← Chapters

ဤအမျိုးသားက ပီယဆေး ဖြစ်နေသည်လော၊ ကျရှုံးလုနီးပါး ဖြစ်ခဲ့ရသော မိန်းမလှနှစ်ဦး။

Vol. 49 Ch. 540

ဤအမျိုးသားက ပီယဆေး ဖြစ်နေသည်လော၊ ကျရှုံးလုနီးပါး ဖြစ်ခဲ့ရသော မိန်းမလှနှစ်ဦး။

Vol. 49 Ch. 540

“ဒီလူယုတ်မာရဲ့ လက်က ဘာလို့ ဒီလောက် နွေးနေရတာလဲ...”

ချန်ဇီယွင်၏ လှပသော မျက်နှာလေးမှာ နီမြန်းသွားလေသည်။

သူမသည် 'ကောင်းကင်မိစ္ဆာကျင့်စဉ်'ကို ကျင့်ကြံထားသူဖြစ်ရာ ခန္ဓာကိုယ်ထဲတွင် ကြီးမားသော သန့်စင်ယင်စွမ်းအင်များနှင့် မိစ္ဆာချီများ ပြည့်နှက်နေသဖြင့် ခန္ဓာကိုယ်မှာ အလွန်ပင် အေးစက်လှပေသည်။ သို့သော် ကျိုးစွေ့၏ ခန္ဓာကိုယ်ထဲတွင်မူ 'နဂါးဆင်စွမ်းအား'နှင့် 'သန့်စင်ယန်စွမ်းအင်'များ ကိန်းအောင်းနေပေသည်။

လက်ချင်းဆုပ်ကိုင်လိုက်သော ခဏ၌ ထိုသန့်စင်ယန်စွမ်းအင်များသည် သူမ၏ လက်ကလေးမှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ စီးဝင်လာလေသည်။ ထိုအခိုက်အတန့်တွင် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ သန့်စင်ယန်စွမ်းအင်များဖြင့် ဝန်းရံခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး၊ နေရောင်ခြည်အောက်တွင် ရောက်ရှိနေသကဲ့သို့ အလွန်တရာ နွေးထွေးမှုကို ခံစားလိုက်ရ၏။

မိခင်၏ရင်ခွင်ထဲသို့ ပြန်ရောက်သွားသကဲ့သို့ပင် မကြုံစဖူးသော လုံခြုံမှုကိုလည်း ခံစားနေရ၏။ အမျိုးသားတစ်ဦး၏ ကာကွယ်မှုကို ရရှိနေသည်ဟူသော ခံစားချက်ကို သူမ ပထမဆုံးအကြိမ် ခံစားမိခြင်းပင်။

လက်ချင်းဆုပ်ကိုင်ရုံမျှသာ ဖြစ်သော်လည်း ဤအမျိုးသား၏ နွေးထွေးမှုအောက်တွင် သူမ တစ်ကိုယ်လုံး အရည်ပျော်ကျလုနီးပါး ဖြစ်သွားခဲ့ရချေသည်။

“ရောင်းရင်းကျိုးရဲ့ ကိုယ်ပေါ်က အနံ့က ဘာလို့ ဒီလောက် မွှေးနေရတာလဲ...”

“ဒါက ယောက်ျားတစ်ယောက်ရဲ့ ကိုယ်သင်းနံ့လား...”

“ဒါပေမဲ့ တခြားယောက်ျားတွေကျတော့ ဘာလို့ နံစော်နေတာလဲ… ရောင်းရင်းကျိုးကပဲ ဒီလောက် ထူးခြားနေတာလား...”

