ကျင်းတုန်၏ ရှယ်ယာစျေးနှုန်းများ မြင့်တက်လာခြင်း
Vol. 7 Ch. 68
"သူဌေး... ဘဏ္ဍာရေးဌာနက ခုလေးတင် ဖုန်းဆက်လာပါတယ်၊ ဖန်ထန်းရင်းနှီးမြှုပ်နှံမှုအဖွဲ့ဆီကနေ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ အကောင့်ထဲ ရောက်လာပြီလို့ ပြောပါတယ်ခင်ဗျာ"
လျူယွီတုန် လင်းဖန်တည်းခိုရာ ငါးသံဆင့်ဟိုတယ်မှ ထွက်လာကာရှိသေး၊သူ့ရဲ့အခြား ဝန်ထမ်းက ဤသတင်းစကားကို အပြေးအလွှား လာပြောလေသည်။
ရုတ်တရက် လျူယွီတုန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး ရင်ထဲတွင် ဖော်ပြမတတ်သာသည့် ကျေးဇူးတင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာရသည်။ အမှန်စင်စစ် ကျင်းတုန်နှင့် ဖန်ထန်းတို့ ခုနက လက်မှတ်ရေးထိုးခဲ့သည်မှာ ပဏာမ နားလည်မှုစာချွန်လွှာမျှသာ ဖြစ်သည်။
ဥပဒေကြောင်းအရ အတည်မဖြစ်သေးသည့် ထိုစာချုပ်အပေါ် အခြေခံပြီး ဖန်ထန်းအနေဖြင့် ငွေကြိုလွှဲပေးရန် မည်သည့် တာဝန်ဝတ္တရားမျှ မရှိပေ။
သို့သော်လည်း ယခုအခါ ငွေများက ကျင်းတုန်၏ အကောင့်ထဲသို့ ရောက်ရှိနေပြီ ဖြစ်ရာ၊ ဤသည်မှာ လင်းဖန်က ကျင်းတုန်၏ အကျပ်အတည်းကို သိရှိရုံတင်မကဘဲ လျူယွီတုန် ဤအခက်အခဲမှ အမြန်ဆုံး လွတ်မြောက်နိုင်ရန် သီးသန့် အရေးတယူ လုပ်ဆောင်ပေးလိုက်ခြင်းပင် ဖြစ်တော့သည်။
"ရုံးချုပ်ကို အမြန်ပြန်ကြမယ်"
လျူယွီတုန်က အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ တက်ကြွသည့် အမူအရာဖြင့် ကျင်းတုန်ရုံးချုပ်သို့ ပြန်လာခဲ့သည်။
ထိုညမှာပင် သူက ကျင်းတုန်ဂရုတစ်ခုလုံးကို အကြီးစား ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပြီး ထိပ်တန်းမန်နေဂျာ အများအပြားကို ရာထူးမှ ထုတ်ပယ်ပစ်ခဲ့သည်။
ထို့နောက် ဒေါ်လာ ၃.၂ ဘီလီယံ၊ ၂.၉ ဘီလီယံ၊ သန်း ၈၀၀ နှင့် သန်း ၉၇၀ စသည့် ပမာဏများဖြင့် အသီးသီး ခွဲဝေကာ...
ဝေါလ်မတ် (Walmart)၊ Hillhouse Capital၊ Tiger Fund နှင့် Capital Today တို့ထံမှ ကျင်းတုန်းဂရု၏ ရှယ်ယာ ၂၅.၁ ရာခိုင်နှုန်းကို ပြန်လည် ဝယ်ယူလိုက်လေသည်။
တစ်ချိန်တည်းမှာပင် ဈေးကွက်အတွင်း၌ ကျင်းတုန်၏ ရှယ်ယာများကို ရောင်းချရန် တင်ထားသော အော်ဒါအမြောက်အမြားကိုလည်း အမေရိကန်ဒေါ်လာ ၂ ဘီလီယံနီးပါး အသုံးပြုကာ ပြန်လည် သိမ်းကျုံးဝယ်ယူခဲ့ရာ ရှယ်ယာ ၁၅ ရာခိုင်နှုန်းခန့် ထပ်မံ ရရှိခဲ့သည်။
ဤပြောင်းလဲမှုကြီးက တရုတ်နိုင်ငံ၏ အီးကောမတ်စ် လောကတစ်ခုလုံးကို တုန်လှုပ်သွားစေသည်။ ကျင်းတုန်ထံမှ ထွက်ပေါ်လာသော ဒေါ်လာ ဘီလီယံပေါင်းများစွာသော ငွေဖြစ်လွယ်မှုအပေါ် လူတိုင်း အံ့အားသင့်ခဲ့ကြရသည်။ ဤမျှများပြားလှသော ငွေကြေးပမာဏကို မည်သူက အလွယ်တကူ ထုတ်ပေးနိုင်ပါမည်နည်း။
