← Chapters

ပြည်တွင်းပဋိပက္ခကို လွှဲပြောင်းရန် နည်းလမ်းတစ်ခုသာ ရှိသည်

Vol. 59 Ch. 665

ပြည်တွင်းပဋိပက္ခကို လွှဲပြောင်းရန် နည်းလမ်းတစ်ခုသာ ရှိသည်

Vol. 59 Ch. 665

လော်ကျင်းထျန် ၏ လုပ်ရပ်များ အားလုံး အတွက် ကျန်းပေရန် မှာ လုံးဝ မထင်မှတ် ထားခဲ့ပါ ဟုသာ ပြောဆို နိုင်လေသည်။

တိုင်းပြည် တစ်ခု၏ အရှင်သခင် ဖြစ်သည့် အပြင် လက်ရှိ အချိန်တွင် အင်အား အတောင့်တင်းဆုံး ကျန်ရှိနေသည့် နိုင်ငံ ခေါင်းဆောင် တစ်ဦး က မိမိ နှင့် ရန်မဖြစ်လို သဖြင့် နဂါးနက်ကုန်းမြေတိုက်ကြီး ကို တစ်စုတစ်စည်းတည်း အုပ်ချုပ်မည့် အခွင့်အရေး ကို စွန့်လွှတ် လိုက်ခြင်း ဖြစ်လေသည်။

၎င်းမှာ ကူချင်းဟွမ်းက ဘေးမှ အကြံပေး ခဲ့ခြင်းကြောင့် ဖြစ်စေ သို့မဟုတ် မိမိဘာသာ ဆုံးဖြတ်ခြင်း ဖြစ်စေ ထိုအရှင်သခင် မှာ တကယ်ကို ထက်မြက်သူ ဖြစ်မှန်း ကျန်းပေရန် ပြောဆို နိုင်လေသည်။

ကျန်းပေရန် ချမှတ်ထားသည့် စစ်ဆင်ရေး အစီအစဉ်များ နှင့် ဂူအဆိပ် ဖြင့် သိမ်းသွင်းခြင်း ဆိုသည့် နောက်ဆုံး ဖဲချပ် ကို ပေါင်းစပ် လိုက်လျှင် ထိုအနက်ရောင် သူတော်စင် များသည် မိမိအား တကယ် ရန်မူ လာပါက ကောင်းမွန်သည့် ရလဒ် ရှိမည် မဟုတ်ပေ။

သို့သော် ၎င်းမှာ ကျန်းပေရန် ၏ ကိုယ်ပိုင် အတွေးသာ ဖြစ်လေသည်။

ခိုင်မာသည့် အခြေခံ ရှိထားသည့် ထိုအနက်ရောင် သူတော်စင် များအား စစ်မတိုက် ရသေးခင် လက်နက်ချ ခိုင်းရန် ဆိုသည်မှာ ကျန်းပေရန် ၏ စိတ်ကူး ထဲတွင် မဖြစ်နိုင်သည့် ကိစ္စ တစ်ခု ပင် ဖြစ်လေသည်။

ဘာပဲဖြစ်ဖြစ် ဇာတ်လိုက် က အစွမ်းထက် မှန်း သိနေရက် နှင့် ဆက်တိုက် ရန်ငြိုးဖွဲ့ နေခြင်း ကသာ ဗီလိန် များ လုပ်ဆောင်ရမည့် အလုပ် မဟုတ်ပါလော။

သို့သော် လော်ကျင်းထျန် မှာမူ ဗီလိန် ဇာတ်ညွှန်း ကို မီးရှို့ ဖျက်ဆီး ပစ်လိုက်ပြီး အေးချမ်းသည့် လမ်းစဉ် ကို ရွေးချယ် သွားခဲ့လေသည်။

ထက်မြက်ခြင်း မှလွဲ၍ ထိုတန်နိုင်ငံ အရှင်သခင် ကို မည်သို့ တင်စား ရမည်နည်း ကျန်းပေရန် မသိတော့ပေ။

တိုင်းပြည် တစ်ခု၏ အရှင်သခင် ဖြစ်လာရခြင်း မှာ အကြောင်းမဲ့ မဟုတ်မှန်း သာ ပြောဆို နိုင်လေသည်။

သေချာတာပေါ့ လော်ကျင်းထျန် မှာ ရည်မှန်းချက် အားလုံး ကို စွန့်လွှတ် လိုက်ခြင်း မဟုတ်မှန်း ကျန်းပေရန် မြင်နိုင်လေသည်။ သူသည် ယခု အချိန်တွင် မိမိ နှင့် ရင်းနှီးမှု ရယူထားရန်သာ အရေးကြီးဆုံး ဟု ယူဆထားပြီး နဂါးနက်ကုန်းမြေတိုက်ကြီး အမှန်တကယ် တည်ငြိမ် သွားသည့် အခါမှသာ အခွင့်အရေး သစ်များ ထပ်မံ ပေါ်ပေါက် လာလိမ့်မည် ဟု တွေးတော ထားခြင်း ဖြစ်လေသည်။

ထိုအချိန် ကျလျှင် မည်သည့် တိုင်းပြည် က ကျန်းပေရန် ၏ ထောက်ခံမှု ကို ရရှိ သလဲ ဆိုသည့် အချက် ကသာ အကြီးမားဆုံး အားသာချက် ဖြစ်လာမည်ကို လော်ကျင်းထျန် ကောင်းကောင်း သဘောပေါက် ထားလေသည်။

