← Chapters

လဲ့ချိုင်ဝေး၏ ဖိတ်ခေါ်မှု

Vol. 12 Ch. 120

လဲ့ချိုင်ဝေး၏ ဖိတ်ခေါ်မှု

Vol. 12 Ch. 120

အန္တရာယ်ကို အာရုံခံမိလိုက်ပြီးနောက် လဲ့ချိုင်ဝေးသည် အထူးသတိထားလိုက်သည်။

ရွှီနင် တိုက်ခိုက်ရန် ပြင်နေသည်ကို မြင်လိုက်ရသဖြင့် သူမလည်း ခုခံရန် အသင့်ပြင်လိုက်သည်။

ဝုန်း...

ရွှီနင်က နှစ်ဆလက်သီးဖြင့် ထိုးနှက်လိုက်သည်။

လဲ့ချိုင်ဝေးက လက်မောင်းကိုမြှောက်ကာ ကာကွယ်လိုက်လေသည်။

‘အားအင်က နှစ်ဆတောင်ပါလား’

လဲ့ချိုင်ဝေး မျက်လုံးအိမ် ကျဉ်းမြောင်းသွားသည်။ ‘သေချာတာပေါ့... သူက အရင်တုန်းက ငါ့ကို အလျှော့ပေးထားတာပဲ’

‘ဒါပေမဲ့ သူ့လက်သီးချက်တွေက ပိုပြင်းလာတာတစ်ခုတည်း မဟုတ်ဘူး... ဒါက...’

လဲ့ချိုင်ဝေး ပြန်လည်တိုက်ခိုက်ရန် ပြင်လိုက်ချိန်မှာပင် ရွှီနင်က နောက်ထပ် လက်သီးတစ်ချက်ကို ထပ်ထိုးလိုက်ပြန်သည်။

သူသည် အားအင်နှစ်ဆသုံးထားသော လက်သီးချက်များကို အသုံးပြုနေဆဲပင်။

လဲ့ချိုင်ဝေး မျက်မှောင်ကြုတ်လိုက်မိသည်။

‘သူ့ရဲ့ ပေါက်ကွဲထွက်လာတဲ့ အားအင်က ရုတ်တရက် နှစ်ဆတက်လာတယ်... ဒါပေမဲ့ ဘာလို့ ဒီလောက်မြန်နေသေးတာလဲ’

ရွှီနင်၏ လက်သီးထိုးနှက်နှုန်းက ရုတ်တရက် ထပ်မံ မြင့်တက်လာသည်။

အားအင်နှစ်ဆပါဝင်သော လက်သီးချက်များသည် လဲ့ချိုင်ဝေးကို မုန်တိုင်းကဲ့သို့ လွှမ်းခြုံထားလိုက်ရာ လဲ့ချိုင်ဝေးမှာ အသက်ရှူချိန်ပင် မရလိုက်ချေ။

‘နာလိုက်တာ...’

ထိုအရာသည် လဲ့ချိုင်ဝေး၏ လက်ရှိခံစားချက်ပင် ဖြစ်သည်။

သူမ၏ မျက်နှာနှင့် လက်မောင်းတို့သည် ပြင်းထန်သော အားအင်တစ်ခု၏ ရိုက်ခတ်မှုကို ခံနေရသည်။ ထိုနေရာများ ဖူးရောင်လာသည်ကို သူမ ခံစားလိုက်ရသည်။

လဲ့ချိုင်ဝေးက ပြန်လည်တိုက်ခိုက်ချင်သော်လည်း ရွှီနင်က တိုက်ခိုက်ခြင်းကို မရပ်တန့်ပေ။ သူမ ပြန်တိုက်ရန် ကြိုးစားလိုက်တိုင်း သူမ၏ ဟာကွက်များ ပေါ်လာတတ်သည်။

ရုတ်တရက် လဲ့ချိုင်ဝေး၏ လက်မောင်းသည် ဘေးသို့ ရောက်ရှိသွားသည်။

သူမ၏ ခံစစ်မှာ ပြိုပျက်သွားတော့သည်။

ရွှီနင်က ရှေ့သို့ လက်သီးဖြင့် ထိုးလိုက်သည်။

သူ့လက်သီးသည် လဲ့ချိုင်ဝေးနှင့် ထိလုနီးပါးအချိန်တွင် ရပ်တန့်သွားသည်။

လေပြင်းတစ်ချက် ဝှေ့ယမ်းသွားသဖြင့် လဲ့ချိုင်ဝေး၏ ရှုပ်ပွနေသော ဆံနွယ်များ လွင့်ပျံသွားလေသည်။

‘ဒီအတွင်းစည်းဂိုဏ်းသားက သိပ်သန်မာတာပဲ’

ဘေးမှ ကြည့်နေသော ဝဝကစ်ကစ် ကောင်မလေးမှာ အံ့သြနေမိသည်။

သူမ၏ အမြင်တွင် လဲ့ချိုင်ဝေးသည် ဟင်းလင်းပြင်နယ်ပယ်သို့ မရောက်ရှိသေးသူများထဲ၌ အသန်မာဆုံး အတွင်းစည်းဂိုဏ်းသားများထဲမှ တစ်ဦးဖြစ်သည်။

