ကျွန်တော် အပြင်ခဏသွားလိုက်ဦးမယ်
Vol. 59 Ch. 661
ကျန်းပေရန် ရုတ်တရက် ထုတ်ဖော်မေးမြန်းလိုက်သော ထိုမေးခွန်းကြီးနှင့် ပတ်သက်၍...
အနက်ရောင် သူတော်စင် အများစုမှာ မျက်လွှာချကာ မိမိတို့၏ စိတ်နှလုံးကိုသာ အာရုံစိုက်နေကြလေသည်။ ၎င်းတို့၏ စိတ်ထဲတွင် ကိုယ်ပိုင် တွက်ချက်မှုများ ရှိနေကြသော်လည်း ဤကဲ့သို့သော အစည်းအဝေးတွင်မူ ထုတ်ဖော်ပြောဆိုရန် မသင့်တော်မှန်း သိရှိထားကြလေသည်။
ကျန်းပေရန်ကလည်း မလောဘဲ ထိုနေရာတွင် ငြိမ်သက်စွာ ထိုင်နေကာ အားလုံးကို စဉ်းစားရန် အချိန်ပေးထားလေသည်။
အခြေအနေမှာ အသင့်တော်ဆုံး ဖြစ်ပြီဟု ယူဆသောအခါ ကျန်းပေရန်က မော့ကြည့်၍ ယန်ရှောင်ဘိုကို လှမ်းကြည့်လိုက်လေသည်။
"ဒီမှာ ရှိနေတဲ့ စီနီယာတို့က ဒီကိစ္စကို မစဉ်းစားရသေးဘူး ထင်တယ် ဒါကြောင့် ဂိုဏ်းချုပ်ယန်ပဲ အရင်ဆုံး ပြောကြည့်ပါဦး ဘာပဲဖြစ်ဖြစ် ဒီတစ်ခေါက် နဂါးနက်ကုန်းမြေတိုက်ကြီး ဘေးအန္တရာယ်ကနေ လွတ်မြောက်ခဲ့တာက ထုံနိုင်ငံက အနက်ရောင် သူတော်စင်တွေ အစွမ်းကုန် တိုက်ခိုက်ခဲ့လို့ပဲ မဟုတ်လား"
ရုတ်တရက် အမည်တပ် အမေးခံလိုက်ရသဖြင့် ယန်ရှောင်ဘိုမှာ ကြောင်အသွားပြီး ကျန်းပေရန်ကို မျက်လုံးပြူးကာ ကြည့်လိုက်မိလေသည်။ သူ၏ မျက်နှာတွင် ဒီလို အစီအစဉ် ရှိတယ်လို့ မင်း ကြိုမပြောထားဘူးလေ ဆိုသည့် အဓိပ္ပာယ်များ ပြည့်နှက်နေလေသည်။
သို့သော် သေချာ စဉ်းစားကြည့်သောအခါ ၎င်းမှာ ကျန်းပေရန်က ထုံနိုင်ငံအတွက် အကျိုးအမြတ်များ ရယူပေးနေခြင်းဖြစ်မှန်း သူ သိရှိလိုက်လေသည်။
'ဒါပေမဲ့ ငါတို့ကို အကျိုးအမြတ်တွေ ပိုရစေချင်တာဆိုရင် ဘာလို့ ငါနဲ့ ကြိုပြီး မဆွေးနွေးထားတာလဲ ဒါဆိုရင် သူက တကယ်တော့...'
ခဏချင်းအတွင်းမှာပင် ယန်ရှောင်ဘိုက ကျန်းပေရန်ကို ကြည့်သော မျက်လုံးများမှာ ရှုပ်ထွေးသွားလေသည်။
သို့သော် မည်သို့ပင်ဖြစ်စေ ရရှိလာသော အခွင့်အရေးကိုမူ အရယူရမည်ဖြစ်ရာ ယန်ရှောင်ဘိုက အတင်းအကျပ် စိတ်ကို တည်ငြိမ်အောင် ထား၍ ပြောဆိုလိုက်လေသည်။
"ဆရာကျန်းရဲ့ စကားက ကျွန်တော်တို့ ထုံနိုင်ငံအတွက်တော့ အားနာစရာကြီးပါ နဂါးနက်ကုန်းမြေတိုက်ကြီးကို အခုလို ချောက်ကမ်းပါး အစွန်းကနေ ဆွဲတင်နိုင်ခဲ့တာက ဆရာကျန်းရဲ့ ကျေးဇူးကြောင့်သာ ဖြစ်ပါတယ် ကျွန်တော်တို့ကတော့ အနည်းငယ် ကူညီပေးခဲ့ရုံတင်ပါ"
ယန်ရှောင်ဘို၏ ဗူးပေါ်ဖရုံဆင့် မြှောက်ပင့်စကားအပေါ်တွင်မူ အစည်းအဝေးခန်းမအတွင်းရှိ အနက်ရောင် သူတော်စင်များမှာ ထူးခြားသော တုံ့ပြန်မှု မရှိကြပေ။
