ဒါက ချူတျဲယီရဲ့ ဆရာသခင်လေ၊ ယောက်ျားက လက်ရဲဇက်ရဲ နိုင်လှချည်လား(၁)။
Vol. 49 Ch. 536
ဒေါင်...
ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးများ နေရာယူပြီးနောက် ခန်းမဆောင်ကြီးထဲမှ သာယာနာပျော်ဖွယ် ခေါင်းလောင်းသံတစ်ချက် ထွက်ပေါ်လာလေသည်။
ချက်ချင်းပင် ခန်းမဆောင်ကြီးမှာ တံခါးပိတ်သွားပြီး အကာအရံအတားအဆီးများ ပွင့်လာကာ ပြင်ပနှင့် အဆက်အသွယ် ဖြတ်တောက်လိုက်တော့သည်။
မည်သည့်ကျင့်ကြံသူမျှ အပြင်မှ ဝင်ရောက်လာနိုင်ခြင်း မရှိတော့ပေ။ ပြင်ပမှ သက်ရှိများလည်း အတွင်းထဲတွင် ဘာဖြစ်ပျက်နေသည်ကို မသိရှိနိုင်ကြချေ။
ဤသည်မှာ သတင်းပေါက်ကြားမှုကို တားဆီးရန်အတွက် ဖြစ်ပေသည်။
"ဒီအစည်းအဝေးကို တက်ရောက်လာကြတဲ့ ရောင်းရင်းတွေကို ကျေးဇူးတင်ပါတယ်…"
"ပိုနေမြဲကျားနေမြဲ စကားတွေကို ကျုပ် ထပ်မပြောတော့ဘူး…"
"ဒီအစည်းအဝေးရဲ့ ရည်ရွယ်ချက်က ကျောင်းလုံမြို့တော်ကို တိုက်ခိုက်ပြီး 'ရှေးဟောင်းမိစ္ဆာ အသွင်ပြောင်းအစီအရင်' ကို ဖျက်ဆီးဖို့ပါပဲ…"
"အမှန်တရားလမ်းစဉ်ပဲဖြစ်ဖြစ်၊ မိစ္ဆာလမ်းစဉ်ပဲဖြစ်ဖြစ် မိစ္ဆာမျိုးနွယ်စုတွေက ကျုပ်တို့ရဲ့ ဘုံရန်သူဆိုတာ ရောင်းရင်းတို့ သိကြမှာပါ…"
"တကယ်လို့ မိစ္ဆာမျိုးနွယ်စုသာ အောင်မြင်သွားမယ်ဆိုရင် ကျုပ်တို့ ဘယ်မှာပဲ ပုန်းနေနေ သေလမ်းတစ်ခုပဲ ရှိတော့မယ်…"
"မြန်တာနဲ့ နှေးတာပဲ ကွာခြားပါလိမ့်မယ်…"
ချုံးရွှီတာအိုအရှင်က အသံနက်ကြီးဖြင့် ပြောလိုက်ပြီး အစည်းအဝေးကျင်းပရခြင်း ရည်ရွယ်ချက်ကို တဲ့တိုးပင် ပြောကြားလိုက်သည်။
ဤအချက်ကို ဝိညာဉ်သန္ဓေသား ကျင့်ကြံသူတိုင်း သိရှိကြပေသည်။
"ချုံးရွှီတစ္ဆေအိုကြီး... စကားရှည်မနေပါနဲ့…"
"ကျောင်းလုံမြို့တော်က မင်ကွမ်းကျွန်းမှာ တည်ရှိတယ်လို့ ငါ ကြားထားတယ်…"
"အဲဒီကျွန်းက မူလက စတုတ္ထအဆင့် ကျွန်းတစ်ကျွန်းပဲ… ဒါပေမဲ့ ကမ္ဘာပေါင်းစည်းမှု ဖြစ်စဉ်ကြောင့် ပဉ္စမအဆင့် ကျွန်းအဖြစ် အဆင့်တက်သွားပြီး ပဉ္စမအဆင့် ဝိညာဉ်သွေးကြော မွေးဖွားလာခဲ့တယ်…"