ကျင်းတုန်က ရှယ်ယာ စုစုပေါင်း၏ ထက်ဝက်နီးပါးကို အပြင်းအထန် ပြန်လည်ဝယ်ယူလိုက်ခြင်းကြောင့် ထိုးဆင်းနေသော ရှယ်ယာဈေးနှုန်းများမှာ ရပ်တန့်သွားရုံသာမက ပြန်လည် မြင့်တက်လာခဲ့သည်။
ဝေါလ်မတ်နှင့် Hillhouse Capital တို့မှာမူ သူတို့၏ အလျင်စလို ဆုံးဖြတ်ချက်များအတွက် နောင်တကြီးစွာ ရနေကြပြီ ဖြစ်သည်။
နောက်တစ်နေ့ နံနက် ၉ နာရီတွင် လင်းဖန်သည် မိုရှင်းယာနှင့် ရှေ့နေအဖွဲ့ကို ခေါ်ဆောင်ကာ ကျင်းတုန်းရုံးချုပ်သို့ တစ်ခေါက် ထပ်မံ ရောက်ရှိလာခဲ့သည်။
"ဟားဟားဟား ဒါရိုက်တာလင်း၊ ကျွန်တော် စောင့်နေတာ ကြာပါပြီ၊ ကြွပါ ကြွပါ"
လျူယွီတုန်က မျက်နှာတွင် အပြုံးများ ဝေဆာလျက် ရုံးချုပ်တံခါးဝတွင် ပေါ်လာပြီး လင်းဖန်ကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုလိုက်သည်။
မနေ့ညက လုပ်ဆောင်ချက်များသည် လွန်ခဲ့သော ခြောက်လကျော်ကတည်းက ရင်ထဲတွင် အောင့်အီးထားရသမျှ ဒေါသများကို အကုန်အစင် ဖောက်ထုတ်လိုက်သကဲ့သို့ပင်။
ဒေါ်လာ ၁၀ ဘီလီယံကို အသုံးပြုပြီး အခြေအနေအားလုံးကို ပြောင်းပြန်လှန်ပစ်နိုင်ခဲ့ပြီ မဟုတ်ပါလား။
ဤသို့သော အခြေအနေမျိုးတွင် သူက လင်းဖန်အပေါ် အဘယ်ကြောင့် ရိုသေလေးစားမှု မရှိဘဲ နေပါမည်နည်း။
"ကောင်းပြီ"
လင်းဖန်က သူ့ကို လေးလေးနက်နက် ကြည့်ကာ ခေါင်းငြိမ့်ပြလိုက်ပြီး ကျင်းတုန်းရုံးချုပ်ထဲသို့ လျှောက်လှမ်း ဝင်လာခဲ့သည်။
နာရီဝက်ခန့်အကြာတွင် ကျင်းတုန်းအစည်းအဝေးခန်းမ၌ လျူအော်တုန်းက စာချုပ်အချို့ကို တင်ပြလာသည်။ ထိုစာချုပ်များထဲတွင် ကျင်းတုန်း၏ အရောင်းဌာနနှင့် လုံထိန်ဂရုတို့ အထူးအရောင်းချန်နယ် ဖွင့်လှစ်ရန် ကိစ္စနှင့် ရှယ်ယာ ၃၆ ရာခိုင်နှုန်းကို ဖုန်းထိန်သို့ လွှဲပြောင်းပေးမည့် တရားဝင် စာချုပ်များ ပါဝင်သည်။
ရှေ့နေအဖွဲ့က စာချုပ်များကို စစ်ဆေးပြီး မှန်ကန်ကြောင်း အတည်ပြုပြီးနောက် လင်းဖန်သည် လုံထန်ဂရုနှင့် ဖန်ထန်lရင်းနှီးမြှုပ်နှံမှု အဖွဲ့၏ ဥက္ကဋ္ဌအဖြစ် လက်မှတ်ရေးထိုးလိုက်သည်။
တစ်ချိန်တည်းမှာပင် နီဗားနား အိတ်ဖုန်းအလုံးပေါင်း ငါးသောင်းကိုလည်း ကျင်းတုန်ရုံးချုပ်သို့ တရားဝင် လွှဲပြောင်းပေးအပ်ခဲ့သည်။
ကျင်းတုန်ဘက်မှလည်း နည်းပညာအဖွဲ့ကို ပြင်ဆင်ထားပြီး နိီဗားနားအိတ် ၏ စွမ်းဆောင်ရည်များကို အလုံးစုံ စမ်းသပ်ရန် စီစဉ်ထားသည်။ ထို့ပြင် ကြော်ငြာစရိတ်အတွက် ယွမ် သန်း ၅၀၀ ကိုလည်း ကျင်းတုန်၏ အကောင့်ထဲသို့ လွှဲပြောင်းပေးလိုက်ရာ လုံထန်နှင့် ကျင်းတုန်တို့၏ ပူးပေါင်းဆောင်ရွက်မှုသည် တရားဝင် စတင်ခဲ့ပြီ ဖြစ်သည်။
