အခန်း (၁၁၉-၁၂၀)
Vol. 12 Ch. 119-120
အခန်း (၁၁၉) - ဝံပုလွေစွယ်ဂိုဏ်း
ဤအဖြစ်အပျက်များ မတိုင်မီက...။
လေမီးဂိုဏ်းမှ လူငယ်သုံးယောက်သည် ဆေးခန်းမှ ထွက်ပြေးလွတ်မြောက်လာပြီးနောက်၊ လမ်းကြားတစ်ခု၏ မှောင်ရိပ်ထဲသို့ ရောက်ရှိနေကြလေသည်။
"ငါ သေချာစဉ်းစားပြီးပြီ...” အရပ်ရှည်သော လူငယ်က ခက်ထန်သောလေသံဖြင့် ပြောလိုက်၏။
"ငါတို့ ဒီလိုမျိုး ပုန်းအောင်းနေရတာက ခိုင်မာတဲ့ နောက်ခံအကာအကွယ် မရှိလို့ပဲ… အရင်တုန်းက ကိုယ့်ဘာသာ ကြိုးစားပြီး သန်မာလာအောင် လုပ်မယ်လို့ တွေးခဲ့ပေမဲ့… တကယ်တမ်းကျတော့ သူများအနိုင်ကျင့်တာပဲ ခံနေရတယ်လေ...”
"ဒါပေမဲ့ အစ်ကိုကြီး... ကျုပ်တို့က အရင်သွားလုတာ မဟုတ်လား...” ပိန်ညှောင်သော လူငယ်လေးက တီးတိုးမေးလိုက်၏။
"ပါးစပ်ပိတ်ထားစမ်း...” အရပ်ရှည်သောလူငယ်က ဟောက်လိုက်လေသည်။
"မင်းကတော့ ပြောရဲဆိုရဲလိုက်တာကွာ...” ဝဝတုတ်တုတ် လူငယ်ကလည်း ဝင်ရောက်ထောက်ခံလိုက်၏။ "ငါတို့က သွားလုတာကို သူက ပြန်တိုက်ခိုက်တယ်လေ… ဒါက လူကို အနိုင်ကျင့်တာ မဟုတ်လို့ ဘာလဲ...”
"..."
"တကယ်တော့ ဝံပုလွေစွယ်ဂိုဏ်းကလူတွေ ငါ့ကို အရင်ကတည်းက လာခေါ်ဖူးတယ်… အဲဒီတုန်းက သူများလက်အောက်မှာ မနေချင်လို့ ငြင်းခဲ့တာ...” အရပ်ရှည်သော လူငယ်က ဆက်ပြောလိုက်လေ၏။
"ဒါပေမဲ့ အခုတော့ ငါ စိတ်ပြောင်းသွားပြီ… အရင်ဆုံး ဂိုဏ်းကြီးရဲ့ အရှိန်အဝါကို အမှီပြုပြီး နေကြရအောင်… ကိုယ်တိုင် အင်အားကြီးလာမှပဲ ကိုယ့်ခြေထောက်ပေါ်ကိုယ် ပြန်ရပ်တာပေါ့...”
ဝံပုလွေစွယ်ဂိုဏ်းသည် တောက်ထျယ်မြို့ တောင်ဘက်ပိုင်းတွင် အတော်လေး နာမည်ကြီးသော ဂိုဏ်းတစ်ခု ဖြစ်လေသည်။ ဂိုဏ်းချုပ်သည် ပဉ္စမအဆင့်အစောပိုင်း ကျင့်ကြံသူတစ်ဦး ဖြစ်ရုံသာမက၊ တောက်ထျယ်မြို့၏ စတုတ္ထတန်းစား ဂုဏ်ထူးဆောင်အရာရှိလည်း ဖြစ်သဖြင့်၊ အမှောင်လောကနှင့် အလင်းလောက နှစ်ဖက်စလုံးတွင် ဩဇာအာဏာ ရှိလေသည်။
"ကျုပ် သဘောတူတယ်...” ဝဝတုတ်တုတ်လူငယ်က လက်မြှောက်၍ ထောက်ခံလိုက်ပြီးနောက် "ဒါပေမဲ့ ကျုပ်မှာ အကြံပြုစရာတစ်ခု ရှိတယ်..." ဟု ပြောလိုက်လေသည်။
"ဘာလဲ...”
"ဝံပုလွေစွယ်ဂိုဏ်းထဲ မဝင်ခင် ကျုပ်ဒဏ်ရာကို အရင်ကုပေးမယ့်နေရာ ရှာပေးဦး… ကျုပ်... ကျုပ် မရတော့ဘူး ထင်တယ်...” သူသည် အားနည်းသောလေသံဖြင့် ပြောလိုက်ရှာသည်။
"ဒုတိယအစ်ကိုပဲ ခုနတုန်းက နောက်ထပ် ဓားတစ်ချက် အထိုးခံရရင်တောင် ကိစ္စမရှိဘူးလို့ ပြောခဲ့တာ မဟုတ်လား...” ပိန်ညှောင်သော လူငယ်လေးက ထပ်မံ မေးမြန်းလိုက်ပြန်သည်။
"မင်းက သောက်ကျိုးနည်းကို မှတ်ဉာဏ်ကောင်းလှချည်လား...” ဝဝတုတ်တုတ်လူငယ်မှာ ဒေါသထွက်သွားလေတော့သည်။
...
ညီအစ်ကိုသုံးယောက်သား ဝံပုလွေစွယ်ဂိုဏ်း၏ အခြေစိုက်စခန်းသို့ ရောက်ရှိလာသောအခါ၊ ဂိုဏ်းချုပ်ကိုယ်တိုင် လက်ခံတွေ့ဆုံလိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ဖူးချေ။
"အင်း... ကောင်းပြီ... မင်းတို့ နောက်ဆုံးတော့ ရောက်လာကြပြီပဲ… ငါ စောင့်နေရတာ တော်တော် ကြာသွားပြီ… ငါ့ရဲ့ ဝံပုလွေစွယ်ဂိုဏ်းမှာ မင်းတို့လို ပါရမီရှင်တွေ လိုအပ်နေတာ...”
