← Chapters

အခန်း (၁၁၃-၁၁၄)

Vol. 12 Ch. 113-114

အခန်း (၁၁၃-၁၁၄)

Vol. 12 Ch. 113-114

အခန်း (၁၁၃) - ဆန်းကြယ်လက် နတ်ဘုရားစွမ်းရည်

"မနာဘူးလား..."

ချူလျန်၏ မေးခွန်းကို ကြားသောအခါ ပုပုဝဝလူသည် မိမိကိုယ်မိမိ ထူးဆန်းစွာ ငုံ့ကြည့်လိုက်ပြီး နောက်လှည့်ကြည့်လိုက်လေသည်။

ထိုသို့ကြည့်လိုက်ရာ၌ အစိမ်းရောင်ဓားအလင်းတန်းတစ်ခုကို တွေ့လိုက်ရ၏။

ကြီးမားသော လခြမ်းကွေးဓားသွားကြီးသည် သူ၏ကျောပြင်တွင် စိုက်ဝင်နေပြီး သစ်ရွက်ပျံဓားသည် မည်သည့်အချိန်ကတည်းက သူ၏ကိုယ်ပေါ်သို့ ရောက်ရှိနေမှန်းပင် မသိလိုက်ချေ။

"တကယ် နာတာပဲ... အား..."

ဘုန်း...

ထိုအခါမှသာ ပုပုဝဝလူသည် အခြေအနေကို သဘောပေါက်သွားပြီး၊ မဆိုင်းမတွ မြေကြီးပေါ်သို့ ပစ်လဲကျကာ သတိလစ်သွားလေတော့၏။

တစ်ချက်မှာ ချူလျန်သည် အသေမတိုက်ခိုက်ဘဲ အခြေခံချီစွမ်းအင်ကို အပြည့်အဝ ထည့်သွင်းမထားခြင်းကြောင့်ဖြစ်ပြီး၊ နောက်တစ်ချက်မှာ သူသည် သိုင်းပညာရှင်တစ်ဦးဖြစ်သဖြင့် ရုပ်ခန္ဓာကြံ့ခိုင်ခြင်းကြောင့် ဖြစ်လေသည်။ ထို့ကြောင့်သာ အသက်မသေဘဲ ဒဏ်ရာအပြင်းအထန်ရကာ သတိလစ်ရုံသာ ဖြစ်သွားခြင်းဖြစ်၏။

အကယ်၍သာ ယခုအချိန်တွင် ချူလျန်က အားကုန်ထုတ်သုံးလိုက်ပြီး ရုပ်ခန္ဓာအားနည်းသော သာမန်ကျင့်ကြံသူနှင့် တွေ့ဆုံပါက ဓားတစ်ချက်တည်းဖြင့် ခါးလယ်မှပြတ်တောက်သွားနိုင်ချေ ရှိပေသည်။

"ဒုတိယညီလေး..."

အရပ်ရှည်ရှည်နှင့်လူငယ်သည် အပေါင်းအဖော် လဲကျသွားသည်ကို မြင်လိုက်ရမှသာ၊ ချူလျန်၏တိုက်ခိုက်မှုက ပြင်းထန်ကြောင်း သတိပြုမိလိုက်လေသည်။

သူသည် မျက်လုံးများကို ပြူးကျယ်လိုက်ပြီး လက်ဟန်တစ်ချက် ပြုလုပ်လိုက်ရာ ညာဘက်လက်ဖဝါးတွင် တောက်ပသော အလင်းရောင်တစ်ခု လက်ခနဲ ဖြစ်ပေါ်လာတော့သည်။ အခြေခံချီစွမ်းအင်များကို စုစည်းထားသော တိုက်ခိုက်ရေး တန်ခိုးစွမ်းရည်တစ်ခု ဖြစ်ပုံရပြီး ပေါက်ကွဲအားပြင်းထန်ကာ ချူလျန်ထံသို့ ပစ်လွှတ်ရန် ဟန်ပြင်လိုက်လေသည်။

ချူလျန်သည် ဤနည်းစနစ်ကို မှတ်မိလိုက်ပြီး၊ ယင်းမှာ 'မိုးကြိုးလက်ဝါး' ဟု ခေါ်ဆိုပေသည်။ ၎င်းသည် တာအိုဂိုဏ်းများ၏ အရိုးရှင်းဆုံးသော တန်ခိုးစွမ်းရည် အသေးစားလေးတစ်ခုဖြစ်ပြီး အခြေခံချီစွမ်းအင်ကို အနည်းငယ် စုစည်းအားယူကာ ရန်သူထံသို့ ပစ်လွှတ်ခြင်းဖြစ်ပေ၏။

သို့သော် ရှုတောင်ဂိုဏ်းတွင်မူ တန်ခိုးစွမ်းရည် စတင်လေ့ကျင့်ကာစ တပည့်သစ်များမှလွဲ၍ မည်သူမျှ ဤပညာရပ်ကို အသုံးပြုကြမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အလွန်ပင် အကြမ်းထည်ဆန်ပြီး အဆင့်နိမ့်လွန်းသောကြောင့် ဖြစ်လေသည်။

သူသည်လည်း တုံ့ဆိုင်းခြင်းမရှိဘဲ လက်ညှိုးထောင်လိုက်ပြီး သစ်ရွက်ပျံဓားကို ထပ်မံ အသက်သွင်း၍ ပုံသဏ္ဌာန်ပြောင်းလဲစေလိုက်ရာ အစိမ်းရောင်အလင်းတန်းတစ်ခုသည် ထိုအရပ်ရှည်ရှည်လူငယ်ကို ချက်ချင်း လွှမ်းခြုံသွားလေတော့သည်။

သူ၏ မိုးကြိုးလက်ဝါး ပစ်လွှတ်လိုက်ရုံသာ ရှိသေးသော အခိုက်အတန့်၌ အစိမ်းရောင်အလင်းတန်းနှင့်အတူ အတွင်းထဲတွင် ပိတ်မိသွား‌ရတော့သည်။

ဘုန်း...

ထိုအရပ်ရှည်ရှည်လူငယ်သည် သစ်ရွက်စိမ်းများဖြင့် ထုပ်ပိုးထားသော ဖက်ထုပ်ကြီးတစ်ခု ဖြစ်သွားရသည်။ ထို့နောက် ဖက်ထုပ်ထဲမှ မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး၊ နောက်ပိုင်းတွင် အသံဗလံများ တိတ်ဆိတ်သွားလေတော့သည်။

ကျန်ရစ်ခဲ့သော ပိန်ပိန်ပါးပါး လူငယ်လေးမှာမူ ကြောင်အသွားရရှာသည်။

လွန်ခဲ့သော တစ်စက္ကန့်ကမှ သုံးယောက်တစ်ယောက် တိုက်မည်ဟု အားတက်သရော ဖြစ်နေခဲ့ရသည် မဟုတ်ပါလော…။

မျက်စိတစ်မှိတ်အတွင်းမှာပင် အပေါင်းအဖော်နှစ်ယောက်လုံး လဲကျသွားရသည်တဲ့လား...။

ယခုအချိန်တွင် သူ၏ခေါင်းထဲ၌ တိုက်ခိုက်မည့်အတွေးဟူ၍ လုံးဝ မရှိတော့ဘဲ ထွက်ပြေးရန်သာ စဉ်းစားမိတော့သည်။

သို့သော် သူ နောက်လှည့်ရန် မပြင်လိုက်ရသေးမီမှာပင် ချူလျန်သည် ထပ်မံ လှုပ်ရှားလိုက်ပြီး အင်္ကျီလက်စထဲမှ အနီရောင်အလင်းတန်းတစ်ခု ပျံထွက်သွားကာ ရွှီးခနဲ အသံနှင့်အတူ ထိုပိန်ပိန်ပါးပါး လူငယ်လေးကို ရစ်ပတ်လိုက်လေသည်။

မိစ္ဆာချုပ်ကြိုး...။

ဘုန်း...

