အခန်း (၃၃၅)
Vol. 33 Ch. 335
အခန်း။ ၃၃၅
"ဘာပြောတယ်..."
ကောင်းကင်ဘုံပျံတက်ခြင်းဂိုဏ်းမှ လင်ထျန်းရှောင်က အံ့အားသင့်တုန်လှုပ်စွာဖြင့် အာမေဍိတ်သံ ထွက်ပေါ်လာသည်။ ကျန်ရှိသော ဂိုဏ်းချုပ်များလည်း ထိုနည်းတူပင် မှင်သက်သွားကြ၏။
မသေမျိုးတစ်ပါးက အမှန်တကယ် ဆင်းသက်လာတော့မှာလား။
မြင့်မြတ်သော နယ်မြေတစ်ခုစီတွင် လူသားကမ္ဘာ၏ တစ်နေရာရာ၌ မသေမျိုး ဘိုးဘေးတစ်ပါးစီ ရှိနေသည်ဟု လူသိရှင်ကြား ယုံကြည်ထားကြသော်လည်း မည်သူမျှ ကိုယ်တိုင်ကိုယ်ကျ မတွေ့ဖူးကြချေ။ အခြားသော ဘိုးဘေးများကလည်း ထိုအကြောင်းကို တိုက်ရိုက်ပြောဆိုလေ့မရှိသဖြင့် သူတို့ တည်ရှိမှုကို အမှန်တကယ် မယုံကြည်ခဲ့ကြပေ။ သို့သော် ယခုမူ အထက်ဘုံမှ မသေမျိုးတစ်ပါး အမှန်တကယ် ဆင်းသက်လာတော့မည် ဖြစ်သည်။
ဂိုဏ်းချုပ်များသည် သူတို့၏ ဆက်သွယ်ရေးလက်ဖွဲ့များကို ချက်ချင်းအသက်သွင်းကာ သူတို့၏ ဂိုဏ်းများသို့ သတင်းအချက်အလက်များကို အလျင်အမြန် ပေးပို့ကြတော့သည်။ သူတို့အနေဖြင့် သူတို့၏ ဘိုးဘေးများကို အထက်ဘုံနှင့် ချက်ချင်းအဆက်အသွယ်လုပ်ရန် အကြောင်းကြားရပေမည်။ အကယ်၍ ဤသတင်းသာ အမှန်ဖြစ်ပါက သူတို့ဘက်မှလည်း မသေမျိုးများကို ဆင်းသက်ခိုင်းရန် လိုအပ်သည်။ မဟုတ်ပါက နတ်ဘုရားနန်းတော်သည် ဤအခွင့်အရေးကို အသုံးချကာ သူတို့အားလုံးကို ဖိနှိပ်ချုပ်ကိုင်သွားပေလိမ့်မည်။
ထျန်းဝူကျီသည် သူတို့၏ ဖုံးကွယ်၍မရသော ထိတ်လန့်မှုကို တည်ငြိမ်သော မျက်နှာပေးဖြင့် စောင့်ကြည့်နေသော်လည်း စိတ်ထဲတွင်မူ ကျေနပ်အားရစွာ ပြုံးနေမိသည်။ သူသည် သူတို့၏ အတွေးများကို မျက်နှာပေါ်တွင် စာသားများ ရေးထားသကဲ့သို့ပင် အထင်းသား မြင်နေရသော်လည်း အရာအားလုံးမှာ အချိန်နှောင်းသွားခဲ့ပြီဖြစ်သည်။ နတ်ဘုရားနန်းတော်သည် မသေမျိုးဆင်းသက်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများကို ဟိုးကတည်းက ပြုလုပ်ထားခဲ့ပြီးဖြစ်ရာ သူတို့၏ မသေမျိုးသည် နောက်ထပ် သုံးရက်အတွင်းမှာပင် ရောက်ရှိလာတော့မည် ဖြစ်သည်။
မသေမျိုးတစ်ပါး လူသားကမ္ဘာသို့ ဆင်းသက်ရန်အတွက် ကျယ်ပြန့်သော ပြင်ဆင်မှုများကို ပြုလုပ်ရသည်။
ယခုအခါ သူက ဤသတင်းကို ထုတ်ဖော်ပြောကြားလိုက်သော်လည်း အခြားဂိုဏ်းများအနေဖြင့် သူတို့၏ မိခင်ဂိုဏ်းများမှ မသေမျိုးတစ်ပါးကို ခေါ်ယူရန်အတွက် အနည်းဆုံး တစပတ်ခန့် အချိန်ယူရပေလိမ့်မည်။ ထိုအချိန်တွင် သူ၏ နတ်ဘုရားနန်းတော်ကမူ...