သို့သော် ဤအတွင်းစည်းဂိုဏ်းသားအသစ်ကမူ လဲ့ချိုင်ဝေးအား အလွယ်တကူ ကျော်ဖြတ်နိုင်ခဲ့သည်။

“နင့်ရဲ့ ဟင်းလင်းပြင်နယ်ပယ် လျှို့ဝှက်နည်းစနစ်က ဘယ်အဆင့်ရောက်နေတာလဲ”

လဲ့ချိုင်ဝေးက ဆံပင်များကို နားရွက်နောက်သို့ သပ်တင်လိုက်ပြီး ရွှီနင်ကို ကြည့်လိုက်သည်။

သူမသည် ဇဝေဇဝါဖြစ်နေသလို အံ့သြခြင်းလည်း ဖြစ်ရသည်။

“တတိယအဆင့်ပါ”

ရွှီနင်က အမှန်အတိုင်း ဖြေလိုက်သည်။

“တတိယအဆင့်...”

လဲ့ချိုင်ဝေး နှုတ်ခမ်းကို ကိုက်လိုက်ပြီး သူမမျက်လုံးထဲတွင် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

‘တော်တော် သန်မာတာပဲ...’

လဲ့ချိုင်ဝေး ခေတ္တမျှ ရပ်တန့်သွားသည်။ သူမ၏ စိတ်အခြေအနေကို ပြန်လည်ထိန်းညှိနေပုံ ရသည်။ “နင့်ရဲ့ အားအင်ကို လျှော့ထားသင့်တယ်... ဒါမှမဟုတ်ရင် ငါကာကွယ်နိုင်မှာ မဟုတ်ဘူး”

“ကောင်းပါပြီ”

ရွှီနင်သည် သူ့အလုပ်ရှင်၏ တောင်းဆိုချက်ကို သေချာပေါက် လိုက်လျောရမည်သာ။

“လက်သီးနည်းစနစ်ကို ဆက်လေ့ကျင့်ရအောင်... ဒီတစ်ခါတော့ ငါက တိုက်စစ်ဘက်ကနေမယ်”

လဲ့ချိုင်ဝေးက သူမ၏ လေ့ကျင့်ဖော်ကို ပြောလိုက်သည်။

“ရပါတယ်”

ရွှီနင်က ခံစစ်အနေအထား ပြင်လိုက်သည်။

အချိန်များ ကုန်ဆုံးသွားပြီး မကြာမီတွင် နှစ်နာရီခွဲခန့် ကြာမြင့်သွားခဲ့လေသည်။

ညနေစောင်းနေချေပြီ။

“ဒီနေ့တော့ ဒီလောက်ပါပဲ”

လဲ့ချိုင်ဝေး ရပ်တန့်လိုက်သည်။

လဲ့ချိုင်ဝေးမှာ ချွေးများ ရွှဲနစ်နေ၏။ သူမ၏ အဝတ်အစားများမှာ စိုရွှဲနေပြီး ဆံပင်များလည်း ကပ်နေလေသည်။

လေ့ကျင့်မှု အပြီးတွင် သူမ၏ အရှိန်အဝါများ ကစဉ့်ကလျား ဖြစ်နေသည်။ သူမ ပင်ပန်းနွမ်းနယ်နေကြောင်း သိသာလှ၏။

ရွှီနင်၏ အဝတ်အစားများမှာမူ သန့်ရှင်းနေဆဲဖြစ်ပြီး တည်ငြိမ်အေးဆေးနေသည်။ သူ့ကိုကြည့်ပြီး လဲ့ချိုင်ဝေးမှာ အနည်းငယ် စိတ်ပျက်အားငယ်သွားမိသည်။

“စွမ်းဆောင်ရည်အမှတ် ၁၀၀ သွားယူလိုက်”

လဲ့ချိုင်ဝေးက ဝဝကစ်ကစ် ကောင်မလေးကို ပြောလိုက်သည်။

မကြာမီတွင် ထိုကောင်မလေးသည် စွမ်းဆောင်ရည်အမှတ် ၁၀၀ တန်ဖိုးရှိသော စက္ကူလက်မှတ်တစ်ခုကို ယူဆောင်လာခဲ့သည်။

“ရွှီနင်ကို‌ ပေးလိုက်”

စက္ကူလက်မှတ်ကို ရွှီနင်ထံ ကမ်းပေးလိုက်သည်။

“ဒါက ဆယ်ရက်စာအတွက် ရှင့်လုပ်အားခပဲ”

လဲ့ချိုင်ဝေးက ပြောလိုက်သည်။ “မနက်ဖြန် စောစောလာဖို့ မမေ့နဲ့”

“ဟုတ်ကဲ့ပါ”