ဘာလို့လဲဆိုတော့ ၎င်းတို့သည်လည်း ထိုအချက်ကို အသိအမှတ်ပြုထားကြသောကြောင့် ဖြစ်လေသည်။ အထူးသဖြင့် ယွမ်မြို့တော်သို့ ရောက်ရှိလာပြီး အခြေအနေ အလုံးစုံကို သိရှိပြီးနောက်တွင် ၎င်းတို့၏ စိတ်ထဲ၌ ရုတ်တရက် ပေါ်ထွက်လာသော ထိုလူငယ်လေးကို ၎င်းတို့နှင့် တန်းတူ သို့မဟုတ် ၎င်းတို့ထက် ပိုမို မြင့်မားသော နေရာတစ်ခုတွင် ထားရှိထားကြလေသည်။
ထို့နောက် ဆွေးနွေးမှုများတွင်လည်း ကျန်းပေရန်ကို အလွန် အရေးပါသော စစ်ဗျူဟာမြောက် နေရာတစ်ခုတွင် အမြဲ ထားရှိကြလေသည်။ ယခုအချိန်မှစ၍ ပြဿနာများစွာကို ကြီးမားသော အောင်မြင်မှုများ ရရှိခဲ့သည့် ဤလူငယ်လေးအား ကျော်လွန်၍ ဆုံးဖြတ်နိုင်မည် မဟုတ်မှန်း ၎င်းတို့ သိထားကြလေသည်။
သေချာတာပေါ့ ၎င်းတို့က ကျန်းပေရန်ကို ဤမျှလောက် အလေးထားရခြင်းမှာ သူ၏ အောင်မြင်မှုများကြောင့်သာ မဟုတ်ဘဲ ထိုကဲ့သို့သော အောင်မြင်မှုများကို ဖန်တီးနိုင်သည့် အရည်အချင်းရှိနေသောကြောင့် ဖြစ်လေသည်။
နဂါးနက်ကုန်းမြေတိုက်ကြီး တစ်ခုလုံးတွင် မည်သူမျှ မလုပ်ဆောင်နိုင်သော ကိစ္စကို သူက လုပ်ဆောင်နိုင်ခဲ့လေသည်။ ၎င်းမှာ လူတစ်ယောက်တည်း၏ ခွန်အားဖြင့် အခြေအနေကို ပြောင်းလဲပစ်နိုင်ခြင်းပင် ဖြစ်လေသည်။
ကျန်းပေရန် ကမ်းပေးသော အခွင့်အရေးကို အောင်မြင်စွာ လက်ခံရယူပြီးနောက် ယန်ရှောင်ဘိုက ဆက်လက်ပြောဆိုလေသည်။
"ဒါပေမဲ့ အခု လူတိုင်းရဲ့ စိတ်ထဲမှာ အစီအစဉ် မရှိသေးသလို ဆရာကျန်းကလည်း ကျွန်တော့်ကို ပြောခိုင်းနေမှတော့ ကျွန်တော့်ရဲ့ ထင်မြင်ချက်အချို့ကို ပြောပြပါ့မယ်"
အခြားသော အနက်ရောင် သူတော်စင်များသည်လည်း အလွန်ပင် ပူးပေါင်းဆောင်ရွက်ကြလေသည်။ ယန်ရှောင်ဘို၏ စကားကို ကြားပြီးနောက် တစ်ဦးပြီးတစ်ဦး ထောက်ခံကြလေသည်။
"ဂိုဏ်းချုပ်ယန်က အရမ်း နှိမ့်ချလွန်းတာပဲ အခု ငါတို့ ဒီမှာ ထိုင်ပြီး အစည်းအဝေး လုပ်နိုင်တာက ခင်ဗျားတို့ရဲ့ အကူအညီကြောင့်ပဲလေ ဒါကြောင့် ခင်ဗျားတို့ကပဲ ဒီခွဲဝေမှုတွေကို ဆုံးဖြတ်ပေးသင့်တာပါ"
"ဟုတ်ပါတယ် ကျွန်တော်လည်း ဆရာကျန်းရဲ့ စကားကို ထောက်ခံပါတယ် ဒီတစ်ခေါက် ငါတို့ရဲ့ ဆုံးရှုံးမှုတွေက တကယ်ကို ကြီးမားလွန်းတယ် တိုင်းပြည်အသီးသီးက ပြည်သူတွေကို ဘယ်လိုမျိုး အမြန်ဆုံး ပြန်လည် ထူထောင်ပေးမလဲဆိုတာကို သေသေချာချာ ဆွေးနွေးရလိမ့်မယ်"
"မှန်တယ် သေသေချာချာ ဆွေးနွေးကြရအောင် အခု တိုင်းပြည်တိုင်းက အထိနာထားကြတာဆိုတော့ ဒီလို အချိန်မျိုးမှာ ငါတို့တွေ ပိုပြီး စည်းစည်းလုံးလုံးနဲ့ အချင်းချင်း ကူညီကြရမယ်"
...
