← Chapters

အခန်း (၃၃၆)

Vol. 33 Ch. 336

အခန်း (၃၃၆)

Vol. 33 Ch. 336

အခန်း။ ၃၃၆

နှင်းများနှင့် ရေခဲပြင်များသာ ဖုံးလွှမ်းနေသည့် အရပ်ဒေသတစ်ခုတွင် ဖြူစင်သော ဝတ်စုံကို ဆင်ယင်ထားသည့် ဖြူဖွေးလှပသော အမျိုးသမီးတစ်ဦးသည် အေးခဲနေသော မြေပြင်ပေါ်၌ ဖြည်းညှင်းစွာ လမ်းလျှောက်နေသည်။

သူမ လမ်းလျှောက်နေရင်း ပွင့်လန်းနေသည့် ရေခဲပန်းတစ်ပွင့်ကို သတိပြုမိသဖြင့် အနားသို့ တိုးသွားလိုက်၏။ ရိုးရှင်းသော အဖြူရောင်ဖြစ်သော်လည်း ထိုပန်းလေးမှာ အလွန်တရာ လှပလွန်းလှသည်။ ထိုပန်းကို ကြည့်နေရင်း အမျိုးသမီး၏ မျက်နှာမှာ ပျက်ယွင်းသွားသည်။ သူမက လက်လှမ်း၍ ထိတွေ့ရန် ကြိုးစားလိုက်စဉ် သူမ၏လက် အနားရောက်သည်နှင့်တစ်ပြိုင်နက် ထိုပန်းလေးမှာ ချက်ချင်းပင် ညှိုးနွမ်းသွားတော့သည်။ သူမ၏လက်မှာ လေထဲတွင် ခဏမျှ ရပ်တန့်နေပြီးနောက် သက်ပြင်းအရှည်ကြီး တစ်ချက်ချကာ ဆက်လက် လမ်းလျှောက်သွားတော့သည်။

အရာအားလုံးမှာ သူမ ရည်ရွယ်ထားသလို ဖြစ်မလာတော့သဖြင့် သူမ၏ အစီအစဉ်များကို အရှိန်မြှင့်ရန် ဖိအားပေးခံနေရပြီဟု သူမ တွေးတောနေမိသည်။

သူမ၏ အစီအစဉ်များကို လွန်ခဲ့သော နှစ်သန်းပေါင်းများစွာကတည်းက ချမှတ်ခဲ့ခြင်းဖြစ်ပြီး ဖြစ်နိုင်ခြေရှိသော ရလဒ်အားလုံးကိုလည်း သူမ တွက်ချက်ထားပြီးသား ဖြစ်သည်။ မကြာသေးမီအချိန်အထိ အရာအားလုံးမှာ မျှော်လင့်ထားသည့်အတိုင်း ဖြစ်ပျက်ခဲ့သည်။

ဤသည်မှာ အမှန်တကယ် စိတ်ပျက်စရာကောင်းလှသည်။ သူမ ရှေ့ဖြစ်ဟောကိန်းထုတ်ရန် ကြိုးစားတိုင်း သူမ ကြိုတင်မြင်ထားခဲ့သည်နှင့် လုံးဝဥဿုံ ကွဲပြားနေသော လက်တွေ့ဘဝတစ်ခုနှင့်သာ ရင်ဆိုင်နေရသည်။

"ငါ အရန်အဖြစ် ထားထားတဲ့ နယ်ရုပ်လေးကတော့ နိုးထလာပြီပဲ"

သူမ တွေးလိုက်သည်။

"ဒါပေမဲ့ သူမက အခုထိ လီယောင်းကို ဘာလို့ ရှာမတွေ့သေးတာလဲ ဘာတွေ ဖြစ်နေတာလဲ"

မသေမျိုးကမ္ဘာမှ လူများ ဆင်းသက်လာပြီး ပြဿနာကို ဖြေရှင်းမည့်ကိစ္စကိုပင် သူမက နှောင့်နှေးအောင် လုပ်ထားခဲ့သော်လည်း အစီအစဉ်အတိုင်း တစ်ခုမှ ဖြစ်မလာခဲ့ချေ။

