ဒါက ချူတျဲယီရဲ့ ဆရာသခင်လေ၊ ယောက်ျားက လက်ရဲဇက်ရဲ နိုင်လှချည်လား(၂)။
Vol. 49 Ch. 537
ခဏအကြာတွင် သူသည် ပြန်လည် သိမ်းဆည်းလိုက်သည်။
ခန်းမဆောင်ကြီးကို လွှမ်းခြုံထားသော နယ်ပယ်ဖိအားလည်း ချက်ချင်း ပျောက်ကွယ်သွားသည်။
သို့သော် မိစ္ဆာလမ်းစဉ် ဝိညာဉ်သန္ဓေသားများ၏ မျက်နှာအမူအရာမှာ အလွန်ပင် အရုပ်ဆိုးနေတော့သည်။ ဤသည်မှာ ချုံးရွှီတာအိုအရှင်၏ အင်အားပြပွဲဖြစ်ကြောင်း သူတို့ သိလိုက်ရသည်။
အကယ်၍ သူတို့သာ ဤနေရာတွင် ဆက်လက် ရစ်သီရစ်သီလုပ်နေပြီး စစ်သွေးစစ်မာန်ကို ထိခိုက်အောင် လုပ်ဆောင်ပါက၊ သူတို့ကို ဤနေရာ၌ပင် သတ်ဖြတ်ပစ်လိုက်ကောင်း သတ်ဖြတ်ပစ်လိုက်ပေလိမ့်မည်။
ယခင်က ကောင်းကင်အဆင့် ဝိညာဉ်ရတနာ၏ စွမ်းအားကို သိရှိထားသော်လည်း ဤမျှအဆင့်ထိ ကြောက်စရာကောင်းလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
သာမန် ဝိညာဉ်သန္ဓေသား ကျင့်ကြံသူများသည် ဤအဆင့်ရှိသော ရတနာရှေ့တွင် ခုခံနိုင်စွမ်း လုံးဝ မရှိကြပေ။
နတ်ဘုရားအသွင်ပြောင်းအဆင့် မဟာဆရာသခင်တစ်ပါးကို ရင်ဆိုင်နေရသကဲ့သို့ပင် ဖြစ်သည်။
"ချုံးရွှီရောင်းရင်း အထင်လွဲနေပါပြီ…"
"ကျုပ်က ဒီစစ်ဆင်ရေး ကျရှုံးသွားမှာကို စိုးရိမ်လို့ပါ…"
"ချုံးရွှီရောင်းရင်းမှာ ယုံကြည်မှုအပြည့်ရှိမှတော့ ကျုပ်တို့က သဘာဝကျကျ အစွမ်းကုန် ကူညီပေးမှာပေါ့…"
"ဘာပဲပြောပြော ချန်လန်ပင်လယ်ဒေသက ကျုပ်တို့ လူသားတွေရဲ့ နယ်မြေပဲလေ… မိစ္ဆာမျိုးနွယ်စု လာရောက် သောင်းကျန်းတာကို လုံးဝ ခွင့်မပြုနိုင်ဘူး…"
ပြိုင်ဘက်ကင်းသော စွမ်းအားကို အာရုံခံမိလိုက်ပြီးနောက် ဟေးရှားနန်းတော်သခင် ပင်လယ်ခွင်းမိစ္ဆာဘုရင်သည် ချက်ချင်းဆိုသလို လေပြည်ထိုးလိုက်တော့သည်။ ယခင်ကကဲ့သို့ မောက်မာသောပုံစံ မရှိတော့ပေ။
မည်သို့ပင်ဖြစ်စေ သူသည် အခြေအနေကို ကြည့်ပြီးနေတတ်သော မိစ္ဆာလမ်းစဉ် ဝိညာဉ်သန္ဓေသား တစ်ဦးဖြစ်သည်။
ကောင်းကင်ဓားဂိုဏ်း ပိုင်ဆိုင်ထားသော အင်အားကို သူ အနည်းငယ် ကြောက်ရွံ့သွားသော်လည်း၊ ကောင်းကင်ဓားဂိုဏ်းအနေဖြင့် ဤအချိန်တွင် လက်စမဖျောက်လောက်ကြောင်း သူ သိထားသည်။ အဘယ်ကြောင့်ဆိုသော် အားလုံးတွင် ဘုံရန်သူဖြစ်သော မိစ္ဆာမျိုးနွယ်စု ရှိနေသောကြောင့် ဖြစ်လေ၏။