ပိုးထည်ဝတ်ရုံ ဝတ်ဆင်ထားပြီး လိမ္မာပါးနပ်ပုံရသော ပိန်သွယ်သွယ် လူလတ်ပိုင်းအမျိုးသားတစ်ဦးသည် ခန်းမ၏ အဓိကထိုင်ခုံတွင် ထိုင်နေပြီး၊ သူတို့သုံးယောက်ကို ကြည့်ကာ ယဉ်ကျေးပျူငှာသော အပြုံးဖြင့် ပြောလိုက်လေ၏။
သူ၏ အောက်ဘက်တွင်မူ ဝါးယပ်တောင်ကို ခပ်နေသော၊ (八) ပုံစံ နှုတ်ခမ်းမွှေး နှစ်စရှိသည့် လူလတ်ပိုင်း စာသင်သားတစ်ဦး ထိုင်နေသည်။ သူသည်ကား ဝံပုလွေစွယ်ဂိုဏ်း၏ အကြံပေးပင် ဖြစ်ချေသည်။
"ဂိုဏ်းချုပ်က... ကျုပ်တို့အကြောင်းကို ကြားဖူးလို့လား...” အရပ်ရှည်သောလူငယ်မှာ မယုံနိုင်အောင် ဖြစ်နေမိသည်။
ဝံပုလွေစွယ်ဂိုဏ်းချုပ်၏ ပြောပုံအရ ၎င်းတို့အား စောင့်ဆိုင်းနေသည်မှာ ကြာမြင့်လှပြီဟု ဆိုလိုနေဟန် တူလေသည်။
ငါတို့ လေမီးဂိုဏ်းက ဒီလောက်တောင် ကျော်ကြားနေတာလား…။
"မကြားဖူးပါဘူး...” ဝံပုလွေစွယ်ဂိုဏ်းချုပ်က ခေါင်းခါလိုက်သည်။
"ဒါပေမဲ့ မင်းတို့ရဲ့ မျက်နှာတွေက... အမ်... ဒီဝဝတုတ်တုတ်ကောင်လေးရဲ့ မျက်နှာက ဘာလို့ ဒီလောက် အားနည်းနေရတာလဲ… ဓားနဲ့ အချက်ပေါင်းများစွာ အခုတ်ခံထားရတဲ့အတိုင်းပဲ...”
စကားပြောရင်းနှင့် သူသည် ရုတ်တရက် အံ့အားသင့်သွားကာ မေးမြန်းလိုက်ခြင်း ဖြစ်လေ၏။
"အဲဒါက..." အရပ်ရှည်သောလူငယ်က ရှက်ရွံ့စွာ ရယ်မောလိုက်ပြီး "ကျုပ်ညီလေးမှာ ဒဏ်ရာနည်းနည်း ရထားလို့ပါ... ဒါပေမဲ့ စိတ်မပူပါနဲ့... မနက်ဖြန်မနက်ကျရင် သူ နွားတစ်ကောင်လို ပြန်ပြီး သန်မာလာပါလိမ့်မယ်...”
"မနက်ဖြန်မနက် ဟုတ်လား… အဲဒါဆိုရင်တော့ နောက်ကျသွားပြီ...” ဝံပုလွေစွယ်ဂိုဏ်းချုပ်က ရယ်မောကာ ပြောလိုက်ပြန်သည်။
"ဂိုဏ်းထဲမဝင်ခင် မင်းတို့ တာဝန်တစ်ခု အရင်လုပ်ပေးရမယ်… သစ္စာခံတဲ့အနေနဲ့ပေါ့… ဒီညပဲ မင်းတို့ကို သွားလုပ်ခိုင်းရမှာ...”
ဒီလောက်ကြီးကျ လောလွန်းမနေဘူးလား...။
အရပ်ရှည်သောလူငယ်မှာ အနည်းငယ် တုံ့ဆိုင်းသွားသော်လည်း၊ ဂိုဏ်းထဲဝင်သည်နှင့် အရေးကြီးတာဝန် ပေးအပ်ခြင်းခံရသည်မှာ ဂိုဏ်းချုပ်က သူတို့ကို အသိအမှတ်ပြုခြင်း ဖြစ်သည်ဟု တွေးမိသွားကာ လက်ကိုယှက်၍ ဂါရဝပြုလိုက်လေသည်။
"ဂိုဏ်းချုပ် ပေးအပ်တဲ့တာဝန်ကို အစွမ်းကုန် ကြိုးစားပါ့မယ်...”
"တာဝန်အကြောင်းကို နောက်မှ ငါ သတင်းပို့လိုက်မယ်… အခုတော့ အရင်သွားနားကြဦး… မင်းညီလေးအတွက် အားဆေးတစ်ချို့ ပြင်ဆင်ပေးလိုက်မယ်… အလုပ်ကို မနှောင့်နှေးစေနဲ့...”
ဂိုဏ်းချုပ်က လက်ဝှေ့ယမ်းပြပြီး သူတို့ကို ထွက်ခွာစေလိုက်လေသည်။
သုံးယောက်သား ထွက်သွားပြီးနောက်မှ အကြံပေးက မကျေနပ်သော အကြည့်ဖြင့် ခေါင်းခါလိုက်လေသည်။
"ဂိုဏ်းချုပ်... ဒီသုံးယောက်က ကြည့်ရတာ သိပ်ပြီး ဉာဏ်ကောင်းမယ့်ပုံ မပေါ်ဘူး… ဘယ်ဌာနမှာမဆို ပစ်ထည့်ထားလိုက်ရင် ရတာကို… ဘာလို့ အခုလို အောက်တန်းစားတွေကို ကိုယ်တိုင်ကိုယ်ကျ လက်ခံတွေ့ဆုံနေရတာလဲ...” သူသည် နားမလည်နိုင်သဖြင့် မေးမြန်းလိုက်ရသည်။
"သားရဲတစ်သောင်းခန်းမက ကိစ္စတွေကို ငါ မင်းကို မပြောရသေးဘူး...” ဝံပုလွေစွယ်ဂိုဏ်းချုပ်က ပြုံးပြလိုက်လေ၏။
"ဒီနှစ်တွေထဲမှာ ငါတို့က သားရဲတစ်သောင်းခန်းမက တာဝန်ခံနဲ့ ပေါင်းပြီး မိစ္ဆာသားရဲတွေကို တိတ်တဆိတ် ခိုးရောင်းခဲ့ကြတာ… အမြတ်တွေ အများကြီး ရခဲ့တယ်… ဝံပုလွေစွယ်ဂိုဏ်း ဒီနေ့လိုအခြေအနေ ရောက်လာတာဟာ ဒီလုပ်ငန်းကြောင့်ပဲ...”
