← Chapters

အပြင်သူ

Vol. 93 Ch. 1287

အပြင်သူ

Vol. 93 Ch. 1287

စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် အအေးလှိုင်းပျံ့နှံ့လာသည့်အလား ကြယ်တာရာကောင်းကင်မှာ အရိုးထဲစိမ့်လုအောင် အေးလာသည်။ အအေးလှိုင်း ဖြတ်သွားသည့်နေရာတိုင်းတွင် ထွက်ပြေးနေသော သတ္တမတောင်ပင်လယ်ကျင့်ကြံသူများမှာ သူတို့၏ဝိညာဉ်များကို ချမ်းစိမ့်သွားစေသည့် အအေးဓာတ်ကို ခံစားလိုက်ကြရသည်။

ယခုတွင် မန်မျိုးနွယ်စုနှင့်ပတ်သက်ပြီး ငဲ့ကွက်နေစရာမလိုတော့၍ မန်ဟိုက သတ္တမတောင်ပင်လယ်သား ကျင့်ကြံသူများကို လှည့်ကြည့်လိုက်ပြီး သူ၏အသတ်အဖြတ်စိတ်ဆန္ဒသည် ပေါက်ကွဲထွက်လာ၏။ သူ့တွင် ဤလူများနှင့်ပတ်သက်၍ ပုဂ္ဂိုလ်ရေးရာအငြိုးမရှိသည့်အပြင် တောင်ပင်လယ်လောက၏ သခင်အလောင်းအလျာအနေဖြင့် သူတို့ကို မသတ်ဘဲ အသာတကြည် လွတ်ပေးလိုက်ခြင်းက သင့်တော်လိမ့်မည်။

ပို၍ကြီးမားသော စစ်ပွဲကြီးလာနေပြီဖြစ်သည့်အတွက် တောင်ပင်လယ်လောက၏အင်အား တောင့်တင်းလေလေ၊ ကောင်းမွန်လေလေ မဟုတ်ပါလော။ သို့သော် ထိုအခြင်းအရာကို သိသော်ငြား မန်ဟိုက ထိုသို့မလုပ်ပေ။

သူသည် သူရဲကောင်းလည်းမဟုတ်၊ ခေါင်းဆောင်လည်း မဟုတ်။ သာမန်ကျင့်ကြံသူလေးတစ်ယောက်၊ ချမ်းသာချင်သောအိမ်မက်နှင့် စာပေသမားလေးတစ်ဦးသာ ဖြစ်သည်။

သူတို့သာ သူ့ကို ရန်မစခဲ့လျှင် သူ့အနေဖြင့် သည်အတိုင်း ပြေအေးပေးနိုင်သည်။ သို့သော် သူတို့က မန်မျိုးနွယ်စုကို သုတ်သင်ဖို့ ရည်ရွယ်ခဲ့ရာ ယင်းကို သူ သည်းမခံနိုင်ပေ။ တကယ်တော့ သည်းကို သည်းမခံချင်ခြင်းသာ ဖြစ်သည်။

သူက အေးစက်စက် နှာမှုတ်၍ ခြေတစ်လှမ်းတက်သည်။ သူ၏ခြေဖဝါး ကျသွားသောအခါ မျက်စိတစ်မှိတ်အတွင်း မယုံကြည်နိုင်ဖွယ်ဖိအားတစ်ခုသည် ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံရင်း စတင်သက်ရောက်လာ၏။

မမြင်ရသော ပွန်းတိုက်မှုများ ကြယ်တာရာကောင်းကင်၌ ဖြစ်ပေါ်နေသည့်အလား တအုန်းအုန်းမြည်သံများအား ကြားလာရသည်။ သတ္တမတောင်ပင်လယ်မှ ကျင့်ကြံသူထောင်ပေါင်းများစွာမှာ သွေးအလုပ်ကြီးများ အန်လိုက်ကြရပြီး လုံးလုံးလျားလျား ထိတ်လန့်ကြောက်ရွံနေသောအမူအရာများက သူတို့၏မျက်နှာများကို စိုးမိုးသွားကြသည်။

