အခန်း (၁၁၇-၁၁၈)
Vol. 12 Ch. 117-118
အခန်း (၁၁၇) - သူက မင်းနောက်ကိုလိုက်၊ မင်းက သူ့နောက်ကိုလိုက်
သားရဲတစ်သောင်းခန်းမ၏ နောက်ဖေးဝင်းရှိ လေသာဆောင်ခန်းမကြီးအတွင်း၌…။
မျက်နှာထားတည်ကြည်လှပသော ဝတ်ရုံနီနှင့်အမျိုးသမီးတစ်ဦးသည် ထိုင်ခုံတွင်ထိုင်နေပြီး၊ သူမ၏အကြည့်များသည် စူးရှတောက်ပနေချေသည်။ သူမ၏ဘေးတစ်ဖက်တစ်ချက်တွင် လူနှစ်ဦး မတ်တပ်ရပ်နေကြရာ၊ ဘယ်ဘက်တွင် ဂုဏ်သရေရှိသော အသွင်ရှိသည့် ဝတ်ရုံရှည်ဖြင့် လူလတ်ပိုင်းအမျိုးသားတစ်ဦးနှင့် ညာဘက်တွင် မုတ်ဆိတ်ရှည်များနှင့်အဘိုးအိုတစ်ဦးတို့ ဖြစ်ကြလေ၏။
“ဒုတိယဦးလေး... အစောပိုင်းက ဘာတွေသွားလုပ်နေတာလဲ...”
ခေတ္တမျှ အကဲခတ်ကြည့်ပြီးနောက်၊ အမျိုးသမီးက မေးခွန်းထုတ်လိုက်သည်။ သူမ၏လေသံမှာ နှုတ်ဆက်စကားနှင့်တူနေသော်လည်း အမှန်တကယ်တွင်မူ စစ်ဆေးမေးမြန်းနေခြင်းပင် ဖြစ်ချေသည်။
ဝတ်ရုံရှည်ဝတ် လူလတ်ပိုင်းအမျိုးသားက ပြုံးပြီး ပြောလိုက်သည်။
“ဟုန်ချိုးရေ... မင်းလည်းသိတဲ့အတိုင်းပဲ... ကျုပ်တို့သားရဲတစ်သောင်းခန်းမက အရောင်းအဝယ် အရမ်းသွက်တာလေ... တောက်ထျယ်မြို့ထဲမှာ လှည့်လည်ပြီး ဧည့်သည်တွေနဲ့ ဆက်ဆံရတာတွေ ရှိတာပေါ့... မင်းကလည်း ရုတ်တရက်ကြီး ရောက်လာတာဆိုတော့... ကျုပ်လည်းသတင်းရတာနဲ့ ချက်ချင်းပြန်လာခဲ့တာပါ...”
ခန်းမဆောင်အတွင်းသို့ လေတိုးသံနှင့်အတူ ဖယောင်းတိုင်မီးရောင်များမှာ လှုပ်ခတ်သွားတော့၏။
“သားရဲတစ်သောင်းခန်းမက အရောင်းအဝယ် တကယ်ပဲ သွက်နေတာလား...”
ဝတ်ရုံနီနှင့်အမျိုးသမီးက အနည်းငယ်အံ့သြဟန်ပြုလိုက်ပြီး “ဒါဆိုရင် ဘာလို့ ဒီနှစ်တွေအတွင်း အပ်နှံတဲ့အမြတ်ငွေတွေက ပိုပိုပြီးနည်းလာရတာလဲ...” ဟု မေးလိုက်လေသည်။
“ဟားဟား...” လူလတ်ပိုင်းအမျိုးသားက ထပ်မံ၍ ရယ်မောလိုက်ပြီး “စီးပွားရေးကိစ္စတွေကို မင်းနားမလည်သေးပါဘူး... အရောင်းအဝယ်ကောင်းရင်တောင် အမြတ်အစွန်းဆိုတာ အတက်အကျ ရှိတတ်တယ်...”
“အဟမ်း...” ဘေးနားရှိ မုတ်ဆိတ်ရှည်နှင့်အဘိုးအိုက ချောင်းတစ်ချက်ဟန့်လိုက်ပြီး ထိုသူ၏စကားကို ဖြတ်ပြောလိုက်လေသည်။
သူသည် လေးနက်သောလေသံဖြင့် “ရွှီနန်လင်... မင်းဘယ်သူနဲ့ စကားပြောနေလဲဆိုတာ သတိထားဦး... အခုသခင်မလေးက ဂိုဏ်းချုပ်ကြီးရဲ့ အမိန့်တံဆိပ်ပြားကို ကိုင်ဆောင်ပြီး နယ်မြေအသီးသီးကို လာရောက်စစ်ဆေးနေတာ... ပြောသင့်တာကိုပြောပြီး မပြောသင့်တာကို ရှောင်ပါ... ရိုရိုသေသေလည်း ဆက်ဆံပါ...”
ထိုသူသည် အဘိုးအိုအပေါ်တွင် အတော်လေးရိုသေဟန်ရှိသဖြင့်၊ ထိုစကားကို ကြားသောအခါ ချက်ချင်းပင် ခေါင်းညိတ်လိုက်ပြီး “အကြီးအကဲချန်းရှင်း သတိပေးတာ မှန်ပါတယ်...”
ဤလူသုံးဦးမှာ ပင်လယ်လေးစင်း ဝေလငါးဂိုဏ်းမှ သခင်မလေး ရွှီဟုန်ချိုး၊ မြောက်ပိုင်းဝေလငါးဂိုဏ်းမှ အကြီးအကဲချန်းရှင်းနှင့် တောက်ထျယ်မြို့ သားရဲတစ်သောင်းခန်းမ၏ တာဝန်ခံ ရွှီနန်လင်တို့ ဖြစ်ကြလေ၏။
ယခုအခါ ဂိုဏ်းချုပ်သစ်ရွေးချယ်ပွဲ နီးကပ်လာပြီဖြစ်သဖြင့်၊ တမန်တော်များအား ဂိုဏ်းချုပ်ကြီး၏ အမိန့်တံဆိပ်ပြားဖြင့် အရပ်ရပ်သို့ စေလွှတ်၍ စစ်ဆေးခိုင်းခြင်းမှာ ထုံးစံတစ်ခုပင် ဖြစ်သည်။
ဤသည်မှာ မိမိတို့လက်ထဲတွင် အာဏာရှိနေစဉ်အတွင်း ဝေလငါးဂိုဏ်း လေးခု၏ အတွင်းပိုင်းတွင် မသမာမှုများ ရှိမရှိစစ်ဆေးပြီး၊ နောက်ထပ်သက်တမ်းအတွက် ရွေးကောက်ပွဲတွင် အားသာချက်ရရှိစေရန် ပြင်ဆင်ခြင်းလည်း ဖြစ်ပေသည်။
လက်ရှိဂိုဏ်းချုပ်ကြီး ရွှီပါ့ရှန်း၏ အခြေခံအင်အားမှာ မြောက်ပိုင်းဝေလငါးဂိုဏ်း ဖြစ်လေသည်။ သူသည် ထိုစဉ်က မြောက်ပိုင်းဝေလငါးဂိုဏ်း၏ ခေါင်းဆောင်အဖြစ်မှ အနားယူပြီးမှသာ ဂိုဏ်းချုပ်ကြီးအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်၏။
တောက်ထျယ်မြို့ရှိ ဆိုင်အနည်းငယ်မှာ မြောက်ပိုင်းဝေလငါးဂိုဏ်း၏ အဓိကအရင်းအမြစ်များ ဖြစ်ကြပြီး၊ ဤသားရဲတစ်သောင်းခန်းမမှာလည်း တစ်ခုအပါအဝင် ဖြစ်လေသည်။ ၎င်းကို ရွှီပါ့ရှန်း၏ ဆွေမျိုးတော်စပ်သူ ရွှီနန်လင်အား အမြဲတစေ စီမံခန့်ခွဲခိုင်းထားခြင်း ဖြစ်ပေ၏။
ထို့ကြောင့်လည်း ရွှီဟုန်ချိုးက ဤနေရာသို့ ရောက်ရှိလာခြင်း ဖြစ်လေသည်။
အကြီးအကဲချန်းရှင်းက ရွှီနန်လင်အား သတိပေးပြီးနောက်၊ ရွှီဟုန်ချိုးက ဖြည်းညင်းစွာ စကားစလိုက်သည်။
“ဒုတိယဦးလေးက ကျမရဲ့ဆွေမျိုးတစ်ယောက်ဆိုတော့... ကျမအပေါ်မှာ ရိုသေတာ မရိုသေတာက အရေးမကြီးပါဘူး... ဒါပေမဲ့ အလုပ်ကိစ္စအရ ဆိုရင်တော့ ဒုတိယဦးလေးဆီကနေ တိကျတဲ့အဖြေတစ်ခုကို မျှော်လင့်တယ်...”
