အခန်း (၁၁၁-၁၁၂)
Vol. 12 Ch. 111-112
အခန်း (၁၁၁) - တောက်ထျယ်မြို့
"အောင်း..."
ရှည်လျားသော တောင်ရိုးတလျှောက်တွင် ကျယ်လောင်စူးရှသော သားရဲဟိန်းသံကြီးက ပဲ့တင်ထပ်သွားပြီး တိမ်တိုက်များပင် လွင့်စင်ကွဲအက်သွားစေလေ၏။
သားရဲကြီး၏ ကျောပေါ်တွင် စီးနင်းလိုက်ပါလာသော ကျင့်ကြံသူက နှင်တံကို ဖြည်းညင်းစွာ ဝှေ့ယမ်းလိုက်ရာ၊ ထိုဧရာမသားရဲကြီးသည် ခေါင်းကိုငုံ့လိုက်ပြီး အလွန် ယဉ်ပါးသွားလေတော့သည်။
လူနှင့် ကုန်ပစ္စည်း အမြောက်အမြားကို တင်ဆောင်ထားသော ဤကဲ့သို့ ဧရာမသားရဲကြီးများသည် မိုင်အနည်းငယ်ခန့်အထိ ရှည်လျားစွာ တန်းစီနေကြပြီး၊ ကွေ့ကောက်နေသော အနက်ရောင်မျဉ်းကြောင်းကြီးတစ်ခုသဖွယ် ဖြစ်နေချေသည်။ အနက်ရောင်မျဉ်းကြောင်းကြီး၏ အဆုံးတွင်မူ တောင်တန်းကိုအမှီပြု၍ တည်ဆောက်ထားသော ခမ်းနားထည်ဝါသည့် မြို့တစ်မြို့ ရှိနေလေ၏။
မြို့ရိုးကြီးမှာ နှိုင်းယှဉ်စရာမရှိအောင် မြင့်မားလှကာ၊ အုတ်ချပ်များသည် ဟောင်းနွမ်းပျက်စီးနေသဖြင့် တောင်တန်းအစွန်းတွင် ဝပ်နေသော ရှေးဟောင်းသားရဲကြီးတစ်ကောင်နှင့် တူလှပေသည်။
ဤခြောက်သွေ့သော မြေပြင်ပေါ်တွင် တည်ရှိနေသော်လည်း၊ အရပ်လေးမျက်နှာမှ မရေမတွက်နိုင်သော မင်္ဂလာတိမ်တိုက်များနှင့် မင်္ဂလာသားရဲများ စုဝေးရောက်ရှိလာကြ၏။ သို့သော် ထိုပျံသန်းလာကြသူများသည် မြို့ပြင်သို့ရောက်သည်နှင့် အလိုအလျောက် မြေပြင်သို့ ဆင်းသက်ကြပြီး မြို့ထဲသို့ဝင်ရန် တန်းစီကြရလေသည်။
ဤကဲ့သို့ ပျံသန်းမှုတားမြစ်သော စည်းကမ်းမျိုးသည် ကြီးမားသော အင်မော်တယ်ဂိုဏ်းတိုင်းတွင် ရှိတတ်စမြဲ ဖြစ်ချေသည်။ သို့မဟုတ်ပါက ထိန်းချုပ်ရန် ခက်ခဲပေလိမ့်မည်။
တောက်ထျယ်မြို့၏ မြို့တံခါးတိုင်းတွင် အကြီးနှင့် အသေးဟူ၍ ဝင်ပေါက်နှစ်ခု ခွဲခြားထား၏။ ကြီးမားသော ဝင်ပေါက်သည် အလွန်ကျယ်ဝန်းပြီး ကြီးမားသော စိတ်ဝိညာဉ်သားရဲများနှင့် ကုန်တင်ယာဉ်တန်းများ ဝင်ရောက်ရန် ဖြစ်သည်။ သွားလာမှုနှေးကွေးသဖြင့် တန်းစီနေသော လူတန်းကြီးမှာ အလွန်ရှည်လျားလှပေသည်။
ဝင်ပေါက်အသေးမှာမူ လူများနှင့် သေးငယ်သော စိတ်ဝိညာဉ်သားရဲများ သွားလာရန် ဖြစ်သဖြင့်၊ တန်းစီနေသော လူတန်းကြီးမှာ လျင်မြန်စွာ ရွေ့လျားနေလေ၏။
အတိုင်းအတာနှင့် လူဦးရေအရ ပြောရလျှင် တောက်ထျယ်မြို့သည် ယွီမင်းဆက်၏မြို့တော် ဖန်ယန်မြို့နှင့် ယှဉ်ပြိုင်နိုင်ခြင်း မရှိချေ။ သို့သော် ဤနေရာသည် ကမ္ဘာပေါ်တွင် ကျင့်ကြံသူများကို အဓိကထားသော တစ်ခုတည်းသော မြို့ကြီးဖြစ်ပြီး၊ မြို့ထဲတွင် သာမန်လူဦးရေမှာ ထက်ဝက်အောက်သာ ရှိလေသည်။
ချူလျန်သည် လူတန်းကြီးထဲတွင် ရပ်လျက် ဖြည်းညင်းစွာ ရှေ့သို့ တိုးဝင်နေလေသည်။
သူသည် ပိုးသားဝတ်ရုံကို သပ်ရပ်စွာ ဝတ်ဆင်ထားပြီး အင်္ကျီလက်စများကို စည်းနှောင်ထားရာ၊ သာမန်ချမ်းသာသော သခင်လေးတစ်ဦးနှင့် တူနေပြီး ကျင့်ကြံသူတစ်ဦးဟု မထင်ရပေ။ သူ၏ဘေးတွင်မူ အနီနှင့် အဖြူ ရောစပ်ထားသော ခါးမြင့်ဝတ်စုံကို ဝတ်ဆင်ထားသည့် တိနွီဖုန့် ရှိနေချေသည်။ သူမ၏ ရှည်လျားသော ခြေတံများကို လှမ်းလိုက်တိုင်း ခန္ဓာကိုယ်အချိုးအစားမှာ အထူးပင် ဆွဲဆောင်မှု ရှိနေချေသည်။
နက်ရှိုင်းပြီး ရှည်လျားသော မြို့တံခါးပေါက်ကို ဖြတ်ကျော်ပြီးနောက် မော့ကြည့်လိုက်ရာ ကျယ်ဝန်းသော လမ်းမကြီးကို မြင်လိုက်ရသည်။ လမ်းမကြီး၏ ဘေးတစ်ဖက်တစ်ချက်တွင် လေးငါးထပ်ခန့် မြင့်မားသော အဆောက်အအုံများ ရှိနေကြ၏။ ထိုအဆောက်အအုံများပေါ်တွင် ရောင်စုံဆိုင်းဘုတ်များ ချိတ်ဆွဲထားပြီး အားလုံးမှာ ကျင့်ကြံသူများနှင့် သက်ဆိုင်သော ဆိုင်များသာ ဖြစ်ကြလေသည်။