ရွှီနင်သည် စွမ်းဆောင်ရည်အမှတ် ၁၀၀ တန်ဖိုးရှိသော လက်မှတ်ကို ကြည့်ရင်း ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

ရက်ရောသော အလုပ်ရှင်နှင့် လက်တွဲရသည်မှာ စိတ်ကြည်နူးစရာပင်။

“ဒါဆို ကျွန်တော် သွားတော့မယ်”

ရွှီနင်သည် လက်မှတ်ကို သိမ်းလိုက်ပြီး ထွက်ခွာရန် ပြင်လိုက်သည်။

“နေဦး” လဲ့ချိုင်ဝေးက ရွှီနင်ကို လှမ်းတားလိုက်သည်။ “ငါ နင့်ကို အရင်က ဒီနားတဝိုက်မှာ မတွေ့ဖူးပါဘူး”

“ကျွန်တော် ဒီနေ့မှ အတွင်းဂိုဏ်းထဲကို ရောက်တာပါ”

ရွှီနင်က ရှင်းပြလိုက်သည်။

“နင်က ဒီနေ့မှ အတွင်းဂိုဏ်းသား ဖြစ်တာလား”

လဲ့ချိုင်ဝေးမှာ သိသိသာသာ အံ့သြသွားသည်။

သူမ မျက်လုံးများ ကျဉ်းမြောင်းသွားလေသည်။ သူမက မမေးမီ စဉ်းစားလိုက်ပြီး “နင် လက်သီးခုနစ်ဖော်အဖွဲ့ထဲ ဝင်ချင်လား” ဟု မေးလိုက်သည်။

“လက်သီးခုနစ်ဖော်အဖွဲ့လား”

ရွှီနင် နားမလည် ဖြစ်သွားသည်။ “ဘာကို ဆိုလိုတာလဲ”

လဲ့ချိုင်ဝေးက အမှန်အတိုင်း ရှင်းပြလေသည်။ “လက်သီးခုနစ်ဖော်အဖွဲ့ဆိုတာ အတွင်းဂိုဏ်းထဲက အဖွဲ့အစည်းတစ်ခုပဲ”

“အတွင်းဂိုဏ်းရဲ့ ပတ်ဝန်းကျင်အခြေအနေက အတော်လေး သက်တောင့်သက်သာ ရှိပေမဲ့ ဒီအချက်ကြောင့်ပဲ တစ်ဦးချင်းအနေနဲ့ ယှဉ်ပြိုင်ဖို့ ခက်ခဲစေတယ်။ အဲဒီလို တစ်ဦးချင်း အားနည်းချက်တွေကို ဖြည့်ဆည်းဖို့အတွက် တချို့သော စွမ်းအားကြီး အတွင်းဂိုဏ်းသားတွေက ကိုယ်ပိုင် အင်အားစုငယ်လေးတွေ ဖွဲ့စည်းထားကြတယ်”

“လက်သီးခုနစ်ဖော်အဖွဲ့ကို ဂိုဏ်းတူအစ်ကိုကြီး ရှောင်းချီယွင်က တည်ထောင်ထားတာ ဖြစ်ပြီး သူက ဟင်းလင်းပြင်နယ်ပယ် တတိယအဆင့်ကို ရောက်နေပြီ”

လဲ့ချိုင်ဝေးက ဆက်ပြောသည်။ “လက်သီးခုနစ်ဖော်အဖွဲ့ထဲ ဝင်လိုက်တာနဲ့ နင်က ငါတို့ဆီကနေ အကူအညီတွေ ရလိမ့်မယ်။ တားမြစ်ထားတဲ့ အပြုအမူတွေကလွဲရင် လူတိုင်းက အချင်းချင်း ကူညီကြတယ်”

ရွှီနင် နားထောင်ပြီး စဉ်းစားလိုက်သည်။

သို့သော် ရွှီနင်က ချက်ချင်း လက်မခံလိုက်ပေ။

သူတို့နှင့် ပူးပေါင်းလိုက်လျှင် အဆင်ပြေနိုင်သော်လည်း သဘာဝကျကျပင် ကန့်သတ်ချက်များလည်း ရှိလာပေလိမ့်မည်။

မဝင်မီ သတင်းအချက်အလက် ပိုမိုစုဆောင်းရပေဦးမည်။

“ဖိတ်ခေါ်တဲ့အတွက် ကျေးဇူးပါ အစ်မလဲ့... ဒါပေမဲ့ ကျွန်တော် အရင်ဆုံး စဉ်းစားပါရစေဦး”

ရွှီနင် ငြင်းပယ်လိုက်သည်။

“ကောင်းပြီလေ... နင် စဉ်းစားကြည့်ပါဦး”

လဲ့ချိုင်ဝေးက သူ့ကို အတင်းအကြပ် မတိုက်တွန်းပေ။

ထို့နောက် ရွှီနင် နှုတ်ဆက်ကာ နွေဦးလခြံဝင်းထဲမှ ထွက်ခွာလာခဲ့သည်။

“အစ်မချိုင်ဝေး... အစ်မက ဒီလေ့ကျင့်ရေးဖော်ကို တော်တော် ကျေနပ်နေပုံရတယ်”

