မီးခိုးရောင်လေး
Vol. 12 Ch. 114
ရွှီနင်တစ်ယောက် ပြဿနာကြီး တက်နေပြီဟု ခံစားလိုက်ရသည်။
သို့သော် ဟင်းလင်းပြင်နယ်ပယ် မိစ္ဆာသားရဲဟု သံသယရှိရသော ဤကြောင်ပေါက်စလေးသည် ရန်လိုပုံမရပေ။
သို့သော်လည်း သူ မသေချာချေ။ ဤအကောင်ငယ်လေးသည် အချိန်မရွေး ရုတ်တရက် ထကြွသောင်းကျန်းပြီး သူ့ကို ဝါးမျိုသွားနိုင်ပေသည်။
သူသည် သာမန်လူသားနယ်ပယ် သိုင်းပညာရှင်များအကြားတွင် ပြိုင်ဘက်ကင်း ဖြစ်နေသော်လည်း ဟင်းလင်းပြင်နယ်ပယ် မိစ္ဆာသားရဲဟု သံသယရှိရသော ဤသတ္တဝါနှင့်မူ ယှဉ်နိုင်မည် မဟုတ်ပါ။
လူတစ်ယောက်နှင့် ကြောင်တစ်ကောင်၊ သူတို့သည် မျက်လုံးချင်းဆုံကာ ကြည့်နေမိကြသည်။
‘သူ့ကို မောင်းထုတ်မှ ဖြစ်မယ်’
ရွှီနင်သည် ၎င်းကို မောင်းထုတ်ရန် ကြိုးစားကြည့်ချင်သည်။
သူသည် ကြောင်ပေါက်စလေးကို အိတ်ကပ်ထဲမှ ဂရုတစိုက် ထုတ်လိုက်ပြီး လက်နှစ်ဖက်ဖြင့် ဖမ်းကိုင်လိုက်သည်။
ထို့နောက် မြေကြီးပေါ်သို့ ညင်သာစွာ ချပေးလိုက်လေသည်။
ကြောင်ပေါက်စလေးက မငြင်းဆန်ပေ။
ရွှီနင် စိတ်သက်သာရာရသွားပြီး ထွက်သွားရန် နောက်လှည့်လိုက်သည်။
သို့သော် ခြေလှမ်းနှစ်လှမ်းခန့် လှမ်းပြီးသည်နှင့် ရွှီနင်သည် သူ့ပခုံးပေါ်၌ တစ်စုံတစ်ခု ရောက်နေပြန်သည်ကို ခံစားလိုက်ရသည်။
ကြောင်ပေါက်စလေးက သူ့ကို တွယ်ကပ်နေပြီဖြစ်ကြောင်း ရွှီနင် ကောက်ချက်ချလိုက်တော့သည်။
“မင်း... မင်းက ငါ့နောက်လိုက်မလို့လား”
ရွှီနင် ခေါင်းကို အနည်းငယ် စောင်းငဲ့ကာ ကြောင်ပေါက်စလေးနှင့် ဆက်သွယ်ရန် ကြိုးစားလိုက်သည်။
ယေဘုယျအားဖြင့် ပြောရလျှင် ဟင်းလင်းပြင်နယ်ပယ် နတ်ဆိုးသားရဲများ၏ ဉာဏ်ရည်သည် လူသားများနှင့် ယှဉ်နိုင်လုနီးပါး ရှိကြသည်။
သို့သော် ဤကြောင်ပေါက်စလေးသည် သဘာဝအတိုင်း ကိုယ်ထည်သေးငယ်ခြင်းလော၊ သို့မဟုတ် မွေးဖွားခါစ ဖြစ်နေခြင်းလော ဆိုသည်ကို သူ မသိပေ။
အကယ်၍ မွေးဖွားခါစသာ ဖြစ်ပါက လူသားများနှင့် ထိတွေ့ဖူးမည် မဟုတ်သဖြင့် ရွှီနင်၏စကားကို နားလည်နိုင်မည် မဟုတ်ချေ။
“အု...”
