ဆွေးနွေးကြရပြီ
Vol. 7 Ch. 66
ရင်းနှီးမြှုပ်နှံသူတိုင်းသည် ပြန်ရလာမည့် အကျိုးအမြတ်ကို မမြင်ရဘဲ မည်သည့်အခါမျှ ငွေပုံအော ထည့်လေ့မရှိကြပေ။
ဘဏ္ဍာရေးလောက၏ မျိုးဆက်သစ်လူငယ်များထဲတွင် အတော်ဆုံးဟု သတ်မှတ်ခံထားရသော လင်းဖန်သည် ထက်မြက်လှသော အမြင်ရှိသူအဖြစ် ကျော်ကြားသည်။ ထိုသို့သော အမြော်အမြင်မျိုး မရှိခဲ့ပါက အနာဂတ်စျေးကွက်အရောင်းအဝယ် ဈေးကွက်အတွင်း သုံးကြိမ်မျှ လုပ်ကိုင်ရုံဖြင့် ဒေါ်လာဘီလီယံ ရာနှင့်ချီသော အမြတ်အစွန်းများကို မည်သို့ ရရှိနိုင်ပါမည်နည်း။
သို့သော်လည်း ယခုအခါ သူသည် သူ၏ ပိုင်ဆိုင်မှု အမြောက်အမြားကို လျူယွီတုန်အပေါ် ယုံကြည်ကာ ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်လိုက်လေသည်။ ဤသည်မှာ လျူယွီတုန်အတွက် ကျေးဇူးတင်လွန်း၍ မျက်ရည်ကျရလောက်သည့် ကိစ္စပင် ဖြစ်တော့သည်။
"ခင်ဗျား စိတ်ချထားပါ၊ ကျွန်တော် ကျင်းတုန်ဂရုမှာ ရင်းနှီးမြှုပ်နှံလိုက်ရင် ဖန်ထန်းရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းက ပိုင်ဆိုင်တဲ့ ရှယ်ယာအားလုံးကို မစ္စတာ လျူယွီတုန်ဆီမှာပဲ လွှဲအပ်ထားမှာပါ ကျွန်တော့်ကိုယ်စား ဆုံးဖြတ်ချက်ချပိုင်ခွင့်ကိုလည်း ခင်ဗျားဆီမှာပဲ ထားရှိမှာ ဖြစ်တယ် အမြတ်ဝေစု ခွဲဝေတာကလွဲလို့ ကျင်းတုန်ရဲ့ နေ့စဉ် လုပ်ငန်းလည်ပတ်မှုတွေမှာ ကျွန်တော် ဝင်ရောက် စွက်ဖက်မှာ မဟုတ်ပါဘူး"
ကျင်းတုန်အဖွဲ့သားများ တိတ်ဆိတ်သွားသည်ကို ကြည့်ကာ လင်းဖန်က နောက်ထပ် တစ်ခွန်း ထပ်ဖြည့်ပြောလိုက်ခြင်း ဖြစ်သည်။
အမှန်စင်စစ် သူက ကျင်းတုန်းဂရုတွင် ပါဝင်ပတ်သက်ရန် အလွန်အမင်း စိတ်ဝင်စားနေခြင်းတော့ မဟုတ်ပေ။ ရင်းနှီးမြှုပ်နှံရခြင်း၏ အဓိက အကြောင်းရင်းမှာ သူ့ရဲ့ ပိုင်ဆိုင်မှုများကို တိုးပွားအောင် လုပ်ဆောင်လို၍သာ ဖြစ်သည်။ နောက်ဆုံးတွင် သူ၌ ဆွစ်ဘဏ်ထဲတွင် အတိုးစားရန် ပစ်ထားသော အမေရိကန်ဒေါ်လာ ၁၅၀ ဘီလီယံမျှ ရှိနေသေးသည် မဟုတ်ပါလား။
ဘဏ်ထဲတွင် အတိုးထိုင်စားနေသည်ထက်စာလျှင် ကျင်းတုန်း၌ ရင်းနှီးမြှုပ်နှံခြင်းက ပိုမိုကြီးမားသော အကျိုးအမြတ်များကို ရရှိစေနိုင်မည် ဖြစ်ရာ အဘယ်ကြောင့် မလုပ်ဘဲ နေပါမည်နည်း။