ဝဝကစ်ကစ် ကောင်မလေးသည် ရေနွေးစိမ်ထားသော တဘက်စိုကို ယူလာပြီး လဲ့ချိုင်ဝေး၏ ပါးပြင်များကို ညင်သာစွာ သုတ်ပေးလိုက်သည်။

“ငါ အရမ်း ကျေနပ်တယ်”

လဲ့ချိုင်ဝေး ခေါင်းညိတ်လိုက်သည်။ “ရွှီနင်ရဲ့ ဟင်းလင်းပြင်နယ်ပယ် လက်သီးနည်းစနစ်က တော်တော် ပါးနပ်တယ်။ တိုက်စစ်ပဲဖြစ်ဖြစ် ခံစစ်ပဲဖြစ်ဖြစ် သူက နှစ်မျိုးစလုံးမှာ ထူးချွန်တယ်။ ငါ ဘယ်လိုပဲ လေ့ကျင့်ချင်နေပါစေ သူက ငါ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တယ်”

“ဒီလို လေ့ကျင့်ဖော်ကောင်း ရဖို့က ခက်တယ်။ တစ်ရက်ကို စွမ်းဆောင်ရည်အမှတ် ၁၀ မှတ် ပေးရတာ တကယ်တန်လွန်းတယ်”

“သူ လက်သီးခုနစ်ဖော်အဖွဲ့ထဲ ဝင်မယ်လို့ အစ်မ ထင်လား”

ထိုကောင်မလေးက မေးလိုက်သည်။

“ငါ မသေချာဘူး”

လဲ့ချိုင်ဝေး ခေါင်းခါလိုက်သည်။ “သာမန်ဂိုဏ်းသားတစ်ယောက်ဆိုရင်တော့ လက်သီးခုနစ်ဖော်အဖွဲ့ထဲကို ချက်ချင်း ဝင်မှာပဲ။ ဒါပေမဲ့ သူကတော့ အကျိုးအမြတ်တွေက ဆွဲဆောင်နိုင်မှပဲ ဝင်မယ့်ပုံပဲ”

“သူလိုလူမျိုးတွေက အတွင်းဂိုဏ်းအဖွဲ့အစည်းထဲ မဝင်ရင်တောင်မှ အတွင်းဂိုဏ်းမှာ ထင်ပေါ်ကျော်ကြားလာပြီး နာမည်ရလာဦးမှာ”

“ဒါပေမဲ့...”

လဲ့ချိုင်ဝေး စကားရပ်လိုက်သည်။ “ငါ သူ့ကို ရအောင် ခေါ်ရဦးမယ်... လက်ရှိမှာ ငါက လက်သီးခုနစ်ဖော်အဖွဲ့ကို တက်တက်ကြွကြွ ကူညီပေးနေတာ မဟုတ်ဘူးလေ”

“အရင်တုန်းက ကောယွဲ့ချွင်နဲ့ ငါက ခွန်အားချင်း ယှဉ်နိုင်ခဲ့ပေမဲ့ ဒီရက်ပိုင်း သူက ဟင်းလင်းပြင်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ပြီဆိုတော့ ငါ့ကို လက်သီးခုနစ်ဖော်အဖွဲ့ထဲကနေ စပြီး ဖယ်ထုတ်ချင်နေတာ”

လဲ့ချိုင်ဝေး၏ မျက်နှာထား အနည်းငယ် အေးစက်သွားသည်။ “ငါသာ ငါ့နေရာကို ဆက်ထိန်းထားချင်ရင် ငါ့ကို ကူညီမဲ့သူကို ရှာရမယ်၊ ရွှီနင်က အကောင်းဆုံး ရွေးချယ်မှုပဲ။ သူက သန်မာရုံတင်မကဘူး ငယ်ရွယ်ပြီး ပါရမီလည်းရှိတယ်။ နှစ်အနည်းငယ်အတွင်း သူက ဟင်းလင်းပြင်နယ်ပယ်ကို ရောက်လာလိမ့်မယ်။ အဲဒီအချိန်ကျရင် ငါလည်း ဟင်းလင်းပြင်နယ်ပယ်ကို ရောက်နေမှာ သေချာတယ်။ တကယ်လို့ ရွှီနင်သာ ငါ့ကို ကူညီပေးမယ်ဆိုရင် လက်သီးခုနစ်ဖော်အဖွဲ့ရဲ့ ခေါင်းဆောင်နေရာအတွက် ယှဉ်ပြိုင်ဖို့ ငါ အရည်အချင်း ပြည့်မီသွားလိမ့်မယ်”

ဝဝကစ်ကစ် ကောင်မလေးက နားထောင်ရင်း ခေါင်းကုတ်လိုက်သည်။ “ရှုပ်ထွေးလိုက်တာ”