ပိန်ပိန်ပါးပါး လူငယ်လေးသည် ကိုယ်ဖော့ပညာကို အသုံးပြုရန် ကြံရွယ်လိုက်သော်လည်း အငိုက်မိသွားပြီး မြေကြီးပေါ်သို့ လဲကျသွားလေသည်။

ထိုအခါမှသာ ချူလျန်သည် သက်ပြင်းအနည်းငယ်ချလိုက်ပြီး အသက်ရှူနှုန်းကို ညှိလိုက်‌တော့သည်။ တစ်ယောက်တည်းဖြင့် သုံးယောက်ကို ရင်ဆိုင်ခဲ့သော်လည်း ခဏချင်းတွင် သုံးယောက်လုံးကို ဖြိုခွင်းနိုင်ခဲ့ကာ ချွေးပင် မထွက်ခဲ့ချေ။

ဤသည်မှာ သူ၏ မျှော်မှန်းချက်အတွင်း၌ ရှိနေသည်သာ ဖြစ်၏။ သို့မဟုတ်ပါက သူသည် မဆင်မခြင် ဝင်ရောက်တိုက်ခိုက်မည် မဟုတ်ပေ။

အနှစ်ချုပ်ရလျှင် ဤသည်မှာ ဂိုဏ်းကြီးများမှ ဆင်းသက်လာသူများနှင့် သိုင်းလောကအောက်ခြေမှ လမ်းဘေးကျင့်ကြံသူများအကြားရှိ ကွာဟချက်ပင် ဖြစ်လေသည်။

သူတို့လေးယောက်လုံးမှာ တတိယအဆင့် ကျင့်ကြံသူများ ဖြစ်ကြပြီး၊ အပေါ်ယံကြည့်လျှင် ချူလျန်မှာ အဝိုင်းခံနေရသည့် အားနည်းသူဘက်မှ ဖြစ်နေသော်လည်း၊ လက်တွေ့တွင်မူ သူသည် ရှုတောင်ဂိုဏ်းမှ ဆင်းသက်လာသူဖြစ်ပြီး လောက၏ ထိပ်တန်းကျင့်စဉ်များကို ကျင့်ကြံထားသူဖြစ်ရာ အဆင့်တိုင်းတွင် သာမန်လူများထက် သာလွန်ထူးကဲသူ ဖြစ်ပေသည်။

သူ ပိုင်ဆိုင်ထားသော မှော်ဝင်ပစ္စည်းများ၏ စွမ်းအားမှာလည်း သာမန်ကျင့်ကြံသူများ မယှဉ်နိုင်လောက်အောင် ကောင်းမွန်လှသဖြင့်၊ မိမိထက် အဆင့်မြင့်သော ကျင့်ကြံသူများနှင့် ရင်ဆိုင်ရလျှင်ပင် တောင့်ခံနိုင်စွမ်း ရှိလေသည်။

သို့သော် ဤသုံးယောက်မှာမူ သိုင်းလောကအောက်ခြေတွင် လှုပ်ရှားရုန်းကန်နေရသော လမ်းဘေးကျင့်ကြံသူများ ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိသာလှသည်။

ကျင့်စဉ်များမှာ ဟိုမှသည်မှ စုစည်းထားခြင်းဖြစ်ပြီး ကျင့်ကြံခြင်းအခြေခံမှာလည်း ခိုင်မာမှု မရှိချေ။ တန်ခိုးစွမ်းရည်များကို ကံကြမ္မာအပေါ်မူတည်၍ ကျင့်ကြံရသလို၊ ကောင်းမွန်သော မှော်ဝင်ပစ္စည်းဟူ၍လည်း ဘာမျှ မရှိကြပေ။

တတိယအဆင့်ချင်း တူညီသည်ဟု ထင်ရသော်လည်း လက်တွေ့တွင်မူ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှသည်။

အင်အားချင်း ကွာခြားလွန်းလှသဖြင့် အရေအတွက်များရုံဖြင့် ဖုံးဖိ၍ ရနိုင်မည် မဟုတ်ပေ။

ချူလျန်သည် သူ၏လက်ရှိ ကျင့်ကြံခြင်း၊ တန်ခိုးစွမ်းရည်၊ မှော်ဝင်ပစ္စည်း စသည်တို့ ပေါင်းစပ်လိုက်ပါက လင်းပေ့ကဲ့သို့သော သာမန် ဝိညာဉ်အသိအမြင်အဆင့် ရှုတောင်ဂိုဏ်းသား သုံးယောက်ကို တိုက်ခိုက်လျှင်ပင် နိုင်နိုင်မည်ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်ထားလေသည်။

တရားမျှတသော ယှဉ်ပြိုင်မှုတစ်ခုတွင်ဆိုလျှင် လင်းပေ့တစ်ယောက်တည်းကပင် အားစိုက်ထုတ်လိုက်ပါက ဤလမ်းဘေးကျင့်ကြံသူ သုံးယောက်ကို အနိုင်ယူနိုင်ပေလိမ့်မည်။

ထို့ကြောင့် ချက်ချင်းဆိုသလို အနိုင်ယူလိုက်နိုင်ခြင်းမှာ ထူးဆန်းသည်တော့ မဟုတ်ပေ။

ဆိုရလျှင် ကျင့်ကြံခြင်းသည် အရင်းအမြစ်များနှင့် ကင်းကွာ၍ မရနိုင်ဘဲ၊ ကျင့်ကြံခြင်းအဆင့် မြင့်မားလာလေ ကွာဟချက်မှာ ကျဉ်းမြောင်းသွားမည် မဟုတ်ဘဲ ပိုမို ကြီးမားကျယ်ပြန့်လာမည်သာ ဖြစ်လေသည်။

ထိုနေ့က ချူလျန် သတ်ဖြတ်ခဲ့သော ဆရာလုကဲ့သို့ပင် အချိန်အခါနှင့် နေရာဒေသ အားသာချက်များ ရှိခဲ့သော်လည်း၊ အကယ်၍ သူသာ မြင့်မြတ်ဂိုဏ်း (၉)ဂိုဏ်း၊ မြေကမ္ဘာဂိုဏ်း (၁၀)ဂိုဏ်းတို့မှ ဆင်းသက်လာသော ပင်မကျင့်ကြံသူတစ်ဦး ဖြစ်ခဲ့ပါက တတိယအဆင့် ကျင့်ကြံသူတစ်ဦး၏ လက်ချက်ဖြင့် သေဆုံးနိုင်စရာအကြောင်း လုံးဝ မရှိပေ။ ကြက်သွေးရောင်ကွပ်မျက်သူဓား၏ အားဖြည့်မှု ရှိလျှင်ပင် မဖြစ်နိုင်ချေ။

...