ကြောင်လေး၏ လည်ချောင်းထဲမှ အသံတစ်သံ ထွက်ပေါ်လာပြီး ၎င်းမှာ ကြောင်အော်သံမျိုး မဟုတ်ပေ။
၎င်းသည် အမွေးပွပွ မျက်နှာလေးဖြင့် ရွှီနင်၏နားရွက်များကို ပွတ်သပ်နေလေသည်။
‘ငါပြောတာကို နားလည်ပုံရတယ်’
ဤသည်ကို မြင်လိုက်ရသောအခါ ရွှီနင် စတင် နားလည်သဘောပေါက်လာသည်။
စကားပြောဆို ဆက်သွယ်နိုင်ခြင်းက ကောင်းသော အရာပင်။
“ဒါဆိုလည်း ငါ့နောက် လိုက်ခဲ့တော့ကွာ”
ရွှီနင် အရှုံးပေးလိုက်ရသည်။
အမှန်တကယ်တွင်လည်း ဟင်းလင်းပြင်နယ်ပယ်ဟု သံသယရှိရသော ဤသတ္တဝါဆန်းကို ငြင်းဆန်ရဲသည့် သတ္တိ သူ့တွင် မရှိပါ။
ရလဒ်အနေဖြင့် ရွှီနင်သည် ၎င်းကို အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်ပြီး သူ၏ ယာယီစခန်းဆီသို့ အမြန် ပြေးသွားလိုက်လေသည်။
…
ရက်အနည်းငယ်ကုန်လွန်သွားခဲ့သပြီးနောက်
စခန်းအတွင်း…
အမဲလိုက်အဖွဲ့ တစ်ဖွဲ့လုံး တစ်နေ့တာ အလုပ်လုပ်ပြီးနောက် ကောင်းကင်ကြီးသည် မှောင်ရီပျိုးစ ပြုလာပြီဖြစ်သည်။
မုဆိုးများသည် ပင်ပန်းနွမ်းနယ်နေပြီး ဒဏ်ရာရထားသော ခန္ဓာကိုယ်များကို သယ်ဆောင်လျက် စခန်းသို့ ပြန်လာကာ အနားယူကြသည်။
သို့သော် လူတိုင်း၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေမှာ ကောင်းမွန်နေဆဲပင်။
အဘယ်ကြောင့်ဆိုသော် ဖုန်ဟောင့်ချီ၏ အမဲလိုက်အဖွဲ့နှင့် ယှဉ်လျှင် သူတို့ဖမ်းဆီးရမိသော နတ်ဆိုးသားရဲ အရေအတွက်နှင့် အရည်အသွေးမှာ သိသိသာသာ သာလွန်နေသောကြောင့် ဖြစ်သည်။
အမဲလိုက်အဖွဲ့သည် မီးပုံဘေးတွင် ဝိုင်းဖွဲ့ထိုင်ကြပြီး သစ်သားစင်ပေါ်တွင် အသားများကို ကင်နေကြသည်။
ရွှီနင်နှင့် ဒေါ်လေးဝေ့တို့သည် မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ သူတို့ကြားရှိ သစ်သားစင်ပေါ်တွင် ဆီများရွှဲနေသော သမင်ပေါင်တစ်ချောင်းကို ကင်ထားလေသည်။
သူတို့နှစ်ဦးစလုံးသည် အမဲလိုက်အဖွဲ့၏ ခေါင်းဆောင်များ ဖြစ်ကြသော်လည်း ဒေါ်လေးဝေ့သည် အတွင်းရေးကိစ္စများကို ပိုမို တာဝန်ယူရသည်။
“ခေါင်းဆောင်ရွှီ... ရှင့်ကို ကြည့်ရတာ တကယ် အားကျဖို့ကောင်းတယ်... ရှင်က ငယ်ငယ်ရွယ်ရွယ်နဲ့ ပါရမီပါတာပဲ... နောင်ကျရင် ယွဲ့လန်ဂိုဏ်းရဲ့ ဂိုဏ်းသားတောင် ဖြစ်လာနိုင်တယ်”
ဒေါ်လေးဝေ့သည် အသားတစ်ဖဲ့ကို ဖဲ့ယူလိုက်ပြီး ရွှီနင်ကို ကမ်းပေးလိုက်သည်။ “ကျွန်မတို့ကျတော့ ပါရမီတွေက ကုန်ခမ်းနေပါပြီ... အရင်းအမြစ်တွေ ပိုရရင်တောင်မှ ရှေ့ဆက်တိုးတက်ဖို့အတွက် ကံတရားကိုပဲ အားကိုးရတော့မှာ”
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ရွှီနင်၏ အဆင့်မြင့် နတ်ဆိုးသားရဲများ ဖမ်းဆီးနိုင်မှုနှုန်းမှာ ရာခိုင်နှုန်းပြည့် ဖြစ်သည်။
