← Chapters

အခန်း (၁၁၅-၁၁၆)

Vol. 12 Ch. 115-116

အခန်း (၁၁၅-၁၁၆)

Vol. 12 Ch. 115-116

အခန်း (၁၁၅) - ပို့မယ့်ပို့ ကူးတို့ရောက်အောင် ပို့ရတယ်

“ဒီက မိတ်ဆွေ...”

ချူလျန်တစ်ယောက် သားရဲတစ်သောင်းခန်းမဆောင်မှ ထွက်ခွာရန် ပြင်လိုက်စဉ်၊ တံခါးပေါက်မှ ခြေလှမ်းအနည်းငယ်အကွာ၌ လမ်းဘေးမှလူတစ်ယောက်က ရုတ်တရက် ရောက်ရှိလာလေသည်။

ထိုသူသည် အစိမ်းရောင်အင်္ကျီပေါ်တွင် အဖြူရောင်ဝတ်ရုံရှည်ကို ထပ်မံဝတ်ဆင်ထားပြီး ကျောက်စိမ်းခါးပတ်ကို ပတ်ထားကာ ရုပ်ရည်ချောမောခန့်ညားသော အမျိုးသားတစ်ဦး ဖြစ်ချေသည်။ လက်ထဲတွင် ခေါက်ယပ်တောင်တစ်ချောင်းကို ကိုင်ဆောင်ထားပြီး ကြည့်ရသည်မှာ လွတ်လပ်ပေါ့ပါးသော အသွင်အပြင် ရှိနေ၏။

ချူလျန်သည် သူ့ကို လှမ်းခေါ်လိုက်သဖြင့် ပြန်ထူးလိုက်ရသည်။ “ဘာကိစ္စရှိလို့လဲ...”

ထိုအမျိုးသားက အနားသို့ တိုးကပ်လာပြီး အသံနှိမ့်ကာ မေးလိုက်သည်။ “ခင်ဗျား စောစောက အထဲကို ဘယ်လိုဝင်သွားတာလဲဆိုတာ မေးချင်လို့ပါ...”

သူသည် တစ်ဖက်ရှိ သားရဲတစ်သောင်းခန်းမဆောင်ကို လက်ညှိုးထိုးပြလိုက်သည်။ ထိုအချိန်တွင် ခန်းမဆောင်မှာ လူဝင်ခွင့် ပိတ်ပင်ထားပြီ ဖြစ်လေသည်။

ချူလျန်က ပြန်လည်စဉ်းစားလိုက်ပြီး ပြောလိုက်သည်။ “ကျွန်တော်ကတော့... အထဲမှာ ကျွန်တော် အရမ်းကြည့်ချင်နေတာလေး တစ်ခုရှိတယ်... ဝင်ကြည့်ခွင့်ပြုပါလို့ ပြောလိုက်တာ... သူတို့ကလည်း သဘောကောင်းပါတယ်၊ ကျွန်တော့်ကို ဝင်ခွင့်ပေးလိုက်တာပါပဲ...”

“ဟင်...” ထိုအမျိုးသားက အနည်းငယ် အံ့သြသွားပြီး “အဲဒီလောက် လွယ်တာလား...” ဟု ရေရွတ်လိုက်မိသည်။

ခဏအကြာတွင် သူသည် ချူလျန်ကို ကျေးဇူးတင်စကား ဆိုလိုက်သည်။ “ကျေးဇူးတင်ပါတယ် မိတ်ဆွေ...”

“ရပါတယ်ဗျာ...” ချူလျန်က ယဉ်ကျေးစွာ ပြန်ပြောလိုက်သည်။

ထို့နောက် ထိုအမျိုးသားသည် သားရဲတစ်သောင်းခန်းမဆောင်ဆီသို့ လျှောက်သွားပြီး ချူလျန်လည်း ထွက်ခွာလာခဲ့လေသည်။

ဝတ်ရုံဖြူနှင့်အမျိုးသားသည် တံခါးဝသို့ ရောက်သောအခါ၊ ဝင်ရောက်ရန် ကြိုးစားသော်လည်း သားရဲတစ်သောင်းခန်းမဆောင်မှ လူများက တားဆီးလိုက်ကြသည်။

တံခါးစောင့် မုတ်ဆိတ်ရှည်နှင့်အဘိုးအိုသည် သူ့ကို မြင်သည်နှင့် မျက်မှောင်ကြုတ်လိုက်ပြီး “မဆိုင်သူ မဝင်ရ...” ဟု အော်ဟစ်လိုက်သည်။

ဝတ်ရုံဖြူနှင့်အမျိုးသားက ပြုံးလျက် လက်သီးဆုပ်ကာ ဂါရဝပြုပြီး ပြောလိုက်သည်။ “အထဲမှာ ကျွန်တော် အရမ်းကြည့်ချင်နေတာလေး တစ်ခုရှိလို့ပါ... ကျွန်တော့်ကို ဝင်ကြည့်ခွင့် ပေးပါ...”

“နှာဘူးကောင်... မင်း လုပ်ရဲတယ်ပေါ့...” ထိုစကားကို ကြားသောအခါ မုတ်ဆိတ်ရှည်အဘိုးအိုမှာ ဒေါသအိုးပေါက်ကွဲသွားပြီး ပြင်းထန်သော လက်ဝါးရိုက်ချက်ဖြင့် တိုက်ခိုက်လိုက်တော့သည်။

ဝုန်း...

ကံကောင်းသည်မှာ ဝတ်ရုံဖြူနှင့်အမျိုးသား၏ ကျင့်ကြံခြင်းအဆင့်မှာ မနိမ့်ကျလှပေ။ အဘိုးအို ရုတ်တရက် တိုက်ခိုက်လာသည်ကို မြင်သောအခါ သူသည် ခေါက်ယပ်တောင်ကို ချက်ချင်းပင် ဖြန့်လိုက်သည်။ ယပ်တောင်ပေါ်တွင် ကြီးမားသော 'ပင်လယ်' ဟူသည့် စာလုံး ပါရှိပြီး ယပ်တောင်ပွင့်သွားသည်နှင့် လှိုင်းတံပိုးသံများ ထွက်ပေါ်လာသည်။

ယပ်တောင်ပွင့်သွားသည်နှင့်အမျှ လေစီးကြောင်းတစ်ခုက ထိုအမျိုးသား၏ ရှေ့တွင် ကာကွယ်လိုက်ပြီး အဘိုးအို၏ လက်ဝါးစွမ်းအား အများစုကို လျှော့ချလိုက်နိုင်လေသည်။

သို့သော်ငြား နှစ်ဦးသား၏ ကျင့်ကြံခြင်းအဆင့်မှာ ကွာခြားချက် ကြီးမားလှသဖြင့်၊ ကျန်ရှိနေသော လက်ဝါးစွမ်းအားသည် ထိုအမျိုးသား၏ ကိုယ်ပေါ်သို့ ကျရောက်သွားပြီး သူ့ကို ပေပေါင်းများစွာ လွင့်စင်သွားစေခဲ့သည်။

ချူလျန် လမ်းလျှောက်နေစဉ် နောက်ကျောဘက်မှ ပေါက်ကွဲသံတစ်သံကို ကြားလိုက်ရပြီး အဖြူရောင်ပုံရိပ်တစ်ခုသည် သူ၏ ခေါင်းပေါ်မှ ကျော်ဖြတ်ကာ ရှေ့တည့်တည့်သို့ ဝုန်းခနဲ ပြုတ်ကျလာလေသည်။

ဝုန်း...