ဒီလောက်ရိုးရှင်းတဲ့ အလုပ်တစ်ခုက ဘာလို့ ဒီလောက်အထိ ခက်ခဲနေရတာလဲ။

သူမ မြင်တွေ့နေရသလောက်ဆိုလျှင် သူမ၏ နယ်ရုပ်မှာ ကမ္ဘာကြီးကိုပင် အရည်ကျိုဖျက်ဆီးနေပြီ ဖြစ်သည်။ ဤကမ္ဘာထဲတွင် ကောင်းကင်ဘုံ တာအိုခန္ဓာရှိနေသည်ကို သူမ သတိမပြုမိဘဲ ကျန်ရစ်ခဲ့တာလား။

သူမ စိုက်ပျိုးထားသည့် မျိုးစေ့ ရှင်သန်ကြီးထွားရန်အတွက် လီယောင်းသည် ဤအကျပ်အတည်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ဤသည်မှာ ကောင်းကင်ဘုံနိယာမ၏ အုပ်ချုပ်မှုကို ကျော်လွန်ပြီး နောက်ထပ်နယ်ပယ်တစ်ခုသို့ ချိုးဖျက်တက်လှမ်းနိုင်မည့် တစ်ခုတည်းသော လမ်းစဉ်ပင်။

သူမသည် သင့်တော်သော ရေခဲတုံးတစ်ခုကို ရှာဖွေကာ တရားထိုင်သည့်ပုံစံဖြင့် ထိုင်လိုက်ပြီး မျက်လုံးများကို မှိတ်လိုက်သည်။ သူမ စိတ်ကို စုစည်းလိုက်သည့်အခါ လီယောင်း၏ဘေးတွင် ရပ်နေသော အမည်မသိ အမျိုးသားတစ်ဦး၏ ပုံရိပ်ကို မြင်တွေ့လိုက်ရသဖြင့် မျက်လုံးများ ချက်ချင်း ပွင့်လာတော့သည်။

"မင်းက ဘယ်သူလဲ"

သူမက ကျယ်လောင်စွာ ရေရွတ်လိုက်သည်။ ထိုလျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်နှင့် ပတ်သက်၍ သူမ မည်သို့မျှ အကဲဖြတ်၍ မရနိုင်ချေ။

ကောင်းကင်ဘုံနိယာမကိုယ်တိုင်က ကိုယ်ပွားတစ်ခုအနေဖြင့် ဆင်းသက်လာတာလားဟု သူမ စဉ်းစားမိသည်။

"မင်း အဲဒီလောက်တောင် ကြောက်နေတာလား"

သူမက လှောင်ပြုံးဖြင့် ပြောလိုက်သည်။

"ကောင်းပြီလေ... ငါလည်း မင်းနဲ့အတူ ကစားပေးရတာပေါ့"

သူမ တွေးလိုက်ရင်း မျက်နှာတွင် ပြတ်သားသော အမူအရာများ ပြည့်နှက်လာသည်။

အခြေအနေကို အသေအချာ အကဲဖြတ်၍ မရတော့သဖြင့် ယခင်တွက်ချက်မှုများကို စွန့်ပယ်ရန် သူမ ဆုံးဖြတ်လိုက်သည်။ ကောင်းကင်ဘုံနိယာမကိုယ်တိုင် ပါဝင်ပတ်သက်လာပြီဆိုလျှင် မည်သည့်အရာကိုမျှ အသေအချာ မပြောနိုင်တော့ချေ။ သို့သော်လည်း ကောင်းကင်ဘုံနိယာမတွင် လိုက်နာရမည့် ကိုယ်ပိုင်စည်းမျဉ်းများ ရှိနေသေးသည်။ ထိုစည်းမျဉ်းများကို မလိုက်နာပါက ၎င်းသည် ဘက်လိုက်မှုမရှိသော ကောင်းကင်ဘုံနိယာမစစ်စစ် ဖြစ်နိုင်တော့မည် မဟုတ်ပေ။ အဆုံးသတ်တွင်မူ ကောင်းကင်ဘုံ၏ လမ်းစဉ်သည် ဘက်လိုက်မှုမရှိဘူးဟူသည်မှာ လူတိုင်းသိထားသော အချက်ပင်။

"အခုကစပြီး လီယောင်းနဲ့ ကောင်းကင်ဘုံနိယာမကိုယ်ပွားဟာ အနည်းဆုံးတော့ မြေကမ္ဘာမသေမျိုးအဆင့်ကို ချိုးဖျက်ရောက်ရှိသွားပြီလို့ပဲ ငါ ယူဆထားလိုက်မယ်"