ရွှီနင်သည် နတ်ဆိုးသားရဲကို ရှာတွေ့သည်နှင့် တပြိုင်နက် သေချာပေါက် ဖမ်းဆီးနိုင်စမြဲ ဖြစ်သည်။
နတ်ဆိုးသားရဲကို အရှင်ဖမ်းဆီးခြင်းသည် တိုက်ရိုက်သတ်ဖြတ်ခြင်းထက် ပိုမို ခက်ခဲလှပေသည်။
“ကံတရားဆိုတာ ပြောရခက်ပါတယ်ဗျာ” ရွှီနင်၏ ပါးစပ်တွင် ဆီများ ပေကျံနေသည်။ “တတိယသခင်မလေးသာ မိသားစုခေါင်းဆောင်အဖြစ် အောင်မြင်စွာ တာဝန်ယူနိုင်ပြီး ဒေါ်လေးကို ဟင်းလင်းပြင်နယ်ပယ် လျှို့ဝှက်ကျင့်စဉ် ပေးလိုက်ရင် ဒေါ်လေးလည်း မကြာခင် ကျင့်ကြံအောင်မြင်ပြီး ဟင်းလင်းပြင်နယ်ပယ် သိုင်းပညာရှင် ဖြစ်လာမှာပါ”
ဒေါ်လေးဝေ့ ပြုံးလိုက်သည်။
အမှန်စင်စစ် ဒေါ်လေးဝေ့သည် သိုင်းပညာ လိုက်စားခြင်းကို စွန့်လွှတ်ခဲ့သည်မှာ ကြာပြီဖြစ်သည်။
သူမ ယခု လုပ်ကိုင်နေသည်များမှာ သူမ၏ မိသားစုအတွက်သာ ဖြစ်သည်။
မီးပုံဘေးတွင် စကားစမြည် ပြောပြီးနောက် သမင်ပေါင်ကြီးမှာ နှစ်ယောက်သား၏ လက်ချက်ဖြင့် ပြောင်စင်သွားတော့သည်။
အသားစအချို့ ကျန်ရစ်နေသဖြင့် ဒေါ်လေးဝေ့သည် ၎င်းတို့ကို လှီးဖြတ်ကာ သစ်ရွက်ဖြင့်ထုပ်ပြီး ရွှီနင်ကို ပေးလိုက်သည်။
“ရှင့်ကြောင်လေးကို ကျွေးလိုက်လေ”
လွန်ခဲ့သော ရက်အနည်းငယ်က ရွှီနင် စခန်းသို့ ကြောင်ပေါက်စလေးတစ်ကောင် ခေါ်လာသည်ကို ဒေါ်လေးဝေ့ ကြားသိခဲ့ရသည်။
“ကျေးဇူးပါဗျာ”
ရွှီနင် ခေတ္တမျှ တွန့်ဆုတ်နေပြီးမှ ယူလိုက်သည်။
ထို့နောက် ရွှီနင် သူ့တဲဆီသို့ ပြန်လာခဲ့သည်။
အမဲလိုက်စခန်းတွင် ရွှီနင်နှင့် ဒေါ်လေးဝေ့တို့သာ ကိုယ်ပိုင်တဲများ ရှိကြသည်။
ရွှီနင်၏တဲမှာ ကျယ်ဝန်းပြီး အခန်းငယ်တစ်ခန်းစာခန့် ရှိသည်။
ရွှီနင် ဝင်သွားသည်နှင့် တပြိုင်နက် ကြောင်ပေါက်စလေးသည် သူ့ကုတင်ပေါ်တွင် ကွေးနေသည်ကို တွေ့လိုက်ရသည်။
“မီးခိုးရောင်လေး”
ရွှီနင် ခေါ်လိုက်သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ရွှီနင်သည် ဤကြောင်ပေါက်စနှင့် ရင်းနှီးလာခဲ့သည်။
ဤကောင်ငယ်လေးသည် သူ့ကို အန္တရာယ်ပြုလိုစိတ် မရှိကြောင်း ရွှီနင် တွေ့ရှိခဲ့ရသည်။ သူ မတော်တဆ တက်နင်းမိလျှင်တောင်မှ ၎င်းသည် စိတ်မဆိုးဘဲ အမွေးများကိုသာ လျှာဖြင့် ပြန်လျက်နေတတ်သည်။
ဆက်ဆံရေး ပိုမိုရင်းနှီးလာသဖြင့် ရွှီနင်က ၎င်းကို “မီးခိုးရောင်လေး” ဟု နာမည်ပေးလိုက်သည်။
၎င်းသည် အမွေးအရောင်ကို ရောင်ပြန်ဟပ်စေသော နာမည်ဖြစ်သည်။
ရွှီနင် ဝင်လာသည်ကို မြင်သောအခါ မီးခိုးရောင်လေးသည် ရွှီနင်ကို မော့ကြည့်လိုက်ပြီး ကုတင်ပေါ်မှ ဆင်းကာ ရွှီနင်၏ခြေထောက်ကို ပွတ်သီးပွတ်သပ် လုပ်လေသည်။
“ဒါ စားမလား”
ရွှီနင်က ပုံမှန်အတိုင်း မေးလိုက်သည်။
မီးခိုးရောင်လေးက သူ့ကို လျစ်လျူရှုမည့် ဖြစ်နိုင်ခြေများကြောင်း သူ သိထားသည်။