အဆောက်အအုံများကြားတွင် ရံဖန်ရံခါ လူရိပ်များ ဖြတ်သန်းသွားလာနေကြသော်လည်း အားလုံးမှာ ပေါ့ပါးသွက်လက်ကြပေသည်။ မြို့ထဲတွင် ပျံသန်းမှု တားမြစ်ထားဆဲဖြစ်ပြီး လမ်းမပေါ်ရှိ အဆောက်အအုံများ၏ အမြင့်ဆုံးထပ်ထက် ကျော်လွန်၍ မပျံသန်းရဟူသော စည်းကမ်း ရှိသောကြောင့် ဖြစ်ပေသည်။
စည်းကမ်း ဖောက်ဖျက်ပါက စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ရောက်ရှိလာပြီး အရေးယူပေလိမ့်မည်။
ဤမျှကြီးမားသော မြို့ကြီးဖြစ်သဖြင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင် အရေအတွက်မှာ မနည်းလှပေ။ ထိုအထဲတွင် တောက်ထျယ်မြို့၏ ပင်မတပည့် အနည်းငယ်သာ ပါဝင်ပြီး အများစုမှာ ငှားရမ်းထားသော အစောင့်အရှောက်များသာ ဖြစ်ကြလေသည်။
တောက်ထျယ်မြို့အတွင်းရှိ အစောင့်အရှောက်များကို တစ်မှ ကိုးအထိ အဆင့် ခွဲခြားထားသည်။ ထိုအထဲမှ အဆင့်နိမ့်သူများမှာ အစောင့်အရှောက်ဟု ဆိုသည်ထက်၊ ငှားရမ်းထားသော လက်မရွံ့လူမိုက်များနှင့် ပိုတူကြပေသည်။
ဤဂိုဏ်းသည် မြင့်မြတ်ဂိုဏ်း (၉)ဂိုဏ်းနှင့် မြေကမ္ဘာဂိုဏ်း (၁၀)ဂိုဏ်းတို့တွင် ပြင်ပအစောင့်အရှောက် အရေအတွက်က ပင်မတပည့်အရေအတွက်ထက် ပိုများသော တစ်ခုတည်းသော ဂိုဏ်းလည်း ဖြစ်ချေသည်။
ဤသည်မှာလည်း မတတ်နိုင်ပေ၊ သူတို့တွင် ငွေများ ပေါလွန်းသည် မဟုတ်ပါလော။
"အရင်ဆုံး ပိုက်ဆံ သွားလဲရအောင်..." ဘေးနားမှ တိနွီဖုန့်က လှမ်းပြောလိုက်သည်။
သူမသည် ပထမဆုံးအကြိမ် လာဖူးခြင်းမဟုတ်သဖြင့် ချူလျန်ကဲ့သို့ အံ့သြမှင်တက်နေသော ခံစားချက်မျိုး မရှိဘဲ၊ လက်နှစ်ဖက်ကို အင်္ကျီလက်စထဲ ထည့်ကာ ပျင်းရိလေးတွဲစွာ လျှောက်လှမ်းနေသည်။
မြို့တံခါး ဝင်ဝင်ချင်း ပထမဆုံး အဆောက်အအုံမှာ ငွေလဲလှယ်ရေးဌာနဖြစ်ပြီး၊ မြို့ထဲဝင်လာသူများ ငွေကြေးလဲလှယ်မှု အဆင်ပြေစေရန် စီစဉ်ထားခြင်း ဖြစ်ပေသည်။
တောက်ထျယ်မြို့တွင် အသုံးများသော ငွေကြေးမှာ နတ်သားရဲဒင်္ဂါးများ ဖြစ်ကြ၏။ ရှုတောင်ဂိုဏ်း၏ ငွေကြေးထက် အသုံးပြုမှု ကျယ်ပြန့်ပြီး ပိုမိုအသေးစိတ်ကျလေသည်။ စုစုပေါင်း တန်ဖိုး (၄)မျိုး ရှိပြီး နဂါးစိမ်းဒင်္ဂါး၊ ကျားခေါင်းဒင်္ဂါး၊ ကြိုးကြာနီဒင်္ဂါးနှင့် လိပ်နက်ဒင်္ဂါးတို့ ဖြစ်ကြပေသည်။
အကြီးမှ အငယ်သို့ စီရလျှင် နဂါးစိမ်းဒင်္ဂါး တစ်ပြားသည် ကျားခေါင်းဒင်္ဂါး (၁၀)ပြားနှင့် ညီမျှပြီး၊ အဆင့်ဆင့် (၁) အချိုး (၁၀) နှုန်းဖြင့် တွက်ချက်လေသည်။ ထိုအထဲမှ ဒုတိယအငယ်ဆုံးဖြစ်သော ကြိုးကြာနီဒင်္ဂါးသည် ရှုတောင်ဂိုဏ်း၏ ဓားဒင်္ဂါးနှင့် တန်ဖိုး တူညီလေသည်။
"ဒုက္ခပေးပါရစေ... ကျွန်တော့်ကို ကြိုးကြာနီဒင်္ဂါး တစ်ထောင်နှင့် လိပ်နက်ဒင်္ဂါး တစ်ရာ လဲပေးပါ..." ချူလျန်သည် ဓားဒင်္ဂါးတစ်အိတ်ကို ကမ်းပေးလိုက်ပြီး ငွေလဲလှယ်ရေးဌာနမှ ကျင့်ကြံသူကို ပြောလိုက်လေသည်။
အတွင်းမှလူက ဓားဒင်္ဂါးများကို ယူလိုက်ပြီး အနည်းငယ် စစ်ဆေးကြည့်ရှုပြီးနောက် ခေါင်းညိတ်လက်ခံလိုက်သည်။
ထို့နောက် ကြိုးကြာနီပုံသဏ္ဌာန် ထွင်းထုထားသော ဝိညာဉ်ကျောက်တုံးဒင်္ဂါးအိတ်ငယ် တစ်အိတ်ကို ချူလျန်ထံ ပြန်ပေးလိုက်လေသည်။ ချူလျန် တစ်ပြားကိုယူပြီး စမ်းသပ်ကြည့်လိုက်ရာ အတွင်းထဲတွင် ထူးခြားသော ဝိညာဉ်စွမ်းအင်တစ်ခု ရှိနေသည်ကို ခံစားလိုက်ရသည်။
အင်မော်တယ်ဂိုဏ်းများက ဝိညာဉ်ကျောက်တုံးများကို အများသုံးငွေကြေးပစ္စည်းအဖြစ် အသုံးပြုကြခြင်းမှာ၊ ၎င်းသည် မာကျောခိုင်ခံ့ပြီး ဝိညာဉ်ချီစွမ်းအင်များ ပါဝင်နေသဖြင့်၊ ဝိညာဉ်စွမ်းအင် ထည့်သွင်းရန် လွယ်ကူသလို အတုအပပြုလုပ်ခြင်းကိုလည်း ကာကွယ်နိုင်သောကြောင့် ဖြစ်ပေသည်။
သို့မဟုတ်ပါက မည်သူမဆို ဝိညာဉ်ကျောက်တုံးများကိုယူပြီး ဤပုံစံများအတိုင်း ထွင်းထုလိုက်လျှင် ထိန်းချုပ်နိုင်တော့မည် မဟုတ်ချေ။
"ဟင်းဟင်း..." အနောက်မှ တိနွီဖုန့်သည် ချူလျန်ကို အကဲခတ်ကြည့်ရင်း ရယ်မောလိုက်လေသည်။ "မင်း ကောင်စုတ်လေး ပိုက်ဆံတွေ မနည်းစုထားတာပဲ..."