ထိုအကြောင်းကို တွေးရုံနှင့်ပင်...
လင်ထျန်းရှောင်သည် ထျန်းဝူကျီကို အမုန်းတရားများဖြင့် စူးစိုက်ကြည့်လိုက်သည်။
သူသည် နတ်ဘုရားနန်းတော် ဂိုဏ်းချုပ်ကို ကောင်းစွာသိရှိထားသူဖြစ်ရာ ထိုအောက်ခြေလွတ်နေသော အမူအရာ၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို ချုံငုံမိသည်။
တောက်….
သူက သူ၏ဂိုဏ်းသာလျှင် မသေမျိုးဆင်းသက်ရန် တိတ်တဆိတ် ပြင်ဆင်နေသည်ဟု ထင်မှတ်ထားခဲ့ခြင်းဖြစ်သည်။ သူသည် အခန်းအတွင်းရှိ လူများကို သတိကြီးစွာဖြင့် အကဲခတ်လိုက်ရင်း နတ်ဘုရားနန်းတော်အပြင် အခြားမည်မျှသော ဂိုဏ်းများက တံခါးပိတ်ပြီး အလားတူ ပြင်ဆင်မှုများ ပြုလုပ်နေကြတာလဲဟု တွေးတောနေမိသည်။
မည်သို့ပင်ဖြစ်စေ သူ၏ ကောင်းကင်ဘုံပျံတက်ခြင်း မြင့်မြတ်နယ်မြေသည်လည်း ပြင်ဆင်မှုများကို ဟိုးကတည်းက စတင်ခဲ့ပြီးဖြစ်သည်။ သူတို့၏ မသေမျိုးသည်လည်း သုံးရက်အတွင်းမှာပင် ဆင်းသက်လာတော့မည် ဖြစ်၏။
ထျန်းဝူကျီသည် ကျန်ရှိသူများ၏ တုံ့ပြန်မှုများကို ဆက်လက်အကဲခတ်နေဆဲပင်။
အမှန်စစ်စစ်တွင် သူသည် ဤကဲ့သို့ လျှို့ဝှက်သတင်းကို ထုတ်ဖော်ပြောကြားရခြင်းမှာ ဘိုးဘေးတစ်ဦးက အခြားဂိုဏ်းချုပ်များ၏ တုံ့ပြန်မှုကို တိုင်းတာရန်နှင့် သူတို့တွင်လည်း ဆင်းသက်လာမည့် မသေမျိုး ရှိမရှိကို စစ်ဆေးရန် အထူးညွှန်ကြားထားသောကြောင့် ဖြစ်သည်။
သူတို့၏ တုံ့ပြန်မှုများအရ သူတို့မှာ ပြင်ဆင်ထားပုံမရဘူးဟု သူ ခန့်မှန်းမိသော်လည်း ဤအကဲဖြတ်ချက်ကို လုံးဝဥဿုံ မယုံကြည်ရဲပေ။ သူတို့အားလုံးမှာ အဆင့် ၉ စိတ်ပိုင်းဆိုင်ရာ စွမ်းရည်ရှိသော ဘေးဒုက္ခနယ်ပယ်ကျွမ်းကျင်သူများ ဖြစ်ကြသည်။ တကယ့်တုံ့ပြန်မှုများကို ဖုံးကွယ်ပြီး ခံစားချက်အတုများကို ဖန်တီးပြသခြင်းမှာ သူတို့ကဲ့သို့သော ကျင့်ကြံသူများအတွက် ကလေးကစားစရာမျှသာ ဖြစ်သည်။
"တောက်... ဒါကတော့ ကျရှုံးမှုပဲ"