“ဟူး...” ရွှီနန်လင်က သက်ပြင်းချလိုက်ပြီး “စီးပွားရေးမှာ အမြတ်အစွန်းအတက်အကျ ရှိတာကတော့ ထုံးစံပါပဲ... ဒီနှစ်တွေထဲ တောက်ထျယ်မြို့ထဲမှာ ဝိညာဉ်သားရဲ ရောင်းတဲ့ဆိုင်တွေ များလာတော့... ကျုပ်တို့လည်း ပြိုင်ဆိုင်နိုင်ဖို့အတွက် ဈေးနှုန်းတွေ လျှော့ချခဲ့ရတယ်လေ... ကျုပ်လည်း အပင်ပန်းခံပြီး လုပ်ကိုင်နေရတာပါ...”
“ဒုတိယဦးလေးရဲ့ ပင်ပန်းမှုကို ကျမနားလည်ပါတယ်... ဒါဆိုရင် သားရဲတစ်သောင်းခန်းမရဲ့ စာရင်းအင်းတွေကို ကျမကို ထုတ်ပြပေးပါ... တစ်ချက်ကြည့်လိုက်ရင် အားလုံးရှင်းသွားမှာပါ...” ရွှီဟုန်ချိုးက ရုတ်တရက် ပြောလိုက်လေသည်။
ရွှီနန်လင်၏ မျက်နှာမှာ ပျက်သွားပြီး မျက်ခုံးပင့်ကာ မေးလိုက်သည်။ “မင်းက ကျုပ်ကို သံသယဝင်နေတာလား...”
“ဒါက ဂိုဏ်းရဲ့ပိုင်ဆိုင်မှုလေ... ကျမက ဂိုဏ်းချုပ်ကြီးရဲ့ အမိန့်တံဆိပ်ပြားနဲ့ စာရင်းစစ်ဆေးတာက သဘာဝကျပါတယ်... ဒုတိယဦးလေးက ဘာလို့ဒီလိုပြောနေရတာလဲ...” ရွှီဟုန်ချိုးက သူမ၏အေးစက်သော အကြည့်များဖြင့် သူ့အား စိုက်ကြည့်နေဆဲ ဖြစ်၏။
“နှစ်တိုင်း နှစ်ကုန်ရင် ကျုပ်က ဂိုဏ်းချုပ်ကြီးဆီကို စာရင်းတွေ အမြဲပို့ပေးနေတာ... ဘယ်တုန်းကမှ ပြဿနာမရှိခဲ့ဖူးဘူး... အခု မင်းက ရုတ်တရက်ကြီး စာရင်းစစ်မယ်ဆိုတော့ ကျုပ်ကို သံသယဝင်နေတာ သိသာနေတာပဲ...” ရွှီနန်လင်က အနည်းငယ်ဒေါသထွက်ဟန် ပြလိုက်လေသည်။
“အမှန်ပဲ...” ရွှီဟုန်ချိုးက တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။
သူမ၏ဆိုလိုရင်းမှာ ရှင်းလင်းလှပေသည်။
ကျမက ရှင့်ကို သံသယဝင်နေတာ... အဲဒီတော့ ဘာဖြစ်သလဲ…။
သူမ၏ ပွင့်လင်းလွန်းလှသော ဝန်ခံမှုကြောင့် ရွှီနန်လင်၏ စိတ်ခံစားချက်မှာ ခဏတာမျှ ရပ်တန့်သွားပြီး ကြောင်အသွားရလေသည်။ အတော်ကြာမှသာ စကားတစ်ခွန်းကို မနည်းပြောလိုက်နိုင်တော့သည်။
“အမ်...”
... ...
သားရဲဟိန်းသံတစ်ခုက လမ်းမကြီးတစ်ခုလုံးကို ရုတ်တရက် တုန်ခါသွားစေတော့သည်။
နေ့ခင်းဘက်တွင် လေနက်ကျားသစ်၏ ထွက်ပြေးမှုကြောင့် ဆူညံမှုအချို့ ဖြစ်ပွားခဲ့သော်လည်း၊ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာ များစွာဂရုမစိုက်ခဲ့ကြပေ။ အဘယ်ကြောင့်ဆိုသော် သားရဲတစ်သောင်းခန်းမတွင် ဤကဲ့သို့သော အမှားအယွင်းမျိုး မကြာခဏ ဖြစ်ပေါ်လေ့ မရှိသောကြောင့်ပင်။
သို့သော် ယခုတစ်ကြိမ်တွင်မူ၊ သားရဲတစ်သောင်းခန်းမအတွင်းမှ ပိုမို ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာအရှိန်အဝါများ ယိုစိမ့်ထွက်လာပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်မြို့လုံးက သတိပြုမိသွားကြလေသည်။
ဝုန်း...