ယဲ့ဖေးရို၏ မျက်နှာလေးမှာလည်း နီမြန်းနေတော့သည်။

ကျိုးစွေ့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ရနံ့များမှာ သူမ၏ စိတ်နှလုံးကို လန်းဆန်းသွားစေသည်။ မြူနှင်းနန်းတော်မှ ထုတ်လုပ်သော ရေမွှေးများပင်လျှင် ဤရနံ့ကို မယှဉ်နိုင်ပေ။ ဤရနံ့မှာ သဘာဝအတိုင်း ထွက်ပေါ်လာသော ရနံ့ဖြစ်ပြီး၊ သူမ၏ ပင်ကိုအသိစိတ်များကို လှုံ့ဆော်ပေးနေချေသည်။

အမှန်စင်စစ် ဤသည်မှာ ကျိုးစွေ့၏ 'ချစ်ခြင်းမေတ္တာကူ'စွမ်းအားကြောင့် ဖြစ်ပေါ်လာသော 'နတ်ဘုရားဆွဲဆောင်မှုခန္ဓာ'ကြောင့် ဖြစ်ပေသည်။ သူ၏ခန္ဓာကိုယ်မှ အချိန်တိုင်း ထူးခြားသောရနံ့များကို ထုတ်လွှတ်နေခြင်း ဖြစ်လေ၏။

အမျိုးသမီးတစ်ဦးချင်းစီအပေါ် သက်ရောက်သည့် ရနံ့မှာ မတူညီသော်လည်း၊ သူမတို့ အကြိုက်ဆုံးသော ရနံ့များသာ ဖြစ်ကြသည်။ ထို့ကြောင့်ပင် သူမ ဤမျှထိ စိတ်လှုပ်ရှားနေရခြင်း ဖြစ်ချေသည်။

“ကျွန်တော့်ကို မျက်နှာသာပေးတဲ့အနေနဲ့ ရန်ဆက်မဖြစ်ကြပါနဲ့တော့နော်...”

ထိုအချိန်တွင် ကျိုးစွေ့၏ အသံသည် ယဲ့ဖေးရိုနှင့် ချန်ဇီယွင်တို့၏ နားထဲသို့ တိုးဝင်လာလေသည်။

“ကောင်းပြီ... ရောင်းရင်းကျိုးကို မျက်နှာသာပေးတဲ့အနေနဲ့ နင့်ကို ခဏလွှတ်ပေးလိုက်မယ်...”

“ဒါပေမဲ့ နောက်တစ်ခါဆိုရင်တော့ နင် ဒီလောက် ကံကောင်းမှာ မဟုတ်ဘူး...”

ယဲ့ဖေးရို၏ မျက်နှာမှာ နီမြန်းနေပြီး ရင်ထဲတွင်လည်း ဗလောင်ဆူနေသည်။ ကျိုးစွေ့၏အသံကို ကြားလိုက်ရသောအခါ သူမ၏ ခန္ဓာကိုယ်ထဲတွင် လျှပ်စီးကြောင်းတစ်ခု ဖြတ်ပြေးသွားသကဲ့သို့ နူးညံ့ပျော့ခွေသွားရသည်ဟု ခံစားလိုက်ရသည်။

သူမသည် ဤအမျိုးသားနှင့်သာ ဆက်လက်ရှိနေပါက လုံးဝ ကျရှုံးသွားတော့မည်ကို သိရှိလိုက်သဖြင့်၊ ဤနေရာမှ အမြန်ဆုံး ထွက်ခွာလိုစိတ်များ ဖြစ်ပေါ်လာတော့သည်။ ဤအမျိုးသားမှာ အလွန်တရာ အန္တရာယ်များလှပေသည်။

“ကျွန်မလည်း ရောင်းရင်းကျိုးကို မျက်နှာသာပေးပါ့မယ်...”

“နောက်တစ်ခါ တွေ့ရင်တော့ နင့်ကို တွေ့တဲ့နေရာမှာတင် သတ်မှာ...”

ချန်ဇီယွင်၏ မျက်နှာမှာလည်း ပန်းသီးမှည့်တစ်လုံးကဲ့သို့ နီရဲနေသည်။ သူမသည်လည်း တစ်ကိုယ်လုံး အားအင်ကုန်ခမ်းနေသည်ဟု ခံစားလိုက်ရသည်။ ဝိညာဉ်သန္ဓေသား နှောင်းပိုင်းအဆင့် မဟာကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း လက်ကလေးကို ဆုပ်ကိုင်ခံရပြီး အသံကို ကြားလိုက်ရုံမျှဖြင့် ခုခံနိုင်စွမ်းများ ပျောက်ဆုံးသွားရ၏။

ဤအမျိုးသားသည် မည်သည့် ဆွဲဆောင်မှုဆေးကိုမျှ အသုံးမပြုထားသော်လည်း သူကိုယ်တိုင်ကပင် အပြင်းထန်ဆုံးသော ပီယဆေး ဖြစ်နေပေသည်။ ဤနေရာတွင် ဆက်နေပါက သူမ၏သိက္ခာများ ပျောက်ဆုံးသွားမည်မှာ သေချာသည်။

ဝှစ်... ဝှစ်...