"ဒါပေမဲ့ အခု ဝေလငါးဂိုဏ်းက လူလွှတ်ပြီး စစ်နေတော့… ခန်းမထဲက စာရင်းတွေက လုံးဝကိုက်မှာ မဟုတ်ဘူး… ရွှီနန်လင်ပြောတာကတော့ တစ်ခုခု အကြီးအကျယ် ဖြစ်မသွားရင် ကျုပ်တို့အားလုံး သေရလိမ့်မယ်တဲ့...”
"ဒါက..." အကြံပေးက တွေးတောဆင်ခြင်လိုက်ပြီး "သူက ဂိုဏ်းချုပ်ကို အသုံးချပြီးမှ စွန့်ပစ်သွားမှာကိုလည်း သတိထားဦး...” ဟု သတိပေးလိုက်လေသည်။
ဝံပုလွေစွယ်ဂိုဏ်းချုပ်က ပြန်ပြောလိုက်သည်။
"သူ့လူတွေက ဝေလငါးဂိုဏ်းရဲ့ စောင့်ကြည့်မှုကို ခံနေရတော့ အလုပ်လုပ်ရတာ မလွယ်ဘူး… သူက မိစ္ဆာသားရဲတွေအပေါ်မှာ လိုအပ်တာတွေအကုန် လုပ်ထားပြီးပြီ… ဒီည ငါ သွားပြီး အဲဒီသားရဲတွေကို လွှတ်ပေးလိုက်ရုံပဲ… အဲဒီအချိန်ကျရင် တစ်မြို့လုံး ဝရုန်းသုန်းကား ဖြစ်သွားမှာဆိုတော့ သားရဲတွေ ပျောက်ဆုံးသွားတာကလည်း သဘာဝကျသွားပြီပေါ့...”
"ဒါပေမဲ့ ဝေလငါးဂိုဏ်းကလူတွေက ဒီအတိုင်း လွှတ်ထားပါ့မလား...” အကြံပေးက မေးခွန်းထုတ်လိုက်သော်လည်း ချက်ချင်းပင် သဘောပေါက်သွားကာ ပြုံးလိုက်လေသည်။
"ဒါကြောင့် ကျုပ်တို့နဲ့ ဘာမှမဆိုင်တဲ့ ဓားစာခံတွေ ရှာထားတာပေါ့လေ...”
"ဟုတ်တယ်... ဟားဟား…” ဝံပုလွေစွယ်ဂိုဏ်းချုပ်က ရယ်မောလိုက်လေသည်။
"အဲဒီ အောက်တန်းစား သုံးယောက်က ငါတို့ဂိုဏ်းနဲ့ ဘာမှ မပတ်သက်ဘူး… ဒီည သူတို့ကို ငါ့နောက်က လိုက်လာမယ့်သူတွေကို တားဆီးခိုင်းထားမယ်… ရွှီနန်လင်ရောက်လာတာနဲ့ အကုန်သတ်ပစ်လိုက်ရင် ဘယ်သူက ကျုပ်တို့ကို သံသယဝင်တော့မှာလဲ...”
"တကယ့်ကို ကောင်းလိုက်တဲ့ အစီအစဉ်ပါပဲ...” အကြံပေးက လက်ခုပ်တီး၍ ချီးကျူးလိုက်လေတော့၏။
...
ညဉ့်နက်ပိုင်း…။
လူငယ်သုံးယောက်သည် လမ်းဆုံတစ်ခုတွင် စောင့်ဆိုင်းနေကြလေသည်။
အစီအစဉ်အရ ဂိုဏ်းချုပ် ဤနေရာမှ ဖြတ်သွားသည်နှင့် ၎င်းတို့က ရွှေရောင်ပိုက်ကွန်ကို ဖြန့်ပြီး နောက်မှလိုက်လာသူများကို တားဆီးပေးရမည် ဖြစ်၏။
ဝံပုလွေစွယ်ဂိုဏ်းချုပ်က သူ ဘာလုပ်မည်ကို ၎င်းတို့အား ပြောမထားသဖြင့်၊ ၎င်းတို့သုံးယောက်လုံး များစွာ စိတ်လှုပ်ရှားမနေကြပေ။
"ဒီတာဝန်က ဘာမှ မခက်ပါဘူး… ဒါ ပြီးသွားတာနဲ့ ငါတို့ ဂိုဏ်းထဲ ဝင်နိုင်ပြီ အားတင်းထားကြစမ်း...” အရပ်ရှည်သောလူငယ်က ညီများအား အားပေးလိုက်လေသည်။
"ဒါပေမဲ့ အစ်ကိုကြီး... ကျုပ်မှာ အကြံအသစ်တစ်ခု ရှိသေးတယ်...” ဝဝတုတ်တုတ် လူငယ်က ရုတ်တရက် ပြောလိုက်ပြန်သည်။
"ဘာလဲ...” အရပ်ရှည်သောလူငယ်နှင့် ပိန်ညှောင်သောလူငယ်တို့က သူ့ကို ကြည့်လိုက်ကြလေသည်။
ဝဝတုတ်တုတ်လူငယ်က သူ၏မျက်လုံးထဲတွင် ဉာဏ်အလင်းများ လက်ခနဲ ဖြစ်သွားပြီး "စည်းစိမ်ဥစ္စာဆိုတာ စွန့်စားမှ ရတာလေ..." ဟု ဆိုကာ ဆက်ပြောလိုက်လေသည်။
"ဂိုဏ်းချုပ်ရဲ့ အိပ်ခန်းထဲမှာ လျှို့ဝှက်အခန်းတစ်ခု ရှိတယ်… အဲဒီထဲမှာ ရတနာသေတ္တာတစ်လုံး ရှိတာ သေချာတယ်… အဲဒါက သူ နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ ရတနာတွေ ဖြစ်ရမယ်… ကျုပ်တို့ အခွင့်အရေးရရင် အဲဒါကို ခိုးပြီး ဝေးဝေးကို ထွက်ပြေးကြမယ်လေ...”
"ဒါ... မဆိုးဘူးပဲ...” အရပ်ရှည်သောလူငယ်က ပြောလိုက်လေသည်။ "ဒါပေမဲ့... ဒီလောက် လျှို့ဝှက်တဲ့သတင်းကို မင်းက ဘယ်လိုလုပ်သိတာလဲ...”