သားရဲတစ်သောင်းခန်းမအတွင်း ပိတ်လှောင်ထားသော မိစ္ဆာသားရဲများသည် ပထမအဆင့်မှ ပဉ္စမအဆင့်အထိ အစုံအလင်ရှိနေပြီး၊ ရံဖန်ရံခါတွင် ဆဌမအဆင့် မိစ္ဆာသားရဲများကိုပင် ဤနေရာသို့ လာရောက်ရောင်းချလေ့ ရှိကြသည်။ အားလုံးပေါင်းလိုက်ပါက အနည်းဆုံးအကောင်ရေ ရာပေါင်းများစွာ ရှိပေလိမ့်မည်။
ယနေ့ညတွင် သားရဲတစ်သောင်းခန်းမရှိ မိစ္ဆာသားရဲများအားလုံး တပြိုင်တည်း ထွက်ပြေးကြလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။
ကြိုတင်စီစဉ်ထားသည့်အလား၊ (၂)ကျန်းခန့် မြင့်မားပြီး ချွန်ထက်သော အကြေးခွံများရှိသည့် လေဟုန်စီးသားရဲတစ်ကောင်က ပင်မတံခါးကြီးကို ဝင်တိုက်ကာ ဖျက်ဆီးပစ်လိုက်ပြီးနောက်၊ မရေမတွက်နိုင်သော အနက်ရောင်ပုံရိပ်များသည် အရပ်ရှစ်မျက်နှာသို့ ထွက်ပြေးလွတ်မြောက်ကုန်ကြတော့၏။
ချူလျန်သည် ထိုအချိန်တွင် သားရဲတစ်သောင်းခန်းမ၏ အပြင်ဘက်သို့ ရောက်ရှိနေပြီး၊ အနက်ရောင်လူရိပ်တစ်ခု ပြေးထွက်လာသည်ကို မြင်တွေ့လိုက်ရသည်။ ၎င်းနောက်တွင် လေဟုန်စီးသားရဲက တံခါးကို ဝင်တိုက်ဖျက်ဆီးလိုက်ပြီး မိစ္ဆာသားရဲများ ပြေးလွှားနေသည်ကို တွေ့လိုက်ရသောအခါ၊ စိတ်ထဲတွင် ရေရွတ်လိုက်မိသည်။
သောက်ကျိုးနည်း...။
ငါ့ရဲ့ လူမျက်နှာရှောင်လေး…။
သူသည် ဝိညာဉ်အာရုံကို ချက်ချင်းဖြန့်ကျက်ပြီး ရှာဖွေလိုက်ရာ၊ ကံကောင်းထောက်မစွာဖြင့် ထွက်ပြေးနေသော ရာပေါင်းများစွာသော ပုံရိပ်များကြားတွင် အမြန်ဆုံးပြေးလွှားနေသည့် မီးခိုးရောင်ပုံရိပ်တစ်ခုကို တွေ့ရှိလိုက်ရလေသည်။
“ရပ်စမ်း...”
ချူလျန်က အော်ဟစ်လိုက်ပြီးနောက် ချက်ချင်းပင် လိုက်ဖမ်းတော့သည်။
အခြားမိစ္ဆာသားရဲတွေကို ငါ ဂရုမစိုက်ဘူး… ဒါပေမဲ့… မင်းကတော့ ပြေးလို့မရဘူး... ငါ စရန်ငွေ ပေးထားရတာကွ…။
လူမျက်နှာရှောင်ကို ဖမ်းရသည်မှာ မည်မျှခက်ခဲကြောင်း သူယခင်က ကြုံတွေ့ဖူးလေသည်။ ရှုပ်ထွေးသော မြေပြင်အနေအထားတွင်ဆိုပါက ရွှေအမြုတေအဆင့်ရှိ ဖန်တင်းပင်လျှင် မမီနိုင်ခဲ့ပေ။
ထို့ကြောင့် ချူလျန်သည် စတင်လိုက်သည်နှင့်တစ်ပြိုင်နက် သစ်ရွက်စိမ်းကို စီးနင်းလိုက်ပါလျက် ပျံသန်းမှုပုံစံကို ချက်ချင်း အသက်သွင်းလိုက်လေတော့၏။
ရွှစ်...
ယခင်ကမူ ဝိညာဉ်ကြောင် ခုန်ပျံအဆောင်ကို အားကိုးပြီးမှသာ လူမျက်နှာရှောင်ကို အမီလိုက်နိုင်ခဲ့သော်လည်း၊ ယခုအခါတွင်မူ သစ်ရွက်စိမ်းကို စီးနင်းလိုက်ပါရင်း၊ လူမျက်နှာရှောင်၏နောက်သို့ ကပ်လျက် လိုက်ပါနိုင်နေပြီ ဖြစ်ချေသည်။
ကောင်းကင်ထက်မှ ငုံ့ကြည့်လိုက်ပါက၊ အခြားအရာများထက် သိသိသာသာမြန်ဆန်နေသော ပုံရိပ်သုံးခုကို မြင်တွေ့နိုင်ပေလိမ့်မည်။
ပထမပုံရိပ်မှာ အစောဆုံး ပြေးထွက်လာခဲ့သော အနက်ရောင်လူရိပ်ဖြစ်ပြီး၊ ဤသူသည် သားရဲတစ်သောင်းခန်းမ၏ ဆူညံမှုများနှင့် ပတ်သက်နေသည်မှာ သေချာလှသော်လည်း၊ ချူလျန်မှာမူ သူတစ်ပါးအလုပ်ကို စိတ်မဝင်စားပေ။
ဒုတိယပုံရိပ်မှာ မီးခိုးရောင်လူမျက်နှာရှောင် ဖြစ်ပြီး၊ ဤဆိုးယုတ်သောသတ္တဝါမှာ အလွန်ပင် ပါးနပ်လှပေသည်။ အခြားသော မိစ္ဆာများကဲ့သို့ ရမ်းသမ်းပြေးလွှားနေခြင်းမျိုး မဟုတ်ဘဲ၊ ထိုအနက်ရောင်လူရိပ်သွားရာ လမ်းကြောင်းသည်သာ ဘေးကင်းမည်ဟု ယူဆ၍ ထိုသူ၏နောက်သို့ တင်းကျပ်စွာ လိုက်ပါနေခြင်း ဖြစ်၏။
အမှန်တကယ်ပင် သားရဲတစ်သောင်းခန်းမမှ လူများနှင့် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်များက အခြားမိစ္ဆာများကို လိုက်လံတားဆီးနေကြစဉ်၊ ထိုလူမည်း၏ နောက်သို့လိုက်နေသော ၎င်းမှာမူ အဝေးကြီးသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်ချေသည်။
တတိယပုံရိပ်မှာမူ ချူလျန်၏ အစိမ်းရောင်အလင်းတန်း ဖြစ်ပြီး၊ သူသည် လူမျက်နှာရှောင်၏ ခန္ဓာကိုယ်ကိုသာ စူးစိုက်ကြည့်ရင်း လက်မလျှော့ဘဲ လိုက်ဖမ်းနေလေသည်။
ပြီးခဲ့သည့်ကာလအတွင်း ပြုလုပ်ခဲ့သော လေ့ကျင့်မှုများမှာ အမှန်တကယ်ပင် အကျိုးရှိလှပေသည်။ သူသည် သစ်ရွက်စိမ်းကို ထိန်းချုပ်ကာ မြို့ထဲတွင် လျင်မြန်စွာပျံသန်းနေပြီး၊ အနည်းငယ် ခက်ခဲသော်လည်း မည်သည့်အချိန်တွင်မှ ဟန်ချက်ပျက်သွားခြင်း မရှိပေ။
ဝိညာဉ်အာရုံ၏ အနုစိတ်ထိန်းချုပ်မှုအပိုင်းတွင်၊ သူသည် ရွယ်တူတန်းတူ ကျင့်ကြံသူများထက် များစွာသာလွန်နေပြီ ဖြစ်ချေသည်။