သူ အနည်းငယ် လန့်သွားပြီး သေချာကြည့်လိုက်ရာ စောစောက သူ့ကို လမ်းမေးနေသော ဝတ်ရုံဖြူနှင့်အမျိုးသားပင် ဖြစ်နေချေသည်။

နောက်လှည့်ကြည့်လိုက်ရာ သားရဲတစ်သောင်းခန်းမဆောင်မှ လူများက လိုက်လံတိုက်ခိုက်မည့်ပုံ မပေါ်ပေ။ ကြည့်ရသည်မှာ ဝင်ခွင့်မပေးရုံသာ ဖြစ်ပုံရသည်။

ဒါပေမဲ့... ဒီလောက်အထိ လက်လွန်ခြေလွန် လုပ်စရာ လိုလို့လား...။

“အဟွတ်...” ဝတ်ရုံဖြူနှင့်အမျိုးသားက ခေါင်းမော့လိုက်ပြီး သူ့ကို ကြည့်ကာ တစ်စုံတစ်ခု ပြောရန် ပြင်လိုက်သော်လည်း ပါးစပ်ဟလိုက်သည်နှင့် သွေးတစ်လုပ် အန်ထွက်လာတော့သည်။

“မိတ်ဆွေ... ခင်ဗျား ဘာဖြစ်သွားတာလဲ...” ချူလျန်ခမျာ မနေနိုင်တော့ဘဲ သွားရောက်မေးမြန်းလိုက်ရသည်။

ဝတ်ရုံဖြူနှင့်အမျိုးသားက တိုးညင်းသော အသံဖြင့် “မိတ်ဆွေ... ခင်ဗျားက စိတ်ထားကောင်းတဲ့သူဆိုရင်... ကျုပ်ကို ဆေးခန်းတစ်ခုလောက် ပို့ပေးပါဗျာ...”

...

“ဟူး...”

တောက်ထျယ်မြို့ တောင်ဘက်ပိုင်းရှိ အကြီးဆုံးသော ဆေးခန်းတွင် ဝတ်ရုံဖြူနှင့်အမျိုးသားသည် ကုတင်ပေါ်တွင် လဲလျောင်းရင်း သက်ပြင်းချနေရှာသည်။

ချူလျန်က သူ့ကို သမားတော်ထံ ခေါ်ဆောင်လာပြီး ကုသပေးခဲ့သည်။ ကျင့်ကြံသူများ ဖြစ်ကြသဖြင့် အတွင်းဒဏ်ရာမှာ အတော်လေး ပြင်းထန်ကြောင်း သိရှိကြသည်။ ယခုအခါ ဆေးထုတ်ပေးမည့်အချိန်ကို စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။ ချူလျန်သည် သူ့အစား ဆေးဖိုးအတွက် ကြိုးကြာနီဒင်္ဂါးအနည်းငယ်ကိုပင် စိုက်ထုတ်ပေးလိုက်သေးသည်။

ချူလျန် ရောက်လာသည်ကို မြင်သောအခါ ဝတ်ရုံဖြူနှင့်အမျိုးသားက ကုတင်ပေါ်မှနေ၍ ခက်ခဲစွာ လက်သီးဆုပ်၍ ဂါရဝပြုလိုက်သည်။ “မိတ်ဆွေရဲ့ နာမည်ကို မမေးမြန်းရသေးပါဘူး...”

“ရှုတောင်ဂိုဏ်းက ချူလျန်ပါ...”

“မိတ်ဆွေချူ... တွေ့ရတာ ဝမ်းသာပါတယ်... ကျုပ်က ပင်လယ်ဘုရင်ဂိုဏ်းက ဝမ်ရန်မော့ပါ...”

“မိတ်ဆွေဝမ်ရန်... တွေ့ရတာ ဝမ်းသာပါတယ်...”

နှစ်ဦးသား အပြန်အလှန် မိတ်ဆက်လိုက်ကြသည်။

ချူလျန်လည်း အနည်းငယ် အံ့သြသွားရသည်။ လမ်းဘေးတွင် ကောက်ရသော ဒဏ်ရာရလူနာတစ်ဦးက မြေကမ္ဘာဂိုဏ်း (၁၀) ဂိုဏ်းဝင် ပင်လယ်ဘုရင်ဂိုဏ်းမှ တပည့်တစ်ဦး ဖြစ်နေလိမ့်မည်ဟု ထင်မထားမိပေ။

ထို့အပြင် ဤမိတ်ဆွေဝမ်ရန်၏ ကျင့်ကြံခြင်းအဆင့်မှာ မနိမ့်ကျလှသဖြင့် ပင်လယ်ဘုရင်ဂိုဏ်း၏ ပင်မတပည့်တစ်ဦး ဖြစ်လောက်ပေသည်။

သူသည် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်တော့သည်။ “မိတ်ဆွေဝမ်ရန်... ဘာလို့ ဒီလောက်အထိ ဖြစ်သွားရတာလဲ...”

“မိတ်ဆွေချူ မသိပါဘူးဗျာ...” ဝမ်ရန်မော့က သက်ပြင်းချလိုက်ပြန်သည်။

“ဟူး... ဒီကိစ္စတွေ အားလုံးက လွန်ခဲ့တဲ့ရက်က ကျုပ် အမျိုးသမီးတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပြီး သူမကို မြင်မြင်ချင်း ချစ်မိသွားလို့ လိုက်လံပိုးပန်းမိရာက စတာပါပဲ...”

“အဲ...”