အကယ်၍ သူ့ကို သတ်လိုက်ပါက မိစ္ဆာမျိုးနွယ်စုအတွက် အကျိုးရှိသွားရုံသာ ဖြစ်ပေလိမ့်မည်။ ကောင်းကင်ဓားဂိုဏ်းသည် ဤအချိန်တွင် စည်းလုံးညီညွတ်မှုကို ဖျက်ဆီးမည် မဟုတ်ပေ။
"ဟားဟား... ရောင်းရင်းက အားနာနေပြန်ပြီ…"
"ကျုပ်က ဒီအစီအစဉ်ဟာ စိတ်ကူးယဉ်သက်သက်မဟုတ်ကြောင်း သက်သေပြလိုက်ရုံပါ…"
"မိစ္ဆာမျိုးနွယ်စုက အင်အားကြီးပြီး မိစ္ဆာသားရဲတွေ များပြားပေမယ့် ကျုပ်တို့မှာလည်း ယှဉ်ပြိုင်နိုင်စွမ်း ရှိပါတယ်…"
"ပြီးတော့ ကျုပ်အပြင် ရောင်းရင်းကျိုးဆီမှာလည်း ကောင်းကင်အဆင့် ဝိညာဉ်ရတနာ 'အရပ်ရှစ်မျက်နှာ နတ်ဆိုးချုပ်မျှော်စင်' ရှိနေပါတယ်…"
"စတုတ္ထအဆင့် အထွတ်အထိပ် မိစ္ဆာသားရဲအများအပြားကို တားဆီးပေးနိုင်မယ်လို့ ယုံကြည်ပါတယ်…"
"ဒီလိုမှ မနိုင်သေးရင်တော့ ကျုပ်တို့ လူသားမျိုးနွယ်စု ချန်လန်ပင်လယ်ဒေသမှာ မျိုးသုဉ်းသင့်ရင်လည်း မျိုးသုဉ်းသွားရမှာပဲ…"
ချုံးရွှီတာအိုအရှင်က ကျိုးစွေ့ကို ကြည့်လိုက်သည်။
သူသည် ဤလူငယ်မျိုးဆက်သစ်ကို အလွန် သဘောကျနေသည်။
ယခင်က ချန်လန်ပင်လယ်ဒေသ တစ်ခုလုံးတွင် ကောင်းကင်အဆင့် ဝိညာဉ်ရတနာ နှစ်ခုသာ ရှိခဲ့သည်။
သို့သော် ယခုမူ တတိယမြောက် ကောင်းကင်အဆင့် ဝိညာဉ်ရတနာ ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။
အကယ်၍ ငြိမ်းချမ်းရေးကာလသာ ဖြစ်ပါက တစ်ဖက်လူသည် ရွှမ်ပေါင်မျှော်စင်နှင့် ကောင်းကင်ဓားဂိုဏ်း၏ ရန်သူ ဖြစ်ပေလိမ့်မည်။
သို့သော် မိစ္ဆာမျိုးနွယ်စု ကျူးကျော်နေသော အခြေအနေမျိုးတွင်မူ အကောင်းဆုံးသော မိတ်ဖက်ရဲဘော်တစ်ဦး ဖြစ်နေပြန်သည်။
သူတို့သည် လူသားကျင့်ကြံသူများ ပိုမို စွမ်းအားကြီးလာလေ ပိုကောင်းလေဟုပင် မျှော်လင့်နေကြသည်။
သို့မဟုတ်ပါက လူသားမျိုးနွယ်စုသည် မိစ္ဆာမျိုးနွယ်စု၏ လက်ချက်ဖြင့် အမှန်တကယ် မျိုးသုဉ်းသွားနိုင်ပြီး အရိုးပင် ကျန်မည် မဟုတ်ပေ။
"ချုံးရွှီရောင်းရင်းနဲ့ ဘေးချင်းကပ်တိုက်ပွဲဝင်ရမှာ ကျုပ်အတွက် ဂုဏ်ယူစရာပါပဲ…"