ခဏအကြာတွင် ပျံသန်းနေရင်းနှင့်၊ သူသည် အာရုံနှစ်ခုခွဲကာ ဓားပျံကို အသုံးပြု၍ လူမျက်နှာရှောင်အား တိုက်ခိုက်ရန် ကြိုးစားလိုက်လေသည်။
လေခွင်းသံများ ဆူညံနေသော အရှိန်အဟုန်ပြင်းသည့် ခရီးစဉ်အတွင်း၊ သူသည် အဆောင်ဓားသိုင်းကဲ့သို့ ရှုပ်ထွေးသော မန္တန်များကို အသုံးမပြုနိုင်တော့ဘဲ၊ လက်ညှိုးနှစ်ချောင်းကို မြှောက်ကာ ဓားပျံကို ကြယ်တံခွန်တစ်ခုအလား လူမျက်နှာရှောင်ထံသို့ တိုက်ရိုက်သာ ပစ်လွှတ်လိုက်တော့သည်။
နှမြောစရာကောင်းသည်မှာ အကြိမ်ကြိမ် လွဲချော်နေခြင်းပင် ဖြစ်၏။
ဤလူသုံးဦးမှာ လေတိုက်သကဲ့သို့ လျင်မြန်စွာပြေးလွှားနေကြရာ၊ ကိုယ်က သူ့နောက် လိုက်နေပြီး၊ သူက ကိုယ့်နောက် လိုက်နေသကဲ့သို့ ဖြစ်နေတော့သည်။
ချူလျန်၏ မျက်လုံးထဲတွင် လူမျက်နှာရှောင်သာ ရှိနေပြီး ထိုအနက်ရောင်လူရိပ်ကို ဂရုမပြုမိသော်လည်း၊ အနက်ရောင်လူရိပ်ကမူ လူမျက်နှာရှောင်ကို လစ်လျူရှုကာ ချူလျန်ကိုသာ သတိထားမိနေလေသည်။
ရှေ့ဆုံးမှ လူမည်းသည် နောက်ကွယ်မှ အခြေအနေကို အသေးစိတ် မမြင်ရသော်လည်း၊ ဝိညာဉ်အာရုံမှတဆင့် တစ်စုံတစ်ယောက်က မိမိနောက်သို့ တောက်လျှောက် လိုက်ပါနေသည်ကိုသာ သိရှိလိုက်ရသည်။
သူသည် ချူလျန်က လူမျက်နှာရှောင်ကို ဖမ်းရန် ဤမျှကြိုးစားနေသည်ဟု မထင်မှတ်ဘဲ၊ ထိုလူမှာ မိမိနောက်သို့ လိုက်နေခြင်းသာ ဖြစ်မည်ဟု ယူဆလိုက်လေသည်။
ထို့ကြောင့် လမ်းဆုံတစ်ခုသို့ ရောက်သောအခါ၊ ထိုလူမည်းက ဘေးတစ်ဖက်တစ်ချက်သို့ အသံနက်ကြီးဖြင့် အမိန့်ပေးလိုက်သည်။ “သူ့ကို တားလိုက်ကြစမ်း...”
ဝှစ်… ဝှစ်… ဝှစ်…
လမ်းဘေးများမှ လူရိပ်အနည်းငယ် ရုတ်တရက် ထွက်ပေါ်လာပြီး၊ သူတို့အနက်မှ နှစ်ဦးက လက်ကို မြှောက်ကာ ရွှေရောင်ပိုက်ကွန်ကြီးတစ်ခုကို ဖြန့်လိုက်ကြပြီး၊ တတိယမြောက်လူက လက်ဟန်ပြု၍ ထိုရွှေရောင်ပိုက်ကွန်ကို ကောင်းကင်ယံသို့ ပစ်လွှတ်လိုက်လေသည်။
ရွှီး…
ရွှေရောင်အလင်းတန်းတစ်ခုက လက်ခနဲ ဖြစ်သွားပြီး၊ ကြီးမားသော ပိုက်ကွန်ကြီးမှာ ကောင်းကင်ယံတွင် ပြန့်ကားသွားကာ၊ လူမည်းနှင့် နောက်မှလိုက်လာသော 'လိုက်လံဖမ်းဆီးသူ' အကြားတွင် အတားအဆီးတစ်ခုအဖြစ် ဖြစ်ပေါ်သွားတော့သည်။
ထိုလူမျက်နှာရှောင်မှာ ထူးဆန်းစွာ အော်ဟစ်လိုက်ပြီး၊ လေထဲတွင် ကိုယ်ကို လှည့်လိုက်ကာ ထိုရွှေရောင်ပိုက်ကွန်ကို ဝင်တိုက်မိခြင်းမှ ရှောင်ရှားလိုက်လေသည်။ သို့သော် လမ်းကြောင်းပြောင်းလဲရန် ကြိုးစားချိန်တွင်မူ အနည်းငယ် နောက်ကျသွားခဲ့ပြီ ဖြစ်ချေသည်။
အကွာအဝေးမှာ အမြဲတစေ ရှိနေခဲ့သော်လည်း၊ သူတို့၏အရှိန်အဟုန်နှင့် ယှဉ်လျှင် ထိုအကွာအဝေးမှာ ဘာမျှမဟုတ်တော့ပေ။ လူမျက်နှာရှောင်၏ လှုပ်ရှားမှု ခဏတာ နှေးကွေးသွားသည်နှင့်တစ်ပြိုင်နက် ချူလျန်၏ အစိမ်းရောင်အလင်းတန်းမှာ ချက်ချင်းရောက်ရှိလာတော့သည်။
“သွားစမ်း...”
တိုက်ခိုက်မှု ထပ်မံလွဲချော်မည်ကို ကာကွယ်ရန်အတွက်၊ ချူလျန်သည် မိမိ၏မှော်ဝင်ပစ္စည်းများ အားလုံးကို တပြိုင်နက်တည်း ထုတ်ဖော်လိုက်လေတော့သည်။
ဓားတစ်ရာတံဆိပ်…။
ဓားပျံသည် မရေမတွက်နိုင်သော ဓားအလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး၊ အထက်မှနေ၍ လွှမ်းခြုံလိုက်လေ၏။
မိစ္ဆာချုပ်ကြိုး…။
အနီရောင်အလင်းတန်းတစ်ခုသည် မြွေတစ်ကောင်အလား ပြေးထွက်သွားလေသည်။
သစ်ရွက်ပျံဓား…။
လခြမ်းကွေးပုံစံ အလင်းတန်းတစ်ခုသည်လည်း မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားလေသည်။
ထိုလူမျက်နှာရှောင်သည် လွတ်မြောက်ရန် လမ်းမရှိတော့ကြောင်း သိလိုက်ရသောအခါ၊ ချူလျန်ဘက်သို့ လှည့်၍ ရက်စက်ကြမ်းကြုတ်သော မျက်နှာထားကို ဖော်ပြလိုက်လေသည်။
၎င်းသည် နေ့ခင်းဘက်က မိမိအား ရန်မူခဲ့သူဖြစ်ကြောင်း မှတ်မိ၊ မမှတ်မိ မသိရသော်လည်း၊ ယခုအခါတွင်မူ ချူလျန်ထံသို့ အားကုန် ခုန်အုပ်လိုက်တော့သည်။
သို့သော် နောက်တစ်စက္ကန့်တွင်၊ ချူလျန်၏ တိုက်ခိုက်မှုများမှာ မိုးစက်မုန်တိုင်းအလား ကျရောက်လာတော့၏။ ယခု ချူလျန်မှာ ကျန်းနန်နယ်မြေတောင်တန်းများထဲကအချိန်နှင့် လုံးဝမတူညီတော့ပေ။
ဤလူမျက်နှာရှောင်မှာ အရှိန်အဟုန်မှလွဲ၍ အခြားမည်သည့်စွမ်းရည်မျှ မရှိသဖြင့်၊ မည်သို့ခုခံနိုင်ပါမည်နည်း။
ရွှပ်...