သူသည် ကြိုးတုပ်ခံထားရသော ပိန်ပိန်ပါးပါး လူငယ်လေး၏ ဘေးနားသို့ လျှောက်သွားပြီး ပြုံးပြလိုက်သည်။

သေချာပေါက် ဤဖော်ရွေသော အပြုံးသည် ထိုလူငယ်လေး၏ မျက်လုံးထဲတွင်မူ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းနေသည်။ အထူးသဖြင့် ချူလျန်၏ နောက်ဆက်တွဲ မေးခွန်းကြောင့် သူ၏ တစ်ကိုယ်လုံးရှိ အမွေးများပင် ထောင်ထသွားရတော့သည်။

"မင်းတို့သုံးယောက်လုံးကို စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဆီ ပို့လိုက်တာမျိုးကို မင်းလည်း မလိုချင်ဘူးမလား..." ချူလျန်က မေးလိုက်သည်။

"မလုပ်ပါနဲ့..." ပိန်ပိန်ပါးပါး လူငယ်လေးက ခေါင်းကို အလျင်အမြန် ခါရမ်းလိုက်သည်။

"ဒါဆိုရင် မင်း ခိုးသွားတဲ့ ပစ္စည်းကို အရင် ပြန်ပေးလိုက်ပါ၊ ပြီးတော့..." ချူလျန်က ဆက်မေးလိုက်သည်။

"ငါ့ရဲ့ သိုလှောင်မှော်ဝင်ပစ္စည်းထဲက ပစ္စည်းကို မင်း ဘယ်လို ခိုးယူသွားလဲဆိုတာ သိချင်တယ်..."

"အဲဒါက..." လူငယ်လေး၏ မျက်လုံးများ လှုပ်ရှားသွားပြီး တွန့်ဆုတ်နေသော်လည်း နောက်ဆုံးတွင် အမှန်အတိုင်း မပြောဘဲ မနေရဲတော့ချေ။

"အဲဒါက ကျွန်တော် ကျင့်ကြံထားတဲ့ တန်ခိုးစွမ်းရည်တစ်ခုပါ... ခင်ဗျားနဲ့ ခန္ဓာကိုယ်ချင်း ထိတွေ့မိလိုက်တာနဲ့ ခင်ဗျားရဲ့ သိုလှောင်မှော်ဝင်ပစ္စည်းထဲက အရာဝတ္ထုတစ်ခုကို ကျွန်တော့်ရဲ့ သိုလှောင်မှော်ဝင်ပစ္စည်းထဲ ပြောင်းရွှေ့ယူလို့ ရပါတယ်... ဒါပေမဲ့ ဘာပါလာမလဲ ဆိုတာကတော့ ကျပန်းပါပဲ..."

"အိုး..." ချူလျန် မျက်လုံးများ အရောင်တောက်သွားသည်။ "ဘယ်သူ့ကိုမဆို လုပ်လို့ရတာလား..."

ဤကဲ့သို့သော သူခိုးနတ်ဘုရားစွမ်းရည်မျိုးကို သူ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်လေသည်။

"မဟုတ်ပါဘူး..." လူငယ်လေးက ခေါင်းခါလိုက်သည်။

"ကိုယ့်ထက် နယ်ပယ်တစ်ခုလောက် ပိုမြင့်တဲ့သူတွေကို လုပ်လို့မရဘူး... ပြီးတော့ သိုလှောင်မှုစနစ်ပါဝင်တဲ့ အဆင့်မြင့် မှော်ဝင်ပစ္စည်းတချို့ကိုလည်း လုပ်လို့မရပါဘူး..."

အဆင့်မြင့် မှော်ဝင်ပစ္စည်းအများအပြားတွင် ကိုယ်ပိုင်သိုလှောင်မှုနေရာ ပါဝင်တတ်ကြသည်။ ဥပမာအားဖြင့် ဆရာသခင်၏ ဖီးနစ်ဝိညာဉ် သွေးကျောက်စိမ်းကဲ့သို့ ဖြစ်၏။ ထိုအဆင့်ရှိ ပစ္စည်းများ၏ ခိုးယူမှုကာကွယ်ရေးစနစ်မှာ ပိုမို ကောင်းမွန်ပေလိမ့်မည်။

မိမိထက် နယ်ပယ်တစ်ခု ပိုမြင့်သူများကို အသုံးမပြုနိုင်ခြင်းမှာလည်း ပုံမှန်ပင် ဖြစ်လေသည်။

"အဲဒီ တန်ခိုးစွမ်းရည် ကျင့်စဉ်စာအုပ်ကို ငါ့ပေး၊ ဒါဆိုရင် မင်းတို့ကို လွှတ်ပေးမယ်..." ချူလျန်က စဉ်းစားမနေဘဲ ပြောလိုက်သည်။

"ဒါက..." လူငယ်လေး၏ မျက်လုံးထဲတွင် ငြင်းဆန်လိုသည့် အရိပ်အယောင်များ ပေါ်လာသည်။

သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အလွန်အားနည်းကြောင်း သူသိထားပြီး၊ ဤတန်ခိုးစွမ်းရည်မှာ သူ တောက်ထျယ်မြို့တွင် ရပ်တည်နိုင်ရန်အတွက် အဓိက အသက်မွေးဝမ်းကျောင်းပညာရပ် ဖြစ်လေသည်။

ဤလက်စွမ်းသာ မရှိပါက သူ့ကို လက်ခံမည့် ဂိုဏ်းငယ်လေးများပင် ရှားပါးလှ၏။ ထို့ကြောင့် အစ်ကိုကြီးနှင့် ဒုတိယအစ်ကိုတို့က အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း သူ သင်မပေးခဲ့ပေ။

သို့သော် ချူလျန်ကို ကြည့်လိုက်ပြီးနောက် သူ ရုတ်တရက် ပြန်လည် တွေးတောမိလိုက်သည်။

ဒီလူကို တန်ခိုးစွမ်းရည် ပေးလိုက်ရင်တောင်မှ သူက လေမီးတောက်ဂိုဏ်းထဲဝင်ပြီး ငါ့ရဲ့ တတိယခေါင်းဆောင်နေရာကို လာလုမှာမို့လို့လား...။

ဒီဖြစ်နိုင်ချေက... သိပ်မရှိလောက်ပါဘူးလေ...။

ဒါပေမဲ့… မပေးဘူးဆိုရင်တော့ ဘယ်လို ရက်စက်တဲ့ နှိပ်စက်မှုမျိုး ခံရမလဲ မသိနိုင်သလို စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဆီကိုလည်း အပို့ခံရနိုင်တယ်…။

"ကောင်းပါပြီ..." သူ စဉ်းစားပြီးနောက် ချူလျန်၏ တောင်းဆိုမှုကို သဘောတူလိုက်လေသည်။

ချူလျန်သည် အရှိန်အဝါဖုံးကွယ်ပုဝါပါး ထည့်ထားသော သေတ္တာနှင့် ဟောင်းနွမ်းပြီး ဝါကျင်နေသော ကျင့်စဉ်စာအုပ်တစ်အုပ်ကို ပြန်လည် ရရှိလိုက်လေသည်။ ကျင့်စဉ်စာအုပ်ကို တောင်းယူရခြင်းမှာ ထိုလူငယ်လေးကို ပါးစပ်ဖြင့် ရွတ်ပြခိုင်းလျှင် မယုံကြည်ရသောကြောင့် ဖြစ်ပေ၏။

စာအုပ်ပေါ်တွင် "ဆန်းကြယ်လက် နတ်ဘုရားစွမ်းရည်" ဟူသော စာလုံးလေးလုံး ရေးသားထားသည်ကို တွေ့လိုက်ရပြီး လှန်လှောကြည့်ရှုလိုက်ရာ အတုမဖြစ်နိုင်ကြောင်း တွေ့ရှိရသဖြင့် ခေါင်းညိတ်လိုက်ပြီး ယဉ်ကျေးစွာ ပြောလိုက်သည်။

"ကျေးဇူးပဲ..."