စကားအနည်းငယ် ပြောဆိုရုံနှင့်တင် နယ်မြေလုပွဲကြီးမှာ အလွန်ပင် မွန်မြတ်လှသော အစည်းအဝေးတစ်ခုအသွင် ပြောင်းလဲသွားလေသည်။ နားထောင်ရသူ မည်သူမဆို မျက်ရည်ကျလောက်သည်အထိပင် ဖြစ်လေသည်။
သို့သော် ကျန်းပေရန်မှာမူ ထိုအနက်ရောင် သူတော်စင်များ၏ စိတ်ထဲတွင် ထိုအတိုင်း တွေးနေကြမည်ဟု လုံးဝ မယုံကြည်ပေ။ မဟုတ်လျှင် ဤမျှလောက် ကောင်းမွန်သော ခေါင်းစဉ်မျိုးကို ၎င်းတို့ကိုယ်တိုင် ကြိုတင် တင်ပြခဲ့ကြမည်သာ ဖြစ်လေသည်။ မိမိက လမ်းစဖော်ပေးရန် လိုအပ်မည် မဟုတ်ပေ။
သို့သော် ၎င်းတို့၏ စိတ်ထဲတွင် မည်သို့ပင် ရှိစေကာမူ အပြင်ပန်းတွင်မူ မျက်နှာသာ အပြည့်အဝ ပေးထားကြလေသည်။ ၎င်းမှာ ထုံနိုင်ငံအပေါ် ထားရှိသော ကျေးဇူးတရားကို သတိရနေကြဆဲ ဖြစ်မှန်း သိသာလှပေသည်။
အခြေအနေမှာ အလွန် ကောင်းမွန်နေသည်ကို မြင်သောအခါ ယန်ရှောင်ဘိုကလည်း အခွင့်အရေးကို အသုံးချ၍ ပြောဆိုလိုက်လေသည်။
"ခုနက စူးခိုင် ပြောတာက တကယ်ကို မှန်ပါတယ် လက်ရှိ အခြေအနေအရ ကျွန်တော်တို့ အချင်းချင်း ကူညီကြရမယ် ပျက်စီးဆုံးရှုံးမှု များပြားခဲ့တဲ့ တိုင်းပြည်တွေကိုလည်း အကူအညီ ပေးရပါလိမ့်မယ်"
ထိုစကားကို ကြားသောအခါ ဂျိနိုင်ငံ မှ အနက်ရောင် သူတော်စင်များမှာ ရင်ထဲ၌ တုန်လှုပ်သွားကြလေသည်။ ထိုစကားမှာ ၎င်းတို့ဆီသို့ ဦးတည်နေခြင်း မဟုတ်ပါလော။
ခြောက်နိုင်ငံထဲတွင် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သော ချီနိုင်ငံ မှလွဲ၍ ၎င်းတို့ထက် ဆုံးရှုံးမှု ပိုမို ပြင်းထန်သောသူ မည်သူ ရှိဦးမည်နည်း။
အကူအညီ ရရှိခြင်းမှာ ကောင်းမွန်သော ကိစ္စဖြစ်သော်လည်း...
ထိုအကူအညီပေးမည့် လက်ကြီးများ ကမ်းလင့်လာပြီးနောက် ပြန်လည် ရုပ်သိမ်းလိုစိတ် ရှိမရှိ ဆိုသည်မှာမူ အကြီးမားဆုံးသော ပြဿနာပင် ဖြစ်လေသည်။
"ဒါကြောင့် ကျွန်တော့်ရဲ့ အကြံပြုချက်ကတော့ ဂူအဆိပ်မျိုးနွယ်စုတွေ ထွက်သွားပြီးတဲ့ အခါမှာ ပျောက်ကွယ်သွားတဲ့ ချီနိုင်ငံ က ပြည်သူတွေကို အားလုံး ဝိုင်းပြီးတော့ စောင့်ရှောက်ပေးကြဖို့ပဲ ဒါပေမဲ့ လူတိုင်းမှာလည်း မိမိတို့ရဲ့ ပြည်သူတွေကို စောင့်ရှောက်ဖို့ တာဝန်ရှိနေတော့ အားလုံးက ဝိုင်းပြီး တာဝန်ယူကြရအောင် မိမိတို့နဲ့ နီးစပ်တဲ့ နယ်မြေတွေကို ခွဲပြီးတော့ အကူအညီ ပေးကြရင် ဘယ်လိုလဲ"
ကြည့်စမ်း...
နယ်မြေခွဲဝေခြင်းကို ဤမျှလောက်အထိ ယဉ်ကျေးသိမ်မွေ့အောင် ပြောနိုင်သည်မှာ ကျန်းပေရန်ပင် ယန်ရှောင်ဘိုကို ထရပ်၍ လက်ခုပ်တီးပေးချင်စိတ် ပေါက်သွားလေသည်။
ခုနကတင် မလုပ်ချင်သလိုမျိုး အမူအရာ ပြနေသဖြင့် ယန်ရှောင်ဘိုတွင် ဘာမှ မရှိဘူးဟု ကျန်းပေရန် တကယ် ထင်မှတ်ခဲ့မိသော်လည်း ရလဒ်အနေဖြင့် သူသည် တကယ်ကို ပြောတတ်လွန်းလှပေသည်။
ကျန်းပေရန် ကဲ့သို့ပင် ဤနေရာရှိ အခြားသော အနက်ရောင် သူတော်စင်များသည်လည်း ရင်ထဲမှ အံ့ဩနေကြပြီး ယန်ရှောင်ဘိုကို လက်မထောင်ပြချင်စိတ် ပေါက်နေကြလေသည်။
"ဂိုဏ်းချုပ်ယန် ပြောတာက တကယ်ကို မှန်ပါတယ် ချီနိုင်ငံရဲ့ အခြေအနေအတွက် ကျွန်တော် တကယ်ကို ဝမ်းနည်းမိပါတယ် ဒါပေမဲ့ ဘယ်လောက်ပဲ ဝမ်းနည်းနေပါစေ ရင်ဆိုင်ရမယ့် ပြဿနာတွေကိုတော့ ရင်ဆိုင်ရမှာပဲလေ ဒါကြောင့် ချီနိုင်ငံရဲ့ ထိုက်ကျိုး နဲ့ ကျွမ်းကျိုး နယ်မြေတွေက ငါတို့ ဇန်တိုင်းပြည် နဲ့ နီးစပ်နေတော့ အဲဒီက ပြည်သူတွေကို ငါတို့ပဲ အစွမ်းကုန် စောင့်ရှောက်ပေးပါ့မယ်"
ဟင်...
