြီဆိုတော့ ဒါဟာ ရိုးရိုးပူးပေါင်းဆောင်ရွက်မှုထက် ပိုတယ်ဆိုတာ သူသိပေသည်။
အဖြစ်နိုင်ဆုံး အဖြေကတော့ Longteng ရဲ့ ဖုန်းအသစ်က နောက်ဆုံးအဆင့်ကို ရောက်နေပြီဖြစ်ပြီး တန်ရွမ်ပလက်ဖောင်းပေါ် လက်ရှိအသုံးဝင်မယ့် Built-in App တွေ အပြည့်အစုံရှိနေဖို့ပဲ လိုတော့တာမျိုး ဖြစ်နိုင်သည်။
“မစ္စတာလျူကတော့ တကယ့်ကို စီးပွားရေးလောကရဲ့ ထိပ်တန်းပုဂ္ဂိုလ်ပဲ ကျွန်တော်တို့ Longteng ရဲ့ အခြေအနေကို တစ်ချက်ကြည့်ရုံနဲ့တင် အမှန်အတိုင်း မြင်နိုင်တယ်"
ဘန့်တလေကားကြီးထဲ ထိုင်နေတဲ့ လင်းဖန်က အေးအေးဆေးဆေးပဲ တုံ့ပြန်လိုက်သည်။
“Nirvana X ရဲ့ တီထွင်မှုကတော့ အားလုံးပြီးစီးသွားပါပြီ အခုက အမြောက်အမြား ထုတ်လုပ်ဖို့ပဲ စောင့်နေတာပါ”
“အို... Nirvana X လား! နာမည်က တကယ့်ကို ကောင်းတာပဲ"
လျူယွီတုံးရဲ့ မျက်လုံးတွေထဲမှာ အရောင်တစ်ချက် ဝင်းလက်သွားရသည်။
Nirvana ဆိုတာ မီးပုံထဲကနေ ပြန်လည်မွေးဖွားလာတဲ့ ဖီးနစ်ငှက်လိုမျိုး အဓိပ္ပာယ်ရတယ် မဟုတ်လား Longtengက နာမည်ပျက်ပြီး ပြိုလဲလုနီးပါး ဖြစ်ခဲ့တဲ့ ကျင်းလီ ကုမ္ပဏီကို အခြေခံပြီး တည်ဆောက်ထားတာဖြစ်လို့ အခု ကျင်းလီရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ဆယ်တင်ပြီး ပြည်တွင်းဖြစ် နံပါတ် (၁) ဖုန်းအမှတ်တံဆိပ် ဖြစ်လာဖို့ ကြိုးစားနေတာကို သူ သဘောပေါက်လိုက်သည်။
“မစ္စတာလျူကလည်း မြှောက်ပင့်လွန်းနေပါပြီ တကယ်တော့ ကျွန်တော် ဒီနေ့လာတာက Nirvana X ကို အွန်လိုင်းမှာ ရောင်းချနိုင်ဖို့ပါ Jindong အနေနဲ့ ကျွန်တော်တို့အတွက် လမ်းကြောင်းလေးတွေ ဖွင့်ပေးနိုင်မလားဆိုတာ သိချင်လို့ပါ”
လင်းဖန်က စူးရှတဲ့ အကြည့်တွေနဲ့ လေးနက်စွာ မေးလိုက်သည်။
ဒါကို ကြားတော့ လျူယွီတုံးက ပြုံးလိုက်ပြီး တိုက်ရိုက်ပဲ တုန့်ပြန်သည်။
“Nirvana X ဟာ ကျွန်တော်တို့ တရုတ်နိုင်ငံရဲ့ ပထမဆုံးသော စစ်မှန်တဲ့ ပြည်တွင်းဖြစ် စမတ်ဖုန်းပဲ ဘာပဲဖြစ်ဖြစ် ကျွန်တော် ခင်ဗျားကို ကူညီမှာပါ”
“ဒါပေမဲ့ Longteng ဘက်က ဘယ်လိုမျိုး ပံ့ပိုးမှုမျိုး လိုချင်တာလဲ”
“ကျွန်တော်ကတော့ Jindong Mall ထဲမှာ Nirvana X အတွက် သီးသန့်အရောင်းချန်နယ် တစ်ခု ဖွင့်ပေးစေချင်တာပါ”
လျူယွီတုံးရဲ့ အကြည့်ကို ရင်ဆိုင်ရင်း လင်းဖန်က တစ်လုံးချင်း ပြောလိုက်သည်။
“Longteng အနေနဲ့ ဒီချန်နယ်ကို ဖွင့်လှစ်နိုင်ဖို့အတွက် ယွမ်သန်း ၅၀ ပံ့ပိုးပေးဖို့ အဆင်သင့်ပါပဲ"
သီးသန့်ချန်နယ်တစ်ခု ဖွင့်ပေးဖို့ဆိုတာ လွယ်ကူသယောင် ထင်ရပေမဲ့ ဒါဟာ လူအများကြီးရဲ့ အကျိုးစီးပွားနဲ့ သက်ဆိုင်နေပြန်သည်။
Jindongက မကြာသေးမီနှစ်တွေအတွင်း ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး ရယူထားတာဖြစ်လို့ လျူယွီတုံး တစ်ယောက်တည်းက ရှယ်ယာအများစုကို ပိုင်ဆိုင်ထားခြင်း မဟုတ်ပေ။ ဒါကြောင့်လည်း လင်းဖန်က အဲ့ဒီ အသေးအဖွဲ ပြဿနာတွေကို ငွေနဲ့ပဲ ဖြေရှင်းဖို့ ဆုံးဖြတ်လိုက်ပုံ ပေါ်သည်။
“ဒါရိုက်တာလင်းကတော့ တကယ့်ကို...”
