မျှော်လင့်ချက်မဲ့သော အခြေအနေ
Vol. 59 Ch. 658
အားလုံးသည် မိမိတို့၏ ကိုယ်ပိုင်အတွေးများဖြင့် နစ်မြုပ်နေကြစဉ် ဖူစီလျန်မှာ ရုတ်တရက် အပြင်းအထန် ချောင်းဆိုးလာလေသည်။
"ဘယ်လိုလဲ တန်ပြန်သက်ရောက်မှု ဖြစ်တာလား"
လျန်ယုံအန်းက ၎င်းဘက်သို့ လှည့်ကြည့်ကာ မေးမြန်းလိုက်လေသည်။
"မဟုတ်ပါဘူး ဒဏ်ရာဟောင်း ပြန်ထတာပါ"
ဖူစီလျန်က ခေါင်းခါယမ်းလိုက်လေသည်။
"ကျန်းပေရန်က ဘာအတတ်ပညာ သုံးလိုက်လဲ မသိပေမဲ့ ငါ့ရဲ့ ကိုယ်တွင်းက ဂူအဆိပ်ကို မလှုပ်ရှားနိုင်အောင် လုပ်ထားတာပဲ မဟုတ်ရင် ငါတို့ အခုလောက်ဆို ပုပ်ပွနေတဲ့ အသားတုံးတွေ ဖြစ်နေလောက်ပြီ"
လျန်ယုံအန်းက ခေါင်းခါယမ်းကာ ပြန်လည်ပြောဆိုလေသည်။
"ငါလည်း မသိဘူး ဒါပေမဲ့ အဲဒီ ဧကရာဇ် ဂူအဆိပ်ကောင်နဲ့တော့ သေချာပေါက် ပတ်သက်နေလိမ့်မယ်"
ဖူစီလျန်မှာ နောက်ထပ် နှစ်ချက်ခန့် ထပ်မံချောင်းဆိုးပြီးနောက် ရုတ်တရက် ထရပ်ကာ လက်စွပ်ထဲမှ ဝိညာဉ်ဆေးလုံး နှစ်လုံးကို ထုတ်ယူ၍ ပါးစပ်ထဲသို့ ထည့်လိုက်လေသည်။
"မင်းရဲ့ ဒဏ်ရာက... ဟင်"
လျန်ယုံအန်းက ပြောရင်းနှင့် ရုတ်တရက် မျက်လုံးပြူးသွားလေသည်။
"မင်းရဲ့ လက်မှာရှိတဲ့ အဆောင်တွေက ဘယ်ရောက်သွားတာလဲ"
လျန်ယုံအန်း၏ အံ့ဩတုန်လှုပ်နေသော အသံကို ကြားလိုက်ရသဖြင့် မှေးစက်နေသော အခြား အနက်ရောင် သူတော်စင်များနှင့် အနက်ရောင် သခင်ကြီးများသည်လည်း မျက်လုံးဖွင့်ကြည့်ကာ ဖူစီလျန်ထံသို့ အကြည့်များ ရောက်ရှိလာကြလေသည်။
"အသံတိုးတိုးလုပ်ပါ"
ဖူစီလျန်က သူ၏ လက်ကောက်ဝတ်ကို လှုပ်ရှားရင်း ပြောဆိုလေသည်။
"ဖြေရှင်းလိုက်ပြီလေ ကျန်းပေရန်ရဲ့ အဆောင်ချိပ်ပိတ်မှုက တကယ်ကို အစွမ်းထက်ပေမဲ့ သူက တော်တော်လေး ပေါ့ဆသွားတာပဲ ငါတို့ဘက်မှာ အစွမ်းထက်တဲ့ အဆောင်ပညာရှင် မရှိဘူးလို့ ထင်ထားပုံရတယ်"
"စီလျန်အစ်ကိုက တကယ်ကို တော်တာပဲ... နေဦး မင်းက ဘယ်တုန်းက အဆောင်ပညာ တတ်သွားတာလဲ မင်းက ဆေးဖော်စပ်တဲ့ ပညာကိုပဲ လေ့လာနေတာ မဟုတ်လား"
ခြေလက်များကို လှုပ်ရှားပြီးနောက် ဖူစီလျန်က ပြုံး၍ ပြောဆိုလေသည်။
"အရာအားလုံးကို တခြားသူတွေ သိနေမယ်ဆိုရင် ငါ ဒီလောက် လွယ်လွယ်နဲ့ လွတ်မြောက်နိုင်ပါ့မလား"
ဖူစီလျန်က ပြောရင်းနှင့် လျန်ယုံအန်း၏ ရှေ့တွင် ထိုင်ကာ မန္တန်များကို တိုးတိုးလေး ရွတ်ဆိုလိုက်လေသည်။
အမွှေးတိုင် တစ်ဝက်စာခန့် အချိန်ကုန်ဆုံးပြီးနောက် သူသည် လျန်ယုံအန်း၏ ခြေလက်များတွင် ချိတ်ပိတ်ထားသော အဆောင်များကို အောင်မြင်စွာ ဖြေရှင်းပေးနိုင်ခဲ့လေသည်။
"ဟူး... ကျေးဇူးပဲ"
လွတ်လပ်သွားသော ခံစားချက်ကြောင့် လျန်ယုံအန်းမှာ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး များစွာ သက်သောင့်သက်သာ ဖြစ်သွားလေသည်။
ထို့နောက် ဖူစီလျန်သည် ကျန်ရှိသော လူငါးဦးကိုလည်း ထိုနည်းအတိုင်းပင် အဆောင်ချိပ်ပိတ်မှုများမှ ဖြေရှင်းပေးလိုက်လေသည်။