သူထင်သည့်အတိုင်းပင် မီးခိုးရောင်လေးသည် ကင်ထားသော အသားကို စိတ်မဝင်စားပေ။
ရွှီနင် ခေါ်လာကတည်းက မီးခိုးရောင်လေးသည် အစားအစာကို ဦးဆောင်တောင်းဆိုခြင်း မရှိခဲ့ပေ။ သို့သော် နှစ်ရက်လျှင် တစ်ကြိမ်ခန့် အပြင်သို့ ခေတ္တထွက်သွားလေ့ရှိပြီး တိတ်တဆိတ် ပြန်လာကာ သူ့ဘေးတွင်သာ နေလေ့ရှိသည်။
အစာရှာရန် အပြင်ထွက်ခြင်းဖြစ်မည်ဟု ရွှီနင် ခန့်မှန်းမိသည်။
ရက်အနည်းငယ် အတူနေပြီးနောက် ရွှီနင်သည် မီးခိုးရောင်လေး သူ့အနားတွင် ရှိနေသည်ကို ယဉ်ပါးလာခဲ့သည်။
ရွှီနင် စိတ်ထဲတွင် ပျော်ရွှင်မှု အရိပ်အယောင်များ ခံစားလာရသည်။
မီးခိုးရောင်လေးကို သူ့ညွှန်ကြားချက်အတိုင်း လိုက်နာအောင် မခိုင်းစေနိုင်သေးသော်လည်း ဟင်းလင်းပြင်နယ်ပယ် နတ်ဆိုးသားရဲတစ်ကောင် မိမိအနားတွင် ရှိနေခြင်းသည် သေချာပေါက် ကောင်းမွန်သော ကိစ္စပင်။
…
ညဥ့်နက်ပိုင်း အချိန်၌…
ဖုန်ဟောင့်ချီ၏ အမဲလိုက်စခန်းတွင်…
တဲကြီးတစ်လုံးအတွင်း၌ မှိန်ဖျော့သော မီးရောင်အောက်တွင် လူနှစ်ဦး စကားပြောနေကြသည်။
“ဘယ်လိုလုပ်ကြမလဲ... ဒီအတိုင်း ဆက်သွားရင် တစ်လပြည့်တဲ့အခါကျရင် တတိယသခင်မလေးရဲ့ လူတွေကို ငါတို့ သေချာပေါက် ယှဉ်နိုင်မှာ မဟုတ်ဘူး”
စကားပြောနေသူမှာ မုတ်ဆိတ်မွေး ထူထူနှင့် လူကြီးတစ်ဦးဖြစ်ပြီး စိုးရိမ်ပူပန်နေပုံ ရလေသည်။
သူ့မျက်နှာချင်းဆိုင်တွင် ကြင်နာတတ်သော မျက်နှာထားရှိသည့် မိန်းမဟန်ပေါက်နေသော လူလတ်ပိုင်းတစ်ဦး ရှိနေသည်။
သူတို့နှစ်ဦးစလုံးသည် ဖုန်ဟောင့်ချီ၏ လက်ရုံးများဖြစ်ကြပြီး ဝိညာဉ်နိုးထခြင်းနယ်ပယ် သိုင်းပညာရှင်များ ဖြစ်ကြသည်။
“တကယ်တော့...”
မိန်းမဟန်ပေါက်နေသူ၏ မျက်နှာပေါ်တွင် စိုးရိမ်စိတ်များ ပေါ်လာသည်။ “သူတို့က တကယ်ပဲ ကံကောင်းလွန်းတယ်... အဆင့်မြင့် နတ်ဆိုးသားရဲတွေ အများကြီးနဲ့ တွေ့ရတဲ့အပြင် ဖမ်းဆီးနိုင်မှုနှုန်းကလည်း အရမ်းမြင့်နေတယ်”
“ဘယ်လိုလုပ်ကြမလဲ... ငါတို့ ရှုံးသွားရင် နောင်ကျလို့ စတုတ္ထသခင်လေးက မိသားစုခေါင်းဆောင် ဖြစ်လာရင်တောင် ငါတို့ ဘာအကျိုးအမြတ်မှ ရမှာမဟုတ်ဘူး... ငါတို့ အခြေအနေ ဆိုးသွားနိုင်တယ်”
မုတ်ဆိတ်မွေးနှင့်လူက ပြောလိုက်သည်။
“ငါတို့ နည်းလမ်းရှာမှ ဖြစ်မယ်...”
မိန်းမဟန်ပေါက်နေသူက စဉ်းစားလိုက်သည်။
“ငါကြားတာတော့ သူတို့ အဲဒီလောက် အဆင့်မြင့် နတ်ဆိုးသားရဲတွေကို ဖမ်းနိုင်တာက သူတို့မှာ နတ်ဆိုးသားရဲတွေကို ကိုင်တွယ်ရာမှာ အရမ်းတော်တဲ့ ရွှီနင်ဆိုတဲ့ ခေါင်းဆောင်တစ်ယောက် ရှိနေလို့တဲ့... ပြီးတော့ ဒေါ်လေးဝေ့... အဲဒီမိန်းမမှာလည်း နည်းလမ်းတွေ အများကြီးရှိတယ်... ငါတို့သာ...”
