← Chapters

ဖုန်မိသားစု၏ ခေါင်းဆောင်အသစ်

Vol. 12 Ch. 115

ဖုန်မိသားစု၏ ခေါင်းဆောင်အသစ်

Vol. 12 Ch. 115

“သူတို့ နှစ်ယောက်လုံးက စတုတ္ထသခင်လေးဆီမှာ အလုပ်လုပ်ကြတာ။ ပြီးတော့ သူတို့က စတုတ္ထသခင်လေးရဲ့ အမဲလိုက်အဖွဲ့ ခေါင်းဆောင်တွေပဲ” လို့ ဒေါ်လေးဝေ့က ရွှီနင့်ကို ပြောပြလိုက်တယ်။

“စတုတ္ထသခင်လေး...”

ရွှီနင် အလျင်အမြန် စဉ်းစားခန်း ဝင်လိုက်သည်။

၎င်းတို့၏ အထောက်အထားအား အတည်ပြုပြီးဖြစ်သည့်အတွက် ထိုလူနှစ်ယောက်မှာ သူတို့၏ ရန်သူတွေ ဖြစ်ရပေမည်။

ထို့အပြင် ၎င်းတို့နှစ်ယောက်မှာ လူမိသွားပြီးနောက် ဒေါ်လေးဝေ့နှင့် ရွှီနင်တို့ လိုက်လာသည်ကို မြင်သည့်အခါ ချက်ချင်း ထွက်ပြေးဖို့ ရွေးချယ်ခဲ့ကြရာ ၎င်းတို့ဟာ ရွှီနင်တို့နဲ့ မျက်နှာချင်းမဆိုင်ချင်မှန်း သိသာလှသည်။

သူတို့၏ ပြိုင်ဘက်တွေ ဒီနေရာမှာ ပေါ်လာတာဟာ သေချာပေါက် သံသယဖြစ်စရာပင်။

“ချွမ်းဟယ်တောင်က အကျယ်ကြီးပဲလေ။ ငါတို့နှစ်ယောက်က ဒဏ်ရာရထားတဲ့ မိစ္ဆာသားရဲတစ်ကောင်ကို ချုံခိုတိုက်ခိုက်ဖို့ ဒီကိုလာတာ၊ ဘာဖြစ်လို့လဲ”

မိန်းမဆန်သူက အရင်ဦးအောင် ပြောလိုက်သည်။

“ဒါပေမဲ့ ငါတို့ အဲဒီမိစ္ဆာသားရဲနောက်ကိုတောင် မလိုက်ရသေးဘူး၊ မင်းတို့က ငါတို့ကို အရင် တိုက်ခိုက်ခဲ့တာပဲ”

ထိုအရာကို ကြားလိုက်ရသည့် မုတ်ဆိတ်နှင့်လူကလည်း ချက်ချင်း တုံ့ပြန်လိုက်သည်။

“မင်းက ငါ့ခြေဖနောင့်ကြောကို ဖြတ်ပစ်ခဲ့တာ။ မင်းက ပြိုင်ပွဲရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ချင်လို့ ငါ့ကို အလစ်ငိုက် တိုက်ခိုက်ခဲ့တာပဲ။ ဒီကိစ္စကို ခေါင်းဆောင်ကြီးဆီ ငါ သေချာပေါက် တိုင်ကြားမယ်”

မုတ်ဆိတ်နှင့်လူသည် သူ့အင်္ကျီကို ဆွဲဖြဲပြီး သူ့ခြေထောက်မှာ ပတ်လိုက်သည်။

ရုတ်တရက်ဆိုသလို ရွှီနင်နှင့် ဒေါ်လေးဝေ့တို့ဟာ အားနည်းတဲ့ အနေအထားကို ရောက်သွားရသည်။

ဒေါ်လေးဝေ့နဲ့ ရွှီနင်တို့ဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

“မင်းပြောပုံအရဆိုရင် ငါတို့ဘက်ကပဲ မှားနေတာပေါ့လေ”

ဒေါ်လေးဝေ့က မကျေမနပ် ပြောလိုက်သည်။

“မင်းတို့က ပုန်းနေတာပဲ၊ အဲဒီတော့ မင်းတို့က ငါတို့ကို သတ်ဖို့ ကြိုးစားနေတယ်လို့ ငါတို့ သံသယဖြစ်တာက ကျိုးကြောင်းဆီလျော်မှု ရှိတယ်။ ငါတို့သာ သတိမထားမိခဲ့ရင် မင်းတို့ အောင်မြင်သွားနိုင်တာပဲ”

“အဓိပ္ပာယ်မရှိတာ” မုတ်ဆိတ်နှင့်လူက ပြန်ပြောလိုက်သည်။

“မင်းတို့နှစ်ယောက် ဒီမှာရှိနေမှန်း ငါတို့ ဘယ်လိုလုပ် သိမှာလဲ။ ပြီးတော့ ငါတို့က မင်းတို့ကို ဒီကို ဘယ်လိုလုပ် ခေါ်လာနိုင်မှာလဲ”

ထိုသို့ပြောပြီးသည်နှင့် မုတ်ဆိတ်နှင့်လူဟာ တစ်ခုခု လွဲချော်နေပြီဆိုတာကို သိလိုက်ပုံရပြီး သူ့ရဲ့ အဖော်ဖြစ်သူ မိန်းမဆန်သူကို မသိမသာ လှမ်းကြည့်လိုက်သည်။