ထိုစကားကို ကြားလိုက်ရသောအခါ လျူယွီတုန်သည် ပို၍ပင် စိတ်လှုပ်ရှားသွားရသည်။ အကယ်၍ ဖန်ထန်းရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းက ကျင်းတုန်ဂရု၏ ရှယ်ယာ ၃၆ ရာခိုင်နှုန်းကို ရယူလိုက်ပြီး သူကိုယ်တိုင် ပိုင်ဆိုင်ထားသည့် ၁၅.၈ ရာခိုင်နှုန်းနှင့် ပေါင်းစပ်လိုက်ပါက ရှယ်ယာစုစုပေါင်းမှာ ထက်ဝက်ကျော်သွားမည် ဖြစ်သည်။ ထိုအခါ ကျင်းတုန်းဂရု၏ ဆုံးဖြတ်ပိုင်ခွင့် အာဏာအားလုံးသည် သူ၏ လက်ထဲသို့ အပြည့်အဝ ရောက်ရှိလာတော့မည် ဖြစ်သည်။
ပထမဆုံး ရှယ်ယာရှင်ကြီးဖြစ်သော ပင်ဂွင်း (Penguin) နှင့် တတိယမြောက် ရှယ်ယာရှင် ဝေါလ်မတ် (Walmart) တို့၏ ထိန်းချုပ်မှုအောက်တွင် လှုပ်မရအောင် ဖြစ်နေသည့် ယခုကဲ့သို့ အခြေအနေမျိုး မဟုတ်တော့ပေ။
"မစ္စတာလင်းက ခရီးဝေးကနေ လာရတာဆိုတော့ တော်တော်လေး ပင်ပန်းနေရောပေါ့ အရင်ဆုံး ဟိုတယ်မှာ အနားယူလိုက်ပါဦး ရင်းနှီးမြှုပ်နှံမှု ကိစ္စတွေကိုတော့ ကျွန်တော်တို့ ထပ်ပြီး ဆွေးနွေးကြတာပေါ့"
ဤအချိန်၌ လျူယွီတုန်တစ်ယောက် သတိဝင်လာကာ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
လင်းဖန်က သူ့ကို တစ်ချက်ကြည့်ကာ ခေါင်းငြိမ့်ပြလိုက်သည်။
ယခုတစ်ခေါက် မြို့တော်သို့ လာရခြင်း၏ အရေးကြီးဆုံး ရည်ရွယ်ချက်မှာ အောင်မြင်သွားပြီ ဖြစ်သည်။ ကျင်းတုန်တွင် ရင်းနှီးမြှုပ်နှံရန်မှာ မမျှော်လင့်ဘဲ ပေါ်လာသည့် စိတ်ကူးတစ်ခုသာ ဖြစ်သည်။
ထို့ကြောင့် သူသည် အလျင်စလို မဖြစ်တော့ပေ။ ထို့အပြင် လေယာဉ်စီးလာရသည်မှာ ကြာပြီဖြစ်၍ အနည်းငယ် ပင်ပန်းနေသဖြင့် ကျင်းတုန်ရုံးချုပ်ကို ခဏမျှ လှည့်လည်ကြည့်ရှုပြီးနောက် ကျင်းတုန်ဘက်မှ စီစဉ်ပေးထားသော ငါးသံဆင့် ဟိုတယ်သို့ တန်းစီပြီး ဝင်လိုက်လေသည်။
ချွမ်ကျူတယ်တွင် နေ့လယ်စာ စားပြီးနောက် လင်းဖန်သည် ပြင်ပလောကမှ ဆူညံသံများကို ဂရုမစိုက်ဘဲ နှစ်နှစ်ခြိုက်ခြိုက် တရေးတမော အိပ်စက်လိုက်တော့သည်။
တစ်ချိန်တည်းမှာပင် ကျင်းတုန်ရုံးချုပ်၌ ကြီးမားသော မဟာဗျူဟာမြောက် ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးတစ်ခုကို ကျင်းပနေသည်။
"ဒီမနက် ဘာတွေ ဖြစ်သွားလဲဆိုတာ ခင်ဗျားတို့ အားလုံး သိကြမှာပါ အရင်ဆုံး ဖန်ထန်းရဲ့ ရင်းနှီးမြှုပ်နှံမှုကို လက်ခံသင့်၊ မသင့် ဆိုတာကိုပဲ ဆွေးနွေးကြရအောင်"