ထိုအကြောင်းကို ကြားလိုက်ရသောအခါ ချူလျန်တစ်ယောက် သတိရသွားမိသည်။ ပင်လယ်ဘုရင်ဂိုဏ်း၏ လက်ရှိဂိုဏ်းချုပ်သည် နာမည်ကျော်အချစ်လူရှုပ်ကြီး ဖြစ်လေသည်။ ဂိုဏ်းသားတပည့်များကလည်း ခေါင်းဆောင်၏ ခြေရာကို နင်းကြပုံ ရပေသည်။

အတိုချုပ်ပြောရလျှင် ပင်လယ်ဘုရင်ဂိုဏ်းမှ အမျိုးသားများသည် သိုင်းလောကတွင် နာမည်ဂုဏ်သတင်း သိပ်မကောင်းလှချေ။

“အဲဒီအမျိုးသမီးက လက်ရှိဝေလငါးဂိုဏ်းရဲ့ သခင်မလေး ရွှီဟုန်ချိုးပါ...” ဝမ်ရန်မော့က ဆက်ပြောလိုက်သည်။

ရွှီဟုန်ချိုးဆိုသော နာမည်ကို ချူလျန်တစ်ယောက် ကြားဖူးသလို ရှိပေသည်။ ဝေလငါးဂိုဏ်း၏ လက်ရှိဂိုဏ်းချုပ် ရွှီပါ့ရှန်း၏ သမီးဖြစ်ကြောင်းလောက်သာ သိထားသည်။

ထိုအချက်ကို ကြားလိုက်ရသောအခါ သူ တွေးမိလိုက်ပြန်သည်။ လမ်းမပေါ်တွင် ကျားသစ်ကို ခုတ်သတ်ခဲ့သော အမျိုးသမီးမှာ ရွှီဟုန်ချိုး ဖြစ်လောက်ပေ၏။

“အဲဒီသခင်မလေးက ရိုင်းစိုင်းတဲ့ မြင်းရိုင်းတစ်ကောင်လိုပဲ... ယဉ်ပါးအောင်လုပ်ဖို့ ခက်ခဲလွန်းတယ်...” ဝမ်ရန်မော့က ခေါင်းယမ်းပြီး ညည်းတွားလိုက်သည်။

“ကျုပ် နည်းမျိုးစုံ ကြိုးစားပေမဲ့ အနားကပ်လို့ မရဘူး... သူမက ကျုပ်ကို ဂရုမစိုက်တဲ့အပြင် အကြိမ်ကြိမ် မောင်းထုတ်တယ်...”

“ဒါပေမဲ့ ကျုပ်က ဇွဲမလျှော့ဘဲ သူမနောက်ကို တောင်ပိုင်းဒေသကနေ တောက်ထျယ်မြို့အထိ လိုက်လာခဲ့တာ... သူမ ဒီနေရာမှာ အခြေချနေထိုင်တာကို တွေ့လိုက်ရတော့ ကျုပ်လည်း သွားပြီး စကားကောင်းကောင်း ပြောမလို့ လုပ်တာပါ... ဒါကြောင့် ခင်ဗျားကို ဘယ်လိုဝင်ရလဲ မေးလိုက်တာလေ... ဘယ်သူက ထင်မှာလဲ... ကျုပ်က ခင်ဗျားပြောသလိုပဲ ပြောလိုက်ပေမဲ့...”

“...”

ချူလျန် ထိုအခါမှ သဘောပေါက်သွားတော့သည်။

ခင်ဗျားက သူများမိန်းကလေး ရေချိုးအဝတ်လဲနေတဲ့ နေရာကို သွားပြီးတော့ အထဲမှာ ကြည့်ချင်တာ ရှိတယ်လို့ သွားပြောမှတော့... အရိုက်ခံရတာ မဆန်းတော့ပါဘူးလေ...။

ကျုပ် ပြောတဲ့စကားနဲ့ ခင်ဗျား ပြောတဲ့စကားက အဓိပ္ပာယ်ချင်း လုံးဝ မတူဘူးလေ...။

သူသည် ရယ်ချင်စိတ်ကို ထိန်းလိုက်ပြီး စကားပြောင်းလိုက်သည်။ “မိတ်ဆွေဝမ်ရန်က တကယ့်ကို ဇွဲကောင်းတာပဲ...”

“မိတ်ဆွေချူ နားမလည်ဘူး... ကျုပ်ဘဝမှာ ဒီလိုမိန်းကလေးမျိုးကိုပဲ ချစ်တာ... သူမကို စတွေ့ကတည်းက ကျုပ် ရူးသွပ်သွားပြီဆိုတာ သိလိုက်ရတယ်...” ဝမ်ရန်မော့က မိန်းမောတွေဝေသော မျက်နှာပေးဖြင့် ပြောလိုက်ပြန်သည်။

“သူမသာ အလိုရှိမယ်ဆို… လူတွေက ကျုပ်ကို ရိုက်သတ်မယ်ဆိုရင်တောင် ကျုပ် ကျေနပ်ပါတယ်...”

“မိတ်ဆွေဝမ်ရန်က စိတ်ကြီးတဲ့ မိန်းကလေးတွေကို ကြိုက်တာလား...” ချူလျန် မေးလိုက်မိသည်။

“မဟုတ်ပါဘူး...” ဝမ်ရန်မော့က ခေါင်းခါလိုက်သည်။ “ကျုပ်က ချမ်းသာတဲ့ အမျိုးသမီးတွေကို ကြိုက်တာပါ...”

“...” ချူလျန် မျက်နှာမည်းမှောင်သွားသည်။

ကောင်းပါလေစွ...။

ရိုက်သတ်တာတောင် နည်းသေးတယ်...။

သူ နှုတ်ဆက်ပြီး ထွက်ခွာရန် ပြင်လိုက်စဉ် ဝမ်ရန်မော့က အင်္ကျီလက်စထဲမှ ဝိညာဉ်ကျောက်ဒင်္ဂါးပြားတစ်ပြားကို ထုတ်ယူပြီး ကမ်းပေးလိုက်သည်။

“မိတ်ဆွေချူ... ခင်ဗျား ကျုပ်အတွက် ဆေးခန်းပို့ပေးပြီး ဆေးဖိုးစိုက်ထုတ်ပေးတာ ပင်ပန်းသွားပါပြီ... ဒီဆေးဖိုးကို ပြန်ယူပါ...” ဝမ်ရန်မော့က ပြောလိုက်သည်။

ချူလျန် ငုံ့ကြည့်လိုက်ရာ ထိုဝိညာဉ်ကျောက်ဒင်္ဂါးပြားပေါ်တွင် သေးငယ်သော နဂါးစိမ်းခေါင်းပုံ ထွင်းထုထားသည်ကို တွေ့လိုက်ရသည်။

နဂါးစိမ်းဒင်္ဂါးတစ်ပြားသည် ကျားခေါင်းဒင်္ဂါး (၁၀) ပြားနှင့် ညီမျှပြီး၊ ကြိုးကြာနီဒင်္ဂါး (၁၀၀) နှင့် ညီမျှလေသည်။

“မိတ်ဆွေဝမ်ရန်ကလည်းဗျာ… အားနာစရာ ကောင်းလိုက်တာ... ဆေးဖိုးက ဒီလောက်မကျပါဘူး...”

