အတိုင်းအတာတစ်ခုအထိ မြှောက်ပင့်ခြင်း
Vol. 59 Ch. 662
"ဒီမှာ နေရတာ ဘယ်လိုလဲ"
ကျင်ကျဲခန်းဆောင်တွင် မီဝမ်ဝေကို တွေ့သောအခါ ကျန်းပေရန်က မေးမြန်းလိုက်လေသည်။
"အရမ်း ကောင်းပါတယ်"
မီဝမ်ဝေ စကားပြောချိန်တွင် မျက်လုံးများမှာ အရောင်လက်နေလေသည်။
"ဒီနေရာက ချမ်းကျိနန်းတော် ထက်တောင် ကျွန်မကို ပိုပြီး သက်သောင့်သက်သာ ဖြစ်စေပါတယ်"
မူလက မီဝမ်ဝေသည် ထိုကုန်းမြေတိုက်ကြီးပေါ်တွင် ချမ်းကျိနန်းတော်ထက် ပိုမိုသင့်တော်သောနေရာကို ရှာတွေ့နိုင်တော့မည်မဟုတ်ဟု ယူဆထားသော်လည်း ကျန်းပေရန်က တစ်လမပြည့်သောအချိန်အတွင်းမှာပင် အတတ်ပညာရှင်များအတွက် နိဗ္ဗာန်ဘုံတစ်ခုကို တည်ဆောက်လိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။
ဤနေရာတွင် အဆင့်ကိုး ဂိုဏ်းဆရာကြီးတိုင်းသည် တပည့်တစ်ဦးကဲ့သို့သော စိတ်ထားဖြင့် နယ်ပယ်အသီးသီးမှ အတတ်ပညာများ ပေါင်းစပ်သွားသည့် အလှတရားများကို စတင်လေ့လာနေကြလေသည်။
၎င်းမှာ မီဝမ်ဝေ၏ စိတ်ကူးထဲမှ ချမ်းကျိနန်းတော် မဟုတ်ဘဲ အတတ်ပညာရှင်အားလုံး ရှိသင့်ရှိထိုက်သော ပုံစံပင် ဖြစ်လေသည်။
သို့သော် သူမ မည်မျှပင် ကြိုးစားပါစေ ထိုအဘိုးကြီးများ၏ အယူအဆဟောင်းများကို ပြောင်းလဲနိုင်ခြင်းမရှိခဲ့ပေ ပျံသန်းစံအိမ် ကဲ့သို့သော အရှိတရားရှိနေလျှင်ပင် ၎င်းတို့က တိုက်တိုက်ဆိုင်ဆိုင်ပေါ်ထွက်လာသော အံ့ဖွယ်အရာတစ်ခုအဖြစ်သာ ယူဆကြပြီး ထပ်မံဖန်တီးနိုင်စွမ်းမရှိဟု တွေးတောခဲ့ကြလေသည်။
မူလက မီဝမ်ဝေသည် ထိုကုန်းမြေတိုက်ကြီးပေါ်ရှိ အတတ်ပညာရှင်များအားလုံး ပုပ်သိုးကုန်ပြီဟု ယူဆခဲ့ခြင်း ဖြစ်လေသည်။
၎င်းတို့သည် အသစ်အဆန်းများကို လက်မခံနိုင်ကြသလို ၎င်းတို့မလုပ်ဆောင်နိုင်သော ကိစ္စရပ်များကိုလည်း အသိအမှတ်မပြုလိုကြပေ။
သို့သော် ယခုအခါ သူမ သဘောပေါက်သွားခဲ့လေပြီ ထိုဂိုဏ်းဆရာကြီးများ ပုပ်သိုးသွားခြင်းမဟုတ်ဘဲ ယခင်က သူမကိုယ်တိုင်က အားနည်းလွန်းသဖြင့် လူတိုင်းကို လက်ခံလာအောင် လုပ်ဆောင်နိုင်စွမ်းမရှိခဲ့ခြင်းသာ ဖြစ်လေသည်။
ယခု ကျန်းပေရန် ပေါ်ထွက်လာချိန်တွင်မူ အရှိန်အဝါအပြည့်ဖြင့် ဂိုဏ်းဆရာကြီးအားလုံး၏ အယူအဆများကို ဆေးကြောပေးလိုက်ပြီး လူတစ်ယောက်သည် အတတ်ပညာအားလုံးတွင် ထိပ်ဆုံးသို့ ရောက်ရှိသွားပါက မည်မျှအထိ သန်မာသွားနိုင်သနည်းဆိုသည်ကို လူတိုင်းအား သိရှိစေခဲ့လေသည်။
၎င်းမှာ မီဝမ်ဝေ မလုပ်ဆောင်နိုင်ခဲ့သော ကိစ္စဖြစ်လေသည်။ သူမသည် အတတ်ပညာများ ပေါင်းစပ်ခြင်း၏ အလှတရားကို သိရှိထားသော်လည်း သူမကိုယ်တိုင် အဆင့်ကိုးသို့ ရောက်ရှိထားသော အတတ်ပညာမှာ စက်မှုပညာတစ်ခုတည်းသာ ဖြစ်လေသည်။
၎င်းက သူမကို စောင့်ကြည့်နေကြသော အခြားဂိုဏ်းဆရာကြီးများအတွက် ဆန့်ကျင်ဘက်ရလဒ်များကိုသာ ပေးစွမ်းခဲ့လေသည်။