"ဒါက ဂိုဏ်းချုပ်ကတော်က အကြံပေးနဲ့ အတူအိပ်နေတုန်း ပြောပြလိုက်တာ...” ဝဝတုတ်တုတ်လူငယ်က ရှင်းပြလိုက်၏။
"အကြံပေးက ဒုတိယဌာနမှူးကတော်နဲ့ အတူအိပ်တုန်း သူမကို ပြန်ပြောပြတယ်… ဒုတိယဌာနမှူးကတော်က တတိယဌာနမှူးနဲ့ အတူအိပ်တုန်း သူ့ကို ပြန်ပြောပြတယ်… တတိယဌာနမှူးက ဂိုဏ်းထဲက သမားတော်ကတော်နဲ့ အတူအိပ်တုန်း သူမကို ပြောပြတယ်…
သမားတော်ကတော်က နောက်တစ်နေ့ ပြန်ရောက်တော့ သမားတော်ကို ပြန်ပြောပြတယ်… သမားတော်က အရက်မူးနေတုန်း ကျုပ် သူ့ဆီမှာ ဒဏ်ရာသွားကုတော့ ကျုပ်ကို ပြန်ပြောပြတာလေ...”
"..."
အရပ်ရှည်သောလူငယ်နှင့် ပိန်ညှောင်သောလူငယ်တို့မှာ ထိုစကားကို ကြားရသောအခါ ပါးစပ်အဟောင်းသားနှင့် အံ့သြမှင်တက်သွားကြရလေတော့သည်။
၎င်းတို့ ကြောင်အအဖြစ်နေစဉ်မှာပင် ဟိုဘက်မှ ဆူညံသံများကို ကြားလိုက်ရသဖြင့် သတိပြန်ဝင်လာကြပြီး၊ လျှပ်စီးကဲ့သို့ မြန်ဆန်သော အနက်ရောင်ပုံရိပ်တစ်ခု ပြေးဝင်လာသည်ကို တွေ့လိုက်ရလေသည်။
၎င်းတို့မှာ ထိုပုံရိပ်ကို သေချာပင် မမြင်လိုက်ရဘဲ လေပွေတစ်ခုအလားသာ မြင်လိုက်ရ၏။ ထိုလေပွေက ၎င်းတို့အား ဖြတ်သွားစဉ် "သူ့ကို တားထားလိုက်စမ်း" ဟု အော်ဟစ်လိုက်မှသာ ၎င်းမှာ ဂိုဏ်းချုပ်ဖြစ်ကြောင်း သိလိုက်ရခြင်း ဖြစ်ပေသည်။
အမိန့်ရသည်နှင့် လူငယ်သုံးယောက်လုံး စိတ်ဓာတ်များ တက်ကြွလာကြတော့သည်။ ၎င်းတို့သည် ဝိညာဉ်အသိအမြင်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသဖြင့် ဤကဲ့သို့သော အသေးအဖွဲကိစ္စကို လုပ်ဆောင်ရန်မှာ မခက်ခဲလှပေ။
ဝဝတုတ်တုတ်နှင့် ပိန်ညှောင်သောလူငယ်တို့က လမ်းဘေးနှစ်ဖက်မှနေ၍ ရွှေရောင်ပိုက်ကွန်ကို ဖြန့်လိုက်ပြီး၊ အရပ်ရှည်သောလူငယ်က လက်ဟန်ပြုကာ အစီအရင်ကို ချက်ချင်း အသက်သွင်းလိုက်လေသည်။
ကောင်းကင်ကိုပင် ဖုံးလွှမ်းသွားနိုင်သော ရွှေရောင်ပိုက်ကွန်ကြီး ပေါ်ထွက်လာပြီး၊ အနောက်မှ လိုက်ပါလာသော လူမျက်နှာရှောင်မိစ္ဆာမှာ ဝင်တိုက်မိလုနီးပါး ဖြစ်သွားသဖြင့် အရှိန်သတ်လိုက်ရလေ၏။ သို့သော် ၎င်းအရှိန်လျော့သွားသည်နှင့် အနောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာသော ချူလျန်မှာလည်း ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ချူလျန်၏ ပုံရိပ်ကို မြင်လိုက်ရသည့် ခဏ၌ ဝဝတုတ်တုတ်လူငယ်၏ ရင်ထဲတွင် အချက်ပေးသံများ ဆူညံသွားရတော့သည်။
သွားပြီ…။
သူ နောက်တစ်ခါ ရောက်လာပြန်ပြီ…။
သူသည် အသိစိတ်မရှိတော့ဘဲ နောက်လှည့်ကာ ထွက်ပြေးလေတော့သည်။ ထိုမျက်နှာကို မြင်လိုက်သည်နှင့် သူ၏ကျောပြင်မှ ဒဏ်ရာမှာ အလိုလို ပူထူလာသကဲ့သို့ ခံစားလိုက်ရသောကြောင့်ပင်။
"ဒုတိယအစ်ကို...”
အရပ်ရှည်သောလူငယ်နှင့် ပိန်ညှောင်သောလူငယ်တို့သည် သူ ရုတ်တရက် ထွက်ပြေးသွားသောကြောင့်၊ ရွှေရောင်ပိုက်ကွန်မှာ ဟာကွက်ဖြစ်သွားသည်ကို မြင်လိုက်ရသဖြင့် ၎င်းတို့လည်း အနောက်မှ လိုက်ပါသွားကြသည်။
"ဘာလို့ ထွက်ပြေးတာလဲ...” အရပ်ရှည်သောလူငယ်က မေးမြန်းလိုက်၏။
"မရတော့ဘူး... ထပ်မပြေးရင် ကျုပ်ကျောပြင်က နောက်တစ်ခါ ဓားအထိုးခံရတော့မယ်...” ဝဝတုတ်တုတ်လူငယ်က ပြေးရင်းလွှားရင်း ရှင်းပြလိုက်သည်။
"ဒါပေမဲ့..." ပိန်ညှောင်သောလူငယ်လေးက ခပ်တိုးတိုး ရေရွတ်လိုက်သည်။
"ဒုတိယအစ်ကို့ ကျောပြင်မှာ ဓားတစ်ချက် အထိုးခံလိုက်ရပြီလေ..."
"ဟမ်...” ဝဝတုတ်တုတ်လူငယ်က နောက်သို့ လှည့်ကြည့်လိုက်ရာ သူ၏ကျောပြင်တွင် ရင်းနှီးနေသော အစိမ်းရောင် အလင်းတန်းတစ်ခု ရှိနေသည်ကို တွေ့လိုက်ရလေသည်။
ရင်းနှီးနေသော အော်ဟစ်သံသည် ညဉ့်နက်သန်းခေါင်ယံတွင် ထပ်မံ၍ ပဲ့တင်ထပ်သွားလေတော့သည်။
"အား..."