ချူလျန်က လက်ညှိုးနှင့် လက်မကြားတွင် နဂါးစိမ်းဒင်္ဂါးကို တင်းကျပ်စွာ ညှပ်ထားပြီး ဝမ်ရန်မော့၏ လက်ထဲသို့ ပြန်လည် တွန်းပို့ပေးလိုက်သည်။ ပြန်တွန်းပို့သည်ဆိုသော်လည်း အကယ်၍ ဝမ်ရန်မော့သာ ပြန်ယူရန် ကြိုးစားပါက လုံးဝ ဆွဲထုတ်ယူနိုင်မည် မဟုတ်ချေ။

ကံကောင်းသည်မှာ သူသည်လည်း ထိုသို့ မလုပ်ခဲ့ဘဲ ပြန်လည် တွန်းပို့ပေးလိုက်သည်။

“ဟား... မိတ်ဆွေချူက ကျုပ်ကို ဆေးကုသပေးဖို့ ပို့ဆောင်ပေးရုံသာမက ဒီမှာပါ စောင့်ရှောက်ပေးနေတာ... ကျေးဇူးကြီးမားလှပါတယ်... ဒီလောက်လေးကို စာဖွဲ့မနေပါနဲ့...”

သူ အနည်းငယ် တွန်းပို့လိုက်သည်နှင့် ချူလျန်သည် အလိုက်သင့်ပင် ထိုနဂါးစိမ်းဒင်္ဂါးကို လက်ခံလိုက်ပြီး မတ်တပ်ရပ်ကာ ပြောလိုက်သည်။ “ဒါဆိုရင် မိတ်ဆွေဝမ်ရန်အတွက် ဆေးသွားယူပေးပါဦးမယ်... ကျုပ် အားမနာတော့ဘူးနော်...”

ပြောရင်းဆိုရင်း သူသည် အပြင်ဘက်ကောင်တာတွင် ဝမ်ရန်မော့အတွက် ဆေးသွားယူပေးလိုက်သည်။

နှုတ်ဆက်ထွက်ခွာရန် ကိစ္စကိုမူ အလျင်လိုစရာ မရှိတော့ပေ။ ပိုက်ဆံလက်ခံထားပြီးဖြစ်ရာ သူ့ကို ခဏတာ ပိုပြီး စောင့်ရှောက်ပေးလိုက်ရပေမည်။ ပို့မယ့်ပို့ ကူးတို့ရောက်အောင် ပို့ရသည် မဟုတ်ပါလော။

ကောင်တာမှ ဆေးထုတ်များကို ယူဆောင်ပြီး ပြန်လှည့်လာစဉ်၊ အနောက်ဘက်မှ ဒေါသတကြီး အော်ဟစ်သံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။

“သူခိုးကောင်... ငါ့ရဲ့ ဝိညာဉ်ဆေးတွေကို ခိုးရဲတယ်ပေါ့...”

လှည့်ကြည့်လိုက်ရာ မုတ်ဆိတ်မွေးများနှင့် လူထွားကြီးတစ်ဦးသည် ဒေါသတကြီးအော်ဟစ်ရင်း သူ့ထံသို့ လက်ကြီးဖြင့် လှမ်းဖမ်းဆုပ်လိုက်သည်ကို တွေ့လိုက်ရသည်။

“ဟင်...” ချူလျန်သည် ကိုယ်ကိုတိမ်းပြီး ထိုဖမ်းဆုပ်မှုကို ရှောင်တိမ်းလိုက်သော်လည်း၊ ထိုလူထွားကြီးက အလွတ်မပေးဘဲ လက်နှစ်ဖက်ကို ဖြန့်ကာ နွယ်ပင်ရှည် (၁၀) ချောင်းအဖြစ် ပြောင်းလဲပြီး ချူလျန်ကို ရစ်ပတ်ရန် ကြိုးစားလာပြန်သည်။

ဤလူ၏ ရုတ်တရက် တိုက်ခိုက်လာမှုကြောင့် ချူလျန်တစ်ယောက် ကြောင်အသွားသော်လည်း၊ တစ်ဖက်လူက အတင်းအကျပ် ဖိအားပေးလာသဖြင့် နောက်ဆုတ်၍ မရတော့ပေ။

ကမန်းကတန်းပင် လက်ကို ဝှေ့ယမ်းလိုက်ပြီး 'သစ်ရွက်ပျံဓား' ကို ဦးစွာ ပစ်လွှတ်လိုက်ကာ၊ ဓားပျံဖြင့် မိမိကိုယ်ကို ကာကွယ်လိုက်လေသည်။

ရွှစ်...

သစ်ရွက်ပျံဓားသည် အစိမ်းရောင်အလင်းတန်းအဖြစ် လက်ခနဲ ပျံသန်းသွားပြီး လေခွင်းသံများ ထွက်ပေါ်လာရာ၊ ထိုလူထွားကြီးမှာ လန့်ဖျပ်ပြီး နောက်ဆုတ်လိုက်သော်လည်း မိမိတွင် မည်သည့်ဒဏ်ရာမရသည်ကို တွေ့လိုက်ရသဖြင့် အနည်းငယ် ကြောင်အသွားလေသည်။

သောက်ကျိုးနည်း… လွဲပြန်ပြီဟ...။

ချူလျန် သက်ပြင်းချလိုက်မိသည်။ သိပ်တော့ မထူးဆန်းလှပေ။

မည်သို့ပင်ဖြစ်စေ တစ်ဖက်လူ၏ တိုက်ခိုက်မှုကို ခဏတာ ဟန့်တားထားနိုင်ပြီး၊ မေးခွန်းမေးရန် အချိန်ရလိုက်သဖြင့် ရည်ရွယ်ချက် ပြည့်မြောက်ပြီ မဟုတ်ပါလော။

ထိုသို့ တွေးတောနေစဉ်ပင်၊ မလှမ်းမကမ်း ထောင့်တစ်နေရာမှ ရင်းနှီးနေသော အော်ဟစ်သံတစ်ခုက ထွက်ပေါ်လာလေသည်။

“အား...”

အခန်း (၁၁၆) - အန္တရာယ်မရှိသော နားလည်မှုလွဲမှားခြင်း

အစောပိုင်းက...။

လမ်းကြားထဲတွင် လေမီးဂိုဏ်းမှ သုံးယောက်အနက် ပိန်ပိန်ပါးပါးလူငယ်တစ်ယောက်သာ ကျန်ရစ်လေတော့၏။ မြေကြီးပေါ်တွင် လဲကျနေသော အစ်ကိုကြီးနှင့် ဒုတိယအစ်ကိုတို့ကို ကြည့်ရင်း၊ ၎င်းတို့ထံမှ ပစ္စည်းများကို ယူဆောင်ကာ ထွက်ပြေးသွားရန် စိတ်ကူးမဖြစ်မိသည်တော့ မဟုတ်ပေ။

သို့သော် သူသည် တောက်ထျယ်မြို့တွင် ခက်ခက်ခဲခဲ ရုန်းကန်နေရသူဖြစ်ပြီး၊ သူ့ကို လက်ခံမည့် ညီအစ်ကိုကောင်းများ တွေ့ရှိရန် မလွယ်ကူလှချေ။ ဤအချက်ကို တွေးမိသည်နှင့် ထိုစိတ်ကူးကို ချက်ချင်း ဖျောက်ဖျက်လိုက်လေသည်။