တစ်ယောက်မှ ပြန်မတိုက်ခိုက်ရဲကြပေ။ သူတို့သည် ထွက်ပြေးဖို့အသာထား၊ တစ်လက်မလေးပင် မလှုပ်ရဲဘဲ မန်ဟို့ကို ထိတ်လန့်စွာ ကြည့်ရင်း ကြောက်ဒူးတုန်နေကြ၏။

မြို့စားလုက မျက်နှာပျက်သွားသော်လည်း အံတင်းတင်းကြိတ်ရင်း သူ့ထံမှ ခရမ်းရောင်အလင်းအား ဖြာထွက်သွားစေသည်။ ၎င်း သူ့ကို လျင်မြန်စွာ လွှမ်းခြုံသွားသည့်အချိန် သူက မန်ဟို့ထံမှ သက်ရောက်နေသော ဖိအားစက်ဝန်းအတွင်းထဲမှ ရုန်းထွက်ရန် ရည်ရွယ်ရင်း လှုပ်ရှားလိုက်သည်။

“မင်း ထွက်သွားနိုင်ပြီလို့ ငါ ပြောသလား” မန်ဟိုက အေးစက်စွာ ပြောသည်။ သူက နောက်တစ်လှမ်းလှမ်းရင်း ဖျတ်ခနဲ ပျောက်ကွယ်သွားကာ မြို့စားလု၏အရှေ့တည့်တည့်တွင် ပေါ်လာသည်။ သူက လက်ကို ဝှေ့ယမ်းလိုက်သည်။

ဝုန်း

မန်ဟို့ထံမှ ကြောက်မက်ဖွယ် အားလှိုင်းတစ်လှိုင်းက လေမုန်တိုင်းတစ်လုံးအသွင် ပြောင်းသွားသည်။ ၎င်း မြို့စားလုကို တိုက်လိုက်သောအခါ ထိုသူ၏ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး သူ့မှာ ကြိုးပြတ်သွားသော စွန်ငယ်ပမာ လွင့်ထွက်သွားတော့သည်။ ရပ်လိုက်နိုင်စဉ် သူ၏မျက်နှာအပေါ်၌ ရက်စက်တင်းမာသောအမူအရာကို မြင်ရနိုင်ပြီး သူသည် မန်ဟို့ကို မီးဝင်းဝင်းတောက်နေသော မျက်ဝန်းများဖြင့် စိန်းစိန်းဝါးဝါး ကြည့်၏။

“ငါ သတ္တမတောင်ရဲ့ မြို့စားသုံးဦးထဲက လုယွင်လီပဲ” သူက စူးစူးဝါးဝါး အော်သည်။ “မင်း ငါ့ကို အန္တရာယ်ပြုရဲရင် သတ္တမတောင်က မင်း ဘယ်နေရာပြေးပြေး လိုက်သတ်လိမ့်မယ်”

မန်ဟို၏တုံ့ပြန်မှုက တတိယမြောက်ခြေလှမ်းကို လှမ်းပြီးနောက် အသက်နုတ်လက်သီးအား ထုတ်လွှတ်လိုက်ခြင်းသာ ဖြစ်သည်။ ထိုလက်သီးသည် လေကို ခွင်း၍ မြို့စားလု၏ ရင်ဘတ်ကို ထိုးချလိုက်၏။

ဘုန်းးးးးးးး။ မြို့စားလု၏ ရင်ဘတ်မှာ သွေးများပန်းထွက်လျက် ချိုင့်ဝင်သွားသည်။ မူလက ကိုယ်ပျောက်နေခဲ့သော မှော်ချပ်ဝတ်၏အလွှာတစ်လွှာ ကွဲကြေသွားသဖြင့် အက်ကွဲသံများအား ကြားလိုက်ရသည်။

ယင်းက သူ၏အသက်ကယ်မှော်ပစ္စည်းများထဲမှ တစ်ခု၊ ကောင်းကင်နတ်ဘုရားမဟာမိတ်ကို တိုက်ခိုက်နေစဉ် စစ်မြေပြင်တစ်လွှား၌ သူ့ကို ပြိုင်ဘက်ကင်းစေခဲ့သော အရာဖြစ်သည်။ သူသည် အဋ္ဌမတောင်ပင်လယ်၏ တာအိုနယ်ပယ်ပညာရှင်တချို့ကို သတ်ဖြတ်ဖို့ ၎င်းကိုပင် အားကိုးခဲ့၏။ သို့သော် မန်ဟိုက လက်သီးလေးတစ်ချက်ဖြင့် ၎င်းကို ခြေမွခဲ့လေပြီ။