ခဏချင်းတွင် ချန်ဇီယွင်နှင့် ယဲ့ဖေးရိုတို့ နှစ်ဦးလုံးသည် စကားပင် မပြောနိုင်တော့ဘဲ၊ ကိုယ်စီလှည့်ထွက်ကာ ထွက်ပြေးသွားကြတော့သည်။ သူမတို့သည် ဤအန္တရာယ်ရှိသော အမျိုးသားထံမှ အမြန်ဆုံး ဝေးရာသို့ ပြေးလိုနေကြခြင်းပင်။

“ယောက်ျား... ရှင်က ဒီစီနီယာနှစ်ယောက်ကို တကယ်ပဲ ဆွဲဆောင်လိုက်တာလား...”

ဘေးနားရှိ သခင်မမက်မွန်ပွင့်က ကျိုးစွေ့ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်လေသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် ဘေးမှနေ၍ ရှင်းလင်းစွာ မြင်တွေ့ခဲ့ရသောကြောင့် ဖြစ်ပေ၏။

ဤစီနီယာနှစ်ဦးမှာ ချစ်ခြင်းမေတ္တာထဲတွင် နစ်မွန်းသွားပုံ ပေါက်နေသည် မဟုတ်ပါလော။ ချန်လန်ပင်လယ်ဒေသတွင် ကျော်ကြားလှသော ဝိညာဉ်သန္ဓေသား အမျိုးသမီးကျင့်ကြံသူနှစ်ဦးမှာ သူမ၏ ခင်ပွန်းရှေ့တွင် အချစ်ဦးနှင့် တွေ့ဆုံနေသော မိန်းကလေးငယ်များကဲ့သို့ ဖြစ်နေသည်မှာ မယုံနိုင်စရာပင်။

“မင်းက ဘယ်လိုထင်လို့လဲ...”

ကျိုးစွေ့က အပြုံးလေးဖြင့် သူမ၏ မေးစေ့လေးကို အသာအယာ ပင့်မလိုက်သော်လည်း ဝန်ခံခြင်း၊ ငြင်းဆိုခြင်း မပြုခဲ့ပေ။

“ဆွဲဆောင်လိုက်တာပဲဖြစ်ဖြစ် ဘာဖြစ်ဖြစ်... ကျွန်မက အရင်လူပဲ... ဒီလကတော့ ရှင့်ကို ကျွန်မပဲ ပိုင်ဆိုင်ရမယ်... ဟွန့်…”

သခင်မမက်မွန်ပွင့်၏ မျက်ဝန်းများမှာ ကျိုးစွေ့ကို စွဲလမ်းစွာဖြင့် ကြည့်နေရှာသည်။ မကြာမီပင် နှစ်ဦးသား ဂူနန်းဆောင်သို့ ပြန်သွားကြပြီး သာယာသော ညတစ်ညကို ဖြတ်သန်းကြလေတော့သည်။

............