၎င်းတို့သည် မီဝမ်ဝေ၏ ထက်မြက်မှုကို ပိုမိုသိရှိလေလေ အတတ်ပညာများစွာကို တစ်ပြိုင်နက်လေ့လာခြင်းမှာ အချိန်ဖြုန်းခြင်းသာဖြစ်သည်ဟု ပိုမိုယူဆလာလေလေ ဖြစ်လေသည်။
ဘာလို့လဲဆိုတော့ မီဝမ်ဝေကဲ့သို့သော ပါရမီရှင်ကြီးပင်လျှင် နောက်ဆုံးတွင် ထိုကိစ္စကို မအောင်မြင်ခဲ့မှတော့ အခြားသူများအတွက် ပို၍ပင် မဖြစ်နိုင်တော့ဟု တွေးတောခဲ့ကြသောကြောင့် ဖြစ်လေသည်။
လူသားများအတွက် ကြောက်စရာအကောင်းဆုံးအရာမှာ မိမိကိုယ်ကို ကန့်သတ်ချက်များဖြင့် ပိတ်လှောင်ထားခြင်းပင် ဖြစ်လေသည်။
လူတစ်ယောက်က ထိုကိစ္စမှာ မဖြစ်နိုင်ဟု ယူဆလိုက်သည်နှင့် မျက်မြင်မရသော သံကြိုးများက ၎င်းတို့ကို ထာဝရ ချည်နှောင်ထားတော့မည် ဖြစ်လေသည်။
လူသားတို့သည် အရင်ဆုံး စိတ်ကူးရဲရမည်ဖြစ်ကာ ထိုမှတစ်ဆင့် အံ့ဖွယ်အရာများကို တစ်ခုပြီးတစ်ခု ဖန်တီးနိုင်မည် ဖြစ်လေသည်။
အကယ်၍ လူတိုင်းက သံတုံးကြီးများ ကောင်းကင်ပေါ်သို့ ပျံတက်ရန် မဖြစ်နိုင်ဟု ယူဆခဲ့ကြမည်ဆိုလျှင် လေယာဉ်ပျံများလည်း ပေါ်ထွက်လာလိမ့်မည်မဟုတ်ပေ။
သို့သော် ကမ္ဘာကြီးမှာ အံ့ဩစရာကောင်းလှပေသည် အချိန်အတိုင်းအတာတစ်ခုတွင် အလွန်ထူးချွန်သော ပါရမီရှင်တစ်ဦး ပေါ်ထွက်လာလေ့ရှိပြီး အခြားသူများကို ခေတ်သစ်တစ်ခုဆီသို့ ဦးဆောင်ခေါ်သွားကာ မဖြစ်နိုင်သောအရာများကို ဖြစ်နိုင်အောင် လုပ်ဆောင်ပြလေ့ရှိလေသည်။
ယခုအချိန်တွင် မီဝမ်ဝေ၏ မျက်လုံးထဲ၌ ကျန်းပေရန်မှာ ထိုသံကြိုးများကို ဖြတ်တောက်ပစ်မည့်သူ ဖြစ်လေသည်။
သူသည် အတတ်ပညာရှင်အားလုံးကို နောက်ထပ်ခေတ်သစ်တစ်ခုဆီသို့ ဦးဆောင်ခေါ်သွားပြီး အံ့ဖွယ်အရာများစွာကို ဖန်တီးပြလိမ့်မည် ဖြစ်လေသည်။
၎င်းကို တွေးမိသည်နှင့် မီဝမ်ဝေက ကျန်းပေရန်ကို ကြည့်သော မျက်လုံးများမှာ ပိုမိုစူးရှလာခဲ့လေသည် သို့သော် ထိုစူးရှမှုများထဲတွင် လေးစားအားကျမှုနှင့် ရူးသွပ်မှုများက ပိုမိုများပြားနေလေသည်
မျက်စိရှေ့မှ လူသားမှာ သူမ အမြဲတမ်း စောင့်ဆိုင်းနေခဲ့သော အံ့ဖွယ်လူသားပင် ဖြစ်လေသည်
ကြီးမြတ်လှသော အံ့ဖွယ်လူသား ပေါ့
"တိုကျွမ်းစတားဝတ်စုံထဲက ဆွေ့ဟန်အစီအရင် မှာ အားနည်းချက် ရှိနေသေးတယ်လို့ ကျွန်တော် ထင်တယ် ဆရာမ ဘယ်လို ထင်လဲ"
ကျန်းပေရန်၏ မေးခွန်းကို ကြားလိုက်ရသောအခါ မီဝမ်ဝေသည် ရုတ်တရက် တုန်လှုပ်သွားပြီးမှ ရူးသွပ်သော အတွေးများထဲမှ လက်တွေ့လောကသို့ ပြန်လည်ရောက်ရှိလာခဲ့လေသည်
"ကျွန်မ ထင်တာကတော့ ၎င်းက တော်တော်လေးကို ပြီးပြည့်စုံတဲ့ ရွေးချယ်မှုပါပဲ ထိုအစီအရင်က ထုံးပိအမှတ်အသား နဲ့ ကောင်းကောင်း ပေါင်းစပ်နိုင်လို့ အကောင်းဆုံး အာနိသင်ကို ပေးနိုင်တာလေ"
"မဟုတ်ဘူး ကျွန်တော် ထင်တာကတော့ အကောင်းဆုံး မဟုတ်သေးဘူး အကယ်၍..."