ကျိုးစွေ့ အနည်းငယ် ပြုံးလိုက်ပြီး သူ၏ကိုယ်ပေါ်မှ 'အရပ်ရှစ်မျက်နှာ နတ်ဆိုးချုပ်မျှော်စင်' ကို ထုတ်ယူလိုက်ကာ လက်ဖဝါးအရွယ်အစားခန့် ပုံစံဖြင့် ညာဘက်လက်ထဲတွင် ကိုင်ထားလိုက်သည်။
ဘုန်းခနဲ အသံနှင့်အတူ ပုံသဏ္ဌာန်မဲ့သော နတ်ဆိုးချုပ်စွမ်းအားများ ပျံ့နှံ့သွားပြီး ခန်းမဆောင်ကြီး တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
ဘာ...။
ဝိညာဉ်သန္ဓေသားများ မျက်လုံးပြူးသွားကြရသည်။ ဤအမျိုးသားသည် အင်အားပြနေခြင်း ဖြစ်ကြောင်း သူတို့ သိလိုက်ကြသည်။
သို့သော် အမှန်တကယ် ထိရောက်သည်ဟုသာ ဝန်ခံရပေမည်။
'အရပ်ရှစ်မျက်နှာ နတ်ဆိုးချုပ်မျှော်စင်' ၏ စွမ်းအားသည် 'ဟွမ့်ယွမ်ပေတံ' ထက်ပင် ပိုမို ကြီးမားနေပုံ ရလေသည်။
ဤမျှော်စင်ထဲတွင် ကြောက်မက်ဖွယ် နယ်ပယ်စွမ်းအားများ ပါဝင်နေပြီး အတွင်းထဲတွင် နတ်ဆိုးအများအပြားအား ချုပ်နှောင်ထားသည်ကို သူတို့ အာရုံခံမိလိုက်သည်။
ဝိုးတဝါးအခြေအနေကြားတွင် နတ်ဆိုးများ၏ ဟိန်းဟောက်သံကိုပင် သူတို့ ကြားနေရသကဲ့သို့ ရှိသည်။
"ဒါက နာမည်ကြီးနေတဲ့ 'အရပ်ရှစ်မျက်နှာ နတ်ဆိုးချုပ်မျှော်စင်' လား"
"ဒီ ကောင်းကင်အဆင့် ဝိညာဉ်ရတနာထဲမှာ နတ်ဆိုးတွေကို အများကြီးကို ချုပ်နှောင်ထားတယ်လို့ ဒဏ္ဍာရီတွေမှာ ပြောကြတယ်... တကယ်လား မသိဘူး…"
ချုံးရွှီတာအိုအရှင်က ကျိုးစွေ့ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။
"သေချာပေါက် အမှန်တကယ်ပါပဲ…"
"မျှော်စင်ထဲမှာ နတ်ဆိုးတွေကို အမှန်တကယ် ချုပ်နှောင်ထားပါတယ်... နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးတစ်ကောင်တောင် ပါသေးတယ်…"
"တကယ်လို့ လွှတ်ပေးလိုက်မယ်ဆိုရင် ဖြစ်ပေါ်လာမယ့် ကပ်ဘေးက လက်ရှိမိစ္ဆာကပ်ဘေးထက် မလျော့နည်းဘူး…"
ကျိုးစွေ့က ခေါင်းညိတ်လိုက်သည်။
သူ 'အရပ်ရှစ်မျက်နှာ နတ်ဆိုးချုပ်မျှော်စင်' ကို ထုတ်ပြလိုက်ခြင်းမှာ သဘာဝကျစွာပင် အင်အားပြလိုခြင်းနှင့် ဖြစ်လာမည့် ပြဿနာများကို ကြိုတင်ကာကွယ်လိုခြင်းကြောင့် ဖြစ်လေသည်။
လက်ရှိ သူ၏အင်အားဖြင့် အခြားသူများ၏အမိန့်ကို နာခံရန် သိပ်မလိုလားတော့ပေ။