စူးခိုင်၏ စကားကို နားထောင်ပြီးနောက် ဤနေရာရှိ အနက်ရောင် သူတော်စင် တစ်စုမှာ အော်ဟစ်မိလုနီးပါး ဖြစ်သွားကြလေသည်။
'တောက် မင်းတို့ ဇန်တိုင်းပြည်က အခု မိမိကိုယ်ကိုတောင် မနည်း ကာကွယ်နေရတဲ့ အဆင့်ကို ရောက်နေတာကို ဒီလောက်အထိ အစားကြီးချင်သေးတာလား တကယ်ပဲ ဗိုက်ပေါက်သေမှာ မကြောက်ဘူးလား'
ဇန်တိုင်းပြည်သည် တစ်ချိန်က ခြောက်နိုင်ငံတွင် နံပါတ်တစ်ဟု အသိအမှတ်ပြုခြင်း ခံခဲ့ရသည်မှာ မှန်သော်လည်း ယခု ဂူအဆိပ်မျိုးနွယ်စုနှင့် တိုက်ပွဲတွင် ၎င်းတို့မှာ အထိနာဆုံး ဖြစ်ခဲ့လေသည်။
ယွမ်မြို့တော်ရှိ အပြင်ပန်း တည်ငြိမ်မှုအောက်တွင် တိတ်တဆိတ် စုံစမ်းမှုများမှာ အမြဲတမ်း ရှိနေသဖြင့် ဤမြို့တော်လေးအတွင်း၌ လျှို့ဝှက်ချက်ဟူ၍ မရှိပေ။ မည်သူက အထိနာဆုံးလဲ ဆိုသည်ကို အားလုံးက ရင်ထဲက သိရှိထားကြလေသည်။
၎င်းတို့ထဲတွင် ဇန်တိုင်းပြည်မှ အနက်ရောင် သူတော်စင်များမှာ သိသိသာသာ လျော့နည်းသွားခဲ့လေသည်။
ဤသို့သော အခြေအနေမျိုးတွင်မှ အသားအမြတ်ကို အရင်စားရန် ကြိုးစားနေသေးသည်လား။
ခေါင်းဆောင်လုပ်ရတာ အကျင့်ဖြစ်နေပြီး မိမိကိုယ်ကို အစွမ်းထက်ဆုံးဟု ထင်နေတုန်းပဲ ဖြစ်ရမည်။
"ဂိုဏ်းချုပ်စူးရဲ့ သနားကြင်နာတတ်တဲ့ စိတ်ကို ကျွန်တော် နားလည်ပါတယ် ဒါပေမဲ့ ဒီစစ်ပွဲမှာ ဇန်တိုင်းပြည်လည်း အထိနာခဲ့တာပဲလေ ခင်ဗျားတို့ကို ထပ်ပြီးတော့ ဒုက္ခပေးဖို့ဆိုတာက မဖြစ်သင့်ပါဘူး ထိုက်ကျိုးနဲ့ ကျွမ်းကျိုး နယ်မြေတွေက ငါတို့ တန်တိုင်းပြည် နဲ့လည်း မဝေးပါဘူး ဒါကြောင့် အားလုံးကို ငါတို့ပဲ တစ်ခါတည်း စောင့်ရှောက်ပေးလိုက်ပါ့မယ်"
ယခု အစည်းအဝေးတွင် တန်တိုင်းပြည် မှ အနက်ရောင် သူတော်စင်များသည် အင်အားအရှိဆုံးသော အဖွဲ့ ဖြစ်လေသည်။ ဘာလို့လဲဆိုတော့ ဆုံးရှုံးမှုနှင့် ပတ်သက်လျှင် ၎င်းတို့သည် အနည်းဆုံး ဖြစ်နေသောကြောင့် ဖြစ်လေသည်။
လော်ကျင်းထျန်၏ စကားကို ကြားသောအခါ စူးခိုင်မှာ မျက်မှောင်ကြုတ်သွားပြီး မျက်နှာမှာလည်း ချက်ချင်းပင် မဲမှောင်သွားလေသည်။
ဇန်တိုင်းပြည်မှာ ယခုတစ်ကြိမ်တွင် အထိနာခဲ့မှန်း သူ ကောင်းကောင်း သိသော်လည်း အရှိန်အဝါပိုင်းတွင်မူ သူ အလျော့မပေးဝံ့ပေ။ မဟုတ်လျှင် တခြားသူများက မိမိတို့အား စိတ်ကြိုက် ခြယ်လှယ်နိုင်သည်ဟု ထင်မှတ်သွားကြမည် ဖြစ်လေသည်။
သေချာတာပေါ့ သူသည်လည်း ဟန်ရေးပြရုံသာ ဖြစ်ပြီး နယ်မြေနှစ်ခုလုံးကို အမှန်တကယ် သိမ်းပိုက်နိုင်မည်ဟု မမျှော်လင့်ထားပေ။ သို့သော် လော်ကျင်းထျန်က ဤမျှလောက်အထိ မျက်နှာမထောက်ဘဲ တစ်စတုရန်းလက်မမျှပင် ချန်မထားလိုသည့် ပုံစံ ပြုလုပ်လာလိမ့်မည်ဟုမူ သူ မထင်ထားခဲ့ပေ။
'ဒါကို ဘယ်လိုများ သည်းခံနိုင်မှာလဲ'
စူးခိုင်၏ မျက်နှာ ပျက်ယွင်းသွားသည်ကို မြင်သောအခါ ယန်ရှောင်ဘိုက ချက်ချင်းပင် ကြားဝင် စေ့စပ်ပေးလိုက်လေသည်။
"ဇန်တိုင်းပြည်က အထိနာခဲ့တာ မှန်ပါတယ် ဒါပေမဲ့ ဂိုဏ်းချုပ်စူးအနေနဲ့ ချီနိုင်ငံကို ကူညီနိုင်တဲ့ စွမ်းအား ရှိသေးတယ်လို့ ယူဆထားမှတော့ ၎င်းက လျှောက်ပြောတာတော့ မဟုတ်နိုင်ပါဘူး ဒါကြောင့် ဘယ်လိုမျိုး ခွဲဝေကြမလဲဆိုတာကိုတော့ ငါတို့တွေ သေသေချာချာ ထပ်ပြီး ဆွေးနွေးရပါလိမ့်မယ် အခုချက်ချင်း ဆုံးဖြတ်ဖို့ မလိုပါဘူး"