“မင်းတို့အားလုံး အခုချက်ချင်း တိုက်ခိုက်ကြ။ သူ့ကို သတ်ပစ်” မြို့စားလုက မျက်နှာဖြူဖပ်ဖြူလျော်ဖြင့် ထိတ်ထိတ်ပျာပျာ အော်သည်။ သတ္တမတောင်ပင်လယ်မှ ကျန်ကျင့်ကြံသူများမှာ တွန့်ဆုတ်နေကြသော်လည်း အယောက်တစ်ထောင်ခန့်က အံတင်းတင်းကြိတ်ပြီး ပြေးတက်သွားကြသည်။ သူတို့သည် ကိုးယောက်စီ စုရင်းရင်း အစီအရင်များပုံစံ နေရာယူလိုက်ကြ၏။ ထို့နောက် ထိုအစီအရင်များသည် အတူတကွ စုစည်း၍ မဟာမန္တန်ဝင်္ကပါတစ်ခုအား ဖော်ဆောင်လိုက်သည်။

မန္တန်ဝင်္ကပါဒါဇင်ပေါင်းများစွာက ကြယ်တာရာကောင်းကင်တွင် တဂျိန်းဂျိန်းမြည်သံများအား အော်မြည်နေစေရင်း မန်ဟို့ထံ ပြေးဝင်သွားသည်။ အရောင်အဝါများ ပြိုးပြိုးပြက်ပြက် လက်နေပြီး နတ်ဘုရားစွမ်းရည်လှိုင်းဂယက်များ ဖြာထွက်လာသည်။ သို့သော် မန်ဟိုက ပုံမှန်အတိုင်း ဖမ်းဆုပ်သည့်လက်ဟန် လုပ်လိုက်ရာ လေအက်ကွဲကြောင်းတစ်ကြောင်း ပွင့်ထွက်လာသည်။ သွေးမိစ္ဆာကြီးသည် ဟိန်းဟောက်ရင်း မန္တန်ဝင်္ကပါများထံ ချက်ချင်း ပြေးဝင်သွား၏။ ပေါက်ကွဲသံများဖြင့် ခြံရံနေလျက် မန်ဟိုက မန္တန်ဝင်္ကပါများကို ထိုးဖောက်၍ မြို့စားလုနောက် လိုက်လာသည်။

မြို့စားလုမှာ ရူးချင်နေတော့သည်။ မန်ဟို မန္တန်ဝင်္ကပါများကို လျစ်လျူရှုနိုင်သောအချက်က သူ၏ရူးချင်စိတ်ကို ပိုမိုဆိုးရွားလာစေတော့သည်။ နောက်ဆုံးတွင် သူ့မှာ ပေါက်သည့်နဖူးမထူးမှတော့ ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်သည်။

“မင်းကြောင့် ငါ ဒီလိုလုပ်ရတာ” သူက ဟိန်းဟောက်ရင်း လက်ကို ဆန့်ထုတ်ကာ လက်ဖမိုးပေါ်ရှိ အရုပ်ဆေးမင်ကြောင်အား ခရမ်းရောင်လင်းလာစေသည်။ အလင်းသည် ပို၍တောက်ပလာပြီး မျက်တစ်မှိတ်အတွင်း ခရမ်းရောင်ချီသည် ရုတ်တရက် ရစ်သိုင်းလှည့်ပတ်စပြုလာ၏။ အံ့အားသင့်ဖွယ်ကောင်းစွာနှင့် ထိုချီက ... ဧရာမခေါင်းကြီးတစ်ခေါင်းအသွင် ပြောင်းသွားလေသည်။