"အခုဆိုရင် အဲဒီကျွန်းက မိစ္ဆာမျိုးနွယ်စုရဲ့ ဌာနချုပ် ဖြစ်နေပြီးတော့… သံတံတိုင်းလို ခိုင်မာအောင် တည်ဆောက်ထားကြတယ်…"
"အဲဒီအပေါ်မှာ 'ထျန်းယောင် နတ်ဘုရားသတ် အစီအရင်' ဆိုတဲ့ ပဉ္စမအဆင့် အောက်ခြေအဆင့် အစီအရင်ကြီးတစ်ခုတောင် ရှိနေတယ်…"
"ငါတို့သာ ဇွတ်တိုးဝင်တိုက်မယ်ဆိုရင် အကျအဆုံး များလိမ့်မယ်…"
“စိတ်တော့မရှိနဲ့... တကယ်လို့ နိုင်နိုင်ခြေမရှိရင် ငါတို့က ကိုယ့်သေတွင်း ကိုယ်တူးမှာ မဟုတ်ဘူး…"
ရွှမ်ယင်ဂိုဏ်းမှ စိတ်ခံစားမှုခုနစ်ပါး မိစ္ဆာဘုရင်က အေးစက်စွာ ပြောလိုက်ပြီး ပထမဆုံး ကန့်ကွက်လိုက်လေသည်။
သူတို့ကဲ့သို့သော မိစ္ဆာလမ်းစဉ် ကျင့်ကြံသူများအတွက် လူသားမျိုးနွယ်စု၏ ဂုဏ်သိက္ခာ၊ အကျိုးစီးပွားများကို နားမလည်ကြသလို ဂရုလည်း မစိုက်ကြချေ။
တစ်ယောက်စီတိုင်းသည် ကိုယ်ကျိုးကြည့်သူများသာ ဖြစ်ကြသည်။
အကယ်၍ မနိုင်နိုင်ပါက သူတို့၏ အသက်ကို စွန့်လွှတ်မည် မဟုတ်ပေ။
ချန်လန်ပင်လယ်ဒေသကို စွန့်လွှတ်လိုက်ရလျှင်လည်း ဘာဖြစ်သနည်း။ ကျင့်ကြံခြင်းလောကကြီးက ကျယ်ဝန်းလှရာ အခြားနေရာသို့ ပြောင်းရွှေ့နေထိုင်၍ ရသည်ပင်။
မိုးပြိုရင် ရှေ့မှခံသူ ရှိစမြဲ မဟုတ်လော။
သူတို့ မနိုင်လျှင် အခြားတိုက်ကြီးများသို့ သွားရောက်နိုင်ပြီး၊ ထိုနေရာမှ နတ်ဘုရားအသွင်ပြောင်းအဆင့် မဟာဆရာသခင်များကို ဖြေရှင်းခိုင်းလိုက်ရုံသာ ရှိသည်။
ထို့ကြောင့် စစ်ပွဲနိုင်နိုင်ခြေကို မမြင်ရပါက၊ သူတို့သည် အမှန်တရားလမ်းစဉ် ဂိုဏ်းများနှင့်အတူ လိုက်ပါပြီး အသေခံမည် မဟုတ်ပေ။
"ရောင်းရင်း ခုနစ်ပါးက ကျောင်းလုံမြို့တော်အကြောင်း တော်တော်လေး သိထားပုံပဲ…"
"ရောင်းရင်း ပြောသလိုပဲ... ကျုပ်တို့က 'ရှေးဟောင်းမိစ္ဆာ အသွင်ပြောင်းအစီအရင်' ကို ဖျက်ဆီးချင်တယ်ဆိုရင်…"