ချူလျန်က သူမကို သတိထားပြီး ကြည့်လိုက်ကာ "ပင်ပင်ပန်းပန်း ရှာထားရတဲ့ ပိုက်ဆံတွေပါ..." ဟု ပြောလိုက်သည်။
ငွေလဲလှယ်ရေးဌာနမှ ထွက်လာသောအခါ ချူလျန်သည် ပိုက်ဆံအိတ်ပေါ်တွင် လက်တင်ထားဆဲဖြစ်ပြီး၊ မသိစိတ်အရ ကာကွယ်နေသကဲ့သို့ ဖြစ်နေသည်ကို တိနွီဖုန့် မြင်လိုက်ရလေသည်။
သူမက ရယ်မောလိုက်ပြီး "ပေါ့ပေါ့ပါးပါး နေစမ်းပါ... မြို့ပေါ် ပထမဆုံးတက်ဖူးတဲ့ တောသားလေးလို လုပ်မနေနဲ့... အင်း… မင်းက တကယ် တောသားလေး ဖြစ်နေပေမဲ့ပေါ့လေ... ငါ ပြောပြမယ်၊ မင်း ပိုပြီး ကြောက်လန့်နေလေ၊ သူခိုးတွေက မင်းကို ပိုပြီး ပစ်မှတ်ထားလေ ဖြစ်လိမ့်မယ်..."
"အဟီး..." ချူလျန်က ပြန်လည် ပြုံးပြလိုက်လေသည်။
ဆရာသခင်... ကျွန်တော်က တခြားသူခိုးတွေရဲ့ ရန်ကနေ ကာကွယ်နေတယ်လို့ ထင်နေတာလား...။
...
"မူး..."
အနောက်ဘက်မှ နွားအော်သံနှင့်တူသော လေးလံသည့် သားရဲဟိန်းသံကြီးတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။
နောက်လှည့်ကြည့်လိုက်ရာ လမ်းမကြီးအလယ်တွင် သုံးထပ်တိုက်ခန့် မြင့်မားသော၊ အမွှေးမရှိဘဲ အရေပြားထူထဲကာ မီးခိုးရောင်ရှိသည့် ဧရာမသားရဲကြီးတစ်ကောင် ဖြည်းညင်းစွာ လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရသည်။ ၎င်း၏ ကိုယ်ပေါ်တွင် ရှည်လျားသော သံကြိုးများစွာ ရစ်ပတ်ထားပြီး အနောက်ဘက်ရှိ ရှည်လျားသော သစ်သားရထားလုံးတစ်စင်းကို ဆွဲကာ တည်ငြိမ်စွာ ရှေ့သို့ ရွေ့လျားနေလေသည်။
ဤသားရဲကို တောင်ထိုင်သားရဲဟု ခေါ်ပြီး ကြိုးစားလုပ်ကိုင်တတ်ကာ လူများနှင့် ယဉ်ပါးသော စိတ်သဘောထား ရှိသဖြင့် လေးလံသောပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် အသုံးအများဆုံး မိစ္ဆာသားရဲ ဖြစ်သည်။
သို့သော် ဤဧရာမတောင်ထိုင်သားရဲကြီး ဆွဲလာသည်မှာ ကုန်ပစ္စည်းများ မဟုတ်ဘဲ လူများ ဖြစ်ကြသည်။ ဤသည်မှာ တောက်ထျယ်မြို့၏ မြို့ပတ်ရထားလုံးဖြစ်ပြီး လမ်းမလျှောက်ချင်သော ခရီးသွားများသည် ရထားလုံးပေါ်သို့ တက်ရောက်နိုင်ကာ တောင်ထိုင်သားရဲနှင့်အတူ ရှေ့သို့ လိုက်ပါသွားနိုင်သည်။
တိနွီဖုန့်သည် ချူလျန်ကို ဆွဲခေါ်ပြီး အနောက်ဘက်ရှိ ရထားလုံးပေါ်သို့ တက်လိုက်လေသည်။ တံခါးပေါက်တွင် ကျင့်ကြံသူတစ်ဦး ထိုင်နေပြီး ဘေးနားတွင် ကုသိုလ်ဖြစ်သေတ္တာတစ်လုံး ရှိလေ၏။ ချူလျန်က လိပ်နက်ဒင်္ဂါး နှစ်ပြား ထည့်လိုက်သော်လည်း ထိုသူက မျက်ခွံပင် ပင့်မကြည့်ချေ။
ရထားလုံးပေါ် ရောက်သောအခါ ဆရာတပည့်နှစ်ဦးသည် ပြတင်းပေါက်မှတဆင့် ရှုခင်းများကို အေးဆေးစွာ ကြည့်ရှုနေကြသည်။
အပြင်ဘက် လမ်းမပေါ်ရှိ ဆိုင်များတွင် ကျင့်ကြံသူများအတွက် သီးသန့်ဖြစ်သော ဝိညာဉ်အပင်များ၊ ဆေးလုံးများ၊ မှော်ဝင်ပစ္စည်းများ စသည်တို့အပြင် စားသောက်ဆိုင်များ၊ တည်းခိုခန်းများ၊ လက်ဖက်ရည်ဆိုင်များနှင့် လောင်းကစားရုံများစွာလည်း ရှိကြောင်း ချူလျန် တွေ့ရှိလိုက်ရသည်။ သာမန်မြို့ကြီးများတွင် ရှိသော အရာများအားလုံး တောက်ထျယ်မြို့တွင်လည်း ရှိလေသည်။
ကြည့်ရှုနေစဉ် ဘေးခုံမှ ကျင့်ကြံသူနှစ်ဦး စကားပြောနေသည်ကို ကြားလိုက်ရသည်။
"ဟဲဟဲ... ဒီလရဲ့ ကြယ်ခုနစ်စင်းသတင်းစာ ထွက်လာပြီပဲ..." ကျင့်ကြံသူတစ်ဦးက ရယ်မောပြီး ပြောလိုက်သည်။
"ဟုတ်တယ်... တော်တော်လေး စိတ်လှုပ်ရှားစရာ ကောင်းတယ်ကွ..." အခြားကျင့်ကြံသူတစ်ဦးက ကြယ်ခုနစ်စင်းသတင်းစာကို ကိုင်လျက် အရသာခံကာ ဖတ်ရှုနေသည်။
ယင်းအား တိနွီဖုန့် ကြားလိုက်ရသောအခါ မျက်လုံးများ အရောင်တောက်သွားပြီး၊ အနားသို့ တိုးကပ်သွားကာ မေးလိုက်လေသည်။
"ဒီက မိတ်ဆွေကြီး... ဒီတစ်လ ပြည်နယ်ကိုးခု၏ ရာဇဝင်မှတ်တမ်းများထဲမှာ ရှုတောင်က တိနွီဖုန့်ရဲ့ သတင်း ပါသေးလား..."