အကြွင်းမဲ့ အင်အားကို ထုတ်ပြလိုက်မှသာ အခြားကျင့်ကြံသူများက ဆင်ခြင်ကြပေလိမ့်မည်။
တစ်ခါတစ်ရံတွင် သိုသိုသိပ်သိပ် နေလွန်းခြင်းက မကောင်းပေ၊ အခြားကျင့်ကြံသူများက မိမိကို အနိုင်ကျင့်၍ ရသည်ဟု ထင်သွားတတ်ကြသည်။
သင့်လျော်သလို အင်အားပြသခြင်းကသာ ပြဿနာပေါင်းများစွာကို ရှောင်ရှားနိုင်ပေလိမ့်မည်။
ဘာ...။
ဤစကားကို ကြားသောအခါ ဝိညာဉ်သန္ဓေသား ကျင့်ကြံသူများ၏ မျက်ဝန်းအိမ်များ ကျုံ့သွားကြပြီး ဤမျှော်စင်ကို အလွန်အမင်း သတိထားကာ ကြည့်လိုက်ကြသည်။
အစောပိုင်းက သူတို့ ရင်ထဲတွင် ထိတ်လန့်တုန်လှုပ်မှုကို ခံစားလိုက်ရခြင်းမှာ အတွင်းထဲတွင် နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးတစ်ကောင်ကို ချုပ်နှောင်ထားသောကြောင့် ဖြစ်ပုံရသည်။
အကယ်၍ နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးကို အမှန်တကယ် လွှတ်ပေးလိုက်ပါက ဖြစ်ပေါ်လာမည့် ကပ်ဘေးသည် စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်နေပေလိမ့်မည်။
ကောင်းကင်မိစ္ဆာဂိုဏ်း၊ ဟေးရှားနန်းတော်နှင့် ရွှမ်ယင်ဂိုဏ်း စသည့် ဝိညာဉ်သန္ဓေသား ကျင့်ကြံသူများသည် မနာလိုဝန်တိုမှုဖြင့် ပြည့်နှက်နေကြတော့သည်။
အဘယ်ကြောင့်ဆိုသော် ဤကောင်းကင်အဆင့် ဝိညာဉ်ရတနာသည် မူလက သူတို့နှင့် သက်ဆိုင်သောကြောင့် ဖြစ်ပေသည်။
ဤအကောင်စုတ်လေးက 'အရပ်ရှစ်မျက်နှာ နတ်ဆိုးချုပ်မျှော်စင်' ကို လုယူသွားလိမ့်မည်ဟု မည်သူ ထင်မှတ်ထားပါမည်နည်း။
ဤမျှ စွမ်းအားကြီးသော ကောင်းကင်အဆင့် ဝိညာဉ်ရတနာသာ မိစ္ဆာလမ်းစဉ်ဂိုဏ်းများလက်ထဲ ရောက်ရှိခဲ့ပါက မိစ္ဆာလမ်းစဉ်ဂိုဏ်းများ အင်အားကြီးလာပြီး၊ အမှန်တရားလမ်းစဉ်နှင့် ကမ္ဘာကို ထက်ဝက်စီ ခွဲဝေအုပ်ချုပ်နိုင်မည် ဖြစ်ကာ ယခုကဲ့သို့ အနိုင်ကျင့်ခံရသော အခြေအနေမျိုး ဖြစ်လာမည် မဟုတ်ပေ။
သို့သော် ယခုမူ သူတို့ ဘာမှမတတ်နိုင်ကြချေ။
ကောင်းကင်အဆင့် ဝိညာဉ်ရတနာကို ပိုင်ဆိုင်ထားသော ကျိုးစွေ့သည် သူတို့ ယှဉ်ပြိုင်နိုင်သူ မဟုတ်တော့ပေ။
