← Chapters

အခန်း (၃၂၉)

Vol. 33 Ch. 329

အခန်း (၃၂၉)

Vol. 33 Ch. 329

အခန်း။၃၂၉

ရှန်းယွီသည် အဆုံးမရှိကျယ်ပြောလှသော ဟင်းလင်းပြင်ကြီးတစ်ခုအတွင်း လွင့်မျောနေသည်ကို သတိပြုမိလိုက်သည်။

သို့သော် ဤနေရာကား ယခင်က သူကြုံတွေ့ခဲ့ဖူးသော ဟင်းလင်းပြင်နှင့် မတူချေ။ ဗလာကျင်းနေသော အမှောင်ထုသက်သက်မဟုတ်ဘဲ အခြင်းအရာအသွယ်သွယ်တို့ ကိန်းဝပ်ရာ နယ်ပယ်တစ်ခု ဖြစ်နေသည်။ အရာခပ်သိမ်းသည် တစ်နေရာတည်း၊ တစ်ချိန်တည်းမှာပင် ဖြစ်ပျက်နေသလို၊ မဖြစ်ပျက်သလိုနှင့် ဒွန်တွဲနေကြသည်။ ဤကျယ်ပြောလှသော သမုဒ္ဒရာကြီးသဖွယ် နယ်ပယ်အတွင်း၌ ရှန်းယွီသည် သတိစိတ်ဟူသော မီးပွင့်လေးတစ်ခုအဖြစ်သာ တည်ရှိနေတော့သည်။

အချိန်ကာလတို့သည် သူ၏ပတ်ဝန်းကျင်၌ အဆုံးမရှိ ဆန့်တန်းနေကြပြီးနောက် သူသည် တဖြည်းဖြည်းနှင့် စတင်နားလည်သဘောပေါက်လာခဲ့သည်။ ထိုသို့သိမြင်ခြင်းသည် အစပိုင်းတွင် သူ့ကိုယ်သူ တည်ရှိနေမှုအပေါ် ရိုးရှင်းသော အသိအစိတ်အပိုင်းအစလေးတစ်ခုအဖြစ်သာ စတင်ခဲ့ခြင်းပင်။

သို့သော် တဖြည်းဖြည်းနှင့် ထိုအသိစိတ်မှာ ကြီးထွားလာခဲ့သည်။

သူ၏သတိစိတ် ပိုမိုကျယ်ပြန့်လာသည်နှင့်အမျှ ဦးခေါင်း၊ ထိုမှတစ်ဆင့် ကိုယ်ထည်၊ လက်တစ်ဖက် စသည်ဖြင့် တဖြည်းဖြည်းချင်း ပေါ်ပေါက်လာပြီး နောက်ဆုံးတွင် တစ်ကိုယ်လုံး အသွင်သဏ္ဌာန် ပေါ်ထွန်းလာတော့သည်။ ဤသို့ အသွင်ပြောင်းလဲနေစဉ်အတောအတွင်း သူသည် သူ၏ပတ်ဝန်းကျင်ကို ပိုမိုနက်ရှိုင်းစွာ ဆက်လက်နားလည်သဘောပေါက်နေခဲ့သည်။

သူသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ ထို့နောက် လက်တစ်ဖက်ကို မြှောကလိုက်ရာ အပြာရောင်ကြယ်ပွင့်လေးများ ပြည့်နှက်နေသည့် နက်မှောင်သော စက်လုံးတစ်ခုမှာ သူ၏လက်ဖဝါးပေါ်တွင် ပေါ်ထွက်လာတော့သည်။

နယ်ပယ်ဟူသော စာလုံးသည် သူ၏စိတ်အာရုံတွင် ထင်ဟပ်လာသည်။ သူသည် အခြားလက်

တစ်ဖက်ကိုလည်း မြှောက်လိုက်ပြန်ရာ နာရီမျက်နှာပြင်တစ်ခု ကိန်းဝပ်နေသော ရွှေရောင်

စွမ်းအင်တစ်ခု ပေါ်ပေါက်လာပြန်သည်။ အချိန်ဟူသော စာလုံးမှာလည်း သူ၏စိတ်ထဲတွင် ပေါ်လာခဲ့သည်။