သူမက နိဂုံးချုပ်လိုက်သည်။

သူမသည် ရေခဲတုံးပေါ်မှ ထရပ်လိုက်ရာ သူမ၏ ခြေဖဝါးအောက်တွင် ရေခဲလှေကားထစ်များ အလိုအလျောက် ပေါ်ပေါက်လာသည်။

"ဒါဆိုရင် လူသားကမ္ဘာက အစီအစဉ်ကတော့ အလုပ်မဖြစ်တော့ဘူးလို့ စိတ်ချလက်ချ သတ်မှတ်လို့ရပြီ။ ငါ မသေမျိုးကမ္ဘာမှာပဲ ဇာတ်ခုံတစ်ခုကို စတင်ပြင်ဆင်ထားသင့်ပြီ"

သူမ တွေးတောလိုက်၏။

မသေမျိုးကမ္ဘာတွင်မူ သူမအနေဖြင့် အခြေအနေအရပ်ရပ်ကို ပိုမိုထိန်းချုပ်နိုင်စွမ်း ရှိသည်။ သူမ၏ မျက်နှာတွင် အပြုံးတစ်ခု ကျယ်ပြန့်သွားသည်။

"မင်းတို့ ပျော်သင့်ပါတယ်။ ဘာပဲဖြစ်ဖြစ် ငါကိုယ်တိုင် ပြင်ဆင်ပေးတဲ့ ကြိုဆိုပွဲမျိုးကို လူတိုင်း ရနိုင်တာမှ မဟုတ်တာ"

...

ရှီဝမ်မူသည် ကြီးမားလှသော သစ်ပင်ကြီးတစ်ပင်၏ ထိပ်ဖျားတွင် စာအုပ်တစ်အုပ်ကို ရင်ဘတ်၌ တင်းတင်းကြပ်ကြပ် ပိုက်ထားရင်း အသည်းအသန် တွယ်ကပ်နေရသည်။ သူမ၏ မျက်နှာမှာ ထိတ်လန့်မှုကြောင့် ရှုံ့မဲ့နေပြီး မျက်ဝန်းထောင့်တွင်လည်း မျက်ရည်များ ဝဲနေ၏။

"ကျေးဇူးပြုပြီး တော်ပါတော့"

သူမက အော်ဟစ်ကာ ငိုယိုလိုက်သည်။

ထိုမြင့်မားလှသော သစ်ပင်ကြီး၏ အောက်တွင်မူ အခြားမိန်းကလေးတစ်ဦးမှာ ခေါင်းကို အပေါ်သို့ မော့ကြည့်ရင်း လှောင်ပြုံးဖြင့် စောင့်ကြည့်နေသည်။

"ဆင်းရုံပဲ ဆင်းလာခဲ့စမ်းပါ"

ထိုမိန်းကလေးက လှောင်ပြောင်သော လေသံဖြင့် အော်ပြောလိုက်သည်။

"ငါက မင်းကို စားပစ်မှာမှ မဟုတ်တာ"

ရှီဝမ်မူကမူ ဆက်လက်ငိုယိုနေဆဲပင်။

သစ်ပင်အောက်မှ မိန်းကလေးမှာမူ ဘာမှမဖြစ်သကဲ့သို့ သူမ၏ လက်သန်းလေးဖြင့် နားကို ကလော်နေရင်း အထင်မကြီးသော အမူအရာဖြင့် "တကယ့် ငိုကြွေးတတ်တဲ့ ကလေးပဲ" သူမက ပြောလိုက်သည်။

"မင်းလိုလူမျိုးက ဘယ်လိုလုပ်ပြီး နတ်ဘုရားတစ်ပါးရဲ့ ရာထူးကို ဆက်ခံမှာလဲ"

ကြိုတင်သတိပေးချက်မရှိဘဲ သူမသည် သစ်ပင်ပင်စည်ကို အရှိန်ပြင်းပြင်းဖြင့် တစ်ချက် ကန်လိုက်ရာ သစ်ပင်ကြီးတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားတော့သည်။