လူငယ်လေးမှာမူ ခါးသက်သက်သာ ပြုံးနိုင်ရှာသည်။

ကြက်ခိုးမလို့လုပ်ကာမှ ဆန်တစ်ဆုပ်ပါ အရှုံးပေးလိုက်ရသကဲ့သို့ ဖြစ်နေချေပြီ။

တန်ခိုးစွမ်းရည်ကို ရရှိပြီးနောက် ချူလျန်သည်လည်း ကတိမဖျက်ဘဲ ထိန်းချုပ်ထားသော မှော်ဝင်ပစ္စည်းများကို ပြန်လည်ရုပ်သိမ်းကာ အေးဆေးသက်သာစွာ ထွက်ခွာသွားလေတော့သည်။

ကျန်ရစ်ခဲ့သော လူငယ်လေးအနေဖြင့် သတိလစ်နေသော အစ်ကိုကြီးနှင့် ဒုတိယအစ်ကိုတို့ကို ပြုစုမည်လော၊ သို့မဟုတ် သမားတော်ဆီသို့ ခေါ်သွားမည်လော၊ သို့တည်းမဟုတ် ပစ္စည်းများကို သိမ်းကျုံးယူငင်ပြီး ထွက်ပြေးသွားမည်လော ဆိုသည်ကိုမူ သူ စိတ်မဝင်စားတော့ပေ။

...

လမ်းကြားလေးထဲမှ ထွက်လာပြီး တောက်ထျယ်မြို့၏ ပင်မလမ်းမကြီးပေါ်သို့ ပြန်လည် ရောက်ရှိလာရာ ဆူညံစည်ကားသော အငွေ့အသက်များသည် မျက်နှာကိုပင် လာရောက် ရိုက်ခတ်လေသည်။ ကျင့်ကြံသူများဖြင့် ဖွဲ့စည်းထားသော မြို့ဖြစ်သော်လည်း လောကီအငွေ့အသက်များ မကင်းစင်နိုင်ဘဲ အလင်းရောင်ရှိလျှင် အရိပ်မည်းလည်း ရှိစမြဲပင်။

သူသည် လမ်းအတိုင်း လျှောက်လှမ်းလာရင်း ပထမတန်းစား ဓားလုပ်ငန်းသို့ သွားရာလမ်းကို မည်သည့်နေရာတွင် မေးမြန်းရမလဲဟု စဉ်းစားနေစဉ်၊ ရုတ်တရက် လမ်းဘေးရှိ ဆိုင်တစ်ဆိုင်က သူ၏အာရုံကို ဖမ်းစားသွားသည်။

၎င်းမှာ အတော်လေး ခမ်းနားထည်ဝါသော ဆိုင်ကြီးတစ်ဆိုင်ဖြစ်ပြီး "သားရဲတစ်သောင်းခန်းမ" ဟူသော စာလုံးကြီးသုံးလုံး ရေးထွင်းထားသည့် ဆိုင်းဘုတ်ကို ချိတ်ဆွဲထားကာ ဝိညာဉ်သားရဲများ ရောင်းချသောနေရာ ဖြစ်လေသည်။

ဆိုင်ရှေ့ရှိ ကွက်လပ်တွင် ဆိုင်းဘုတ်အချို့ ချိတ်ဆွဲထားလေသည်။

"ယနေ့ ပစ္စည်းအသစ် ရောက်သည်..."

"ဟေးဖုန်းကျားသစ်"၊ "ခြေခြောက်ချောင်းလေဟိန်းသားရဲ"၊ "ဓားစားသရဲ"၊ "လူမျက်နှာရှောင်"...

ကြည့်ရသည်မှာ ဤသားရဲတစ်သောင်းခန်းမသည် မိစ္ဆာများနှင့် ဝိညာဉ်သားရဲများအပြင် သရဲတစ္ဆေများကိုပါ ရောင်းဝယ်ဖောက်ကားနေပုံ ရလေသည်။

ချူလျန်၏ မျက်လုံးများ အရောင်တောက်သွားသည်။

လူမျက်နှာရှောင်တဲ့လား...။

သူ ချက်ချင်းပင် စိတ်ဝင်စားသွားပြီး ဆိုင်ထဲသို့ ဝင်ရောက်ရန် ပြင်လိုက်သော်လည်း တံခါးဝသို့ ရောက်သည်နှင့် အထဲမှ ဆူညံသံများနှင့်အတူ အော်ဟစ်သံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။

"အမြန် ရှောင်လိုက်ကြ..."

အသံမဆုံးမီမှာပင် ကြမ်းကြုတ်သော သားရဲတစ်ကောင်၏ ဟိန်းဟောက်သံကို ကြားလိုက်ရလေသည်။

အနက်ရောင် လေမုန်တိုင်းတစ်ခုသည် ရုတ်တရက် အပြင်သို့ တိုးထွက်လာတော့၏။

အခန်း (၁၁၄) - လမ်းမထက်မှ ကျားသစ်သုတ်သင်ပွဲ

"ဝေါင်း..."

သားရဲဟိန်းသံကြီးတစ်ခုက လမ်းမကြီးတစ်လျှောက် တုန်ဟီးသွားစေတော့သည်။

မည်းနက်သော လေပွေတစ်ခု ပြေးထွက်လာသည်ကို မြင်လိုက်ရသည်။ ၎င်းသည် (၆)ပေခန့်မြင့်ပြီး (၁၀)ပေခန့်ရှည်လျားသော လေနက်ကျားသစ်ကြီး ဖြစ်ချေသည်။ သားမွေးများသည် ပြောင်လက်တောက်ပနေပြီး ကိုယ်ခန္ဓာတစ်ခုလုံးတွင် လေမည်းများ ဝန်းရံနေကာ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါများ ပါရှိနေလေသည်။

ချူလျန်သာ အချိန်မီ ကိုယ်ကို တိမ်းရှောင်လိုက်ခြင်း မရှိပါက၊ ထိုကျားသစ်နက်ကြီးနှင့် တည့်တည့်တိုးမိပေလိမ့်မည်။

၎င်းသည် စတုတ္ထအဆင့်ရှိ လေနက်ကျားသစ်တစ်ကောင် ဖြစ်ပေသည်။ သားရဲတစ်သောင်းခန်းမအတွင်းသို့ သယ်ယူပို့ဆောင်လာခြင်းဖြစ်ပြီး သံလှောင်အိမ်ထဲမှ ထုတ်ယူစဉ်တွင် မူလက ဆေးခပ်ထားသဖြင့် အိပ်ပျော်နေသင့်သော သားရဲဖြစ်၏။

မည်သို့မည်ပုံ သတိရလာသည်ကို မသိရဘဲ၊ သယ်ဆောင်လာသူကို တစ်ချက်တည်း ကိုက်သတ်လိုက်ကာ အပြင်သို့ အတင်းတိုးထွက်လာခြင်း ဖြစ်လေသည်။

လေနက်ကျားသစ်သည် အမြန်နှုန်းဖြင့် နာမည်ကျော်ကြားသဖြင့် လျှပ်စီးလက်သကဲ့သို့ လျင်မြန်လှရာ၊ သားရဲတစ်သောင်းခန်းမတွင် ရှိနေသော ကျွမ်းကျင်သူများပင် တုံ့ပြန်ချိန် မရလိုက်ဘဲ လမ်းမကြီးပေါ်သို့ ရောက်ရှိသွားခဲ့ချေပြီ။

"သားရဲလွတ်သွားပြီ... သတိထားပြီး ရှောင်ကြ..."