သို့သော် လွတ်မြောက်သွားသော ထိုလူများသည် အလွန်အမင်း ဝမ်းသာနေသည့် ပုံစံမျိုး မရှိကြပေ။ ဘာလို့လဲဆိုတော့ ယွမ်မြို့တော်မှ လွတ်မြောက်ရန်အတွက် ထိုအဆောင်များကို ဖြေရှင်းရုံမျှနှင့် မလုံလောက်သေးမှန်း ၎င်းတို့ သိရှိထားသောကြောင့် ဖြစ်လေသည်။
"အားလုံး နောက်ထပ် ဘာအစီအစဉ် ရှိကြလဲ"
ဖူစီလျန်က မြေပြင်ပေါ်တွင် ထိုင်၍ ဒဏ်ရာများကို ကုသရင်း မေးမြန်းလိုက်လေသည်။
ထိုစဉ် ခုနစ်ဦးထဲတွင် ကျင့်ကြံမှု အနိမ့်ဆုံးဖြစ်သော ဝမ်ရန်ဟွေးက ပြန်လည်ဖြေကြားလေသည်။
"အစီအစဉ်ကတော့ ရှိပါတယ် ဒါပေမဲ့ အပြင်ကို ထွက်လို့မှ မရတာကို အကယ်၍ ဒီစစ်ဆေးခန်းကနေ လွတ်အောင် ထွက်နိုင်ရင်တောင် ယွမ်မြို့တော်ကနေ ပြေးလို့ရမှာ မဟုတ်ဘူး ငါတို့ အကြိမ်ကြိမ် ကြိုးစားဖူးတာပဲ မဟုတ်လား"
လျန်ယုံအန်းကမူ ခေါင်းခါယမ်းကာ ပြန်လည်ပြောဆိုလေသည်။
"အရင်တုန်းက ထွက်ဖို့ မလွယ်တာက သူတို့က ငါတို့ကို စောင့်ကြည့်နေလို့ပဲ အခု ငါတို့ ဖမ်းခံထားရပြီဆိုတော့... ပိုပြီး ထွက်ရလွယ်သွားနိုင်မလား"
လျန်ယုံအန်း၏ စကားကြောင့် ကျန်ရှိသော လူများ၏ မျက်လုံးများမှာ အရောင်လက်သွားလေသည်။ မျှော်လင့်ချက်မှာ နည်းပါးလှသော်လည်း ယခုအခါ ၎င်းတို့မှာ အကျပ်အတည်းနှင့် ရင်ဆိုင်နေရသဖြင့် အခွင့်အရေး အနည်းငယ် ရှိလျှင်ပင် အသေခံ ကြိုးစားကြမည်သာ ဖြစ်လေသည်။
ထိုအချိန်တွင် ဆံပင်အနက်ရောင်များနှင့် အမျိုးသားတစ်ဦးက တိုးတိုးလေး ပြောဆိုလိုက်လေသည်။
"အားလုံး အတူတူ ပြေးမယ်ဆိုတဲ့ မိုက်မဲတဲ့ အတွေးမျိုးကို စွန့်လွှတ်လိုက်မယ်ဆိုရင်တော့ ငါတို့ထဲက အနည်းငယ်တော့ လွတ်သွားနိုင်ခြေ ရှိတယ်"
ထိုစကားကြောင့် လျန်ယန်းအန်းမှာ ခဏမျှ ငြိမ်သက်သွားပြီးနောက် ပြန်လည်ပြောဆိုလေသည်။
"အစ်ကိုဝမ်ယောက် ပြောတာက ကျိုးကြောင်းဆီလျော်ပါတယ် ဒီလို အခြေအနေမျိုးမှာ အားလုံး အတူတူ ပြေးဖို့ စဉ်းစားနေတာက တကယ်ကို ကလေးကလား ဆန်လွန်းတာပဲ ဘာပဲဖြစ်ဖြစ် သေရမှာအတူတူတော့ အနစ်နာခံမယ့် စာရင်းထဲမှာ ငါ့ကို ထည့်လိုက်"
ဖူစီလျန်က လျန်ယုံအန်းကို တစ်ချက် ကြည့်လိုက်ပြီး မေးမြန်းလိုက်လေသည်။
"ဘာလို့ မင်းက အပြင်ကို မထွက်တာလဲ"
"ဟားဟားဟား ငါ့ကိုယ်ငါ ငါသိပါတယ် ဒီမှာ ရှိနေတဲ့သူတွေက ငါ့ထက် တော်ကြတဲ့သူတွေချည်းပဲ ခင်ဗျားတို့ လွတ်သွားတာက ငါ လွတ်တာထက် ပိုပြီး အကျိုးရှိလိမ့်မယ်"
ကျိဝမ်ယောက်က ထပ်မံ၍ စကားစလိုက်လေသည်။
"ငါတို့မှာ အချိန်အများကြီး မရှိဘူး အားနာနေတာတွေကို ရပ်လိုက်ကြရအောင် ဘယ်သူက အပြင်ကို ပြေးနိုင်ဖို့ ယုံကြည်မှု ရှိသလဲဆိုတာ တစ်ချက်လောက် ပြောပါ ငါတို့ အစွမ်းကုန် ကူညီပေးပါ့မယ် သေချာတာပေါ့ အပြင်ကို လွတ်သွားတဲ့သူက တခြားသူတွေရဲ့ ကိစ္စတွေကိုပါ ပြီးအောင် လုပ်ပေးရလိမ့်မယ်"
"ဟားဟားဟား"
ထိုစဉ် မျက်မှောင်ကြုတ်နေသော လူအိုကြီးတစ်ဦးက ရယ်မောလိုက်ပြီး ပြောဆိုလေသည်။