"မစ္စတာလျူ၊ ဒီပူးပေါင်းဆောင်ရွက်မှုမှာ ကျွန်တော့်ဘက်က တောင်းဆိုချက် တစ်ခုပဲ ရှိပါတယ်၊ အဲဒါကတော့ နိီဗားနား ကို တရားဝင် မမိတ်ဆက်ခင်မှာ ဈေးကွက်ထဲကို လုံးဝ ပေါက်ကြားလို့ မဖြစ်ဘူး ဆိုတာပါပဲ"
လင်းဖန်က အဓိပ္ပာယ်ပါပါဖြင့် ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ လျူယွီတုန်က လေးလေးနက်နက် ခေါင်းငြိမ့်ကာ
"စိတ်ချပါ မစ္စတာလင်း၊ လုံထိန်က မထုတ်ရောင်းသေးသရွေ့ ကျင်းတုနေဘက်ကနေ ဘာသတင်းအချက်အလက်မှ အပြင်ကို မပေါက်ကြားစေရဘူးလို့ အာမခံပါတယ်"
ဟု တည်ကြည်စွာ ပြောလိုက်သည်။
လုံထန်က ဤအရောင်းချန်နယ်ကို အလေးထားသကဲ့သို့ ကျင်းတုန်ဘက်ကလည်း အားသွန်ခွန်စိုက် ကြိုးပမ်းနေသည်။
နီဗားနားသာအောင်မြင်သွားပါက ကျင်းတုန်၏ အနေအထားမှာလည်း တစ်ဟုန်ထိုး မြင့်တက်လာမည်မှာ အမှန်ပင်။
"ကောင်းပါပြီ၊ ဒါဆို ကျန်တာတွေကို မစ္စတာလျူ လက်ထဲမှာပဲ စိတ်ချလိုက်တော့မယ်"
လင်းဖန်က များများစားစား မပြောတော့ပေ။ ယနေ့မှစ၍ သူသည်လည်း ကျင်းတုန်ဂရု၏ ၃၆ ရာခိုင်နှုန်း ပိုင်ဆိုင်သော အကြီးဆုံး ရှယ်ယာရှင် ဖြစ်လာပြီ ဖြစ်သည်။ ကျင်းတုန်အဖွဲ့သားများထဲမှ မည်သူမျှ သူတို့နှစ်ဦးလုံး၏ အကျိုးစီးပွားကို ထိခိုက်မည့်ကိစ္စမျိုးကို နောက်ကွယ်မှ လုပ်ရဲမည် မဟုတ်ကြောင်း သူ ယုံကြည်သည်။
ထိုနေ့ မွန်းလွဲ ၂ နာရီတွင် လင်းဖန်သည် ရှန်းကျန်သို့ ပြန်ရန် လေယာဉ်စီးခဲ့သည်။ သူသည် ဖုန်းအသစ်များ တရားဝင် စတင်ရောင်းချမည့်အချိန်ကို စောင့်မျှော်ရန် ပြင်ဆင်နေပြီ ဖြစ်သည်။
တစ်ဖက်တွင်လည်း လျူယွီတုန်သည် အရေးကြီးသည့် သတင်းတစ်ခုကို ကြေညာခဲ့သည်။ ၎င်းမှာ ကျင်းတုန်၌ ရှယ်ယာ ၃၆ ရာခိုင်နှုန်း ပိုင်ဆိုင်သည့် အကြီးဆုံး ရှယ်ယာရှင်သစ်အဖြစ် ဖန်ထန်းရင်းနှီးမြှုပ်နှံမှုအဖွဲ့ ရောက်ရှိလာခြင်းပင် ဖြစ်သည်။
ဤသတင်း ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လူအများကြားတွင် အကြီးအကျယ် ဟိုးလေးတကျော် ဖြစ်သွားခဲ့သည်။ စူးစမ်းတတ်သူများက ဖန်ထန်းသည် အမှန်စင်စစ် လုံထန်ဂရု၏ နောက်ကွယ်မှ ထိန်းချုပ်သူဖြစ်ကြောင်း ရှာဖွေတွေ့ရှိသွားကြသည်။ ယခုအခါ လုံထန်နှင့် ကျင်းတုန်တို့ ပေါင်းစည်းလိုက်ပြီဆိုရာ၊ ဤသည်မှာ အင်အားကြီး နှစ်ခု ပေါင်းစည်းခြင်းပင် မဟုတ်ပါလား။
ထိုအချိန်မှစ၍ ကျင်းတုန်၏ ထိုးဆင်းနေသော ရှယ်ယာဈေးနှုန်းများသည်လည်း တစ်ရှိန်ထိုး ပြန်လည် မြင့်တက်လာခဲ့လေတော့သည်။