အနောက်ဘက်မှ ကျယ်လောင်သော အော်ဟစ်သတိပေးသံများ ထွက်ပေါ်လာလေသည်။

လမ်းမကြီးပေါ်တွင် စည်ကားနေသော လူအုပ်ကြီးသည် ချက်ချင်းပင် လေးဖက်လေးတန်သို့ ထွက်ပြေးတိမ်းရှောင်ကြရတော့သည်။

တောက်ထျယ်မြို့ထဲတွင် ကျင့်ကြံသူ အများအပြား ရှိသော်လည်း၊ အများစုမှာ ပထမအဆင့် (၃)ဆင့်အတွင်းသာ ရှိကြသည်ဖြစ်ရာ၊ ဤစတုတ္ထအဆင့်သားရဲနှင့် ထိပ်တိုက်တွေ့ဆုံပါက အသက်အန္တရာယ် ရှိနိုင်ပေသည်။

"ဂရား..."

လေနက်ကျားသစ်သည် ဟိန်းဟောက်လိုက်ရင်း ခုန်ပျံလိုက်ကာ လေကိုနင်း၍ ကောင်းကင်သို့ ပျံတက်ရန် ကြိုးစားလိုက်သည်။

"တိရစ္ဆာန်ကောင်... ဘယ်ကိုပြေးမလို့လဲ..."

ထိုအချိန်တွင် သားရဲတစ်သောင်းခန်းမထဲမှ အော်ဟစ်သံတစ်ခုက ထွက်ပေါ်လာပြီး နောက်ဆုံးတွင် ကျွမ်းကျင်သူတစ်ဦး ပြေးထွက်လာကာ လက်ကို ဖြန့်လိုက်သည်။ ‘ချွင်ချွင်… ချလွမ်… ချွမ်…’ ဟူသော ခေါင်းလောင်းသံများနှင့်အတူ အနီရောင်ကြိုးများ ချည်နှောင်ထားသော ရွှေရောင်ခေါင်းလောင်းတစ်တွဲကို ပစ်လွှတ်လိုက်လေသည်။

ထိုခေါင်းလောင်းတွဲသည် လေထဲတွင် ဖြန့်ကျက်သွားပြီး ချက်ချင်းပင် ဆဌဂံပုံ ပိုက်ကွန်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားလေ၏။ ထောင့်ခြောက်ခုတွင် ရွှေရောင်ခေါင်းလောင်း တစ်လုံးစီပါရှိပြီး ပိုက်ကွန်ကြီး ဖြန့်ကျက်လိုက်သည်နှင့် ကောင်းကင်ကို ဖုံးလွှမ်းသွားတော့သည်။

လေနက်ကျားသစ်၏လမ်းကြောင်း ပိတ်ဆို့ခံလိုက်ရသဖြင့် ၎င်းသည် ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး လမ်းမပေါ်သို့ ပြန်လည် ဆင်းသက်လိုက်ရတော့သည်။

အောက်ဘက်ရှိ လူအုပ်ကြီးမှာ ထိတ်လန့်တကြား ထွက်ပြေးကြရလေသည်။ ရှောင်တိမ်းရန် နောက်ကျသွားသူအချို့မှာမူ လေနက်ကျားသစ်၏ ပွတ်တိုက်မိခြင်းကို ခံလိုက်ရပြီး ခြေပြတ်လက်ပြတ် ဖြစ်သွားကြရရှာသည်။

လူရိပ် (၇)၊ (၈) ခုခန့်သည် သားရဲတစ်သောင်းခန်းမထဲမှ ပြေးထွက်လာကြပြီး လမ်းဘေးရှိ အိမ်ခေါင်မိုးများပေါ်တွင် နေရာယူလိုက်ကြသည်။ သူတို့၏ လက်ထဲတွင် ချိတ်ရှည်များ၊ ရွှေရောင်ပိုက်ကွန်များ စသည့် မှော်ဝင်ပစ္စည်းများကို ကိုင်ဆောင်ထားကြပြီး ကျားသစ်ကို စိုက်ကြည့်နေကြသည်။

သို့သော် လေနက်ကျားသစ်၏ အမြန်နှုန်းမှာ မြန်ဆန်လွန်းလှသဖြင့် သူတို့ကို လှုပ်ရှားခွင့်ပင် မပေးချေ။ လမ်းမကြီးအတိုင်း တန်းတန်းမတ်မတ် တိုးဝင်ပြေးလွှားသွားပြီး မည်းနက်သော လေပွေတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။

"ရှောင်လိုက်..."

ထိုလေနက်ကျားသစ်၏ ရှေ့တည့်တည့်လမ်းကြောင်းပေါ်တွင် လမ်းသွားလမ်းလာများ ရှင်းလင်းသွားပြီ ဖြစ်သော်လည်း အမျိုးသမီးတစ်ဦး မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူမသည် မလှုပ်မယှက် ရပ်နေလေသည်။

လူသူကင်းမဲ့နေသော လမ်းမကြီးပေါ်တွင် တောက်ပသော အနီရောင်အဆင်းတစ်ခုပင် ဖြစ်ချေသည်။

သူမသည် သပ်ရပ်သော မီးတောက်နီရောင် ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခါးမြင့်မြင့်၊ ခြေတံရှည်ရှည်နှင့် ဝတ်ရုံစများလွင့်ပျံနေကာ အနက်ရောင်ဝတ်ရုံရှည်ကို လွှမ်းခြုံထားသဖြင့် လေတိုးသံတဖျပ်ဖျပ် မြည်နေလေသည်။ ဆံနွယ်များကို စုစည်းထားပြီး အသားအရေမှာ နှင်းကဲ့သို့ ဖြူဖွေးကာ ရုပ်သွင်မှာ ဆွဲဆောင်မှုရှိသော်လည်း မျက်လုံးများမှာမူ စူးရှထက်မြက်နေ၏။

မက်မွန်ပွင့်ကဲ့သို့ လှပသော်လည်း နှင်းခဲကဲ့သို့ အေးစက်သည်ဟုသာ တင်စားရပေမည်။

မည်းနက်သော လေပွေကြီး တိုးဝင်လာသောအခါ သူမ၏ ညာလက်ကို လှန်လိုက်ရာ၊ ရွှေရောင်အဆင်းများ ဖောင်းကြွနေသော တုတ်တံရှည်တစ်ချောင်းက ရုတ်တရက် ပေါ်ထွက်လာလေသည်။

ရွှေရောင်များ တောက်ပနေသည်မှာ သာမန်ပစ္စည်း မဟုတ်ကြောင်း သိသာလှ၏။ တုတ်တံပေါ်တွင် ရွှေရောင်ဖောင်းကြွများအပြင် မီးတောက်ကဲ့သို့သော အနီရောင်လိုင်းတစ်ကြောင်းလည်း ပါရှိသေးသည်။