…

ရွှီနင် အခန်းမပြန်မီ အစာအနည်းငယ် စားလိုက်သည်။

စွမ်းဆောင်ရည်အမှတ် ၁၀၀ တန်ဖိုးရှိသော လက်မှတ်ကို ကြည့်ရင်း ရွှီနင်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

“ရွှီနင်... မင်း ပြန်ရောက်လာပြီပဲ”

ကုချင်းဟယ်က ရွှီနင်၏ တံခါးကို တွန်းဖွင့်လိုက်သည်။

သူ့အခန်းက ရွှီနင်၏ဘေးတွင် ရှိသည်။

“ဒီနေ့ နေ့လယ်က မင်း ဘာလုပ်နေတာလဲ။ ငါ မင်းကို မတွေ့မိပါလား”

ကုချင်းဟယ် ဝင်လာသည်။ “ငါ မင်းနဲ့အတူ တာဝန်ခန်းမကို သွားပြီး တာဝန်တွေ ကြည့်ချင်လို့”

“ငါ တာဝန်ခန်းမကို သွားခဲ့ပြီးပြီ”

ရွှီနင်က ပြောလိုက်သည်။ “ငါ တာဝန်တစ်ခုကို လက်ခံခဲ့ပြီးပြီ... လုပ်ခတောင် ရပြီးပြီ”

ရွှီနင်က စွမ်းဆောင်ရည်အမှတ် ၁၀၀ တန်ဖိုးရှိသော လက်မှတ်ကို ဝှေ့ယမ်းပြလိုက်သည်။

“ဘာ...”

ကုချင်းဟယ်က ရွှီနင့်လက်ထဲမှ စက္ကူလက်မှတ်ကို အမြန်ဆွဲယူပြီး သေချာကြည့်လိုက်သည်။

“နေ့လယ်ခင်းလေး တစ်ပိုင်းတည်းနဲ့ စွမ်းဆောင်ရည်အမှတ် ၁၀၀ ရတဲ့ တာဝန်က ဘာများလဲကွ”

ကုချင်းဟယ်က လက်မှတ်ကို ရွှီနင်အား ပြန်ပေးရင်း အလျင်အမြန် မေးလိုက်သည်။

“လေ့ကျင့်ဖော် လုပ်ပေးတာလေ”

ရွှီနင်က ရှင်းပြသည်။ “ငါက ဂိုဏ်းတူအစ်မကြီးတစ်ယောက်ရဲ့ ဟင်းလင်းပြင်နယ်ပယ် လျှို့ဝှက်နည်းစနစ် လေ့ကျင့်ရာမှာ ကူညီပေးတာ။ တစ်ရက်ကို စွမ်းဆောင်ရည်အမှတ် ၁၀ ရတယ်။ ဒါက ဆယ်ရက်စာအတွက် ကြိုပေးထားတာ”

ကုချင်းဟယ် ကြားသောအခါ အနည်းငယ် အားကျသွားသည်။ “မနက်ဖြန်ကျရင် ငါလည်း တာဝန်ခန်းမကို သွားပြီး တာဝန်တစ်ခု လက်ခံရမယ်”

“မင်းကရော ဒီနေ့လယ် ဘာလုပ်နေတာလဲ”

ရွှီနင်က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

“မင်း မရှိတဲ့အချိန် ငါ တစ်ယောက်တည်း လျှောက်သွားရင်း လူတချို့နဲ့ မိတ်ဆက်ပြီး အတွင်းစည်းဂိုဏ်းအကြောင်း စုံစမ်းနေတာ”

ကုချင်းဟယ်က ပြန်ဖြေသည်။

“အတွင်းစည်းဂိုဏ်းအကြောင်း စုံစမ်းနေတာလား...”

ရွှီနင် ကြားလိုက်ရသဖြင့် မေးလိုက်သည်။ “မင်း လက်သီးခုနစ်ဖော်အဖွဲ့အကြောင်း သိလား”

“လက်သီးခုနစ်ဖော်အဖွဲ့လား”

ကုချင်းဟယ်က ပြန်ဖြေသည်။ “သိတာပေါ့... လက်သီးခုနစ်ဖော်အဖွဲ့က အတွင်းစည်းဂိုဏ်းထဲက အကြီးဆုံး အဖွဲ့အစည်းတွေထဲက တစ်ခုလေ။ သူတို့က အတွင်းစည်းဂိုဏ်း အမှုဆောင်တွေရဲ့ ဆုံးဖြတ်ချက်တွေကိုတောင် လွှမ်းမိုးနိုင်တယ်”

“ငါသိသလောက်တော့ ဂိုဏ်းသားအသစ်အများစုက အဲဒီအဖွဲ့အစည်းတွေထဲ ဝင်ချင်ကြပေမဲ့ ဝင်ခွင့်မရကြဘူး။ ဘာလို့ မေးတာလဲ။ မင်း လက်သီးခုနစ်ဖော်အဖွဲ့ထဲ ဝင်ချင်လို့လား”