တစ်ချိန်တည်းမှာပဲ မိန်းမဆန်သူကလည်း မျက်မှောင်ကြုတ်လိုက်လေသည်။

ဒေါ်လေးဝေ့နဲ့ ရွှီနင်တို့ဟာလည်း သူတို့၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်ကြသည်။

“ဒီကိစ္စက ဒီမှာတင် မပြီးသေးဘူး”

မိန်းမဆန်သူဟာ ရွှီနင်နှင့် ဒေါ်လေးဝေ့တို့ကို ကြောက်နေသဖြင့် “ဒီကိစ္စကို မကြာခင်မှာ ခေါင်းဆောင်ကြီးက ဆုံးဖြတ်ပေးလိမ့်မယ်” လို့ ပြောလိုက်သည်။

ထိုနောက် ၎င်းတို့နှစ်ဦးဟာ အလျင်အမြန် ထွက်ခွာသွားဖို့ ပြင်ဆင်လိုက်ကြသည်။

“ရပ်စမ်း”

ဒေါ်လေးဝေ့ဟာာ တစ်ခုခု မသင်္ကာတာကြောင့် သူတို့နှစ်ယောက်ကို တားလိုက်သည်။

သို့သော် ထိုအချိန်တွင် တောင်ကြားထဲမှ ကြောက်မက်ဖွယ်ကောင်းသည့် ဟိန်းသံကြီး ထွက်ပေါ်လာလေသည်။

ထိုဟိန်းသံမှာ မိုးကြိုးပမာ ပြင်းထန်လွန်းလှပြီး လူတစ်ယောက်ကို အပိုင်းပိုင်း ဆွဲဖြဲပစ်နိုင်တဲ့ အင်အားမျိုး ရှိနေပုံရသည်။

‘ဒီလို အင်အားမျိုးက...’

ရွှီနင် ရုတ်တရက် အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်ရသည်။

“ဟင်းလင်းပြင်နယ်ပယ် မိစ္ဆာသားရဲလား”

ထိုအရာမှာ ရွှီနင်၏ ပထမဆုံး အတွေးဖြစ်သော်လည်း သူ ချက်ချင်းပင် ငြင်းပယ်လိုက်သည်။

‘မဟုတ်ဘူး၊ ဟင်းလင်းပြင်နယ်ပယ် မိစ္ဆာသားရဲရဲ့ အငွေ့အသက်က ဒီထက် ပိုသန်မာရမယ်၊ ဒါဟာ ဟင်းလင်းပြင်နယ်ပယ်တစ်ပိုင်းအဆင့် မိစ္ဆာသားရဲပဲ ဖြစ်ရမယ်’

“မိစ္ဆာသားရဲ နိုးလာပြီ၊ ပြေးကြ”

မုတ်ဆိတ်နှင့်လူဟာ ရုတ်တရက် စိုးရိမ်တကြီး ဖြစ်လာသည်။

သာမန်လူသားနယ်ပယ် အဆင့်မြင့် သိုင်းသမား လေးယောက် သူ့နယ်မြေထဲ ရောက်လာတာကြောင့် မိစ္ဆာသားရဲဟာ ခြိမ်းခြောက်ခံရတယ်လို့ ခံစားမိသွားကြောင်း သူ သေချာပေါက် သိထားလေသည်။

သားဖွားတော့မည့် မိစ္ဆာသားရဲတစ်ကောင်အနေနဲ့ ထိုသားရဲဟာ အလွန်အမင်း နိုးနိုးကြားကြား ရှိနေလေသည်။

မုတ်ဆိတ်နှင့်လူ ထိုသို့ပြောလိုက်သည်နှင့် ရွှီနင်နဲ့ ဒေါ်လေးဝေ့တို့ တစ်ပြိုင်နက်တည်း တုံ့ပြန်လိုက်ကြသည်။

‘ဒီလူနှစ်ယောက်က ဒီမှာ ဟင်းလင်းပြင်နယ်ပယ်တစ်ပိုင်းအဆင့် မိစ္ဆာသားရဲ ရှိနေမှန်း ကြိုသိနေတာပဲ’

သူသည် အစောပိုင်းက မုတ်ဆိတ်နှင့်လူ ပြောလိုက်တာကို ပြန်စဉ်းစားကြည့်ပြီးနောက် ထိုနှစ်ယောက်မှာ သူ့တို့အား သားရဲအစာအဖြစ် အသုံးချဖို့ ကြိုးစားနေမှန်း အလွယ်တကူ ကောက်ချက်ချလိုက်သည်။

ရွှီနင်နှင့် ဒေါ်လေးဝေ့တို့ဟာ သတင်းပို့သူ ဝူလျို့ကိုလည်း တစ်ခါမှ မမြင်ဖူးကြချေ။

“မင်းတို့နှစ်ယောက်က ငါတို့ကို ထောင်ချောက်ဆင်နေတာပဲ”

ဒေါ်လေးဝေ့ အလွန်ဒေါသထွက်သွားသည်။

အကယ်၍ ဟင်းလင်းပြင်နယ်ပယ်တစ်ပိုင်းအဆင့် မိစ္ဆာသားရဲသာ သူတို့ဆီ နီးကပ်မလာခဲ့ပါက ဒေါ်လေးဝေ့ဟာ ဓားကို ဆွဲထုတ်ပြီး သူတို့နှစ်ယောက်ကို အပိုင်းပိုင်း ပိုင်းဖြတ်ပစ်လိုက်မှာ အသေအချာပင်။

“ခေါင်းဆောင်ရွှီ၊ သွားရအောင်”