ရှီဝမ်မူသည် ထိတ်လန့်တကြား အော်ဟစ်လိုက်မိပြီး သစ်ကိုင်းတစ်ခုကို အသက်လုကာ ဆွဲကိုင်လိုက်ရသည်။ ထိုသို့ ပြာပြာသလဲ ဖြစ်သွားစဉ်မှာပင် သူမ ပိုက်ထားသော စာအုပ်မှာ လက်ထဲမှ လွတ်ထွက်သွားပြီး လေထဲတွင် ဝဲကာ အောက်ဘက် မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။

မိန်းကလေးက မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည့် စာအုပ်ကို လှမ်းယူလိုက်ပြီး စပ်စုချင်သော မျက်လုံးများဖြင့် စူးစမ်းကြည့်ရှုလိုက်သည်။

"ဟင်း... ဒါက ဘာလေးလဲ..."

သူမက ရေရွတ်ရင်း စာအုပ်ကို လှန်လှောကြည့်လိုက်၏။

"မလုပ်နဲ့... အဲဒါကို မဖတ်နဲ့"

ရှီဝမ်မူက အသည်းအသန် အော်ဟစ်တားမြစ်သော်လည်း ထိုတောင်းပန်တိုးလျှိုးသံများကပင် မိန်းကလေး၏ စိတ်ဝင်စားမှုကို ပိုမိုလှုံ့ဆော်ပေးသကဲ့သို့ ဖြစ်သွားသည်။

"ကျွန်မက သူ့ရဲ့ **** ကို ကိုင်လိုက်မိပြီး ကျွန်မရဲ့ လက်ချောင်းတွေကြားမှာ ဘယ်လိုမျိုး တုန်ခါနေတယ်ဆိုတာကို ခံစားလိုက်ရတယ်"

သူမက စာသားများကို အသံထွက်၍ ဖတ်လိုက်သည်။

"ပြီးတော့ ကျွန်မရဲ့ လက်ကို အပေါ်အောက် ဖြည်းဖြည်းချင်း ရွှေ့ပေးလိုက်တယ်။ 'ဟုတ်တယ်... အဲဒီလိုမျိုးလေးပဲ' လို့ သူက တိုးတိုးလေး ပြောလိုက်ပြီး..."

"မဖတ်ပါနဲ့တော့... ကျေးဇူးပြုပြီး တော်ပါတော့"

ရှီဝမ်မူက ဆက်လက်အော်ဟစ်နေရှာသည်။

မိန်းကလေးသည် စာအုပ်ကို ဝုန်းခနဲ ပြန်ပိတ်လိုက်ပြီး သူမ၏ ပါးပြင်များမှာလည်း ရဲရဲနီသွားတော့သည်။

"နင်... နင် ဘယ်လိုစာမျိုးတွေကို ရေးနေတာလဲ"

သူမက သစ်ပင်ဆီသို့ ဒေါသတကြီး ပြန်လျှောက်သွားပြီး ပင်စည်ကို ထပ်မံကန်ကျောက်

တော့သည်။

"အခုချက်ချင်း ဆင်းလာခဲ့စမ်း ငါ့ကို ဒါမျိုးတွေ မြင်အောင်လုပ်ရဲတယ်ပေါ့လေ"

သူမ သစ်ပင်ကို အငြိုးတကြီး တိုက်ခိုက်နေစဉ်မှာပင် ဦးရေပြားပေါ်၌ စူးရှသော နာကျင်မှုကို ရုတ်တရက် ခံစားလိုက်ရသည်။ နာကျင်လွန်းသဖြင့် ခေါင်းကို ကိုင်လိုက်ရင်း "အား... သွားပြီ တောက်... ဘယ်အရူးက ငါ့ကို..." သူမ၏ ဒေါသတကြီး ပြောဆိုသံမှာ လည်ချောင်းဝတွင်တင် ရပ်တန့်သွားသည်။ အဘယ်ကြောင့်ဆိုသော် သူမ လှည့်ကြည့်လိုက်သည့်အခါ သူမ အတွေ့ချင်ဆုံး ပုဂ္ဂိုလ်နှင့် မျက်နှာချင်းဆိုင် တိုးသွားသောကြောင့်ပင်။

"အာ... စီနီယာအစ်မကြီး…အစ်မကြီးပါလား"