"ဒါဆိုရင် ငါ အကြာကြီး မနှောင့်ယှက်တော့ပါဘူး ဆရာကျန်း မှာ လုပ်စရာ အရေးကြီးတဲ့ ကိစ္စတွေ အများကြီး ရှိဦးမှာပါ ခွင့်ပြုပါဦး"

ကျန်းပေရန် နှင့် ပူးပေါင်းရန် သဘောတူညီမှု ရရှိ သွားပြီးနောက် လော်ကျင်းထျန် သည် လက်သီးစုကာ ဂါရဝပြုပြီးနောက် ခမ်းနားစွာ လှည့်ထွက် သွားခဲ့လေသည်။

စိတ်ဝင်စားစရာပဲ ဟု ကျန်းပေရန် တွေးလိုက်လေသည်။

ယခုအခါ ကျန်းပေရန် သည် ယခုရက်ပိုင်း အတွင်း စနစ် ၏ ရွေးချယ်စရာ များ အဘယ်ကြောင့် ပေါ်မလာ သလဲ ဆိုသည်ကို ပိုမို နားလည် သွားခဲ့လေပြီ။ အဆင့်မြင့် ပုဂ္ဂိုလ်ကြီးများ နှင့် တွေ့ဆုံရန် လွယ်ကူသော်လည်း လက်အောက်ခံ လူငယ်လေးများ နှင့် ဆက်ဆံရန် ခက်ခဲလှပေသည်။ အကြိမ်ပေါင်းများစွာတွင် မိုက်မဲနေကြသူများမှာ ခေါင်းဆောင်ငယ်လေးများသာ ဖြစ်ကြပြီး ၎င်းတို့သည် အာဏာ အနည်းငယ် ရရှိထားချိန်တွင် သူတစ်ပါး အပေါ် ဖိနှိပ်လိုကြကာ အနည်းငယ် စော်ကား ခံရသည်နှင့် တစ်မိသားစုလုံး ကို သတ်ဖြတ်ရန် ကြိုးစားတတ်ကြလေသည်။

၎င်းတို့ဘက်မှ စတင် ရန်စခဲ့လျှင်ပင် အခြားသူက ပြန်လည် မတုံ့ပြန်သင့်ဟု ၎င်းတို့က ယူဆထားကြလေသည်။

သို့သော် အထက်သို့ ရောက်လေလေ ထိုထိပ်တန်း ပုဂ္ဂိုလ်ကြီးများသည် ပိုမို အသိဉာဏ် ရှိလာကြလေသည်။ ၎င်းတို့သည် အခြေအနေ ကို ကောင်းကောင်း သုံးသပ် တတ်ကြပြီး မည်သည့် အချိန်တွင် ဘာလုပ်ရမည် ဆိုသည်ကို သိရှိကြလေသည်။

အရာအားလုံး တွင် လမ်းစ ချန်ထား တတ်ကြသလို အခြေအနေ က လူထက် သန်မာနေသည် ဆိုသည့် အချက်ကိုလည်း ၎င်းတို့ သိရှိကြလေသည်။

ကျန်ရှိနေသည့် အရှင်သခင် နှစ်ဦး နှင့် တွေ့ဆုံရန် ကျန်းပေရန် စတင် မျှော်လင့် မိလေသည်။

လော်ကျင်းထျန် နှင့် မတွေ့ဆုံမီ က ကျန်းပေရန် သည် ထိုကိစ္စကို ဖြေရှင်းရန် ဂူအဆိပ်မျိုးနွယ်စု ထက်ပင် ပိုမို ခက်ခဲလိမ့်မည်ဟု ထင်မှတ် ထားခဲ့သော်လည်း ယခုမူ သူ ထင်ထားသည် နှင့် လုံးဝ ကွာခြား နေလေသည်။

ပျော်ရွှင်သည့် စိတ်ထား ဖြင့် ကျန်းပေရန် သည် ဇန်နိုင်ငံ နှင့် ဝေ့နိုင်ငံ တို့မှ အရှင်သခင် များ နှင့် ဆက်လက် တွေ့ဆုံခဲ့လေသည်။

ရလဒ်မှာမူ သူ ခန့်မှန်းထားသည့် အတိုင်းပင် အလွန် ချောမွေ့ ခဲ့လေသည်။

ဇန်နိုင်ငံ အရှင်သခင် စူးခိုင် သည် ခုနက အစည်းအဝေး တွင်ပင် အလျှော့ပေး ခဲ့ပြီး ထုံနိုင်ငံ ဘက်မှ ရပ်တည် ခဲ့လေသည်။

၎င်းက သူသည် မိမိကိုယ်ကို ခေါင်းဆောင် မဟုတ်တော့မှန်း သေချာ သိရှိနေခြင်း ကို ပြသနေပြီး ကျန်းပေရန် စဉ်းစားထားသည့် လမ်းကြောင်း အတိုင်း ဖြစ်လာခြင်း က သူ၏ အတွက် အကျိုးအမြတ် အများဆုံး ဖြစ်မှန်း သူ သိထားလေသည်။

သူသည်လည်း ယခု အချိန်တွင် စစ်မဖြစ်လိုပေ။

ထို့ကြောင့် စကားအနည်းငယ် ပြောဆိုရုံ နှင့်တင် နှစ်ဖက်လုံး သဘောတူညီမှု ရရှိ သွားကြလေသည်။