ဒေါ်လေးဝေ့ဟာ သူမကိုယ်သူမ တည်ငြိမ်အောင် အတင်းကြိုးစားလိုက်သည်။

အချိန်ဆွဲလို့ မရတော့မှန်း သိလိုက်သဖြင့် သူမက ရွှီနင့်ကို

“ဒီဟင်းလင်းပြင်နယ်ပယ်တစ်ပိုင်းအဆင့် မိစ္ဆာသားရဲလက်ကနေ လွတ်မြောက်သွားတာနဲ့ သူတို့အကြောင်းကို တိုင်ပြောပြီး ပြန်ပေးဆပ်ခိုင်းရမယ်” လို့ ပြောလိုက်သည်။

ဒေါ်လေးဝေ့ဟာ ရွှီနင့်ကို ဆွဲပြီး တောင်ကုန်းပေါ်ကို ပြေးတက်ဖို့ ပြင်ဆင်လိုက်သည်။

သို့သော် မိန်းမဆန်သူမှာ ရုတ်တရက် သူ့လက်မောင်းကို ဝှေ့ယမ်းလိုက်ပြီး ရွှီနင်နှင့် ဒေါ်လေးဝေ့တို့ဆီကို ပျံလွှားအပ် ဒါဇင်ပေါင်းများစွာကို ပစ်လွှတ်လိုက်လေသည်။

ရွှီနင်၏ ဦးနှောက်ထဲ၌ အန္တရာယ် အချက်ပေးသံများ မြည်ဟီးသွားပြီး ပျံလွှားအပ်များကို ရှောင်တိမ်းဖို့ ကိုယ်ကို လှည့်လိုက်သည်။

သို့သော် ဒေါ်လေးဝေ့မှာ နီးကပ်လွန်းနေသလို ရွှီနင်လောက်လည်း သန်မာမှု မရှိတာကြောင့် အချိန်မီ မတုံ့ပြန်နိုင်ခဲ့ပေ။

ပျံလွှားအပ် အချို့ဟာ သူမ၏ ကျောပြင်ကို ထိမှန်သွားပြီး ခန္ဓာကိုယ်ထဲကို ထိုးဖောက်ဝင်ရောက်သွားသည်။

“နှမြောစရာပဲ”

မိန်းမဆန်သူက နောင်တရသလို ပြောလိုက်သည်။

သူသည် ထိုအလစ်ငိုက် တိုက်ခိုက်မှုနဲ့ သူတို့နှစ်ယောက်လုံးကို သတ်ပစ်နိုင်မည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။

ဒေါ်လေးဝေ့နဲ့ ရွှီနင်တို့ဟာ သူတို့ကို သံသယဝင်နေကြပြီ ဖြစ်သည်။

၎င်းတို့ကို လွှတ်ပေးလိုက်ရင် သေချာပေါက် နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုများအား လုပ်ကြပေလိမ့်မည်။

ထို့ကြောင့် မိန်းမဆန်သူဟာ သူတို့ကို ချက်ချင်း သတ်ပစ်ချင်နေတာပင်။

သို့ရာတွင် ရွှီနင်ဟာ ဒီလောက်နီးကပ်သည့် အကွာအဝေးကနေတစ်ဆင့် အချိန်မီ တုံ့ပြန်နိုင်လိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ပေ။

သို့သော် မိန်းမဆန်သူဟာ ပျံလွှားအပ်များကို ဆက်ပစ်ဖို့ မကြိုးစားတော့ပေ၊ အဘယ့်ကြောင့်ဆိုသော် ဟင်းလင်းပြင်နယ်ပယ်တစ်ပိုင်းအဆင့် မိစ္ဆာသားရဲမှာ အလွန်နီးကပ်နေပြီဖြစ်သည်။

သူဟာ မုတ်ဆိတ်နှင့်လူကို ဆွဲခေါ်လိုက်ပြီး “သွားစို့” လို့ ပြောလိုက်သည်။

“ဒါပေမဲ့ ငါတို့ အဲဒီကောင်လေးကို မသတ်ရသေးဘူးလေ” လို့ မုတ်ဆိတ်နှင့်လူက ပြောလိုက်သည်။

“ဒါက အရေးမကြီးဘူး၊ အရင်ဆုံး အသက်လုပြေးရမယ်။ ဒီတောင်ကြားထဲကနေ ထွက်သွားနိုင်တာနဲ့ သူ့ကို ပြန်ပြီး ချုံခိုတိုက်ရအောင်။ ဒါပေမဲ့ သူတို့ အဲဒီမိစ္ဆာသားရဲ စားတာကို ခံလိုက်ရင်တော့ အကောင်းဆုံးပဲပေါ့”

ထို့နောက် မိန်းမဆန်သူဟာ သူ့အဖော်နဲ့အတူ တောင်စောင်းပေါ်ကို အလျင်အမြန် ပြေးတက်သွားတော့သည်။

“ဒေါ်လေးဝေ့” ဒေါ်လေးဝေ့ ဒဏ်ရာရသွားသည်နှင့် ရွှီနင်မှာ ချက်ချင်း တုံ့ပြန်လိုက်သည်။ ဒဏ်ရာရသွားပြီးနောက်မှာတော့ ဒေါ်လေးဝေ့ဟာ လုံးဝ မေ့မြောသွားလေသည်။

သူဟာ အရင်ဆုံး ဒေါ်လေးဝေ့၏ လက်ကောက်ဝတ်ကို စမ်းသပ်ကြည့်လိုက်ပြီး

“သူ အသက်ရှူနေတုန်းပဲ” လို့ စိတ်သက်သာရာရစွာ ပြောလိုက်သည်။

ထို့နောက် ရွှီနင်ဟာ ဒေါ်လေးဝေ့ကို ကျောပိုးလိုက်ပြီး အသည်းအသန် ထွက်ပြေးနေသည့် လူနှစ်ယောက်ကို ကြည့်လိုက်သည်။