အစည်းအဝေးခန်းမ၏ အထက်ပိုင်းတွင် ထိုင်နေသည့် လျူယွီတုန်းက အောက်နေရာများ၌ ထိုင်နေကြသူများကို ကြည့်ကာ ခပ်အေးအေးပင် ပြောလိုက်သည်။
အစည်းအဝေးခန်းမအတွင်း၌ လူခုနစ်ဦး ရှိနေသည်။ လျူယွီတုန်းအပြင် ကျန်ရှိနေသူများမှာ ကျင်းတုန်ရဲ့ CMO ရှုလေ၊ CTO ကျန်းချန်၊ ကျင်းတုန်ဒုတိယဥက္ကဋ္ဌ လီခယ်ဖုန်း (ကုန်တိုက်နည်းပညာနှင့် ဒေတာစင်တာ အကြီးအကဲ)၊ ဖေ့ကျန့် (ဒုတိယဥက္ကဋ္ဌနှင့် Big Data နှင့် စမတ် ထောက်ပံ့ရေးကွင်းဆက် ဌာန၏ ဥက္ကဋ္ဌ)၊ ကျိုးပေါ်ဝမ် (ဒုတိယဥက္ကဋ္ဌနှင့် AI ပလက်ဖောင်းနှင့် သုတေသနဌာန အကြီးအကဲ) နှင့် ရှောင်ကျန်း (ကျင်းတုန်း X စီးပွားရေးဌာန၏ ဒုတိယဥက္ကဋ္ဌ) တို့ ဖြစ်ကြသည်။
ဤလူခုနစ်ဦးသည် ကျင်းတုန်းဂရု၏ ထိပ်တန်း စီမံခန့်ခွဲသူများ ဖြစ်ကြသည်။ သူတို့သည် တစ်ဖွဲ့လုံး၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုနှင့် တိုက်ရိုက် ဆက်နွှယ်နေရုံသာမက ရှယ်ယာအမြောက်အမြား ပိုင်ဆိုင်ထားကြသည့် ရှယ်ယာရှင်များလည်း ဖြစ်ကြသည်။
"ဒေါ်လာ ၁၀ ဘီလီယံနဲ့ ရှယ်ယာ ၃၆ ရာခိုင်နှုန်းကို လဲလှယ်တာက နည်းနည်း များလွန်းသလိုပဲ"
ဟု CMO ရှုလေက ချက်ချင်းပင် သဘောထား မှတ်ချက်ပေးသည်။
"လက်ရှိ အခြေအနေအရ ဒီလောက်များတဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏကို ရှာဖို့က မလွယ်ပါဘူး ကျွန်တော့်အမြင်အရတော့ ဖန်ထန်းရဲ့ ရင်းနှီးမြှုပ်နှံမှုကို လက်ခံသင့်တယ်လို့ ထင်ပါတယ်"
ဟု လီခယ်ဖုန်းက အသံလေးလေးနက်နက်ဖြင့် ဆိုသည်။
Big Data နှင့် စမတ် ထောက်ပံ့ရေးကွင်းဆက် ဌာန၏ ဥက္ကဋ္ဌ ဖြစ်သူ ဖေ့ကျန်က မျက်မှောင်ကြုတ်လျက်
"ဂရုအနေနဲ့ မကြာသေးခင်ကမှ ရှယ်ယာတွေကို ပြန်ဝယ်ယူဖို့ ငွေအမြောက်အမြား သုံးထားတာကြောင့် ငွေဖြစ်လွယ်မှုပိုင်းမှာ ကန့်သတ်ချက်တွေ ရှိနေပါတယ် အပြင်ကနေ ရင်းနှီးငွေ ထပ်မရရင် လုပ်ငန်းလည်ပတ်မှုမှာ အခက်အခဲတွေ ရှိလာနိုင်တယ်"
ဟု ပြောလာသည်။
အချိန်အတော်ကြာ စဉ်းစားနေသည့် CTO ကျန်းချန်ကလည်း ထောက်ခံလိုက်သည်။
"ကျွန်တော်တို့ရဲ့ ဒရုန်းနည်းပညာနဲ့ Big Data သုတေသနတွေက အဆုံးအဖြတ်ပေးရမယ့် အချိန်ကို ရောက်နေပါပြီ အကယ်၍သာ ရပ်တန့်သွားမယ်ဆိုရင် နောက်ဆက်တွဲ ပြဿနာတွေ အများကြီး ဖြစ်လာနိုင်ပါတယ်"
ခေတ္တမျှ ရပ်နားပြီးနောက် သူက ဆက်ပြောသည်က..