နောက်ဆုံး ဖြစ်သည့် ဝေ့နိုင်ငံ မှာမူ အစကတည်းကပင် အတတ်ပညာပိုင်း တွင် ထူးချွန်သည့် နိုင်ငံ ဖြစ်သဖြင့် ကျန်းပေရန် နှင့် သဘာဝကျကျ ရင်းနှီးမှု ရှိနေလေသည်။

၎င်းအပြင် ဝူကျိကျန်း မှာ ကျန်းပေရန် နှင့် မတွေ့ဆုံမီ က ကုလျန်ရန် ထံတွင် ဗေဒင် တစ်ခု တွက်ချက် ခဲ့ဖူးလေသည်။

ရလဒ် အနေဖြင့် ၎င်းတို့ နှစ်ဦးမှာ စကားပြော ဆိုရာတွင် အလွန်ပင် စိတ်ချင်း တိုက်ဆိုင် ခဲ့ကြပြီး ဝူကျိကျန်း က ကျန်းပေရန်၏ ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း ထိုနေရာမှာတင် အတည်ပြု ပေးခဲ့လေသည်။

ဝူကျိကျန်း ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း ကျန်းပေရန် မှာ တကယ် မဟုတ်သကဲ့သို့ ခံစားနေရလေသည်။

ဒီလောက်ပဲလား ဒါက အရမ်း လွယ်ကူလွန်း နေတာ မဟုတ်ဘူးလား ဟု ကျန်းပေရန် တွေးလိုက်လေသည်။

ဂူအဆိပ် ဖြင့် သိမ်းသွင်းခြင်း ဆိုသည့် နောက်ဆုံး ဖဲချပ် ကို ထုတ်သုံးရန် မဆိုထား နှင့် မိမိ ဘာမှပင် အားမစိုက် ရသေးဘဲ ထိုအရှင်သခင် အားလုံးမှာ အညံ့ခံ သွားကြလေသည်။

ငါက ဒီလောက်အထိ တောင် အစွမ်းထက် နေပြီလား ဟု ကျန်းပေရန် ကြေးမှန် ထဲတွင် မိမိကိုယ်ကို ကြည့်ကာ ညည်းတွား လိုက်လေသည်။

နေဦး ဒါဆိုရင် အခု ပြဿနာ ရှာမယ့်သူ က ထုံနိုင်ငံ တစ်ခုတည်း ပဲ ကျန်တော့တာလား ဟု ကျန်းပေရန် တွေးမိလေသည်။

၎င်းမှာ ကျန်းပေရန် ၏ မူလ ခန့်မှန်းချက် နှင့် တော်တော်လေး ကွာခြား နေလေသည်။ အခက်ခဲဆုံး ဖြစ်မည့်သူမှာ တန်နိုင်ငံ နှင့် ဝေ့နိုင်ငံ ဖြစ်လိမ့်မည်ဟု သူ ယူဆထားပြီး ၎င်းတို့ကို နှိမ်နင်းရန် နည်းလမ်း အချို့ သုံးရမည်ဟု တွက်ချက် ထားခြင်း ဖြစ်လေသည်။

ဇန်နိုင်ငံ နှင့် ဂျိနိုင်ငံ ကိုမူ မိမိဘက်သို့ ဆွဲသွင်းနိုင်မည်ဟု သူ ယုံကြည် ထားလေသည်။ ဘာပဲဖြစ်ဖြစ် ၎င်းတို့မှာ အထိနာ ထားကြသဖြင့် ရန်မဖြစ်ကြရန် ဆိုသည့် အချက်ကို လက်နှစ်ဖက် မြှောက်၍ ထောက်ခံ ကြမည်မှာ သေချာလှသည်။

ထုံနိုင်ငံ မှာမူ ကြားနေ ဖြစ်နိုင်ပြီး မည်သည့် ဘက်သို့မဆို ရောက်သွား နိုင်လေသည်။

ယခုမူ ဝေ့နိုင်ငံ နှင့် တန်နိုင်ငံ တို့က ပူးပေါင်းရန် တိုက်ရိုက် သဘောတူ လိုက်ကြသဖြင့် ထုံနိုင်ငံ မှာသာ ဗီလိန်ကြီး အဖြစ် ကျန်ရစ် ခဲ့လေသည်။

တောက် သူငယ်ချင်းဟောင်း တွေမို့လို့ သူတို့ကို စဉ်းစားဖို့ အချိန် နည်းနည်း ထပ်ပေးလိုက်ဦးမယ် ဟု ကျန်းပေရန် တွေးလိုက်လေသည်။

တန်နိုင်ငံ အရှင်သခင် က ဇာတ်ညွှန်း အတိုင်း လုပ်ဆောင်ခြင်း မရှိသဖြင့် ကျန်းပေရန် အနေဖြင့် အစီအစဉ် များစွာ ကို ပြန်လည် ပြင်ဆင်ရန် လိုအပ် လာခဲ့လေသည်။ ထို့ကြောင့် သူသည် အစည်းအဝေး ခန်းမဆောင် သို့ ချက်ချင်း မပြန်သေးဘဲ ယွမ်မြို့တော် ၏ လမ်းမများ ပေါ်တွင် လမ်းလျှောက် နေမိလေသည်။

"ကျန်းဆရာကြီး ကို ဂါရဝပြုပါတယ်"

"ကြည့်ပါဦး ဟိုမှာ ကျန်းဆရာကြီး လေ"

"သတင်းတွေ ထဲက အတိုင်းပဲ တကယ်ကို ခန့်ညားတာပဲ"