သူမ ခြေတစ်လှမ်း စောင့်ချလိုက်ရာ လွင့်ပျံနေသော ဖုန်မှုန့်များမှာ ရုတ်တရက် နှေးကွေးသွားသကဲ့သို့ ဖြစ်သွားတော့သည်။

ထို့နောက် လက်နှစ်ဖက်ဖြင့် တုတ်တံရှည်ကို မြှောက်လိုက်ရာ တုတ်တံပေါ်ရှိ အနီရောင်လိုင်းမှာ ရုတ်တရက် လင်းလက်လာပြီး၊ အပေါ်သို့ ရစ်ပတ်တက်သွားကာ တုတ်တံထိပ်ဖျားတွင် စုစည်းသွားပြီး (၃)ပေခန့်ရှည်လျားသော အနီရောင်ဓားသွားတစ်ခု ဖြစ်ပေါ်လာတော့သည်။

သူမသည် ခြေကိုကွေး၊ ခါးကိုကိုင်းလျက် ဓားရှည်ကို မြှောက်လိုက်ပြီး ပါးစပ်မှ တိုးညင်းစွာ အော်ဟစ်လိုက်လေသည်။

ထိုလှုပ်ရှားမှုများအားလုံး ပြီးဆုံးသွားသည့်အချိန်သည် လေနက်ကျားသစ်ကြီး သူမ၏ ရှေ့တည့်တည့်သို့ ရောက်ရှိလာသည့်အချိန်နှင့် ကိုက်ညီနေလေသည်။ ကျားသစ်၏ ကြမ်းကြုတ်သော မျက်လုံးထဲတွင် ထိုတောက်ပသော အနီရောင်အဆင်းကို ရောင်ပြန်ဟပ်နေချေသည်။

ရွှပ်...

ဓားရှည်က ကျရောက်သွားလေပြီ။

လေနက်ကျားသစ်၏ မျက်လုံးထဲမှ ကြမ်းကြုတ်မှုများသည် ကြောက်ရွံ့မှုအဖြစ် ပြောင်းလဲသွားရချေသည်။ ဤမျှ နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်လေးထဲတွင် ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ကိန်းအောင်းနေလိမ့်မည်ဟု ၎င်း ထင်မှတ်မထားခဲ့မိချေ။

ကျားသစ်၏ဦးခေါင်းသည် အမျိုးသမီးကို ကျော်ဖြတ်သွားချိန်တွင် နှစ်ခြမ်းကွဲသွားလေသည်။ ကိုယ်ခန္ဓာ ကျော်ဖြတ်သွားချိန်တွင် ကိုယ်ခန္ဓာ နှစ်ခြမ်းကွဲသွားလေသည်။ အမြီး ကျော်ဖြတ်သွားချိန်တွင် အမြီးပါ နှစ်ခြမ်းကွဲသွားလေတော့သည်။

ဓားတစ်ချက်တည်းဖြင့် ခုန်ပျံကျော်လွှားသွားသော ကျားသစ်ကို ခွဲချလိုက်ခြင်းပင်။

သိထားရမည်မှာ ဤစတုတ္ထအဆင့် လေနက်ကျားသစ်သည် သာမန်အသွေးအသားရှိသော ခန္ဓာကိုယ် မဟုတ်တော့ပေ။ ခန္ဓာကိုယ်မှာ ကျောက်တုံးသံတုံးများထက်ပင် မာကျောပြီး အမွေးတစ်ပင်အား နုတ်ယူလိုက်လျှင်ပင် သံချွန်သံမျှင်ကဲ့သို့ ဖြစ်နေပေသည်။ သို့သော် ဤအမျိုးသမီး၏ ဓားအောက်တွင်မူ စက္ကူတစ်ရွက်ကဲ့သို့ ဖြစ်သွားရရှာသည်။

ကောင်းကင်ယံမှ သွေးမိုးများ ရွာကျလာပြီး အမျိုးသမီး၏ အနီရောင်ဝတ်စုံနှင့် အပေါ်ဝတ်ရုံပေါ်သို့ ဖျန်းပက်သွားသော်လည်း၊ သူမသည် မျက်တောင်တစ်ချက်မျှပင် မခတ်ဘဲ မျက်လုံးများမှာ မီးတောက်ကဲ့သို့ တောက်ပနေဆဲ ဖြစ်လေသည်။

ဘုန်း...

လေနက်ကျားသစ်၏ နှစ်ပိုင်းကွဲသွားသော ခန္ဓာကိုယ်သည် ပေပေါင်းများစွာ ဆက်လက် လွင့်စင်သွားပြီးမှ မြေကြီးပေါ်သို့ ကျရောက်သွားကာ သွေးလမ်းကြောင်းရှည်ကြီးတစ်ခု ဖြစ်ပေါ်စေခဲ့လေသည်။

"သခင်မလေး... သခင်မလေး..."

မျက်စိတစ်မှိတ်အတွင်းမှာပင် လူအုပ်စုတစ်စုက ရောက်ရှိလာပြီး အမျိုးသမီးကို ဝန်းရံကာ သူမ၏ ဘေးကင်းမှုကို စစ်ဆေးကြလေသည်။

"ငါ ဘာမှမဖြစ်ဘူး... ရှင်းလင်းလိုက်ကြ..."

အမျိုးသမီးသည် ခြေလှမ်းကျဲကြီးများဖြင့် ရှေ့ဆက်လျှောက်သွားပြီး လှည့်ပင်မကြည့်တော့ချေ။ သူမ၏ တစ်ကိုယ်လုံးတွင် စွမ်းအားအရှိန်အဝါများ တောက်ပနေဆဲ ဖြစ်လေသည်။

သူမသည် ထိုလူအုပ်စုနှင့်အတူ သားရဲတစ်သောင်းခန်းမ၏ တံခါးပေါက်ထဲသို့ ဝင်ရောက်သွားလေသည်။

အတွင်းဘက်မှ အသံများ ထွက်ပေါ်လာသည်။ "လူရှင်းလိုက်ကြ... တံခါးပိတ်မယ်... သခင်မလေး ရေချိုးပြီး အဝတ်အစားလဲတော့မယ်..."

...

"တကယ့်ကို လွှမ်းမိုးနိုင်စွမ်း ရှိတာပဲ..."

ချူလျန်တစ်ယောက် ဘေးမှရပ်ကြည့်နေရင်း ထိုအမျိုးသမီး၏ အရှိန်အဝါကို အံ့သြနေမိသည်။

သူသည် နှစ်ပေါင်းများစွာ တိနွီဖုန့်နှင့် အတူနေထိုင်ခဲ့သော်လည်း၊ တိနွီဖုန့်မှာ အသက်ကြီးလာ၍လား မသိပေ၊ အရှိန်အဝါ ထုတ်ဖော်သောအချိန်ဟူ၍ နည်းပါးလှသည်။ အချိန်အများစုတွင် ပျင်းရိလေးတွဲ့နေပြီး ဖိအားပေးလေ့ မရှိပေ။

သို့သော် အစောပိုင်းက အမျိုးသမီးမှာမူ ခြေလှမ်းတိုင်းတွင် ပတ်ဝန်းကျင်လေထုကို အေးခဲသွားစေနိုင်လောက်အောင် ဖြစ်လေသည်။

သူမ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း အလွန်မြင့်မားလှ၏။ ထိုလေနက်ကျားသစ်သည် စတုတ္ထအဆင့် သားရဲများထဲတွင် အစွမ်းထက်သော အမျိုးအစားဖြစ်ပြီး၊ အမြန်နှုန်းမှာ လျှပ်စီးလက်သကဲ့သို့ မြန်ဆန်ကာ ခြေသည်းများမှာလည်း နတ်ဘုရားလက်နက်များကဲ့သို့ ထက်မြလှသည်။