ခေါင်းကြီး၏အပေါ်တွင် ချိုရှစ်ချောင်းရှိပြီး အသားအရေသည် စိမ်းပုပ်ရောင်သမ်းနေ၏။ မျက်နှာကမူ လူသားပုံစံရှိသည်။ ၎င်း ပေါ်လာသည်နှင့်တစ်ပြိုင်နက် အံ့မခန်းလိလိစွမ်းအားတစ်ရပ်က ကြယ်တာရာကောင်းကင်ကို တသိမ့်သိမ့် တုန်ခါနေစေရင်း ပေါက်ကွဲထွက်လာသည်။ ထိုမျှသာမက .... ထိုမျက်နှာကြီးက တောင်ပင်လယ်လောကမှ မဟုတ်သော အရှိန်အဝါတစ်မျိုးကို ထုတ်လွှတ်နေသည်။

၎င်းက ... အပြင်သူတစ်ယောက်ပင်။

ကောင်းကင်ဘုံ ၃၃ ဘုံမှ အပြင်သူ။

မန်ဟိုသည် ၎င်းကို မြင်လျှင်ချင်း ၎င်း ဘယ်ကလာလဲ ပြောနိုင်သွားသည်။ တစ်ချိန်တည်းမှာပင် တောင်ပင်လယ်လောကသည် အပြင်သူများကို ဖျက်စီးပစ်လိုစိတ်၊ သူတို့၏သွေးကြောထဲတွင် စီးဆင်းနေသော သွေးကို ဖျက်စီးပစ်လိုသော အမုန်းတို့ဖြင့် ဗလောင်ဆူလာသည်ကို သူ ခံစားလိုက်ရသည်။

အပြင်သူက ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်ကာ ကြယ်တာရာကောင်းကင်အား ကြေမွသွားစေပြီး လေမုန်တိုင်းကြီးတစ်လုံးကို မန်ဟို့ထံ လည်ထွက်ရိုက်ခတ်လိုက်စေသည်။ တစ်ဆက်တည်းမှာပင် ခေါင်းကြီးက မြို့စားလု၏လက်ထဲမှ ထွက်လာပြီး မန်ဟို့ကို ဝါးမြိုတော့မည့်အလား ပြေးဝင်လာသည်။

“သေလိုက်စမ်း” မြို့စားလုက ဒေါသကြောင့် အကျည်းတန်သောမျက်နှာကြီးဖြင့် ကြိမ်းဝါးသည်။ ဤသည်မှာ သူ၏သက်တမ်းကို စားသုံးသည့်အတွက် အလွန်ဆင်ဆင်ခြင်ခြင် အသုံးပြုရသော သူ၏ဝှက်ဖဲဖြစ်သည်။ ၎င်းက သူ မန်ဟို့ကို အဖက်မလုပ်ဘဲ မန်မျိုးနွယ်စု၏ပိုင်နက်ထဲသို့ ချီတက်လာရဲခဲ့သည့် အကြောင်းရင်းဆိုလည်း မမှားပေ။

သူ၏စိတ်ထဲတွင် ဆေးမင်ကြောင်အရုပ်သည် သူ့ကို အနှစ်သာရ ၄ ခု ရန်သူများကို အနိုင်ယူ၍ အနှစ်သာရ ၅ ခု ကျင့်ကြံသူများကို တိုက်ခိုက်စေနိုင်သည်ဟု တထစ်ချ ယုံကြည်ထား၏။ အမှန်တွင် ကောင်းကင်နတ်ဘုရားမဟာမိတ်ကို တိုက်ခိုက်နေသည့်အတောအတွင်း သူက ကောင်းကင်နတ်ဘုရားအဖွဲ့အစည်း၏ ဓမ္မစောင့်ရှောက်သူချုပ်ဖြင့်ပင် သရေကျခဲ့လေသည်။

ထိုအကြောင်းကြောင့် သူသည် ယုံကြည်ချက်ရှိနေပြီး လောလောဆယ်တွင် သူ၏အသတ်အဖြတ်စိတ်ဆန္ဒက ပြင်းထန်နေ၏။ သူက ဧရာမခေါင်းကြီးကို မန်ဟို့ထံ ပို့လွှတ်ခဲ့ပြီဖြစ်၍ မန်ဟို မုချအသက်ထွက်သွားလိမ့်မည်ဟု အပိုင်တွက်ထားသည်။