"မင်းတို့ကတော့ တကယ့်ကို အပေါ်ယံပဲ ကျန်းဆရာကြီး ရဲ့ အရည်အချင်း က ရုပ်ရည်ထက် အဆပေါင်းများစွာ သာလွန်တယ် မင်းတို့လို မိန်းကလေး တွေကတော့ ရုပ်ပဲ ကြည့်တတ်ကြတာ ရယ်စရာပဲ"

"ဘယ်သူက လျှောက်ပြောနေတာလဲ သတ္တိရှိရင် ထွက်ခဲ့စမ်း"

"ထွက်လာရင် ဘာဖြစ်လဲ ငါပဲ ပြောတာ"

"ကောင်းပြီ သတ္တိရှိတယ်ပေါ့ ငါ့အဖေကိုခေါပြီး မင်းကို ဆုံးမခိုင်းမယ်"

"ဘာဖြစ်လဲ မင်းမှာပဲ အဖေ ရှိတာလား ငါ့အဖေ က ဘယ်သူလဲ မင်း သိလား"

"မင်းအဖေ က ဘယ်သူဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး ငါ့အဖေ က ကြယ်ခုနစ်ပွင့်ဂိုဏ်း ရဲ့ အစောင့်အရှောက်ပဲ ကြောက်တယ် ဆိုရင်တော့ ငါ့ကို အခုချက်ချင်း ဒူးထောက် တောင်းပန်စမ်း"

"ကြယ်ခုနစ်ပွင့်ဂိုဏ်း ဟုတ်လား တစ်ခါမှ မကြားဖူးဘူး ငါ့အဖေ က စိတ်ရှင်းဂိုဏ်း ရဲ့ ဂိုဏ်းချုပ် ဒုတိယ အဆင့်ပဲ ကြောက်တယ် ဆိုရင် အမြန် ထွက်သွားစမ်း"

...

လူငယ် နှစ်ဦး ရုတ်တရက် အဖေချင်း ပြိုင်နေကြသည်ကို ကြားလိုက်ရ သဖြင့် ကျန်းပေရန် လည်း ရယ်ချင်စိတ် ပေါက်သွားလေသည်။

ယခု ယွမ်မြို့တော် အတွင်းတွင် နိုင်ငံ အသီးသီးမှ အဆင့်မြင့် ပုဂ္ဂိုလ်များ နေထိုင် ကြသဖြင့် သာမန် လူဆိုလျှင် အေးအေးဆေးဆေး နေထိုင် ကြမည်မှာ သေချာလှသည်။ မဟုတ်လျှင် မတော်တဆ ပြဿနာ တက်နိုင်သောကြောင့် ဖြစ်လေသည်။

သို့သော် ထိုလူကုံထံ သားသမီး များမှာမူ ထိုကဲ့သို့သော စိုးရိမ်မှုများ မရှိကြပုံရဘဲ ပြဿနာ တက်လျှင် မိမိတို့၏ အဖေများ က ကာကွယ် ပေးလိမ့်မည်ဟု ယူဆနေကြဆဲ ဖြစ်လေသည်။

တစ်ချိန်တည်းမှာပင် ကျန်းပေရန် သည် ယခုရက်ပိုင်း အတွင်း စနစ်၏ ရွေးချယ်စရာ များ ပေါ်မလာ ရခြင်း၏ အကြောင်းရင်း တစ်ခုကို ရှာတွေ့ သွားခဲ့လေသည်။ အရင်က ရွေးချယ်စရာ အများစုမှာ ထိုဦးနှောက် မပါသည့် လူငယ်များကြောင့်သာ ဖြစ်ပေါ် ခဲ့ခြင်း ဖြစ်လေသည်။

ယခုအခါ မိမိ၏ နာမည် မှာ ကျော်ကြား နေပြီး နောက်ခံ ကလည်း ခိုင်မာ နေသဖြင့် ထိုလူငယ် များမှာလည်း အရူးများ မဟုတ်ကြပေ။ ၎င်းတို့သည် အားနည်းပုံ ပေါက်နေသည့် အမည်မသိ လူများကိုသာ အနိုင်ကျင့် ဝံ့ကြပြီး တကယ့် ပုဂ္ဂိုလ်ကြီးများ နှင့် တွေ့ဆုံလျှင်မူ အလွန်ပင် ယဉ်ကျေး သိမ်မွေ့ ကြလေသည်။

ယခုအချိန်တွင် ကျန်းပေရန် မှာ ယွမ်မြို့တော် အတွင်းရှိ အမာကျောဆုံးသော သံမဏိတုံးကြီး ဖြစ်လေသည်။ မည်သည့် လူငယ်မှ မိမိအား လာရောက် ရန်စ ဝံ့မည် မဟုတ်ပေ။ မဟုတ်လျှင် ၎င်းတို့၏ အဖေများ ကပင် မိမိတို့၏ အသက်ကို ကာကွယ်ရန် အတွက် ထိုသားသမီး များအား အရင်ဆုံး သတ်ပစ် နိုင်ခြေ ရှိလေသည်။

"ကျန်းဆရာကြီး ကို ဂါရဝပြုပါတယ်"

"ကျန်းဆရာကြီး ကို ဂါရဝပြုပါတယ်"

"ကျန်းဆရာကြီး နဲ့ တွေ့ရတာ ဝမ်းသာပါတယ် အရင်တစ်ခေါက် ကျွန်တော့်အဖေ ကို ကုသပေးခဲ့လို့ ကျေးဇူးတင်ပါတယ် သူ အခု တော်တော်လေး သက်သာ နေပါပြီ"