ယန်ရှောင်ဘို၏ စကားကို ကြားပြီးနောက်မှသာ စူးခိုင်၏ မျက်နှာမှာ အနည်းငယ် ပြန်လည် ကောင်းမွန်လာပြီး ပြန်လည် ဖြေကြားလိုက်လေသည်။
"မှန်ပါတယ် ကျွန်တော်က အကြံပြုချက် တစ်ခုပဲ ပေးတာပါ နောက်ဆုံး ဘယ်လို ခွဲဝေမလဲ ဆိုတာကတော့ ဂိုဏ်းချုပ်ယန်ရဲ့ စကားအတိုင်းပဲ ဖြစ်ရပါလိမ့်မယ်"
စူးခိုင်မှာ ယခုအခါ အခြေအနေကို ရှင်းလင်းစွာ သဘောပေါက်သွားခဲ့လေပြီ။ အခြား တိုင်းပြည်များမှာ မိမိ၏ ဇန်တိုင်းပြည်ကို ဒဏ်ရာရနေသော သားကောင်တစ်ခုလို သတ်မှတ်နေကြလေပြီ။ ယခု အခြေအနေအရ သူသည်လည်း မာန်မာနများကို လျှော့ချကာ ထုံနိုင်ငံ ဆိုသည့် ခြေထောက်ကြီးကိုသာ အရင်ဆုံး ဖက်တွဲထားရတော့မည် ဖြစ်လေသည်။
စူးခိုင်က ထုံနိုင်ငံနှင့် တစ်ဖက်တည်း ရပ်တည်လိုက်သည်ကို မြင်သောအခါ လော်ကျင်းထျန်သည်လည်း ဆက်လက်၍ ရန်မစတော့ဘဲ ထောက်ခံပြောဆိုလိုက်လေသည်။
"ဟုတ်ပါတယ် ကျွန်တော်တို့က အကြံပြုချက်တွေပဲ ပေးတာပါ နောက်ဆုံး ဘယ်လို ဆုံးဖြတ်မလဲ ဆိုတာကတော့ ဂိုဏ်းချုပ်ယန်ကိုပဲ နားထောင်ပါ့မယ်"
ယန်ရှောင်ဘိုက ကြားသောအခါ ရယ်မောလိုက်လေသည်။
"အားလုံးက မြှောက်ပင့်လွန်းနေပါပြီ အဘိုးကြီးကလည်း အားလုံးနဲ့ ဆွေးနွေးပြီးမှ ဆုံးဖြတ်မှာပါ နောက်ဆုံး ဆုံးဖြတ်ချက်ကတော့ အားလုံးရဲ့ ဆန္ဒအတိုင်းပဲ ဖြစ်ရပါလိမ့်မယ် ဘာလို့လဲဆိုတော့ ဒီနေရာက တစ်ယောက်တည်း ဆုံးဖြတ်လို့ ရတဲ့ နေရာမှ မဟုတ်တာ မဟုတ်လား"
"ဟားဟားဟား"
အနက်ရောင် သူတော်စင် အားလုံးမှာ ရယ်မောလိုက်ကြပြီး တင်းမာနေသော အခြေအနေမှာ ချက်ချင်းပင် ပြန်လည် ပေါ့ပါးသွားခဲ့လေသည်။
အရာအားလုံးကို အကဲခတ်နေသော ကျန်းပေရန်မှာမူ နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်သွားပြီး စိတ်ထဲမှ ညည်းတွားလိုက်လေသည်။
"တောက် ဒီပြဿနာကို မဆွေးနွေးလို့ မရဘူးဆိုတာ ငါ သိပြီးသားပဲ ဒီမြေခွေးအိုကြီးတွေကတော့ တစ်ယောက်ချင်းစီတိုင်းက စိတ်ကူးတွေ များနေကြတာပဲ"
လက်ရှိ အခြေအနေအရဆိုလျှင် ဤအစည်းအဝေး ခန်းမဆောင်အတွင်းရှိ မတည်ငြိမ်သော အချက်များမှာ ဂူအဆိပ်ကျင့်ကြံသူများဘက်ထက်ပင် ပို၍ များပြားနေလေသည်။ ထိုမြေခွေးအိုကြီးများသည် သာမန်အချိန်များတွင် ဘာမှ မရှိသကဲ့သို့ ငြိမ်သက်နေကြသော်လည်း ယခုကဲ့သို့ စုဝေးမိချိန်တွင်မူ ပြဿနာများမှာ ချက်ချင်း ပေါ်ပေါက်လာတော့လေသည်။
ကျန်းပေရန် ကြိုတင် တွက်ချက်ထားသည့်အတိုင်းပင် ဤဘေးအန္တရာယ်အတွင်း အင်အား အများဆုံး ကျန်ရှိနေသော တိုင်းပြည်များသည် သေချာပေါက် အကြံအစည်များ ရှိနေကြလေသည်။
နဂါးနက်ကုန်းမြေတိုက်ကြီးကို တိုက်ရိုက် သိမ်းပိုက်ရန်အထိ မဟုတ်လျှင်တောင်မှ ဤခြောက်နိုင်ငံ ခေါင်းဆောင်နေရာကိုတော့ အပြောင်းအလဲ လုပ်ချင်နေကြပြီ ဖြစ်လေသည်။
ကျန်းပေရန် ထင်မှတ်ထားသည်မှာ ၎င်းတို့အနေဖြင့် အနည်းငယ် ဖုံးကွယ်ထားကြလိမ့်မည်ဟု ယူဆထားသော်လည်း ခုနကမူ ၎င်းတို့သည် အချင်းချင်း မျက်နှာမထောက်ဘဲ ပွင့်ပွင့်လင်းလင်းပင် ထုတ်ဖော်ပြောဆိုခဲ့ကြလေသည်။
'ဟူး...'