လျူယွီတုံးက ခေါင်းခါရင်း မချိတင်ကဲ ပြောလာသည်။
“ယွမ်သန်း ၅၀ ဆိုတာ ချန်နယ်တစ်ခုဖွင့်ဖို့ထက် ပိုပါတယ် ဒါပေမဲ့ Jindong အတွက်တော့ ဒီပမာဏက လူတွေရဲ့ စိတ်ကို ဆွဲဆောင်ဖို့ ခက်နေတုန်းပဲ”
Jindong Mall ဟာ တစ်နှစ်ကို ဘီလီယံပေါင်းများစွာ ဝင်ငွေရှိတာမို့လို့ သန်း ၅၀ ဆိုတာ သူ့အတွက် ဘာမှမဟုတ်တော့။ ပြည်တွင်းအမှတ်တံဆိပ်ကို ကူညီဖို့အတွက်ဆိုရင် သူကိုယ်တိုင်လည်း ဒီချန်နယ်ကို ဖွင့်ပေးဖို့ ဝန်မလေး။
ဒါပေမဲ့ အရောင်းချန်နယ်တစ်ခုကနေ အကျိုးအမြတ် မရှိဘူးဆိုရင် Jindong အတွက် အနာဂတ်မှာ အသုံးမဝင်သလို၊ ရင်းနှီးမြှုပ်နှံသူတွေကလည်း ကန့်ကွက်ကြမှာမည် ဖြစ်သည်။
Jindong Mall အနေနဲ့ လက်ရှိရမယ့် ပိုက်ဆံထက် အရောင်းချန်နယ်တစ်ခုချင်းစီရဲ့ အနာဂတ် အလားအလာကို ပိုပြီး အလေးထားပေသည်။
“မစ္စတာလျူ ပြောတာကို ကျွန်တော် နားလည်ပါတယ်”
လင်းဖန်က စကားကို ခဏရပ်လိုက်ပြီး...ယုံကြည်မှုအပြည့်ရှိတဲ့ မျက်နှာထားနဲ့ ဆက်ပြောလိုက်သည်။
“ယွမ်သန်း ၅၀ ဆိုတာ ချန်နယ်ဖွင့်ခတင်ပါ ရှေ့ဆက်ရင်တော့ ဒီချန်နယ်ကို လူသိများပြီး ပေါက်ကွဲသွားစေဖို့အတွက် ကြော်ငြာခအဖြစ် ယွမ်သန်း ၅၀၀ ထပ်သုံးသွားမှာပါ”
“......”
လျူယွီတုံးတစ်ယောက် ပိုပြီးတော့တောင် ဆွံ့အသွားရသည်။ ဖန်ထန်းရင်းနှီးမြုပ်နှံရေးလုပ်ငန်းက ရှယ်ယာဈေးကွက်၌ ဘီလီယံပေါင်း ရာနဲ့ချီ မြတ်ခဲ့တယ်ဆိုတဲ့ ကောလာဟလကို အစက သူ သိပ်မယုံချေ။ ယခုကြည့်ရတာတော့ ဒီလောက် ပိုက်ဆံမရှိရင် လင်းဖန်ဟာ ဒီလောက်အထိ လက်ဖွာနိုင်မှာ မဟုတ်ဟု တွေးမိသွားရသည်။
လမ်းဖွင့်ခ သန်း ၅၀၊ ကြော်ငြာခ သန်း ၅၀၀ ဆိုတာ တကယ့်ကို လူသားမဆန်တဲ့ သုံးစွဲမှုမျိုးပင်။
CCTV ရဲ့ ရွှေရောင်အချိန် ၁၂ နာရီမှာ စက္ကန့် ၃၀ ကြော်ငြာခက တစ်နေ့ကို ယွမ် ၁ သိန်း ၆ သောင်းသာ ရှိသည်။ ဆိုလိုတာက Longteng Group ရဲ့ ကြော်ငြာစရိတ်ဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အချိန်အကြာကြီးစာချုပ်ချုပ်ဖို့တောင် လုံလောက်နေတာ ဖြစ်သည်။