သူသည် အစ်ကိုကြီးနှင့် ဒုတိယအစ်ကိုတို့ကို ဆေးခန်းသို့ ခေါ်ဆောင်သွားပြီး သမားတော်အား ကုသပေးရန် တောင်းဆိုလိုက်၏။ ထို့နောက် အတွင်းခန်းရှိ ခုတင်များပေါ်သို့ ရွှေ့ပြောင်းပေးလိုက်သည်။

ဤဆေးခန်းသည် မြို့တောင်ဘက်ရှိ အကြီးဆုံးဆေးခန်းဖြစ်ပြီး လူနာအလွန်များပြားကာ၊ ဤကဲ့သို့သော အတွင်းခန်းပေါင်း (၁၀)ခန်းကျော်ရှိပြီး အခန်းတိုင်းတွင် ခုတင် (၇)လုံး၊ (၈)လုံးခန့် ရှိလေသည်။

လူကောင်ထွားထွားလူငယ်နှင့် ပုပုဝဝလူငယ်တို့၏ ဒဏ်ရာများမှာ ပြင်ပဒဏ်ရာများသာ ဖြစ်သဖြင့်၊ ကျင့်ကြံသူများအတွက်မူ အနည်းငယ် ပတ်တီးစည်းပြီး ဆေးထည့်လိုက်ရုံဖြင့် အချိန်တိုအတွင်း ပြန်ကောင်းလာနိုင်သည်။ ထို့ကြောင့် ကုသမှုမှာ အလျင်အမြန် ပြီးဆုံးသွားလေ၏။

နှစ်ယောက်သား သတိရလာသောအခါ လူကောင်ထွားထွားလူငယ်က ပိန်ပိန်ပါးပါးလူငယ်ကို အပြစ်တင်လေတော့သည်။ "ညီလေးရာ... မင်း ငါတို့အခြေအနေကို မသိတာလည်း မဟုတ်ဘဲနဲ့... ဒဏ်ရာသေးသေးလေးရတာကို ဆေးခန်းခေါ်လာရသလား... ဒီဆေးဖိုးအတွက် ငါတို့ ဘယ်လောက်ကြာကြာ ရှာရဦးမှာလဲ…"

"အစ်ကိုကြီး... အစ်ကို့ဒဏ်ရာက မပြင်းထန်ပေမဲ့... ဒုတိယအစ်ကိုက သေတော့မလို ဖြစ်နေပြီလေ" ပိန်ပိန်ပါးပါးလူငယ်က အားငယ်စွာ ပြန်ပြောလိုက်သည်။

"ပေါက်ကရတွေ…" ဘေးနားတွင် မှောက်နေသော ပုပုဝဝလူငယ်က ခေါင်းထောင်ကာ ပြောလိုက်သည်။

"ငါက ခန္ဓာကိုယ်ကို သံမဏိလိုဖြစ်အောင် ကျင့်ကြံထားတဲ့ သိုင်းပညာရှင်ကွ... ဒီလောက် ဒဏ်ရာသေးသေးလေးကို ‌မှုစရာလား... ဓားတစ်ချက် အခုတ်ခံရရုံမကလို့၊ နောက်တစ်ချက် ထပ်ခုတ်ခံရတောင် ဘာမှမဖြစ်ဘူး…"

သူသည် သိုင်းပညာရှင်ဖြစ်သဖြင့် သွေးလေအားကောင်းကာ ဒဏ်ရာကို ပတ်တီးစည်းလိုက်သည်နှင့် လျင်မြန်စွာ သက်သာလာပြီး၊ ယခုအခါ အတော်လေး လန်းဆန်းနေပြီ ဖြစ်၏။ ပိန်ပိန်ပါးပါးလူငယ်ခမျာ ၎င်းတို့ကို ဆေးခန်းပို့ပေးပြီးမှ အဆူခံလိုက်ရသဖြင့် ခေါင်းငုံ့နေရရှာသည်။

"ထားလိုက်ပါတော့" လူကောင်ထွားထွားလူငယ်က ၎င်းကို ကြည့်ပြီး ဆက်မပြောတော့ဘဲ၊ ညီအစ်ကိုနှစ်ယောက်၏ ပခုံးကိုပုတ်ကာ ကျယ်လောင်စွာ ပြောလိုက်လေသည်။

"အခုချိန်မှာ ငါတို့ညီအစ်ကိုတွေရဲ့ အခြေအနေက ခက်ခဲနေသေးတော့ ဆေးဖိုးဝါးခကိုတောင် တွက်ချက်နေရတယ်... ငါ ကျိန်ဆိုတယ်... မင်းတို့ကို လူရာဝင်အောင် ငါ ဦးဆောင်ပေးပါ့မယ်... နောက်ဆိုရင် ဘယ်လောက်ပဲ အရိုက်ခံရပါစေ ဆေးဖိုးအတွက် ပူစရာမလိုအောင်ကို ထားပေးမယ်"

"အစ်ကိုကြီး... ကျွန်တော် ယုံတာပေါ့" ပုပုဝဝလူငယ်က သွေးကြွစွာဖြင့် ထောက်ခံလိုက်၏။

ပိန်ပိန်ပါးပါးလူငယ်ကမူ တွန့်ဆုတ်စွာဖြင့် "အစ်ကိုကြီး... တကယ်လို့ တစ်နေ့ကျရင် လူရာဝင်လာပြီဆိုရင်... ကျွန်တော်တို့ အရိုက်မခံရတော့ရင် မကောင်းဘူးလား" ဟု မေးလိုက်လေသည်။

လူကောင်ထွားထွားလူငယ်မှာ ဆွံ့အသွားရပြီး ခဏကြာမှ ဆဲဆိုလိုက်သည်။ "ချီးတဲ့မှ… မင်းက စကားများလိုက်တာ... သွား... ဆေးသွားယူချေ"

ပိန်ပိန်ပါးပါးလူငယ်ခမျာ ဆေးယူရန် ထွက်ခွာသွားရတော့သည်။ သို့သော် မကြာမီတွင် သူသည် ပြန်ပြေးဝင်လာပြီး "အစ်ကိုကြီး... ဒုတိယအစ်ကို... ကျွန်တော်တို့ကို ရိုက်သွားတဲ့လူ…"

"ဟင်"

လူကောင်ထွားထွားနှင့် ပုပုဝဝလူငယ်တို့နှစ်ဦးစလုံး လန့်ဖျပ်သွားကြပြီး၊ ထရပ်ကာ ပိန်ပိန်ပါးပါးလူငယ် ညွှန်ပြရာသို့ တိတ်တဆိတ် ချောင်းကြည့်လိုက်ကြသည်။