"'ထျန်းယောင် နတ်ဘုရားသတ် အစီအရင်' ကို အရင်ဆုံး ချိုးဖျက်ရလိမ့်မယ်…"
"ဒီပဉ္စမအဆင့် အောက်ခြေအဆင့် အစီအရင်ရဲ့ စွမ်းအားက သာမန်မဟုတ်ဘူး... ရှေးဟောင်းမိစ္ဆာချီတွေကို ထုတ်လွှတ်နိုင်တယ်…"
"ပဉ္စမအဆင့် အစီအရင်ရဲ့ နယ်ပယ်ထဲမှာဆိုရင် ကျုပ်တို့ လူသားကျင့်ကြံသူတွေရဲ့ စွမ်းအားက သုံးပုံတစ်ပုံလောက် ဖိနှိပ်ခံရလိမ့်မယ်…"
"သူတို့က အားသာပြီး ကိုယ်က အားနည်းနေတဲ့အချိန်… အစီအရင်ထဲမှာ သွားတိုက်ခိုက်ရင် သေချာပေါက် ယှဉ်နိုင်မှာ မဟုတ်ဘူး…"
"ဒါပေမဲ့ နိုင်နိုင်ခြေ မရှိတာတော့ မဟုတ်ဘူး"
"ဒီတစ်ခါ ထျန်းဆွမ်းတာအိုအရှင်က ရွှမ်ပေါင်မျှော်စင်ရဲ့ ကောင်းကင်အဆင့် ဝိညာဉ်ရတနာ 'ရွှေနေမင်း ရတနာကြေးမုံ' ကို ထုတ်သုံးပါလိမ့်မယ်…"
"ဒီကောင်းကင်အဆင့် ဝိညာဉ်ရတနာရဲ့ စွမ်းအားကို ရောင်းရင်းတို့ သိကြမှာပါ.. ကမ္ဘာမြေကို ထင်ဟပ်စေနိုင်တယ်…"
"မိစ္ဆာဖော်မှန်လိုမျိုး မိစ္ဆာတွေရဲ့ မူလခန္ဓာကိုယ်ကို ဖော်ထုတ်နိုင်တယ်…"
"တစ်ချိန်တည်းမှာပဲ အစီအရင်များစွာရဲ့ လျှို့ဝှက်ချက်တွေကို ထိုးထွင်းသိမြင်နိုင်ပြီးတော့… အစီအရင်ရဲ့ ဟာကွက်တွေကို ရှာဖွေနိုင်တယ်…"
"'ရွှေနေမင်း ရတနာကြေးမုံ' သာ ပါဝင်မယ်ဆိုရင် ပဉ္စမအဆင့် အစီအရင်လောက်က ပြောပလောက်စရာ မရှိတော့ဘူး…"
ချုံးရွှီတာအိုအရှင်က အနည်းငယ် ပြုံးလိုက်သည်။ တစ်စုံတစ်ယောက်က မေးခွန်းထုတ်လာမည်ကို သူ ကြိုသိနေပုံ ရလေ၏။
ထို့ကြောင့် သူသည် ကြိုတင်ပြင်ဆင်ထားခြင်း ဖြစ်သည်။
"'ရွှေနေမင်း ရတနာကြေးမုံ' က အဲဒီလောက် စွမ်းတယ်ဆိုရင် ပြီးခဲ့တဲ့တစ်ခေါက် ကုယုံဂိုဏ်းအပျက်အစီးတုန်းက ဘာလို့ ထုတ်မသုံးတာလဲ…"
စိတ်ခံစားမှုခုနစ်ပါး မိစ္ဆာဘုရင်၏ မျက်နှာအမူအရာကမူ မကောင်းလှဘဲ၊ ထျန်းဆွမ်းတာအိုအရှင်ကို စိုက်ကြည့်လိုက်သည်။
အကယ်၍ ပြီးခဲ့သည့်တစ်ခေါက်ကသာ ထိုကြေးမုံကို ထုတ်သုံးခဲ့ပါက ကုယုံဂိုဏ်းဆက်ခံသူ၏ ခြိမ်းခြောက်ငွေညှစ်ခြင်းကို သူတို့ ခံရမည် မဟုတ်ပေ။