ကုချင်းဟယ်က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

“ငါနဲ့အတူ လေ့ကျင့်တဲ့ ဂိုဏ်းတူအစ်မကြီးက ငါ့ကို လက်သီးခုနစ်ဖော်အဖွဲ့ထဲ ဝင်စေချင်နေတာ”

ရွှီနင်က ပြန်ဖြေလိုက်သည်။ “ဒါပေမဲ့ ငါ ချက်ချင်း လက်မခံလိုက်ဘူး”

ကုချင်းဟယ် မျက်မှောင်ကြုတ်သွားပြီး ပြောလိုက်သည်။ “မင်း ဒီအခွင့်အရေးကို တန်ဖိုးမထားဘူးလား”

“ငါ ကြားတာတော့ လက်သီးခုနစ်ဖော်အဖွဲ့ထဲ ဝင်တာနဲ့ အတွင်းစည်းဂိုဏ်းသားတွေရတဲ့ ရင်းမြစ်သန့်စင်ဆေးပြားအပြင် အဖွဲ့ကနေ နောက်ထပ် ရင်းမြစ်သန့်စင်ဆေးပြား တစ်ပြား အပိုပေးတယ်တဲ့”

ကုချင်းဟယ်က ဆက်ပြောသည်။ “ဒါ့အပြင် အတွင်းပိုင်းတာဝန်တွေကို ပြီးမြောက်အောင် လုပ်နိုင်ရင် ထပ်ဆောင်းဆုလာဘ်တွေ ရှိသေးတယ်။ အဲဒီတာဝန်တွေရဲ့ ဆုလာဘ်တွေက အရမ်းရက်ရောတယ်လို့ ကြားတယ်”

“နောက်ပြီး မင်းကို တခြားလူတွေ ဒါမှမဟုတ် တခြားအဖွဲ့အစည်းတွေက တိုက်ခိုက်လာရင် လက်သီးခုနစ်ဖော်အဖွဲ့က ဦးဆောင်ပြီး မင်းကို ကူညီပေးလိမ့်မယ်။ လက်သီးခုနစ်ဖော်အဖွဲ့ရဲ့ ခေါင်းဆောင် ရှောင်းချီယွင်က ခေါင်းဆောင်ကောင်းတစ်ယောက်လို့ ပြောကြတယ်”

“ဪ... အဲဒီလိုကိုး”

ကုချင်းဟယ် ပြောတာကို ကြားပြီးနောက် ရွှီနင် အနည်းငယ် စိတ်ဝင်စားသွားသည်။

မနက်ဖြန် လဲ့ချိုင်ဝေးနှင့် တွေ့သည့်အခါ အသေးစိတ် မေးကြည့်ရမည်။

အကယ်၍ အကျိုးခံစားခွင့်များက လုံလောက်စွာ ဆွဲဆောင်နိုင်လျှင် သူ ဖိတ်ကြားမှုကို လက်ခံလိုက်မည်။

သို့သော် အားစိုက်ထုတ်ရမှု အလွန်များပြားနေလျှင်မူ လက်ခံမည် မဟုတ်ပေ။

…

နောက်တစ်နေ့…

သဘောတူညီချက်အရ ရွှီနင်သည် လေ့ကျင့်ရန်အတွက် နွေဦးလခြံဝင်းသို့ သွားရောက်ခဲ့သည်။

မနေ့ကလိုပင် သူသည် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သည်။

မွန်းတည့်ချိန်တွင် လဲ့ချိုင်ဝေးက ရုတ်တရက် လက်ကာပြလိုက်သည်။

“တော်ပြီ... ဒီနေ့တော့ ဒီလောက်ပဲ”

ရွှီနင်သည် အနည်းငယ် ပင်ပန်းနေပုံရသော လဲ့ချိုင်ဝေးကို ကြည့်လိုက်သည်။ “နေ့လယ်ပိုင်း မလေ့ကျင့်တော့ဘူးလား”

“တော်ပြီ”

လဲ့ချိုင်ဝေးက ပြောလိုက်သည်။ “ဒီနေ့လယ် ငါလုပ်စရာ ကိစ္စတချို့ ရှိသေးတယ်... ပြီးတော့...”

လဲ့ချိုင်ဝေး သူမ၏ အင်္ကျီလက်စကို ပင့်တင်လိုက်သည်။

သူမ၏ လက်မောင်းနှစ်ဖက်နှင့် လက်သီးများသည် လုံးဝ ရဲရဲတောက်ကာ ရောင်ရမ်းနေလေသည်။

မနေ့ကလည်း ဤသို့ဖြစ်ခဲ့သည်။ လဲ့ချိုင်ဝေးမှာ နာကျင်မှုကို သက်သာစေရန် ရေထဲတွင်ပင် လက်စိမ်ခဲ့ရသည်။