သူ့နောက်ဘက်မှ အန္တရာယ်ရှိသည့် အငွေ့အသက်များ နီးကပ်လာသည်ကို ရွှီနင် ခံစားနေရသည်။

ရွှီနင်ဟာ တစ်ခဏအတွင်းမှာပဲ သူ၏ ခွန်အားအားလုံးကို ထုတ်ဖော်လိုက်ပြီး ထွက်ပြေးသွားသည့် လူနှစ်ယောက်နောက်ကို လိုက်ရန် တိမ်လှိုင်းပမာခြေလှမ်းသိုင်းကွက်ကို အသုံးပြုလိုက်လေသည်။

“အဲဒီကောင်လေး တကယ်ပဲ မှီလာတာလား” မိန်းမဆန်သူဟာ နောက်ကို လှည့်ကြည့်လိုက်သည်။

ကြေးခွံများနှင့် ဆူးများ ဖုံးအုပ်ထားသည့် ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာသားရဲကြီးတစ်ကောင်ကို သူ မြင်လိုက်သည်။

ထိုသားရဲသည် မိကျောင်းကြီးတစ်ကောင်နှင့် ဆင်တူပြီး ရွှံ့နွံများထဲ၌ အလျင်အမြန် တွားသွားနေလေသည်။

ထို့အပြင် ရွှီနင်မှာ ဒေါ်လေးဝေ့ကို ကျောပိုးထားရင်း သူတို့ဆီကို တဖြည်းဖြည်း မှီလာတာကို မြင်လိုက်ရပြန်သည်။

“ဒီလောက်တောင် မြန်တာလား” မုတ်ဆိတ်နှင့်လူဟာလည်း ထိတ်လန့်သွားသည်။

ရွှီနင် သူတို့နောက်ကို လိုက်လာတာနှင့်အမျှ ဟင်းလင်းပြင်နယ်ပယ်တစ်ပိုင်းအဆင့် မိစ္ဆာသားရဲကိုလည်း သူတို့ဆီ ခေါ်လာသလို ဖြစ်နေလေသည်။

မိန်းမဆန်သူဟာ ရွှီနင်ရှိရာဘက်ကို လှည့်ပြီး ပျံလွှားအပ်အချို့ကို ပစ်လွှတ်လိုက်သော်လည်း ရွှီနင်ကမူ အလွယ်တကူ ရှောင်တိမ်းနိုင်ခဲ့သည်။

ရွှီနင်ဟာ ရှေ့မှာ ရန်သူတွေရှိနေပြီး နောက်မှာ မိစ္ဆာသားရဲရှိနေသော်လည်း လုံးဝ ထိတ်လန့်ခြင်း မရှိပေ။

သူ၏ အနောက်ဘက်ရှိ ဟင်းလင်းပြင်နယ်ပယ်တစ်ပိုင်းအဆင့် မိစ္ဆာသားရဲအား အနိုင်မယူနိုင်သော်လည်း ရှေ့က လူနှစ်ယောက်ကိုမူ သေချာပေါက် မှီနိုင်သည်။

ရွှီနင် မျှော်လင့်ထားသလိုပင် သူသည် မကြာခင်၌ သူတို့နှစ်ယောက်အား မှီသွားတော့သည်။

ဟင်းလင်းပြင်နယ်ပယ်တစ်ပိုင်းအဆင့် မိစ္ဆာသားရဲဟာလည်း သူ၏ အနောက်မှာ ကပ်ပါလာလေသည်။

၎င်းတို့အားလုံးသည် တောင်ကြားထဲမှ လွတ်မြောက်ရန် နီးကပ်နေပြီ ဖြစ်သည်။

“သူ ငါတို့ကို ကျော်သွားပြီ” မုတ်ဆိတ်နှင့်လူမှာ စိုးရိမ်တကြီး ဖြစ်လာသည်။

ယခုအခါတွင် သူတို့နှစ်ယောက်မှာ ဟင်းလင်းပြင်နယ်ပယ်တစ်ပိုင်းအဆင့် မိစ္ဆာသားရဲအတွက် အနီးဆုံး ပစ်မှတ်များ ဖြစ်သွားကြလေပြီ။

“သောက်ကျိုးနည်း” မိန်းမဆန်သူဟာ သူ၏ ပျံလွှားအပ်အားလုံးကို ပစ်လွှတ်လိုက်ပြီ ဖြစ်သည်။

မိန်းမဆန်သူသည် ဟင်းလင်းပြင်နယ်ပယ်တစ်ပိုင်းအဆင့် မိစ္ဆာသားရဲ သူတို့ဆီကို မှီလာတော့မည်ဆိုသည်ကို မြင်လိုက်သည်နှင့် သူ၏ မျက်လုံးများဟာ ရက်စက်ကြမ်းကြုတ်သွားပြီး သူ့ဘေးက မုတ်ဆိတ်နှင့်လူကို တွန်းထုတ်လိုက်လေသည်။

“မင်း...” မုတ်ဆိတ်နှင့်လူဟာ ယိုင်နဲ့သွားပြီး အနောက်သို့ လဲကျသွားသည်။

ဟင်းလင်းပြင်နယ်ပယ်တစ်ပိုင်းအဆင့် မိစ္ဆာသားရဲဟာ ချက်ချင်းပင် ရှေ့ကို ပြေးဝင်လာတော့သည်။