သူမ၏ လေသံမှာ ချက်ချင်းပင် လိုက်လျောညီထွေရှိသော အသံအဖြစ်သို့ ပြောင်းလဲသွားသည်။

"စီနီယာအစ်မကြီး ဟုတ်လား အရူးလို့ ခေါ်ချင်တာ မဟုတ်ဘူးလား"

အသစ်ရောက်လာသူက မျက်ဝန်းထဲအထိ မရောက်သော အပြုံးတစ်ခုဖြင့် မေးလိုက်သည်။

"ဘယ်က အရူးလဲ။ ကျွန်မကိုယ်ကျွန်မ ပြောတာပါ။ ကျွန်မက အရူးပါလို့"

မိန်းကလေးက ချက်ချင်းပင် စကားပြန်ပြင်ပြောလိုက်ရသည်။

"အော်... အဲဒီလိုလား"

စီနီယာအစ်မကြီးက တည်ငြိမ်စွာ ပြောရင်း မိန်းကလေးထံသို့ လက်လှမ်းလိုက်သည်။ ပြဿနာရှာသူမလေးမှာ တွန့်ဆုတ်သွားပြီး ရှောင်ထွက်ရန် ကြိုးစားသော်လည်း အလွယ်တကူပင် အဖမ်းခံလိုက်ရသည်။ စီနီယာအစ်မကြီးက သူမ၏ နားရွက်ကို ဆွဲလိမ်လိုက်တော့သည်။

"ကိုယ့်ကိုယ်ကိုယ် သိတာတော့ ကောင်းတာပေါ့"

သူမက သာယာသော လေသံဖြင့် ဆက်ပြောသည်။

"ကဲ... နင် ဘာတွေ မှားခဲ့လဲ ပြောစမ်း"

"ဟို... သူများတွေကို အနိုင်ကျင့်မိတာပါ"

နားရွက်ကို ဆွဲလိမ်ခံထားရသဖြင့် နာကျင်စွာဖြင့် တွန့်လိမ်ရင်း သူမက ဝန်ခံလိုက်သည်။

"အဲဒါက ဘာလို့ အမှားဖြစ်ရတာလဲ"

စီနီယာအစ်မကြီးက နားရွက်ကို မလွှတ်ဘဲ ဆက်လက်ဖိအားပေးမေးမြန်းသည်။

"ဘာလို့လဲဆိုတော့... အဲဒါက လူသားဧကရာဇ်ရဲ့ အရိုက်အရာကို ဆက်ခံမယ့်သူနဲ့ မကိုက်ညီလို့ပါ"

မိန်းကလေးက အလွတ်ရနေသည့်အလား ရွတ်ဆိုလိုက်သည်။ ဤကဲ့သို့ အမေးအဖြေလုပ်ခံရသည်မှာ သူမအတွက် ပထမဆုံးအကြိမ် မဟုတ်ပေ။

"ကောင်းပြီ အခု အချစ်နတ်ဘုရားမရဲ့ ဆက်ခံသူကို တောင်းပန်လိုက်တော့"

စီနီယာအစ်မကြီးက ငြင်းဆိုရန် အခွင့်အရေးမပေးဘဲ အမိန့်ပေးလိုက်သည်။

လူသားမင်းသမီးလေးမှာ သိသိသာသာ တွန့်ဆုတ်နေပြီး စိတ်ထဲတွင် လွန်စွာ အားမလိုအားမရ ဖြစ်နေပုံရသည်။

"ဘာလဲ နင်က မတောင်းပန်ချင်ဘူးလား"

စီနီယာအစ်မကြီး၏ လေသံမှာ ယခင်ကထက် အနည်းငယ် ပို၍ တင်းမာလာသည်။

"မဟုတ်ပါဘူး တောင်းပန်ချင်ပါတယ်"

မိန်းကလေးက ပျာပျာသလဲ ပြန်ဖြေလိုက်သည်။ သူမသည် သစ်ပင်ဘက်သို့ လှည့်ကာ တောင့်တောင့်ကြီး ဦးညွှတ်လိုက်ရင်း "ငါ တောင်းပန်ပါတယ်" ဟု ရှီဝမ်မူကို အော်ပြောလိုက်၏။

ထို့နောက်တွင် စီနီယာအစ်မကြီးသည် သူမ၏ နားရွက်ကို ကိုင်ကာ ချက်ချင်းပင် ဆွဲခေါ်သွားတော့သည်။