"ညီလေးက တကယ်ကို ပွင့်လင်းတာပဲ ဒါဆိုရင် ငါက အရင်ဆုံး ပြောမယ် ငါကတော့ အပြင်ကို ပြေးနိုင်ဖို့ ယုံကြည်မှု မရှိဘူး ဒါပေမဲ့ အသေခံပြီး ကူညီပေးဖို့တော့ အသင့်ပဲ လွတ်သွားတဲ့ ညီအစ်ကိုက ငါ့ရဲ့ ကိစ္စတွေကို ပြီးအောင် လုပ်ပေးရင် ရပါပြီ"
လူအိုကြီး၏ စကားကို ကြားပြီးနောက် ကျန်ရှိသော လူများသည်လည်း မိမိတို့၏ ဆန္ဒများကို ထုတ်ဖော်ပြောဆိုကြလေသည်။ ၎င်းတို့ အားလုံးမှာ အပြင်သို့ လွတ်အောင် ပြေးနိုင်ရန် ယုံကြည်မှု မရှိကြသော်လည်း အနစ်နာခံရန်မှာမူ အသင့်ရှိနေကြလေသည်။
"အဟွတ်ဟွတ်"
ဖူစီလျန်မှာ နောက်တစ်ကြိမ် ချောင်းဆိုးလိုက်ပြီး လူတိုင်း၏ အကြည့်များမှာ ၎င်းထံသို့ ရောက်ရှိလာသောအခါ မေးမြန်းလိုက်လေသည်။
"အားလုံးက ငါ့ကို ဘာလို့ ကြည့်နေကြတာလဲ"
"မင်း တစ်ယောက်ပဲ ကျန်တော့တယ်"
ကျိဝမ်ယောက်က တည်ကြည်သော မျက်နှာထားဖြင့် ပြောဆိုလိုက်လေသည်။
"အဟွတ်... ခင်ဗျားတို့ တစ်ယောက်ပြီးတစ်ယောက် သေဖို့ပဲ စဉ်းစားနေကြတာလား အသက်ရှင်ချင်တဲ့သူမှာ ဖိအား ဘယ်လောက် ကြီးသလဲဆိုတာ မသိကြဘူးလား"
"အိုး"
ဖူစီလျန်၏ စကားအတွင်းမှ ဆိုလိုရင်းကို နားလည်သွားသော လျန်ယုံအန်းက မျက်လုံးပြူးကာ မေးမြန်းလိုက်လေသည်။
" အစ်ကို စီလျန်မှာ အပြင်ကို ထွက်နိုင်ဖို့ ယုံကြည်မှု ရှိတာလား"
"မရှိပါဘူး"
ဖူစီလျန်က ခေါင်းခါယမ်းလိုက်လေသည်။
"ဒီလို အခြေအနေမျိုးမှာ ဘယ်သူက မြို့ပြင်ကို လွတ်အောင် ပြေးနိုင်မယ်လို့ ယုံကြည်ချက် အပြည့်နဲ့ ပြောရဲမှာလဲ"
"ဒါဆိုရင် နည်းလမ်း ရှိတယ်လို့ ပြောတာလား"
ကျိဝမ်ယောက်က ဖူစီလျန်ကို ကြည့်ကာ မေးမြန်းလိုက်လေသည်။
"တကယ်တော့ နည်းလမ်းတစ်ခုတော့ ရှိပါတယ်"
ဖူစီလျန်က ခေါင်းညိတ်လိုက်ပြီးနောက် ဆက်လက်ပြောဆိုလေသည်။
"ဒါပေမဲ့ ယုံကြည်မှုကတော့ သိပ်မရှိဘူး ခင်ဗျားတို့က ငါ့အပေါ်မှာပဲ အကုန်ပုံအောထားမယ်ဆိုရင် ငါ တကယ်ပဲ ခင်ဗျားတို့ရဲ့ အသက်တွေကို အားနာမိလိမ့်မယ်"
"ဟားဟားဟား"
ထိုစဉ် လျန်ယုံအန်းက ရယ်မောလိုက်ပြီး ပြောဆိုလေသည်။
"အရေးမကြီးပါဘူး အသုံးမကျတဲ့ အသက်တစ်ချောင်းပါပဲ အခုဆိုရင် ငါ့ကိုယ်ငါ ငါ့အတွက် အသက်ရှင်နေတယ်လို့တောင် မခံစားရတော့ဘူး"
လျန်ယုံအန်းက ပြောရင်းနှင့် ရုတ်တရက် မျက်နှာပျက်သွားပြီး သူ၏ ကိုယ်တွင်းမှ ဂူအဆိပ်ကို အလိုအလျောက် ကြောက်ရွံ့မိသွားသော်လည်း ၎င်းမှာ မည်သည့် တုံ့ပြန်မှုမှ မရှိသည်ကို တွေ့ရှိလိုက်ရလေသည်။
မိမိ ရင်ထဲ၌ မည်မျှအထိ ကြောက်ရွံ့နေခဲ့သည်ကို သတိပြုမိသွားသော လျန်ယုံအန်းမှာ နောက်တစ်ကြိမ် ရယ်မောလိုက်ပြန်လေသည်။
"ဟားဟားဟား စကားတစ်ခွန်း ပြောဖို့တောင် ထိတ်လန့်နေရမှတော့ သန်မာလာတာက ဘာထူးမှာလဲ ဒီလို နေ့ရက်တွေကို ငါလည်း စိတ်ကုန်နေတာ ကြာပြီ ဒီအသက်ကို စတေးပြီး မင်းကို အပြင်ကို ပို့ပေးနိုင်မယ်ဆိုရင် ငါလည်း လွတ်မြောက်သွားတာပဲ မဟုတ်လား"