သူကိုယ်သူ တွေးလိုက်မိသည်။
ထျန်းလင်းသည် တောက်ပနေသော ကမ္ဘာဦးအမြုတေကြီး၏ ရှေ့မှောက်တွင် လွင့်မျောနေသည်။
ဤသည်မှာ သူမ၏ နောက်ဆုံးလက်နက်ဖြစ်သည်ဟု သူမ တွေးတောနေမိ၏။ သူမ စုပ်ယူထားသော စွမ်းအင်များသည် လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်သဖြင့် မသေမျိုးနယ်ပယ်သို့ ချိုးဖျက်တက်လှမ်းနိုင်ရန်အတွက် ဤကမ္ဘာလောကကြီးတစ်ခုလုံးကို သူမ ကိုယ်တိုင် အရည်ကျို၍ ဖျက်ဆီးပစ်တော့မည်ပင်။
ထိုနာကျင်မှုကို သာယာတတ်သော မိစ္ဆာနတ်ဘုရား ဖန်တီးခဲ့သည့် ဤရွံရှာဖွယ်ကောင်းသော နည်းလမ်းကို သူမ အသုံးမပြုချင်သော်လည်း ယခုအခါ သူမ၌ အခြားရွေးချယ်စရာ မရှိတော့ချေ။
အချိန်အလွန်အမင်း မရှိတော့သဖြင့် သူမသည် ကမ္ဘာဦးအမြုတေ၏ တစ်ဝက်ခန့်ကိုသာ အရည်ကျိုယူမည်ဖြစ်သည်။ ဤကမ္ဘာလောကကြီး တစ်ခုလုံး ပြိုလဲပျက်စီးသွားပြီး သူမ အလိုရှိနေသော ကောင်းကင်ဘုံ ရတနာနှင့် ကောင်းကင်ဘုံ တာအိုခန္ဓာတို့ ဗရမ်းဗတာဖြစ်မှုအတွင်း ပျောက်ကွယ်သွားမည်ကို သူမ မလိုလားပေ။
သူမ ပိုင်ဆိုင်ထားသော ရတနာ၏ အစွမ်းနှင့် ပေါင်းစပ်လိုက်ပါက နောက်ထပ် တစ်ရက်အတွင်းမှာပင် သူမသည် မြေကမ္ဘာ မသေမျိုးအဆင့်၏ အခြေခံအဆင့်သို့ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းထားသည်။ ဤစွမ်းအားဖြင့်ဆိုပါက ဂိုဏ်းကို ကာကွယ်ထားသော အတားအဆီးကို ချိုးဖျက်ပြီး ထိုလူနှစ်ယောက်ကို အလွယ်တကူ ဖမ်းဆီးနိုင်ပေလိမ့်မည်။
သူမ တစ်ခုတည်းသော စိုးရိမ်သည်မှာ ဗဟိုတိုက်ကြီးမှ အစွမ်းထက်သော ပုဂ္ဂိုလ်ကြီးများ ဖြစ်သော်လည်း သူတို့သည် သူမကို တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိဘဲ တစ်စုံတစ်ခုကို စောင့်ဆိုင်းနေပုံပင်။
ကမ္ဘာဦးအမြုတေ တစ်ဝက်ခန့်ကို သူမ အရည်ကျိုပြီးသည်နှင့် သူတို့သည် သူမအတွက် အန္တရာယ် မဖြစ်နိုင်တော့ချေ။ မည်သည့်အရာကမျှ သူမကို မတားဆီးနိုင်တော့ပေ။
...