ကျန်းပေရန်က စက္ကူနှင့် ကလောင်ကို ထုတ်ယူကာ မီဝမ်ဝေအား ရှင်းပြရန် ပြင်လိုက်စဉ်မှာပင် အဆင့်ကိုး အမှတ်အသားပညာရှင် တစ်ဦးက သူ၏ ရှေ့သို့ ရောက်ရှိလာပြီး ပြောဆိုလိုက်လေသည်။
"ဆရာကျန်း အပြင်မှာ တစ်ယောက်ယောက်က လာရှာနေပါတယ်"
'ဒီလောက် မြန်မြန် လိုက်လာတာလား'
သို့သော် ကျန်းပေရန်က လှည့်စားရန် ဆုံးဖြတ်လိုက်လေသည်။
"စူးဆရာကြီး ကျွန်တော့်ကိုယ်စား သူ့ကို ပြောပေးပါ ကျွန်တော် အခုလောလောဆယ် မအားလပ်သေးဘူးလို့"
သူသည် အစည်းအဝေးခန်းမဆောင်မှ ထွက်ခွာခဲ့ခြင်းမှာ ၎င်းတို့သည် အစည်းအဝေးတွင် မပြောနိုင်သော စကားများကို သီးသန့်ဆွေးနွေးလိုကြမည်ကို သိရှိထားသောကြောင့် ဖြစ်ကာ သီးသန့်ဆွေးနွေးခြင်းက ပိုမိုထိရောက်မည်မှန်း သိထားသောကြောင့် ဖြစ်လေသည်
မာန်တက်ပြရခြင်းမှာလည်း ၎င်းတို့အား မိမိသည် စကားပြောရန် ထိုမျှလောက်မလွယ်ကူမှန်း သိရှိစေရန် ဖြစ်ကာ မဟုတ်လျှင် လူတိုင်းက ကျေးဇူးတရားများကို အသုံးချ၍ လာရောက်ပြောဆိုနေကြမည်ဆိုလျှင် ဒုက္ခများနိုင်သောကြောင့် ဖြစ်လေသည်။
ကျန်းပေရန်၏ အဖြေကို ကြားပြီးနောက် စူးမင်က ခေါင်းညိတ်လိုက်လေသည်။
"ကောင်းပြီ ငါ သိပြီ"
"ကျေးဇူးတင်ပါတယ်"
စူးမင် ထွက်ခွာသွားပြီးနောက် ကျန်းပေရန်သည် စက္ကူနှင့် ကလောင်ကို ကိုင်ကာ မီဝမ်ဝေအား ဆက်လက်ပြောဆိုလိုက်လေသည်။
"လာ ကျွန်တော်တို့ ဆက်ရအောင်"
...
ကျင်ကျဲခန်းဆောင် ပြင်ပတွင် ကျန်းဆရာကြီးမှာ အားမလပ်သေးကြောင်း အပြောခံလိုက်ရသော မူစိမ်းရုံသည် ဟိုဟိုဒီဒီ လမ်းလျှောက်နေလေသည်။
နောက်ဆုံးတစ်ကြိမ် သူတစ်ပါး၏ ငြင်းပယ်ခြင်းကို ခံခဲ့ရသည်မှာ မည်သည့်အချိန်ကလဲ။
သူ စဉ်းစားမရတော့ပေ။
ဂျိနိုင်ငံ၏ အမြင့်ဆုံး တိုက်ခိုက်ရေးသမား တစ်ဦးအနေဖြင့် မူစိမ်းရုံ ရောက်ရှိရာ နေရာတိုင်းတွင် လူအများက ဦးညွှတ် ဂါရဝပြုကြသည်သာ ရှိလေသည်။ သူ ဘယ်နေရာသို့ သွားသွား အမြင့်ဆုံးသော ဧည့်ခံမှုကိုသာ ရရှိခဲ့ခြင်း ဖြစ်လေသည်။
အလုပ်များလို့ အားမလပ်ဘူး ဟုတ်လား။
မည်သူမျှ သူ့အား ဤကဲ့သို့သော ရိုးရှင်းသည့် အကြောင်းပြချက်ဖြင့် လှည့်စားရန် မဝံ့ရဲခဲ့ကြပေ။
သို့သော် ကျန်းပေရန်၏ ငြင်းပယ်ခြင်းကို ခံလိုက်ရသောအခါ မူစိမ်းရုံမှာမူ အံ့ဩစရာကောင်းလောက်အောင်ပင် ဒေါသထွက်ခြင်း မရှိခဲ့ပေ။
၎င်းမှာ သူ ဤနေရာသို့ မလာမီကပင် ဤသို့ ဖြစ်လာနိုင်သည်ဟု ကြိုတင် တွက်ချက်ထားသောကြောင့် ဖြစ်နိုင်လေသည်။
သို့မဟုတ်လျှင်လည်း ကျန်းပေရန် ယခု လုပ်ဆောင်နေသော ကိစ္စတိုင်းမှာ နဂါးနက်ကုန်းမြေတိုက်ကြီးအတွက် ဖြစ်နေသောကြောင့် ဖြစ်နိုင်လေသည်။
ဒါမှမဟုတ်... ဒါမှမဟုတ် သူ၏ ရင်ထဲ၌ ယခု ကျန်းပေရန်မှာ မိမိထက် အဆင့်အတန်း ပိုမို မြင့်မားနေသည်ဟု သတ်မှတ်လိုက်သောကြောင့်လည်း ဖြစ်နိုင်လေသည်။
ထိုအတွေးကြောင့် မူစိမ်းရုံ ကိုယ်တိုင်ပင် ထိတ်လန့်သွားခဲ့လေသည်။
တစ်ချိန်က ဇန်တိုင်းပြည်မှာ ခြောက်နိုင်ငံတွင် နံပါတ်တစ်ဟု အသိအမှတ်ပြုခြင်း ခံခဲ့ရလျှင်ပင် မူစိမ်းရုံသည် ၎င်းတို့အား အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိခဲ့သလို မိမိထက် အဆင့်မြင့်သည်ဟုလည်း မသတ်မှတ်ခဲ့ပေ။