အခြားတစ်ဖက်တွင်…။

မင်ကွမ်းကျွန်း၊ ကျောင်းလုံမြို့တော်၏ ဗဟိုချက်နေရာ...။

ဤနေရာတွင် ရှေးဟောင်းယဇ်ပလ္လင်တစ်ခု ရှိနေပြီး၊ ၎င်းပေါ်တွင် များပြားလှသော သင်္ကေတများ ထွင်းထုထားကာ နဂါးပုံသဏ္ဌာန်များလည်း ပေါ်ထွက်နေသဖြင့် နက်နဲသော အရှိန်အဝါများ ဖုံးလွှမ်းနေချေသည်။ ယဇ်ပလ္လင်၏ အလယ်ဗဟိုတွင် မဟူရာစိမ်းရောင် မိစ္ဆာချီတစ်ခုရှိနေပြီး၊ မဟူရာစိမ်းရောင်ရှိ နေမင်းတစ်စင်းကဲ့သို့ အလင်းများ ဖြာထွက်နေ၏။

၎င်းသည် အလွန်တရာ သန့်စင်လှပြီး မိစ္ဆာသွေးကြောတစ်ခုကဲ့သို့ပင် ပတ်ဝန်းကျင်သို့ မိစ္ဆာချီများကို အဆက်မပြတ် ထုတ်လွှတ်နေသည်။ ယခုအခါ ယဇ်ပလ္လင်၏ လမ်းညွှန်မှုအောက်တွင် ပဉ္စမအဆင့် ဝိညာဉ်သွေးကြောအတွင်းသို့ စီးဝင်ရန် ကြိုးစားနေပြီး၊ အောင်မြင်သွားပါက ဝိညာဉ်သွေးကြောသည် မိစ္ဆာသွေးကြောအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။

ယဇ်ပလ္လင်၏ ဘေးပတ်လည်တွင် စတုတ္ထအဆင့် အထွတ်အထိပ် မိစ္ဆာကျင့်ကြံသူများ ထိုင်နေကြပြီး ကြောက်မက်ဖွယ် မိစ္ဆာအရှိန်အဝါများ ထွက်ပေါ်နေချေသည်။ ၎င်းတို့သည် ယဇ်ပလ္လင်ကို စောင့်ရှောက်နေခြင်း ဖြစ်ပြီး၊ ရန်သူများ ကျူးကျော်လာကာ အစီအရင်ကို ဖျက်ဆီးမည်ကို တားဆီးရန် ဖြစ်ပေသည်။

ခေါင်းဆောင်မှာ ကျောင်းဝူဝေပင် ဖြစ်ပေ၏။

“အရှင်ကျောင်း... သတင်းတွေအရ လူသားတွေက ကျွန်တော်တို့ရဲ့ ကျောင်းလုံမြို့တော်ကို တိုက်ခိုက်တော့မယ်လို့ သိရပါတယ်... ဒီတစ်ခါ လူသားတွေက သူတို့ရဲ့ အင်အားအားလုံးကို သုံးလာပုံရတယ်...”

မိစ္ဆာကျင့်ကြံသူတစ်ဦးက အစီရင်ခံလိုက်သည်။ မိစ္ဆာမျိုးနွယ်စုမှာ အသာစီးရနေသော်လည်း လူသားကျင့်ကြံသူများကို လျှော့တွက်၍ မရပေ။

“ကောင်းပြီ... နောက်ဆုံးတော့ သူတို့ လှုပ်ရှားလာပြီပေါ့...”

“လာကြပါစေ... ဒီလူသားတွေ ငါတို့ မိစ္ဆာမျိုးနွယ်စုရဲ့ ကြောက်မက်ဖွယ်ကောင်းပုံကို သိသွားစေရမယ်...”

ကျောင်းဝူဝေ၏ မျက်နှာမှာ တည်ငြိမ်နေပြီး ကြိုတင် ပြင်ဆင်ထားပုံ ရလေသည်။

............

အချိန်များမှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး တစ်လခန့် ကြာမြင့်သွားခဲ့သည်။

ဤတစ်လအတွင်း ချန်လန်ပင်လယ်ဒေသမှာ အလွန်တရာ တိတ်ဆိတ်နေခဲ့သည်။ မိစ္ဆာမျိုးနွယ်စုနှင့် လူသားမျိုးနွယ်စုတို့မှာ တစ်ဖက်နှင့်တစ်ဖက်၏ အစီအစဉ်ကို သိရှိထားကြသဖြင့် တိုက်ပွဲများကို ခေတ္တရပ်နားကာ မုန်တိုင်းမလာမီ ငြိမ်သက်ခြင်းကို စောင့်ဆိုင်းနေကြခြင်း ဖြစ်လေ၏။