အခန်း (၁၂၀) - ရွှေအမြုတေရုပ်သေး
"ကျွန်တော့်အတွက် ကလဲ့စားချေပေးပါ…"
ထိုည၏ ပထမတန်းစားဓားလုပ်ငန်းအတွင်း၌….။
တိနွီဖုန့်မှာ မေးစေ့ကိုပွတ်သပ်ရင်း ခေတ္တမျှစဉ်းစားနေသည်။
"ဟင်...” ချူလျန်ခမျာ အံ့အားသင့်သွားရပြီး "ဆရာသခင်က ဘာလို့တွန့်ဆုတ်နေတာလဲ… ဆရာသခင့်ရဲ့ အချစ်ဆုံးတပည့်လေး အသတ်ခံရလုနီးပါး ဖြစ်ခဲ့တာနော်...” ဟု ပြောလိုက်လေသည်။
"ဘာတွေဖြစ်ခဲ့လဲဆိုတာ အရင်ပြောပါဦး… ပစ္စည်းသွားဝယ်တာ တစ်ဝက်တစ်ပျက်နဲ့ အသေအလဲ ပြန်ပြေးလာရတယ်ဆိုတော့...” တိနွီဖုန့်က မေးလိုက်၏။
ချူလျန်သည် သူကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကို အကျဉ်းချုပ်ရှင်းပြလိုက်လေသည်။
သေချာပေါက်ပင် ရွှီနန်လင်း၏ ရက်စက်ယုတ်မာမှုနှင့် မိမိ၏ အားကိုးရာမဲ့ ဖြစ်ခဲ့ရမှုများကို အလေးပေး၍ ဖော်ပြလိုက်ခြင်းပင် ဖြစ်ချေသည်။
"ဟမ့်...” တိနွီဖုန့်က နားထောင်ပြီးနောက် နှာခေါင်းရှုံလိုက်သည်။
"ဝေလငါးဂိုဏ်း၏ သာမန်အမှုဆောင်တစ်ယောက်က ငါ့တပည့်ကို သတ်ဖို့ကြိုးစားရဲတယ်ပေါ့… ပိုက်ဆံတွေ သိပ်ပေါနေလို့လား… အဲလေ… မဟုတ်သေးပါဘူး... အသက်ရှင်ရတာ ငြီးငွေ့နေတာ ဖြစ်ရမယ်...”
"ဟုတ်ပါတယ်... ဟုတ်ပါတယ်...” ချူလျန်က ခေါင်းကို ပြင်းပြင်းထန်ထန် ညိတ်လိုက်သည်။
"ဒါပေမဲ့ ကလဲ့စားသွားချေဖို့အတွက် အနည်းဆုံးတော့ ငါ့ရဲ့ချီစွမ်းအင်တွေကို ပြန်ဖြည့်ဖို့ တစ်ရက်လောက် လိုလိမ့်မယ်… မင်းအတွက် ဓားသွန်းလုပ်ပေးဖို့ ငါ အားအင်တွေ အများကြီး သုံးလိုက်ရတယ်လေ...” တိနွီဖုန့်က ဆိုလေသည်။
"ခွန်းဝူဆရာကို ဓားသွန်းခိုင်းတာကို ဆရာသခင်က ဘာလို့အားစိုက်နေရတာလဲ...” ချူလျန်တစ်ယောက် နားမလည်နိုင်စွာ မေးမြန်းလိုက်မိသည်။
"စီနီယာတိနွီဖုန့်က ကျုပ်တို့ဓားလုပ်ငန်းမှာ ရှိသမျှထဲက အကောင်းဆုံးပစ္စည်းဖြစ်တဲ့ 'တောက်ပကျောက်စိမ်းရွှေအမြုတေ' ကို ရွေးချယ်ခဲ့တာလေ...” တိနွီဖုန့်နှင့်အတူ ထွက်လာသော ရိုးသားသည့်ပုံစံရှိသည့် လူငယ်က ဝင်ပြောလိုက်လေသည်။
သူ၏လေသံထဲတွင် ဖုံးကွယ်၍မရနိုင်သော နှမြောတသမှုများ ပါဝင်နေချေ၏။
"တောက်ပကျောက်စိမ်းရွှေအမြုတေကို အရည်ကျိုဖို့အတွက် သမာဓိမီးတောက်စစ် လိုအပ်တော့ စီနီယာက အားအင်တွေ အများကြီး စိုက်ထုတ်ခဲ့ရတာပါ...”
ဤလူငယ်မှာ ရွှီခွန်းဝူ၏ တစ်ဦးတည်းသောသား ရွှီစွေ့ပင် ဖြစ်ချေသည်။
သူသည် ထိုသို့ပြောဆိုနေသော်လည်း သူ၏စိတ်ထဲတွင်မူ အခြားသော မြင်ကွင်းတစ်ခုကို ပြန်လည်မြင်ယောင်နေမိတော့သည်။
ထိုစဉ်က တိနွီဖုန့်သည် သူတို့၏ ပထမတန်းစားဓားလုပ်ငန်းထဲသို့ အတင်းအဓမ္မ ဝင်ရောက်လာပြီး၊ လူအများရှေ့တွင်ပင် သူ၏ဖခင်ဖြစ်သူအား လူမိုက်တစ်ဦးကဲ့သို့ ဆက်ဆံခဲ့ခြင်း ဖြစ်လေသည်။
"အခုက ဓားသွန်းခိုင်းတာပဲ... ဒါပေမဲ့ ငါ တိနွီဖုန့်ကလည်း လက်ပိုက်ကြည့်နေမယ့်လူမျိုး မဟုတ်ပါဘူး… သမာဓိမီးတောက်စစ်နဲ့ သွန်းလုပ်တဲ့ဓားတွေက အကောင်းဆုံးလို့ ကြားဖူးတယ်… ကဲ... ဒီမှာကြည့်လိုက်စမ်း...”