ယခု တစ်ရက်အကြာတွင် နောက်ထပ် ပြင်းထန်သော လေ့ကျင့်မှုများ ပြုလုပ်ပြီးနောက် သူမလက်မောင်းမှ ဒဏ်ရာများမှာ ပိုဆိုးလာခဲ့သည်။

ရွှီနင်ကမူ လုံးဝ မပင်ပန်းပေ။

သူ ဒဏ်ရာအချို့ ရရှိခဲ့သော်လည်း သူ၏ အရိုးမီးလျှံသမထကျင့်စဉ်က ထိုဒဏ်ရာများကို ခဏလေးအတွင်း ကုသပေးလိုက်သည်။

“နောက်တစ်ခါကျရင် ကျွန်တော် လျှော့ပြီး လုပ်ပါ့မယ်”

ရွှီနင် ပြောလိုက်သည်။

“မလိုပါဘူး... ဒီလိုလုပ်တာ ပိုကောင်းတယ်”

လဲ့ချိုင်ဝေး ပြန်ဖြေလိုက်သည်။

လဲ့ချိုင်ဝေးသည် ရွှီနင်နှင့် တစ်ရက်သာ လေ့ကျင့်ရသေးသော်လည်း သူမ၏ လက်သီးနည်းစနစ် တိုးတက်လာကြောင်း ယုံကြည်နေသည်။

ဤနည်းအတိုင်း တစ်လလောက် လေ့ကျင့်လိုက်လျှင် သူမ၏ ဟင်းလင်းပြင်နယ်ပယ် လျှို့ဝှက်နည်းစနစ် ဒုတိယအဆင့်သို့ တက်လှမ်းနိုင်မည်ဟု လဲ့ချိုင်ဝေး ခံစားမိသည်။

“အစ်မလဲ့... လက်သီးခုနစ်ဖော်အဖွဲ့အကြောင်း မေးစရာတချို့ ရှိလို့ပါ”

ရွှီနင် ပြောလိုက်သည်။

ရွှီနင် ပြောလိုက်သည်ကို ကြားသောအခါ လဲ့ချိုင်ဝေး၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

မနေ့က ရွှီနင် ပြန်သွားပြီးနောက် လက်သီးခုနစ်ဖော်အဖွဲ့အကြောင်း စုံစမ်းခဲ့သည်ဟု သူမ ခန့်မှန်းလိုက်သည်။

“မေးလေ”

“ကျွန်တော်သာ လက်သီးခုနစ်ဖော်အဖွဲ့ထဲ ဝင်လိုက်ရင် ဘာတွေရမှာလဲ... ပြီးတော့ ဘာတွေ လုပ်ပေးရမှာလဲ”

ရွှီနင်၏ မေးခွန်းက အလွန်တည့်တိုးကျလှသည်။

“နင် လက်သီးခုနစ်ဖော်အဖွဲ့ထဲ ဝင်လိုက်တာနဲ့ လစဉ်လတိုင်း အတွင်းဂိုဏ်းသားတွေရတဲ့ ရင်းမြစ်သန့်စင်ဆေးပြား တစ်ပြားအပြင် ငါတို့ဆီကနေလည်း အပို ရင်းမြစ်သန့်စင်ဆေးပြား တစ်ပြား ထပ်ရလိမ့်မယ်”

“ဒါ့အပြင် အတွင်းစည်းဂိုဏ်းထဲမှာ ပြဿနာကြုံလာရင် လက်သီးခုနစ်ဖော်အဖွဲ့က ဦးဆောင်ပြီး ဖြေရှင်းပေးလိမ့်မယ်”

လဲ့ချိုင်ဝေး၏ စကားများက မနေ့က ကုချင်းဟယ် ပြောပြသည်များနှင့် ဆင်တူနေသည်။

ရွှီနင် စိတ်ဝင်စားပုံ မရသည်ကို မြင်သောအခါ လဲ့ချိုင်ဝေးက ဆက်ပြောသည်။ “ဒါ့အပြင် သေးငယ်တဲ့ အကျိုးခံစားခွင့်တချို့လည်း ရှိသေးတယ်။ ဥပမာ - လက်သီးခုနစ်ဖော်အဖွဲ့ထဲမှာ ရင်းမြစ်သန့်စင်ဆေးပြားနဲ့ စွမ်းဆောင်ရည်အမှတ်တွေကို အပြန်အလှန် လဲလှယ်လို့ရတယ်။ တာဝန်တွေ ရယူတဲ့နေရာမှာလည်း လက်သီးခုနစ်ဖော်အဖွဲ့က အခြားသူတွေ မရနိုင်တဲ့ တန်ဖိုးရှိတဲ့ တာဝန်တွေကို ရရှိတတ်တယ်။ အဲဒီတာဝန်တွေကို ငါတို့ အဖွဲ့အတွင်းမှာ တိုက်ရိုက် ချပေးလေ့ရှိတယ်”

“ပြီးတော့ နင်လုပ်ရမှာက လတိုင်း အဖွဲ့အတွင်းတာဝန်တစ်ခုကို ပြီးမြောက်အောင် လုပ်ဖို့ပဲ... အဲဒီအတွက်လည်း ဆုလာဘ်ရမှာပါ”

လဲ့ချိုင်ဝေးက ပြောလိုက်သည်။

“အင်း...”