မုတ်ဆိတ်မွေးနှင့်လူ၏ မျက်လုံးများထဲတွင် ရက်စက်သော အရိပ်အယောင်များ ပေါ်လာသည်။
“အဲဒါက လက်တွေ့မကျဘူး”
မိန်းမဟန်ပေါက်နေသူက မုတ်ဆိတ်မွေးနှင့်လူကို လှောင်ပြောင်လိုက်သည်။ “ငါတို့ အင်အားနဲ့ သူတို့ကို နိုင်မယ်ဆိုတာ ဘယ်လိုလုပ် သေချာမလဲ”
“ဒါ့အပြင် ငါတို့သာ တကယ်လုပ်လိုက်ရင် ပြဿနာကြီး တက်သွားလိမ့်မယ်... ဒါက မိသားစုခေါင်းဆောင်ဖုန် စောင့်ကြည့်နေတဲ့ ကိစ္စလေ... အသာစီးရဖို့အတွက် ဒီနည်းလမ်းကို သုံးလိုက်ရင် နောက်ပိုင်းကျ ငါတို့ ဒုက္ခရောက်မှာ သေချာတယ်”
မိန်းမဟန်ပေါက်နေသူ၏ စကားများကြောင့် မုတ်ဆိတ်မွေးနှင့်လူမှာ စကားမပြောနိုင် ဖြစ်သွားသည်။
“ဒါဆို ဘာလုပ်ကြမလဲ... ဒီအတိုင်း ထိုင်ပြီး သေမယ့်နေ့ကို စောင့်နေရမှာလား”
မုတ်ဆိတ်မွေးနှင့်လူမှာ စိတ်မရှည်စွာ မေးလိုက်သည်။
မိန်းမဟန်ပေါက်နေသူသည် ခေတ္တမျှ စဉ်းစားလိုက်ရာ ရုတ်တရက် သူ့မျက်နှာပေါ်တွင် ကောက်ကျစ်သော အရိပ်အယောင်တစ်ခု ပေါ်လာလေသည်။
“ဒီအတိုင်း ထိုင်ပြီး သေမယ့်နေ့ကိုတော့ မစောင့်နိုင်ပါဘူး” မိန်းမဟန်ပေါက်နေသူက ပြောလိုက်သည်။ “ငါတို့ သူတို့ကို တိုက်ရိုက် ဒုက္ခမပေးနိုင်ပေမယ့် သွယ်ဝိုက်ပြီး လုပ်လို့ရတာပဲ”
“သွယ်ဝိုက်ပြီး ဟုတ်လား”
မုတ်ဆိတ်မွေးနှင့်လူ အံ့အားသင့်သွားသည်။
“လွန်ခဲ့တဲ့ ရက်နည်းနည်းက ငါ တောနက်ထဲ ဝင်သွားတုန်းက သားပေါက်ခါနီးဖြစ်နေတဲ့ ဟင်းလင်းပြင်နယ်ပယ်တစ်ပိုင်းအဆင့် မိစ္ဆာသားရဲတစ်ကောင်ကို တွေ့ခဲ့တယ်”
မိန်းမဟန်ပေါက်နေသူက ပြောလိုက်သည်။
“ဟင်းလင်းပြင်နယ်ပယ်တစ်ပိုင်းအဆင့် ဟုတ်လား”
မုတ်ဆိတ်မွေးနှင့်လူ မျက်ခုံးပင့်လိုက်သည်။
ဟင်းလင်းပြင်နယ်ပယ်တစ်ပိုင်းအဆင့် မိစ္ဆာသားရဲဆိုသည်မှာ ဟင်းလင်းပြင်နယ်ပယ် မိစ္ဆာသားရဲအဖြစ်သို့ လုံးဝ အသွင်မပြောင်းလဲသေးသော သာမန်လူသားနယ်ပယ် မိစ္ဆာသားရဲများကို ခေါ်ဆိုခြင်းဖြစ်သည်။
မိစ္ဆာသားရဲများသည် လူသားသိုင်းပညာရှင်များနှင့် ကွာခြားလေသည်။
လူသားသိုင်းပညာရှင်များကြားတွင် ဟင်းလင်းပြင်နယ်ပယ်တစ်ပိုင်းအဆင့် ဆိုသည့် သဘောတရား မရှိပေ။
ဟင်းလင်းပြင်နယ်ပယ်သို့ ချိုးဖောက်ဝင်ရောက်ခြင်းသည် သိုင်းပညာစနစ်တစ်ခု၏ အတားအဆီးကို ချိုးဖျက်ခြင်းပင် ဖြစ်သည်။
အောင်မြင်ရင် အောင်မြင်မယ်၊ မအောင်မြင်ရင် ကျရှုံးမယ်... နှစ်မျိုးပဲ ရှိသည်။
သို့သော် သာမန်လူသားနယ်ပယ်မှ ဟင်းလင်းပြင်နယ်ပယ်သို့ ကူးပြောင်းမည့် မိစ္ဆာသားရဲများအတွက်မူ နယ်ပယ်နှစ်ခုကြား ကွာခြားချက်မှာ ရှုပ်ထွေးနေတတ်သည်။