ထိုကဲ့သို့သော သားရဲက ဤမျှ လွယ်လွယ်ကူကူ သေဆုံးသွားရခြင်းမှာ ကံဆိုးစွာဖြင့် သေမင်းနှင့် ပက်ပင်းတိုးမိသွားသောကြောင့်သာ ဖြစ်ပေလိမ့်မည်။

အစောပိုင်းက သူမရဲ့တိုက်ခိုက်မှု...။

ချူလျန် ပြန်လည် စဉ်းစားကြည့်လိုက်သည်။ ထိုအချိန်က သူမနှင့် လေနက်ကျားသစ်တို့မှာ ပေပေါင်းများစွာ ကွာဝေးနေသေးသော်လည်း၊ ကျားသစ်အတွက်မူ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိနိုင်သော အကွာအဝေးသာ ဖြစ်သည်။

သို့သော် သူမသည် ထိုအချိန်တိုအတွင်း လက်နက်ထုတ်ခြင်း၊ ဓားသွားဖော်ခြင်း၊ အားယူခြင်း စသည်တို့ကို ပြုလုပ်နိုင်ခဲ့သည်။

ထိုအဆင့်ဆင့် လုပ်ဆောင်ချက်များမှာ ဖြည်းဖြည်းချင်း လုပ်ဆောင်နေသကဲ့သို့ ထင်ရပြီး အလောတကြီး ဖြစ်မနေပေ။ သို့သော် ထူးဆန်းသည်မှာ သူမ လုပ်ဆောင်ပြီးသွားချိန်တွင် ကျားသစ်မှာ သူမ၏ ရှေ့တည့်တည့်သို့ ကွက်တိ ရောက်ရှိလာခြင်း ဖြစ်လေသည်။

သူတို့နှစ်ဦး ဖြတ်သန်းနေရသော အချိန်စီးဆင်းမှုနှုန်းမှာ မတူညီသကဲ့သို့ပင်။

မဟုတ်သေး... အဓိကသော့ချက်က သူမ ခြေစောင့်လိုက်တဲ့အကွက်မှာ ရှိနေပုံပဲ…။

ထိုခြေစောင့်လိုက်သည့် အခိုက်အတန့်တွင် ပတ်ဝန်းကျင်၌ ထူးခြားမှုတစ်ခု ဖြစ်ပေါ်ခဲ့သည်။ ၎င်းမှာ ချူလျန်အား အရာတစ်ခုကို သတိရသွားစေသည်။ အစီအရင်ပညာပင် ဖြစ်ချေ၏။

အစီအရင်များမှာ ပုံမှန်အားဖြင့် လူအများအပြား ပူးပေါင်း၍ ရှုပ်ထွေးစွာ ပြင်ဆင်ရလေ့ရှိသော်လည်း၊ ကျင့်ကြံခြင်းလောကတွင် ထူးခြားသော နည်းလမ်းတစ်ခု ရှိလေသည်။ ၎င်းမှာ လုပ်ငန်းစဉ်များကို ရိုးရှင်းစေပြီး ကိုယ်ပိုင်အစစ်အမှန်ချီစွမ်းအင်ကို အသုံးပြုကာ တစ်ဦးတည်းအင်အားဖြင့် အစီအရင်ကို ပြီးမြောက်အောင် လုပ်ဆောင်ခြင်း ဖြစ်သည်။

ထိုကဲ့သို့ အစီအရင်ကို အထူးပြုလေ့လာသော ကျင့်ကြံခြင်းမျိုးကို အစီအရင်သိုင်းပညာဟု ခေါ်ဆိုကြသည်။

ချူလျန်၏ ခန့်မှန်းချက်သာ မမှားပါက၊ ထိုအမျိုးသမီး အသုံးပြုလိုက်သည်မှာ အစီအရင်ပညာတစ်မျိုး ဖြစ်ပြီး၊ ချက်ချင်းအသက်ဝင်သော အစီအရင်မျိုး ဖြစ်ပေလိမ့်မည်။ သူမ၏ ကျွမ်းကျင်မှုအဆင့်မှာ အလွန်မြင့်မားကြောင်း သိသာလှပေသည်။

ထိုသို့ တွေးတောငေးမောနေစဉ်မှာပင်၊ သားရဲတစ်သောင်းခန်းမသည် တံခါးပိတ်တော့မည့် အရိပ်အယောင်များကို တွေ့လိုက်ရလေသည်။

ချူလျန်တစ်ယောက် ချက်ချင်းပင် စိတ်ပူသွားရတော့သည်။

ယခု တံခါးပိတ်လိုက်လျှင် မည်သည့်အချိန်မှ ပြန်ဖွင့်မည်ကို မသိနိုင်ပေ။ အကယ်၍ နောက်တစ်ခေါက် ပြန်လာချိန်တွင် ထို 'လူမျက်နှာရှောင်' မှာ သူများလက်ထဲ ပါသွားပြီဆိုလျှင် မည်သို့ လုပ်ရမည်နည်း...။

ထို့ကြောင့် သူသည် ခြေလှမ်းသွက်သွက်ဖြင့် ရှေ့တိုးသွားပြီး ပြောလိုက်သည်။ "ခဏလေး... တံခါးမပိတ်ပါနဲ့ဦး... ကျွန်တော့်ကို အထဲဝင်ခွင့် ပေးပါဦး..."

တံခါးပိတ်နေသော အလုပ်သမားများ ပြန်မဖြေရသေးမီ၊ အတွင်းထဲမှ မုတ်ဆိတ်ရှည်နှင့် အဘိုးအိုတစ်ဦး ထွက်လာပြီး အေးစက်စွာ ပြောလိုက်သည်။ "ဧည့်သည် လက်မခံတော့ပါဘူး... ဝင်ခွင့်မရှိပါ..."

ချူလျန်က ရိုးသားစွာ ပြောလိုက်သည်။ "အထဲမှာ ကျွန်တော် အရမ်းလိုချင်နေတဲ့ ပစ္စည်းတစ်ခု ရှိလို့ပါ... တစ်ချက်လောက် ဝင်ကြည့်ခွင့်ပေးပါလား..."

ထိုအဘိုးအိုက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး စကားမပြောရသေးမီ၊ အပေါ်ထပ်မှ အမျိုးသမီးတစ်ဦး၏ အသံထွက်ပေါ်လာသည်။ "သူ့ကို ပေးဝင်လိုက်ပါ..."

"ဟင်..." မုတ်ဆိတ်ရှည်အဘိုးအိုက နောက်လှည့်ကြည့်လိုက်ရာ အနည်းငယ် အံ့သြသွားပုံ ရသော်လည်း ဘေးဖယ်ပေးလိုက်ပြီး ချူလျန်ကို ပြောလိုက်သည်။ "အပေါ်ထပ်ကို မတက်ရဘူး..."