"ကဲ... ငါနဲ့ လိုက်ခဲ့တော့။ လေ့ကျင့်ခန်းလုပ်ရမယ့် အချိန်ရောက်ပြီ"

အဆွဲခံနေရစဉ်အတွင်းမှာပင် လူသားမင်းသမီးလေးသည် ရှီဝမ်မူဘက်သို့ နောက်ဆုံးတစ်ချက် လှည့်ကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းများမှာ အန္တရာယ်ရှိစွာ မှေးစဥ်းသွားပြီး "ဒါက ဒီမှာတင် မပြီးသေးဘူးနော်" ဟု အသံမထွက်ဘဲ ပါးစပ်လှုပ်ရုံမျှဖြင့် ပြောဆိုကာ ခြိမ်းခြောက်သွားခဲ့သည်။

အချစ်နတ်ဘုရားမ ရှီဝမ်မူသည် ရုတ်တရက် မျက်လုံးများ ပွင့်လာခဲ့သည်။ သူမ၏ မျက်နှာမှာ ဒေါသများဖြင့် ပြည့်နှက်နေ၏။

"တောက်... လူသားဧကရီ နင်က ငါ့အိပ်မက်ထဲအထိ လိုက်ခြောက်နေတော့ ငါ အေးအေးဆေးဆေးတောင် အိပ်လို့မရတော့ဘူး"

ထိုစကားများ ထွက်လာပြီးနောက်တွင်မှ သူမသည် စိတ်ချင်းဆက်သွယ်မှုမှတစ်ဆင့် သတင်းအချက်အလက်အချို့ကို ရရှိလိုက်သဖြင့် ခန္ဓာကိုယ်မှာ ကျောက်ရုပ်ကဲ့သို့ တောင့်တင်းသွားသည်။ ထိုသတင်းကို ကြားလိုက်ရသည်နှင့် သူမ၏ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားတော့သည်။

"လူသားဧကရီက ပြန်လည်ဝင်စားလာတယ် ဟုတ်လား"

သူမက ရေရွတ်ရင်း အစောပိုင်းက ဒေါသများမှာ ထိတ်လန့်တုန်လှုပ်မှုအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားသည်။

"ငါ အမြန်ပြေးမှဖြစ်မယ်"

သူမ တွေးတောရင်း ထရပ်လိုက်သည်။

သို့သော် ပို၍ သေချာစဉ်းစားကြည့်ပြီးနောက် သူမ ရပ်တန့်သွား၏။

"နေပါဦး... ငါက ဘာလို့ ပြေးနေရမှာလဲ သူမက အခု လူသားဧကရီ မဟုတ်တော့ဘူး။ သာမန်

လူသားတစ်ယောက်ပဲလေ"

သူမ၏ အမူအရာမှာ တစ်ဖန်ပြန်လည် ပြောင်းလဲသွားပြီး ယုတ်မာကောက်ကျစ်သော အသွင်သို့ ကူးပြောင်းသွားသည်။

"ခစ်ခစ်... လူသားဧကရီ ဒီလိုနေ့မျိုး ရောက်လာလိမ့်မယ်လို့ နင် တစ်ခါဖူးရော တွေးဖူးရဲ့လား" သူမက ကိုယ့်ဘာသာ တိုးတိုးလေး ရယ်မောလိုက်မိသည်။

သူမသည် ကျောက်စိမ်းဆက်သွယ်ရေးပြားတစ်ခုကို လှမ်းယူလိုက်ပြီး

"အားလုံးပဲ... နားထောင်ကြ။ ငါ့မှာ မင်းတို့အတွက် တာဝန်တစ်ခု ရှိတယ်..."

စာရေးသူ၏ မှတ်ချက်

အနောက်ဘက် မိခင်ဘုရင်မကြီးက ပုံမှန်အားဖြင့် အချစ်နတ်ဘုရားမ မဟုတ်ပါဘူး။ ဒါပေမဲ့ သူမမှာ အဲဒီလို ဂုဏ်သတ္တိတချို့နဲ့ ဆင်တူတဲ့အချက်တွေ ရှိနေလို့ ဒီလိုမျိုး ထည့်သွင်းထားတာပါ။

All Chapters