ပြီးခဲ့သော တောင်တံခါးမြို့ကိစ္စ ဖြစ်ပြီးကတည်းက သူမသည် ဤကိစ္စကို အမြဲတမ်း စိတ်စွဲနေခဲ့သည်။ အကယ်၍ ကြီးမားသော ကုသိုလ်ကောင်းမှုတစ်ခုဖြင့် ဝမ်ရွှမ်လင်းအဘိုးကြီးကို ဖိနှိပ်နိုင်ခြင်း မရှိပါက၊ သူမ ရင်ထဲတွင် ဘယ်တော့မှ ကျေနပ်နိုင်မည် မဟုတ်ပေ။
"ပါတာပေါ့..." ထိုကျင့်ကြံသူက ခေါင်းညိတ်လိုက်သည်။ "ပထမဆုံး သတင်းပဲ..."
ပြောရင်းဆိုရင်း သူက ခေါင်းစဉ်ကို ဖတ်ပြလိုက်လေသည်။ "'ထိတ်လန့်ဖွယ်ရာအဖြစ်အပျက်... ရှုတောင်မှ ဗိုလ်ကျသော တောင်သခင်မက အမျိုးသားတစ်ဦးကို လက်သီးဖြင့်ထိုးပြီး ခေါင်းဖြိုခွဲလိုက်ရာ၊ တစ်ဖက်လူ၏ အထောက်အထားမှာ လက်ရှိမင်းဆက်၏ မြို့စားတစ်ပါး ဖြစ်နေကြောင်းကို တွေ့ရှိရခြင်း...'"
"ဟင်..." တိနွီဖုန့်ခမျာ မျက်မှောင်ကြုတ်သွားလေသည်။
သူမ၏ ကြီးမားသော အောင်မြင်မှုများကို ချီးကျူးလိမ့်မည်ဟု ထင်မှတ်ထားသော်လည်း၊ မည်းမှောင်သော ခေါင်းစဉ်တစ်ခုသာ ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။
"ဆရာသခင်... စိတ်လျှော့ပါ..." ချူလျန်က သူမ၏အင်္ကျီစကို အလျင်အမြန် ဆွဲလိုက်ပြီး ခပ်တိုးတိုး ပြောလိုက်သည်။ "အိမ်ပြင်ရောက်နေတာလေ..."
"ငါ စိတ်မဆိုးပါဘူး..." တိနွီဖုန့်က အပြုံးတစ်ခုကို အတင်းအကျပ် ညှစ်ထုတ်လိုက်ပြီး၊ ထိုကျင့်ကြံသူဘက်သို့ လှည့်ကာ အော်ဟစ်လိုက်သည်။ "ဆက်ဖတ်စမ်း..."
"အာ..." ထိုကျင့်ကြံသူမှာ လန့်သွားပြီး လက်တုန်သွားကာ ကြယ်ခုနစ်စင်းသတင်းစာမှာ မြေကြီးပေါ်သို့ ကျလုနီးပါးပင် ဖြစ်သွားရသည်။ သို့သော် တိနွီဖုန့်၏ ခြိမ်းခြောက်မှုကို ကြောက်ရွံ့သဖြင့် မငြင်းဆန်ရဲဘဲ ချက်ချင်း ပါးစပ်ဖွင့်ပြီး ဆက်ဖတ်လိုက်ရသည်။
"ထိုနေ့တွင် ရှုတောင် ငွေဓားတောင်ထွတ်၏ တောင်သခင်မ တိနွီဖုန့်သည် တပည့်ဖြစ်သူ၏ အကူအညီတောင်းခံမှုကို ရရှိပြီးနောက် တောင်တံခါးမြို့သို့ ကယ်ဆယ်ရန် အလျင်အမြန် သွားရောက်ခဲ့သည်။ မြေပြင်သို့ ဆင်းသက်ပြီးနောက် ဒေါသထွက်နေသော လူလတ်ပိုင်း အမျိုးသားတစ်ဦးနှင့် တွေ့ဆုံခဲ့ပြီး နှစ်ဦးသား စကားများရန်ဖြစ်ကာ လူအများရှေ့တွင် တိနွီဖုန့်သည် မည်သည်ကိုမျှ ဂရုမစိုက်ဘဲ တစ်ဖက်လူ၏ ဦးခေါင်းကို လက်သီးဖြင့်ထိုး၍ ဖောက်ခွဲပစ်လိုက်သည်..."
"ထို့နောက်မှ သူမ သိရှိလိုက်ရသည်မှာ တစ်ဖက်လူ၏ အထောက်အထားမှာ လက်ရှိမင်းဆက်၏ တင့်ဆန်းမြို့စား ဖြစ်နေကြောင်းပင်..."
"ဤ ဝမ်းနည်းဖွယ်ရာ အမှုကိစ္စသည် အဘယ်ကြောင့် ဖြစ်ပွားရသနည်း။ မည်သို့သော လျှို့ဝှက်ချက်များ ပါဝင်ပတ်သက်နေသနည်း။
တကယ့်ကို... ရှုတောင်မှ သူရဲကောင်းလူငယ်နှစ်ဦးက ဉာဏ်ပညာနှင့် သတ္တိ ဗျူဟာမြောက်စွာဖြင့် ထူးဆန်းသော အမှုကို ဖြေရှင်းပုံ၊ မြို့စားစံအိမ်မှ သားအဖနှစ်ဦး၏ ကာမဂုဏ်လိုက်စားမှုများကို မည်သို့ ဖော်ပြရမည်နည်း..."
"အကျွန်ုပ် ဆက်လက်၍ အသေးစိတ် တင်ဆက်ပေးပါရစေ..."
ချူလျန်သည် တိနွီဖုန့်၏ဘေးတွင် ထိုင်နေရင်း ပူပြင်းသော အရှိန်အဝါတစ်ခုက မျက်နှာကို လာရောက် ရိုက်ခတ်နေသည်ကို ခံစားလိုက်ရတော့သည်။ ဆရာသခင်တစ်ယောက် ဒေါသထွက်လွန်း၍ မျက်နှာနီရဲလာတော့မည်ကို မြင်နေရပြီ ဖြစ်ချေသည်။
သူက ထိုကျင့်ကြံသူကို အလျင်အမြန် လှမ်းတားလိုက်ပြီး ခပ်တိုးတိုး ပြောလိုက်ရသည်။ "ဆက်မဖတ်နဲ့တော့..."
ထို့နောက် တိနွီဖုန့်ကို ဆက်လက် နှစ်သိမ့်လိုက်သည်။ "ဆရာသခင်... စိတ်မဆိုးပါနဲ့... စိတ်မဆိုးပါနဲ့... စိတ်ဆိုးရင် မကောင်းတဲ့သူတွေကို နေရာပေးလိုက်သလို ဖြစ်သွားမယ်..."