"ပေရန် ပေရန်"

"ကျန်းဆရာကြီး ကို နှုတ်ဆက်ပါတယ်ရှင်"

ဟင်

လမ်းတစ်လျှောက်တွင် ကျန်းပေရန် ကို မြင်သည့် လူတိုင်းမှာ ခြေလှမ်းများကို ရပ်တန့်ကာ ဂါရဝပြု ကြလေသည်။ ကျန်းပေရန် လည်း တစ်ဦးချင်းစီ ကို ခေါင်းညိတ် နှုတ်ဆက် ခဲ့လေသည်။ သို့သော် ထို ကျန်းဆရာကြီး ဆိုသည့် ခေါ်သံများ ကြားတွင် ရင်းနှီးသည့် အသံတစ်ခု ရုတ်တရက် ပေါ်ထွက် လာခဲ့လေသည်။

ကျန်းပေရန် အံ့ဩစွာ လှည့်ကြည့် လိုက်ရာ မိမိဆီသို့ ပြေးလာသူမှာ ယန်ကွမ်ချင်းပင် ဖြစ်လေသည်။

"ယန်ဂိုဏ်းချုပ် ခင်ဗျား ဘာမှ မဖြစ်တာ တကယ်ကို ဝမ်းသာတယ်ဗျာ"

ကျန်းပေရန် က ယန်ကွမ်ချင်း ကို လက်သီးစုကာ ဂါရဝပြု လိုက်လေသည်။

ဂူအဆိပ်မြူများ စတင် ပေါ်ပေါက်စဉ်က လမ်းခွဲခဲ့ပြီးနောက် ၎င်းတို့ နှစ်ဦးမှာ တစ်ခါမျှ မတွေ့ဖြစ် ကြတော့ပေ။ ကျင်ကျဲခန်းဆောင် တွင် အစီအရင် ဆရာကြီးများ နှင့် ဆွေးနွေးသည့် အခါတိုင်း ကျန်းပေရန် သည် ထိုအစီအရင် ပညာ ထူးချွန်သည့် အနက်ရောင် သခင်ကြီး ကို သတိရ နေမိလေသည်။

ရှေ့သို့ တိုးကာ ကျန်းပေရန် ၏ ပုခုံးကို နှစ်ချက်ခန့် ပုတ်လိုက်ပြီးနောက် ယန်ကွမ်ချင်း က ဝမ်းသာအားရ ပြောဆို လိုက်လေသည်။

"ဒါတွေ အကုန်လုံးက မင်းရဲ့ ကျေးဇူးကြောင့်ပါပဲ ကျန်းဆရာကြီး ရယ် ဟားဟားဟား"

ယန်ကွမ်ချင်း က မိမိအား ထိုသို့ ခေါ်ဆိုသည်ကို ကြားလိုက်ရ သဖြင့် သူသည်လည်း မိမိ လုပ်ဆောင်ခဲ့သည့် ကိစ္စများကို သိရှိသွားပြီ မှန်း ကျန်းပေရန် သိလိုက်လေသည်။

"အားလုံးရဲ့ ကူညီမှုကြောင့် ပါဗျာ"

ကျန်းပေရန် က ပြောပြီးနောက် နိုင်ငံ၏ ဆုံးရှုံးမှု အခြေအနေကို မေးမြန်းရန် ပြင်လိုက်သော်လည်း ၎င်းမှာ ဝမ်းနည်းစရာ ဖြစ်နိုင်သဖြင့် မမေးတော့ရန် ဆုံးဖြတ် လိုက်လေသည်။ ယန်ကွမ်ချင်း ၏ လက်ရှိ စိတ်ဓာတ် အခြေအနေကို ကြည့်ခြင်းဖြင့် သူ၏ မိသားစုဝင်များ ဘာမှ မဖြစ်ခဲ့မှန်း ခန့်မှန်း နိုင်သဖြင့် ၎င်းကပင် လုံလောက် နေလေပြီ။

"ဟင် ဒီလူက ဘယ်သူလဲ ကျန်းဆရာကြီး နဲ့ တော်တော်လေး ရင်းနှီးတဲ့ ပုံပဲ"

"တစ်ခါမှ မမြင်ဖူးဘူး မင်းတို့နိုင်ငံကလား"

"မဟုတ်ဘူး ဒီလိုလူမျိုး တစ်ခါမှ မမြင်ဖူးဘူး"

...

ပတ်ဝန်းကျင်မှ တိုးတိုးလေး ပြောဆိုသံများကို ကြားလိုက်ရ သဖြင့် ယန်ကွမ်ချင်း က အကျယ်ကြီး ရယ်မော လိုက်ပြန်လေသည်။

"မတွေ့တာ တစ်လပဲ ရှိသေးတယ် မင်းက နဂါးနက်ကုန်းမြေတိုက်ကြီး တစ်ခုလုံးရဲ့ ကယ်တင်ရှင် သူရဲကောင်းကြီး ဖြစ်နေပြီပဲ ငါပြောသားပဲ မင်းက ငါ့ရှေ့မှာ အမြဲ ဟန်ဆောင်နေတာလို့ အခုတော့ အကုန် ပေါ်ကုန်ပြီ မဟုတ်လား"

"ဟူး ကျွန်တော်လည်း အခြေအနေအရ လုပ်ဆောင်ရတာပါဗျာ"

ကျန်းပေရန် က ပုခုံးတစ်ချက် တွန့်ရင်း ပြောဆို လိုက်လေသည်။

"တော်စမ်းပါ အခုအချိန်ကစပြီး မင်းပြောတဲ့ စကား တစ်လုံးမှ ငါ မယုံတော့ဘူး"

ယန်ကွမ်ချင်း က ပတ်ဝန်းကျင်ကို တစ်ချက် လှည့်ကြည့်ပြီးနောက် မေးမြန်း လိုက်လေသည်။

"ငါတို့ တိတ်ဆိတ်တဲ့ နေရာတစ်ခုမှာ သွားပြီး စကားပြောကြရင် ဘယ်လိုလဲ"

"ကောင်းတာပေါ့ ဒါပေမဲ့ ကျွန်တော့်မှာ အခု အရေးကြီးကိစ္စ ရှိနေလို့ပါ နောက်မှ..."