တစ်ခုခု လုပ်ကြပါဦး သူမက အမြုတေကို အရည်ကျိုနေပြီ။
ကမ္ဘာဦးအမြုတေက အော်ဟစ်ကာ အကူအညီတောင်းလိုက်သည်။
ဧကရီပင် မျက်မှောင်ကြုတ်သွားသည်။
အခြေအနေမှာ အမှန်တကယ်ပင် ဆိုးရွားလှသည်။
ရှန်းယွီရော လီယောင်းပါ လက်ရှိအခြေအနေဖြင့် ထိုမိစ္ဆာမကို ရင်ဆိုင်ရန် အဆင်သင့်မဖြစ်သေးချေ။ ယခုသွားရောက် တိုက်ခိုက်ခြင်းမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းနှင့်သာ တူပေလိမ့်မည်။
"ရပါတယ်... စိတ်မပူပါနဲ့"
ရှန်းယွီက တည်ငြိမ်စွာ စကားပြောလိုက်သည်။
[မင်းမှာ အကြံတစ်ခုခု ရှိနေလို့လား]
ဧကရီက မျှော်လင့်ချက်အပြည့်ဖြင့် မေးလိုက်သည်။ ရှန်းယွီသည် အမြဲတမ်း ပါးနပ်သူတစ်ဦးဖြစ်ရာ ယခုတစ်ကြိမ်တွင်ရော ဘယ်လိုဖြေရှင်းချက်မျိုးကို သူ ဖော်ထုတ်လိုက်ပြီလဲဟု သူမ သိချင်နေမိတော့သည်။
"မဟုတ်ဘူး... ငါတို့ မူလအစီအစဉ်အတိုင်းပဲ ဆက်သွားမယ်"
သူက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။
[ဟမ်]
ဧကရီသည် ဇဝေဇဝါဖြင့် ရေရွတ်လိုက်မိသည်။
ငါတို့ရင်ဆိုင်နေရတဲ့ အခြေအနေရဲ့ စိုးရိမ်ရမှုကို ရှန်းယွီ နားမလည်တာလား။ အကယ်၍ ကမ္ဘာဦးအမြုတေသာ အရည်ကျိုခံလိုက်ရရင် ဆက်လုပ်စရာ အစီအစဉ်ဆိုတာ ရှိတော့မှာ မဟုတ်ဘူး။ ဘာဆိုဘာမှကို ကျန်တော့မှာ မဟုတ်တာ။
[မင်းရဲ့ အကြံကို အသေးစိတ်လေး ရှင်းပြလို့ရမလား]
သူမက ထပ်မံဖိအားပေးမေးမြန်းလိုက်သည်။
"အကယ်၍ ကမ္ဘာကြီးသာ ပြိုလဲသွားရင် အရာအားလုံးက ဗရမ်းဗတာဖြစ်မှုထဲကို စုပ်ယူခံလိုက်ရမှာ မဟုတ်လား"
ရှန်းယွီက ပြန်မေးသည်။
[အဲဒါတော့ ဟုတ်တယ်]
ဧကရီက အတည်ပြုပေးသော်လည်း သူ ဘာကို ဆိုလိုချင်မှန်း မသိသေးချေ။
"ဒါဆိုရင် ကောင်းကင်ဘုံရတနာလည်း ပျောက်ဆုံးသွားမှာပေါ့ ဟုတ်တယ်မလား"
သူက ဆက်ပြောရင်း နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။
[အာ...]