အစည်းအဝေး စားပွဲပေါ်မှ အပြန်အလှန် တိုက်ခိုက်မှုများနှင့် ရံဖန်ရံခါ ထွက်ပေါ်လာသော စောင်းမြောင်းပြောဆိုမှုများကို နားထောင်ရင်း ကျန်းပေရန်သည် ၎င်းတို့ကို နှိမ်နင်းမည့် နည်းလမ်းကို စိတ်ထဲမှ ကြံစည်နေလေသည်။
ပထမဆုံးအနေဖြင့် ဂူအဆိပ်ဖြင့် သိမ်းသွင်းသည့် နည်းလမ်းကိုမူ သူ တိုက်ရိုက်ပင် ပယ်ဖျက်လိုက်လေသည်။ သူသည် မည်မျှအထိ မွန်မြတ်သည်ဟု မဆိုလိုသော်လည်း ဖိနှိပ်မှု ရှိသည့်နေရာတွင် တုံ့ပြန်မှု ရှိစမြဲ ဖြစ်လေသည်။
အကယ်၍ သူသာ ထိုအနက်ရောင် သူတော်စင်များအား ၎င်းတို့၏ ခန္ဓာကိုယ်အတွင်း၌ မိမိက နည်းလမ်းအချို့ လုပ်ဆောင်ထားကြောင်း တကယ် ပြောလိုက်မည်ဆိုလျှင် သူသည် ထိုအနက်ရောင် သူတော်စင်များ၏ ရင်ထဲ၌ ဂူအဆိပ်မျိုးနွယ်စု၏ နေရာကို ချက်ချင်း အစားထိုး ဝင်ရောက်သွားမည် ဖြစ်လေသည်။
အပြင်ပန်းတွင်မူ ၎င်းတို့သည် မည်သို့သော ပြင်းထန်သည့် တုံ့ပြန်မှုမှ ပြသကြမည် မဟုတ်သော်လည်း ရင်ထဲ၌မူ မိမိတို့၏ အသက်ကို လက်ဝါးထဲ ထည့်ထားသော သူ့အား မည်သို့ ဖယ်ရှားရမည်နည်း ဆိုသည်ကို စတင် ကြံစည်ကြမည်သာ ဖြစ်လေသည်။
ထို့ကြောင့် နည်းလမ်းအချို့ ဆိုသည်မှာ ကျန်းပေရန်အတွက် အမြဲတမ်း နောက်ဆုံးလက်နက် ဖြစ်ရမည် ဖြစ်ကာ အလွန်အမင်း အကျပ်အတည်း မကြုံတွေ့ရသရွေ့ ထုတ်သုံးမည် မဟုတ်ပေ။
ကျန်ရှိသော နည်းလမ်းအချို့မှာမူ ပုံစံချင်း မတူညီကြသော်လည်း အနှစ်သာရမှာမူ တူညီကြလေသည်။
ကျန်းပေရန်က ၎င်းကို မည်သို့ ဖော်ပြမလဲ ဆိုသည်မှာသာ အဓိက ဖြစ်လေသည်။
"ဆရာကျန်း ခင်ဗျားရဲ့ ထင်မြင်ချက်ကိုလည်း ပြောပြပါဦး"
ကျန်းပေရန်မှာ ပွဲကြည့်ပရိသတ်အဖြစ် အပြည့်အဝ နစ်ဝင်နေစဉ်မှာပင် ယန်ရှောင်ဘိုက ရုတ်တရက် လှည့်ကြည့်ကာ မေးမြန်းလိုက်လေသည်။
ခဏချင်းအတွင်းမှာပင် အခြားသော အနက်ရောင် သူတော်စင်များသည်လည်း ကျန်းပေရန်ထံသို့ အကြည့်များ ရောက်ရှိလာကြပြီး ၎င်းတို့၏ မျက်နှာပေါ်မှ အမူအရာများမှာ အလွန်ပင် ရှုပ်ထွေးလှပေသည်။
၎င်းတို့ကိုယ်တိုင် ပြောခဲ့သည့်အတိုင်းပင် ယခုတစ်ကြိမ်တွင် နဂါးနက်ကုန်းမြေတိုက်ကြီး တစ်ခုလုံးကို ကယ်တင်ခဲ့သူမှာ ကျန်းပေရန် ဖြစ်သဖြင့် ဤနယ်မြေခွဲဝေမှု ကိစ္စတွင် သူသည် အလွန် မြင့်မားသော ဆုံးဖြတ်ပိုင်ခွင့် ရှိနေလေသည်။
သူသာ စကားတစ်ခွန်း ပြောလိုက်မည်ဆိုလျှင် အခြားသူများ ရင်ထဲ၌ မကျေနပ်မှုများ ရှိနေလျှင်ပင် မျက်မှောက်တွင်မူ ထုတ်ဖော်ပြသကြမည် မဟုတ်ပေ။ မဟုတ်လျှင် ကျေးဇူးကန်းသူဟူသော အမည်ဆိုးကို ခံယူရမည် မဟုတ်ပါလော။
အနက်ရောင် သူတော်စင် အားလုံး၏ စူးစိုက်ကြည့်ခြင်းကို ခံနေရသော ကျန်းပေရန်က စကားစလိုက်လေသည်။
"ကျွန်တော့်ရဲ့ အမြင်ကတော့ တကယ်ကို ရိုးရှင်းပါတယ်... အဲဒါကတော့"
အနက်ရောင် သူတော်စင် အားလုံးက အသက်ရှူအောင့်၍ စောင့်ဆိုင်းနေစဉ်မှာပင် ကျန်းပေရန်က သူ၏ ခါးမှ တိုကင်တစ်ခုကို ရုတ်တရက် လှမ်းယူလိုက်လေသည်။
"ကောင်းပြီ ငါ သိပြီ အခုချက်ချင်း လာခဲ့မယ်"
ထို့နောက် သူက အားလုံးကို အလွန် အားနာဟန်ဖြင့် ကြည့်ကာ ပြောဆိုလိုက်လေသည်။
"ကျင်ကျဲခန်းဆောင် ဘက်မှာ ပြဿနာအနည်းငယ် ပေါ်နေလို့ ကျွန်တော် သွားပြီးတော့ ဖြေရှင်းလိုက်ပါဦးမယ် စီနီယာတို့ ဆက်ပြီးတော့ ဆွေးနွေးထားကြပါဦး"
ပြောပြီးနောက် သူသည် အစည်းအဝေး ခန်းမဆောင်မှ တိုက်ရိုက် ထွက်ခွာခဲ့လေသည်။
'...'