"နားလည်ပါတယ် နားလည်ပါတယ် မင်း အခု အလုပ်တွေ အများကြီး ရှိနေမှာပေါ့ ငါက မြို့ပြင် အရှေ့ဘက် အရပ်မှာ နေတယ် မင်း အားတဲ့ အခါကျရင် အဲဒီကို လာရှာလိုက်"

"ကောင်းပါပြီ ဒါဆိုရင် ဒီအတိုင်းပဲ သတ်မှတ်လိုက်ကြတာပေါ့"

ကျန်းပေရန် က ပြောပြီးနောက် ယန်ကွမ်ချင်း ကို လက်သီးစုကာ ဂါရဝပြု လိုက်လေသည်။

"ကျွန်တော် အရင် သွားနှင့်ပါ့မယ်"

"ကောင်းပြီ အလုပ် သွားလုပ်တော့"

ယန်ကွမ်ချင်း က ခေါင်းညိတ် လိုက်လေသည်။

ကျန်းပေရန် ထွက်ခွာသွားသည့် ကျောပြင်ကို ကြည့်ရင်း ယန်ကွမ်ချင်း မှာ ခဏမျှ ငိုင်နေမိလေသည်။

နောက်ဆုံး လမ်းခွဲစဉ် က သူသည် အလားအလာရှိသည့် လူငယ်လေး တစ်ဦးသာ ဖြစ်သော်လည်း တစ်လကျော် အကြာတွင်မူ နဂါးနက်ကုန်းမြေတိုက်ကြီး ၏ ကယ်တင်ရှင် ဖြစ်နေခဲ့လေပြီ။

၎င်းမှာ ယန်ကွမ်ချင်း က တကူးတက စုံစမ်းခြင်းကြောင့် မဟုတ်ဘဲ ယွမ်မြို့တော် သို့ ရောက်ရှိလာသည်နှင့် ကျန်းပေရန် နှင့် ပတ်သက်သည့် သတင်းများက နားထဲသို့ တရပ်စပ် တိုးဝင်လာသောကြောင့် ဖြစ်လေသည်။

ဖျောင်မြောင်ဂိုဏ်း ၏ တပည့်ကြီး ဟုလည်းကောင်း၊ ထိပ်တန်း ပညာရှင်ကြီးများ စုပေါင်း ပြုစုပျိုးထောင်ထားသည့် ပါရမီရှင် ဟုလည်းကောင်း၊ ခြောက်နိုင်ငံ အနက်ရောင် သူတော်စင် များက အခြားကမ္ဘာမှ ခေါ်ယူထားသည့် ကယ်တင်ရှင် ဟုလည်းကောင်း အမျိုးမျိုး ပြောဆို နေကြလေသည်။

အချုပ်အားဖြင့်ဆိုလျှင် ကျန်းပေရန် ကို နတ်ဘုရား တစ်ပါး ကဲ့သို့ တင်စား နေကြခြင်း ဖြစ်လေသည်။

အစပိုင်းတွင် ယန်ကွမ်ချင်း သည် ထိုသတင်းများကို ကြားလျှင် ရယ်မောမိပြီး ထိုလူများ တကယ်ကို လျှောက်ပြော နေကြသည်ဟု ထင်မှတ်ခဲ့သော်လည်း ကျန်းပေရန် ယခု ဘေးအန္တရာယ် တွင် စွမ်းဆောင်ခဲ့သည့် အချက်အလက် အမျိုးမျိုးကို ကြားသိလိုက်ရ သောအခါ...

သူသည် မိမိကိုယ်ကိုပင် သံသယ ဖြစ်လာခဲ့လေသည်။

'သူတို့ပြောတဲ့ ကျန်းပေရန်က ငါသိတဲ့ တစ်ယောက်တည်း ဟုတ်ရဲ့လား'

သို့သော် ကျန်းပေရန် က အတတ်ပညာ အားလုံးကို ကျွမ်းကျင်သည် ဆိုသည့် အချက်ကိုမူ သူ သံသယ မဖြစ်ပေ။ ဘာလို့လဲဆိုတော့ ကျန်းပေရန် သည် အစီအရင် ပညာ တစ်ခုတည်း တတ်မြောက်သည် မဟုတ်မှန်း သူ အစကတည်းက သိထားသောကြောင့် ဖြစ်လေသည်။

အခုမှ အစွမ်းအစတွေ အကုန် ထုတ်ပြလိုက်တာ ဆိုတော့ ငါ့ရဲ့ မျက်စိက တကယ်ကို ထက်မြက်တာပဲ ဟု ယန်ကွမ်ချင်း တွေးလိုက်လေသည်။