မျက်စိတစ်မှိတ်အတွင်းမှာပင်၊ ဤကြောက်မက်ဖွယ်ကောင်းသော မကောင်းဆိုးဝါးမှာ ထိုးဖောက်ဖျက်ဆီးခြင်းကို ခံလိုက်ရပြီး၊ ယင်ချီများအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားလေတော့သည်။
နောက်ဆုံးတော့...။
ချူလျန်တစ်ယောက် စိတ်အေးသွားရချိန်မှာပင်၊ မလှမ်းမကမ်းမှ ရင်းနှီးနေသော စူးရှသည့် အော်ဟစ်သံတစ်ခုကို ထပ်မံ ကြားလိုက်ရပြန်လေသည်။
“အား...”
အခန်း (၁၁၈) - ကျွန်တော့်အတွက် တရားမျှတမှု ရှာပေးရမယ်
နောက်ထပ် တစ်ယောက်ယောက်ကို မှားယွင်းထိခိုက်မိပြန်ပြီလော…။
ချူလျန်၏ ရင်ထဲတွင် တင်းကျပ်သွားရပြန်၏။
မကြာသေးမီက ဘာတွေဖြစ်နေမှန်း မသိသော်လည်း၊ လူသူအရိပ်အခြည်မရှိသော နေရာမျိုးမှာပင် သစ်ရွက်ပျံဓားက တစ်စုံတစ်ယောက်ကို အမြဲတစေ သွားမှန်နေရခြင်းမှာ အမှန်တကယ်ပင် ထူးဆန်းလှပေသည်။
သို့သော် ထိုသူအား အသေးစိတ် သွားရောက်ကြည့်ရှုရန် အချိန်မရလိုက်မီမှာပင် နောက်ကျောဘက်မှ လေတိုးသံများနှင့်အတူ လျင်မြန်သောပုံရိပ်တစ်ခုက ထပ်ကြပ်မကွာ လိုက်ပါလာချေသည်။
"သူခိုးကောင်... ငါ့ရဲ့ သားရဲတစ်သောင်းခန်းမဆောင်မှာ ဘယ်လိုတောင် သောင်းကျန်းရဲတာလဲ..."
ဝတ်စုံရှည် ဝတ်ဆင်ထားသော လူလတ်ပိုင်းအမျိုးသားတစ်ဦးဖြစ်ပြီး၊ မျက်မှောင်ကြုတ်ကာ အရှိန်အဝါမှာ ပြင်းထန်လှ၏။ သူ၏ အခြေခံချီစွမ်းအင်မှာ ဓာတ်ကြီးငါးပါးနယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်ချေသည်။
"နေပါဦး..." ချူလျန်က အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ "ကျုပ်က..."
သို့သော် စကားမဆုံးသေးမီမှာပင် ထိုလူလတ်ပိုင်းအမျိုးသား၏ မျက်လုံးထဲတွင် ရက်စက်သောအရိပ်အယောင်များက လက်ခနဲဖြစ်သွားပြီး လက်ဝါးတစ်ချက်ဖြင့် ရိုက်ချလိုက်တော့သည်။
ဝုန်း...
ထိုလက်ဝါးရိုက်ချက် ကျရောက်လာသည်နှင့်အမျှ မိုးခြိမ်းသံများ တဟိန်းဟိန်းမြည်ဟည်းလာပြီး မည်းနက်သောတိမ်တိုက်ကြီးများက ချူလျန်ဆီသို့ ဖိနှိပ်လာတော့သည်။
တစ်ခုခုတော့ မှားနေချေပြီ…။
ချူလျန်၏ ဦးနှောက်မှာ လျင်မြန်စွာ အလုပ်လုပ်လိုက်သည်။
အကယ်၍ ထိုသူသည် သားရဲတစ်သောင်းခန်းမဆောင်မှ လူဖြစ်ပြီး မိမိအား ဤနေရာကို လာရောက်နှောင့်ယှက်သော သူခိုးဟု အထင်မှားနေသည်ဆိုပါက၊ မိမိ၏ ကျင့်ကြံခြင်းအဆင့်မှာ သူ့ထက်များစွာ နိမ့်ပါးနေသဖြင့် မိမိကိုဖမ်းဆီးပြီး နောက်ကွယ်မှ စေခိုင်းသူကို စစ်ဆေးမေးမြန်းခြင်းကသာ ပို၍ကျိုးကြောင်းဆီလျော်ပေလိမ့်မည်။
သို့သော် ထိုသူသည် မိမိအား ချက်ချင်းပင် အသေသတ်ရန် ကြိုးစားနေခြင်းမှာ၊ မိမိအား စကားတစ်ခွန်းမှ မပြောနိုင်အောင် နှုတ်ပိတ်ချင်နေခြင်းသာ ဖြစ်ကြောင်း ထင်ရှားလှပေသည်။
မည်သို့ပင်ဖြစ်စေ ထိုသူ၏ ကျင့်ကြံခြင်းအဆင့်မှာ အစစ်အမှန်ဖြစ်ပြီး၊ ဤလက်ဝါးရိုက်ချက်၏ ကြောက်မက်ဖွယ်ကောင်းမှုမှာလည်း သံသယဖြစ်ဖွယ်မရှိပေ။
ချူလျန်သည် သစ်ရွက်ပျံဓားကို အမြန်ဆုံး ပြန်လည်ဆင့်ခေါ်လိုက်ပြီး ပုံစံပြောင်းလဲကာ ကာကွယ်ရေးအနေအထားသို့ ပြင်လိုက်ရတော့၏။
ဘုန်း...