အစောပိုင်းက ၎င်းတို့သုံးယောက်ကို မျက်စိတစ်မှိတ်အတွင်း အနိုင်ယူလိုက်သော အဖိုးတန်ဝတ်စုံနှင့် လူငယ်လေးသည်၊ ဒဏ်ရာရထားသော အဖြူရောင်ဝတ်စုံနှင့် အမျိုးသားတစ်ဦးကို ခေါ်ဆောင်လာပြီး အပြင်ခန်းမတွင် သမားတော်နှင့် ပြသနေသည်ကို တွေ့လိုက်ရလေသည်။

"ဘယ်လိုလုပ်ကြမလဲ" ဟု လူကောင်ထွားထွားလူငယ်က လန့်သွားပြီး နောက်လှည့်ကာ ပြောလိုက်သည်။

"ငါတို့က သေချာပေါက် သူ့ပြိုင်ဘက် မဟုတ်ဘူး... လက်စားချေဖို့တော့ မစဉ်းစားနဲ့တော့... ထွက်ပြေးကြမလား"

"အစ်ကိုကြီး... ကျွန်တော့်မှာ အကြံတစ်ခု ရှိတယ်" ပုပုဝဝလူငယ်က ရုတ်တရက် ပြောလိုက်လေသည်။ ၎င်း၏ မျက်ပေါက်ကျဉ်းကျဉ်းလေးများထဲတွင် ဉာဏ်များသော အရိပ်အရောင်များ တောက်ပနေချေသည်။

...

ထိုအဖိုးတန်ဝတ်စုံနှင့် လူငယ်လေးက အဖြူရောင်ဝတ်စုံနှင့် အမျိုးသားကိုတွဲပြီး အခြားအခန်းတစ်ခန်းထဲသို့ ဝင်သွားမှသာ၊ လူငယ်သုံးဦးသည် တိတ်တဆိတ် ထွက်လာကြသည်။

ခန်းမထဲတွင် ခေတ္တမျှ စောင့်ဆိုင်းနေပြီးနောက်၊ မုတ်ဆိတ်မွေးများနှင့် လူထွားကြီးတစ်ဦး ဆေးလာဝယ်သည်ကို တွေ့လိုက်ရလေသည်။ တတိယအဆင့် ကျင့်ကြံခြင်းရှိသူချင်း အတူတူပင် ဖြစ်သော်လည်း၊ ကြည့်ရသည်မှာ အလွန်ပင် ခက်ထန်ကြမ်းတမ်းမည့်ပုံ ပေါက်နေ၏။

"ဒီလူ့ ပုံစံကြည့်ရတာ တော်တော် ကြမ်းမယ့်ပုံပဲ... သူနဲ့ လုပ်ကြမယ်" လူကောင်ထွားထွားလူငယ်က ပိန်ပိန်ပါးပါးလူငယ်ကို တွန်းလိုက်သည်။

ပိန်ပိန်ပါးပါးလူငယ်က တွန့်ဆုတ်နေသော်လည်း အားတင်းပြီး သွားလိုက်ရသည်။ ထိုမုတ်ဆိတ်မွေးနှင့်လူထွားကြီး ဆေးဝယ်ပြီးချိန်တွင် ခေါင်းငုံ့လမ်းလျှောက်သည့် ဟန်ဆောင်ကာ ဝင်တိုက်လိုက်လေသည်။

"ဟမ်…" လူထွားကြီးက မျက်ခုံးပင့်လိုက်သည်။ အမှန်တကယ်ပင် ဒေါသကြီးမည့်ပုံ ပေါက်နေချေသည်။

"တောင်းပန်ပါတယ်... တောင်းပန်ပါတယ်" ဟု ပိန်ပိန်ပါးပါးလူငယ်က တရစပ် တောင်းပန်လိုက်ပြီး၊ အတွင်းခန်းထဲသို့ လှစ်ခနဲ ပြေးဝင်သွားတော့သည်။

"ဟမ့်…" လူထွားကြီးက နှာခေါင်းရှုံ့လိုက်ပြီး ဂရုမစိုက်တော့ဘဲ အပြင်သို့ ခြေလှမ်းကျဲကြီးဖြင့် ထွက်ခွာသွားလေသည်။ တံခါးဝသို့ ရောက်ခါနီးတွင် လူတစ်ယောက်၏ တားဆီးခြင်းကို ခံလိုက်ရပြန်သည်။

"ဒီက အစ်ကိုကြီး... ခင်ဗျား ဆေးပင်တွေ ဘာတွေ ပျောက်သွားသေးလား…" ပုပုဝဝလူငယ်တစ်ဦးက အနားကပ်လာပြီး ခပ်တိုးတိုး မေးလိုက်သည်။

"အမ်…." လူထွားကြီးမှာ အံ့သြသွားရပြီး၊ သိုလှောင်မှော်ဝင်ပစ္စည်းထဲသို့ ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ရာ၊ မိမိဝယ်ထားသော ဝိညာဉ်ဆေးပင်တစ်ပင်မှာ အမှန်တကယ် ပျောက်ဆုံးနေသည်ကို တွေ့ရှိလိုက်ရသဖြင့် ချက်ချင်း မေးမြန်းလိုက်သည်။

"ဒါ ဘယ်လိုဖြစ်တာလဲ"

"ဟိုဘက်နားက လူတစ်ယောက်က ခင်ဗျားရဲ့ ဆေးပင်ကို ခိုးပြီး သူ့လင်ပန်းထဲ ထည့်လိုက်တာ ကျွန်တော် တွေ့လိုက်တယ်... ခင်ဗျား သတိမထားမိလိုက်ဘူး... ဟုတ်တယ် ဟိုဘက်မှာ... သူ ယူသွားတော့မယ်" ပုပုဝဝလူငယ်က လက်ညှိုးထိုးပြလိုက်သည်။

လူထွားကြီး လှည့်ကြည့်လိုက်ရာ၊ ကောင်တာမှ ဆေးယူပြီး လင်ပန်းကိုင်ကာ ပြန်လာသော ချူလျန်ကို အမှန်တကယ်ပင် တွေ့လိုက်ရပြီး၊ ထိုလင်ပန်းထဲတွင် မိမိ၏ ဝိညာဉ်ဆေးပင် ရှိနေသည်ကို မြင်လိုက်ရလေသည်။

"တွေ့ကြပြီပေါ့ကွာ... ဘယ်သူခိုးကောင်က ငါနဲ့ လာရှုပ်ရဲတာလဲ…" လူထွားကြီးမှာ ဒေါသအိုးပေါက်ကွဲသွားပြီး၊ ချူလျန်ဆီသို့ ပြေးသွားလေတော့သည်။