တိနွီဖုန့်ကို နှစ်သိမ့်ရင်း သူ၏ စိတ်ထဲတွင်လည်း တီးတိုး ရေရွတ်လိုက်မိသည်။
'ဒီ ကျန်းရှောင်ဟန်ကလည်း တကယ်ပါပဲကွာ... ဘာလို့ အကုန်လုံး လျှောက်ရေးနေရတာလဲ... အမှန်တရား ဖြစ်ရင်တောင်မှ၊ ဒီလိုမျိုး အကုန်ရေးလို့ မဖြစ်ဘူးလေ...'
‘ဒီလိုရေးလိုက်တော့ အရေးခံရတဲ့သူကို အတော်ကြီး မျက်နှာပျက်စေတယ်ဟ...'
အခန်း (၁၁၂) - မင်း မနာဘူးလား
ဆရာတပည့်နှစ်ယောက် တောင်ထိုင်သားရဲပေါ်သို့ တက်ရောက်လိုက်စဉ်မှာပင်၊ သူတို့နောက်မှ အကြည့်နှစ်စုံသည် တိတ်တဆိတ် နောက်ယောင်ခံ လိုက်ပါလာခဲ့လေသည်။
"ဘယ်လိုလဲ..."
အရပ်ရှည်ရှည်နှင့် ပုံရိပ်တစ်ခုက မေးလိုက်သည်။
"ဒီနှစ်ယောက်က အဆင်ပြေမယ့်ပုံပဲ..." ပုပုသေးသေးပုံရိပ်တစ်ခုက ပြန်ဖြေလိုက်သည်။ "ဟိုလူက ဝိညာဉ်အသိအမြင် နှောင်းပိုင်းအဆင့် ကျင့်ကြံသူပဲ... ဟိုအမျိုးသမီးကတော့... ရှီး..."
ပြောရင်းဆိုရင်း သူသည် လေကို တရှူးရှူး စုပ်လိုက်မိလေသည်။
"ဘာဖြစ်လို့လဲ..." အရပ်ရှည်ရှည်နှင့်လူက ကမန်းကတန်း မေးလိုက်သည်။
"ရင်ဘတ်ကြီးက အကြီးကြီးပဲကွာ..." ပုပုသေးသေးနှင့်လူက အံ့ဩတကြီး ရေရွတ်လိုက်လေသည်။
သူ၏မျက်လုံးများထဲမှ ချီအငွေ့အသက်များသည် တဖြည်းဖြည်း ပျောက်ကွယ်သွားလေ၏။ အစောပိုင်းက သူသည် တစ်ဖက်လူ သတိမထားမိစေဘဲ ကြည့်ရှုနိုင်သည့် တန်ခိုးစွမ်းရည်တစ်ခုခုကို အသုံးပြုခဲ့ပုံရလေသည်။
သို့မဟုတ်ပါက အခြားသူများကို ဤကဲ့သို့ စိုက်ကြည့်နေလျှင် တစ်ဖက်လူ၏ အာရုံခံစားမှုက သေချာပေါက် ရိပ်မိသွားနိုင်ပေသည်။
ဖြောင်း...
အရပ်ရှည်ရှည်နှင့်လူက သူ့နောက်စေ့ကို ရိုက်ထည့်လိုက်ပြီး "ငါက မင်းကို သူတို့ရဲ့ အရည်အချင်းကို ကြည့်ခိုင်းနေတာ... မင်းက ဘာတွေ သွားကြည့်နေတာလဲ..."
"အား... နာလိုက်တာ..." ပုပုသေးသေးနှင့်လူက အော်ဟစ်လိုက်လေသည်။
"အဲဒီအမျိုးသမီးရဲ့ အရှိန်အဝါကို မမြင်ရဘူး... သာမန်လူလား... သိုင်းပညာရှင်လား... ဒါမှမဟုတ် တာအိုသိရှိခြင်းအဆင့် မဟာဆရာသခင်ကြီးလား မပြောတတ်ဘူး..."
"ပေါက်ကရတွေ..." အရပ်ရှည်ရှည်နှင့်လူက ဆဲဆိုလိုက်လေသည်။
"သတ္တမအဆင့် မဟာဆရာသခင်ကြီးက... ဈေးပေါတဲ့ ဒီလို တောင်ထိုင်သားရဲမျိုးကို စီးပါ့မလားကွ... ဟိုကောင်လေး ပိုက်ဆံအိတ်ကို ကိုင်ထားပုံကြည့်ရတာ... မြို့တက်ကာစ တောသားလေးမှန်း သိသာနေတာပဲ... မဟာဆရာသခင်ကြီးဘေးနားက လူက ဒီလောက်တောင် နွမ်းပါးပါ့မလား..."
"အာ... ဟုတ်သားပဲ... ဟုတ်သားပဲ..." ပုပုသေးသေးနှင့်လူက ပြန်မပြောရဲတော့ချေ။
"ဒီနေ့ လှုပ်ရှားလို့ကောင်းတဲ့ သားကောင်ဆိုလို့ သိပ်မတွေ့ဘူး... သေချာစောင့်ကြည့်ထား... အခွင့်အရေးရတာနဲ့ ချက်ချင်းလှုပ်ရှားလိုက်..." အရပ်ရှည်ရှည်နှင့်လူက ရက်စက်စွာ ပြောလိုက်လေသည်။
"ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ..." ပုပုသေးသေးနှင့်လူက ခေါင်းညိတ်လိုက်လေသည်။
လူအများ စုဝေးရာနေရာတိုင်းတွင် အမှောင်ဘက်ခြမ်းဟူသည် ရှိစမြဲပင်။ တောက်ထျယ်မြို့ကဲ့သို့ ကြီးမားသော နေရာမျိုးတွင်လည်း ရာဇဝတ်မှုများ ပေါက်ဖွားနေသည်မှာ မဆန်းချေ။
မြို့တက်ကာစ ကျင့်ကြံသူများကို ပစ်မှတ်ထားသော သူခိုးများမှာ နည်းပါးလှသည် မဟုတ်ပေ။ အထူးသဖြင့် မြို့ထဲရောက်သည်နှင့် ဝိညာဉ်ကျောက်တုံးဒင်္ဂါး အမြောက်အမြား လဲလှယ်ထားသူများသည် သူတို့၏ အဓိကပစ်မှတ်များ ဖြစ်ကြလေသည်။
ပုပုသေးသေးနှင့်လူက မျက်လုံးဖွင့်ပြီး တန်ခိုးစွမ်းရည်ကို ထပ်မံအသုံးပြုလိုက်ကာ ရုတ်တရက် ပြောလိုက်လေသည်။ "အစ်ကိုကြီး... သူတို့နှစ်ယောက် လူချင်းခွဲလိုက်ကြပြီ..."
"ဟေ... ဒါဆို လှုပ်ရှားမယ်..." အရပ်ရှည်ရှည်နှင့်လူက စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။
"ငါ ရွှေအမြုတေအဆင့် တက်လှမ်းဖို့အတွက် အရင်းအမြစ် နည်းနည်းပဲ လိုတော့တာ... ဒီတစ်ခေါက် အဆင်ပြေရင် ပြည့်ပြီကွ..."
...