'ဗျာ'
ကျန်းပေရန်၏ ခမ်းနားစွာ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း အနက်ရောင် သူတော်စင်များမှာ ကြောင်အကုန်ကြလေသည်။
အချိန်အတော်ကြာ ဆွေးနွေးပြီးမှ ခင်ဗျားရဲ့ အဆုံးအဖြတ် စကားတစ်ခွန်းကို စောင့်နေတာကို အခုတော့ ခင်ဗျားက ထွက်ပြေးသွားတယ် ဟုတ်လား။
သို့သော် ၎င်းတို့အနေဖြင့် တားဆီးရန်လည်း နည်းလမ်း မရှိပေ။ ဘာလို့လဲဆိုတော့ ကျန်းပေရန် ယခု လုပ်ဆောင်နေသော ကိစ္စတိုင်းမှာ နဂါးနက်ကုန်းမြေတိုက်ကြီး တစ်ခုလုံးအတွက် ဖြစ်ပြီး အမြင့်မြတ်ဆုံးသော တာဝန်များ ဖြစ်နေသောကြောင့် ဖြစ်လေသည်။
အံ့ဩတုန်လှုပ်မှုများ ပြီးဆုံးသွားသောအခါ အစည်းအဝေး ခန်းမဆောင်အတွင်းရှိ အနက်ရောင် သူတော်စင်များသည် အချင်းချင်း ကြည့်လိုက်ကြပြီး ဆက်လက် ဆွေးနွေးလိုစိတ် လုံးဝ မရှိတော့ပေ။
"ကျွန်တော့်ဂိုဏ်းထဲမှာလည်း ဖြေရှင်းစရာ ကိစ္စအချို့ ရှိနေလို့ စီနီယာတို့ အေးအေးဆေးဆေး ဆက်ပြီး ဆွေးနွေးကြပါဦး ကျွန်တော် ခဏသွားလိုက်ဦးမယ်"
ထိုအချိန်တွင် ဂျိနိုင်ငံ မှ မူစိမ်းရုံ က ရုတ်တရက် ထရပ်ကာ အားလုံးကို လက်သီးစုကာ နှုတ်ဆက်လိုက်ပြီး အစည်းအဝေး ခန်းမဆောင် ပြင်ပသို့ ထွက်ခွာခဲ့လေသည်။
မူစိမ်းရုံ ထွက်ခွာသွားသည်ကို ကြည့်ရင်း အနက်ရောင် သူတော်စင် တစ်စုမှာလည်း ရင်ထဲ၌ အတွေးကိုယ်စီ ပေါ်ပေါက်လာကြလေသည်။
ခုနက အစည်းအဝေးတွင် မူစိမ်းရုံမှာ စကားတစ်ခွန်းမျှပင် မပြောခဲ့ပေ။ အကြောင်းရင်းမှာလည်း ရိုးရှင်းလှပေသည် ယခုအခါ ဂျိနိုင်ငံ၏ အခြေအနေမှာ အလွန်ပင် စိုးရိမ်ရသည့် အဆင့်တွင် ရှိနေသဖြင့် ချီနိုင်ငံကို ကူညီမည့် ကိစ္စတွင် ဝင်ရောက် ပြောဆိုရန် မဆိုထားနှင့် ဆက်လက် ဆွေးနွေးနေမည်ဆိုလျှင် ၎င်းတို့ကိုယ်တိုင်ပင် အကူအညီ တောင်းရမည့် ပစ်မှတ် ဖြစ်သွားနိုင်သောကြောင့် ဖြစ်လေသည်။
'အခု အချိန်မှာ ရုတ်တရက် ထွက်သွားတယ်ဆိုတော့... ဒါဆိုရင်'
ခဏချင်းအတွင်းမှာပင် အစည်းအဝေး ခန်းမဆောင်အတွင်းရှိ အနက်ရောင် သူတော်စင် အားလုံးမှာ တူညီသော ကောက်ချက်တစ်ခုကို ရရှိသွားကြလေသည်။
မူစိမ်းရုံကတော့ ကျန်းပေရန်ကို သွားရှာတာ သေချာပြီ။
ဤနေရာရှိ လူအားလုံးထဲတွင် ဂျိနိုင်ငံ၏ အကျိုးအမြတ်ကို ကာကွယ်ပေးနိုင်ဆုံးသောသူမှာ ကျန်းပေရန်မှလွဲ၍ တခြား မည်သူ ရှိဦးမည်နည်း။
ကျန်းပေရန်ကသာ နှုတ်ထွက် စကားတစ်ခွန်း ပြောလိုက်မည်ဆိုလျှင် ဤနေရာရှိ လူအားလုံးမှာ သေချာပေါက် မျက်နှာပေးရမည်သာ ဖြစ်လေသည်။
"ကျွန်တော့် မျိုးနွယ်စုထဲမှာလည်း အရေးကြီးကိစ္စ ရှိလို့ အရင် သွားနှင့်ပါ့မယ် စီနီယာတို့ ဆက်ပြီး ဆွေးနွေးကြပါဦး"