မလိုမုန်းထားစိတ် ပြမိရုံဖြင့် ဤအကောင်ချောလေး၏ သတ်ဖြတ်ခြင်းကို ခံရပေလိမ့်မည်။
ထို့ကြောင့် မည်မျှပင် သိက္ခာကျစေကာမူ သူတို့သည် သည်းခံရုံမှတစ်ပါး မရှိတော့ပေ။
"ဒီလိုဆိုရင် အတွင်းထဲက နတ်ဘုရားအသွင်ပြောင်းအဆင့်နတ်ဆိုး လွတ်မြောက်လာမယ့် အန္တရာယ် မရှိဘူးလား…"
ချုံးရွှီတာအိုအရှင်က မေးလိုက်သည်။
"စိတ်မပူပါနဲ့... သူတို့က အခု 'အရပ်ရှစ်မျက်နှာ နတ်ဆိုးချုပ်မျှော်စင်' ရဲ့ ချုပ်နှောင်မှုကို ခံထားရတာ…"
"နှစ်သောင်းချီ ကြာမြင့်ခဲ့ပြီဆိုတော့ လွတ်မြောက်ဖို့ လုံးဝ မဖြစ်နိုင်ပါဘူး…"
"ကျုပ်ကိုယ်တိုင် လွှတ်ပေးလိုက်ရင်တော့ တစ်မျိုးပေါ့လေ…"
"ဒါပေမဲ့ မိစ္ဆာမျိုးနွယ်စုနဲ့ တိုက်ခိုက်ရာမှာ အခြေအနေမကောင်းရင်... 'ရှေးဟောင်းနတ်ဆိုးကမ္ဘာ' ထဲကို ဝင်ပြီး ဒီ နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးကို လွှတ်ပေးလိုက်လို့ ရပါတယ်... သူ့ကို 'ရှေးဟောင်းနတ်ဆိုးကမ္ဘာ' ထဲမှာ မွှေနှောက်ခိုင်းပြီး မိစ္ဆာသားရဲတွေကို သတ်ဖြတ်ခိုင်းလိုက်ရင် ကောင်းမယ်…"
ကျိုးစွေ့က ပြောလိုက်ပြန်သည်။
"အဲ..."
ဝိညာဉ်သန္ဓေသား ကျင့်ကြံသူများ နှုတ်ခမ်းမဲ့သွားကြသည်။
ချီးတဲ့မှ…တကယ့်ကို ရက်စက်တဲ့ကောင်ပဲ…။
တကယ်သာ အဲဒီလိုလုပ်လိုက်ရင် 'ရှေးဟောင်းမိစ္ဆာကမ္ဘာ' အကြီးအကျယ် ထိခိုက်နစ်နာသွားမှာ သေချာတယ်…။
နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲတွေတောင် သေကုန်နိုင်တယ်…။
အတိတ်က နတ်ဘုရားအသွင်ပြောင်းအဆင့်နတ်ဆိုးကို ချိပ်ပိတ်ဖို့အတွက် လူသား နတ်ဘုရားအသွင်ပြောင်းအဆင့်တွေ ဘယ်လောက်တောင် ပင်ပန်းခဲ့ရသလဲ ဆိုတာ မသိနိုင်ဘူး…။
ကျင့်ကြံသူဘယ်နှယောက်တောင် သေဆုံးခဲ့ရသလဲ…။
'ရှေးဟောင်းမိစ္ဆာကမ္ဘာ' ဘယ်လောက်ပဲ စွမ်းအားကြီးသည်ဖြစ်စေ… နတ်ဘုရားအသွင်ပြောင်းအဆင့်နတ်ဆိုးကို ဖြေရှင်းဖို့ဆိုသည်မှာ အလွန် ခက်ခဲသော ကိစ္စဖြစ်သည်။
ကြီးမားသော တန်ကြေးကို သေချာပေါက် ပေးဆပ်ရပေလိမ့်မည်။
မှန်ပေသည်၊ မိစ္ဆာမျိုးနွယ်စုနှင့် လူသားမျိုးနွယ်စုသည် မူလကတည်းက ရန်သူများ ဖြစ်ကြသည်။