သူ့အား အချိန်အနည်းငယ် ပေးမည်ဆိုလျှင် ကျန်ရှိသော ငါးနိုင်ငံကို တိုက်ခိုက်သိမ်းပိုက်ရန်မှာ သူ၏အတွက် အခက်အခဲ မဟုတ်ပေ။
သို့သော် ယခုအချိန်တွင်မူ သူသည် မိမိကိုယ်ကို ထိုလူငယ်လေးထက် နိမ့်ကျနေသည်ဟု ယူဆမိနေခြင်း ဖြစ်လေသည်။
၎င်းမှာ ဂျိနိုင်ငံ ဆုတ်ယုတ်သွားခြင်းကြောင့်သာမက ကျန်းပေရန်က သူ၏ စိတ်ကူးထဲမှ ကျော်လွန်သော ကိစ္စရပ်များစွာကို လုပ်ဆောင်ခဲ့ခြင်းကြောင့်လည်း ဖြစ်လေသည်။
အခြားသူများ သန်မာခြင်းမှာ သူ သိရှိထားသော နယ်ပယ်အတွင်း၌သာ ရှိနေသဖြင့် သူသည် နည်းလမ်းရှာ၍ ကျော်တက်နိုင်သော်လည်း ကျန်းပေရန်၏ သန်မာမှုမှာမူ သူ၏ သိရှိနားလည်မှုကို လုံးဝ ကျော်လွန်နေလေသည်။
သူသည် ကျင့်ကြံမှု လုံးဝ မရှိသော်လည်း ပညာရှင်အားလုံးကို စေခိုင်းနိုင်သည့်အပြင် လူတိုင်းကလည်း သူ့အား ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ နားခံနေကြလေသည်။
၎င်းမှာ သူ တစ်ခါမျှ မကြုံဖူးသေးသော အခြေအနေမျိုး ဖြစ်သဖြင့် သူသည် ခေတ္တမျှ ဝေခွဲမရ ဖြစ်နေခြင်း ဖြစ်လေသည်။
ကျင်ကျဲခန်းဆောင် ဘက်သို့ ကြည့်ရင်း မူစိမ်းရုံသည် လက်သီးကို တင်းကျပ်စွာ ဆုပ်လိုက်ပြီး စိတ်ထဲမှ ညည်းတွားလိုက်လေသည်။
'ခွန်အား ဆိုတာက အရာအားလုံးကို ကိုယ်စားမပြုနိုင်တော့တာလား'
'မဟုတ်ဘူး ကျန်းပေရန်မှာလည်း ခွန်အား ရှိတယ် သူ၏ ခွန်အားက ငါတို့နဲ့ မတူပေမဲ့ ပိုပြီးတော့တော့ အစွမ်းထက်တယ်'
ယခုအချိန်တွင် မူစိမ်းရုံ၏ စိတ်ထဲ၌ မည်သည့် ဇဝေဇဝါမှ မရှိတော့ပေ ဂျိနိုင်ငံအနေဖြင့် ဤဘေးအန္တရာယ်မှ လွတ်မြောက်ရန်အတွက် ကျန်းပေရန်ကိုသာ အားကိုးရမည်မှန်း သူ သိရှိသွားခဲ့လေပြီ။ ထိုသို့ လုပ်ဆောင်ရန်အတွက် သူသည် အရာအချို့ကို စွန့်လွှတ်ရမည် ဖြစ်ကာ ၎င်းမှာ သူ အမြဲတမ်း အလေးထားခဲ့သော မာန်မာနများပင် ဖြစ်လေသည်။
ညနေစောင်းချိန်တွင် ကျန်းပေရန်သည် အချိန်မှာ အသင့်တော်ဆုံး ဖြစ်ပြီဟု ယူဆလိုက်လေသည် မာန်တက်ပြခြင်း ဆိုသည်မှာလည်း အတိုင်းအတာ တစ်ခုအထိသာ ဖြစ်သင့်ပြီး လွန်သွားပါက ရန်ငြိုးဖွဲ့သလို ဖြစ်သွားနိုင်သောကြောင့် ဖြစ်လေသည်
"ရှင် သွားတော့မှာလား"
ကျန်းပေရန် ရုတ်တရက် ထရပ်လိုက်သည်ကို မြင်သောအခါ ဆွေးနွေးမှုတွင် နစ်ဝင်နေသော မီဝမ်ဝေက မော့ကြည့်၍ မေးမြန်းလိုက်လေသည်
"အင်း အပြင်မှာ လုပ်စရာ ကိစ္စအချို့ ရှိလို့"
ခုနက မီဝမ်ဝေနှင့် ဆွေးနွေးမှုအတွင်း ကျန်းပေရန်သည် မျက်စိရှေ့မှ အမျိုးသမီးမှာ မည်မျှအထိ ထက်မြက်သနည်းဆိုသည်ကို ပိုမိုသိရှိလာခဲ့လေသည်။ ဘာကိုပဲ သင်ပေးပါစေ သူမသည် တစ်ခါတည်းနှင့် တတ်မြောက်သွားသည့်အပြင် တစ်ချက်ပြလျှင် ဆယ်ချက် သိရှိသူ ဖြစ်လေသည်။ နောက်ဆုံးတွင် ကျန်းပေရန်ပင်လျှင် များစွာ သင်ယူလိုက်ရသလို ခံစားလိုက်ရလေသည်
ဝန်ခံရလျှင် ဤကဲ့သို့သော အပြန်အလှန် တိုးတက်စေသည့် ဆွေးနွေးမှုမှာ တကယ်ပင် နှစ်သက်စရာ ကောင်းလှပေသည် အကယ်၍ တံခါးပြင်ပတွင် စောင့်ဆိုင်းနေသောသူများမှာ နဂါးနက်ကုန်းမြေတိုက်ကြီး၏ ထိပ်တန်းပုဂ္ဂိုလ်များသာ မဟုတ်ပါက ကျန်းပေရန်သည် အချိန်အနည်းငယ် ထပ်မံ နေထိုင်မိမည်မှာ သေချာလှသည်.