သူ၏ ကြီးမားလှသည့် လက်သည်းများနှင့် မုတ်ဆိတ်နဲ့လူကို ရုတ်တရက် ကုတ်ခြစ်လိုက်ပြီး ခြေထောက်နှင့်ပါ နင်းချလိုက်သည်။

မုတ်ဆိတ်နှင့်လူဟာ အော်ဟစ်ရန် အချိန်မရလိုက်ပေ။ တစ်ခဏအတွင်းမှာပင် အသားစတွေအဖြစ် ပြောင်းလဲသွားတော့သည်။

“တကယ်ကို ရက်စက်တာပဲ”

ရွှီနင်က မဲ့ပြုံးပြုံးရင်း ပြောလိုက်သည်။ သူသည် တောင်ကြားထဲမှ အရင်ဆုံး ထွက်လာနိုင်ခဲ့ပြီ ဖြစ်သည်။

မိန်းမဆန်သူဟာ မုတ်ဆိတ်နှင့်လူကို အသုံးချပြီး အချိန်အနည်းငယ် ရယူခဲ့တာကြောင့် တောင်ကြားထဲမှ ထွက်ခွာနိုင်ရန် နီးစပ်နေပြီ ဖြစ်သည်။

သို့သော် ရွှီနင်ဟာ တောင်ကြားထိပ်မှာ ရပ်နေပြီး မိန်းမဆန်သူကို ပိတ်ဆို့ထားလိုက်သည်။

“မင်း...”

မိန်းမဆန်သူဟာ ထိုအရာကို သတိပြုမိသွားသည်။

ယခုအခါ သူဟာ ရှေ့ရောနောက်ပါ ပိတ်မိနေပြီ ဖြစ်သည်။

ရွှီနင်ဟာ သူ၏ ဓားတိုကို သိမ်းထားခဲ့သော်လည်း ယခုအခါ ပြန်ထုတ်လိုက်ပြီး မိန်းမဆန်သူ၏ လမ်းကို တိုက်ရိုက် ပိတ်ဆို့လိုက်သည်။

မိန်းမဆန်သူဟာ ရှောင်တိမ်းရန် ကြိုးစားသော်လည်း အလွန်နှေးကွေးသဖြင့် သူ၏ ပုခုံးဟာ ဓားနှင့် ထိမှန်သွားပြီး ဟန်ချက်ပျက်သွားလေသည်။

သူ့ အနောက်ဘက်ရှိ ကြေးခွံများနှင့် မိစ္ဆာသားရဲကြီးဟာ ချက်ချင်းပင် အရှိန်မြှင့်လိုက်ပြီး သူ၏ လက်သည်းနဲ့ ရိုက်ချလိုက်ရာ မိန်းမဆန်သူသည်လည်း အသားဖတ်တွေအဖြစ် ပြောင်းလဲသွားတော့သည်။

ရွှီနင်သည် ထိုနေရာ၌ ဆက်မနေတော့ဘဲ ဒေါ်လေးဝေ့ကို ကျောပိုးပြီး အလျင်အမြန် ထွက်ပြေးသွားတော့သည်။

မိစ္ဆာသားရဲကြီးသည် တောင်ကြားထဲ၌ ရပ်ကာ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

သို့ရာတွင် သားဖွားတော့မည့် အခြေအနေဖြစ်သည့်အတွက် ဆက်ပြီး မလိုက်တော့ဘဲ တောင်ကြားထဲကိုသာ ပြန်သွားတော့သည်။

“ငါ ဘေးကင်းသွားပြီ”

ကြောက်မက်ဖွယ်ကောင်းသည့် အငွေ့အသက်များ တဖြည်းဖြည်း ဝေးကွာသွားသည်ကို ရွှီနင် ခံစားလိုက်ရသည်။

ရွှီနင် ရပ်တန့်လိုက်ပြီး တောင်ပေါ်၌ ညီညာသည့် မြေကွက်လပ်တစ်ခုကို ရှာကာ ဒေါ်လေးဝေ့အား မြေပြင်ပေါ်၌ အသာအယာ ချထားလိုက်သည်။

ရွှီနင်ဟာ ဒေါ်လေးဝေ့၏ အိတ်ကပ်များကို လိုက်စမ်းကြည့်လိုက်သည်။

ကြွေပုလင်းလေး တစ်လုံးအား ရှာတွေ့သွားရာ ပုလင်းအဖုံးကို ဖွင့်လိုက်ပြီး အတွင်းမှ ဆေးပြားကို ထုတ်ကာ ဒေါ်လေးဝေ့၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။

ထို့နောက် ရွှီနင်သည် သူ၏ အတွင်းအားကို အသုံးပြု၍ ဆေးပြားကို ဒေါ်လေးဝေ့၏ ဗိုက်ထဲရောက်အောင် တွန်းပို့ပေးလိုက်သည်။

ထိုအရာမှာ ဒဏ်ရာပျောက်ဆေးပြားပင် ဖြစ်သည်။

“ပျံလွှားအပ်တွေကြောင့် ရတဲ့ ဒဏ်ရာတွေက သွေးတိတ်သွားပြီ”

ရွှီနင်ဟာ ဒေါ်လေးဝေ့၏ ကျောပြင်မှ ပျံလွှားအပ်များကို အမြန် ဆွဲထုတ်လိုက်သည်။

“သူ အသက်ရှင်မှာပါ” ဒေါ်လေးဝေ့၏ အခြေအနေမှာ တည်ငြိမ်သွားသည်ကို ရွှီနင် ခံစားလိုက်ရသည်။