အခြားသော လူများသည်လည်း ထိုစကားကို ကြားသောအခါ ထပ်တူ ခံစားလိုက်ရပြီး ပြောဆိုကြလေသည်။
"ဟုတ်တယ် ဒီလိုမျိုး လွတ်မြောက်သွားတာကလည်း ကောင်းတဲ့ ကိစ္စပဲ"
တကယ်တော့ ဂူအဆိပ်များ စိုက်ပျိုးခံရပြီးနောက် ၎င်းတို့မှာ ရုပ်သေးရုပ်များသာ ဖြစ်မှန်း ၎င်းတို့ ကောင်းကောင်း သိထားကြလေသည်။ အကယ်၍ ခံစားချက်မရှိသော ရုပ်သေးရုပ်များသာ ဖြစ်မည်ဆိုလျှင် တော်သေးပါသည် ယခုမူ ၎င်းတို့တွင် ကိုယ်ပိုင် အသိစိတ်များ ရှိနေသေးသောကြောင့် ပို၍ပင် ပင်ပန်းနေရခြင်း ဖြစ်လေသည်။
၎င်းတို့၏ ဝမ်းနည်းခြင်း ဝမ်းသာခြင်းများမှာ ၎င်းတို့နှင့် မသက်ဆိုင်တော့ဘဲ သခင်ကြီး ခိုင်းစေသမျှ တာဝန်များကိုသာ မနေမနား ထမ်းဆောင်နေကြရသော အသက်မဲ့ လူသားများကဲ့သို့ ဖြစ်နေလေသည်။
"ကျန်းပေရန်ကိုလည်း ကျေးဇူးတင်ရမယ် အခုလိုမျိုး စိတ်လက်ပေါ့ပါးမှုကို မခံစားရတာ တော်တော်လေး ကြာပြီ"
လျန်ယုံအန်းက ခေါင်းကို မော့ကာ အသက်ကို ပြင်းပြင်းရှူရင်း ပြောဆိုလိုက်လေသည်။ ၎င်းမတိုင်မီက သူ၏ လှုပ်ရှားမှုတိုင်းမှာ ဂူအဆိပ်၏ စောင့်ကြည့်မှုကို ခံနေရပြီး အနည်းငယ် လွဲချော်သွားသည်နှင့် သည်းမခံနိုင်သော နာကျင်မှုများကို ခံစားရလေ့ ရှိလေသည်။
၎င်းအပြင် အချိန်မရွေး သေဆုံးနိုင်သည့် ခြိမ်းခြောက်မှုနှင့်လည်း ရင်ဆိုင်နေရလေသည်။
ယခုအခါ ဤကဲ့သို့ ပွင့်ပွင့်လင်းလင်း စကားပြောဆိုနိုင်ခြင်းမှာ ၎င်းတို့အတွက်မူ အလွန်ပင် တန်ဖိုးရှိလှသော အခွင့်အရေးတစ်ခု ဖြစ်လေသည်။
ထိုလူများ၏ ခံစားချက် ပြည့်နှက်နေသော မျက်နှာများကို ကြည့်ရင်း ဖူစီလျန်က ပြုံး၍ ပြောဆိုလေသည်။
"ဟားဟားဟား အားလုံးရဲ့ ခံစားချက်တွေက တူတူပဲဆိုတော့လည်း ကောင်းတာပေါ့ ဘာပဲဖြစ်ဖြစ် ငါသာ အပြင်ကို လွတ်အောင် မပြေးနိုင်ခဲ့ရင်တောင် ဟိုဘက်လောကမှာ ခင်ဗျားတို့ကို တွေ့တဲ့အခါ ခင်ဗျားတို့ ငါ့ကို အပြစ်တင်မှာ မဟုတ်ဘူး မဟုတ်လား"
လျန်ယုံအန်းက သူ၏ ရင်ဘတ်ကို ပုတ်ကာ ရဲရဲဝံ့ဝံ့ ပြောဆိုလိုက်လေသည်။
"ဒီအချက်ကိုတော့ စိတ်ချပါ ငါ့ရဲ့ စိတ်ကတော့ ငါ့ကိုယ်ပိုင်ပဲ"
တည်ကြည်သော မျက်နှာထားနှင့် ရှိနေခဲ့သော ကျိဝမ်ယောက်ကလည်း အကျယ်ကြီး ရယ်မောလိုက်လေသည်။
"ဟားဟားဟား စိတ်က ကိုယ်ပိုင်ပဲ ဆိုတဲ့ စကားက တကယ်ကို ကောင်းတယ် အကယ်၍ အရက်သာ ရှိရင်တော့ ငါ မင်းကို တစ်ခွက်လောက် တိုက်မိမှာပဲ"
တကယ်တော့ သူလည်း ထိုနည်းတူပင် ဖြစ်လေသည်။ သူသည် ဘာလုပ်ချင်သလဲ ဆိုသည်ကို သိသော်လည်း သခင်ကြီး ပေးအပ်ထားသော တာဝန်များမှာ စိတ်ဝိညာဉ်အတွင်း၌ အမှတ်အသား ပြုထားသကဲ့သို့ ရှိနေသဖြင့် မိမိ မလိုလားသော်လည်း ခန္ဓာကိုယ်ကမူ အစွမ်းကုန် လုပ်ဆောင်နေမိလေသည်။
ထိုအခြေအနေမှာ မိမိကိုယ်ကို နှစ်ခြမ်း ကွဲသွားသကဲ့သို့ ခံစားရစေပြီး မည်သည့်အရာက မိမိ၏ အစစ်အမှန် ဖြစ်မှန်းပင် မသိရှိနိုင်တော့ပေ။
...