စိမ်းလန်းသော အလင်းတန်းများ လက်ခနဲဖြစ်သွားပြီးနောက်၊ ချူလျန်သည် ဖက်ထုတ်တစ်ခုကဲ့သို့ ပတ်ပတ်လည် အုပ်မိုးခြင်း ခံလိုက်ရသည်။ သို့သော်ငြား မည်းနက်သောတိမ်တိုက်များကို သယ်ဆောင်လာသည့် ထိုပြင်းထန်သောလက်ဝါးရိုက်ချက် ကျရောက်လာသောအခါ ခိုင်မာသော ကာကွယ်ရေးမှော်ဝင်ပစ္စည်းမှာပင် တစ်ဝက်ခန့် ပြားဝင်သွားရလေသည်။
"အု..." ချူလျန်၏ ပါးစပ်ထဲသို့ သွေးပူပူများ တက်လာတော့သည်။
သစ်ရွက်စိမ်းများထံမှ ကျိုးပဲ့သံများထွက်ပေါ်လာပြီး အက်ကြောင်းများမှာလည်း လျင်မြန်စွာ ပြန့်နှံ့သွားတော့သည်။ ဤလက်ဝါးရိုက်ချက်မှာ သစ်ရွက်စိမ်းမှော်ဝင်ပစ္စည်းကို ပျက်စီးလုနီးပါး ဖြစ်စေခဲ့ရုံသာမက အတွင်းရှိ ချူလျန်ကိုလည်း ဒဏ်ရာရရှိစေခဲ့ချေသည်။
သူသည် သစ်ရွက်စိမ်း၏ ပတ်ပတ်လည်အုပ်မိုးမှုကို ချက်ချင်းဖယ်ရှားလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဤပစ္စည်းမှာ အတော်လေး ပျက်စီးသွားပြီဖြစ်သဖြင့် ထိရောက်သောကာကွယ်မှုကို မပေးနိုင်တော့သည့်အပြင်၊ မိမိ၏ လှုပ်ရှားမှုများကိုသာ ကန့်သတ်နေမည်ဖြစ်သောကြောင့်ပင်။
သို့ပေသိ လွတ်လပ်စွာလှုပ်ရှားနိုင်လျှင်ကော ဘာများထူးပါမည်နည်း။
ပဉ္စမအဆင့်ရှိသော အစွမ်းထက်ကျင့်ကြံသူတစ်ဦး၏ ရှေ့မှောက်တွင် ထွက်ပြေးရန်ဖြစ်စေ၊ ပြန်လည်ခုခံရန်ဖြစ်စေ ခွန်အားမရှိသကဲ့သို့ ခံစားရလေသည်။
သို့သော် ချူလျန်သည် လက်လျှော့လိုက်ရန် အစီအစဉ်မရှိပေ။ သူသည် အတွင်းအားချီစွမ်းအင်များကို အစွမ်းကုန်စုစည်းလိုက်ပြီး၊ အသက်ရှင်သန်နိုင်မည့် အနည်းငယ်သောအခွင့်အရေးကို မျှော်လင့်ရင်း အစွမ်းကုန်တိုက်ခိုက်ရန် ပြင်ဆင်လိုက်တော့သည်။
ထိုလူလတ်ပိုင်းအမျိုးသား၏ ဒုတိယမြောက် လက်ဝါးရိုက်ချက်မှာ ချူလျန်ကို သတ်ဖြတ်ရန် ကျရောက်လာတော့မည့် အခိုက်အတန့်တွင်၊ အဝေးတစ်နေရာမှ အမျိုးသမီးတစ်ဦး၏ ကြည်လင်ပြတ်သားသော ဟန့်တားသံကို ကြားလိုက်ရလေသည်။
"ဦးလေး... ရပ်လိုက်တော့..."
ထိုလူလတ်ပိုင်းအမျိုးသားမှာမူ ဘာမျှမကြားသကဲ့သို့ ပြင်းထန်သောရှိန်အဝါများဖြင့် ဒုတိယလက်ဝါးကို ဆက်လက်ရိုက်ချလိုက်ပြန်သည်။
ရွှစ်...
တစ်ကျန်းခန့် ကျယ်ဝန်းသော ငွေရောင်ပါကွရှစ်ပါး အစီအရင်တစ်ခုမှာ ချူလျန်၏ရှေ့မှောက်တွင် ဖြန့်ကျက်သွားပြီး ထိုလက်ဝါးရိုက်ချက်ကို အချိန်မီတားဆီးလိုက်လေသည်။
ဘုန်း...
လူလတ်ပိုင်းအမျိုးသား၏ မည်းနက်သော တိမ်တိုက်လက်ဝါးကြီးမှာ ထိုပါကွရှစ်ပါးအစီအရင်ပေါ်သို့ ကျရောက်သွားပြီး လှိုင်းတံပိုးများ ထွက်ပေါ်လာသော်လည်း၊ အစီအရင်ကိုမူ အနည်းငယ်မျှ လှုပ်ခါနိုင်ခြင်း မရှိခဲ့ပေ။
ဤသို့ ခေတ္တမျှ တားဆီးလိုက်သည်နှင့်တစ်ပြိုင်နက် မုတ်ဆိတ်ရှည်များနှင့် အဘိုးအိုတစ်ဦးမှာ ကောင်းကင်ယံမှ ဆင်းသက်လာတော့သည်။
ချူလျန်သည် ထိုသူကို မြင်လိုက်သည်နှင့် ယနေ့နေ့လယ်က သားရဲတစ်သောင်းခန်းမဆောင်ရှေ့တွင် ဝမ်ရန်ကို ဒဏ်ရာရစေခဲ့သောသူ ဖြစ်ကြောင်း မှတ်မိလိုက်လေသည်။
"အကြီးအကဲချန်းရှင်း... ခင်ဗျားက ဘာလို့ ဒီသူခိုးကို ကာကွယ်ပေးနေရတာလဲ..." ထိုလူလတ်ပိုင်းအမျိုးသားက ဒေါသတကြီး အော်ဟစ်လိုက်သည်။
မုတ်ဆိတ်ရှည်အဘိုးအိုက ဘာမှပြန်မပြောဘဲရှိနေစဉ်၊ နောက်ကွယ်မှ သာယာသော အသံတစ်ခုက ထွက်ပေါ်လာသည်။
"သူက သူခိုးမဟုတ်ဘူး..."