မင်ကွမ်းကျွန်း၏ ပြင်ပနယ်မြေတွင်...။

ဝူကျိမဟာမိတ်အဖွဲ့၊ ကောင်းကင်ဓားဂိုဏ်း၊ ဆည်းဆာဂိုဏ်း၊ မြူနှင်းနန်းတော်၊ ရွှမ်ပေါင်မျှော်စင်၊ ကောင်းကင်မိစ္ဆာဂိုဏ်း၊ ရွှမ်ယင်ဂိုဏ်းနှင့် ဟေးရှားနန်းတော် ဟူသော ဝိညာဉ်သန္ဓေသား အင်အားစုရှစ်ခုသည် ကျွန်းပေါ်ရှိ ကောင်းကင်ယံတွင် ပေါ်လာကြသည်။

ကောင်းကင်ယံတွင် ကြီးမားသော ပျံသန်းရေးသင်္ဘောများစွာ ထွက်ပေါ်လာပြီး ရောင်စုံအလင်းတန်းများ ဖြာထွက်နေသည်။ ကျင့်ကြံသူများမှာလည်း ဝိညာဉ်ရတနာများကို စီးနင်းလျက် အသင့်အနေအထား ရှိနေကြလေသည်။ ဂိုဏ်းကြီးရှစ်ခုသည် လေးဘက်လေးတန်မှနေ၍ မင်ကွမ်းကျွန်းကို စုပေါင်း တိုက်ခိုက်ကြတော့မည် ဖြစ်ပေ၏။

ကျွန်းပေါ်တွင်မူ မရေမတွက်နိုင်သော မိစ္ဆာသားရဲများနှင့် အကြေးခွံများပါရှိသော မိစ္ဆာများမှာ သန်းနှင့်ချီ၍ ရှိနေကြသည်။ ကောင်းကင်ယံတွင်လည်း မိစ္ဆာငှက်များစွာက ပျံသန်းနေကြပြီး မိုးတိမ်တိုက်များအလား ဖုံးလွှမ်းနေချေသည်။

၎င်းတို့မှာ မိစ္ဆာမျိုးနွယ်စု၏ နာမည်ကျော် 'အဆိပ်နီသိန်းငှက်'များ ဖြစ်ကြသည်။ ၎င်းတို့ ဖြတ်သန်းသွားသော နေရာတိုင်းတွင် အဆိပ်ငွေ့များကြောင့် သက်ရှိများ မျိုးသုဉ်းသွားတတ်ကြသည်။

ကျိုးစွေ့၊ ချုံးရွှီတာအိုအရှင်နှင့် ထျန်းဆွမ်းတာအိုအရှင်တို့မှာ အတူတူ ရင်ဘောင်တန်း၍ ရပ်နေကြသည်။ ၎င်းတို့မှာ ယနေ့တိုက်ပွဲ၏ အဓိကအင်အားစုများ ဖြစ်ကြပေသည်။

“ဒါက ပဉ္စမအဆင့် 'ထျန်းယောင် နတ်ဘုရားသတ်အစီအရင်'လား... ကုယုံဂိုဏ်းရဲ့ အစီအရင်ကို မမီပေမဲ့ ဝိညာဉ်သွေးကြောနဲ့ ဆက်သွယ်ထားတာဆိုတော့ စွမ်းအားက မသေးလှဘူး...”

ချုံးရွှီတာအိုအရှင်က ရေရွတ်လိုက်သည်။ အစီအရင်၏ အကာအကွယ်သုံးထပ်မှာ အလွန်ပင် စွမ်းအားကြီးမားလှသည်။ အတင်းအဓမ္မ တိုက်ခိုက်ပါက ဆုံးရှုံးမှု များပြားပေလိမ့်မည်။

“စိတ်မပူပါနဲ့... ကျုပ် 'ရွှေနေမင်း ရတနာကြေးမုံ'ကို ယူလာပါတယ်... ဒီအစီအရင်က ဘယ်လောက်ပဲ စွမ်းအားကြီးပါစေ… ကျုပ်တို့ကို တားနိုင်မှာ မဟုတ်ဘူး...”