သို့သော်...။
သမာဓိမီးတောက်စစ်ဖြင့် သွန်းလုပ်သောဓားများ အကောင်းဆုံးဖြစ်ရခြင်းမှာ ထိပ်တန်းအဆင့်မြင့် ကုန်ကြမ်းပစ္စည်းများကိုသာ ထိုကဲ့သို့သော နတ်မီးတောက်ဖြင့် အရည်ကျိုရန် လိုအပ်သောကြောင့် ဖြစ်၏။ သာမန်ကုန်ကြမ်းပစ္စည်းများကိုသာ သမာဓိမီးတောက်စစ်ဖြင့် လောင်ကျွမ်းလိုက်ပါက ခဏချင်းအတွင်း၌ပင် ပြာဖြစ်သွားပေလိမ့်မည်။
ထို့ကြောင့် တိနွီဖုန့်၏ ရည်ရွယ်ချက်မှာ ရှင်းလင်းလှပေသည်။
‘ငါက အကောင်းဆုံးပစ္စည်းကိုပဲ လိုချင်တာ... တကယ်လို့ နင်က သာမန်ပစ္စည်းတွေနဲ့ လာပြီး ငါ့ကို လှည့်စားမယ်ဆိုရင်တော့ ငါ တိုက်ရိုက်မီးရှို့ပစ်မှာပဲ...’ ဆိုသည့် သဘောပင် ဖြစ်ချေ၏။
အကယ်၍ အသုံးမပြုချင်ဘူးဆိုလျှင်ရော…။
ခရမ်းရောင် သမာဓိမီးတောက်စစ်က တိနွီဖုန့်၏ လက်ညှိုးထိပ်တွင် ကခုန်နေသည်ကို မြင်လိုက်ရသောအခါ ဘယ်သူကများ ငြင်းဆန်ဝံ့ပါမည်နည်း။
ရွှီခွန်းဝူမှာ အံကိုကြိတ်ကာ သဘောတူလိုက်ရုံသာ ရှိတော့သည်။
အမှန်တကယ်တွင် သူသည်လည်း သတ္တမအဆင့် တာအိုသိရှိခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လေသည်။ ကျင့်ကြံခြင်းလောကတွင် မည်သည့်အတတ်ပညာ၌မဆို ထိပ်တန်းအဆင့်သို့ ရောင်ရှိရန်မှာ 'တာအို' ကို နားလည်ရန် လိုအပ်သောကြောင့် ဖြစ်၏။
သို့သော် သူသည်မှာ သတ္တမအဆင့်ရှိသော ပန်းပဲဆရာသာဖြစ်ပြီး ဓားသွန်းလုပ်ခြင်းမှာ သူ၏အတတ်ပညာ ဖြစ်သော်လည်း၊ တိနွီဖုန့်မှာမူ သတ္တမအဆင့်ရှိသော စစ်သည်တော်ဖြစ်ပြီး လူရိုက်ခြင်းမှာ သူမ၏အတတ်ပညာ ဖြစ်နေချေသည်။
အဆင့်တူသော်လည်း တိုက်ခိုက်ရေးစွမ်းရည်မှာမူ ကွာခြားလွန်းလှပေသည်။
ထို့အပြင် ယခုကိစ္စမှာ သူသည် တစ်ဖက်လူ၏ ကျေးဇူးကို တင်ရှိနေခြင်းဖြစ်သဖြင့် တိနွီဖုန့်က အသာစီးရနေခြင်း ဖြစ်သည်။ တောက်ထျယ်မြို့၏ အထက်လူကြီးများကို သွားရောက် အကူအညီတောင်းလျှင်ပင် တိနွီဖုန့်ကို ကြောက်ရွံ့နေကြမည်မှာ သေချာလှသည်။
ရွှီခွန်းဝူလည်း အံကိုကြိတ်ကာ သူ နှစ်ပေါင်းများစွာ သိမ်းဆည်းထားသော အဖိုးတန် 'တောက်ပကျောက်စိမ်းရွှေအမြုတေ' ကို ထုတ်ပေးလိုက်ရလေတော့သည်။
အမှန်တကယ်ဆိုရလျှင် တစ်ချိန်က သူ့အပေါ် တိနွီဖုန့် ကူညီခဲ့သည်ကို သူ အမြဲတစေ မှတ်သားထားခဲ့ခြင်း ဖြစ်၏။ ယခုကဲ့သို့ ကျေးဇူးဆပ်ခွင့်ရခြင်းမှာလည်း သူ၏စိတ်ထဲမှ ဆန္ဒတစ်ခုကို ပြည့်ဝသွားစေခြင်းပင် ဖြစ်ချေသည်။
သို့သော် သူ နားမလည်နိုင်သည်မှာ တိနွီဖုန့်က အဘယ်ကြောင့် ရှောင်းယွင်ရှေးဟောင်းဓား၏ ပုံတူကိုသာ သွန်းလုပ်ခိုင်းနေရသနည်းဆိုသည့် အချက်ပင်။
အဘယ်ကြောင့်ဆိုသော် တောက်ပကျောက်စိမ်းရွှေအမြုတေကဲ့သို့သော ပစ္စည်းမျိုးဖြင့်၊ သမာဓိမီးတောက်စစ်ကို အသုံးပြု၍ သူ၏စွမ်းအားအားလုံးကို ပုံအောလိုက်မည်ဆိုပါက၊ 'ကမ္ဘာမြေ ရတနာတစ်သောင်းမှတ်တမ်း' ၏ အဆင့် (၃၀၀) အတွင်း ဝင်နိုင်သလို၊ အဆင့် (၂၀၀) ကိုပင် ထိုးဖောက်နိုင်မည့် ရတနာတစ်လက်ကို သွန်းလုပ်နိုင်သောကြောင့် ဖြစ်လေသည်။
ဤသည်မှာ သူကဲ့သို့အဆင့်ရှိသော ဓားသွန်းဆရာများအတွက်လည်း အလွန်ပင် ဆွဲဆောင်မှု ရှိလှပေသည်။
အကယ်၍ ရှောင်းယွင်ရှေးဟောင်းဓား၏ ပုံတူကိုသာ သွန်းလုပ်မည်ဆိုပါက၊ သူ့အတွက် အနည်းငယ် လွယ်ကူသွားမည်ဖြစ်သလို စွမ်းအားလည်း အနည်းငယ် တိုးတက်လာနိုင်သော်လည်း၊ ယင်းသည် 'ကမ္ဘာမြေ ရတနာတစ်သောင်းမှတ်တမ်း' ၏ စာရင်းဝင် ဖြစ်လာနိုင်တော့မည် မဟုတ်ပေ။
ထိုကိစ္စနှင့် ပတ်သက်၍ တိနွီဖုန့်၏ ပြန်လည်ဖြေကြားချက်မှာ...။
"ငါ့တပည့်က စွမ်းအား သိပ်မရှိသေးဘူးလေ… ဒါကြောင့် သူ့ကို ကာကွယ်ဖို့အတွက် ဓားကောင်းတစ်လက် ပေးချင်ရုံပဲ… တကယ်လို့ သူ့ရဲ့ဓားပျံက ရတနာမှတ်တမ်းထဲမှာ အဆင့်ဝင်သွားရင် အခြားသူတွေ မျက်စိကျကုန်မာ့ပေါ့ … အဲဒီလို နာမည်ကြီးတာမျိုးထက် ဘေးကင်းဖို့က ပိုအရေးကြီးတယ်...”