၎င်းနောက်တွင်မူ လူငယ်သုံးဦးသည် တစ်နေရာတည်း စုစည်းလိုက်ကြပြီး၊ ထောင့်တစ်နေရာမှနေ၍ ခေါင်းပြူကာ ပွဲကြည့်နေကြတော့သည်။ ထိုလူထွားကြီးသည် စကားတစ်ခွန်းပင် မဆိုဘဲ ချူလျန်အား ဝင်ရောက်တိုက်ခိုက်သည်ကို တွေ့လိုက်ရလေသည်။

လူကောင်ထွားထွားလူငယ်က ရယ်မောလိုက်ပြီး "ဒုတိယညီလေး... မင်းက တကယ့် ဉာဏ်ကြီးရှင်ပဲ…"

"ဟီးဟီး… ဒါပေါ့..." ပုပုဝဝလူငယ်ခမျာ စကားမဆုံးသေးမီပင် ရပ်တန့်သွားရသည်။

အဘယ်ကြောင့်ဆိုသော် ဟိုဘက်ခြမ်းမှ ချူလျန်သည် လက်ကို မြှောက်လိုက်ပြီး၊ အစိမ်းရောင် လခြမ်းကွေးအလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်သည်ကို မြင်လိုက်ရသောကြောင့် ဖြစ်၏။

ထက်ရှသော ဓားအလင်းတန်းသည် လှစ်ခနဲ ပျောက်ကွယ်သွားလေသည်။ အကြောင်းရင်းမရှိဘဲ မကောင်းသော နိမိတ်တစ်ခုကို သူ့ခမျာ ခံစားလိုက်ရသည်။

"အစ်ကိုကြီး... ညီလေး... ငါ့ကျောကုန်းမှာ ဓားစိုက်နေလား ကြည့်ပေးစမ်းပါဦး" ဟု ၎င်းက တည်ငြိမ်စွာ မေးလိုက်တော့သည်။

လူကောင်ထွားထွားလူငယ်နှင့် ပိန်ပိန်ပါးပါးလူငယ်တို့ ကြည့်လိုက်ကြပြီး တိတ်တဆိတ် ခေါင်းညိတ်လိုက်ကြသည်။

"အား…" ပုပုဝဝလူငယ်မှာ အော်ဟစ်လိုက်ရပြီး၊ နောက်တစ်ကြိမ် မြေကြီးပေါ်သို့ ဘုန်းခနဲ လဲကျသွားရပြန်သည်။

"မကောင်းတော့ဘူး... ဟိုလူကို ဒီဘက်ဆွဲခေါ်လာမိလိမ့်မယ်…" လူကောင်ထွားထွားလူငယ်က မြင်လိုက်သည်နှင့်၊ ချူလျန်တွေ့ရှိသွားမည်ကို ကြောက်ရွံ့သဖြင့် အံကြိတ်ကာ ပြောလိုက်သည်။

"မြန်မြန် ထွက်ပြေးကြစို့…"

ပြောပြီးသည်နှင့် ပုပုဝဝလူငယ်၏ ကိုယ်ပေါ်မှ သစ်ရွက်ပျံဓားကို ဆွဲနုတ်လိုက်ပြီး ဘေးနားသို့ လွှင့်ပစ်လိုက်လေသည်။ ချူလျန်တစ်ယောက် မှော်ဝင်ပစ္စည်း အာရုံခံနိုင်စွမ်းဖြင့် လိုက်လာမည်ကို စိုးရိမ်သောကြောင့် ဖြစ်ချေသည်။

ဓားနုတ်ခံလိုက်ရသော ပုပုဝဝလူငယ်၏ ကျောပေါ်တွင် ကြက်ခြေခတ်ပုံစံ ဒဏ်ရာအကြီးကြီးတစ်ခု ဖြစ်ပေါ်နေပြီး၊ သွေးများ ပန်းထွက်လာတော့သည်။

ဘွက်…

...

တစ်ဖက်တွင်မူ မုတ်ဆိတ်မွေးနှင့်လူထွားကြီးသည်၊ ချူလျန်က ဓားပျံထုတ်ပြီး ကာကွယ်လိုက်သည်ကို မြင်သောအခါ လှုပ်ရှားမှု ရပ်တန့်သွားပြီး တိုက်ခိုက်မှုကို ရပ်ဆိုင်းလိုက်လေသည်။

"ရှုတောင်ဂိုဏ်းကလား…"

"ဟုတ်ပါတယ်" ချူလျန်က ဖြေလိုက်သည်။

"ကျုပ်က မုဝေဂိုဏ်းက တပည့်ပါ…" ထိုလူထွားကြီးက တန်ခိုးစွမ်းရည်များကို ရုပ်သိမ်းလိုက်ပြီး မေးလိုက်သည်။

"မြင့်မြတ်ဂိုဏ်း (၉)ဂိုဏ်းက တပည့်ဖြစ်ပြီးတော့ ဘာလို့ ကျုပ်ရဲ့ ဝိညာဉ်ဆေးပင်ကို ခိုးရတာလဲ"

"ဘာစကားပြောတာလဲ" ချူလျန်က နားမလည်နိုင်စွာ ပြန်မေးလိုက်ရသည်။

မုဝေဂိုဏ်းကို သူ ကြားဖူးလေသည်။ ကောင်းကင်ကြယ်တာရာဂိုဏ်း ပြိုကွဲပြီးနောက် ခွဲထွက်လာသော ဂိုဏ်းငယ်လေးတစ်ခုဖြစ်ပြီး များစွာမထင်ရှားလှပေ။

လူထွားကြီးက ရှေ့တိုးလာပြီး ချူလျန်၏ လင်ပန်းထဲမှ ရွှေရောင်ဆေးပင်တစ်ပင်ကို လက်ညှိုးထိုးပြလိုက်၏။

"ဒါ ကျုပ် အခုလေးတင် ဝယ်ထားတဲ့ ဆေးပင်ပဲ... ဘာလို့ ခင်ဗျားရဲ့ လင်ပန်းထဲ ရောက်နေတာလဲ…"

ချူလျန်လည်း ထိုအခါမှ သတိထားမိလိုက်သည်။ လင်ပန်းထဲရှိ ဆေးပင်မှာ သမားတော်ညွှန်ကြားထားသည် မဟုတ်သလို၊ ၎င်း ပေးဆောင်လိုက်သော ဆေးဖိုးနှင့်လည်း ဤကဲ့သို့ ဝိညာဉ်ဆေးပင်မျိုး ရရှိနိုင်ရန် မဖြစ်နိုင်ပေ။

သူလည်း တည်ငြိမ်စွာ ခေါင်းခါလိုက်သည်။ "ကျုပ်လည်း မသိဘူး... ဆေးခန်းက လူတွေ မှားထည့်လိုက်တာ ဖြစ်မယ်... တကယ်လို့ ခင်ဗျားဟာဆိုရင်လည်း ပြန်ယူသွားလိုက်ပါ... ဘာလို့ လူကို တန်းပြီး တိုက်ခိုက်ရတာလဲ…"