ကျန်းပေရန်ထက်စာလျှင် မီဝမ်ဝေမှာ ထိုခံစားချက်ကို ပိုမို စွဲလန်းနေလေသည်
ခုနက ဆရာတပည့်ကဲ့သို့လည်းကောင်း သူငယ်ချင်းကဲ့သို့လည်းကောင်း ဆွေးနွေးခဲ့ရခြင်းမှာ သူမ၏ ဘဝတွင် ဒုတိယအကြိမ်မြောက် ဤမျှလောက်အထိ ပျော်ရွှင်ခဲ့ရခြင်း ဖြစ်လေသည်။
ပထမဆုံးအကြိမ် ဤမျှလောက် ပျော်ရွှင်ခဲ့ရသည်မှာ ကျန်းပေရန်ကို ပထမဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်က ဖြစ်လေသည်။
မှန်ပါသည် ပျံသန်းစံအိမ် ကို ဖန်တီးနိုင်ခဲ့သည့် အချိန်မှ ပျော်ရွှင်မှုမှာပင် ဤနှစ်ကြိမ်နှင့် နှိုင်းယှဉ်လျှင် ဘာမှ မဟုတ်တော့ပေ
မီဝမ်ဝေ၏ နှမြောတသဖြစ်နေသော မျက်လုံးများအောက်တွင် ကျန်းပေရန်သည် နောက်ဖေးတံခါးမှတစ်ဆင့် ကျင်ကျဲခန်းဆောင်မှ တိတ်တဆိတ် ထွက်ခွာခဲ့လေသည်
ဘာပဲဖြစ်ဖြစ် ယခုအခါ နိုင်ငံအသီးသီးမှ ခေါင်းဆောင်များသည် သူ့အား သီးသန့် တွေ့ဆုံချင်နေကြသဖြင့် ရှေ့တံခါးမှ ထွက်သွားမည်ဆိုလျှင် ထိုသူများ အချင်းချင်း ရန်ဖြစ်ကုန်မည်ကို ကျန်းပေရန် စိုးရိမ်သောကြောင့် ဖြစ်လေသည်။
တိတ်ဆိတ်လှသော ခြံဝင်းတစ်ခုအတွင်းသို့ ရောက်ရှိလာသောအခါ ကျန်းပေရန်သည် စလက်စွပ်ထဲမှ တိုကင်များစွာကို ထုတ်ယူလိုက်လေသည်။
"ဒါက မူဂိုဏ်းချုပ်ရဲ့ တိုကင်ပဲ ဒါကတော့... ဒါက လင်းဂိုဏ်းချုပ်ရဲ့ တိုကင် ထင်တယ် ဟူး... အမှတ်အသားလေး တစ်ခုခု လုပ်ထားသင့်တာ"
သတင်းပို့ရန်အတွက် ပထမဆုံးသော မှော်ပစ္စည်းမှာ တိုကင် ဖြစ်နေသောကြောင့် ဖြစ်နိုင်သလို ခြောက်နိုင်ငံဘက်မှ ဆက်သွယ်ရေး ကိရိယာ အားလုံးမှာ တိုကင်များသာ ဖြစ်ကြလေသည်။ကွာခြားချက်မှာ အသုံးပြုထားသော ပစ္စည်းများသာ ဖြစ်ပြီး အချို့မှာ ခရမ်းရွှေ၊ အချို့မှာ ကျောက်စိမ်း၊ အချို့မှာ ပတ္တမြားများ ဖြစ်ကြလေသည်
ခံစားချက်အရဆိုလျှင် ၎င်းမှာ မော်ဒယ်လ် မတူညီသော ဖုန်းများကဲ့သို့ပင် ဖြစ်လေသည်
ကျန်းပေရန်သည် ထိုအနက်ရောင် သူတော်စင်များနှင့် ပထမဆုံးအကြိမ် တွေ့ဆုံပြီးနောက် သီးသန့် ဆက်သွယ်နိုင်သော တိုကင်တစ်ခုကို အမြဲ ရရှိလေ့ရှိပြီး ၎င်းမှာ ဖုန်းနံပါတ် ပေးလိုက်သကဲ့သို့ပင် ဖြစ်လေသည်
သို့သော် ထိုနေ့က ကျန်းပေရန်သည် တိုကင်များစွာကို လက်ခံခဲ့ရသဖြင့် နောက်ပိုင်းတွင် သေသေချာချာ မစီစစ်ထားသောကြောင့် ယခုအခါ ဝေဝါးနေသော အမှတ်အသားများအရသာ ခွဲခြားနေရခြင်း ဖြစ်လေသည်။
သို့သော် ကံကောင်းထောက်မစွာဖြင့် ကျန်းပေရန်၏ မှတ်ဉာဏ်မှာ အံ့မခန်းလှသဖြင့် ပထမဆုံးသော နံပါတ်မှာပင် မှန်ကန်သွားခဲ့လေသည်။
"ဆရာကျန်း အလုပ်ပြီးသွားပြီလားဗျ"
ဝါဂွမ်းကျောက်ဖြင့် ပြုလုပ်ထားသော တိုကင်အတွင်းမှ မူစိမ်းရုံ၏ အသံ ထွက်ပေါ်လာလေသည်။
လက်ရှိ အခြေအနေအရဆိုလျှင် ထိုဂျိနိုင်ငံ၏ အရှင်သခင်မှာ မိမိအား တွေ့ဆုံရန် အလောတကြီးဆုံးသူ ဖြစ်ရမည် ဘာလို့လဲဆိုတော့ ၎င်းတို့၏ လက်ထဲတွင် မည်သည့် အန်စာတုံးမှ မရှိတော့သဖြင့် လောင်းကစားဝိုင်းသို့ အတင်းအကျပ် တက်ရောက်ခဲ့လျှင်ပင် မည်သည့် လောင်းကြေးမှ မထည့်ဝံ့သောကြောင့် ဖြစ်လေသည်။
ထို့ကြောင့် ၎င်းတို့ လုပ်ဆောင်ရမည့် အလုပ်မှာ လောင်းကြေးများ ပိုမို ရှာဖွေရန် ဖြစ်ပြီး ယခု လောင်းကစားဝိုင်း တစ်ခုလုံးတွင် လောင်းကြေး အများဆုံး ပိုင်ဆိုင်ထားသူမှာ မိမိသာ ဖြစ်မှန်း သေချာလှသည်။
"ဟုတ်ပါတယ် ပြဿနာတွေက တော်တော်လေး စိုးရိမ်ရလို့ ခုနက မူဂိုဏ်းချုပ်ကို စောင့်ခိုင်းမိသွားပါတယ် တောင်းပန်ပါတယ်ဗျာ"
"ဆရာကျန်းကလည်း ဘာတွေ ပြောနေတာလဲ ခင်ဗျား အခု လုပ်ဆောင်နေတာတွေက အရေးကြီးတဲ့ ကိစ္စတွေပဲလေ ကျွန်တော်က လာပြီး မနှောင့်ယှက်သင့်တာပါ ဒါပေမဲ့..."