ထိုစကားကို ကြားရသောအခါ ရွှီခွန်းဝူတစ်ယောက် အနည်းငယ် အံ့သြသွားရသည်။
"စီနီယာက ဒီလောက်အထိ အသေးစိတ် တွေးပေးလိမ့်မယ်လို့ မထင်ထားမိဘူး… တပည့်အပေါ်မှာ တကယ်ကို နက်ရှိုင်းတဲ့ မေတ္တာရှိတဲ့ ဆရာသခင်မျိုးမှပဲ ဒီလိုမျိုး တွေးနိုင်မှာပဲ...”
"အဲဒီလောက်ထိတော့ မဟုတ်ပါဘူး...” တိနွီဖုန့်က လက်ဝှေ့ယမ်းလိုက်ရင်း ရယ်မောကာ ပြောလိုက်လေသည်။ "ဘာလို့လဲဆိုတော့ ကျုပ်က တခြားလူတွေရဲ့ ရတနာတွေကို လုချင်တိုင်း… အဲဒီ ရတနာမှတ်တမ်းက အဆင့်တွေကိုပဲ ကြည့်ပြီး မျက်စိကျလေ့ရှိလို့လေ… ဒါကြောင့် ဒါကို ချက်ချင်း တွေးမိသွားတာ...”
"..."
ရွှီခွန်းဝူ၏ စိတ်လှုပ်ရှားမှုများမှာ တစ်ခဏအတွင်းမှာပင် ပျောက်ကွယ်သွားရတော့သည်။
သောက်ကျိုးနည်းအောင် မှန်လှပေသည်...။
ဤပုဂ္ဂိုလ်ကြီးမှာ အမြဲတမ်း ဓားပြတစ်ယောက်၏ ရှုထောင့်မှသာ စဉ်းစားနေခြင်း ဖြစ်သဖြင့်၊ သူမ၏ စိတ်ထဲတွင် ထိုသို့သောအတွေးများ ပေါ်လာခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။
ထိုသို့ဖြင့် ပထမတန်းစားဓားလုပ်ငန်း၏ ပိုင်ရှင်ရွှီခွန်းဝူသည် အချိန်ကို အမိအရ သုံးစွဲပြီး၊ ညဘက်တွင်ပင် မနားဘဲ ဓားသွန်းလုပ်နေရတော့သည်။ သူသည် ဤနတ်ဆိုးမကြီးကို အမြန်ဆုံး ပြန်လွှတ်နိုင်ရန်သာ စိတ်ကူးရှိတော့လေသည်။
သူသည် အလုပ်ကို ခိုကပ်မည့်သူ မဟုတ်သည်မှာတော့ သေချာလှပေသည်။ လောက၏ ထိပ်တန်း ဓားသွန်းဆရာတစ်ဦးအနေဖြင့် မိမိသိက္ခာကို ထိန်းသိမ်းတတ်သူ ဖြစ်၏။ ကတိပေးပြီးသည်နှင့် အစွမ်းကုန် ကြိုးစားမည်ဖြစ်ပြီး မိမိ၏ပြယုဂ်ကို မိမိကိုယ်တိုင် ဖျက်ဆီးမည့်သူ မဟုတ်ပေ။
အထူးသဖြင့် သမာဓိမီးတောက်စစ်၏ အကူအညီဖြင့် ဓားသွန်းလုပ်နိုင်သည့် အခွင့်အရေးမှာ သူ့အတွက်လည်း ရှားပါးလှသဖြင့် သူသည်လည်း ထိုအလုပ်တွင်သာ စိတ်နှစ်မြှုပ်ထားလေသည်။
ထို့ကြောင့် ချူလျန် ရောက်ရှိလာချိန်တွင် ရွှီစွေ့တစ်ယောက်တည်းသာ တိနွီဖုန့်နှင့်အတူ လာရောက်ကြိုဆိုခြင်း ဖြစ်ချေသည်။
"အဲလိုကိုး...” အဖြစ်အပျက်အစအဆုံးကို ကြားသိလိုက်ရသောအခါမှ ချူလျန်သည် ဆရာသခင်၏ စေတနာကို နားလည်သွားပြီး ပြောလိုက်သည်။
"ဒါဆိုရင် ဆရာသခင် ချီစွမ်းအင်တွေ အပြည့်အဝ ပြန်ရတဲ့အထိ စောင့်ပါ့မယ်… အဲဒီကျမှ ဟိုလူယုတ်မာကို သွားပြီး စာရင်းရှင်းကြတာပေါ့… လောစရာ မရှိပါဘူး...”
"မှန်တာပေါ့...” တိနွီဖုန့်က ခေါင်းညိတ်လိုက်ပြီး "သာမန် ဓာတ်ငါးပါးနယ်ပယ် ကျင့်ကြံသူတစ်ယောက်ကို နှိမ်နင်းဖို့ဆိုရင် ငါ အားပြန်ဖြည့်နေစရာ မလိုပါဘူး… ဒါပေမဲ့ အရင်ဆုံး တိုက်ခိုက်မယ့်သူ ဖြစ်တဲ့အတွက်၊ ဖြစ်ပေါ်လာနိုင်တဲ့ အရေးပေါ်အခြေအနေတွေကို ရင်ဆိုင်ဖို့ အကောင်းဆုံး အခြေအနေမှာ ရှိနေသင့်တယ်လေ… ဥပမာ သေးသေးလေးကို ရိုက်လိုက်လို့ အကြီးကြီး ထွက်လာတာမျိုးပေါ့...”