ဧကရီသည် ရုတ်တရက် ခေါင်းညိတ်လိုက်မိပြီး သူမ၏ မျက်ဝန်းထဲတွင် နားလည်သဘောပေါက်သွားသည့် အရိပ်အယောင်များ ပေါ်လာတော့သည်။
"ငါ သူမနဲ့ အတူရှိနေတုန်းက သူမ တကယ်ကို ထိတ်လန့်နေခဲ့တာ"
ရှန်းယွီက ရှင်းပြသည်။
"ငါ့ရဲ့ ခန္ဓာကိုယ်နဲ့ ငါ့ထဲက ရတနာကို ငါကိုယ်တိုင် ဖျက်ဆီးပစ်မှာကို သူမ သေမတတ် ကြောက်နေခဲ့တာ"
[ဒါဆိုရင် ကမ္ဘာကြီးသာ ပျက်စီးသွားရင် မင်းကလည်း ဗရမ်းဗတာဖြစ်မှုထဲမှာ ရှင်သန်နိုင်မှာ မဟုတ်ဘူး။ ရတနာလည်း အတူတူပဲပေါ့]
"အတိအကျပဲ"
ရှန်းယွီက ခေါင်းညိတ်ပြသည်။
"ဒါကြောင့် သူမ ကမ္ဘာကြီးကို လုံးဝဥဿုံ ပျက်စီးသွားအောင် ခွင့်ပြုမှာ မဟုတ်ဘူး။ သူမ လိုချင်တာက ငါတို့ဂိုဏ်းရဲ့ အတားအဆီးကို ချိုးဖျက်နိုင်ဖို့ လုံလောက်တဲ့ စွမ်းအားပဲ။ ပြီးတော့ အချိန်စောင့်မနေဘဲ ဒီနည်းလမ်းကို သုံးလာတာကြည့်ရင် သူမမှာ အချိန်သိပ်မရှိတော့ဘူးထင်တယ်။ ငါ့အထင်တော့ သူမ ကမ္ဘာဦးအမြုတေရဲ့ တစ်ဝက်လောက်ကိုပဲ အရည်ကျိုပြီး မနက်ဖြန်ကျရင် ငါတို့ကို လာတိုက်လိမ့်မယ်"
ဧကရီသည် စဉ်းစားဆင်ခြင်လျက် ခေါင်းညိတ်လိုက်သည်။
သူ၏ အကဲဖြတ်ချက်မှာ အမှန်တကယ်ပင် ယုတ္တိတန်လှသည်။ သို့သော်လည်း ဤရန်သူအပေါ် သူမအနေဖြင့် ရှေ့ဖြစ်ဟောကိန်းထုတ်၍မရခြင်းကြောင့် အနည်းငယ် စိုးရိမ်နေမိသေးသည်။ ဤသည်မှာ သူမ၏ ရန်သူဟောင်းများက နှောင့်ယှက်နေတာလား သို့မဟုတ် တိုက်ဆိုင်မှုသက်သက်ဖြစ်ပြီး ထိုရန်သူက သူမ၏ ဟောကိန်းထုတ်မှုကို ပိတ်ဆို့နိုင်သည့် ရတနာတစ်ခု ပိုင်ဆိုင်ထားတာလားဟု သူမ တွေးတောနေမိသည်။
သူမသည် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်၏။
ကဲ... မကြာခင်မှာပဲ ငါတို့ သိရတော့မှာပါ။
အဆိုးဆုံးအခြေအနေနဲ့ ရင်ဆိုင်ရရင်တောင် နည်းလမ်းတော့ ရှိပါသေးတယ်။ ငါ့ရဲ့ နောက်ဆုံးလက်ကျန် စွမ်းအားတွေကိုသုံးပြီး ဒီနှစ်ယောက်နဲ့အတူ တခြားကမ္ဘာတစ်ခုဆီ ခုန်ကူးပစ်လိုက်မယ်။ သူတို့သာ အသက်ဘေးက လွတ်နေသရွေ့တော့... ငါ့စွမ်းအားတွေ ပြန်ရအောင် သူတို့ ကူညီပေးကြမှာပဲ...
အထူးသဖြင့် ရှန်းယွီပေါ့။
ကမ္ဘာဦးအမြုတေသည် သူတို့နှစ်ဦး၏ မျက်နှာပေးကို စောင့်ကြည့်နေသည်။
သူတို့ကတော့ ဒီကိစ္စကို ဘာမှမဟုတ်သလိုမျိုး သဘောထားလိုက်ကြတာလား။
နေပါဦး... ငါ့ကိုရော ဘာလုပ်ကြမှာလဲ။
၎င်းက မေးလိုက်သည်။ ၎င်းအနေဖြင့် ဤကဲ့သို့သော လောင်းကစားမျိုးအပေါ်တွင်ပဲ ကံကို ပုံအပ်ထားရတော့မှာလား။
"ရပါတယ်... ငါ့ကို ယုံလိုက်စမ်းပါ"
ဧကရီက စိတ်ချစေသော အပြုံးဖြင့် ပြောလိုက်ပြီး ကမ္ဘာဦးအမြုတေကို အသာအယာ ပုတ်ပေးလိုက်သည်။
ဟုတ်ကဲ့ပါ မေမေ…