“ဒီအရုပ်ဆေးမင်ကြောင်က ငါတို့တောင်ပင်လယ်သခင် ငါ့ကို ချီးမြှင့်ခဲ့တဲ့ အဖိုးထိုက်ရတနာပဲ။ အဲ့ဒါက အပြင်လောကက ဘုံနတ်ဆိုးတစ်ကောင်ရဲ့ ဝိညာဉ်ကို ဆင့်ခေါ်ပြီး ငါ့ကို အနှစ်သာရ ၅ ခုအဆင့်နဲ့ တိုက်ခိုက်စေနိုင်တဲ့ အစွမ်းကို ပေးအပ်တယ်။ မင်း ဘာကောင်ပဲဖြစ်ဖြစ် သေရလိမ့်မယ်

“မင်း သေပြီးရင် အဋ္ဌမတောင်ပင်လယ်တစ်ခုလုံးလည်း မင်းကို မြစ်ဝါမြစ်အထိ အဖော်ပြုပေးလိမ့်မယ်။ နဝမတောင်ပင်လယ်ကို ထွက်ပြေးသွားတဲ့ မန်မျိုးနွယ်စုလည်း အသုတ်သင်ခံရဦးမှာပဲ။ နဝမတောင်ပင်လယ်တောင်မှ ဖျက်စီးခံရလိမ့်မယ်

“လာတော့မယ့် စစ်ပွဲမှာ ဘယ်သူမှ ဘေးမကင်းဘူး။ မင်းလည်း ဘယ်လိုနေနေ သေရလိမ့်မယ်” မြို့စားလုသည် အရုပ်ကို အားဖြည့်ဖို့ သူ၏သက်တမ်းကို အသုံးပြုရင်း ခေါင်းနောက်လှန်၍ အရူးကြီးလို ကြိမ်းဝါးနေ၏။ သူ့စိတ်ကို ထိုးနှက်နေသော နာကျင်မှုက သူ့ကို အသိစိတ် လွတ်တစ်ချက် မလွတ်တစ်ချက် ဖြစ်လာသည့်တိုင်အောင် ရူးသွပ်လာစေသည်။

သို့သော် သူသည် ထိန်းချုပ်ထားနိုင်သေး၏။ မုဒြာလက်ကွက်တစ်ကွက်ဖော်ရင်း သူက ဧရာမအပြင်သူကြီး၏ပါးစပ်ကို ပွင့်လာစေသည်။ ၎င်းသည် မန်ဟို့ကို စားဖို့ ပြင်ရင်း မျက်လုံးများ နီရဲတောက်နေ၏။

မန်ဟို့မျက်လုံးများက လင်းလက်သွားပြီး သူက အေးစက်စက် နှာမှုတ်လိုက်သည်။ အပြင်သူ၏ခေါင်းကြီး သူ့ထံ ချဉ်းကပ်လာနေစဉ် သူက လက်ကို ဆန့်ထုတ်၍ ၎င်းကို လက်ညှိုးထိုးလိုက်သည်။

၎င်းကား အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်မှတစ်ပါး အခြားမဟုတ်ပေ။

သူ၏မိစ္ဆာချုပ်နှောင်မန္တန်သည် အပြင်သူများအပေါ်တွင် ပို၍သက်ရောက်မှုအားကောင်းကြောင်း မန်ဟို သိထားခဲ့သည်။ သူက လက်ချောင်းကို ဝှေ့ယမ်းပြီးလျှင်ချင်း သတ္တမမိစ္ဆာချုပ်နှောင်မန္တန်ကို ထုတ်လွှတ်ရန် ဝှေ့ယမ်းလိုက်ပြန်သည်။ ထို့နောက် ဆဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်နှင့် ပဥ္စမမိစ္ဆာချုပ်နှောင်မန္တန် လာသည်။

လက်ချောင်းတစ်ချောင်း၏ လေးကြိမ်ဝှေ့ယမ်းမှုက အပြင်သူကြီးကို စူးစူးဝါးဝါးအော်လိုက်ရစေသည်။ ၎င်း၏အတွင်းထဲမှ အနက်ရောင်မြူခိုးများ အလိပ်လိပ်ထွက်လာစဉ် ၎င်းသည် ဟိန်းဟောက်ရင်း တွန့်လိမ်ပုံပျက်နေ၏။ “မိစ္ဆာချုပ်နှောင်မန္တန် ... ကိုးခု...”