တိနွီဖုန့်၏ ဒေါသအရှိန်အဟုန်မှာ အထွတ်အထိပ်သို့ ရောက်လုနီးပါး ဖြစ်နေချိန်တွင်၊ ချူလျန်တစ်ယောက် ဇဝေဇဝါ ဖြစ်နေရရှာသည်။ အနားတွင်နေပြီး သူမ စိတ်ပြေအောင် ဖျောင်းဖျရမည်လား၊ သို့မဟုတ် ကိုယ့်ပါ မီးခိုးရောမထိအောင် ဝေးဝေးရှောင်ပြေးရမည်လား ဝေခွဲမရ ဖြစ်နေရလေသည်။
ထိုအချိန်မှာပင် တောင်ထိုင်သားရဲမှာ ရပ်တန့်သွားပြီး ခရီးသည်တင်ချသည့် မှတ်တိုင်သို့ ရောက်ရှိသွားလေသည်။
ချူလျန်သည် လမ်းဘေးသို့ တစ်ချက်ကြည့်လိုက်ရာ တောက်ထျယ်ခန်းမဆောင်တစ်ခု ရှိနေသည်ကို တွေ့လိုက်ရသဖြင့် ချက်ချင်းပင် ပြောလိုက်လေသည်။
"ဆရာသခင်... ကျွန်တော် တောက်ထျယ်ခန်းမဆောင်ကို သွားပြီး ပစ္စည်းယူလိုက်ဦးမယ်... ဆရာသခင် အရင်သွားနှင့်ပါ... ပြီးမှ ပထမတန်းစား ဓားသွန်းလုပ်ငန်းမှာ ပြန်ဆုံကြတာပေါ့..."
စကားပင် မဆုံးသေးခင်၊ သူသည် သားရဲပေါ်မှ အလျင်အမြန် ခုန်ဆင်းပြေးလေတော့၏။ တိနွီဖုန့်၏ မီးတောင်ပေါက်ကွဲမှုဒဏ်ကို ခံရမည် စိုးသောကြောင့်ပင်။
လမ်းဘေးရှိ တောက်ထျယ်ခန်းမဆောင်ထဲသို့ ဝင်ရောက်လိုက်ရာ ပတ်ဝန်းကျင်မှာ တိတ်ဆိတ်ငြိမ်သက်နေပြီး ဝင်ထွက်သွားလာနေသူများမှာလည်း သတိကြီးစွာ ထားနေကြသည်ကို တွေ့ရလေသည်။ အများစုမှာ အနက်ရောင် ဝတ်ရုံများဖြင့် မျက်နှာကို ဖုံးကွယ်ထားကြ၏။
ဤနေရာရှိလူများသည် ငွေကြေးအမြောက်အမြား သယ်ဆောင်လာသူများ သို့မဟုတ် ရတနာပစ္စည်းများ ပိုင်ဆိုင်ထားသူများ ဖြစ်ကြသဖြင့် ရုပ်ဖျက်ထားကြခြင်းမှာ မဆန်းချေ။
နောင်တစ်ချိန်တွင် ချူလျန်သည် 'အရှိန်အဝါဖုံးကွယ်ပုဝါပါး' ဖြင့် ပြုလုပ်ထားသော ဝတ်ရုံကို ရရှိပြီးနောက်၊ ဤကဲ့သို့သော နေရာမျိုးသို့ လာရောက်သည့်အခါတိုင်း သေချာပေါက် ဝတ်ဆင်ရပေမည်။
ယခု သူ လာရောက်ရခြင်းမှာလည်း ထို 'အရှိန်အဝါဖုံးကွယ်ပုဝါပါး' ကုန်ကြမ်းပစ္စည်းများကို လာရောက်ထုတ်ယူခြင်း ဖြစ်လေသည်။
မှန်ပေသည်၊ ပြီးခဲ့သည့်တစ်ခေါက်က ဝမ်ယွဲ့လုံ မှာကြားထားသည့်အတိုင်း တောက်ထျယ်မြို့မှ ရောင်းသူက ပစ္စည်းပို့ပေးမည်ဟု ပြောခဲ့သော်လည်း၊ မကြာမီမှာပင် ဆရာသခင်က သူ့ကို တောက်ထျယ်မြို့သို့ ခေါ်ဆောင်သွားမည်ဟု သတင်းရရှိခဲ့ခြင်း ဖြစ်ချေ၏။
ထို့ကြောင့် သူသည် ဝမ်ယွဲ့လုံကို အမြန်သွားပြောပြီး ပစ္စည်းပို့စရာမလိုတော့ကြောင်း၊ ကိုယ်တိုင် လာရောက်ယူမည်ဖြစ်ကြောင်း ပြောခဲ့ရလေသည်။ တောက်ထျယ်မြို့၏ သယ်ယူပို့ဆောင်ခမှာ အလွန်ပင် ဈေးကြီးကြောင်း သိထားရမည် ဖြစ်သည်။
ချွေတာနိုင်သလောက် ချွေတာရမည် မဟုတ်ပါလော။
သတ်မှတ်ဈေးနှုန်းအား ရောင်းသူဘက်မှ သဘောတူသည်နှင့် ပစ္စည်းအား တောက်ထျယ်ခန်းမသို့ ပို့ထားပြီး ဖြစ်သည်။ ချူလျန်အနေဖြင့် သတ်မှတ်နှုန်းထားအား ပေးချေလိုက်သည်နှင့် တောက်ထျယ်ခန်းမဆီမှ ပစ္စည်းကို ထုတ်ယူနိုင်မည် ဖြစ်သည်။ ရောင်းသူသည်ကား ပေးချေငွေအား နောက်မှ တောက်ထျယ်ခန်းမဆီမှ ပြန်လည်ထုတ်ယူမည် ဖြစ်သည်။
လုပ်ငန်းစဉ်မှာ ချောမွေ့လှသည်။
ချူလျန်သည် ကြိုးကြာနီဒင်္ဂါး (၇၀၀) ကို တောက်ထျယ်ခန်းမဆောင်မှ တာဝန်ရှိသူထံ ပေးအပ်လိုက်သည်။ ခဏအကြာတွင် တစ်စုံတစ်ယောက်က သေတ္တာတစ်လုံး လာပေးလေ၏။ ဖွင့်ကြည့်လိုက်ရာ အတွင်းထဲတွင် သူ ဝယ်ယူထားသော 'အရှိန်အဝါဖုံးကွယ်ပုဝါပါး' အပိုင်းအစကြီး ရှိနေလေသည်။
ပစ္စည်းတန်ဖိုးမှာ ကြိုးကြာနီဒင်္ဂါး (၆၅၀) ဖြစ်ပြီး၊ ပိုပေးလိုက်ရသော (၅၀) မှာ တောက်ထျယ်ခန်းမဆောင်အတွက် ဝန်ဆောင်ခ ဖြစ်လေသည်။ ဤပမာဏမှာ မနည်းလှပေ။
အကယ်၍ ရှုတောင်ဘက်ရှိ တောက်ထျယ်ခန်းမဆောင်သို့ ပို့ဆောင်ခိုင်းမည်ဆိုပါက နောက်ထပ် (၅၀) ထပ်ပေးရမည် ဖြစ်သဖြင့် ချူလျန် ကိုယ်တိုင်လာယူရန် ရွေးချယ်ခဲ့ခြင်း ဖြစ်လေ၏။
သူသည် ပုဝါပါးကို သိမ်းဆည်းပြီး ထွက်ခွာရန် ပြင်လိုက်စဉ်၊ တောက်ထျယ်ခန်းမဆောင်မှ အမှုဆောင်တစ်ဦးက မေးလိုက်လေသည်။
"နောက်ထပ် ကြိုးကြာနီဒင်္ဂါး (၅၀) ထပ်ပေးရင် သိုလှောင်ရေးလက်ကောက်တစ်ခု ရနိုင်ပါတယ်... လူလေး လိုချင်မလား..."