သာမန်လူသားနယ်ပယ် မိစ္ဆာသားရဲ အချို့သည် ခြေတစ်ဖက် လှမ်းဝင်ထားပြီးသော်လည်း ရွှံ့နွံထဲမှ ရုန်းမထွက်နိုင် ဖြစ်နေတတ်သည်။ ဟင်းလင်းပြင်နယ်ပယ်နှင့် သာမန်လူသားနယ်ပယ်ကြားတွင် တစ်ဝက်တစ်ပျက် ဖြစ်နေသော ထိုအကောင်များကို ဟင်းလင်းပြင်နယ်ပယ်တစ်ပိုင်းအဆင့် မိစ္ဆာသားရဲများဟု ခေါ်ဆိုကြသည်။
ဟင်းလင်းပြင်နယ်ပယ်တစ်ပိုင်းဆင့် မိစ္ဆာသားရဲ၏ ဖျက်ဆီးနိုင်စွမ်းအားသည် ဝိညာဉ်နိုးထခြင်းနယ်မြေ သိုင်းပညာရှင်များပင် ယှဉ်နိုင်စွမ်း မရှိချေ။
“ငါတို့ လုပ်ရမှာက သူတို့အဖွဲ့သားတွေကို တိတ်တဆိတ် လာဘ်ထိုးပြီး ရွှီနင်နဲ့ ဒေါ်လေးဝေ့ကို အဲဒီ ဟင်းလင်းပြင်နယ်ပယ်တစ်ပိုင်းအဆင့် မိစ္ဆာသားရဲရဲ့ ပိုင်နက်ထဲ ရောက်သွားအောင် မျှားခေါ်ခိုင်းလိုက်ရုံပဲ”
“သားပေါက်ခါနီး နတ်ဆိုးသားရဲတွေက သူတို့ပိုင်နက်ထဲ ကျူးကျော်လာတဲ့ ပြင်ပလူတွေအပေါ် အရမ်းရက်စက်ကြတယ်”
မိန်းမဟန်ပေါက်နေသူက ပြုံးလိုက်သည်။ “အဲဒီအကောင်ရဲ့ အင်အားနဲ့ဆိုရင် ရွှီနင်နဲ့ ဒေါ်လေးဝေ့ကို အလွယ်တကူ ရှင်းပစ်နိုင်လိမ့်မယ်”
…
နောက်တစ်နေ့တွင်…
အမဲလိုက်အဖွဲ့မှ လူအများစုသည် အပြင်သို့ ထွက်သွားကြပြီ ဖြစ်သည်။
ရွှီနင်နှင့် ဒေါ်လေးဝေ့တို့သည် စခန်းထဲတွင် ကျန်ရစ်ခဲ့ကြသည်။
ရံဖန်ရံခါ တောနက်ထဲသို့ ဝင်ရောက်သည်မှလွဲ၍ သူတို့သည် အများအားဖြင့် စခန်းတွင်နေပြီး မုဆိုးများထံမှ သတင်းပြန်ကြားချက်များကို စောင့်ဆိုင်းလေ့ရှိသည်။
“ခေါင်းဆောင်ဝေ့... ခေါင်းဆောင်ရွှီ”
အမဲလိုက်အဖွဲ့ဝင်တစ်ဦး ရောက်လာလေသည်။ “အမဲလိုက်အဖွဲ့က ပြောတယ်... ဒဏ်ရာရနေတဲ့ သာမန်လူသားနယ်ပယ် အထွတ်အထိပ်အဆင့် မိစ္ဆာသားရဲတစ်ကောင်ကို တွေ့ထားတယ်တဲ့”
“သေချာရဲ့လား”
ဒေါ်လေးဝေ့နှင့် ရွှီနင်တို့ ပြိုင်တူ မေးလိုက်ကြသည်။
သာမန်လူသားနယ်ပယ် အထွတ်အထိပ်အဆင့် မိစ္ဆာသားရဲတစ်ကောင်ကို ဖမ်းဆီးရန်မှာ ခက်ခဲလှသည်။
သို့သော် အကယ်၍ ထိုအကောင်သည် ဒဏ်ရာရနေပါက ဖမ်းဆီးရန် ပိုမို လွယ်ကူပေလိမ့်မည်။
ဒါသာ အမှန်ဆိုလျှင် ရှားပါးသော အခွင့်အရေးတစ်ခုပင်။
သူတို့၏ အမဲလိုက်အဖွဲ့သည် ဦးဆောင်နေပြီးသား ဖြစ်သည်။ အကယ်၍သာ သာမန်လူသားနယ်ပယ် အထွတ်အထိပ်အဆင့် မိစ္ဆာသားရဲကို အရှင် ဖမ်းဆီးနိုင်ခဲ့ပါက သူတို့ ကြိုတင်ပြီး အောင်ပွဲခံ၍ ရလေပြီ။
“သေချာပါတယ်”
အမဲလိုက်အဖွဲ့သားမှာ အလွန်စိတ်လှုပ်ရှားနေသည်။ “အဲဒီ သာမန်လူသားနယ်ပယ် အထွတ်အထိပ်အဆင့် မိစ္ဆာသားရဲက ကျွန်တော်တို့ ပထမဆုံးဖမ်းမိခဲ့တဲ့ အဆင့်မြင့် နတ်ဆိုးသားရဲ တွေ့ခဲ့တဲ့နေရာရဲ့ မြောက်ဘက် ငါးမိုင်အကွာမှာ ရှိပါတယ်”
“ခေါင်းဆောင်ရွှီ...”