ထိုနေရာသို့ ရောက်သောအခါ မူစိမ်းရုံက သက်ပြင်းချလိုက်လေသည်။
"ဆရာကျန်းနဲ့ ဆွေးနွေးစရာ အရေးကြီးတဲ့ ကိစ္စအချို့ ရှိနေလို့ အခုလိုမျိုး အပူတပြင်း လာရှာလိုက်ရတာပါ"
"မူဂိုဏ်းချုပ်မှာ ဆွေးနွေးစရာ ကိစ္စရှိတယ်ဆိုမှတော့ ကျွန်တော်တို့ တစ်နေရာမှာ သေသေချာချာ ဆွေးနွေးကြတာပေါ့"
"ဒါဆိုရင်တော့ အကောင်းဆုံးပေါ့ ဆရာကျန်း အခု ဘယ်နေရာမှာလဲ ကျွန်တော် လာရှာပါ့မယ်"
ထို့နောက် ကျန်းပေရန်၏ တည်နေရာကို သိရှိသွားပြီးနောက် မူစိမ်းရုံသည် ခြံဝင်းအတွင်းသို့ အမြန် ရောက်ရှိလာပြီး ကျန်းပေရန်အား လက်သီးစုကာ ပြောဆိုလိုက်လေသည်။
"ဆရာကျန်းက တကယ်ပဲ နေရာကောင်းတစ်ခုကို ရှာတွေ့ထားတာပဲ အေးချမ်းပြီးတော့ စကားပြောလို့ အရမ်းကောင်းတဲ့ နေရာပဲ"
မူစိမ်းရုံ၏ လေသံကို ကြားရသောအခါ ကျန်းပေရန်၏ ရင်ထဲတွင် အံ့ဩမှု အနည်းငယ် ဖြစ်ပေါ်သွားလေသည်
ဘယ်လို ပြောရမလဲ အတိုင်းအတာတစ်ခုအထိ မြှောက်ပင့်လိုသော အရိပ်အယောင်များ ပါဝင်နေလေသည်
၎င်းအပြင် ထိုအပြောင်းအလဲမှာ အလွန်ပင် သိသာလှပြီး ခုနက အစည်းအဝေးခန်းမမှာ လူများလို့သာ အခုတော့ ငါ မင်းကို ဒူးထောက်ပြမယ် ဆိုသည့် အငွေ့အသက်မျိုး ဖြစ်နေလေသည်
'ဒါကတော့... တကယ်ပဲ အလောတကြီး ဖြစ်နေတာပဲ'
ဂုဏ်သိက္ခာရှိသော အနက်ရောင် သူတော်စင် တစ်ဦးအား ဤကဲ့သို့သော ပုံစံမျိုး ဖြစ်အောင် လုပ်ဆောင်နိုင်သည်ဆိုမှတော့ သူသည် တကယ်ပင် လမ်းပိတ်နေပြီ ဖြစ်မှန်း သေချာလှသည်။
၎င်းအပြင် ပို၍ ကြောက်စရာကောင်းသည်မှာ သူ လမ်းပိတ်နေသည်ကို လူတိုင်းက သိရှိနေကြခြင်း ဖြစ်လေသည်။
"မူဂိုဏ်းချုပ်ကို ကိုယ်တိုင် လာခိုင်းမိလို့ အားနာလှပါတယ် ထိုင်ပါဦး"
ကျန်းပေရန်က ထရပ်၍ ဧည့်ခံလိုက်လေသည်။
"ကျေးဇူးတင်ပါတယ် ဆရာကျန်း"
ထပ်မံ၍ ဂါရဝပြုပြီးနောက် မူစိမ်းရုံသည် ကျောက်ခုံပေါ်တွင် ဝင်ထိုင်လိုက်လေသည်။
ထို့နောက် ကျန်းပေရန်က မူစိမ်းရုံအား လက်ဖက်ရည် သောက်မလားဟု မမေးရသေးမီမှာပင် မူစိမ်းရုံက စကားစလိုက်လေသည် ။
"ဆရာကျန်းက ပွင့်လင်းတဲ့သူမှန်း ကျွန်တော် သိပါတယ် ဒါကြောင့် ကျွန်တော် တိုက်ရိုက်ပဲ ပြောပါ့မယ် ကျွန်တော်တို့ ဂျိနိုင်ငံ ကို ကူညီပေးပါ ဆရာကျန်း လိုအပ်တာမှန်သမျှ ကျွန်တော် အကုန် ပေးဆပ်ဖို့ အသင့်ပါပဲ"
မူစိမ်းရုံသည် ဤမျှလောက်အထိ တိုက်ရိုက်ပြောလာသဖြင့် ကျန်းပေရန်လည်း အားနာနေသည့် အစီအစဉ်များကို ကျော်လွှားကာ ပြန်လည် မေးမြန်းလိုက်လေသည်။
"မူဂိုဏ်းချုပ်က ကျွန်တော့်ကို ဘယ်လိုမျိုး ကူညီပေးစေချင်တာလဲဗျ"