သူတို့က တကယ့်ကို... ဘာလိုနေလဲဆိုတာ ကွက်တိသိနေပါလား…။
ချူလျန်သည် ၎င်း ထောက်ခံပေးသော သိုလှောင်ရေးလက်ကောက်ကို ယူကြည့်လိုက်ရာ အနည်းငယ် ကြမ်းတမ်းပြီး နေရာလွတ်မှာ များစွာ မကျယ်ဝန်းသော်လည်း၊ သာမန်ပစ္စည်းများ ထည့်ရန်အတွက်မူ လုံလောက်ပေသည်။
ပုံမှန်ဈေးနှုန်းမှာ (၆၀)၊ (၇၀) ခန့်ရှိရာ၊ ယခု ပရိုမိုးရှင်းဈေးနှုန်းမှာ သင့်တော်သည်ဟု ဆိုရပေမည်။
"တစ်ခုလောက် ပေးပါ..." ချူလျန်က ပြန်ဖြေလိုက်သည်။
စေတီတော်ဖြူသည် ပစ္စည်းသိုလှောင်နိုင်သော်လည်း၊ စေတီတော်ဖြူထဲမှ ထွက်ပေါ်လာသော ပစ္စည်းများကိုသာ ထည့်သွင်းသိမ်းဆည်းနိုင်ခြင်း ဖြစ်သည်။
နက်ရှိုင်းပင်လယ် ရွှေကြာပန်း၊ အရှိန်အဝါဖုံးကွယ်ပုဝါပါး ကဲ့သို့သော ပြင်ပပစ္စည်းများကို ထည့်သွင်း၍ မရနိုင်ပေ။ ထို့ကြောင့် သူသည် အပိုသိုလှောင်ရေးပစ္စည်းတစ်ခုအား အမှန်တကယ် လိုအပ်နေခြင်း ဖြစ်သည်။
သိုလှောင်ရေးလက်ကောက်ကို ဝတ်ဆင်ပြီးနောက် ချူလျန်သည် ဆိုင်ထဲမှ ထွက်လာခဲ့သည်။ ဆိုင်ထဲမှ ငွေမကုန်ဘဲ ပြန်ထွက်လာဖို့ဆိုတာ တော်တော်ခက်ခဲပါလားဟု တွေးတောမိလိုက်လေသည်။
...
လမ်းလျှောက်လာစဉ် ခေါင်းငုံ့ထားသော ပုပုသေးသေး လူငယ်တစ်ဦးနှင့် မတော်တဆ ဝင်တိုက်မိလေသည်။
"တောင်းပန်ပါတယ်..." ထိုလူငယ်က တိုးညင်းစွာ တောင်းပန်လိုက်ပြီး သုတ်ခြေတင်ကာ ထွက်ခွာသွားလေသည်။
ချူလျန် မျက်မှောင်ကြုတ်လိုက်ပြီး၊ တစ်ခုခု မှားယွင်းနေကြောင်း သတိထားမိလိုက်သည်။ ကိုယ်ခန္ဓာကို စမ်းသပ်ကြည့်လိုက်ရာ ပစ္စည်းမပျောက်သော်လည်း၊ ဝိညာဉ်အာရုံဖြင့် သိုလှောင်ရေးလက်ကောက်ကို စစ်ဆေးလိုက်သောအခါ အတွင်းထဲရှိ 'အရှိန်အဝါဖုံးကွယ်ပုဝါပါး' ထည့်ထားသော သေတ္တာ ပျောက်ဆုံးနေသည်ကို တွေ့လိုက်ရလေ၏။
သိုလှောင်ရေးမှော်ဝင်ပစ္စည်းများ၏ အားသာချက်မှာ အဆင်ပြေပြီး လုံခြုံမှုရှိခြင်း ဖြစ်သော်လည်း၊ အတွင်းထဲမှ ပစ္စည်းကိုပင် ခိုးယူနိုင်သူ ရှိနေသည်လော...။
ချူလျန်သည် အနည်းငယ် အံ့သြသွားရပြီး၊ ထိုလူငယ်၏ ကျောပြင်ကို လှမ်းကြည့်လိုက်ရာ ဘေးနားရှိ လမ်းကြားလေးတစ်ခုထဲသို့ ကွေ့ဝင်သွားသည်ကို တွေ့လိုက်ရလေသည်။
သူခိုးပဲ...။
ဤကဲ့သို့သော နေရာမျိုးတွင် သူခိုးတွေ့ရခြင်းမှာ မဆန်းချေ။ ချူလျန်သည် ချက်ချင်းပင် အနောက်မှ လိုက်ပါသွားလေသည်။
ထိုလူငယ်၏ ကိုယ်ဖော့ပညာမှာ လျင်မြန်သော်လည်း၊ ချူလျန်သည် ယွမ်ချောင်ရှန်း သင်ကြားပေးထားသော ရေစီးလေဆန်သိုင်းကို ထုတ်သုံးလိုက်ရာ၊ လျှပ်စီးကဲ့သို့ လျင်မြန်စွာဖြင့် ချက်ချင်းပင် အမီလိုက်နိုင်ခဲ့လေသည်။
လမ်းကြားထဲသို့ အနည်းငယ် ဝင်ရောက်ပြီး ကွေ့လိုက်သောအခါ၊ လမ်းကြားအဆုံးတွင် ထိုလူငယ် ရပ်နေသည်ကို တွေ့လိုက်ရလေ၏။
ထိုနေရာတွင် လူသုံးယောက် ရှိနေချေသည်။
တစ်ယောက်မှာ အရပ်ရှည်ရှည်နှင့် ရုပ်ရည်ကြမ်းတမ်းပြီး၊ ဘယ်ဘက်ပါးပြင်တွင် ဓားဒဏ်ရာတစ်ခု ရှိကာ၊ အရှိန်အဝါအရ ဝိညာဉ်အသိအမြင်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီး ချူလျန်ထက် အနည်းငယ် မြင့်မားလေသည်။
နောက်တစ်ယောက်မှာ ပုပုဝဝနှင့် ဘောလုံးတစ်လုံးကဲ့သို့ ဖြစ်နေသော်လည်း၊ ကျစ်ကျစ်လစ်လစ်ရှိပြီး သိုင်းပညာရှင်တစ်ဦး ဖြစ်ပုံရသည်။
တတိယလူမှာမူ စောစောက ပုပုသေးသေးနှင့် လူငယ်ဖြစ်ပြီး၊ တောင်ကြည့်မြောက်ကြည့်မျက်လုံးများမှာ အနည်းငယ် ထိတ်လန့်နေပုံရသည်။ အရှိန်အဝါအရ ဝိညာဉ်အသိအမြင်အဆင့် အစောပိုင်းသာ ရှိသေးပုံရလေသည်။
ချူလျန်သည် တစ်ချက်ကြည့်ရုံဖြင့် သူတို့သုံးဦး၏ ကျင့်ကြံခြင်းအဆင့်များကို ခန့်မှန်းမိလိုက်ပြီး၊ ပြုံးလိုက်လေသည်။
"ညီအစ်ကို... ဒီနေရာက ငါတို့ လေမီးဂိုဏ်းပိုင်တဲ့နေရာနော်... မင်း ဘာလာလုပ်တာလဲ..." အရပ်ရှည်ရှည်နှင့်လူက မလိုလားအပ်သော အမူအရာဖြင့် ရှေ့တိုးလာပြီး မေးလိုက်သည်။
"သူ ကျွန်တော့်ပစ္စည်း ယူသွားလို့... လိုက်ကြည့်တာပါ..." ချူလျန်က သဘောကောင်းသော မျက်နှာအမူအရာဖြင့် ပုပုသေးသေးလူငယ်ကို ကြည့်ပြီး ပြောလိုက်လေသည်။
"အဟက်... မင်း ဘာတွေ လာပြောနေတာလဲ..." အရပ်ရှည်ရှည်နှင့်လူက နှာခေါင်းရှုံ့လိုက်လေသည်။ "ငါ့ညီအစ်ကိုက မင်းပစ္စည်းကို ခိုးတယ်လို့ စွပ်စွဲနေတာလား... သက်သေရှိလို့လား..."