ယဉ်အချိန်တွင် ကမ္ဘာကြီးမှာ တိတ်ဆိတ်ငြိမ်သက်နေသင့်သော်လည်း ယွမ်မြို့တော်မှာမူ နဂါးနက် ကုန်းမြေတိုက်ကြီးကို ကယ်တင်ရန် တာဝန်ကို ထမ်းဆောင်နေရသဖြင့် မည်သူမျှ ပေါ့ဆခြင်း မရှိဘဲ မိမိတို့ လုပ်ဆောင်နိုင်သမျှ ကိစ္စများကို ကြိုးစား လုပ်ဆောင်နေကြလေသည်။
"ဝုန်း"
နန်းတော်၏ အနက်ရှိုင်းဆုံးနေရာရှိ စစ်ဆေးခန်း တံခါးမှာ ပြင်းထန်သော စွမ်းအားတစ်ခုကြောင့် ပွင့်ထွက်သွားလေသည်။ ကင်းစောင့်ဖြစ်သော ဂျိယွီသည် ချက်ချင်းပင် ဓားကို ဆွဲထုတ်လိုက်သော်လည်း သူမကို ဆီးကြိုလိုက်သည်မှာ အနက်ရောင် သူတော်စင် နှစ်ဦး၏ ပူးပေါင်း တိုက်ခိုက်မှု ဖြစ်လေသည်။
"ပြေးတော့"
အနက်ရောင် သူတော်စင် နှစ်ဦးမှာ ဟိန်းဟောက်ရင်း ၎င်းတို့၏ အစွမ်းထက်ဆုံးသော သိုင်းကွက်များကို ထုတ်ဖော်လိုက်ရာ ပေါက်ကွဲသံကြီးမှာ ယွမ်မြို့တော် တစ်ခုလုံးသို့ ပျံ့နှံ့သွားတော့လေသည်။
ထိုပေါက်ကွဲသံကြီးကြားတွင် ဖူစီလျန်မှာ အလွန်မြန်သော အရှိန်ဖြင့် နန်းတော် ပြင်ပသို့ ပြေးထွက်သွားလေသည်။
သို့သော် စစ်ဆေးခန်းတွင် ဂျိယွီ တစ်ယောက်တည်းသာ ရှိသော်လည်း နန်းတော် ပတ်ဝန်းကျင်ရှိ ကင်းလှည့်အင်အားမှာ ထိုမျှလောက်သာ မဟုတ်ပေ။
ဆူညံသံကို ကြားလိုက်ရသည်နှင့် ကင်းလှည့်နေသော အနက်ရောင် သူတော်စင် တစ်ဦးနှင့် အနက်ရောင် သခင်ကြီး ငါးဦးတို့မှာ ချက်ချင်း ရောက်ရှိလာကြလေသည်။
ဖူစီလျန်ဘက်မှလည်း ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်ရာ သူ၏ ဘေးရှိ အစွမ်းထက် ပညာရှင် လေးဦးမှာ တိုက်ရိုက် ပြေးထွက်သွားကြပြီး အသေခံ အမူအရာဖြင့် ဝိုင်းအုံလာသော လူအားလုံးကို တားဆီးထားလိုက်ကြလေသည်။
ထိုအချိန်တွင် ဖူစီလျန်သည် ရင်ခွင်ထဲမှ စက္ကူရုပ်လေး တစ်ခုကို ထုတ်ယူလိုက်ပြီး မိမိအား အသေခံ ကာကွယ်ပေးနေသော လူများကို လှည့်ကြည့်ကာ လှမ်းအော်ပြောလိုက်လေသည်။
"အားလုံးပဲ မိမိကိုယ်ကို ဂရုစိုက်ကြပါ နောက်မှ ပြန်ဆုံကြတာပေါ့"
ပြောပြီးနောက် သူ၏ ပုံရိပ်မှာ ထိုနေရာမှ ပျောက်ကွယ်သွားလေသည်။
ပျောက်ကွယ်သွားသော ဖူစီလျန်ကို ကြည့်ရင်း အနက်ရောင် သခင်ကြီး အချို့ကို အစွမ်းကုန် တားဆီးနေသော လျန်ယုံအန်းမှာ ကျေနပ်သော အပြုံးတစ်ခု ပြုံးလိုက်လေသည်။
'ပြီးဆုံးသွားပြီ...'