လူထွားကြီးက ၎င်းကို ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။ "ဖြစ်နိုင်ပါတယ်... ကျုပ် စိတ်လောသွားမိတယ်... ဆေးပင် ပြန်လိုချင်ဇောနဲ့ပါ... စော်ကားမိတာ ရှိရင် ခွင့်လွှတ်ပါ…"

"ကိစ္စမရှိပါဘူး…"

"ကောင်းပြီ…"

ပြောပြီးသည်နှင့် ၎င်းသည် ဆေးပင်ကို ယူဆောင်ကာ ပြန်လှည့်ထွက်ခွာသွားလေသည်။

ချူလျန်သည် ၎င်း၏ ကျောပြင်ကို ကြည့်ရင်း၊ ဤလူမှာ စိတ်လောတတ်သော်လည်း အမှားအမှန် ခွဲခြားတတ်သူ ဖြစ်ကြောင်း တွေးမိလိုက်၏။ ရှုတောင်ဂိုဏ်းသားဖြစ်ကြောင်း သိသည်နှင့် ချက်ချင်း လက်ရှောင်လိုက်သည် မဟုတ်ပါလော။

ထို့နောက် ၎င်းသည် သစ်ရွက်ပျံဓား ကျရောက်သွားသော နေရာသို့ သွားရောက်ကြည့်ရှုလိုက်ရာ၊ သွေးစွန်းနေသော မှော်ဝင်ပစ္စည်းနှင့် သွေးကွက်များကိုသာ တွေ့ရပြီး၊ ဒဏ်ရာရသူကိုမူ မတွေ့ရပေ။

အစောပိုင်းက အော်သံကြားလိုက်ရသဖြင့်၊ သစ်ရွက်ပျံဓားက သူတစ်ပါးကို ထိခိုက်မိသွားမည်ကို စိုးရိမ်ခဲ့သော်လည်း၊ အမှန်တကယ်ပင် ထိခိုက်မိသွားပုံ ရလေသည်။

သို့သော် ထိုလူက အဘယ်ကြောင့် ထွက်ပြေးသွားရသနည်း။

လျော်ကြေးတောင် မတောင်းတော့ဘူးလား…။

ဒါက...။

တကယ်ကို ကြင်နာတတ်တဲ့ လူကောင်းပါပဲ…။

အတွင်းခန်းသို့ ပြန်ရောက်သောအခါ ဆေးများ ကျိုချက်ပြီးနေပြီ ဖြစ်၏။ ဝမ်ရန်မော့က လဲလျောင်းနေရင်း မေးလိုက်သည်။ "စောစောက အပြင်မှာ ဆူညံသံတွေ ကြားလိုက်ရတယ်... ဘာဖြစ်တာလဲ…"

"အန္တရာယ်မရှိတဲ့ နားလည်မှုလွဲမှားခြင်းလေးပါပဲ…" ချူလျန်က ခေါင်းခါလိုက်ပြီး ဆက်ပြောလိုက်သည်။

"အစ်ကိုဝမ်ရန်... ကျုပ် ဆေးကို ဒီမှာ ထားခဲ့ပေးမယ်... အရင်သွားနှင့်တော့မယ်... လုပ်စရာကိစ္စလေးတွေ ရှိသေးလို့…"

"ကောင်းပါပြီ... အစ်ကိုချူ ဒီလောက်ထိ ကူညီပေးတာကိုပဲ ကျေးဇူးတင်လှပါပြီ…" ဝမ်ရန်မော့က ရိုးသားစွာ ပြောလိုက်သည်။

"ဆုံတွေ့ရတာ ရေစက်ပါပဲ... နောင်ဆိုရင် ကျုပ်တိုတွေ မိတ်ဆွေတွေ ဖြစ်သွားပြီပေါ့…"

"ကောင်းတာပေါ့ဗျာ" ချူလျန်လည်း ပြုံးလိုက်မိသည်။

ဝမ်ရန်မော့ကို နှုတ်ဆက်ပြီး ဆေးခန်းမှ ထွက်လာသောအခါ မိုးချုပ်နေပြီ ဖြစ်လေသည်။ တောက်ထျယ်မြို့ထဲတွင် တစ်နေကုန် လည်ပတ်နေသော်လည်း၊ ပထမတန်းစား ဓားလုပ်ငန်းသို့ မရောက်ရှိသေးပေ။ သို့သော် သူသည် နောက်ကျမှသာ သွားမည်ဟု စီစဉ်ထားသည်။

အရင်ဆုံး ကြိုးကြာနီဒင်္ဂါးအချို့ လဲလှယ်ပြီး၊ သားရဲတစ်သောင်းခန်းမဆောင်သို့ သွားရောက်ကာ လူမျက်နှာရှောင်ကို ဝယ်ယူရပေမည်။ ချီစက်ဝန်းရုပ်သေးကိစ္စမှာ အရေးကြီးသဖြင့် အချိန်မဆွဲချင်တော့ပေ။

ယခင်က အရှိန်အဝါဖုံးကွယ်ပဝါပါး ဝယ်ယူရာတွင် (၇၀၀) ကုန်ကျခဲ့ပြီး၊ ယခု (၈၀၀) ထပ်မံ လိုအပ်သဖြင့်၊ စုစုပေါင်း (၁၅၀၀) ကုန်ကျမည် ဖြစ်၏။ အကယ်၍ ဝမ်ရန်မော့က နဂါးစိမ်းဒင်္ဂါးတစ်ပြား ထောက်ပံ့မပေးခဲ့လျှင် ၎င်း၏ စုဆောင်းငွေဖြင့် လုံလောက်မည် မဟုတ်ပေ။

မြို့တံခါးဝတွင် ကြိုးကြာနီဒင်္ဂါးများ လဲလှယ်ပြီးနောက်၊ သားရဲတစ်သောင်းခန်းမဆောင်သို့ ပြန်ရောက်လာသောအခါ ညဉ့်နက်နေပြီ ဖြစ်သည်။ သို့သော် တောက်ထျယ်မြို့တွင် ညမထွက်ရအမိန့် မရှိသဖြင့်၊ ညအချိန်တွင် ပိုမို စည်ကားနေလေ၏။

အိမ်ခြေပေါင်းများစွာမှ မီးရောင်များ လင်းလက်နေပြီး၊ ကောင်းကင်မှ ကြည့်လိုက်လျှင် ကြယ်တာရာများအလား ဖြစ်နေချေသည်။

၎င်းသည် သားရဲတစ်သောင်းခန်းမဆောင် အပြင်ဘက်သို့ ရောက်ရှိလာပြီး၊ တံခါးခေါက်ရန် ပြင်လိုက်စဉ်၊ ရုတ်တရက် ပုံမှန်မဟုတ်သော အငွေ့အသက်တစ်ခုကို အာရုံခံမိလိုက်တော့သည်။

"ဂရား…"

All Chapters