"ကောင်းပါပြီ..." ချူလျန် ခေါင်းညိတ်သဘောတူလိုက်သည်။

သားရဲတစ်သောင်းခန်းမသည် အလွန်ကျယ်ဝန်းလှပြီး၊ ပထမထပ်တွင် သံလှောင်အိမ်များစွာ ရှိကာ ဝိညာဉ်သားရဲအမျိုးမျိုးကို လှောင်ပိတ်ထားလေသည်။ ယင်ဓာတ်လွှမ်းမိုးသော သရဲတစ္ဆေပစ္စည်းများမှာမူ ထောင့်ကျကျ နေရာလေးတစ်ခုတွင် ရှိနေ၏။

ချူလျန်သည် အတော်ကြာအောင် ရှာဖွေပြီးမှ 'လူမျက်နှာရှောင်' ဟူသော ဆိုင်းဘုတ်ချိတ်ထားသည့် ကောင်တာကို တွေ့ရှိသွားသည်။

ကောင်တာနောက်မှ ဝန်ထမ်းသည်လည်း သူ မည်သို့ဝင်ရောက်လာသည်ကို မသိသဖြင့် အံ့သြနေပုံရသည်။ သို့သော် ချူလျန် လျှောက်လာသည်ကို မြင်သောအခါ အကျင့်ပါနေသော အပြုံးဖြင့် မေးလိုက်သည်။ "သခင်လေး ဘာဝယ်ချင်လို့လဲ..."

"ကျွန်တော် ဒီလူမျက်နှာရှောင်ကို ကြည့်ချင်လို့ပါ..." ချူလျန်က ပြန်ပြောလိုက်သည်။

သရဲတစ္ဆေများသည် သားရဲများနှင့်မတူဘဲ သားရဲများကို သံလှောင်အိမ်ထဲတွင် ထည့်ထားလေ့ရှိသော်လည်း၊ သရဲတစ္ဆေများကိုမူ ကြွေပုလင်းငယ်များထဲတွင် ထည့်သွင်းပိတ်လှောင်ထားပြီး အဆောင်စာရွက်ကပ်ထားသော လှောင်အိမ်ထဲတွင် ထပ်မံ ထည့်သွင်းထားလေ့ ရှိသည်။

ဝန်ထမ်းက ချူလျန်ညွှန်ပြရာကို ကြည့်ပြီး "ကောင်းပါပြီ..." ဟု ပြောလိုက်သည်။

ပြောရင်းနှင့် လက်ဟန်ပြုလိုက်ရာ ကြွေပုလင်းပေါ်မှ အဆောင်စာရွက် ကွာကျသွားလေသည်။

ရွှစ်...

ယင်ချီအငွေ့အသက်များ ထွက်ပေါ်လာပြီး အလင်းဖြူတစ်ချက် လက်ခနဲဖြစ်သွားကာ၊ ခန္ဓာကိုယ်သေးငယ်၍ ကလေးနှင့်တူသော်လည်း ဦးခေါင်းကြီးမားသော မီးခိုးရောင်သရဲကောင်တစ်ကောင်က ရုတ်တရက် ပေါ်ထွက်လာလေသည်။

"ဝါး..."

ထိုလူမျက်နှာရှောင်သည် ထွက်လာသည်နှင့် ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါများ ထွက်ပေါ်လာပြီး၊ လက်နှစ်ဖက်ဖြင့် သံလှောင်အိမ်ကို ဆွဲကာ ရုန်းကန်နေတော့သည်။

ချူလျန် အပြင်ဘက်မှ ကြည့်နေသည်ကို မြင်သောအခါ အစွယ်များကိုပင် ထုတ်ဖော်ပြသလိုက်သေး၏။ အကယ်၍ သံလှောင်အိမ်သာ မရှိပါက သေချာပေါက် ခုန်အုပ်မိမည် ဖြစ်သည်။

တကယ့်ကို ဆိုးသွမ်းမည့်ပုံပင်...။

"ဒီကောင်က ကျင့်ကြံခြင်းအဆင့် မမြင့်ပေမဲ့ တွေ့ရခဲတဲ့ အမျိုးအစားပါ... ရက်စက်ပြီး ကောက်ကျစ်စဉ်းလဲတယ်... ကျွန်တော်တို့ သားရဲတစ်သောင်းခန်းမက လူတွေ သူ့ကိုဖမ်းဖို့ တော်တော်လေး အားထုတ်ခဲ့ရတာ..." ဝန်ထမ်းက ရှင်းပြလိုက်သည်။

ချူလျန် ခေါင်းညိတ်လိုက်သည်။ ဤအကောင် မည်မျှ ကိုင်တွယ်ရခက်သည်ကို သူ သိထားသည် မဟုတ်ပါလော။

သို့သော် ဝန်ထမ်းက ထိုသို့ပြောခြင်းမှာ ဈေးခေါ်ရန်အတွက်ဖြစ်ကြောင်း သူ နားလည်သဖြင့် တိုက်ရိုက်ပင် မေးလိုက်သည်။ "ဈေးက ဘယ်လောက်လဲ..."

"ကြိုးကြာနီဒင်္ဂါး (၈၀၀) ပါ..." ဝန်ထမ်းက ဖြေလိုက်သည်။

ချူလျန် စိတ်ထဲတွင် တွက်ချက်လိုက်ရာ ရှုတောင်ပေါ်တွင်ဆိုလျှင် ဓားဒင်္ဂါး (၈၀၀) နှင့် ညီမျှသဖြင့် အတော်လေး များပြားလှသည်။

ဤလူမျက်နှာရှောင်၏ ကျင့်ကြံခြင်းအဆင့်မှာ သာမန်သာ ဖြစ်သော်လည်း ရှားပါးပြီး ဖမ်းရခက်ခဲသည့်အပြင်၊ တောက်ထျယ်မြို့၏ ကုန်ဈေးနှုန်း ကြီးမြင့်မှုကြောင့် ဤဈေးနှုန်း ဖြစ်နေခြင်းသာ ဖြစ်ပေလိမ့်မည်။

သို့သော် သူ့အတွက်မူ ၎င်း၏တန်ဖိုးမှာ ထိုပမာဏထက် များစွာ သာလွန်လှပေသည်။

"ကျွန်တော် အခုသွားပြီး ကြိုးကြာနီဒင်္ဂါး သွားလဲလိုက်ဦးမယ်... ကျွန်တော့်အတွက် ဖယ်ထားပေးလို့ ရမလား... တခြားလူကို မရောင်းလိုက်ပါနဲ့နော်..." ချူလျန်က စဉ်းစားလိုက်ပြီး ပြောလိုက်သည်။

ဤအရာကို မဖြစ်မနေ ရယူရမည်ဖြစ်သဖြင့်၊ သူသည် ရှားရှားပါးပါး ဈေးမဆစ်တော့ဘဲ ဖယ်ထားပေးရန်သာ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

"ရပါတယ်..." ဝန်ထမ်းက ခေါင်းညိတ်လိုက်သည်။ "ဒါပေမဲ့ စရံငွေတော့ ပေးထားရမယ်... ပြီးတော့ အများဆုံး (၃)ရက်ပဲ စောင့်ပေးနိုင်မယ်..."

"ပြဿနာမရှိဘူး..." ချူလျန် သဘောတူလိုက်သည်။

သားရဲတစ်သောင်းခန်းမထဲမှ ထွက်လာသောအခါ သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာလေသည်။

ခေါင်းကြီးရုပ်သေးလေးများ တန်းစီထိုင်လျက် သူ့အစား ကျင့်ကြံပေးနေကြမည့် သာယာလှပသော ပုံရိပ်ယောင်များသည် မျက်စိရှေ့မှောက်သို့ ရောက်ရှိနေသကဲ့သို့ပင် ဖြစ်ချေတော့သည်။

All Chapters