အတွင်းရှိ အစီအရင်များကိုပင် ချိုးဖျက်နိုင်ကောင်း ချိုးဖျက်နိုင်ပေလိမ့်မည်။
"ဒါက ကျုပ်တို့ ရွှမ်ပေါင်မျှော်စင်ရဲ့ ဂိုဏ်းစောင့်ရတနာလေ... ဘယ်လိုလုပ် လွယ်လွယ်ကူကူ ထုတ်သုံးလို့ ရမှာလဲ…"
"ပျောက်သွားရင် ကျုပ်က ရွှမ်ပေါင်မျှော်စင်ရဲ့ အပြစ်သား ဖြစ်သွားမှာပေါ့…"
"အခုလိုမျိုး သေရေးရှင်ရေး အချိန်ကျမှသာ ရွှမ်ပေါင်မျှော်စင်ရဲ့ အကြီးအကဲတွေက ထုတ်သုံးခွင့်ပေးတာပါ…"
"ပြီးတော့ 'ရွှေနေမင်း ရတနာကြေးမုံ' ကို ထုတ်သုံးရင်တောင်မှ ကုယုံဂိုဏ်းရဲ့ အစီအရင်ကို ယှဉ်နိုင်ဖို့ မသေချာဘူး…"
"ဘာလို့လဲဆိုတော့ အဲဒီအစီအရင်က သက်တမ်းကို လျော့နည်းစေတဲ့ အစီအရင် ဖြစ်နေလို့ပဲ... တကယ်လို့ ဇွတ်အတင်း ယှဉ်ပြိုင်မယ်ဆိုရင် အကြိမ်နည်းနည်းလောက်နဲ့တင် ကျုပ်ရဲ့ သက်တမ်းကုန်ဆုံးပြီး သေသွားလိမ့်မယ်... မလိုအပ်ဘဲ ခေါင်းချင်းဆိုင်တိုက်ဖို့ မလိုဘူးလေ…"
ထျန်းဆွမ်းတာအိုအရှင်က လေးနက်စွာ ရှင်းပြလိုက်သည်။
မည်သို့ပင်ဖြစ်စေ ကောင်းကင်အဆင့် ဝိညာဉ်ရတနာ 'ရွှေနေမင်း ရတနာကြေးမုံ' သည် ရွှမ်ပေါင်မျှော်စင်၏ အသန်မာဆုံး ရတနာဖြစ်ရာ၊ အသုံးပြုလိုလျှင် အခြားအကြီးအကဲများ၏ သဘောတူညီချက်ကို လိုအပ်ပေသည်။ သူသည် မျှော်စင်သခင် ဖြစ်သော်လည်း စိတ်တိုင်းကျ လုပ်ဆောင်၍ မရပေ။
"ကဲပါ... ဟိုဟိုဒီဒီတွေ ပြောမနေကြပါနဲ့တော့"
"'ထျန်းယောင် နတ်ဘုရားသတ် အစီအရင်' ကို ဖျက်ဆီးပြီးရင် 'ရှေးဟောင်းမိစ္ဆာ အသွင်ပြောင်းအစီအရင်' ကို ဆက်လက်ဖျက်ဆီးရမယ်…"
"မင်ကွမ်းကျွန်းပေါ်မှာ ရှိနေတဲ့ ကျုပ်တို့သူလျှိုတွေက အတွင်းပိုင်း အစီအရင်မြေပုံကို ပို့လာပေးပြီးပြီ…"
"အစီအရင်မျက်လုံးကို ဖျက်ဆီးနိုင်တာနဲ့ အသွင်ပြောင်းအစီအရင်က လုံးဝ ပျက်စီးသွားလိမ့်မယ်…"
"အောင်မြင်သွားတာနဲ့ မိစ္ဆာမျိုးနွယ်စုတွေ နောက်ထပ်နှစ်တစ်ရာအတွင်း ဒုတိယအကြိမ် ထပ်လုပ်နိုင်မှာ မဟုတ်တော့ဘူးဆိုတာ သေချာတယ်…"