မူစိမ်းရုံက စကားပြောရန် ပြင်လိုက်သော်လည်း ရုတ်တရက် ရပ်တန့်သွားလေသည် ဘာလို့လဲဆိုတော့ သူသည် မည်သို့ ပြောရမည်ကို အတိအကျ မသိရှိသောကြောင့် ဖြစ်လေသည်။
ယခုအခါ ဂျိနိုင်ငံတွင် အလိုအပ်ဆုံးသောအရာမှာ ဘာလဲ သေချာပေါက် ပညာရှင်များပင် ဖြစ်လေသည် ။အနက်ရောင် သူတော်စင် အဆင့်ရှိသော ပညာရှင်များ ပေါ့။
သို့သော် သူသည် ကျန်းပေရန်အား အနက်ရောင် သူတော်စင် အချို့ ရှာပေးပါဟု တိုက်ရိုက် မတောင်းဆိုနိုင်ပေ။
ဘာပဲဖြစ်ဖြစ် ယခုအခါ လူတိုင်းက ကျန်းပေရန်တွင် မည်သည့် အဖွဲ့အစည်းမှ မရှိဘဲ တစ်ယောက်တည်း လုပ်ဆောင်နေသူမှန်း သိထားကြလေသည်။
ထို့ကြောင့်လည်း လူတိုင်းက သူ့အား မိမိတို့ဘက်သို့ ဆွဲဆောင်ရန် သို့မဟုတ် မဟာမိတ်ဖွဲ့ရန် ကြံစည်နေကြခြင်း ဖြစ်လေသည်။
မူစိမ်းရုံ စကားမပြောနိုင်သည်ကို မြင်သောအခါ ကျန်းပေရန်ကလည်း မလောဘဲ ငြိမ်သက်စွာ စောင့်ဆိုင်းနေလေသည်။
ခဏအကြာတွင် မူစိမ်းရုံသည် နောက်ဆုံးတွင် အဖြေရရှိသွားပုံရပြီး ခေါင်းကို ငုံ့ကာ တောင်းပန်တိုးလျှိုးလိုက်လေသည်။
"ဆရာကျန်းက ဉာဏ်ပညာ ကြီးမားလှပါတယ် မျှော်လင့်ချက်မဲ့နေတဲ့ အခြေအနေမှာတောင် နဂါးနက်ကုန်းမြေတိုက်ကြီးကို ကယ်တင်နိုင်ခဲ့တာဆိုတော့... ဒါကြောင့် ကျွန်တော်လည်း အရှက်မရှိ တောင်းဆိုပါရစေ ကျွန်တော့်ရဲ့ ဂျိနိုင်ငံ အတွက် အသက်ရှင်သန်နိုင်မယ့် လမ်းစလေးတစ်ခုလောက် ရှာပေးပါ လမ်းစလေးတစ်ခုဆိုရင်ပဲ လုံလောက်ပါပြီ..."
ခုနကတင် ကျန်းပေရန်သည် မူစိမ်းရုံ၏ အမူအရာမှာ အလွန် နှိမ့်ချနေပြီဟု ယူဆထားသော်လည်း ဤမျှလောက်အထိ ဖြစ်လာလိမ့်မည်ဟုမူ မထင်ထားခဲ့ပေ။
'ဒီအနက်ရောင် သူတော်စင်တွေက မိမိတို့ရဲ့ တိုင်းပြည်အတွက် တကယ်ကို အစွမ်းကုန် ကြိုးစားကြတာပဲ'
ယခင်က ထုံနိုင်ငံ၏ အနက်ရောင် သူတော်စင်များသည် အောင်မြင်မှုအတွက် အသေခံ တိုက်ခိုက်ခဲ့ကြသလို ယခု မူစိမ်းရုံသည်လည်း တိုင်းပြည် ရှင်သန်နိုင်ရန်အတွက် နှိမ့်ချစွာ တောင်းပန်နေလေသည် ဒူးထောက်တယ်လို့ ပြောရင်တော့ နည်းနည်း လွန်သွားပေမဲ့ တကယ့်ကို စိတ်ရင်းမှန်နဲ့ အလေးအနက် တောင်းဆိုနေခြင်း ဖြစ်လေသည်.
'ကြည့်ရတာ အနက်ရောင် သူတော်စင်တွေလောက်အထိ သန်မာရင်တောင်မှ အရာအားလုံးကို လွှတ်ချနိုင်ဖို့ဆိုတာက မဖြစ်နိုင်သေးဘူးပဲ'
၎င်းမှာ လူသားတို့၏ တန်ဖိုးအရှိဆုံးသော အရည်အချင်းဖြစ်သည့် တာဝန်သိစိတ် ပင် ဖြစ်လေသည်။
ကျန်းပေရန်သည်လည်း မိမိကိုယ်ကို အတ္တဆန်စွာ နေထိုင်နိုင်သည်ဟု ထင်မှတ်ခဲ့ဖူးလေသည်။
သို့သော် လက်တွေ့မှာမူ သူ မလုပ်နိုင်ခဲ့ပေ။
သူသည် သာမန်အချိန်များတွင် သူ၏ ညီငယ်များနှင့် တပည့်များကို အသုံးချခံလူသားများအဖြစ် သတ်မှတ်ထားသော်လည်း...