"အဘိုးကြီးရဲ့ စံအိမ်မှာ ဧည့်သည်တစ်ယောက် ရောက်နေလို့ သူ့ကို ပြန်ပို့ပြီးမှပဲ ပြန်လာတော့မယ်"
"ကျွန်တော်ကတော့... အပြင်မှာ လေခဏ ထွက်ရှူလိုက်ဦးမယ်"
လော်ကျင်းထျန်သည် အကြောင်းပြချက်ပင် မရှာတော့ဘဲ ပြေးထွက်သွားသည်ကို မြင်သောအခါ ယန်ရှောင်ဘိုမှာလည်း စိတ်ထဲမှ ရယ်မောလိုက်မိလေသည်။
သူတို့တွေ အခု ထွက်သွားကြတာ ဘာလုပ်ဖို့လဲ ဆိုတာကို သူ သေချာပေါက် သိရှိထားသလို ကျန်းပေရန် ရုတ်တရက် ထွက်သွားရခြင်း၏ ရည်ရွယ်ချက်မှာလည်း ၎င်းပင် ဖြစ်လိမ့်မည်ဟု သူ ယူဆထားလေသည်။
'ဟူး ငါလည်း အပြင်ခဏ ထွက်ပြီး လမ်းလျှောက်လိုက်ဦးမယ်'
အစပိုင်းတွင်မူ ယန်ရှောင်ဘိုသည် ကျန်းပေရန်က မိမိတို့၏ ထုံနိုင်ငံဘက်မှ ရပ်တည်ပေးလိမ့်မည်ဟု ယူဆထားသဖြင့် စိတ်အေးနေခဲ့သော်လည်း ယခုအခါတွင်မူ သူသည်လည်း စိုးရိမ်လာခဲ့လေပြီ။
ဘာလို့လဲဆိုတော့ ခုနက ဆွေးနွေးမှုတွင် ကျန်းပေရန်သည် မိမိတို့ဘက်သို့ လိုက်ပါမည့် အရိပ်အယောင် လုံးဝ မပြသခဲ့ဘဲ တောင်ပေါ်မှနေ၍ ကျားတိုက်ပွဲ ကြည့်နေသည့် ပုံစံမျိုးသာ ပြသခဲ့သောကြောင့် ဖြစ်လေသည်။
ထိုသို့ဆိုမှတော့ သူ၏ ရင်ထဲ၌လည်း ယုံကြည်မှုများ ပျောက်ဆုံးသွားရလေသည်။
အစည်းအဝေး ခန်းမဆောင်အတွင်းရှိ အနက်ရောင် သူတော်စင်များ တစ်ယောက်မကျန် ထွက်ခွာသွားသည်ကို ကြည့်ရင်း ကျန်းပေရန်က ဤထိပ်တန်း အစည်းအဝေးသို့ ဖိတ်ကြားထားသော အတတ်ပညာရှင် အနည်းငယ်မှာ အချင်းချင်း ကြည့်လိုက်ကြပြီးနောက် ပြောဆိုလိုက်ကြလေသည်။
"ငါတို့လည်း အပြင်ထွက်ပြီး လမ်းလျှောက်ကြရင် ဘယ်လိုလဲ ဘာပဲဖြစ်ဖြစ် ဒီမှာတော့ ငါတို့နဲ့ ဆိုင်တာတွေ မရှိတော့ဘူး ထင်တယ်"
"ဟဲဟဲ အဘိုးကြီးကတော့ ဒီဆွေးနွေးမှုရဲ့ ရလဒ်က ဘာဖြစ်မလဲဆိုတာကို မြင်တွေ့ချင်သေးတယ် ဘာလို့လဲဆိုတော့ ဒါက နဂါးနက်ကုန်းမြေတိုက်ကြီးရဲ့ အနာဂတ် လမ်းကြောင်းကို ဆုံးဖြတ်ပေးမှာလေ"
"ဆရာကြီးဝမ်က အေးအေးဆေးဆေး နေတတ်တဲ့သူ မဟုတ်လား ဒါတွေကိုကော စိတ်ဝင်စားလို့လား"
"ဟားဟားဟား"
ဝမ်ရှင်းကျိ က ကြားသောအခါ ရယ်မောလိုက်လေသည်။
"အေးအေးဆေးဆေး နေချင်တာတောင်မှ အခြေအနေက ခွင့်မပြုရင်လည်း မလွယ်ဘူးလေ"
"ဆရာကြီးဝမ် ပြောတာက တကယ်ကို မှန်ပါတယ် ကျွန်တော်လည်း ဒီအစည်းအဝေးရဲ့ ရလဒ်ကို တော်တော်လေး စိတ်ဝင်စားမိတယ်"
စိတ်လေးလံနေကြသော အနက်ရောင် သူတော်စင်များနှင့် မတူညီဘဲ ၎င်းတို့မှာမူ ပွဲကြည့်ပရိသတ် အနေအထားဖြင့်သာ ရှိနေကြလေသည်။ အများဆုံးမှာမူ အနာဂတ် အခြေအနေများကို စဉ်းစားပြီး မိမိတို့အတွက် ကောင်းမွန်သော လမ်းကြောင်းတစ်ခု ရှာဖွေရန်သာ ဖြစ်လေသည်။