"ဒါဆိုရင် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကို ခေါ်လိုက်မယ်လေ... ကျွန်တော် အခုလေးတင် ဝယ်လာတဲ့ပစ္စည်းပါ... သူ့ကိုယ်ပေါ်မှာ ရှာတွေ့ရင် တောက်ထျယ်ခန်းမဆောင်မှာ မှတ်တမ်းရှိပြီးသားမို့ သက်သေပြလို့ ရပါတယ်..." ချူလျန်က ပြောပြီး ပြန်လှည့်ထွက်ရန် ပြင်လိုက်လေသည်။
"ရပ်လိုက်စမ်း..." အရပ်ရှည်ရှည်နှင့်လူက အော်ဟစ်လိုက်လေ၏။
ပုပုသေးသေးနှင့် ပုပုဝဝလူငယ်နှစ်ဦးက ရှေ့ထွက်လာပြီး ချူလျန်၏ လမ်းကို ပိတ်ရပ်လိုက်ကြလေသည်။
"မင်း အခြေအနေကို နားလည်သင့်တယ်..." အရပ်ရှည်ရှည်နှင့်လူက ရက်စက်သော မျက်နှာပေးဖြင့် ပြောလိုက်လေသည်။
"မင်းက တတိယအဆင့်ပဲ ရှိတာ... ငါတို့သုံးယောက်လုံးက တတိယအဆင့်တွေပဲ... ငါပြောမယ်... ငါတို့ညီအစ်ကိုတွေ ဒီတောက်ထျယ်မြို့မှာ လူသတ်ဖူးတာ နည်းတာ မဟုတ်ဘူးနော်..."
"သိုင်းကွက်ကိုကြည့်..."
ချူလျန်က ရုတ်တရက် အော်ဟစ်လိုက်ပြီး၊ အရပ်ရှည်ရှည်လူငယ်ထံသို့ လက်မြှောက်ကာ လခြမ်းကွေးပုံစံ အစိမ်းရောင်အလင်းတန်းတစ်ခုကို ပစ်လွှတ်လိုက်လေသည်။
လူအနည်းနှင့် လူများစုကို ရင်ဆိုင်ရာတွင်၊ အခွင့်အရေးရသည်နှင့် တစ်ဖက်ရန်သူ၏ အင်အားကို အလျင်အမြန်ဆုံး လျှော့ချပစ်ရမည်သာ ဖြစ်သည်။ မိမိ၏ အမြန်ဆန်ဆုံးနှင့် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရန် အသင့်တော်ဆုံးမှာ 'သစ်ရွက်ပျံဓား' ပင် ဖြစ်ချေသည်။
ခိုးတိုက်တာလား...။
အရပ်ရှည်ရှည်လူငယ်က ကိုယ်ကို တိမ်းရှောင်လိုက်ပြီး၊ တစ်ချိန်တည်းမှာပင် ချီစွမ်းအင်များကို ထုတ်ဖော်ကာ ခန္ဓာကိုယ်ကို ကာကွယ်လိုက်လေသည်။
သို့သော်...။
ခဏတာ ကုန်ဆုံးသွားသော်လည်း၊ ဘာမှ ဖြစ်ပျက်မလာခဲ့ချေ။
"ဟားဟားဟား..." အရပ်ရှည်ရှည်လူငယ်က ဒေါသထွက်လွန်း၍ ရယ်မောလိုက်ရသည်။
"ဘာတွေ လာပြီး ဟန်ဆောင်နေတာလဲ... လူကို လာခြောက်နေတာပဲ..."
အစ်ကိုကြီး ရယ်မောသည်ကို မြင်သောအခါ၊ ပုပုဝဝလူငယ်ကလည်း လိုက်ရယ်လေ၏။ "ဟားဟား... သူက အစ်ကိုကြီးရဲ့ ဂုဏ်သတင်းကို မကြားဖူးလို့ နေမှာပါ..."
ပုပုသေးသေးလူငယ်ကလည်း အလိုက်သင့် ဖြစ်ညှစ်ပြီး ပြုံးပြလိုက်လေသည်။
ချူလျန်သည် ခေါင်းလှည့်လိုက်ပြီး ပုပုဝဝလူငယ်၏ မျက်နှာကို စိုက်ကြည့်ကာ၊ ရုတ်တရက် သံသယဖြစ်နေသော အမူအရာတစ်ခုကို ထုတ်ဖော်လိုက်လေသည်။
ဟင်...။
ပုပုဝဝလူငယ်မှာ ချူလျန်၏ ထူးဆန်းသောအကြည့်ကြောင့် ကြက်သီးထသွားပြီး၊ အားငယ်စွာဖြင့် မေးလိုက်သည်။ "လူတွေ... အကုန် ရယ်နေကြတာကို... မင်းက ငါ့ကို ဘာလို့ စိုက်ကြည့်နေတာလဲ..."
"ကျွန်တော်က ခင်ဗျား ဘယ်လိုလုပ် ရယ်နိုင်သေးတာလဲ ဆိုတာကို သိချင်လို့ပါ..." ချူလျန်က သူ့ကို ကြည့်ပြီး လေးနက်စွာ မေးလိုက်ပြန်သည်။
"မင်း မနာဘူးလား..."