လမ်းမထက်တွင် အနီတောက်တောက် ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် ညလေပြေထဲတွင် ပုံရိပ်ယောင်တစ်ခုအလား လျင်မြန်စွာ ရောက်ရှိလာ၏။ သူမ၏မျက်နှာမှာမူ ဆောင်းရာသီ၏ နှင်းခဲများအလား အေးစက်နေချေသည်။
ယင်းမှာ ရွှီဟုန်ချိုးပင် ဖြစ်ချေ၏။
ချူလျန်ကို တိုက်ခိုက်နေသော ထိုလူလတ်ပိုင်းအမျိုးသားမှာလည်း အခြားသူမဟုတ်ပေ၊ သားရဲတစ်သောင်းခန်းမဆောင်၏ တာဝန်ခံ ရွှီနန်လင်ပင် ဖြစ်လေသည်။
သူတို့သုံးဦးသည် မူလက သားရဲတစ်သောင်းခန်းမဆောင်၏ နောက်ဖေးဝင်းတွင် ဆွေးနွေးနေကြစဉ်၊ ရုတ်တရက် ကျယ်လောင်သောအသံကြီးကို ကြားလိုက်ရပြီးနောက် ရှေ့ဝင်းထဲရှိ မိစ္ဆာသားရဲများမှာလည်း စုပေါင်း၍ ထွက်ပြေးလွတ်မြောက်ကုန်ကြတော့သည်။
သားရဲတစ်သောင်းခန်းမဆောင်မှ လူများနှင့် တောက်ထျယ်မြို့၏ အစောင့်တပ်ဖွဲ့များမှာလည်း လွတ်မြောက်နေသော မိစ္ဆာသားရဲများကို အလျင်အမြန်လိုက်လံဖမ်းဆီးနေကြရသည်။ ရွှီနန်လင်မှာမူ ထိုသူခိုးရှိရာဘက်သို့ လိုက်လံဖမ်းဆီးခြင်း ဖြစ်လေသည်။
ရွှီဟုန်ချိုးသည်လည်း တစ်ခုခုမှားယွင်းနေကြောင်း ခံစားမိသဖြင့်၊ အကြီးအကဲချန်းရှင်းကို ခေါ်ဆောင်ကာ အနောက်မှ လိုက်ပါလာခဲ့ခြင်း ဖြစ်၏။
ထိုအချိန်တွင် ရွှီနန်လင်က ချူလျန်ကို တိုက်ခိုက်နေသည်ကို မြင်တွေ့လိုက်ရခြင်းပင် ဖြစ်ချေသည်။
"သူ သားရဲတစ်သောင်းခန်းမဆောင်ထဲကနေ ပျံထွက်လာပြီး ဒီအထိ ထွက်ပြေးလာတာကို ကျုပ်ကိုယ်တိုင် မြင်လိုက်တာလေ... ဘယ်လိုလုပ်ပြီး အမှားရှိနိုင်မှာလဲ..." ရွှီနန်လင်က အော်ဟစ်လိုက်သည်။
သူ၏မျက်နှာပေါ်တွင် ဒေါသများပြည့်နှက်နေပြီး၊ ယနေ့ ချူလျန်ကို ဤနေရာတွင် မရမက သတ်ဖြတ်ရန် ဆုံးဖြတ်ထားပုံရလေသည်။
"ဘယ်မှာ အမှားရှိနေလဲဆိုတာတော့ ကျွန်မမသိဘူး... ဒါပေမဲ့ သူကတော့ သူခိုးမဖြစ်နိုင်တာ သေချာတယ်..." ရွှီဟုန်ချိုးသည် ရှေ့သို့တက်လာပြီး ချူလျန်ကိုကြည့်ကာ ကျယ်လောင်စွာ ပြန်ပြောလိုက်သည်။
"တကယ်လို့ တခြားလူဆိုရင် ကျမယုံမိမှာ ဖြစ်ပေမဲ့... ဒီလူကတော့ ရှုတောင်ဂိုဏ်းက လူငယ်သူရဲကောင်း ချူလျန်ပဲ..."
“ဟင်...”
ချူလျန်သည် အခြေအနေကို တည်ငြိမ်စွာ အကဲခတ်နေစဉ်၊ ဤအမျိုးသမီးမှာ နေ့လယ်ကတွေ့ခဲ့သော ဝေလငါးဂိုဏ်း၏ သခင်မလေး ရွှီဟုန်ချိုးဖြစ်ကြောင်း မှတ်မိလိုက်သည်။
သူမက မိမိ၏အမည်ကို ထုတ်ဖော် ပြောဆိုလိုက်သဖြင့် အနည်းငယ် အံ့သြသွားရ၏။
"မင်း သူ့ကို သိလို့လား..."
ရွှီနန်လင်သည် မြေပြင်သို့ ဆင်းသက်လာပြီး အကြည့်များမှာမူ ရန်လိုနေဆဲပင်။
"ကျမ တောင်တံခါးမြို့မှာရှိတဲ့ အရှေ့ပိုင်းဝေလငါးဂိုဏ်းရဲ့ ရာဇဝတ်မှုတွေကို သွားရောက်စုံစမ်းတုန်းက ရှုတောင်ဂိုဏ်းက ကူညီဖော်ထုတ်ပေးခဲ့လို့ အဆင်ပြေခဲ့တာ... အဲဒီမှာ ချူသူရဲကောင်းလေးရဲ့ ကျေးဇူးတရားတွေ အများကြီးရှိခဲ့တယ်..." ရွှီဟုန်ချိုးက ရှင်းပြလိုက်သည်။
သူမသည် ချူလျန်ဘက်သို့ လှည့်ကြည့်လိုက်ပြီး တိုးညှင်းသောအသံဖြင့် ဆက်ပြောလိုက်သည်။
"မိန်းကလေးရွှဲ့လင်းရွှယ်ရဲ့ ဖျော်ဖြေပွဲနေ့မှာလည်း ကျမ အဲဒီမှာရှိနေခဲ့တယ်... ချူသူရဲကောင်းလေးက တင့်ဆန်းမြို့စားကို လူအများရှေ့မှာ အပြစ်စီရင်ခဲ့တာကို ကျမကိုယ်တိုင် မြင်တွေ့ခဲ့ရတာပါ..."
အဲလိုကိုး...။
ချူလျန်လည်း ယခုမှ သဘောပေါက်သွားတော့သည်။
နေ့လယ်က အဘိုးအိုသည် မိမိကို သားရဲတစ်သောင်းခန်းမဆောင်ထဲသို့ ဝင်ခွင့်ပေးခဲ့ခြင်းမှာ သူတို့က စကားပြောရလွယ်၍မဟုတ်ဘဲ မိမိက သူတို့ကို ကူညီပေးခဲ့ဖူးသောကြောင့် ဖြစ်နေချေသည်။
ဝေလငါးဂိုဏ်း၏ အာဏာလုပွဲတွင် အရှေ့ပိုင်းဝေလငါးဂိုဏ်း၏ အရှုပ်တော်ပုံများကို မိမိက ဖော်ထုတ်ပေးခဲ့သည် မဟုတ်ပါလော။
ထိုသို့တွေးမိလိုက်မှသာ သူသည်လည်း တိုးညှင်းစွာ ပြန်လည်တုံ့ပြန်လိုက်၏။ "ကယ်တင်ပေးတဲ့အတွက် မိန်းကလေးရွှီကို ကျေးဇူးတင်ပါတယ်..."
"ချူသူရဲကောင်းလေးက ကျမတို့ကို အများကြီး ကူညီပေးခဲ့တာပါ... အစက သေချာကျေးဇူးတင်ဖို့ အခွင့်အရေးရှာနေတာ... မမျှော်လင့်ဘဲ ဒီနေ့မှာ ရှင့်ကို ဒဏ်ရာရစေခဲ့မိပြီ... ကျေးဇူးပြုပြီး အပြစ်မယူပါနဲ့နော်..." ရွှီဟုန်ချိုး၏ ချူလျန်အပေါ် ဆက်ဆံပုံမှာ အေးစက်နေဆဲ ဖြစ်သော်လည်း အခြားသူများနှင့်နှိုင်းယှဉ်လျှင်မူ များစွာ နူးညံ့နေချေပြီ။
သူမသည် ရွှီနန်လင်ဘက်သို့ ပြန်လှည့်လိုက်သောအခါ မျက်နှာမှာ ချက်ချင်းပင်အေးစက်သွားပြန်သည်။
"ဦးလေး... တကယ်လို့ နောက်ပိုင်းမှာ ရှုတောင်ဂိုဏ်းဘက်က တစ်ခုခု စုံစမ်းစစ်ဆေးလာခဲ့ရင် ကျမကတော့ ဦးလေးဘက်ကနေ ကာကွယ်ပေးမှာ မဟုတ်ဘူးနော်..."