သို့သော် ဒေါ်လေးဝေ့မှာ သူမ၏ ဒဏ်ရာများကြောင့် သတိပြန်မရသေးပေ။

‘သူတို့နှစ်ယောက်လုံး သေသွားပြီဆိုတော့ ငါတို့တော့ မိစ္ဆာသားရဲဖမ်းဆီးတဲ့ ပြိုင်ပွဲမှာ အလွယ်တကူ အနိုင်ရတော့မှာပဲ’

ရွှီနင်သည် ဖုန်ချန်ယွီအား ယခုပြိုင်ပွဲ၌ အနိုင်ရရှိအောင် ကူညီပေးနိုင်ခဲ့ပြီ ဖြစ်သည်။

ထိုနှစ်ယောက် သေဆုံးမှုနှင့် ပတ်သက်ပြီး သေချာပေါက် စုံစမ်းစစ်ဆေးလာပါလိမ့်မည်။

သို့သော် ရွှီနင်ကမူ လုံးဝ မကြောက်ပေ။

သူသာ အမှန်အတိုင်း ပြောပြသရွေ့၊ ဝူလျို့ဆိုသူကို ရှာတွေ့ရန်သာ လိုအပ်ပြီး မိန်းမဆန်သူကို ထွက်မပြေးနိုင်အောင် ပိတ်ဆို့ခဲ့သည့် အချက်ကိုမူ ဖုံးကွယ်ထားလိုက်ရုံပင်။

သူကိုယ်တိုင်ကမူ အသက်ရှင်ကျန်ရစ်သူ ဖြစ်နေသော်လည်း ထိုသို့လုပ်ခြင်းအားဖြင့် နစ်နာသူတစ်ယောက်အဖြစ် ဟန်ဆောင်နိုင်ပေလိမ့်မည်။

ရွှီနင်ဟာ ဒေါ်လေးဝေ့အား ကျောပိုးပြီး စခန်းဆီသို့ ပြန်လာခဲ့သည်။

စခန်းသို့ ပြန်ရောက်သည်နှင့် ရွှီနင်ဟာ အဖွဲ့ဆီသို့ သွားလိုက်ပြီး အစောပိုင်း၌ ဖြစ်ပျက်ခဲ့သည်တို့အား အစီရင်ခံလိုက်လေသည်။

…

နှစ်ရက် ကုန်ဆုံးသွားပြီးနောက်…

ချွင်းလင်ခရိုင်၊ ဖုန်အိမ်တော်၌…

လက်ရှိ မိသားစုခေါင်းဆောင်ဖြစ်သူ ဖုန်ချီကျီးဟာ ချွမ်းဟယ်တောင်မှ ရောက်လာသော စာအား ဖတ်နေလေသည်။

ထိုစာထဲ၌ ဖုန်ချန်ယွီ၏ အဖွဲ့နှင့် ဖုန်ဟောင့်ချီ၏ အဖွဲ့ကြားမှ ပဋိပက္ခနှင့် ပြိုင်ဆိုင်မှုများကို အသေးစိတ် ဖော်ပြထားလေသည်။

“ဒီကလေး ဟောင့်ချီကတော့...” ဖုန်ချီကျီး ရုတ်တရက် သက်ပြင်းချလိုက်သည်။

“ချန်ယွီထက် အများကြီး နောက်ကျနေတုန်းပဲ”

‘လူငှားတာပဲဖြစ်ဖြစ်၊ စီမံခန့်ခွဲတာပဲဖြစ်ဖြစ်၊ သူတို့နှစ်ယောက်က လုံးဝ နှိုင်းယှဉ်လို့ မရဘူးပဲ’

စစ်ဆေးမှုမှာ လဝက်လောက်သာ ရှိသေးသော်လည်း ဖုန်ချီကျီးဟာ နောက်ထပ် မိသားစုခေါင်းဆောင်အသစ်နှင့် ပတ်သက်ပြီး စိတ်ကူးရှိနေပြီ ဖြစ်သည်။

ဆေးဝါးလုပ်ငန်းနှင့် ပတ်သက်ပြီး ဖုန်ချန်ယွီဟာ လဝက်အတွင်းမှာတင် ခရိုင်မြို့ နှစ်မြို့နဲ့ အခြားစီရင်စုများတွင် ကုန်သွယ်ရေးလမ်းကြောင်းများကို ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်သည်။

ထို့အပြင် ချွင်းလင်ခရိုင်အတွင်းမှာလည်း ရှောင်မိသားစု၊ ယဲ့မိသားစုတို့နှင့် သဘောတူညီမှု ရယူနိုင်ခဲ့သည့်အတွက် ဖုန်မိသားစု၏ ဆေးဝါးများကို ၎င်းတို့၏ လမ်းကြောင်းတွေမှတစ်ဆင့် ရောင်းချနိုင်ခဲ့လေသည်။

ထိုအရာကိုကြည့်ခြင်းအားဖြင့် ဖုန်ချန်ယွီသည် စစ်ဆေးမှု မစတင်မီအချိန်ကတည်းက အဆက်အသွယ်လုပ်ထားမှန်း သိသာလှသည်။

အခြားတစ်ဖက်မှာတော့ ဖုန်ဟောင့်ချီသည် ဤလဝက်အတွင်း မည်သည့်အရာမှ မစွမ်းဆောင်နိုင်ခဲ့ပေ။ သူဟာ ရှောင်မိသားစုနှင့် ရဲ့မိသားစုတို့၏ ငြင်းပယ်ခြင်းကိုတောင် ခံခဲ့ရသည့်အတွက် အရှက်ရစရာ ဖြစ်ခဲ့ရသည်။