ထျန်းဆွမ်းတာအိုအရှင်က ဂုဏ်ယူစွာ ပြောလိုက်သည်။

“ပဉ္စမအဆင့် အောက်ခြေအဆင့်အစီအရင်လား... သာမန်ပါပဲ...”

ကျိုးစွေ့က မျက်လုံးများကို မှေးစင်းလိုက်သည်။ သာမန်ကျင့်ကြံသူများအတွက်မူ ဤအစီအရင်မှာ နားလည်ရန် ခက်ခဲလှသော်လည်း၊ သူ၏ အစီအရင်ကျင့်ကြံခြင်းမှာ ပဉ္စမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်၏။ ထို့အပြင် 'အစီအရင်နှလုံးသားကူ'၏ အကူအညီဖြင့် မည်သည့်အစီအရင်မဆို သူ၏မျက်စိအောက်တွင် ဖုံးကွယ်၍ မရနိုင်ပေ။

ဝှစ်...

ကျိုးစွေ့၏ ထိန်းချုပ်မှုအောက်တွင် 'အစီအရင်နှလုံးသားကူ'သည် အစီအရင်ထဲသို့ တိတ်တဆိတ် ဝင်ရောက်သွားပြီး အစီအရင်၏ လျှို့ဝှက်ချက်များကို စတင် စူးစမ်းလိုက်တော့သည်။

“ဟမ်... မဟုတ်သေးဘူး... ဒီကျွန်းမှာ အစီအရင်တစ်ခုတည်း ရှိတာ မဟုတ်ဘူး... ဒုတိယမြောက် ပဉ္စမအဆင့် အစီအရင်ဖြစ်တဲ့ 'ခုနစ်ပါးသတ်ဝိညာဉ်ပိတ်အစီအရင်'လည်း ရှိနေသေးတာပဲ...”

“ဒီအစီအရင်က ဝိညာဉ်သန္ဓေသား ကျင့်ကြံသူတွေရဲ့ ဝိညာဉ်ကိုပါ တိုက်ခိုက်နိုင်တာပဲ... မိစ္ဆာမျိုးနွယ်စုတွေက ဒီလောက်အထိ လိမ္မာပါးနပ်နေတာလား... ကံကောင်းလို့ ငါက အစီအရင်ပညာရှင် ဖြစ်နေလို့ပေါ့... မဟုတ်ရင်တော့ လူသားကျင့်ကြံသူတွေ ဒုက္ခလှလှတွေ့တော့မှာပဲ...”

ကျိုးစွေ့သည် မျက်လုံးများကို မှေးစင်းလိုက်ပြီး သူ၏ 'အစီအရင်နှလုံးသားကူ'ကို အသုံးပြုကာ ရန်သူ၏ အစီအရင်များကို တိတ်တဆိတ် ထိန်းချုပ်လိုက်တော့သည်။

“မိုက်မဲလိုက်တဲ့ လူသားတွေ... ငါတို့ကျွန်းကို လာတိုက်ရဲတယ်ပေါ့... အခု ထွက်သွားရင် အသက်ချမ်းသာပေးလိုက်မယ်...”

ကျောင်းဝူဝေ၏ အသံမှာ ကျွန်းအတွင်းမှ ဟိန်းထွက်လာသည်။ သူသည် အစီအရင်အတွင်းမှနေ၍သာ တိုက်ခိုက်ရန် ပြင်ဆင်ထားခြင်း ဖြစ်လေ၏။

“စကားများလိုက်တာကွာ...ဟမ့်… မိစ္ဆာကောင်တွေကများ... ဒီနေ့တော့ မင်းတို့ရဲ့ သေနေ့ပဲ... ထျန်းဆွမ်းတာအိုအရှင်... စလိုက်တော့...”

ချုံးရွှီတာအိုအရှင်က အမိန့်ပေးလိုက်တော့သည်။

“ကောင်းပြီ...”

ထျန်းဆွမ်းတာအိုအရှင်က သူ၏ 'ရွှေနေမင်း ရတနာကြေးမုံ'ကို ထုတ်ယူအသက်သွင်းလိုက်သည်။ ၎င်းမှ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာပြီး ကျွန်းတစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။

“အား...”