"ဖန်ထန်း ရင်းနှီးမြှုပ်နှံမှုက လုံထန် (Longteng) ဂရုရဲ့ နောက်ကွယ်က ထိန်းချုပ်သူ ဖြစ်တာကြောင့် သူတို့မှာ လုပ်ငန်းစီမံခန့်ခွဲမှုနဲ့ ပတ်သက်ရင် တိကျတဲ့ လမ်းကြောင်းရှိတယ်ဆိုတာ လုံထန်ကို ကြည့်ရင် သိနိုင်ပါတယ် ဂရုရဲ့ မဟာဗျူဟာကို အားမပေးတဲ့ ရင်းနှီးမြှုပ်နှံသူတွေနေရာမှာ ဖန်ထန်းကို အစားထိုးတာက အကောင်းဆုံး ရွေးချယ်မှုပါပဲ"
လက်ရှိတွင် ကျင်းတုန်း၏ ရှယ်ယာဖွဲ့စည်းပုံမှာ အလွန် ရှင်းလင်းနေသည်။ ပင်ဂွင်း (Penguin) သည် ၁၈.၁ ရာခိုင်နှုန်းဖြင့် အကြီးဆုံး ရှယ်ယာရှင် ဖြစ်ပြီး လျူအော်တုန်းက ၁၅.၈ ရာခိုင်နှုန်းဖြင့် ဒုတိယအကြီးဆုံး ဖြစ်သည်။
ဝေါလ်မတ် (Walmart) က ၁၀.၁ ရာခိုင်နှုန်းဖြင့် တတိယ၊ Hillhouse Capital က ၈.၉ ရာခိုင်နှုန်းဖြင့် စတုတ္ထ ဖြစ်သည်။ ယခု အစည်းအဝေး တက်ရောက်နေသော ကျင်းတုန်း၏ ထိပ်တန်း အရာရှိ ခြောက်ဦးမှာ ရှယ်ယာ ၇.၁ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး ပဉ္စမမြောက် ရှယ်ယာရှင် ဖြစ်သည်။
ကျန်ရှိသော ရှယ်ယာများထဲတွင် Tiger Fund က ၂.၆ ရာခိုင်နှုန်း၊ Capital Today က ၃.၅ ရာခိုင်နှုန်း ပိုင်ဆိုင်ထားကြပြီး အသေးစား ရှယ်ယာရှင်များက ဈေးကွက်၏ ၃၃.၉ ရာခိုင်နှုန်းကို ရယူထားကြသည်။
သို့သော်လည်း ရှယ်ယာဈေးနှုန်းများ အကြီးအကျယ် ကျဆင်းနေခြင်းကြောင့် အသေးစား ရှယ်ယာရှင် အများအပြားသည် လက်လွှတ် ရောင်းချနေကြသည်။ ကျင်းတုန်းဂရုသည် ဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိ ရှယ်ယာများကို ပြန်လည် ဝယ်ယူခဲ့သော်လည်း ဈေးကွက်အတွင်း၌ ရောင်းချလိုသော အော်ဒါများစွာ ကျန်ရှိနေသေးသည်။ Hillhouse Capital၊ Tiger Fund နှင့် Capital Today တို့သည်လည်း ကျင်းတုန်း ဟူသော တွင်းနက်ထဲမှ အမြန်ဆုံး ရုန်းထွက်နိုင်ရန်အတွက် သူတို့၏ ရှယ်ယာများကို လွှဲပြောင်းရယူမည့်သူကို ရှာဖွေနေကြပြီ ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေလေသည်။