၎င်းမှာ အနက်ရောင်အခိုးငွေ့များအား အရပ်လေးမျက်နှာသို့ ဖြန့်ကျက်ရင်း စတင်ပျက်စီးလာတော့သည်။ မြို့စားလုမှာ သူ၏သက်တမ်း လျင်မြန်စွာ စုပ်ယူခံနေရသဖြင့် တဆတ်ဆတ်တုန်နေပြီး ပိန်ချုံးခြောက်ကပ်လာနေသည်။ သို့သော် ထွက်ပြေးမည့်အစား သူက မိုက်ရူးရဲဆန်စွာဖြင့် မန်ဟို့ထံ ပြေးဝင်သွားသည်။

“ကဲ... စိတ်ဝင်စားစရာ မကောင်းဘူးလား” မန်ဟိုက မျက်လုံးများ လင်းလက်တောက်ပနေလျက် ပြောသည်။ ထို့နောက် သူက လှမ်း၍ ဖမ်းဆုပ်သည့်ဟန် လုပ်လိုက်သော်လည်း တောင်ပင်လယ်လောက၏စွမ်းအားကို အသုံးပြုမည့်အစား ကြယ်ခူးသိုင်းကို ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။

သူ၏ရှေးဟောင်းမန်နာက စီးဆင်းသွားပြီး ဝိညာဉ်မီးအိမ် ၃၃ လုံးသည် လင်းထိန်တောက်ပလာ၏။ သူ၏အပြင်အားကိုယ်ခွန်အားနှင့် ပေါင်းစည်းသွားသည့်အခါ ထိုကျင့်ကြံခြင်းအခြေခံစွမ်းအားက မန်ဟို၏အတိုက်အခိုက်စွမ်းရည်ကို အနှစ်သာရ ၅ ခုနှင့် ညီမျှသွားစေသည်။ ယင်းက တောင်ပင်လယ်များ၏စွမ်းအား မပါသေးပေ။

၎င်းက တောင်ပင်လယ်သခင်တစ်ဦးနှင့်ယှဉ်လျှင် ဒုတိယသာ လိုက်သော ... ကြောက်မက်ဖွယ်စွမ်းအားတစ်ရပ် ဖြစ်သည်။ အပြင်သူသည် ရက်စက်ကြမ်းကြုတ်သော မျက်နှာကြီးဖြင့် မန်ဟို့ထံ ကမူးရှူးထိုး ပြေးဝင်လာသဖြင့် ထစ်ချုန်းသံများ ဆူညံနေ၏။

မန်ဟိုသာ ၎င်းကို ဖမ်းဆုပ်နိုင်လျှင် အဆိုပါ ဝိညာဉ်၏ ရှင်ခြင်းသေခြင်းကို ထိန်းချုပ်နိုင်မည်။ သို့သော် မျက်နှာကြီးက ရုတ်တရက် စူးခနဲ အော်ပြီးနောက် ဝေဝါးစပြုလာသည်။ ၎င်းကား ခန္ဓာဖောက်ခွဲဖို့ ရွေးချယ်ခဲ့လေပြီ။

မျက်နှာကြီးပေါက်ကွဲသွားစဉ် ၎င်းက ထိုစွမ်းအားကို အသုံးချရင်း ကြယ်ခူးသိုင်း၏လက်ကြီးကို ဟန့်တား၍ မြို့စားလုထံ ပြန်လည်ပြေးဝင်သွားသော အနက်ရောင်မြူစီးကြောင်းတစ်ကြောင်း ဖြစ်သွားသည်။

မန်ဟိုက အင်္ကျီလက်စကိုခါရင်း လေပြင်းတစ်ချက်အား တိုက်ခတ်သွားစေသည်။ ခန္ဓာဖောက်ခွဲစွမ်းအားသည် ချက်ချင်း အားနည်းသွားပြီး မန်ဟိုက အနက်ရောင်မြူထံသို့ ခြေတစ်လှမ်းလှမ်းလိုက်သည်။