မိစ္ဆာမျိုးနွယ်စု ကံဆိုးသည်ကို မြင်ရလျှင် သူတို့က ဝမ်းသာအားရ ဖြစ်နေကြဦးမည်သာ။
"ဒါကလည်း မဆိုးတဲ့ နည်းလမ်းတစ်ခုပဲ…"
"ဒါပေမဲ့ အခုက အဲဒီအချိန် မရောက်သေးဘူး... နှစ်ဖက်စလုံး သေကြေပျက်စီးမယ့်အထိ လုပ်စရာ မလိုသေးဘူး…"
"ရောင်းရင်းတို့... အခု ကျုပ်တို့ရဲ့ အင်အားကို သိကြပြီပေါ့…"
"နောက်ဆုတ်ချင်တဲ့သူ ရှိရင် အခု ပြောလို့ရတယ်…"
"အခု မပြောရင် နောက်ဆုတ်ခွင့် ရှိမှာ မဟုတ်တော့ဘူး…"
ချုံးရွှီတာအိုအရှင်သည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး ဝိညာဉ်သန္ဓေသား ကျင့်ကြံသူများကို ကြည့်ကာ ခန္ဓာကိုယ်မှ ဖိအားများ ထုတ်လွှတ်လိုက်သည်။
"ချုံးရွှီရောင်းရင်း... မဟာမိတ်အဖွဲ့ရဲ့ အင်အားကို ကျုပ်တို့ ကောင်းကောင်း သိသွားပါပြီ... မိစ္ဆာမျိုးနွယ်စုနဲ့ ယှဉ်ပြိုင်နိုင်စွမ်း ရှိပါတယ်"
"ပြောတာမှန်တယ်... လူသားမျိုးနွယ်စု ရှင်သန်ရေး၊ သေဆုံးရေးက လူတိုင်းမှာ တာဝန်ရှိတယ်... ကျုပ်တို့ သဘာဝကျကျ ရှောင်ပြေးမှာ မဟုတ်ပါဘူး…"
"နောက်ထပ် အစီအစဉ်ကို သိချင်ပါတယ်... 'ရှေးဟောင်းမိစ္ဆာ အသွင်ပြောင်းအစီအရင်' ကို မြန်မြန်ဖြေရှင်းနိုင်လေ ပိုကောင်းလေပါပဲ…"
ဝိညာဉ်သန္ဓေသား ကျင့်ကြံသူများမှာ ချက်ချင်းပင် အော်ဟစ် ထောက်ခံလိုက်ကြသည်။
သူတို့သည် အရူးများ မဟုတ်ကြပေ။
အကယ်၍ ယခုသာ ထွက်ခွာသွားပါက ကြက်ကိုသတ်ပြီး မျောက်ကို ခြိမ်းခြောက်သကဲ့သို့ ချက်ချင်းဆိုသလို အသတ်ခံလိုက်ရပေလိမ့်မည်။
ဤအချိန်ရောက်မှတော့ ချုံးရွှီတာအိုအရှင်အနေဖြင့် မည်သည့် ဝိညာဉ်သန္ဓေသားကိုမျှ ထွက်ပြေးခွင့် ပေးမည် မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ ချုံးရွှီတာအိုအရှင်သည် ငယ်စဉ်ကတည်းက အသတ်အဖြတ်နတ်ဘုရားတစ်ပါး ဖြစ်ခဲ့ပြီး၊ သူ့လက်ချက်ဖြင့် သေဆုံးခဲ့ရသော ကျင့်ကြံသူများမှာ ရေတွက်၍ပင် မကုန်နိုင်ချေ။
"ကောင်းပြီ... ဒါဆိုရင် တာဝန်တွေ ခွဲဝေပေးမယ်…"
ဤစကားကို ကြားသောအခါ ချုံးရွှီတာအိုအရှင်မှာ အလွန်ပင် ကျေနပ်သွားတော့သည်။
အနည်းဆုံး အခုလိုအချိန်မျိုးတွင် ခေါင်းမာသူ ထွက်ပေါ်မလာပေ၊ စည်းလုံးမှုကို မထိခိုက်စေချေ။