ဒေါ်လေးဝေ့က ရွှီနင်ကို ကြည့်လိုက်သည်။ “ဒါက ရှားပါးတဲ့ အခွင့်အရေးပဲ... အတူသွားပြီး ဒီအကောင်ကြီးကို ဖမ်းဖို့ ကြိုးစားကြည့်ရအောင်”
“ကောင်းပြီလေ”
ရွှီနင် ချက်ချင်း ပြန်ဖြေလိုက်သည်။
သို့သော် ရွှီနင် ချက်ချင်း ထွက်မသွားသေးပေ။ သူသည် တဲထဲသို့ အရင်ပြန်ဝင်ပြီး မီးခိုးရောင်လေးကို ပွတ်သပ်ပေးလိုက်သည်။
ရွှီနင်သည် မီးခိုးရောင်လေးကို ခေါ်သွားရန် အစီအစဉ်မရှိပေ၊ အဘယ်ကြောင့်ဆိုသော် မီးခိုးရောင်လေးက ထိုနတ်ဆိုးသားရဲကို စားပစ်လိုက်မည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
အဲဒီလိုသာ ဖြစ်သွားရင် သူတို့ ပြဿနာကြီး တက်ပေလိမ့်မည်။
ရွှီနင်နှင့် ဒေါ်လေးဝေ့တို့သည် သတင်းရရှိထားသော အချက်အလက်အပေါ် မူတည်၍ မိစ္ဆာသားရဲ ရှိရာနေရာသို့ ထွက်ခွာလာကြသည်။
၎င်းသည် တောင်တန်းများကြားရှိ တောင်ကြားတစ်ခုတွင် ဖြစ်သည်။ ရွှီနင်နှင့် ဒေါ်လေးဝေ့ ရောက်ရှိလာသောအခါ အမဲလိုက်အဖွဲ့ဝင်များက တောင်စောင်းပေါ်တွင် စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။
“ဒီဒဏ်ရာရနေတဲ့ သာမန်လူသားနယ်ပယ် အထွတ်အထိပ်အဆင့် မိစ္ဆာသားရဲကို ဘယ်သူ အရင်တွေ့တာလဲ”
ဒေါ်လေးဝေ့က အမဲလိုက်အဖွဲ့ဝင်များကို မေးလိုက်သည်။
“ဝူလျို့ တွေ့တာပါ”
အဖွဲ့ဝင်တစ်ဦးက ပြောလိုက်သည်။ “သူပြောတာက သူ တောင်စောင်းပေါ်မှာ ရှိနေတုန်း အကြေးခွံတွေ ဖုံးအုပ်ထားတဲ့ မိစ္ဆာသားရဲတစ်ကောင်ကို တွေ့လိုက်ရတယ်တဲ့... အဲဒီအကောင်က အော်ရာ အရမ်းပြင်းထန်လို့ သာမန်လူသားနယ်ပယ် အထွတ်အထိပ်အဆင့် ဖြစ်ဖို့များတယ်တဲ့”
“ဝူလျို့က သူသေတော့မယ်လို့ ထင်လိုက်တာ... ဒါပေမဲ့ အဲဒီအကောင်ကြီးက ဝူလျို့ကို ရုတ်တရက် လွှတ်ပေးလိုက်ပြီး အောက်ဘက် တောင်ကြားထဲကို ဆင်းသွားတယ်တဲ့... အဲဒီအချိန်ကျမှ ဝူလျို့က အဲဒီအကောင်ကြီး ဒဏ်ရာရနေမှန်း သိလိုက်ရတာ”
“ဝူလျို့က ကျွန်တော်တို့ကို အမြန်လာပြောတယ်... သတင်းသွားပို့ဖို့ မထွက်သွားခင် ကျွန်တော်တို့ကို ဒီမှာပဲ စောင့်နေဖို့ ပြောသွားတယ်”
ဒေါ်လေးဝေ့နှင့် ရွှီနင်တို့သည် ဤရှင်းပြချက်အပေါ် သံသယ မဝင်ကြပေ။
“ဝူလျို့ရော”
ဒေါ်လေးဝေ့ မေးလိုက်သည်။
“သူ သတင်းပြန်ပို့ဖို့ သွားတာ ပြန်မရောက်သေးဘူး”
ဒေါ်လေးဝေ့ ခေါင်းညိတ်လိုက်သည်။
သူမနှင့် ရွှီနင်တို့က ပိုမိုမြန်ဆန်ကြသည်။ သတင်းပို့မည့်သူ ပြန်မရောက်လာခင် သူတို့က ဒီနေရာသို့ ရောက်နှင့်နေခြင်း ဖြစ်သည်။
“ခေါင်းဆောင်ရွှီ... အောက်ဆင်းပြီး သွားကြည့်ရအောင်”
ဒေါ်လေးဝေ့မှာ စိတ်ဝင်စားနေသည်။
“ကောင်းပြီ”
ရွှီနင်လည်း ပူးပေါင်းဆောင်ရွက်လိုက်သည်။
သူတို့နှစ်ဦးသည် တောင်စောင်းအတိုင်း လိုက်ပါသွားပြီး တောင်ကြားထဲသို့ ရောက်ရှိလာကြသည်။
တောင်ကြားထဲရှိ ပတ်ဝန်းကျင်သည် စိုစွတ်ပြီး ရွှံ့ဗွက်ထူနေလေသည်။
“ဒီခြေရာကို ကြည့်ပါဦး”
ရွှံ့ဗွက်ထဲတွင် ကြီးမားသော ခြေရာကြီးတစ်ခု ရှိနေသည်ကို ဒေါ်လေးဝေ့ တွေ့လိုက်ရသည်။
“ဝူလျို့ရဲ့ သတင်းက ယုံကြည်ရလောက်တယ်... ဒီခြေရာအတိုင်းလိုက်သွားရင် ဒဏ်ရာရနေတဲ့ မိစ္ဆာသားရဲကို တွေ့နိုင်လောက်တယ်”
ဒေါ်လေးဝေ့မှာ အတော်လေး စိတ်လောနေပုံရသည်။
သူမသည် ရွှီနင်နှင့်အတူ လမ်းလျှောက်ရင်း ခြေရာများအတိုင်း မိစ္ဆာသားရဲကို လိုက်ရှာနေသည်။
“ဟင်”
သို့သော် ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ရွှီနင် ရုတ်တရက် ရပ်တန့်လိုက်သည်။
ဒေါ်လေးဝေ့က ရွှီနင်၏ ထူးဆန်းသော အပြုအမူကို သတိထားမိလိုက်သည်။ “ဘာဖြစ်လို့လဲ”
“ဒေါ်လေးဝေ့...”