ထို့နောက် အခြားစက်လုံးတစ်ခုမှာလည်း သူ၏ရှေ့မှောက်၌ ထပ်မံဖြစ်တည်လာသည်။ ဤစက်လုံးမှာမူ လုံးဝဥဿုံ မှောင်အတိကျလျက်ရှိပြီး မည်သည့်အလင်းရောင်ကိုမျှ ထုတ်လွှင့်ခြင်းမရှိဘဲ ပတ်ဝန်းကျင်ရှိ အလင်းအရာအားလုံးကို ဝါးမြိုဖျက်ဆီးပစ်နေသည်။ ဟင်းလင်းပြင်ဟူသော စာလုံးကလည်း သူ၏စိတ်အာရုံတွင် ပေါ်လာခဲ့သည်။

ရှန်းယွီသည် သူ၏စိတ်အာရုံထဲတွင် ထိုအခြင်းအရာသုံးခုလုံးကို စုစည်းလိုက်သည်။

သူကိုင်ဆောင်ထားသော အချိန်နှင့် နယ်ပယ်စွမ်းအင်များကို ဗဟိုချက်ရှိ ဟင်းလင်းပြင်ဆီသို့ တွန်းပို့လိုက်ပြီးနောက် ထိုစက်လုံးနှစ်ခုကို လွှတ်ပေးလိုက်သည်။

အရာခပ်သိမ်းကို ဝါးမြိုနေသည့် ဟင်းလင်းပြင်၏ ဆွဲငင်အားကြောင့် ဖြစ်ပေါ်လာသော ဆွဲအားတစ်ခု ပေါ်ပေါက်လာသည်။ အခြားသော စွမ်းအင်နှစ်ခုမှာမူ ထိုဆွဲငင်မှုကို တစ်ပြိုင်နက်တည်း ငြင်းဆန်တွန်းကန်ရင်း ၎င်းတို့ကိုယ်ပိုင် အင်အားစုများကို ထုတ်လွှတ်နေကြသည်။ တဖြည်းဖြည်းနှင့် ထိုအခြင်းအရာသုံးခုက တစ်ခုကိုတစ်ခု လှည့်ပတ်မိကြတော့သည်။ ညင်သာသော အရှိန်ဖြင့် စတင်ခဲ့သော်လည်း မကြာမီမှာပင် အရှိန်အဟုန် မြင့်တက်လာပြီး ၎င်းတို့ကြားရှိ မျှခြေကိုမူ အတိအကျ ထိန်းသိမ်းထားကြသည်။

ရှန်းယွီသည် ဤဖြစ်စဉ်ကို အံ့အားသင့်မှင်သက်စွာ စောင့်ကြည့်နေမိစဉ် နိယာမနှင့် စနစ်တကျရှိခြင်းဟူသော စာလုံးများမှာ သူ၏စိတ်အာရုံ၌ ထင်ဟပ်လာခဲ့သည်။ သူသည် စွမ်းအင်များ အပြန်အလှန် လှည့်ပတ်နေသည့် နေရာသို့ လက်နှစ်ဖက်ကို စုစည်းလိုက်ပြီး ထိုအခြင်းအရာများကို ပိုမိုနီးကပ်သွားအောင် တွန်းပို့ရန် ကြိုးစားလိုက်သည်။ သို့သော် ထိုအခြင်းအရာတို့က ငြင်းဆန်ကြပြီး ဆွဲငင်အားနှင့် တွန်းကန်အားတို့ဖြင့် တစ်ခုနှင့်တစ်ခု အပြန်အလှန် ခုခံနေကြတော့သည်။

ထိုအခြင်းအရာများကို ပေါင်းစည်းရန် ကြိုးပမ်းရင်း ရှန်းယွီ၏မျက်နှာတွင် အားစိုက်ရလွန်းသဖြင့် တင်းမာမှုများ သိသိသာသာ ပေါ်လွင်နေသည်။

အကြိမ်ကြိမ် ကြိုးစားသော်လည်း မအောင်မြင်သည့်အဆုံးတွင် သူ နားလည်လိုက်သည်မှာ ဤအခြင်းအရာများသည် တစ်ခုနှင့်တစ်ခု လိုက်လျောညီထွေမရှိကြသော်လည်း တစ်မျိုးတစ်ဖုံသော နည်းလမ်းဖြင့် စနစ်တကျရှိမှုကို ထိန်းသိမ်းထားကြခြင်းပင်။ သူသည် ဤမျှခြေကို ချိုးဖျက်ပစ်ရန် လိုအပ်နေသည်။

သူသည် စိတ်အာရုံကို ပိုမိုနက်ရှိုင်းစွာ စုစည်းလိုက်ရာ အခြားသော စွမ်းအင်စက်လုံးများ ထပ်မံပေါ်ပေါက်လာတော့သည်။ မီး၊ ရေ၊ မြေ... အစရှိသည့် အခြေခံဓာတ်ကြီးဆယ်ပါးစလုံးပင်။