အနက်ရောင်မြူသည် မြို့စားလုအတွက် တုံ့ပြန်ရန် အချိန်မရလိုက်သည်အထိ အလွန်လျင်မြန်စွာ ရွေ့လျားသွား၏။ ၎င်းက သူ၏မျက်စိ၊ နား၊ နှာခေါင်းနှင့် ပါးစပ်ထဲ စီးဝင်ရင်း သရဲပူးကပ်ခံနေရသည့်အလား သူ့ကို တဆတ်ဆတ် တုန်ရီလာစေပြီးနောက် သွေးပျက်စွာ အော်ဟစ်လိုက်စေသည်။

မန်ဟိုက ချဉ်းကပ်လာနေစဉ် မျက်လုံးများ အေးစက်စွာ တောက်ပနေသည်။ သူ မုဒြာလက်ကွက်တစ်ကွက် ဖော်တော့မည့်အချိန် မျက်နှာတစ်ခုလုံး အနက်ရောင်မြူများဖြင့် ဖုံးလွှမ်းခံထားရသည့် မြို့စားလုက အရူးကြီးလို ဟိန်းဟောက်လိုက်၏။

သူ့စွမ်းအင်သည် မြင့်တက်သွားပြီး သူ့အရေပြားက အစိမ်းရောင်သိမ်းလာကာ အကြေးခွံများ ထွက်လာ၏။ ချိုကြီးရှစ်ချောင်း ထွက်လာသဖြင့် သူ့ခေါင်းမှာ အက်ကွဲလာသည်။ ထိုမျှသာမက သူ့နှုတ်ခမ်းက ထက်ပိုင်းပိုင်းခံလိုက်ရသဖြင့် နှုတ်ခမ်းပုံသဏ္ဌာန်သည် အပေါင်းလက္ခဏာ ဖြစ်သွား၏။ မျက်စိတစ်မှိတ်အတွင်း သူ့အရပ်က မီတာသုံးဆယ်အထိ မြင့်မားလာခဲ့လေပြီ။

ကြောက်စရာဆူးကြီးများက သူ၏အဝတ်အစားမှ ထိုးထွက်နေသည်။ အံ့အားသင့်ဖွယ်ကောင်းစွာနှင့် မန်ဟို့အရှေ့တွင် ရပ်နေသည်မှာ ကျင့်ကြံသူတစ်ယောက်မဟုတ်တော့ဘဲ လူတူသားရဲကြီးတစ်ကောင် ဖြစ်နေ၏။

၎င်းကား ... အပြင်သူတစ်ယောက်ပင်။

သတ္တမတောင်ပင်လယ်မှ ကျန်ကျင့်ကြံသူများ မျက်နှာပျက်သွားပြီး နောက်ဆုတ်သွားကြသည်။ သူတို့ပင် မြို့စားလု၏ အရုပ်ဆေးမင်ကြောင်၏ဇစ်မြစ်ကို မသိရှိကြောင် ထင်ရှားပေသည်။

တချို့မျက်နှာများက ပျာယာခတ်သွားဟန်ရှိသော်လည်း ငုပ်လျှိုးနေခဲ့သော ဤမြို့စားလု၏ပုံစံကို လေးစားကြည်ညိုနေကြကြောင်း မန်ဟို ထိုးထွင်းမြင်နေရသည်။

“မင်း သေစေရမယ်လို့ ငါ မင်းကို ပြောခဲ့တယ်မလား” သားရဲအသွင် မြို့စားလုက ခေါင်းနောက်လှန်၍ ဟိန်းဟောက်ကာ သူ၏စွမ်းအားကို မြင့်သထက် မြင့်တက်လာစေသည်။ ထို့နောက် သူ၏မျက်လုံးကြီးများက နီရဲလာပြီး သူသည် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့သည့်အလား သွက်သွက်ခါအောင် ရူးသွပ်နေဟန်ဖြင့် မန်ဟို့ထံ ပြေးဝင်လာတော့၏။

All Chapters