"ဘာလို့လဲဆိုတော့ အဲဒီအစီအရင်ကို တည်ဆောက်ဖို့အတွက် ရှေးဟောင်းမိစ္ဆာချီ လိုအပ်ရုံတင်မကဘဲ ရှားပါးတဲ့ စတုတ္ထအဆင့်၊ ပဉ္စမအဆင့် ပစ္စည်းတွေ အများကြီး လိုအပ်လို့ပဲ... မိစ္ဆာတွေက ဘယ်လောက်ပဲ ချမ်းသာချမ်းသာ နောက်တစ်ကြိမ် လုပ်နိုင်မှာ မဟုတ်ဘူး…"
"ဒါကြောင့် အစီအစဉ်အောင်မြင်ရင် အချိန်တိုအတွင်းမှာ မိစ္ဆာတွေက ဝိညာဉ်သွေးကြောတွေကို ဖျက်ဆီးမယ့်ကိစ္စ ပူစရာ မလိုတော့ဘူး…"
ချုံးရွှီတာအိုအရှင်က လေးနက်စွာ ပြောလိုက်သည်။
သူသည် မဟာမိတ်အဖွဲ့၏ အစီအစဉ်ကို ရိုးရှင်းစွာ ရှင်းပြလိုက်ခြင်း ဖြစ်ပေသည်။
"ပြောတာတော့ လွယ်တာပေါ့…"
"ဒါပေမဲ့ ကြားတာတော့ မိစ္ဆာမျိုးနွယ်စုဘက်က အနည်းဆုံး စတုတ္ထအဆင့် မိစ္ဆာသားရဲအကောင်ရေ သုံးထောင်လောက် စောင့်ကြပ်နေတယ်တဲ့…"
"'ထျန်းယောင် နတ်ဘုရားသတ် အစီအရင်' ကို ဖျက်ဆီးလိုက်ရင်တောင်မှ စတုတ္ထအဆင့် မိစ္ဆာသားရဲတွေ အများကြီး ရှိနေတုန်းပဲ…"
"အဲဒီလောက်များတဲ့ မိစ္ဆာတွေကို ငါတို့ တကယ် နိုင်ပါ့မလား…"
"အနားမကပ်နိုင်ခင်မှာတင် ငါတို့တွေ ဝိုင်းအသတ်ခံလိုက်ရမလားပဲ…"
ဟေးရှားနန်းတော်၏ သခင် ပင်လယ်ခွင်းမိစ္ဆာဘုရင်က ဝင်ပြောလိုက်သည်။
သူသည် လမ်းမှန်နှင့် မိစ္ဆာလမ်းစဉ် နှစ်ဖက်ပေါင်းစည်းထားသော ဤအစီအစဉ်ကို သိပ်အားမရပေ။ အန္တရာယ်များလွန်းသည်ဟု ထင်မြင်နေသည်။
"တကယ်တော့ ဒါက ပြဿနာ မဟုတ်ဘူး…"
"မိစ္ဆာမျိုးနွယ်စုရဲ့ စတုတ္ထအဆင့် မိစ္ဆာသားရဲတွေက ကျုပ်တို့ ဝိညာဉ်သန္ဓေသား ကျင့်ကြံသူတွေထက် ခုနစ်ဆ ရှစ်ဆလောက် ပိုများတယ် ဆိုတာတော့ မှန်ပါတယ်…"
"ဒါပေမဲ့ ကျုပ်တို့ဆီမှာ ကောင်းကင်အဆင့် ဝိညာဉ်ရတနာတွေ ရှိနေတယ်လေ…"
"ဒီတစ်ခါ ကျုပ်ရဲ့ ကောင်းကင်ဓားဂိုဏ်းက ကောင်းကင်အဆင့် ဝိညာဉ်ရတနာ 'ဟွမ့်ယွမ်ပေတံ' ကို ထုတ်သုံးပါ့မယ်…"