ကျွန်းအတွင်းရှိ မိစ္ဆာသားရဲများမှာ ထိုရွှေရောင်အလင်းတန်းနှင့် တွေ့ထိမိသောအခါ နာကျင်စွာ အော်ဟစ်ကြရတော့သည်။ အဆိပ်ငွေ့များနှင့် မိစ္ဆာချီများမှာလည်း နေရာင်ထိသော နှင်းများသဖွယ် ပျောက်ကွယ်သွားကြသည်။

ထို့နောက် အစီအရင်၏ အူတိုင်များကို ရှာဖွေတွေ့ရှိသွားပြီး၊ ရွှေရောင်အလင်းတန်းများဖြင့် တိုက်ခိုက်ကာ ဖျက်ဆီးပစ်လိုက်လေသည်။ ပထမဆုံးသော အစီအရင်မှာ တခဏအတွင်း ပြိုကွဲသွားခဲ့ရတော့သည်။

“သွားကြစို့... အစီအရင် ပျက်သွားပြီ...”

“တိုက်ကြ...”

စိတ်ခံစားမှုခုနစ်ပါး မိစ္ဆာဘုရင်နှင့် ပင်လယ်ခွင်းမိစ္ဆာဘုရင်တို့က အမိန့်ပေးလိုက်သည်နှင့်တစ်ပြိုင်နက်၊ ရွှမ်ယင်တာအိုစစ်သည်များနှင့် ဖုတ်ကောင်ပျံအမြောက်အမြားသည် ကျွန်းပေါ်သို့ တက်ရောက်ကာ မိစ္ဆာသားရဲများနှင့် စီးချင်းထိုး တိုက်ခိုက်ကြတော့သည်။

အနောက်ဘက်စစ်မျက်နှာတွင် ဆည်းဆာဂိုဏ်းနှင့် မြူနှင်းနန်းတော်တို့လည်း လှုပ်ရှားလိုက်တော့သည်။

မြူနှင်းနန်းတော်၏ ပျံသန်းရေးသင်္ဘောများသည် ကောင်းကင်ယံမှနေ၍ အမြောက်များဖြင့် ပစ်ခတ်လိုက်ကြရာ၊ ဆည်းဆာဂိုဏ်းမှ ဖော်စပ်ထားသော 'အဆိပ်ငါးပါး အမြောက်ကျည်'များ ကျရောက်ပေါက်ကွဲပြီး အဆိပ်ငွေ့များ ပျံ့နှံ့သွားလေသည်။ မိစ္ဆာသားရဲအများအပြားမှာ ချက်ချင်းပင် အဆိပ်သင့်၍ သေဆုံးကုန်ကြသည်။

တောင်ဘက်စစ်မျက်နှာတွင် ကောင်းကင်မိစ္ဆာဂိုဏ်းနှင့် ဝူကျိမဟာမိတ်အဖွဲ့တို့ တိုက်ခိုက်ကြလေသည်။ ကောင်းကင်မိစ္ဆာဂိုဏ်းသားများသည် နယ်ပယ်ပြင်ပမှ ကောင်းကင်မိစ္ဆာများကို ဆင့်ခေါ်၍ တိုက်ခိုက်စေရာ မိစ္ဆာသားရဲများ၏ ဝိညာဉ်များကိုပင် ဝါးမြိုပစ်ကြတော့သည်။

ဝူကျိမဟာမိတ်အဖွဲ့သည်လည်း တိုက်ပွဲဝင်အစီအရင်များဖြင့် ညီညီညာညာ တိုက်ခိုက်ကြလေသည်။

ကျောင်းလုံမြို့တော်ရှိ ယဇ်ပလ္လင်ပေါ်တွင် ရှိနေသော ကျောင်းဝူဝေနှင့် အခြားမိစ္ဆာကျင့်ကြံသူများသည် စစ်ပွဲအခြေအနေကို ကြည့်ရှုနေကြသည်။

လူသားများ၏ လက်နက်နှင့် အစီအရင် အသုံးပြုမှုကြောင့် မိစ္ဆာသားရဲများ အသေအပျောက် များပြားနေသည်ကို တွေ့ရသဖြင့် သူတို့၏ မျက်နှာအမူအရာများမှာ အလွန်ပင် အရုပ်ဆိုးနေကြတော့သည်။

“လူသားတွေက ဉာဏ်များလွန်းတယ်... ဒါပေမဲ့ ဒီလောက်နဲ့ မပြီးသေးပါဘူး...”