နဂါးနက်ကုန်းမြေတိုက်ကြီးပေါ်တွင် ဂူအဆိပ်မြူများ လွှမ်းခြုံသွားချိန်တွင် သူသည်လည်း ၎င်းတို့အတွက် နေ့ညမပြတ် စိုးရိမ်ခဲ့ရသည် မဟုတ်ပါလော။
'ဟူး မျှော်လင့်ချက် မရှိရင် စိတ်ပျက်စရာ မရှိဘူး သံယောဇဉ် မရှိရင်လည်း နာကျင်စရာ မရှိဘူး'
ကျန်းပေရန်သည် ထိုစကားကို ကျင့်သုံးနိုင်လိမ့်မည်ဟု ယူဆထားသော်လည်း လက်တွေ့မှာမူ သူသည် ထိုမျှလောက်အထိ သွေးအေးသူ မဖြစ်နိုင်မှန်း သက်သေပြခဲ့လေပြီ။
လေတစ်ချက် ပြင်းပြင်းရှူလိုက်ပြီးနောက် ကျန်းပေရန်က မူစိမ်းရုံကို ကြည့်ကာ မေးမြန်းလိုက်လေသည်။
"အသက်ရှင်သန်ဖို့ လမ်းစတစ်ခုတည်းလား"
ကျန်းပေရန်၏ မေးခွန်းကို ကြားလိုက်ရသောအခါ ခေါင်းငုံ့ထားသော မူစိမ်းရုံသည် မျက်လုံးများ အရောင်လက်သွားပြီး ခေါင်းကို မော့ကာ ပြန်ဖြေလေသည်။
"ဟုတ်ပါတယ် အသက်ရှင်သန်ဖို့ တစ်ခုတည်းပါပဲ"
သူသည် ကျန်းပေရန်၏ မေးခွန်းအတွင်းမှ ဆိုလိုရင်းကို ကောင်းကောင်း နားလည်လေသည် အသက်ရှင်ခြင်းနှင့် ကောင်းမွန်စွာ ရှင်သန်ခြင်းမှာ လုံးဝ ကွဲပြားသော အရာများ ဖြစ်ကြလေသည်
ခြေလက်သေပြီး ကုတင်ပေါ်မှာ လဲနေတာကလည်း အသက်ရှင်တာပဲ အနက်ရောင် သူတော်စင် ဖြစ်ပြီး နယ်ပယ်တစ်ခုကို အုပ်ချုပ်နေတာကလည်း အသက်ရှင်တာပဲ
သို့သော် ထိုနှစ်ခုကြားတွင် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားချက် ရှိနေလေသည်။
မူစိမ်းရုံသည် ဤနေရာသို့ မလာမီကပင် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများစွာ ပြုလုပ်ထားခဲ့ပြီး ဖြစ်ကာ မည်သို့ပင်ဖြစ်စေ ဂျိနိုင်ငံကို အရင်ဆုံး ကာကွယ်ထားနိုင်ရန်သာ အဓိက ဖြစ်လေသည်။ ဘာပဲဖြစ်ဖြစ် အသက်ရှင်နေသရွေ့တော့ အခွင့်အရေး ဆိုတာ ရှိနေဦးမည် မဟုတ်ပါလော။
"ကောင်းပြီ ဒါဆိုရင်... ကျွန်တော် ခင်ဗျားအတွက် အကြံတစ်ခုလောက် ပေးကြည့်ပါ့မယ်"
"ဆရာကျန်း သင်ပြပေးပါဦး"
"အခု ဂျိနိုင်ငံမှာ အသိသာဆုံး ပြဿနာက ထိပ်တန်း တိုက်ခိုက်ရေးအင်အား မရှိတာပဲ မဟုတ်လား ဒီအချက်ကို မူဂိုဏ်းချုပ်အနေနဲ့ ဘယ်လို ဖြေရှင်းဖို့ စဉ်းစားထားလဲ"
"သေချာပေါက် စဉ်းစားခဲ့တယ်"
မူစိမ်းရုံက သက်ပြင်းချလိုက်လေသည်။
"ဒါပေမဲ့ အနက်ရောင် သူတော်စင် ဆိုတာက တစ်သောင်းမှာ တစ်ယောက်တောင် မရှိနိုင်သလို အများစုမှာလည်း ကိုယ်ပိုင် အဖွဲ့အစည်းတွေ ရှိကြတယ်လေ အချိန်တိုအတွင်းမှာ... ကျွန်တော် ဒီလောက်အထိ အများကြီး မရှာနိုင်ပါဘူး ပြီးတော့ အခု ဂျိနိုင်ငံရဲ့ အခြေအနေကလည်း..."
မူစိမ်းရုံက ပြောရင်းနှင့် သက်ပြင်းချလိုက်ပြန်လေသည် အရာအားလုံးကို ထုတ်ပြောစရာ မလိုဘဲ သိသာနေလေသည်
"ကျွန်တော့်ဆီမှာတော့... အသင့်ရှိနေတဲ့ ထိပ်တန်း တိုက်ခိုက်ရေးသမား တစ်သုတ် ရှိနေတယ် မူဂိုဏ်းချုပ် စိတ်ဝင်စားလား မသိဘူး"
(အခန်းပြီးသည်)