ရွှီနင်မှာ သိပ်ပြီး စိတ်လှုပ်ရှားပုံ မရသေးပေ။

လက်ရှိ အကျိုးခံစားခွင့်များကို ကြည့်ရသလောက် လက်သီးခုနစ်ဖော်အဖွဲ့ထဲ ဝင်ခြင်းမှရမည့် အမြတ်အစွန်းမှာ သိပ်ပြီး ထူးခြားပုံမရပေ။

ရင်းမြစ်သန့်စင်ဆေးပြား တစ်ပြားပိုရမည့်အပြင် တန်ဖိုးရှိသော တာဝန်များ ပိုရနိုင်သည်ဆိုသော အချက်ကတော့ ရွှီနင်ကို အနည်းငယ် ဆွဲဆောင်နေသည်။

ရွှီနင် တွေဝေနေသည်ကို မြင်ပြီးနောက် လဲ့ချိုင်ဝေး စဉ်းစားလိုက်ပြီး ပြောလိုက်သည်။ “ဒါက စတင်ဝင်ရောက်သူတွေအတွက်ပဲ ရှိသေးတာလေ။ လက်သီးခုနစ်ဖော်အဖွဲ့ထဲမှာ အတွင်းပိုင်း အဆင့်တွေ ရှိ‌သေးတယ်။ အဆင့်မြင့်လာရင် ရင်းမြစ်သန့်စင်ဆေးပြား ပိုရနိုင်သလို လွတ်လပ်ခွင့်လည်း ပိုရှိတယ်”

“ဥပမာအားဖြင့်...”

ရွှီနင် မေးလိုက်သည်။

“နင့်ရဲ့ ခွန်အားရယ်၊ ငါ့ရဲ့ အကူအညီရယ် ပေါင်းလိုက်ရင် နင် အဆင့်သုံးကို တန်းရောက်နိုင်တယ်။ အဆင့်သုံးမှာဆိုရင် လတိုင်း ရင်းမြစ်သန့်စင်ဆေးပြား သုံးပြား ရလိမ့်မယ်”

“နောက်ပြီး နင့်ရဲ့ လွတ်လပ်ခွင့်လည်း တိုးလာမယ်။ အဲဒီအချိန်ကျရင် အဖွဲ့အတွင်းတာဝန်တွေကို သုံးလမှ တစ်ကြိမ်ပဲ လုပ်ရင်ရပြီ။ ဒါပေမဲ့ တာဝန်ရဲ့ အခက်အခဲကတော့ နည်းနည်း ပိုမြင့်လာမှာပေါ့”

လဲ့ချိုင်ဝေး၏ ကမ်းလှမ်းချက်များက နောက်ဆုံးတွင် ရွှီနင်ကို ကျေနပ်သွားစေခဲ့သည်။

လတိုင်း ရင်းမြစ်သန့်စင်ဆေးပြား သုံးပြား အပိုရခြင်းသည် စွမ်းအင် ၃၀၀ ယူနစ်နှင့် ညီမျှပေသည်။

“အဲဒီလိုဆိုရင်တော့ ကျွန်တော် လက်သီးခုနစ်ဖော်အဖွဲ့ထဲ ဝင်ပါ့မယ်”

စဉ်းစားပြီးနောက် ရွှီနင် ဆုံးဖြတ်ချက် ချလိုက်သည်။

“ကောင်းပြီ”

လဲ့ချိုင်ဝေး ပြုံးလိုက်သည်။

‘ငါ ရွှီနင်ကို လက်သီးခုနစ်ဖော်အဖွဲ့နဲ့ မိတ်ဆက်ပေးလိုက်နိုင်ပြီ’

‘အနာဂတ်မှာ ရွှီနင်နဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်သရွေ့ ငါသူနဲ့ သေချာပေါက် မိတ်ဆွေဖြစ်လာမှာပဲ’

“ဒီနေ့လယ် ငါ လက်သီးခုနစ်ဖော်အဖွဲ့ရဲ့ အစည်းအဝေးကို တက်ရမယ်”

လဲ့ချိုင်ဝေးက ရှင်းပြသည်။ “နင်ပါ လိုက်ခဲ့ဖို့ ငါ အကြံပြုချင်တယ်”

“ဒါနဲ့... နင် အဆင့်မြင့်ချင်တယ်ဆို နေ့လယ်ကျရင် နင့်ရဲ့ အကောင်းဆုံးစွမ်းရည်ကို ထုတ်ပြဖို့ မမေ့နဲ့ဦး”

လဲ့ချိုင်ဝေးသည် သူမ ခေါ်ယူထားသော လူသစ်အား ထိုလူများမြင်စေရန် မစောင့်နိုင်တော့သလို ဖြစ်နေလေသည်။

All Chapters