ကျောင်းဝူဝေသည် ရုတ်တရက် ရယ်မောလိုက်ပြီး “ဟားဟား... လူသားတွေ ငါ့ထောင်ချောက်ထဲ ဝင်လာကြပြီပဲ... ဒုတိယမြောက် ပဉ္စမအဆင့် အစီအရင်ဖြစ်တဲ့ 'ခုနစ်ပါးသတ်ဝိညာဉ်ပိတ်အစီအရင်'ကို ဖွင့်လိုက်တော့...” ဟု အော်ဟစ်ကာ အစီအရင်အလံကို ဝှေ့ယမ်းလိုက်သည်။

သူသည် လူသားကျင့်ကြံသူများကို ပိတ်မိစေပြီး မျိုးသုဉ်းသတ်ဖြတ်ရန် ကြံစည်ထားခြင်းပင် ဖြစ်ချေသည်။

သို့သော် သူ၏ မိစ္ဆာစွမ်းအားကို ထည့်သွင်းလိုက်သော်လည်း အစီအရင်မှာ မတုန်မလှုပ် ငြိမ်သက်နေပြီး မည်သည့် တုံ့ပြန်မှုမျှ မရှိချေ။ ကျောင်းဝူဝေ၏ မျက်နှာမှာ စိမ်းဖန်သွားရလေသည်။

“ဟိုင်ဖုန်း... ဒါ ဘာဖြစ်တာလဲ... ဘာလို့ 'ခုနစ်ပါးသတ်ဝိညာဉ်ပိတ်အစီအရင်'ကို အသက်သွင်းမရတာလဲ...”

သူသည် ဘေးနားရှိ ကြိုးကြာမျိုးနွယ်စု အကြီးအကဲကို ဒေါသတကြီး မေးလိုက်တော့သည်။

ကြိုးကြာအကြီးအကဲ ဟိုင်ဖုန်းမှာလည်း မျက်လုံးပြုးသွားပြီး “ကျွန်တော်... ကျွန်တော်လည်း မသိဘူး... အစီအရင်က ဘာလို့ ရပ်သွားရတာလဲ...” ဟု တုန်လှုပ်စွာ ပြန်ဖြေလိုက်ရသည်။

“အသုံးမကျတဲ့ကောင်...” ကျောင်းဝူဝေမှာ ဒေါသူပုန်ထသွားရလေသည်။ သို့သော် အချိန်မရှိတော့ပေ။

“ကိစ္စမရှိဘူး... ဒုတိယအစီအရင်မရှိလည်း ငါတို့နိုင်တယ်... စတုတ္ထအဆင့် မိစ္ဆာကျင့်ကြံသူ အရေအတွက်မှာ ငါတို့က အသာစီးရနေတုန်းပဲ... အဓိကခေါင်းဆောင်တွေကို သတ်ပစ်လိုက်ရင် ကျန်တဲ့လူတွေက အလိုလို ပြိုကွဲသွားမှာပဲ... ချုံးရွှီတာအိုအရှင်နဲ့ ကျိုးစွေ့ကို အရင်သတ်ရမယ်...”

ဝုန်း...

ကျောင်းဝူဝေနှင့် စတုတ္ထအဆင့် အထွတ်အထိပ် မိစ္ဆာကျင့်ကြံသူများမှာ ကျောင်းလုံမြို့တော်ထဲမှ ပျံသန်းထွက်ခွာလာပြီး၊ ကျိုးစွေ့တို့ရှိရာသို့ တဟုန်ထိုး ဝင်ရောက်လာကြတော့သည်။

All Chapters