ထို့အပြင် ဖုန်ဟောင့်ချီဟာ ချွမ်းဟယ်တောင်မှ မိစ္ဆာသားရဲ ဖမ်းဆီးတဲ့ ပြိုင်ပွဲမှာလည်း လုံးဝ ရှုံးနိမ့်ခဲ့ရသည်။

သူ၏ လက်အောက်ငယ်သားများမှာ မကောင်းသည့် စိတ်ထားများ ရှိခဲ့ကြပြီး နောက်ဆုံးတွင် ကိုယ့်ကျော့ကွင်း ကိုယ်မိကာ အသက်ဆုံးရှုံးခဲ့ကြရသည်။

ဖုန်ချီကျီး၏ အမြင်မှာတော့ ဖုန်ဟောင့်ချီဟာ အရည်အချင်း မရှိသူတစ်ဦးပင် ဖြစ်သည်။

အမှန်တကယ်တွင် မူလအစ၌ ဖုန်ချီကျီးဟာ ခေါင်းဆောင်ရာထူးကို ဖုန်ဟောင့်ချီဆီ ပေးချင်ခဲ့တာ ဖြစ်သည်။

ဖုန်ဟောင့်ချီကို ပိုနှစ်သက်သည်ကြောင့် မဟုတ်ဘဲ အမျိုးသား မိသားစုခေါင်းဆောင်တစ်ယောက်ကိုပဲ ပိုပြီး လိုလားသည်ကြောင့် ဖြစ်သည်။

ဖုန်ဟောင့်ချီသာ ပြိုင်ပွဲများတွင် အသာစီးရခဲ့ပါက သူသည် မိသားစုခေါင်းဆောင်ရာထူးကို ဖုန်ဟောင့်ချီထံ ပေးအပ်မှာ ဖြစ်သည်။

သို့သော် စစ်ဆေးမှု စတင်ပြီး မကြာခင်မှာပဲ ဖုန်ဟောင့်ချီမှာ လုံးဝ ရှုံးနိမ့်ခဲ့ရပြီး ဖုန်ချန်ယွီ၏ ကျော်တက်ခြင်းကို ခံလိုက်ရလေသည်။

ဤသည်မှာ ဖုန်ချီကျီးအား အလွန် စိတ်ပျက်သွားစေခဲ့သည်။

‘မိသားစုခေါင်းဆောင်ရာထူးကို ချန်ယွီကို ပေးအပ်တာကလည်း ကောင်းတဲ့ အချက်ပဲ’

ဖုန်ချီကျီးဟာ ဖုန်ချန်ယွီ၏ ကြီးပြင်းလာမှုကို ပြန်လည် စဉ်းစားကြည့်လိုက်သည်။

သူ၏ သမီးဖြစ်သူသည် ငယ်စဉ်ကတည်းက အလွန် သန်မာခဲ့ပြီး ပြိုင်ဆိုင်လိုစိတ်လည်း ပြင်းထန်ခဲ့သည်။

သူမဟာ သိုင်းပညာကို မနှစ်သက်သော်လည်း မိသားစု၏ အာဏာအပေါ်မှာတော့ စွဲလမ်းနေခဲ့သူ ဖြစ်သည်။

ဖုန်ချီကျီးဟာာ ဖုန်မိသားစုကို ဖုန်ချန်ယွီ၏ လက်ထဲသို့ အပ်နှံပါကလည်း ကောင်းမွန်သည့် ရွေးချယ်မှုတစ်ခုဟု ရုတ်တရက် ခံစားလိုက်ရလေသည်။

ချွမ်းဟယ်တောင်မှ ကိစ္စများကို ဖုန်ချီကျီး သိရှိပြီးနောက် ဖုန်ချန်ယွီလည်း ထိုသတင်းကို ကြားလိုက်ရသည်။

သူမလည်း စာတစ်စောင် ရရှိခဲ့သည်။

“သခင်မလေး၊ ရွှီနင်နဲ့ ဒေါ်လေးဝေ့တို့ရဲ့ အခြေအနေက ဘယ်လိုလဲ”

ဦးလေးစုန့်က ဖုန်ချန်ယွီ၏ ဘေးမှာ ရပ်ရင်း စာကိုဖတ်ပြီးတဲ့အထိ စောင့်ပြီးမှ မေးလိုက်သည်။

ဖုန်ချန်ယွီသည် ဦးလေးစုန့်ကို ကြည့်ပြီး ပြုံးလိုက်သည်။

“ဦးလေးစုန့်၊ အခြေအနေက အတော်လေး ကောင်းတယ်”

“တကယ်လား”

ဦးလေးစုန့်မှာ အံ့သြသွားဟန် ရှိသည်။

သူဟာ စာကို ယူပြီး အမြန် ဖတ်ကြည့်လိုက်သည်။

“သခင်မလေးရဲ့ အမြင်က တကယ်ကို အံ့မခန်းပါပဲ”

“ဒီရွှီနင်က ထောင်ချောက်ဆင်တဲ့လူကို သတ်လိုက်ရုံတင် မကဘူး၊ ဒေါ်လေးဝေ့ကိုပါ ကယ်တင်နိုင်ခဲ့တာပဲ”

“ရွှီနင်က ငါ့ရဲ့ မျှော်လင့်ချက်တွေထက် ကျော်လွန်သွားခဲ့တာတော့ အမှန်ပဲ”