သို့သော် ထူးဆန်းသည်မှာ ရလဒ်သည် သူမျှော်လင့်ထားသလို ဖြစ်မလာခဲ့ချေ။ ထိုဓာတ်ကြီးဆယ်ပါးစက်လုံးများသည် မငြိမ်မသက်မှုများ ဖြစ်ပေါ်လာအောင် ဖန်တီးပေးမည့်အစား ဘေးတစ်ဖက်တွင်သာ လွင့်မျောနေပြီး ၎င်းတို့အချင်းချင်းသာ ပြန်လည်လှည့်ပတ်နေကြသည်။ ၎င်းတို့ကို အခြားသော အခြင်းအရာများက လက်ခံခြင်းမရှိသယောင်ပင်။

ရှန်းယွီသည် ဤအချက်ကို စိတ်ဝင်တစား စဉ်းစားမိသွားသည်။ အခြားသော အခြင်းအရာများက ဤအခြေခံဓာတ်များကို အဆင့်အတန်းနိမ့်သည်ဟု အထင်အမြင်သေးနေကြတာလား။

ဒီဓာတ်တွေက အဆင့်အတန်းချင်း မတူညီကြဘူးလား။

ဤသည်မှာ မိုက်မဲသော မေးခွန်းတစ်ခုလည်း ဖြစ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် မည်သူမဆို အခြေခံဓာတ်ကြီးဆယ်ပါးသည် နယ်ပယ်ကဲ့သို့သော အခြင်းအရာနှင့် ယှဉ်လျှင် အဆမတန် အားနည်းလွန်းသည်ကို သိမြင်နိုင်သောကြောင့်ပင်။

သူ၏ ဟင်းလင်းပြင်နယ်ပယ်နှင့် မီးနယ်ပယ်ကို နှိုင်းယှဉ်ကြည့်မည်ဆိုပါက ယှဉ်ပြိုင်ရန်ပင် မဖြစ်နိုင်ချေ။

ထိုအရာအားလုံးကို တစ်ခုတည်းအဖြစ် ပေါင်းစည်းပေးနိုင်သည့် ပိုမိုမြင့်မားသော အခြေခံနိယာမတစ်ခု ရှိနိုင်မလားဟု သူ တွေးတောမိသည်။ ထိုအတွေး ပေါ်လာသည်နှင့်တစ်ပြိုင်နက် တစ်စုံတစ်ခုကို သူ ရုတ်တရက် သဘောပေါက်သွားတော့သည်။

"ဒါပဲပေါ့..."

သူ နားလည်လိုက်သည်။

သူသည် အခြေခံဓာတ်ကြီးဆယ်ပါးကို စုစည်းလိုက်သည်။ အစပိုင်းတွင် ၎င်းတို့က ခုခံနေကြသော်လည်း အခြားသော အခြင်းအရာများကို အသုံးပြု၍ အတင်းအကျပ် ပေါင်းစည်းစေလိုက်သည်။ ထိုသို့ပြုလုပ်လိုက်သည်နှင့်တစ်ပြိုင်နက် ဆုံမှတ်၏ ပတ်ဝန်းကျင်ရှိ အချိန်နှင့် နယ်ပယ်တို့မှာ စုတ်ပြဲပျက်စီးကုန်ပြီး နေရာအနှံ့အပြားတွင် ဗရမ်းဗတာဖြစ်မှုများ ရုတ်တရက် ပေါက်ကွဲထွက်လာတော့သည်။

သို့သော် အံ့ဩစရာကောင်းသည်မှာ အချိန်အတန်ကြာလာသည်နှင့်အမျှ ထိုဗရမ်းဗတာဖြစ်စဉ်များထဲမှ စနစ်တကျရှိမှုတစ်ခု စတင်ပေါ်ထွက်လာခြင်းပင်။ အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို မသိနိုင်သော်လည်း နောက်ဆုံးတွင် စွမ်းအင်များသည် ပုံစံသစ်တစ်ခုအဖြစ် တည်ငြိမ်သွားပြီး ယင်နှင့်ယန်သင်္ကေတ ထင်ဟပ်နေသော စက်လုံးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