ရွှီနင် နောက်လှည့်ကြည့်ပြီး ပြောလိုက်သည်။ “လူတစ်ယောက် ရှိနေတယ်”
“လူတစ်ယောက် ဟုတ်လား”
ဒေါ်လေးဝေ့ ခဏတာ ကြောင်သွားပြီးနောက် ရွှီနင် ကြည့်ရာဘက်သို့ လိုက်ကြည့်လိုက်သည်။
ရွှီနင် ကြည့်နေသော နေရာတွင် နွယ်ပင်များ ထူထပ်စွာ ဖုံးလွှမ်းနေသော ကျောက်တုံးများ ရှိနေသည်ကို သူမ တွေ့လိုက်ရသည်။
“သွားကြည့်ရအောင်”
ရွှီနင် လှုပ်ရှားလိုက်သည်။ သူသည် ‘တိမ်လှိုင်းပမာခြေလှမ်းသိုင်းကွက်’ ကို အသုံးပြုပြီး လျင်မြန်စွာ ပြေးဝင်သွားလိုက်သည်။
ဒေါ်လေးဝေ့လည်း သူ့နောက်မှ လိုက်ပါသွားသည်။
‘ရွှီနင်က ကျောက်တုံးနောက်က လူတွေကို အာရုံခံမိလိုက်တာပဲ’
“သွားပြီကွာ... ငါတို့ကို တွေ့သွားပြီ”
ရွှီနင်၏ ခန့်မှန်းချက် မှန်ကန်နေသည်။ မုတ်ဆိတ်မွေးနှင့်လူ၊ မိန်းမဟန်ပေါက်နေသူတို့ နှစ်ဦးစလုံး ကျောက်တုံးနောက်တွင် ရှိနေကြသည်။
သူတို့နှစ်ဦးသည် ရွှီနင်နှင့် ဒေါ်လေးဝေ့တို့ ငါးစာဟပ်မိပြီး ဟင်းလင်းပြင်နယ်ပယ်တစ်ပိုင်း မိစ္ဆာသားရဲ၏ ကိုက်ဖြတ်ခြင်းကို ခံရမည့်အခြေအနေကို အတည်ပြုရန် ဤနေရာတွင် ပုန်းအောင်းနေကြခြင်း ဖြစ်သည်။
သို့သော် အရာအားလုံးမှာ သူတို့မျှော်လင့်ထားသလို ဖြစ်ပျက်နေစဉ်မှာပင် ရွှီနင်က သူတို့ကို သတိထားမိသွားခဲ့သည်။
သူတို့၏ အစီအစဉ်အားလုံး ပျက်စီးသွားချေပြီ။
“ပြေး... သူနဲ့ မတိုက်နဲ့”
မိန်းမဟန်ပေါက်နေသူက ပြောလိုက်သည်။ “ငါတို့ အဖမ်းခံရရင် ဒီကိစ္စ ပေါက်ကြားသွားလိမ့်မယ်... အဲဒီအခါကျရင် ငါတို့နှစ်ယောက် ပြဿနာကြီး တက်တော့မှာ”
“ကောင်းပြီ”
မုတ်ဆိတ်မွေးနှင့်လူသည် ကံဆိုးသည်ဟု ခံစားမိသော်လည်း မိန်းမဟန်ပေါက်နေသူ၏ စကားကို နားထောင်ကာ နှစ်ယောက်သား တောင်စောင်းပေါ်သို့ အလျင်အမြန် ပြေးတက်သွားကြသည်။
“ထွက်ပြေးချင်တာလား”
ရွှီနင်သည် ဓားတိုကို ထုတ်လိုက်ပြီး သူတို့နှစ်ယောက်ထံ ချက်ချင်း ပစ်လွှတ်လိုက်သည်။
ဓားတိုသည် စုတ်ဖြဲဖျက်ဆီးနိုင်သော အားအင်များ ဖုံးလွှမ်းလျက် မုတ်ဆိတ်မွေးနှင့်လူ၏ ခြေအကြောများကို လျင်မြန်စွာ ဖြတ်တောက်သွားလေသည်။
တစ်ခဏချင်းမှာပင် သူ ယိုင်လဲသွားပြီး အော်ဟစ်ကာ လဲကျသွားတော့သည်။
ထိုအခြေအနေကို မြင်လိုက်ရသောအခါ မိန်းမဟန်ပေါက်နေသူမှာ ရပ်တန့်ပြီး မုတ်ဆိတ်မွေးနှင့်လူကို ဆွဲထူရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။
မကြာမီမှာပင် ရွှီနင်နှင့် ဒေါ်လေးဝေ့တို့ သူတို့ကို မီသွားကြသည်။
“မင်းတို့နှစ်ယောက်ပါလား”
ဒေါ်လေးဝေ့သည် သူတို့နှစ်ဦးကို မှတ်မိလိုက်လေသည်။