သူ၏ ဘဝမှာ အလွန်ပင် ခမ်းနားလှသည်ဟု မဆိုနိုင်သော်လည်း ရုန်းကန်လှုပ်ရှားခဲ့ရသည်မှာတော့ အမှန်ပင် ဖြစ်လေသည်။ အကယ်၍ နောက်ဘဝ ရှိခဲ့မည်ဆိုလျှင် သူသည် မည်သည့် ဖြတ်လမ်းကိုမျှ မစဉ်းစားဘဲ အခြေခံမှစ၍ သေသေချာချာ ကျင့်ကြံလိုမိလေသည်။
"လာကြ ဒီနေ့ ငါတို့ အသေအလဲ တိုက်ကြတာပေါ့"
လျန်ယုံအန်းမှာ မိမိဘဝ၏ နောက်ဆုံး တိုက်ပွဲကို ဆင်နွှဲရန် ပြင်ဆင်လိုက်ချိန်မှာပင် ကောင်းကင်ယံမှ ဖူစီလျန်၏ နာကျင်စွာ အော်ဟစ်သံကို ကြားလိုက်ရလေသည်။
"ငါ့ကို လွှတ်စမ်း ငါ့ကို လွှတ်ကြစမ်း တောက်... ငါ အဲဒီမှာ အမှတ်အသား လုပ်ထားတာကို မင်း ဘယ်လိုများ သိသွားတာလဲ"
ကောင်းကင်ယံတွင် ယန်ရှောင်ဘိုနှင့် ယင်လင်ယန်တို့၏ ပူးပေါင်း ဖမ်းဆီးခြင်းကို ခံထားရသော ဖူစီလျန်မှာ လုံးဝ မလှုပ်ရှားနိုင်ဘဲ ဒေါသတကြီး အော်ဟစ်နေတော့လေသည်။
သူ အော်ဟစ်နေသော ပစ်မှတ်မှာမူ မလှမ်းမကမ်းတွင် ရပ်နေသော ကျန်းပေရန် ပင် ဖြစ်လေသည်။
"အနက်ရောင် သူတော်စင် တစ်ဦးအနေနဲ့ မင်းတို့တွေက ဒီလောက်အထိ ရိုးအလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး ဒါပေမဲ့ အကျပ်အတည်းနဲ့ ရင်ဆိုင်ရတဲ့အခါ ဘယ်သူမဆို လမ်းမှား လျှောက်တတ်ကြတာပဲလေ"
ကျန်းပေရန်၏ စကားကို ကြားသောအခါ လျန်ယုံအန်းမှာ ဘာဖြစ်သွားသလဲ ဆိုသည်ကို ချက်ချင်း သဘောပေါက်သွားလေသည်။
ခုနက အစီအစဉ် ရေးဆွဲစဉ်က ဖူစီလျန်မှာ ၎င်း၏ လွတ်မြောက်နိုင်မည့် နည်းလမ်းကို ပြောပြခဲ့လေသည်။ ၎င်းမှာ သူ ဤနေရာသို့ မလာမီကပင် မြို့တံခါးဝတွင် အစားထိုး အဆောင်တစ်ခု ပြင်ဆင်ထားခဲ့ခြင်း ဖြစ်လေသည်။
သူ၏ အစီအစဉ်မှာလည်း ရိုးရှင်းလှပေသည်။ ၎င်းတို့ ထောင်ဖောက်ပြေးသည်နှင့် ကင်းလှည့်နေသော အနက်ရောင် သူတော်စင်များသည် သေချာပေါက် ဖမ်းဆီးရန် လာကြမည် ဖြစ်သဖြင့် ၎င်းတို့သည် အပြင်သို့ ထွက်လာသည်နှင့် ဆူညံသံကြီးများကို တမင် လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်လေသည်။ ရည်ရွယ်ချက်မှာ ကင်းလှည့်နေသော အနက်ရောင် သူတော်စင်များ အားလုံးကို ဆွဲဆောင်ရန် ဖြစ်လေသည်။
ထိုသို့ဆိုလျှင် ဖူစီလျန်သည် ထိုအစားထိုး အဆောင်ကို အသုံးပြု၍ မည်သူမျှ မသိအောင် မြို့တံခါးဝသို့ ရောက်ရှိသွားမည် ဖြစ်ကာ အပြင်သို့ လွတ်အောင် ပြေးနိုင်မည် ဖြစ်လေသည်။
သို့သော် ယခုကြည့်ရသည်မှာ သူသည် ကျန်းပေရန်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီ ဖြစ်လေသည်။
"ဟူး..."
လျန်ယုံအန်းက သက်ပြင်းကို အရှည်ကြီး ချလိုက်လေသည်။ တကယ်တော့ ကိစ္စများ ဤမျှလောက် အဆင်ပြေလိမ့်မည် မဟုတ်မှန်း ၎င်းတို့ သိရှိထားသော်လည်း တစ်ခုတည်းသော မျှော်လင့်ချက်မှာ ပျက်သုဉ်းသွားသည်ကို မြင်ရသောအခါ စိတ်ထဲ၌ မချိတင်ကဲ ဖြစ်နေမိလေသည်။
"သူတို့ကို ပြန်ဖမ်းသွားပြီး တစ်ယောက်ချင်းစီ ခွဲထားလိုက်ပါ"
ရည်မှန်းချက် ပျောက်ဆုံးသွားပြီးနောက် လျန်ယုံအန်း တို့မှာလည်း ပြန်လည် ခုခံလိုစိတ် မရှိတော့ဘဲ အဖမ်းခံလိုက်ကြပြီး ထောင်အတွင်းသို့ ပြန်လည် ရောက်ရှိသွားကြတော့လေသည်။
"ငါ့ကို လွှတ်စမ်း ငါ့ကို လွှတ်ကြစမ်း အား"