"ဟမ့်..." ရွှီနန်လင်က နှာခေါင်းရှုံ့လိုက်ပြီး အင်္ကျီလက်စကိုခါကာ "ကျုပ်ဘက်က အမှန်အတိုင်း လုပ်ဆောင်ခဲ့တာပဲ... ဘယ်သူ့ကိုမှ ကြောက်နေစရာ မလိုပါဘူး..."
"အဲ..." ထိုအခိုက်အတန့်တွင် ချူလျန်က စကားစလိုက်သည်။
"ကျုပ်က အဲဒီအချိန်မှာ သားရဲတစ်သောင်းခန်းမဆောင် အပြင်ဘက်ကို ရောက်လာတာနဲ့ မိစ္ဆာသားရဲတွေ ထွက်ပြေးနေတာကို တွေ့လိုက်ရတာပါ... အဲဒီအချိန်မှာ လူရိပ်တစ်ခု ထွက်ပြေးသွားတာကို မြင်လိုက်ရလို့ ‘မကောင်းသူပယ် ကောင်းသူကယ်ရမယ်’ဆိုတဲ့ ဂိုဏ်းရဲ့ သွန်သင်ချက်အတိုင်း အနောက်ကနေ လိုက်ဖမ်းခဲ့တာ..."
သူ၏ စကားလုံးများမှာ ပြတ်သားပြီး တရားမျှတမှုများ ပြည့်နှက်နေချေသည်။
"ဒီစီနီယာကလည်း အနောက်ကနေ လိုက်ဖမ်းလာတာဆိုတော့ ကျုပ်ကို အဲဒီသူခိုးလို့ အထင်မှားသွားတာ ဖြစ်မှာပါ... ကျုပ်တို့နှစ်ယောက်လုံးရဲ့ ရည်ရွယ်ချက်က အတူတူပဲဆိုတာ သိလိုက်ရပြီဆိုမှတော့ ဂိုဏ်းကိုလည်း ဒီကိစ္စအတွက် အသိပေးနေစရာ မလိုတော့ပါဘူး..."
သူ၏အမှားအမှန် ခွဲခြားတတ်ပြီး သဘောထားကြီးသောပုံစံကို မြင်ရသောအခါ ရွှီဟုန်ချိုးရော၊ ရွှီနန်လင်ပါ အနည်းငယ်အံ့ သြသွားကြရ၏။
ကျင့်ကြံခြင်းလောကတွင် ဤမျှလောက်အထိ အပြောအဆိုယဉ်ကျေးပြီး နားလည်မှုရှိသူမျိုးမှာ တွေ့ရခဲလှပေသည်။
"ချူသူရဲကောင်းလေးက တကယ်ကို သဘောထားကြီးလှပါတယ်... အခု ဒဏ်ရာရထားတာဆိုတော့ ကျမတို့နဲ့အတူ ပြန်လိုက်ခဲ့ပြီး ဒဏ်ရာကို အရင်ကုသပေးပါရစေ..." ရွှီဟုန်ချိုးက ပြောလိုက်၏။
"အသေးအဖွဲဒဏ်ရာပါပဲဗျာ... ကိစ္စမရှိပါဘူး..." ချူလျန်က လက်ဝှေ့ယမ်းပြီး ငြင်းပယ်လိုက်သည်။
"မိန်းကလေးရွှီ… ကျုပ်ကို ပထမတန်းစားဓားလုပ်ငန်းဆီကိုပဲ အရင်ပို့ပေးဖို့ ဒုက္ခပေးပါရစေ... ကျုပ်မှာ အရေးကြီးတဲ့ အလုပ်တစ်ခု ရှိနေသေးလို့ပါ..."
"ဒါပေမဲ့ ရှင် သွေးတွေ အတော်တောင် ထွက်နေပြီလေ..." ရွှီဟုန်ချိုးက အနည်းငယ် တွန့်ဆုတ်နေလေသည်။
"သွေးနည်းနည်းပါဗျာ..." ချူလျန်က အင်္ကျီလက်စဖြင့် သွေးများကို သုတ်လိုက်ပြီး ခေါင်းခါလျက်ပြုံးကာ ပြောလိုက်၏။
"ကောင်းပါပြီ..." ရွှီဟုန်ချိုးလည်း မတတ်သာဘဲ ခေါင်းညိတ်လိုက်ရတော့သည်။
လမ်းက မဝေးလှသဖြင့် သူမကိုယ်တိုင် ချူလျန်ကို ပထမတန်းစားဓားလုပ်ငန်း၏ တံခါးဝအထိ လိုက်လံပို့ဆောင်ပေးပြီးမှသာ ပြန်လည်ထွက်ခွာသွားလေသည်။
ဓားလုပ်ငန်းအတွင်းမှ တပည့်ဖြစ်သူကို စောင့်ဆိုင်းနေသော တိနွီဖုန့်သည် သတင်းကြားသဖြင့် အပြင်သို့ ထွက်ကြိုလေသည်။
ချူလျန်သည် တိနွီဖုန့်ကို မြင်လိုက်ရသောအခါမှသာ ရင်ထဲတွင် တင်းကျပ်နေသော စိုးရိမ်မှုများမှာ လုံးဝ ပျောက်ကွယ်သွားရလေသည်။ အစောပိုင်းက ရွှီဟုန်ချိုးတစ်ယောက် မည်မျှပင် ကျေးဇူးတင်စကား ပြောနေစေကာမူ သူသည် တစ်ဖက်လူကို အပြည့်အဝ မယုံကြည်ဝံ့ပေ။
အဘယ်ကြောင့်ဆိုသော် သူတို့မှာ မိသားစုဝင်များ ဖြစ်ကြပြီး၊ မိမိမှာမူ အင်အားနည်းသော ပြင်ပလူတစ်ဦးသာ ဖြစ်နေသောကြောင့်ပင်။
ထိုရွှီနန်လင်အပေါ်တွင် သံသယရှိနေသော်လည်း မည်သည့်စကားမျှ ထုတ်ဖော်မပြောဝံ့ခဲ့ပေ။
ယခုမူ မိမိ၏ မိသားစုဝင်နှင့် ပြန်လည်ဆုံတွေ့ရပြီ ဖြစ်ချေသည်။
နောက်တစ်စက္ကန့်တွင်…။
အစောပိုင်းက တည်ငြိမ်အေးဆေးနေသော ချူလျန်မှာ…။
ရုတ်တရက်ပင် ခါးညွှတ်ကိုင်းသွားပြီး ရင်ဘတ်ကို လက်ဖြင့်ဖိကာ နံရံကို မှီလိုက်၍ ဝမ်းနည်းကြေကွဲသော မျက်နှာထားဖြင့်...။
"ဆရာသခင်... တပည့်တော့ ဆရာသခင်နဲ့ ပြန်မဆုံနိုင်တော့ဘူး ထင်နေတာ..." သူသည် တိနွီဖုန့်ကို ကြည့်ကာ ငိုသံပါကြီးဖြင့် အော်ဟစ်လိုက်တော့သည်။
"ကျွန်တော့်အတွက် မဖြစ်မနေ တရားမျှတမှု ရှာပေးရမယ်နော်..."