"ဒီရတနာရဲ့ စွမ်းအားနဲ့ဆိုရင် စတုတ္ထအဆင့် အထွတ်အထိပ် မိစ္ဆာသားရဲ အများအပြားကို တားဆီးထားနိုင်မှာ သေချာပါတယ်…"
ချုံးရွှီတာအိုအရှင်က အနည်းငယ် ပြုံးလိုက်ပြီး လက်ကို ဝှေ့ယမ်းကာ ရှေးဟောင်းမီးခိုးရောင် ပေတံတစ်ချောင်းကို ထုတ်ယူလိုက်သည်။ ပေတံပေါ်တွင် ရှေးဟောင်းသင်္ကေတများ သိပ်သည်းစွာ ပါရှိပြီး နက်နဲကာ ဟွမ့်ယွမ်စွမ်းအင်များ ပျံ့နှံ့နေလေသည်။
ဘုန်း...
ချက်ချင်းပင် ဤမီးခိုးရောင်ပေတံ ပေါ်လာသည်နှင့်တစ်ပြိုင်နက် ပုံသဏ္ဌာန်မဲ့သော နယ်ပယ်ဖိအားတစ်ခုက ထွက်ပေါ်လာပြီး ခန်းမဆောင်ကြီး တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
ဘာ...။
ဝိညာဉ်သန္ဓေသား ကျင့်ကြံသူများ မျက်နှာပျက်သွားကြသည်။ သူတို့၏ ခန္ဓာကိုယ်များအပေါ်သို့ တောင်ကြီးများ ပိကျလာသကဲ့သို့ ခံစားလိုက်ရပြီး ပတ်ဝန်းကျင်ရှိ သဘာဝဝိညာဉ်စွမ်းအင်များကား အလွန်တရာ လေးလံသွားတော့သည်။
ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူများ ဖြစ်လင့်ကစား၊ ဤကြောက်မက်ဖွယ် နယ်ပယ်ဖိအားအောက်တွင် လှုပ်ရှား၍ပင် မရနိုင်ကြပေ။
ချုံးရွှီတာအိုအရှင်၏ အတွေးတစ်ချက်ဖြင့် သူတို့အားလုံး ဤမီးခိုးရောင်ပေတံ၏ ဖိအားအောက်တွင် ပြားချပ်သွားနိုင်ပြီး၊ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်သန္ဓေသားပင် ထွက်ပြေးလွတ်မြောက်နိုင်မည် မဟုတ်ဘဲ သေဆုံးသွားနိုင်ပုံ ရလေသည်။
လူမှာ အမည်၊ သစ်ပင်မှာ အရိပ် ဆိုသကဲ့သို့ပင်။
ဤအခိုက်အတန့်တွင် ကောင်းကင်အဆင့် ဝိညာဉ်ရတနာ၏ ကြောက်မက်ဖွယ် စွမ်းအားကို သူတို့ မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရပြီ ဖြစ်သည်။ နာမည်နှင့်လိုက်ဖက်စွာပင် အလွန် စွမ်းအားကြီးလှသည်။
မှန်ပေသည်၊ ချုံးရွှီတာအိုအရှင်သည် 'ဟွမ့်ယွမ်ပေတံ' ကို ထုတ်ပြရုံသာ ထုတ်ပြလိုက်ခြင်း မဟုတ်ဘဲ၊ မိစ္ဆာလမ်းစဉ် ဝိညာဉ်သန္ဓေသားများကို ခြိမ်းခြောက်လိုက်ခြင်း ဖြစ်သည်။