တာဝန်သိစိတ် အပြင်းထန်ဆုံးဖြစ်သော ဖူစီလျန် တစ်ယောက်တည်းသာ မကျေမနပ်ဖြင့် အော်ဟစ်နေတော့လေသည်။
လျန်ယုံအန်းက ၎င်းကို ကြည့်ကာ အကျယ်ကြီး လှမ်းအော်ပြောလိုက်လေသည်။
"ထားလိုက်ပါတော့ ဒီရလဒ်ကို ငါတို့ ကြိုသိထားပြီးသားပဲ မဟုတ်လား ဘယ်သူမှ မင်းကို အပြစ်တင်မှာ မဟုတ်ပါဘူး"
ကျန်းပေရန်က နားထောင်ပြီးနောက် ခေါင်းခါယမ်းလိုက်ပြီး ယန်ရှောင်ဘို တို့ကို ပြောဆိုလိုက်လေသည်။
"ဒီလူကိုလည်း ခေါ်သွားလိုက်ပါဦး"
"ကောင်းပြီ"
ယန်ရှောင်ဘိုက ခေါင်းညိတ်ပြလိုက်ပြီး ယင်လင်ယန် နှင့်အတူ ဖူစီလျန်ကို ဖမ်းဆီးကာ ထောင်ဘက်သို့ ပျံသန်းသွားကြလေသည်။
လမ်းတွင် ဖူစီလျန်မှာလည်း ကံကြမ္မာကို လက်ခံလိုက်သလိုမျိုး ခေါင်းငုံ့သွားပြီး ထပ်မံ၍ မရုန်းကန်တော့ပေ။
ထိုလူများအားလုံး ထောင်အတွင်းသို့ ပြန်လည် ရောက်ရှိသွားပြီးနောက် ကျန်းပေရန်သည် ပေါက်ကွဲသံကြောင့် ရောက်ရှိလာသော ပညာရှင်များကို ကြည့်ကာ ပြောဆိုလိုက်လေသည်။
"မတော်တဆမှု အနည်းငယ် ဖြစ်သွားတာပါ ဘာမှ စိုးရိမ်စရာ မရှိပါဘူး အားလုံး ပြန်ပြီး အနားယူကြပါတော့"
ဘာမှ မထူးခြားမှန်း သိရှိသွားသောအခါ ခြောက်နိုင်ငံမှ ပညာရှင်များသည်လည်း ထိုနေရာတွင် ဆက်မနေတော့ဘဲ ကျန်းပေရန်ကို နှုတ်ဆက်ကာ အသီးသီး ထွက်ခွာသွားကြလေသည်။
အမွှေးတိုင် တစ်ဝက်စာခန့် ကြာမြင့်ပြီးနောက် ယန်ရှောင်ဘိုသည် ကျန်းပေရန်၏ အနားသို့ ပြန်လည် ရောက်ရှိလာပြီး ပြောဆိုလေသည်။
"အားလုံးကို ချုပ်နှောင်ပြီးပါပြီ ဒီတစ်ခေါက်တော့ လူအင်အား ပိုပြီး သုံးရမလား"
ယန်ရှောင်ဘို စကားပြောနေစဉ်မှာပင် ကျန်းပေရန်၏ စွမ်းဆောင်နိုင်ရည်ကို ပိုမို အံ့ဩမိလေသည်။
ယခင်က ယွမ်ရို့ က သူ့အား လုပ်ကြံရန် ကြံစည်စဉ်ကလည်း သူက အလွယ်တကူပင် ကြိုတင် သိရှိခဲ့လေသည်။ သူသည် ဖြစ်ပေါ်လာနိုင်သည့် မတော်တဆမှု အားလုံးကို ကြိုတင် ခန့်မှန်းနိုင်ရုံသာမက ကြိုတင် ပြင်ဆင်မှုများကိုလည်း အပြည့်အဝ လုပ်ဆောင်နိုင်စွမ်း ရှိလေသည်။
ယခုတစ်ကြိမ်လည်း ထိုနည်းတူပင် ဖြစ်လေသည်။ ထိုလူများ ထောင်ဖောက်ပြေးမည်ကို သူက ကြိုတင် သိရှိထားသကဲ့သို့ပင် ဖြစ်ကာ မိမိနှင့် ယင်လင်ယန်ကို စောစောစီးစီး ခေါ်ဆောင်၍ ပုန်းအောင်း စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်လေသည်။ ရလဒ်အနေဖြင့် အံ့ဩတုန်လှုပ်နေသော ဖူစီလျန်ကို အလွယ်တကူပင် ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်လေသည်။
'သူသာ ဒီလိုမျိုး စွမ်းရည် တကယ် ရှိနေတယ်ဆိုရင်တော့... တကယ်ကို ကြောက်စရာကောင်းတဲ့ လူသား တစ်ယောက်ပဲ'
"မလိုပါဘူး ဒီတစ်ခေါက်တော့ ကျွန်တော် အဆောင်တွေ ပိုပြီး သုံးလိုက်ပါ့မယ် သူတို့ ပြေးနိုင်မှာ မဟုတ်တော့ပါဘူး ဒီနေ့အတွက် စီနီယာတို့ နှစ်ယောက်လုံး ဒုက္ခများသွားပါပြီ"
"ဟားဟားဟား ဒီလောက် ကိစ္စလေးကို ဒုက္ခလို့ မခေါ်ပါဘူး"
ယန်ရှောင်ဘိုက ရယ်မောရင်း ခေါင်းခါပြလေသည်။
"ဟုတ်တယ် ဒုက္ခရောက်တာက ဆရာကျန်းပါ အရေးကြီးတဲ့ ကိစ္စတွေကနေ သာမန် ကိစ္စတွေအထိ ခင်ဗျားပဲ အားလုံး လုပ်နေရတာလေ"