သူ့အား ဇဝေဇဝါ ဖြစ်စေသည်မှာ ခြောက်နိုင်ငံ အနက်ရောင် သူတော်စင် များအား လက်အောက်ခံ များကဲ့သို့ စေခိုင်း နေခြင်း ပင် ဖြစ်လေသည်။ ၎င်းမှာ သူ သိရှိထားသည့် ကျန်းပေရန် နှင့် လုံးဝ ဆက်စပ်၍ မရနိုင်ပေ။

တွေ့ဆုံခဲ့သည့် အကြိမ်ရေ မများသော်လည်း ယန်ကွမ်ချင်း သည် ကျန်းပေရန် နှင့် ရင်းနှီးသည်ဟု မိမိကိုယ်ကို ယူဆထားလေသည်။ ကျန်းပေရန် မှာ ပြဿနာ များစွာ မရှာတတ်သူ ဖြစ်သလို သူတစ်ပါး အပေါ် လွှဲချနိုင်သည့် ကိစ္စကို ကိုယ်တိုင် ဘယ်တော့မှ မလုပ်ဆောင်တတ်သူ ဖြစ်မှန်း သူ ကောင်းကောင်း သိထားလေသည်။

ကြီးမားသည့် အကျိုးအမြတ် ရှိလျှင်ပင် ထိုအတိုင်းပင် ဖြစ်လေသည်။

ယခုမူ... သူသည် မိမိ၏ စိတ်နေစိတ်ထားကို ပြောင်းလဲ လိုက်ပြီး ခေါင်းဆောင်ကြီး တစ်ဦး ဖြစ်နေသည်လား။ အနက်ရောင် သူတော်စင် တစ်စု၏ ခေါင်းဆောင်ကြီး ပေါ့။

၎င်းက ယန်ကွမ်ချင်း ကို သူတို့ပြောသည့် ကျန်းပေရန် နှင့် မိမိ သိသည့် လူမှာ တစ်ဦးတည်း ဟုတ်ပါသလား ဟု အပြင်းအထန် သံသယ ဖြစ်မိစေခြင်း ဖြစ်လေသည်။

ယနေ့ ကျန်းပေရန် ကို ကိုယ်တိုင် မြင်တွေ့ လိုက်ရပြီး ပတ်ဝန်းကျင်မှ လူများ၏ ပြောဆိုသံများကို ကြားလိုက်ရမှသာ သူ အမှန်တကယ် သေချာ သွားခဲ့လေသည်။

ဒီကောင်လေး ကတော့... တကယ်ပဲ လုပ်သင့်တဲ့ အချိန်မှာ လုပ်တတ်သားပဲ ဟု ယန်ကွမ်ချင်း စိတ်ထဲမှ ချီးကျူးလိုက်ပြီး မြို့ပြင်သို့ လှည့်ထွက် လာခဲ့လေသည်။

...

အစည်းအဝေး ခန်းမဆောင် သို့ ပြန်ရောက်သောအခါ ကျန်းပေရန် သည် အရှင်သခင် များ အားလုံး ရောက်ရှိ နေကြသည်ကို တွေ့ရှိ လိုက်ရလေသည်။ အဆင့်ကိုး ဂိုဏ်းဆရာကြီး များပင် ထွက်ခွာ မသွားကြဘဲ ထိုပွဲကို အဆုံးအထိ ကြည့်ရန် ဆုံးဖြတ် ထားပုံရလေသည်။

သို့သော် ကျန်းပေရန် သည် ၎င်းတို့အား ဖိတ်ကြားခဲ့ခြင်း ဖြစ်သဖြင့် ကြည့်ရှု နေမည်ကို မစိုးရိမ်ဘဲ မိမိ၏ နေရာတွင် တိုက်ရိုက် ပြန်ထိုင်ကာ ပြောဆို လိုက်လေသည်။

"အားလုံးကို စောင့်ခိုင်းမိလို့ တောင်းပန်ပါတယ်ဗျာ ဒါဆိုရင် ကျွန်တော်တို့ ခုနက ကိစ္စကို ဆက်ပြီး ဆွေးနွေးကြတာပေါ့"

နေရာမှာ အရင် နေရာ ဖြစ်သလို အစည်းအဝေး တက်ရောက်သူ များမှာလည်း အရင် လူများပင် ဖြစ်ကြလေသည်။

သို့သော် အစည်းအဝေး ခန်းမဆောင် တစ်ခုလုံး ၏ အရှိန်အဝါ မှာမူ အကြီးအကျယ် ပြောင်းလဲ သွားခဲ့လေပြီ။ အရင်ကဲ့သို့ တင်းမာသည့် အခြေအနေမျိုး လုံးဝ မရှိတော့ပေ။

မည်သူမျှ စကားမပြောကြသည်ကို မြင်သောအခါ ကျန်းပေရန် က နံရံပေါ်ရှိ နဂါးနက်ကုန်းမြေတိုက်ကြီး မြေပုံကို ညွှန်ပြကာ ပြောဆို လိုက်လေသည်။

"မနက်ပိုင်း က စီနီယာတို့ ချီနိုင်ငံ ကို ကူညီလိုတဲ့ စိတ်အားထက်သန်မှု ကို ကျွန်တော် ခံစားမိပါတယ် ဒါပေမဲ့ ကျွန်တော့်မှာ စီနီယာတို့ နဲ့ မတူညီတဲ့ အမြင်တစ်ခု ရှိနေလို့ပါ အကယ်၍ မှားယွင်းတာ ရှိရင်လည်း ထောက်ပြ ပေးကြပါ"