သီးသန့်အရောင်းချန်နယ်ဆိုတာက သာမန်အားဖြင့်တော့ ဘာမှမဟုတ်ပေမဲ့ Jindong Mall ပေါ်မှာ သီးသန့်နေရာတစ်ခုကို ဒီလောက်အထိ အားစိုက်ထုတ်တာကတော့ ကိစ္စကြီးတစ်ခုပင်။ ချန်နယ်က သာမန်ဆိုင်တစ်ဆိုင်နဲ့ သိပ်မကွာပေမဲ့ အဓိကကွာခြားချက်ကတော့ ဆိုင်ရဲ့ စီမံခန့်ခွဲခွင့်အားလုံးဟာ Longteng Group လက်ထဲမှာပဲ ရှိမှာဖြစ်ပြီး Jindong ရဲ့ နောက်ကွယ်က ကန့်သတ်ချက်တွေကို လိုက်နာစရာမလိုတာပါပဲ။
“ကောင်းပြီ... Jindong ကိုယ်စား ကျွန်တော် ဒါကို သဘောတူပါတယ်”
လျူယွီတုံး ချက်ချင်းပဲ ဆုံးဖြတ်ချက်ချလိုက်သည်။ အဓိကရှယ်ယာရှင်တစ်ယောက်အနေနဲ့ သူဟာ Jindong အပေါ်မှာ အပြည့်အဝ ထိန်းချုပ်နိုင်စွမ်းရှိပေသည်။ မာယွန်းက Ali အပေါ် ထိန်းချုပ်နိုင်တာထက် သူက ပိုသာပေသည်။ ပုံစံတကျ ဖြစ်နေသရွေ့ သူ ဆုံးဖြတ်လို့မရတာ မရှိချေ။
“ဟားဟားဟား... အတူတူ အလုပ်လုပ်ရတာ ပျော်စရာကြီးပဲဗျာ”
လင်းဖန် အနည်းငယ် ပြုံးလိုက်မိသည်။ ဒီနေ့ရဲ့ အဓိက စီးပွားရေးကိစ္စကတော့ ပြီးသွားလေပြီ။
လက်ရှိကတော့ တခြားအကြောင်းအရာတွေကို ဆွေးနွေးရမယ့်အချိန်ပင်။ လက်ရှိလုံထန်းက ပြည်တွင်းမှာတင် အော့ဖ်လိုင်း အရောင်းဆိုင်ကြီးပေါင်း တစ်သောင်းထက်မနည်း ရှိနေသလို၊ ပြည်ပမှာလည်း အများကြီး ရှိသည်။
ယခု အွန်လိုင်းချန်နယ်ကလည်း ပြေလည်သွားပြီဆိုတော့ အော့ဖ်လိုင်းနဲ့ အွန်လိုင်း နှစ်ခုပေါင်းလိုက်ရင်တော့ မယုံနိုင်စရာ တိုးတက်မှုတွေ ဖြစ်လာမှာ အသေအချာပါပဲ။
ဒါကို လျူယွီတုံးကလည်း Jindong ရဲ့ ဥက္ကဋ္ဌပီပီ ကောင်းကောင်းကြီး သိပေသည်။ သူ့ရဲ့ စီးပွားရေးအာရုံခံစားမှုက အလွန်စူးရှသည် မဟုတ်လား။
“ဒါရိုက်တာလင်းက အဝေးကနေ လာရတာဆိုတော့ ကျွန်တော်တို့ အဖွဲ့အစည်းရဲ့ ဌာနချုပ်ကို အရင်ဝင်လည်ပါဦးလား လုံထန်းနဲ့ ဘာတွေကွာခြားမလဲဆိုတာ ကြည့်ရတာပေါ့”
လျူယွီတုံးက ရုတ်တရက် ဖိတ်ခေါ်လိုက်သည်။
“ကျွန်တော့်စိတ်ထဲမှာလည်း အဲ့ဒီဆန္ဒရှိနေတာပါပဲ၊ ဒါပေမဲ့ ခင်ဗျားကို အလုပ်ရှုပ်အောင် လုပ်မိမလားလို့ အားနာနေတာ”
လင်းဖန်က လိုလိုလားလားပဲ လက်ခံလိုက်သည်။ သူကိုယ်တိုင်လည်း သီးခြားလွတ်လပ်တဲ့ e-commerce အင်ပါယာဖြစ်တဲ့ Jindong Mall ရဲ့ လုပ်ဆောင်ပုံတွေကို စိတ်ဝင်စားနေတာပါ။
"လူသုံးယောက် အတူတူသွားရင် တစ်ယောက်ကတော့ ငါ့ရဲ့ ဆရာဖြစ်နိုင်တယ်"
ဆိုတဲ့ စကားအတိုင်း လေ့လာသင်ယူရတာ ဘာမှမမှားဘူး မဟုတ်လား။