ဘေးနားရှိ ယင်လင်ယန်ကလည်း ထောက်ခံပြောဆိုလေသည်။
"အားလုံးက မိမိတို့ရဲ့ တာဝန်တွေကို ထမ်းဆောင်နေကြတာပါပဲ ဒါဆိုရင် ကျွန်တော် သူတို့ကို အဆောင်တွေ သွားပြီး ထပ်မံ ချိပ်ပိတ်လိုက်ပါဦးမယ် စီနီယာတို့လည်း မိမိတို့ရဲ့ အလုပ်တွေကို သွားလုပ်ကြပါတော့"
"ကောင်းပြီ အကူအညီ လိုအပ်ရင်တော့ လှမ်းခေါ်လိုက်ပါ ခွင့်ပြုပါဦး"
ထိုသူနှစ်ဦးမှာ ပြောပြီးနောက် အသီးသီး ထွက်ခွာသွားကြလေသည်။
၎င်းတို့နှစ်ဦး ဝေးကွာသွားသည်အထိ စောင့်ပြီးနောက် ကျန်းပေရန်သည် ထောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ခဲ့လေသည်။
"ငါ ပေါ့ဆသွားလို့ပါ တောင်းပန်ပါတယ်"
ကျန်းပေရန် ပြန်လာသည်ကို မြင်သောအခါ ဂျိယွီက ရှေ့သို့ တစ်လှမ်း တိုးကာ တောင်းပန်လိုက်လေသည်။
"ဒီကိစ္စမှာ ကျွန်တော့်မှာလည်း တာဝန် ရှိပါတယ် ခင်ဗျားကိုပဲ အပြစ်တင်လို့ မရပါဘူး ခုနက ဒဏ်ရာ မရဘူး မဟုတ်လား"
"ဘာမှ မဖြစ်ပါဘူး"
ဂျိယွီက ခေါင်းခါပြလေသည်။
"ဒါဆိုရင်တော့ တော်သေးတာပေါ့ ဒီတစ်ခေါက် ပြီးသွားရင်တော့ သူတို့ ထပ်ပြီး ပြေးမှာ မဟုတ်တော့ပါဘူး သေချာတာပေါ့ အရမ်းကြီးတော့ စိတ်မလျှော့လိုက်ပါနဲ့ဦး"
"ငါ သိပါတယ်"
"အင်း ဒါဆိုရင် သူတို့ကို ဆက်ပြီး စောင့်ကြည့်ပေးပါဦး ကျွန်တော် သွားပြီး အဆောင်တွေ ထပ်မံ ချိပ်ပိတ်လိုက်ပါဦးမယ်"
ဂျိယွီက ကြားသောအခါ မေးမြန်းလိုက်လေသည်။
"ငါ အတူတူ လိုက်ခဲ့ပေးရမလား"
"မလိုပါဘူး သူတို့ ကျွန်တော့်ကို ဘာမှ မလုပ်နိုင်ပါဘူး"
ကျန်းပေရန်သည် အနက်ရောင် သူတော်စင်များနှင့် ရင်ဆိုင်ရာတွင် အဘယ်ကြောင့် ဤမျှလောက် ယုံကြည်မှု ရှိနေသနည်း ဆိုသည်ကို ဂျိယွီ မသိသော်လည်း သူနှင့် သိကျွမ်းပြီးကတည်းက သူ၏ စကားများမှာ တစ်ခါမျှ လွဲချော်ခြင်း မရှိခဲ့သဖြင့် သူမလည်း ထပ်မံ မမေးမြန်းတော့ဘဲ မိမိ၏ မူလ နေရာသို့ ပြန်လည် ဆုတ်ခွာသွားလေသည်။
စင်္ကြံလမ်းအတိုင်း လျှောက်လှမ်းလာပြီးနောက် ကျန်းပေရန်သည် ထိုလူသားသစ္စာဖောက်များကို အသစ်တစ်ဖန် ခွဲခြား ချုပ်နှောင်ထားသော အခန်းများဆီသို့ ရောက်ရှိလာခဲ့လေသည်။ သူသည် အစွန်ဆုံးရှိ အခန်းတံခါးကို တွန်းဖွင့်ကာ အတွင်းသို့ ဝင်ခဲ့လေသည်။
"ကျန်းပေရန် မင်း ငါ့ရဲ့ အစီအစဉ်ကြီးကို ဖျက်ဆီးခဲ့တာတောင်မှ အခုလို တစ်ယောက်တည်း လာရဲသေးတယ်ပေါ့ မင်းကို ငါ မသတ်နိုင်ဘူးလို့ တကယ်ပဲ ထင်နေတာလား"
နာကျည်းနေသော မျက်နှာထားနှင့် ရှိနေသည့် ဖူစီလျန်ကို ကြည့်ရင်း ကျန်းပေရန်သည် သူ၏ ရှေ့သို့ ခြေလှမ်းတစ်လှမ်းချင်း လျှောက်လှမ်းသွားပြီးနောက် ပြောဆိုလိုက်လေသည်။
"သရုပ်ဆောင်တာက ဒီလောက်အထိ လေးနက်နေဖို့ လိုလို့လား"
ဖူစီလျန်သည် ကျန်းပေရန်၏ စကားကို ကြားပြီးနောက် ရုတ်တရက် ခပ်နောက်နောက် အမူအရာ ပြောင်းလဲသွားပြီး ပြောဆိုလိုက်လေသည်။
"ဒါကလည်း မင်းရဲ့ စီစဉ်မှု တစ်ခုလို့ ငါ ထင်နေတာလေ ဒါကြောင့် ဘေးခန်းက လူတွေ ကြားအောင်လို့ ငါက အသံကုန် အော်နေရတာပေါ့"
"အသံတွေကို အစီအရင်နဲ့ ပိတ်ထားပြီးသားပါ သူတို့ မကြားနိုင်ပါဘူး ပြောပါဦး ဘယ်လို သတင်းအချက်အလက်တွေ ရခဲ့လဲ"
(အခန်းပြီးသည်)