ကျန်းပေရန် က ပြောပြီးနောက် ချီနိုင်ငံ နယ်မြေပေါ်မှ သူ၏ လက်ချောင်းကို အောက်သို့ အနည်းငယ် ရွှေ့လိုက်ပြီး မြေပုံပေါ်ရှိ အမည်းစက် တစ်ခုပေါ်တွင် တင်လိုက်လေသည်။

"ဆန်းကြယ်စက်ကွင်းကျွန်း"

ကျန်းပေရန် ထိုအမည်ကို ပြောလိုက်သည်နှင့် အရှင်သခင် ငါးဦးစလုံး မှာ ချက်ချင်းပင် ခါးကို မတ်လိုက်ကြပြီး မျက်နှာများမှာလည်း တည်ကြည် သွားကြလေသည်။

ဘာလို့လဲဆိုတော့ ထိုနေရာမှာ ဤကြီးမားသော ဘေးအန္တရာယ် ကို ဖန်တီးခဲ့သည့် တရားခံ ဖြစ်သောကြောင့် ဖြစ်လေသည်။

အရှင်သခင် ငါးဦး ၏ မကျေမနပ် ဖြစ်နေသော မျက်နှာများကို ကြည့်ရင်း ကျန်းပေရန် လည်း မိမိ၏ အကြံ အောင်မြင်သွားမှန်း သိလိုက်လေသည်။

ပြည်တွင်း ပဋိပက္ခများကို လွှဲပြောင်းရန် အကောင်းဆုံး နည်းလမ်းမှာ ပြင်ပ စစ်ပွဲ ဖြစ်လေသည် ဟု ကျန်းပေရန် တွေးလိုက်လေသည်။

"အခု ဂူအဆိပ်မျိုးနွယ်စု တွေကို အမြစ်ပြတ် သတ်လိုက်နိုင်ရင်တောင်မှ ၎င်းက ဂူအဆိပ်မျိုးနွယ်စု ရဲ့ ကျူးကျော်မှု တစ်ခုကိုပဲ တားဆီးနိုင်တာ ဖြစ်မှန်း အားလုံး နားလည်မှာပါ ဂူအဆိပ်မျိုးနွယ်စုတွေ ရှိနေသရွေ့တော့ သူတို့တွေ ဒုတိယ အကြိမ်၊ တတိယ အကြိမ် ကျူးကျော်လာဖို့ အခွင့်အရေး ရှိနေဦးမှာပဲ"

"ခိုးသူ ကို တစ်သက်လုံး စောင့်ကြည့်နေရတာ ထက်စာရင် ဘေးအန္တရာယ် ရဲ့ အရင်းအမြစ် ကိုပဲ ဖြေရှင်းပစ်ဖို့ လိုအပ်ပါတယ်"

"မှန်တယ်"

ဇန်နိုင်ငံ အရှင်သခင် စူးခိုင် က ပထမဆုံး ထောက်ခံ လိုက်လေသည်။

နာကျည်းမှု အရ ဆိုလျှင် သူသည် ထိုဂူအဆိပ်မျိုးနွယ်စု ကို အမုန်းဆုံးသူ ဖြစ်ရမည်။ မူလက သူသည် ခေါင်းဆောင်ကြီး အဖြစ် ကောင်းကောင်း နေထိုင် နေရသော်လည်း ယခုအခါ ရာထူးမှ ဆင်းပေးရမည့် အန္တရာယ် နှင့် ရင်ဆိုင် နေရသောကြောင့် ဖြစ်လေသည်။

ဤစစ်ပွဲ အတွင်း သေဆုံးသွားခဲ့ရသည့် သူငယ်ချင်းဟောင်း များကို သတိရလိုက်လျှင် စူးခိုင် မှာ ထိုဂူအဆိပ်မျိုးနွယ်စု ၏ အသားကို စားပြီး သွေးကို သောက်ချင်စိတ် ပေါက်နေမိလေသည်။

၎င်းနောက်တွင် အခြားသော အရှင်သခင် များသည်လည်း တစ်ဦးပြီးတစ်ဦး ကျန်းပေရန် ၏ အမြင်ကို ထောက်ခံကြောင်း ပြောဆိုကြလေသည်။

"ကောင်းပြီ အားလုံးက ထောက်ခံကြမှတော့ ကျွန်တော် ဆက်ပြောပါ့မယ် ကျွန်တော် ထို ဆန်းကြယ်စက်ကွင်းကျွန်း ကို မရောက်ဖူး သေးပေမဲ့ နဂါးနက်ကုန်းမြေတိုက်ကြီး က လူတွေကို ဂူအဆိပ်မျိုးနွယ်စု ဘက်ကို ပို့ဆောင် ပေးနိုင်တယ် ဆိုမှတော့ သေချာပေါက် ကောင်းကင်မြေကမ္ဘာအတတ် နဲ့ မကင်းနိုင်ပါဘူး"

"နဂါးနက်ကုန်းမြေတိုက်ကြီး တစ်ခုလုံးမှာ ကောင်းကင်မြေကမ္ဘာအတတ် ကို အကျွမ်းကျင်ဆုံး လူတွေ ကတော့..."

ကျန်းပေရန် က ပြောရင်းနှင့် လက်ချောင်းကို မူလ နေရာသို့ ပြန်လည် ရွှေ့လိုက်လေသည်။

"ချီနိုင်ငံ မှာပဲ ရှိနေကြတာ"

(အခန်းပြီးသည်)

All Chapters