…

ရှန်းယွီသည် ယင်ယန်စက်လုံးကို သူ့အနီးသို့ ဆွဲယူလိုက်သည်။

ဤသည်မှာ ယုတ္တိရှိသည်။ အခြေခံဓာတ်အားလုံးသည် ၎င်းတို့၏ တည်ရှိမှုအတွက် ယင်ယန်မျှခြေအပေါ်တွင်သာ မှီခိုနေကြရခြင်းပင်။ ၎င်းတို့ကို စုစည်းလိုက်သည့်အခါ အတွင်း၌ရှိသော ဗရမ်းဗတာဖြစ်မှုများကို မျှခြေထိန်းညှိနိုင်သရွေ့ စနစ်တကျရှိမှုသို့ ပြန်လည်ရောက်ရှိသွားကြသည်။ ဤသည်မှာ ယင်ယန်တာအို၏ အနှစ်သာရပင်။

"တာအိုတဲ့လား..."

သူ တွေးတောနေစဉ် ထိုစာလုံးမှာ သူ၏စိတ်အာရုံထဲတွင် ရုတ်တရက် ထင်ဟပ်လာသည်။

"အမှန်တာအိုလား..."

ဤအခြင်းအရာများသည် မယုံနိုင်လောက်အောင် လေးလံလွန်းလှပြီး ၎င်းတို့၏ ဆိုလိုရင်းမှာလည်း အပြည့်အဝ နားလည်သဘောပေါက်ရန် အလွန်ပင် နက်ရှိုင်းလွန်းနေသည်။ ထိုစာလုံးများ၏ အရှိန်အဝါတစ်ခုတည်းကပင် တောင်ကြီးတစ်လုံးဖြင့် ဖိနှိပ်ထားသကဲ့သို့ သူ၏သတိစိတ်အပေါ် လေးလံစွာ သက်ရောက်နေတော့သည်။

သူသည် ယခုအချိန်တွင် ဤတာအိုများကို ဘေးဖယ်ထားရန် ဆုံးဖြတ်လိုက်သည်။ ဤအချိန်အခါကို အကျိုးရှိရှိ အသုံးချရန် သူ လိုအပ်နေသည်။

သူ၏ သိမြင်မှုအဆင့်အတန်းသည် ကောင်းကင်ဘုံအဆင့်သို့ ရောက်ရှိသွားပြီးနောက် ကျင့်ကြံသူအများစုက အလင်းပွင့်ခြင်းဟု ခေါ်ဆိုကြသော အခြေအနေတစ်ခုသို့ သူ ဆိုက်ရောက်သွားခဲ့သည်။

ဤအခြေအနေ၌ ကျင့်ကြံသူများသည် ပုံမှန်အားဖြင့် မမြင်နိုင်၊ မသိနိုင်သော အရာခပ်သိမ်းကို သိမြင်နားလည်နိုင်စွမ်း ရှိလာကြသည်။ အလင်းပွင့်နေစဉ်အတောအတွင်း လူတစ်ယောက်၏ သိမြင်နားလည်နိုင်စွမ်းမှာ လက်ရှိအဆင့်ထက် များစွာသာလွန်သော အဆင့်သို့ မြင့်တက်သွားသောကြောင့် ဤအခိုက်အတန့်မှာ အလွန်ပင် တန်ဖိုးရှိလှသည်ဟု ရှန်းယွီ တွေးမိသည်။ လတ်တလောတွင် သူသည် ကောင်းကင်ဘုံအဆင့်ထက်ပင် ကျော်လွန်သော သိမြင်မှုကို ခံစားနေရသဖြင့် ဤကဲ့သို့သော အခွင့်အရေးကို အလဟဿ အဆုံးရှုံးမခံလိုပေ။

သူသည် လက်ထဲရှိ ယင်ယန်အခြင်းအရာကို စစ်ဆေးကြည့်ပြီးနောက် အခြားသော အခြင်းအရာသုံးခုနှင့် ရောနှောပေါင်းစပ်လိုက်သည်။ ထိုအခြင်းအရာများသည် အသစ်တိုးလာသော စွမ်းအင်နှင့် လိုက်လျောညီထွေဖြစ်အောင် ပြန်လည်ညှိနှိုင်းရင်း ၎င်းတို့၏မျှခြေကို ဆက်လက်ထိန်းသိမ်းထားကြသည်။

ယင်ယန်နှင့် ပတ်သက်၍ အတွေ့များသော အယူမှားတစ်ခုမှာ ၎င်းသည် မျှခြေတစ်ခုကိုသာ ကိုယ်စားပြုသည်ဟူသော အချက်ဖြစ်သည်ဟု ရှန်းယွီ တွေးမိသည်။ ဤအခြင်းအရာသည် သူသိသမျှတွင် အမြင့်မြတ်ဆုံးသော စနစ်တကျရှိမှုကို ဖော်ဆောင်သည်မှာ မှန်သော်လည်း ဗရမ်းဗတာဖြစ်မှုမရှိဘဲ စနစ်တကျရှိမှုဟူသည် မတည်ရှိနိုင်ကြောင်းကိုလည်း နားလည်ထားရမည်ပင်။