"ပြီးတော့ ဒီည သားရဲတစ်သောင်းခန်းမဆောင်မှာ အကြီးအကျယ် ရှုပ်ထွေးနေတော့ လုံခြုံရေးကလည်း တင်းကျပ်နေမှာပဲ… အခုချက်ချင်း သွားရင် သူတို့က ကြိုတင်သတိထားမိသွားနိုင်တယ်… ငါတို့ နောက်တစ်ရက်လောက် စောင့်ပြီး သူတို့ မထင်မှတ်ထားတဲ့အချိန်ကျမှ ဝင်တိုက်လိုက်ရင် အပြတ်ရှင်းဖို့ ပိုလွယ်တာပေါ့...”
ဆရာသခင်၏ သုံးသပ်ချက်များကို နားထောင်ပြီးနောက် ချူလျန် လေးစားသွားမိလေသည်။
ဤအရာများမှာ လမ်းဘေးတိုက်ခိုက်ရေး ကျွမ်းကျင်သူ တိနွီဖုန့်၏ နှစ်ပေါင်းများစွာ ရှုတောင်နှင့် သိုင်းလောကအတွင်း ကျင်လည်ခဲ့သော တန်ဖိုးရှိသည့် အတွေ့အကြုံများပင် ဖြစ်ချေသည်။
အမှားအမှန်ကိုသာ ထည့်မစဉ်းစားဘဲ သင်ယူထားလိုက်လျှင် အကျိုးရှိမည်မှာ သေချာလှပေသည်။
သူမသည် အခြားကိစ္စများတွင် အားကိုး၍ မရနိုင်သော်လည်း၊ ရန်ဖြစ်ရိုက်နှက်သည့် ကိစ္စများတွင်မူ တိနွီဖုန့်ကို အမြဲတမ်း ယုံကြည်လိုက်ရုံပင်။
...
ညဉ့်နက်ပိုင်းသို့ ရောက်သောအခါ၊ ချူလျန်သည် ပထမတန်းစားဓားလုပ်ငန်းအတွင်း၌ အေးဆေးစွာ အနားယူလိုက်လေသည်။
ပတ်ဝန်းကျင် တိတ်ဆိတ်သွားသောအခါမှ၊ သူသည် စေတီတော်ဖြူအတွင်းသို့ ရောက်ရှိလာခဲ့၏။
သေးငယ်သော လူမျက်နှာရှောင်၏ ပုံရိပ်ယောင်တစ်ခုသည် သံတိုင်ခန်းမအတွင်း၌ လွင့်မျောနေလေသည်။ ဤအကောင်လေးမှာ ရက်စက်ပြီး ကောက်ကျစ်သော်လည်း၊ ကြည့်ရသည်မှာမူ အတော်လေး ချစ်စရာ ကောင်းနေသေးသကဲ့သို့ပင်။
ထောင့်တစ်နေရာတွင်မူ ခေါင်းကြီးရုပ်သေးသည် ဝီရိယရှိစွာဖြင့် ကျင့်စဉ်ကို လည်ပတ်နေပြီး၊ ပြီးပြည့်စုံသော ကျင့်စဉ်လည်ပတ်မှုကြောင့် တစ်ကိုယ်လုံး၌ အခိုးများပင် ဖုံးလွှမ်းနေလေသည်။ စွမ်းအားအပြည့်ဖြင့် လည်ပတ်နေသော်လည်း တစ်ခါမျှပင် လစာတိုးတောင်းခြင်း မရှိခဲ့ပေ။
တကယ်ကို ချီးကျူးစရာကောင်းလှသည့် ဝန်ထမ်းကောင်းတစ်ဦးပင် ဖြစ်ချေသည်။
ချူလျန်သည် ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် 'သန့်စင်ခြင်း' ဟူသော စာလုံးကို နှိပ်လိုက်လေသည်။ လူမျက်နှာရှောင်ကဲ့သို့သော အစွမ်းထက်သည့် မိစ္ဆာမျိုးထံမှ မည်သို့သော ဆုလာဘ်မျိုး ရရှိမည်ကို သူ မသိရှိပေ။
ဝုန်း…
ဖြူဖွေးသော အလင်းတန်းတစ်ခု ပျံထွက်လာသောအခါ ချူလျန်၏ အသက်ရှူသံများ မြန်လာရသည်။ ပုံသဏ္ဌာန်အရကြည့်လျှင် ရုပ်သေးရုပ်တစ်ခုပင် ဖြစ်ရပေမည်။ သူ၏ လက်ထဲသို့ ရောက်ရှိလာသောအခါ အမှန်တကယ်ပင် ရုပ်သေးရုပ်လေး ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။
[ ရွှေအမြုတေရုပ်သေး - ရွှေအမြုတေကို ပြုစုပျိုးထောင်ရာတွင် ကူညီပေးမည့် ရုပ်သေးရုပ် ဖြစ်သည်။ ဦးစွာ ရုပ်သေးအတွက် အမြုတေတည်ဆောက်ပေးရမည် ဖြစ်ပြီး၊ ထို့နောက်တွင် ရုပ်သေးသည် သခင်ဖြစ်သူအတွက် ရွှေအမြုတေကို ပြုစုပျိုးထောင်ပေးမည် ဖြစ်ကာ၊ ရရှိလာသော ကျင့်ကြံခြင်းစွမ်းအား အားလုံးကို သခင်ဖြစ်သူက ရရှိမည် ဖြစ်သည်။
နေ့ဘက်တွင် ဝိညာဉ်အာရုံစုစည်းဆေးလုံး တစ်လုံး ကုန်ကျမည်ဖြစ်ပြီး၊ ညဘက်တွင် နှစ်လုံး ကုန်ကျမည် ဖြစ်သည်။ ထို့အပြင် တိုက်ပွဲဝင်ချိန်တွင် သခင်ဖြစ်သူ၏ ရွှေအမြုတေနှင့်အတူ တစ်ပြိုင်နက် လည်ပတ်နိုင်သော်လည်း ဆေးလုံးကုန်ကျမှု နှစ်ဆ ဖြစ်လာပေမည်။
သတိပြုရန် - ဤရုပ်သေးရုပ်ကို ကျင့်ကြံခြင်းနှင့် တိုက်ခိုက်ခြင်းအတွက်သာ အသုံးပြုရမည်ဖြစ်ပြီး၊ အခြားသော မလျော်ကန်သည့် လုပ်ရပ်များ ပြုလုပ်ပါက ပျက်စီးသွားနိုင်သည့် အန္တရာယ်ရှိသည်။ ]