ဖုန်ချန်ယွီဟာ ရွှီနင်အပေါ် သူမ၏ အထင်ကြီးမှုကို ဖုံးကွယ်မထား‌ပေ။

“သူက ပါရမီရှိရုံတင် မကဘူး၊ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းလည်းရှိတယ်။ နောက်ဆိုရင် သူ့ကို ယွဲ့လန်ဂိုဏ်းကို ပို့ပေးတဲ့အခါ ကျွန်မတို့ သူနဲ့ ဆက်ဆံရေး ကောင်းအောင် လုပ်ထားရမယ်။ သူက ယွဲ့လန်ဂိုဏ်းရဲ့ အဆင့်မြင့် အဖွဲ့ဝင်တစ်ယောက် ဖြစ်လာဖို့ သေချာသလောက်ပဲ၊ အနည်းဆုံးတော့ ဂိုဏ်းစီမံခန့်ခွဲသူတစ်ယောက်ပေါ့”

ဦးလေးစုန့်မှာ ဖုန်ချန်ယွီက ရွှီနင်အပေါ် ယခုလောက်အထိ မျှော်လင့်ချက် ထားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

အကယ်၍ ဖုန်ချန်ယွီတစ်ယောက် မိသားစုခေါင်းဆောင် ဖြစ်လာသည့်အချိန်တွင် ရွှီနင်ဟာ တကယ်ပဲ ယွဲ့လန်ဂိုဏ်း၏ ဂိုဏ်းစီမံခန့်ခွဲသူတစ်ယောက် ဖြစ်လာခဲ့ပါက ရွှီနင်၏ အာဏာနဲ့ ဖုန်ချန်ယွီဟာ မိသားစု မိသာစုအကြီးအကဲများဆီမှ အာဏာအားလုံးကို ပြန်လည် ရယူနိုင်ပေလိမ့်မည်။

“သတင်းကိုပဲ စောင့်ကြစို့၊ ကျွန်မအဖေကတော့ အခုအချိန်မှာ ဖုန်ဟောင့်ချီအပေါ် အတော်လေး စိတ်ပျက်နေမှာ သေချာတယ်”

ဖုန်ချန်ယွီဟာ ယုံကြည်မှု အပြည့်ဖြင့် “ဒီဆယ်ရက်အတွင်းမှာ အဖေက ကျွန်မကို မိသားစုခေါင်းဆောင်အဖြစ် ခန့်အပ်လိမ့်မယ်လို့ သေချာပေါက် ပြောရဲတယ်”

“ဂုဏ်ယူပါတယ် သခင်မလေး”

ဦးလေးစုန့်က ပြုံးလိုက်သည်။

အကယ်၍ ဖုန်ချန်ယွီသာ ဖုန်အိမ်တော်၏ ခေါင်းဆောင် ဖြစ်လာပါက သူသည်လည်း ခေါင်းဆောင်အသစ်၏ လက်ရုံးတစ်ယောက် ဖြစ်လာမှာ ဖြစ်သည်။

သူ့မိသားစု၏ အခြေခံနှင့် ခွန်အားများသည်လည်း သေချာပေါက် ပိုမို မြင့်မားသည့် အဆင့်တစ်ခုသို့ ရောက်ရှိသွားပေလိမ့်မည်။

ဖုန်ချန်ယွီသည်လည်း ထိုအရာကို ကြားလိုက်ရသည့်အခါ အလွန် ဝမ်းသာသွားသည်။

သူမဟာ အမျိုးသမီးတစ်ယောက်၏ ငယ်ရွယ်နုပျိုမှုကို စတေးခဲ့ရပြီး ဆယ်စုနှစ်တစ်ခုကျော် ကြိုးစားအားထုတ်ခဲ့ပြီးနောက် ရလဒ်ကောင်းများကို စတင် မြင်တွေ့နေရပြီ ဖြစ်သည်။

ဆယ်ရက် ကုန်ဆုံးသွားပြီးနောက်…

ဖုန်ချန်ယွီ မျှော်လင့်ထားသလိုပင် ဖုန်ချီကျီးဟာ လအနည်းငယ်အထိ စောင့်ဆိုင်းရန် စိတ်မရှည်တော့ပေ။ သူဟာ မိသားစု၏ အာဏာအားလုံးကို ဖုန်ချန်ယွီ၏ လက်ထဲသို့ အပ်နှံလိုက်ကြောင်း တိုက်ရိုက် ကြေညာလိုက်လေသည်။

ဤသို့ဖြင့် ဖုန်ချန်ယွီဟာ ဖုန်မိသားစု၏ အမျိုးသမီး မိသားစုခေါင်းဆောင်တစ်ယောက် ဖြစ်လာခဲ့တော့သည်။

နောက်ထပ် ဆယ်ရက်ကျော် ကြာပြီးနောက် ရွှီနင်နှင့် ဒေါ်လေးဝေ့တို့သည် မြို့သို့ ပြန်လည် ရောက်ရှိလာခဲ့ကြသည်။

ဖုန်ချန်ယွီသည် မိသားစုကိစ္စများကို စီမံပြီးနောက် ရွှီနင်ဆီသို့ ကိုယ်တိုင် သွားရောက်ခဲ့သည်။

သူမဟာ ရွှီနင်အား ယွဲ့လန်ဂိုဏ်းဆီ ထောက်ခံပေးမည့် ကတိကို တည်ရုံတင်မက ရွှီနင့်အတွက် လက်ဆောင်တစ်ခုကိုလည်း ပြင်ဆင်ထားခဲ့လေသည်။

All Chapters