အဆုံးစွန်၌ သူတို့သည် ဒင်္ဂါးပြားတစ်ခု၏ တစ်ဖက်နှင့်တစ်ဖက်ကဲ့သို့သာ ဖြစ်ကြသည်။

ယင်ယန်သင်္ကေတသည် ရုတ်တရက် ပြောင်းပြန်လှန်သွားပြီး ၎င်း၏ အမှောင်ဘက်ခြမ်းက အလင်းဘက်ခြမ်းကို လုံးဝဥဿုံ လွှမ်းမိုးဝါးမြိုသွားတော့သည်။ ရှန်းယွီသည် သဘာဝအလျောက် ရှိနေသော မျှခြေကို ဆန့်ကျင်၍ ဗရမ်းဗတာဖြစ်မှုများကို ရည်ရွယ်ချက်ရှိရှိဖြင့် စနစ်အတွင်းသို့ သွတ်သွင်းလိုက်သည်။

"လာစမ်းပါ... မြန်မြန်..."

သူ၏စိတ်ထဲမှ ရေရွတ်နေမိသည်။ အချိန်က အနည်းငယ်သာ ကျန်တော့သည်။

အခြားသော အခြင်းအရာသုံးခုသည် ပျက်စီးသွားသော စနစ်ကို ပြန်လည်ထိန်းညှိရန် ရုန်းကန်နေကြသော်လည်း ရှန်းယွီက ဗရမ်းဗတာဖြစ်မှုများကို ပိုမိုပြင်းထန်အောင် ပြုလုပ်လိုက်သည်။ ယခုအခါ ထိုအခြင်းအရာများသည် မတည်မငြိမ်ဖြစ်ပြီး အားနည်းနေချိန်တွင် သူသည် ၎င်းတို့ကို အင်အားသုံး၍ အတင်းအကျပ် ရိုက်ခွဲပေါင်းစပ်ပစ်လိုက်သည်။

ဗရမ်းဗတာ နိယာမဟူသော စာလုံးသည် သူ၏စိတ်အာရုံတွင် ပေါ်လာပြီးနောက် သူ ပြန်လည်နိုးထလာတော့သည်။

သူ မျက်လုံးဖွင့်လိုက်ချိန်တွင် အလင်းပွင့်ခြင်း၏ အာနိသင်မှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ရှန်းယွီသည် အမြင့်မြတ်ဆုံးသော တည်ရှိမှုနယ်ပယ်ထဲမှ ငရဲသားရဲတွင်းနက်ကြီးထဲသို့ အတင်းအကျပ် ဆွဲချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

အဆုံးမရှိကျယ်ပြောလှသော ဟင်းလင်းပြင်ကြီး၏ အရေးမပါသော ထောင့်စွန်းလေးတစ်ခုရှိ သေးငယ်သော ပူဖောင်းလေးတစ်ခုအတွင်း၌ ပြန်လည်ပိတ်လှောင်ခံလိုက်ရသလိုပင်။ သူသည်လည်း ထိုအတိုင်းပင် ဖြစ်နေပေလိမ့်မည်။ အလင်းပွင့်နေစဉ်အတောအတွင်း သူ မြင်တွေ့ခဲ့ရသည့် အစွန်းအစများအရ ဤကမ္ဘာကြီးသည် မည်မျှလောက်အထိ ကြီးမားနက်နဲသည်ကို သာမန်လူတစ်ယောက်အနေဖြင့် စတင်စိတ်ကူးကြည့်ရန်ပင် မဖြစ်နိုင်ချေ။

အခြင်းအရာမျိုးစုံသည် နေရာအနှံ့တွင် တည်ရှိနေကြသည်။ အကယ်၍ သူသည် မီးလျှံ၏အကူအညီဖြင့် စိတ်ကိုတည်ငြိမ်အောင် မထားနိုင်ဘဲ သူ့အတွက် အရေးအကြီးဆုံးအရာကိုသာ အာရုံမစိုက်နိုင်ခဲ့လျှင် ထိုအရာများကြားတွင် သူ အလွယ်တကူပင် လမ်းပျောက်သွားနိုင်သည်။

All Chapters